Monday, December 31, 2012

အချစ်ကုသိုလ် ၃၁


"HAPPY NEW YEAR TO YOU ALL!"

နှစ်တစ်နှစ်ကတော့ ကုန်ဆုံးသွားခဲ့ပါပြီ။ ဒီနေ့လို နှစ်သစ်ရဲ့အစ အဦးနေ့မှာ အားလုံးသော စာချစ်သူများ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး မင်္ဂလာအပေါင်း ခညောင်းကာ လိုအင်ဆန္ဒများ အမြန်ဆုံး ပြည့်ဝကြပါစေလို့ နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်။

စာဖတ်သူများ မနေ့ညက အတော်မှ ပျော်ကြရဲ့လားရှင်။ ကျွန်မကတော့ မနေ့က New Year Eve မှာ ကောင်းမှုတစ်ခု လုပ်ဖြစ်ခဲ့ပါတယ်။ ကောင်းမှုပြုတယ်ဆိုလို့ ဘုရားသွား၊ ကျောင်းတက် လုပ်တယ်တော့ မထင်လိုက်ပါနဲ့နော်။ ဒီလိုပါ ... ကျွန်မက မနေ့ညက ကျွန်မရဲ့အိမ်ဦးနတ်နဲ့ ဖုန်းပြောဖြစ်ပါတယ်။ ထူးဆန်းစွာ ပဲ မနေ့ညက အင်တာနက်လိုင်းကလည်း တော်တော် အဆင်ပြေနေပါတယ်။ အဲဒီမှာ အိမ်ဦးနတ်က ပြောပါ တယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကလည်း သူ့ဇနီးနဲ့ အဆက်အသွယ် ရချင်တဲ့အကြောင်း၊ ဒါကြောင့် အွန်လိုင်းတက်လာခဲ့ဖို့ ကျွန်မကနေ တစ်ဆင့် ဖုန်းဆက်ပြောပေးဖို့ အကူအညီတောင်းလာတဲ့ အကြောင်းပါ။ အဲဒါကြောင့် ကျွန်မလည်း ကိုယ်ချင်းစာစိတ်ကလေးနဲ့ သူပေးလိုက်တဲ့ ဖုန်းနံပါတ်ကို ခေါ်ပေး ပါတယ်။ ဒါပေမယ့် ဘာကြောင့်မှန်း မသိပါဘူးရှင်။ ဖုန်းက ဘယ်လိုမှကို မကိုင်တာပါ။ ကျွန်မလည်း ခဏစောင့်လိုက်၊ ထပ်ခေါ်လိုက်နဲ့ သုံးလေးကြိမ် ခေါ်မိပါတယ်။ အဲဒါလည်း ဖုန်းမကိုင်တော့ ကျွန်မ Message လှမ်းပို့ပါတယ်။ ဒါလည်း အကြောင်းမပြန်လာပါဘူး။ အဲဒါနဲ့ အိမ်ဦးနတ်ကို ဖုန်းခေါ်မရလို့ Message ပို့ ထားတဲ့အကြောင်း ပြောလိုက်ပါတယ်။ ကျွန်မ ဖုန်းစခေါ်တဲ့အချိန်က ညဦးပိုင်းကတည်းက ဖြစ်ပေမယ့် ည ၉း ၃ဝ ခါနီးအထိ ဖုန်းအဆက်အသွယ် မလာသေးပါဘူး။ အဲဒီအချိန် ကျွန်မ ရင်ထဲမှာ ဖုန်းမျှော်နေမယ့်သူ တစ်ဦးနဲ့ သူဆက်သွယ်ချင်တဲ့ တစ်စုံတစ်ယောက်အတွက် ကြားထဲကနေ ယောက်ယက်ခတ်နေမိပါတယ်။ သူတို့နှစ်ဦးဟာ မိုင်တွေ အများကြီး ဝေးကွာတဲ့နေရာမှာ ကိုယ်စီရှိနေကြတာမို့ ခုလို New Year Eve မှာတော့ ဖုန်းအဆက်အသွယ်လေး ရချင်ကြမှာပါ။ ကျွန်မ ကိုယ်ချင်းစာမိပါတယ်။ နောက်ပြီး အိမ်ဦးနတ်ကလည်း ခဏ ခဏ မေးနေပါတယ်။ ဖုန်းအဆက်အသွယ် မရသေးဘူးလားဆိုပြီး။ ဟိုတစ်ယောက်ခမျာလည်း ဒီ ဘက်က Response မရမချင်း အိပ်နိုင်မယ့်ပုံ မပေါ်ပါဘူး။

ဒါပေမယ့် ည ၁ဝ နာရီလောက်မှာတော့ ကျွန်မဆီကို ဖုန်းဝင်လာခဲ့ပါတယ်။ ဟုတ်ပါတယ်၊ ကျွန်မ ဆက်တိုက် ဖုန်းခေါ်နေတဲ့ နံပါတ်ပါ။ နားထောင်လိုက်တော့ တစ်ဖက်က အမျိုးသမီးတစ်ဦးအသံကို ကြားရပါတယ်။ သူမ က ကျွန်မခေါ်တဲ့ Miss Call တွေ အများကြီး တွေ့တဲ့အကြောင်း၊ နောက်ပြီး Message လည်း ဖတ်ရကြောင်းနဲ့ ကျွန်မ ဖုန်းခေါ်နေတဲ့အချိန်က သူမ အလုပ်ထဲမှာဖြစ်လို့ ဖုန်းတစ်နေရာ၊ လူတစ်နေရာ ဖြစ်နေလို့ မသိ လိုက်ကြောင်းပြောပြီး တစ်ဆက်တည်း ကျေးဇူးတင်ကြောင်းလည်း ပြောပါတယ်။ ကျွန်မလည်း သူမကို အွန် လိုင်းမြန်မြန် တက်ဖို့ ပြောလိုက်ပါတယ်။ ဟိုတစ်ဖက်က သူတစ်ယောက်မယ် စောင့်နေရတာ အချိန်အတော် လင့်နေပြီလေ။ ဒါနဲ့ သူမလည်း ကျွန်မကို ခပ်သွက်သွက် နှုတ်ဆက်ပြီး ဖုန်းချသွားခဲ့တယ်။

ဇာတ်လမ်းက ဒီမှာတင် မပြီးသေးပါဘူး။ ကျွန်မက အိမ်ဦးနတ်ကို ကောင်မလေးနဲ့ အဆက်အသွယ် ရကြောင်း ပြောလိုက်ပြီး ဖုန်းမျှော်နေတဲ့သူကို သတင်းကောင်းပေးလိုက်ဖို့ ပြောရပါတယ်။ သူကလည်း ကူညီ လက်စနဲ့ ဆက်ကူညီကြရအောင်ဆိုပြီး ကျွန်မနဲ့သူနဲ့ သုံးနေတဲ့ သူရဲ့ Account ကနေပဲ သူတို့နှစ်ယောက်ကို အသုံးပြုခွင့် ပေးလိုက်ပါတယ်။ တကယ်တော့ ဒီအပြုအမူလေးဟာ သာမန်အနေနဲ့ကြည့်ရင် ဘာမှ မထူး ဆန်းပါဘူး။ ဒါပေမယ့် ကျွန်မတို့နှစ်ယောက်အတွက်တော့ ရပ်ဝေးမြေခြားမှာ ရှိနေရတဲ့ ဇနီးမောင်နှံနှစ်ဦး အတွက် တကယ်ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ အတတ်နိုင်ဆုံး အကူအညီ ပေးခဲ့ကြတာပါ။ ပြောရမယ် ဆိုရင် သူတို့နှစ်ယောက်ဟာလည်း ကျွန်မတို့နဲ့ ဘဝတူတွေပါ။ ဒီလို နှစ်သစ်ကူးခါနီး အချိန်လေးမှာ ဘယ်သူ မဆို ကိုယ်ချစ်သူရဲ့အသံကို ကြားချင်ကြမှာပါ။ နှစ်တစ်နှစ်ရဲ့ အစဦးဆုံး အချိန်လေးမှာ ကိုယ့်ချစ်သူကို နှုတ် ခွန်းဆက်စကား "Happy New Year" လို့ အရင်ဆုံး ပြောချင်ကြမှာပါ။ ဒါဟာ ချစ်သူနဲ့ ဝေးကွာနေရတဲ့ သူတိုင်းမှာရှိနေတဲ့ တူညီသောဆန္ဒတစ်ခု ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

ကျွန်မအတွက်တော့ ဒီလို ကူညီခွင့်ရလိုက်ခြင်းက တကယ့်ကို စိတ်အေးချမ်းသာမှု ဖြစ်စေပါတယ်။ ဘာ ပကာသနမှ မပါဘဲ ဖြူစင်ရိုးရှင်းတဲ့ စိတ်နဲ့ ပြုလိုက်တဲ့ ကိုယ့်ရဲ့ ကောင်းမှုကုသိုလ်တစ်ခုကို ပြန်တွေးလိုက် တိုင်း ကျွန်မ ဝမ်းသာပီတိ ဖြစ်နေမှာပါ။ ဒါဟာလည်း ၂ဝ၁၂ ခုနှစ်ရဲ့ ကုန်ဆုံးခါနီးအချိန်၊ ၂ဝ၁၃ ခုနှစ်ကို ကူးပြောင်းခါနီးအချိန်ဖြစ်လို့ ကျွန်မတစ်သက်မှာ ဒီအဖြစ်အပျက်လေးက အမြဲတမ်း အမှတ်တရ ဖြစ်နေတော့ မှာ အသေအချာပါပဲရှင်။


စာဖတ်သူများလည်း နှစ်သစ်မှာ စိတ်သစ်၊ လူသစ်(အချစ်သစ်လို့ ယူလိုက ယူနိုင်ပါကြောင်း :P) ရည်မှန်းချက် အသစ်တွေနဲ့ ၂ဝ၁၃ ခုနှစ်ကို အောင်မြင်ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ။


စာဖတ်သူအားလုံးကို ခင်မင် လေးစားလျက်

မြဝတီဇော်


Tuesday, December 18, 2012

ခရမ်းရင့်ရောင် ဒီဇင်ဘာရက်စွဲများ


ဒီဇင်ဘာရေ... ဘာလိုလိုနဲ့ နင် ငါ့အနီးအနားကို မသိမသာနဲ့ ရောက်လာခဲ့ပြန်ပြီပေါ့။ ငါလေ နင်မရှိချိန်တွေ မှာ နင့်ကို သတိတရ ရှိခဲ့ပေမယ့် တကယ်တမ်း နင် ငါ့အနား ရောက်လာပြန်တော့လည်း နင်နဲ့ ဝေးဝေး မှာ နေချင်မိပြန်တယ်။ အဲဒါဘာကြောင့်လဲ သိလား ဒီဇင်ဘာ။ နင်ပေးလာမယ့် အေးစက် တိတ်ဆိတ်တဲ့ အထီးကျန် ခံစားမှုတွေကို ငါ မလိုချင်လို့ပါပဲ။

ဒီဇင်ဘာရေ... အရင်ကဆို ငါ အိပ်ရာနိုးလို့ ငါ့အခန်း ပြတင်းပေါက်ကို ဖွင့်လိုက်ရင် နွေးထွေးတဲ့ နေခြည်နုနု ကလေးက ငါ့အိပ်ခန်းထဲ အလျင်စလို တိုးဝှေ့ ဝင်လာနေကျပေါ့။ အခုတော့ ... နင် ချဉ်းနင်းဝင်လာတဲ့ ငါ့ မနက်ခင်းတွေမှာ ပြတင်းပေါက် ဖွင့်လိုက်တာနဲ့ နင်ကြဲဖြန့်လိုက်တဲ့ နှင်းမှုန်ဖွေးဖွေးတွေက ငါ့ကို တရကြမ်း တိုးတိုက်လို့ ငါ့အခန်းထဲ အလုအယက် ဝင်လာကြတယ်။ နင်သိရဲ့လား ဒီဇင်ဘာ။ ငါ့အနားမှာ ငါ့ကို    နွေးထွေးစေနိုင်မယ့် ရင်ခွင်တစ်ခု ဝေးနေချိန်မှ ငါ့ကို အေးခဲသွားလောက်အောင် နင် နှိပ်စက်နေတယ် ဆို တာကိုလေ။ အမှန်ကို ဝန်ခံရရင် ခုလိုအချိန်မျိုးမှာ နင်ရောက်လာမှာကို ငါ မပျော်မိပါဘူး။ ခြောက်သွေ့အေး စက်တဲ့ နင့်ရင်ခွင်မှာ ဘယ်လို နွေးထွေးတဲ့ ရင်ခုန်သံနဲ့ ငါ အသက်ရှူ မှန်နိုင်ပါ့မလဲ။ နင်ရောက်လာတဲ့အခါ ငါ့မနက်ခင်းတိုင်းဟာ အရင်ကလို စိမ်းစိုလတ်ဆတ်မှုတွေ ကင်းမဲ့ခဲ့တယ်။ နင်လာတဲ့အခါ ငါ့ပတ်ဝန်းကျင်မှာ အထီးကျန်ဆန်တဲ့ မြူထူထူ လမ်းမတွေ၊ ခြောက်ကပ်ကပ် သစ်ညိုပင်တချို့နဲ့ မှုန်မှိုင်းမှိုင်း မြင်ကွင်းတွေသာ ပါတဲ့ ပန်းချီကားတစ်ချပ်ကို နင် လက်ဆောင်အဖြစ် ယူလာတတ်တယ်။

ထားပါတော့... ဒီဇင်ဘာ။ နင်မရှိတဲ့အခါ တချို့တလေအတွက်တော့ လွမ်းဆွတ်စရာ ဖြစ်ကောင်း ဖြစ်နိုင်ပေ မယ့် ငါ့အတွက်တော့ နင်က မရှိမကောင်း၊ ရှိမကောင်းပါပဲ။ နင် ငါ့အနား ရှိနေတဲ့အချိန်တွေထဲက တချို့ အချိန်လေးတွေကိုတော့ ငါ နှစ်သက်မိတယ်။ မှတ်မိသေးရဲ့လား ဒီဇင်ဘာ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်လွန် ရက်စွဲ တချို့ကိုလေ။ အဲဒီတုန်းကတော့ နင် ငါ့ဘေးမှာ ရှိနေပေးလို့ ငါ ပျော်ခဲ့ရဖူးတယ်။ တဖွဲဖွဲကျဆင်းနေတဲ့ နင့်ရင်ခွင်ထက်က နှင်းပွင့်တွေကြား ငါခိုနားခဲ့ဖူးတယ်။ နင် ခင်းဖြန့်ထားတဲ့ အေးစိမ့်စိမ့် မြူမှုန်ခြုံလွှာကို ဝတ်ဆင်လို့ သင်းပျံ့တဲ့ ထင်းရှူးရနံ့တွေကြား ငါ လျှောက်သွားခဲ့ဖူးတယ်။ နင့်ရဲ့ ခပ်ဖွဖွ သက်ပြင်းချသံကို ခိုးနားထောင်ဖို့ ညအမှောင်ထဲ တိတ်တဆိတ် ငါထိုင်နေခဲ့ဖူးတယ်။ ဒါတွေ ... ဒါတွေ အားလုံးက နင်နဲ့ ပတ် သက်တဲ့ ငါ့ရဲ့ အမှတ်တရ ရက်စွဲတွေပဲ ဆိုပါတော့ .... ။

ဒါပေမယ့် ဒီဇင်ဘာ... တစ်ခါ တစ်ခါကျရင် နင်ဟာ သိပ်ဟန်ဆောင်ကောင်းတယ်နော်။ ငါဝမ်းနည်းနေတဲ့ အချိန်တွေဆို နင် ပျော်နေတာတောင် ငါ့ဘေးမှာ တိတ်တဆိတ်ထိုင်လို့ ငါ့ကို အားပေးခဲ့ဖူးတယ်။ ငါပျော်နေ တဲ့ အချိန်တွေဆိုရင် နင်က တစ်နေရာကနေ ပြုံးကြည့်လို့ ငါ့ခံစားချက်တွေကို မျှဝေယူတတ်ခဲ့တယ်။ တကယ်ဆို နင့်မှာလည်း ဝမ်းနည်းကြေကွဲချိန်တွေတော့ ရှိနေမှာပဲ မဟုတ်လား ဒီဇင်ဘာရယ်။ ခံစားချက် အမျိုးမျိုးနဲ့ လူတွေကို နှစ်သိမ့်ပေးဖို့၊ ပျော်ရွှင်မှုတွေ ပေးဖို့၊ ကြည်နူးခြင်းတွေ မျှဝေဖို့ဆိုတဲ့ တာဝန်တွေနဲ့ ငါတို့ အနားကို နင် အချိန်မှန် ရောက်လာခဲ့ရတယ်။ ကိုယ့်ရဲ့ ပုဂ္ဂလိက ခံစားချက်တွေကို သိမ်းဆည်းလို့၊ စိတ် အထွေထွေရှိတဲ့ လူအမျိုးမျိုးကို အပြုံးမပျက်ရင်ဆိုင်လို့ အခုလည်း နင် ငါ့အနား ရောက်လာရပြန်ပေါ့။

ဒီဇင်ဘာရေ... နင်ရေးဆွဲခဲ့တဲ့ ပန်းချီကားတစ်ချပ်ကို ထပ်ဖြည့်ရေးခွင့် ရှိမယ်ဆိုရင် ငါ အရောင်တချို့ကို ထပ်ဖြည့်ချင်တယ်။ ခပ်မှုန်မှုန် နှင်းတွေကြားက ခြောက်ကပ်ကပ် သစ်ညိုပင်တွေကို ပိုပြီး ညိုမှောင်သွားတဲ့ အထိ အရောင်ရင့်ရင့် ရေးဆွဲပစ်လိုက်မယ်။ အထီးကျန်ခြင်းကို သတိမရစေဖို့ မြူထူထူ လမ်းမတွေ ကို နွေးထွေးတဲ့ နေရောင်ခြည်တွေနဲ့ ဖျန်းပက်လို့ လင်းလက်စေမယ်။ ခြောက်သွေ့ညိုမွဲနေတဲ့ မြက်ခင်းတွေ ကို နုပျိုသစ်လွင်တဲ့ အစိမ်းရောင်ရင့်ရင့် ခြယ်သပစ်လိုက်မယ်။ အင်း... ဒီလောက်ပါပဲ။ ဒီလောက်ဆို အထီး ကျန်တွေခြင်းတွေဆီက ပြေးပုန်းစရာ နေရာတစ်ခုအတွက် လုံလောက်ပြီ ထင်ရဲ့။

ရော့၊ ယူသွားပေတော့ ဒီဇင်ဘာ ... ဒီပန်းချီကားလေးက နင့်အတွက် ငါ့ရဲ့ နှစ်သစ်ကူးလက်ဆောင်လို့ မှတ် ယူချင်လည်း မှတ်ယူပါတော့။ နောက်နှစ်... နောက်နှစ်တွေကျရင်လည်း နင့်အတွက် ငါ နှစ်ကူးလက်ဆောင် အဖြစ် အသစ်အသစ်သော ပန်းချီကားတွေ တစ်ချပ်ပြီးတစ်ချပ် ရေးဆွဲပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
နှုတ်ဆက်လိုက်ပါတယ် ... ဒီဇင်ဘာရေ.... ငါတို့ ထပ်တွေ့ကြဦးမယ်နော်။ နောက်တစ်ခါ နင်နဲ့ ဆုံတဲ့အခါ ရဲရင့်ပြတ်သားတဲ့၊ အေးချမ်းဖော်ရွေတဲ့၊ ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းတဲ့ ပုံရိပ်တွေနဲ့ "ဒီဇင်ဘာ" ပီသအောင် နင် ကြိုးစားရမယ်နော်။ ငါလည်း ငါ့အိပ်မက်တွေ၊ ငါ့စိတ်ကူးတွေ၊ ငါ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ ကြိုးစား ရင်း နင်ရှေ့မှာ ငါ မတ်မတ်ရပ်ပြပါ့မယ်။

.......................................................................................................................................................
.......................................................................................................................................................
.......................................................................................................................................................

...အို... ငါစိတ်မကောင်းလိုက်တာကွယ်....နင်လှည့်ထွက်သွားခါနီးမှ နင့်အတွက် လက်ဆောင်အဖြစ် ငါပေး လိုက်တဲ့ ပန်းချီကားလေးမှာ ခရမ်းရင့်ရောင် မင်တွေ စွန်းထင်းလို့ နေပါပေါ့လား။ ဒီခရမ်းရင့်ရင့် မင်တွေက ငါ့မျက်ရည်တွေ မဟုတ်ဘူးဆိုတာတော့ နင် ယုံတယ်မဟုတ်လား ဒီဇင်ဘာရယ် ... ?





စာဖတ်သူအားလုံးကို ခင်မင် လေးစားလျက်

မြဝတီဇော်








Monday, December 10, 2012

အိပ်မက်တံတား



သူ ငယ်စဉ်ဘဝတုန်းက ဒီတံတားကို တည်ဆောက်ဖို့ဆိုတာ အိပ်မက်မျှပင် မမက်ဖူးခဲ့။ ဒီတံတားနှင့် ပတ် သက်၍ မှတ်မိသမျှ သူ မူလတန်းတက်စ အရွယ်တွင် ကဗျာများကို သူ နှစ်သက်သည်။ ကဗျာ ရွတ်ဆိုရ သည့်အချိန်တွေကို ဂဏန်းသင်္ချာတွက်ရတာထက် ပိုပျော်သည်။ နောက်ပြီး အဲဒီအချိန်တွေတုန်းက သူ စိတ်ပါဝင်စားခဲ့တဲ့ ဝါသနာတစ်ခု ရှိသေးသည်။ အဲဒါက ဘာလဲဆိုတော့ ပန်းချီဆွဲခြင်း ဖြစ်သည်။

ပန်းချီဆွဲခြင်းကို ဘယ်သူမှ သင်မပေးရပါဘဲလျက် သူက အလိုအလျောက် တတ်မြောက်ခဲ့သည်ဆိုလျှင် ပို လွန်းသည် ထင်ကြမည်။ ပန်းချီဆွဲသည်ဆို၍ အထင်မကြီးလိုက်ပါနှင့်ဦး။ အဲဒီအရွယ်တုန်းက သူ့အသက် က ခြောက်နှစ်၊ ခုနစ်နှစ်လောက် ရှိနေပြီဆိုတော့ စာစောင်တွေ၊ ပြက္ခဒိန်တွေ၊ ရွှေသွေးဂျာနယ်တွေနှင့် မဂ္ဂဇင်းထဲမှ သူမျက်စိကျရာ မိန်းကလေးရုပ်ပုံများကို ခဲတံတစ်ချောင်းနှင့် ကြမ်းပြင်ပေါ် ဝမ်းလျားမှောက်ပြီး စိတ်ရှည်လက်ရှည် ကူးဆွဲတတ်ခြင်းပင် ဖြစ်သည်။

 နွေကျောင်းပိတ်ရက်တွေမှာ သူတို့မောင်နှမတွေကို မိခင်ဖြစ်သူက ဗုဒ္ဓဘာသာသင်တန်း (ယခုခေတ်နှင့် ဆိုလျှင် ယဉ်ကျေးလိမ္မာသင်တန်း) တက်စေသည်။ သူတို့ကတော့ ကလေးအရွယ်မို့ အကစား မက်ကြသည်။ သို့သော်လည်း မိခင်က တက်ဆိုတော့လည်း တက်လိုက်ကြသည်ပင်။ ဘာအပူအပင်မှ မရှိ။ သင်တန်းက ညနေဘက်မို့ တစ်မနက်ခင်းလုံး၊ တစ်နေ့ခင်းလုံးကို သူတို့စိတ်ကြိုက် ဆော့ကစားခွင့်ရသည်။ ဒီတော့ သူက ဘာလုပ်သည် ထင်ပါသလဲ။ အိမ်မှာ ရှိသမျှ ပြက္ခဒိန်အဟောင်းတွေကို ဖြုတ်၊ ကျောဘက်က လွတ်နေသည့် စာရွက်ပေါ်မှာ သူ့စိတ်ကြိုက် ပန်းချီဆွဲတော့သည်။ အဲဒီအချိန်တုန်းကတော့ သူ့ကိုယ်သူ တစ်ချိန်ကျရင် ပန်းချီရေးဆွဲသူဖြစ်ဖို့ ရည်မှန်းချက် ထားခဲ့သည်။ သို့သော်လည်း အဲဒီဝါသနာကို သူ စွန့်လွှတ်လိုက်ရ မယ့် နေ့တစ်နေ့ သူ့ဘဝမှာ ကြုံခဲ့ရသည်။

အဲဒီတုန်းက သူက စတုတ္ထတန်း တက်နေပြီ ဖြစ်သည်။ သူရဲ့ ပန်းချီဆွဲသည့် ဝါသနာက ဘယ်လောက်ကြီးခဲ့ သလဲဆို သူ့ကျောင်းစာအုပ်တိုင်းရဲ့ နောက်ကျောမှာ ရုပ်ပုံမျိုးစုံ သူ ရေးဆွဲတတ်ခဲ့သည်။ သူ့အတွက် ဘာ ရယ်လို့ မဟုတ်ဘဲ ရေးဆွဲချင်သည့်အချိန်၌ တွေ့ရာစာအုပ်၏ နောက်ကျောတွင် ရေးဆွဲခဲ့ခြင်းဖြစ်ပေမယ့် သူ့အတန်းပိုင်ဆရာမ တွေ့သွားရာကနေတစ်ဆင့် သူ့မိခင်ထံ တိုင်ကြားခံရတော့သည်။ အဲဒီနေ့က သူ ကျောင်းက ပြန်လာတော့ သူ့မိခင်က သူ့ကျောင်းလွယ်အိတ်ထဲမှ ဗလာစာအုပ်များကို ထုတ်ပြစေ သည်။ ပြီးတော့ စာအုပ်တိုင်းရဲ့ နောက်ကျောမှာ သူရေးဆွဲထားသည့် ရုပ်ပုံအမျိုးမျိုးကို တွေ့သွားပြီး ရုပ်ပုံ ရှိရာ စာမျက်နှာတိုင်းကို ဆုတ်ဖြဲပစ်လိုက်သည်။ သူ စိတ်မကောင်း ဖြစ်သွားသော်လည်း သူ့မိခင် ပြောသည့် စကားတစ်ခွန်းကြောင့် သူ့ရဲ့ ပန်းချီဆွဲချင်သည့် ဝါသနာကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့သည်။ သူ့မိခင်က -

"ကျောင်းစာရေးဖို့ ဝယ်ပေးတဲ့ စာအုပ်မှာ ရုပ်ပုံတွေ လျှောက်ဆွဲနေမယ်ဆိုရင် နောက်ကို ကျောင်း လုံးဝ မသွားရဘူး။ ကျောက်သင်ပုန်းနဲ့ ကျောက်တံ ဝယ်ပေးထားမယ်။ အိမ်မှာနေပြီး အဲဒါတွေနဲ့ပဲ ပုံတွေ ဆွဲတော့။ စာမတတ်ချင်ရင်တော့ ပုံတွေ ဆက်ဆွဲပေါ့။ စာတတ်ချင်တယ် ဆိုရင်တော့ ဒီပုံဆွဲတဲ့အကျင့်ကို ဖျောက်မှ ရမယ်"

အဲဒီအချိန်မှာ သူက ပန်းချီပုံလှလှ ဆွဲထားသော ရုပ်ပြများကို မက်မက်မောမော ဖတ်ချင်တတ်နေပြီလေ။ ဒါကြောင့်ပဲ မိခင် မကြိုက်သည့် ပန်းချီရေးဆွဲခြင်း ဝါသနာကို သူစွန့်လွှတ်ခဲ့သည်။ ဒါပေမယ့် သူ့မိခင် က နွေကျောင်းပိတ်ရက်တွေမှာတော့ သူ့ကို ပန်းချီရေးဆွဲခွင့် ပြုခဲ့သည်။ ဒီလိုနဲ့ သူ အလယ်တန်း ရောက် လာတော့ အဲဒီဝါသနာက တစ်ဖန် ပိုးထလာပြန်သည်။ ဘယ်က စခဲ့သလဲဆို သူတို့ကျောင်းမှာ အလယ် တန်းဆင့် ကျောင်းတွင်း ပန်းချီပြိုင်ပွဲ ကျင်းပရာက စသည်။ သူ့အစ်ကိုက အထက်တန်းဆင့်အနေဖြင့် ပန်းချီပြိုင်ပွဲ ဝင်ပြိုင်မည်ဆိုသောအခါ မိခင်က ပန်းချီဆွဲရာတွင် လိုအပ်သော ရေဆေး၊ စုတ် တံ၊ ဆေးစပ် ခွက်ပြား စသည်ဖြင့် အပြည့်အစုံ ဝယ်ပေးသည်။ သူက ဝင်ပြိုင်ချင်သော်လည်း မောင်နှမနှစ်ယောက်စလုံး တစ်ပြိုင်တည်း ဝင်ပြိုင်နိုင်ဖို့ လိုအပ်သည့်ပစ္စည်းများကို နှစ်စုံဝယ်ယူဖို့ကို မိခင်က သဘောမကျခဲ့။ နောက်ပြီး သူတို့မောင်နှမနှစ်ယောက် ပြိုင်ပွဲဝင်ရမည့်အချိန်ကလည်း အတူတူမို့ သူ နောက်ဆုတ်ခဲ့သည်။ မရှက်တမ်း ဝန်ခံရလျှင် သူက ပန်းချီရေးဆွဲသည် ဆိုသော်လည်း သူ့အစ်ကိုလောက် မတော်ပါ။ သူ့အစ်ကိုက ထိုအရွယ် ကတည်းကပင် ရေဆေး၊ ဆီဆေးများကို ကောင်းမွန်စွာ အရောင် စပ်ဟပ် သုံးစွဲတတ်နေပြီ ဖြစ်သည်။

အဲဒီတုန်းက ပြိုင်ပွဲမဝင်ရလို့ သူ စိတ်မကောင်းဖြစ်ခဲ့သော်လည်း သူ့အစ်ကိုက အထက်တန်းဆင့် ပန်းချီ ပြိုင် ပွဲမှာ ပထမဆု ရခဲ့သည့်အတွက်တော့ အလွန်ပျော်ခဲ့ရသည်။ ထိုအချိန်အထိ သူဝါသနာပါရာသည် ပန်းချီရေး ဆွဲခြင်းဟုပဲ သတ်မှတ်ထားခဲ့သည်။ မှတ်မှတ်ရရ သူ ဆဋ္ဌမတန်း တက်သည့်နှစ်တွင် သူ့မှာ သူကိုယ်တိုင် မသိခဲ့သော နောက်ထပ် ဝါသနာတစ်မျိုးရှိနေကြောင်း သတိထားမိလာရသည်။ အကြောင်းကတော့ သူ တို့ ကျောင်းတွင် အသစ်ပြောင်းလာသော ကျောင်းအုပ်ဆရာမကြီးက ကျောင်းတွင်း စာစီစာကုံးပြိုင်ပွဲများ မကြာခဏ ပြုလုပ်ပေးခြင်းကြောင့် ဖြစ်သည်။ စစချင်း စာစီစာကုံးပြိုင်ပွဲ လုပ်တော့ အတန်းတိုင်းက ကျောင်း သူ၊ ကျောင်းသား အနည်းဆုံး တစ်ဦးစီ ပါဝင် ယှဉ်ပြိုင်ခိုင်းသည်။ သို့သော်လည်း တကယ်တမ်း ပြိုင်ဖြစ်သည့် အခါ သူ အပါအဝင် ၁ဝ ဦးခန့်သာ ရှိသည်။

ထိုစာစီစာကုံးပြိုင်ပွဲ ဆုရသူစာရင်း ထွက်လာချိန်တွင် မမျှော်လင့်ပါဘဲ သူက ပထမဆု ရရှိခဲ့သည်။ ထိုအချိန် တုန်းက သူ့ကိုယ်သူတင်မက သူနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်သည့် သူ့ထက် စာတော်သူများကပါ တအံ့ တသြ ဖြစ်သွားကြရသည်။ ပြောရလျှင်တော့ ထိုစာစီစာကုံးပြိုင်ပွဲတွင် သူ ဆုရလိမ့်မည်လို့ ဘယ်သူမှ မျှော် လင့်မထားကြ။ ဒါပေမယ့် သူ ဆုရခဲ့သည်။ အဲဒီနောက်ပိုင်း ကျောင်းတွင်း စာစီစာကုံးပြိုင်ပွဲ၊ ဗုဒ္ဓဘာသာ စာမေးပွဲစသည့် ထူးချွန်ဆု၊ ဖွံ့ဖြိုးရေးဆုတွေမှာ သူ့နာမည်ကို တွေ့လာရသည်။ သူကိုယ်တိုင်လည်း အဲဒီ အချိန်ကစပြီး စာဖတ်တာ၊ စာရေးတာတွေကို စိတ်ဝင်တစား ဖြစ်လာခဲ့သည်။ တစ်ခါတလေ ငယ်တုန်းက လိုမျိုး စာအုပ်နောက်ကျောတွေမှာ သူနှစ်သက်ရာ စာတိုပေစ၊ ကဗျာအတိုအစတွေ ရေးမှတ်တတ်လာ သည်။ သူတို့ ကျောင်းတက်စဉ်တုန်းက ကျောင်းပိတ်ခါနီး ပထမအစမ်း စာမေးပွဲ ဖြေပြီးချိန်မှာ သူငယ် ချင်းတွေနဲ့ အပြန်အလှန် အော်တိုစာအုပ်တွေ ရေးကြတာ ခေတ်စားသည်။ အဲဒီလို အော်တိုစာအုပ်တွေမှာ သူ ခင်မင်တဲ့ သူငယ်ချင်းတွေကို ဘယ်လောက် ခင်ကြောင်း၊ ဘယ်လိုခင်ကြောင်း စသည်ဖြင့် သူများနှင့် မတူအောင် သူက စိတ်ထဲပေါ်ရာ စာတိုပေစတွေနဲ့ လက်စွမ်းပြဖူးသည်။

သို့သော်လည်း သူ့ရဲ့ ဒုတိယ ဝါသနာသည် သူ အထက်တန်း တက်သည့်အချိန်တွင် အခိုက်အတန့်အားဖြင့် ငုပ်လျှိုးသွားခဲ့ရပြန်သည်။ အတန်းကြီးလာတာနဲ့အမျှ ကျက်ရ၊ မှတ်ရ၊ ဖတ်ရ၊ တွက်ရ ဆိုသည့် သံသရာကြား မှာ သူ့ဝါသနာက စုပ်စ မြုပ်စ ပျောက်ကွယ်ခဲ့ရသည်။ ဒီလိုနဲ့ နှစ်အပိုင်းအခြား တစ်ခုအထိ သူ့ဝါသနာကို သူ အကောင်အထည်ဖော်ခွင့် မရခဲ့။ သို့သော်လည်း သူ့ဝါသနာသည် တစ်ခါတလေ အိပ်မက်ထဲမှာ မက်ခွင့်ရ တဲ့၊ မြူနှင်းတွေ ဖုံးလွှမ်းနေတဲ့ မပီဝိုးတဝါး တံတားတစ်စင်းလို သူ့နှလုံးသားရဲ့ တစ်ထောင့်တစ်နေရာ မှာ ငြိမ်သက် ခိုင်မြဲစွာ တည်ရှိနေခဲ့သည်။

ခုတော့ သူ့အိပ်မက်ထဲက တံတားကို သူကိုယ်တိုင် လက်တွေ့ ဖန်တီး တည်ဆောက်ခွင့် ရနိုင်ခဲ့ပြီထင်သည်။ ထိုတံတားကို ရေရှည် တည်တံ့ခိုင်မြဲအောင် တည်ဆောက်ဖို့၊ ထိုတံတားက လူ့ဘဝနဲ့ စာပေခရီးလမ်း အကြား ဖြောင့်ဖြူး ပြေပြစ်စေတဲ့ ပေါင်းကူးတစ်ခု ဖြစ်လာစေဖို့၊ ထိုတံတားက လူအများရဲ့ စိတ်အပန်းဖြေ ရာ၊ သုတ၊ ရသ၊ စိတ်ဓာတ်ခွန်အားတွေ ပေးစွမ်းစေတဲ့၊ အသုံးဝင်တဲ့ တံတားတစ်ခု ဖြစ်စေဖို့၊ ထိုတံတားပေါ် မှ ဖြတ်သန်း နင်းလျှောက်သွားကြမည့် ခြေလှမ်းများစွာအတွက် တစ်စုံတစ်ရာသော အကျိုးကျေးဇူးကို ပေး စွမ်းနိုင်စေဖို့တော့ သူ့တွင် ရာနှုန်းပြည့် တာဝန်ရှိသည်ဟု ယုံကြည်နေမိလေသည်။



စာဖတ်သူ အားလုံးကို ခင်မင်လေးစားလျက်

မြဝတီဇော်






Wednesday, December 5, 2012

သူနဲ့ ကိုယ်နဲ့ တွေ့တဲ့ည



အဲဒီညကအကြောင်းကို ပြန်တွေးလိုက်တိုင်း အခုချိန်တိုင်အောင် ကျွန်မ ရင်တွေခုန်ကာ ခြေဖျားလက် ဖျား အေးချင်သည်။ အဲဒီညကမှ ကျွန်မဘဝမှာ သူ့ကို ပထမဆုံးအကြိမ် အနီးကပ် တွေ့ဖူးခြင်းလည်း ဖြစ် သည်။ သူ့အကြောင်း လူတွေပြောတာ ကြားဖူးပေမယ့် အခုလို ကိုယ်တိုင် တေ့တေ့ဆိုင်ဆိုင် တွေ့ရလိမ့်မယ် လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပါ။ နောက်ပြီး သူနဲ့တွေ့ခဲ့ရတဲ့ အဲဒီညကို ကျွန်မတစ်သက် ဘယ်တော့ မှ မေ့ပျောက်နိုင်မှာ မဟုတ်တော့ပါဘူး။

* * * * *

မှတ်မှတ်ရရ အဲဒီညက ကျွန်မ မိသားစုများကို စိတ်ကောက်ပြီး ထမင်းမစားဘဲ အိပ်ရာထဲ ခပ်စောစော ဝင်ခဲ့ သည်။ အစ ပထမတော့ စိတ်ဆိုးနေတာမို့ တော်တော်နှင့် အိပ်မပျော်။ ဟိုဘက် လှိမ့်လိုက်၊ ဒီဘက် လှိမ့် လိုက်နှင့် စိတ်က မငြိမ်သက်တော့ လူကလည်း ငြိမ်မနေ။ ညဦးပိုင်းလောက်က မိသားစုများနှင့် စကားပြော အဆင်မပြေ ဖြစ်ရသည့်ကိစ္စကို ပြန်တွေးပြီး စိတ်တိုနေမိသည်။ နောက် ညဥ့်နက်လာတော့ တဖြည်းဖြည်း အိပ်ပျော်သွားသည်။ ဘယ်လောက် အိပ်ပျော်သွားမှန်း ကျွန်မ မသိလိုက်။ ဗိုက်က တော်တော်ဆာလာတာမို့ ကျွန်မ နိုးသွားသည်။ နိုးနိုးချင်း ကျွန်မနားထဲ တိုးဝင်လာသည့် အသံတစ်ခုက အိပ်ချင်မူးတူး ဖြစ်နေသည့် ကျွန်မမျက်လုံးကို ကျယ်သွားစေသည်။

"ကျွီ...ကျွီ...ဂျစ်...ဂျစ်"

တိတ်ဆိတ်နေသည့် ညမှောင်မှောင်မှာ ထိုအသံကို ကျွန်မ သိသိသာသာ ကြားလိုက်ရသည်။ ဟင်... ဘာသံ လဲ။ ကြွက်တွေ တစ်ခုခုကို ကိုက်ဖြတ်နေတာများလား။ ဒါလည်း မဟုတ်လောက်ပါ။ ကြွက်ကိုက်သံဆိုလျှင် "ဂျစ်-ဂျစ်-ဂျစ်-ဂျစ်" လောက်သာ ကြားရမည်။ ခုတော့ "ကျွီ-ကျွီ" ဆိုတဲ့အသံက ဘယ်က ထွက်နေတာပါလိမ့်။ ကျွန်မ အိပ်ရာထဲက အသာ ထထိုင်ကာ သေချာ နားစွင့်ကြည့်သည်။ ဟော... ထပ်ကြားရပြန်ပြီ။ ဒီအသံက ဘယ်က လာတာဖြစ်မလဲလို့ ခန့်မှန်းကြည့်မိတော့ ကျွန်မတို့ အိမ်အောက်ထပ် မီးဖိုခန်းမှနေ၍ အိမ်ဘေးသို့ ထွက်သော  ဘေးတံခါးပေါက်မှ လာခြင်းဖြစ်ကြောင်း သိလာရသည်။ ဒါဆို သူခိုးများလား။ ဘုရား ... ဘုရား၊ အိမ်ကို သူခိုးကပ်နေပြီ။ ဒုက္ခပါပဲ။ ကျွန်မ ခေါင်းနားပန်း ကြီးသွားသည်။ ဟုတ်သည်လေ။ အဲဒီအချိန်တုန်းက အိမ်မှာရှိနေတဲ့ လူအားလုံးက မိန်းမသားများသာ။ ကျွန်မရဲ့အစ်ကိုကြီးကလည်း ထိုအချိန်က နယ်မှာ တာဝန် ကျနေသည်။ ဒီတော့ ဒီသူခိုးသာ အိမ်ထဲ ရောက်လာလို့ရှိရင် ဘာတွေ ဆက်ဖြစ်ကြမလဲ။ ကျွန်မ ဆက်မတွေး ဝံ့။ ပြောလို့ရတာ မဟုတ်၊ သင်းက ကျွန်မတို့အိမ်ရဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို သေချာလေ့လာ ထားပြီး ဖြစ်ချင်ဖြစ်နေမှာ။ မဖြစ်ဘူး ... မဖြစ်ဘူး၊ သင်း အိမ်ထဲကို ဘယ်နည်းနဲ့မှ ဝင်လို့ မဖြစ်။ ပစ္စည်းတွေ ယူသွားတာက တော်သေးရဲ့။ လူကိုပါ အန္တရာယ်ပြုသွားရင် ကိုယ်ကျိုးနည်းရချည်ရဲ့။ ဒုက္ခပါပဲ။

အတွေးပေါင်း သောင်းခြောက်ထောင် ကျွန်မ ခေါင်းထဲတွင် ဆူပွက်နေသည်။ ဘာက စလို့ ဘာကို လုပ်ရမှန်း လည်း မသိ။ ခြင်ထောင်ထဲ ငုတ်တုတ်ထိုင်ရင်း လူက တဆတ်ဆတ် တုန်နေမိသည်။ အဲဒီလိုအချိန် ကျွန်မ နားထဲမှာ တဂျွိဂျွိသံက ဝင်လာပြန်သည်။ ကျွန်မ တစ်ကိုယ်လုံး တုန်ယင်နေလျက်က ဆုံးဖြတ်လိုက်သည်။ အခုလောလောဆယ် ကျွန်မ နိုးနေတာကို ဒီသူခိုး မသိသေး။ ထို့အတူ အိမ်ထဲကို သူခိုးက ဝင်ဖို့ ကြိုးစားနေ သည်ကိုလည်း ကျွန်မ မိသားစုများက မသိသေး။ အိပ်မောကျနေကြသည်ကိုး။ ဒီတော့ ကျွန်မ သတ္တိမွေးပြီး ဒီ သူခိုးကို ရင်ဆိုင်ဖို့ ပြင်ဆင်ရသည်။ အင်း ... ရင်ဆိုင်တာကတော့ ဟုတ်ပါပြီ။ သူ့ကို ဘာနဲ့ ဘယ်လို ကာကွယ် ရမလဲ။ စဉ်းစားစမ်း .... စဉ်းစားစမ်း။ အဲ ... အဲ ... သတိရပြီ။ ကျွန်မ အကြံရပြီး အိပ်ရာထဲက အသာ ထလာခဲ့ သည်။ ပြီးတော့ အိမ်ပေါ်ထပ် လှည်းသော တံမြက်စည်းကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်၊ ကြမ်းပြင်ကို ခြေ ဖျားထောက် နင်းပြီး လှေကားမှ အောက်ထပ်သို့ တရွေ့ရွေ့ ဆင်းလာခဲ့သည်။ အိမ်အောက်ထပ်မှာတော့ မီးမှိတ်ထား၍ မှောင်နေသော်လည်း အိမ်ပြင်က လရောင်ကြောင့် ဧည့်ခန်းက အရာဝတ္ထုများကို ကောင်း စွာ မြင်နိုင်သေးသည်။

ကျွန်မ လှေကားတစ်ဝက်မှနေ၍ အောက်ထပ်ကို ငုံ့ကြည့်လိုက်သည်။ အောက်ထပ်တွင် ပစ္စည်းများအားလုံး သူ့နေရာနှင့်သူ ခြေရာလက်ရာ မပျက်။ ကျွန်မ သေသေချာချာ စေ့စေ့စပ်စပ် လိုက်ကြည့်တော့ တွေ့ပါပြီ။ ထမင်းစားခန်းရှိ ပြတင်းပေါက်မှ အလင်းရောင်တစ်ခု ထိုးထွက်နေသည်။ ကြည့်စမ်း၊ သူခိုးကတော့ ဒီ ပြတင်းပေါက်ကို ဖွင့်ပြီးနေပြီ။ လူနိုးမှာ စိုး၍ ပုံစံမပျက် အသာလေး ပြန်စေ့ထားပုံ ရသည်။ အခုအချိန်ထိ ကျွန်မ နိုးနေသည်ကို သူခိုးက ရိပ်မိပုံမပေါ်။ သူ့အလုပ်ကိုသာ ဆက်လုပ်နေသည်။ ကျွန်မ လက်ထဲက တံမြက်စည်းကို ကျစ်ကျစ်ပါအောင် ကိုင်ပြီး ထမင်းစားခန်း တံခါးပေါက်နားကို တိုးကပ်သွားသည်။ ကျွန်မတို့ အိမ်၏ ထမင်းစားခန်းနှင့် မီးဖိုခန်းကို ထိုတံခါးချပ်တစ်ခုဖြင့် ခြားထားသောကြောင့် ကျွန်မမှာ သူခိုးနှင့် အနီး ဆုံးနေရာသို့ ရောက်နေလေပြီ။ ဒီတံခါးကနေ ဝင်ပြီး ညာဘက်ခြမ်းကို လှည့်ကြည့်လိုက်လျှင် တွေ့ရသော တံခါးချပ်မှာ သူခိုးက ကျွန်မတို့အိမ်ထဲ ဝင်ဖို့ ကြိုးစားပမ်းစား ဖွင့်နေသည့် တံခါးပင် ဖြစ်သည်။ ကျွန်မ ရင်တွေ တဒိန်းဒိန်း ခုန်ကာ တံခါးချပ်နား တိုးကပ်သွားသည်။ ထိုရေလယ်ကူးတံခါးမှာ စေ့ရုံသာ စေ့ထားပြီး ကျွန်မ ဖွင့်လိုက်လျှင်တောင် အသံမြည်သည့် တံခါးမျိုး မဟုတ်။

ကဲ...ဖြစ်ချင်ရာ ဖြစ်၊ လာလေရော့။ ကျွန်မ အရဲစွန့်ပြီး ရေလယ်ကူးတံခါးချပ်ကို အသာဆွဲဖွင့်လိုက်သည်။ တံခါးပွင့်သွားသော်လည်း သူခိုးက အိမ်ဘေးတံခါးကို ဖွင့်ဖို့ ကြိုးစားနေတုန်း။ ကျွန်မ တံခါးချပ်အကွယ်မှ မီးဖိုခန်းဘေးတံခါးသို့ အသာချောင်းကြည့်လိုက်သည်။ မှောင်နေပေမယ့် ကျင့်သားရသွားသော မျက်လုံးက အိမ်ဘေးတံခါးရဲ့ အခြေအနေကို သဲသဲကွဲကွဲ မြင်လိုက်ရသည်။ အမယ်လေး ...။ ကြည့်စမ်း ... ကြည့်စမ်း။ ကျွန်မ မျက်လုံးများ ပြာဝေသွားသည်။ တစ်ပြိုင်တည်းမှာပင် ကြောက်လန့်ခြင်းနှင့် အားတက်ခြင်းကို ခံစား လိုက်ရသည်။ ကြောက်လန့်ရခြင်းက သူခိုးရဲ့လက်တစ်ဖက်ကို တံခါးကြားမှ နီးနီးကပ်ကပ် အရှင်လတ် လတ် မြင်လိုက်ရလို့ဖြစ်ပြီး အားတက်ခြင်းကတော့ ထိုစဉ်က ကျွန်မတို့ အိမ်ဘေးတံခါးကို မင်းတုပ်ထိုးလေ့ ရှိသောကြောင့် သူခိုးက တံခါးရဲ့ အပေါ်ဂျက်၊ အောက်ဂျက်များ ဖြုတ်နိုင်သော်လည်း တံခါးအလယ်က ကန့် လန့်ဖြတ်လျက် ထိုးထားသော မင်းတုပ်ကို မဖြုတ်နိုင်သဖြင့် သူ ဘယ်လိုမှ ဝင်လို့ရမည် မဟုတ်ကြောင်း ကျွန်မ သိသွားလို့ဖြစ်သည်။ ဒါပေမယ့် ဒီသူခိုးက လည်သည်။ တံခါးအောက်ခြေရှိ ဂျက်ကို ဖြုတ်လိုက်ပြီး ထိုနေရာကို အုတ်ခဲတစ်လုံးဖြင့် ကလန့်လိုက်သည်။ ပြီးတော့မှ သူ့လက်ကို လျှိုသွင်းပြီး မင်းတုပ်ကို ဖြုတ်ဖို့ ကြိုးစားနေတာ တွေ့ရသည်။

ကံဆိုးစွာပင် သူ့လက်ကို လျှိုသွင်းပြီး မင်းတုပ်ကို ဖြုတ်ဖို့ မမှီမကမ်း ဖြစ်နေသည်။ တံခါးမင်းတုပ်ကြားမှ လျှိုထွက်လာသော လက်တစ်ဖက်က အပေါ်ဘက်ရှိ မင်းတုပ်ကို မမီသဖြင့် ဟိုဘက် ဒီဘက် လိုက်ရှာစမ်းနေ သည်ကို ကြည့်ပြီး ကျွန်မ ရုတ်တရက် ကြောင်နေမိသေးသည်။ ပြီးတော့မှ ကိုယ့်အတွက် အန္တရာယ်မရှိသည် ကို စိတ်ချသွားပြီး မီးဖိုခန်း မီးခလုတ်ကို ခပ်ရဲရဲပင် ဖွင့်ပစ်လိုက်သည်။ ဖျတ်ခနဲ လင်းသွားသော အလင်းရောင်ကြောင့် သူခိုးသည် တံခါးကြားမှ ထွက်နေသော သူ့လက်တစ်ဖက်ကို ရုတ်ခနဲ ပြန်ထုတ်သွား သည်။ သူလည်း အလန့်တကြား ကမန်းကတန်း ပြန်ဆွဲထုတ်ရလို့ အတော်နာသွားမည်မှာ သေချာ သည်။ ပြီးတော့ ခြံထဲမှ ထွက်ပြေးသွားသော ခြေသံခပ်အုပ်အုပ်ကြားလိုက်ရသည်။ ဒီတော့မှ ကျွန်မလည်း သတိရကာ အိမ်ပေါ် ပြန်တက်ပြီး အိပ်နေသော ကျွန်မအဒေါ်တစ်ယောက်ကို သွားနှိုးရသည်။ ပြီးတော့ သူ့ကို အဖြစ်အပျက် အစအဆုံး ပြောပြပြီး အောက်ထပ်ကို တူဝရီးနှစ်ယောက် ဆင်းလာပြီး တစ်အိမ်လုံးရှိ မီး ခလုတ်များကို ဖွင့်လိုက်သည်။ ထိုအခါမှ အခြား မိသားစုဝင်များနှင့် ခေါင်းရင်းအိမ်က အိမ်နီးချင်း အဒေါ်ကြီး ပါ နိုးလာကြပြီး ကျွန်မနဲ့သူခိုး ရင်ဆိုင်တွေ့ကြပုံကို တစ်ယောက်တစ်မျိုး မေးကြ၊ ပြောကြ၊ ဝေဖန်ကြနဲ့ မနက် ငါးနာရီထိုးခါနီးမှ ကိုယ့်အိပ်ရာထဲကိုယ် ပြန်ရောက်ကြတော့သည်။

မိုးလင်းတော့ ကျွန်မအဒေါ်က ကျွန်မကို လာနှိုးသည်။ ပြီးတော့ -

"သမီးရေ၊ သူခိုးက ဘေးတံခါးနဲ့ ထမင်းစားခန်း ပြတင်းပေါက်တင် ဖွင့်ထားတာ မဟုတ်ဘူး။ ဧည့်ခန်း က  ပြတင်းပေါက်တွေအားလုံးကို သူက ဖွင့်ပြီးသား။ မနက်က ငါနိုးလို့ လိုက်စစ်ကြည့်တော့ ပြတင်းပေါက် အားလုံး ဂျက်တွေ ပြုတ်နေတယ်။ ပြီးတော့ အိမ်ဘေးတံခါးကိုလည်း ဖွင့်လိုက်ရော သူခိုးရဲ့ဖိနပ်တစ်ရံ ပါ တွေ့ရတယ်။ အဲ့ဒီဖိနပ်ဘေးမှာ စတီးဇွန်းတစ်ချောင်းလည်း တွေ့တယ်။ အဲဒါနဲ့ ပြတင်းပေါက်တွေကို သူ ကလန့်ပြီး ဖွင့်ထားတာနဲ့ တူတယ်"

"ဟင်၊ ဟုတ်လား၊ ဒါဆို သမီးက မီးဖွင့်လိုက်တဲ့အချိန်မှာ သူက ဖိနပ်တောင် မစီးနိုင်ဘဲ ထွက်ပြေးသွားတာနဲ့ တူတယ်နော်"

"အေးပေါ့"

"ဒါနဲ့ သူ့ဖိနပ်ကြီးကိုကော ဘယ်နား သွားထားလိုက်သလဲ"

"အိမ်ရှေ့က ပလက်ဖောင်းနားမှာ ချထားလိုက်တယ်လေ၊ ပြောလို့ရတာ မဟုတ်ဘူး၊ ဒီသူခိုးက ပြန်လာယူ ချင် ယူနေမှာ။ သူ့ဖိနပ်က မြမာလာ သားရေစိမ်းဖိနပ် အသစ်ကြီးကိုး"

"ဟုတ်လား၊ အမယ် သူခိုးက ဘယ်ဆိုးလို့လဲ၊ သားရေစိမ်းဖိနပ် အကောင်းစားနဲ့ဆိုတော့"

 * * * * *

အဲဒီနေ့ကစပြီး အကြောင်းတိုက်ဆိုင်တိုင်း၊ စကားစပ်မိတိုင်း ကျွန်မကို အိမ်က လူတွေက "မဟာသူရဲကောင်း ကြီး" ဆိုပြီး စနောက်ပြီး ခေါ်ကြတော့တယ်။ သူတို့ခေါ်တာက အကောင်းသဘောနဲ့ ခေါ်တာတော့ ဘယ် ဟုတ်လိမ့်မလဲ။ သူခိုးကို ရင်ဆိုင်လိုက်မဟဲ့ဆိုပြီး လက်နက်အဖြစ် တံမြက်စည်းကြီး အယောင်ယောင် အမှား မှားနဲ့ ကိုင်ထားတဲ့ ကျွန်မရဲ့ပုံစံကို သူတို့က ဟာသလုပ်ပြီး ပြောကြတာလေ။ တကယ်ပါ။ သူတို့ကတော့ ရယ်နိုင်ကြပေမပေါ့။ သူတို့မှ ကိုယ်တွေ့ကြုံရတာ မဟုတ်ဘဲကို။ ကျွန်မမှာတော့ အဲဒီညကအကြောင်း ခုလို ပြန်ပြောရတာတောင် ရင်တုန်ပန်းတုန်နဲ့ ခြေဖျားလက်ဖျားတွေ အေးတုန်းပဲ။ နောက်ပြီး အဲဒီ့ညက အဖြစ်အပျက်က ဘယ်လောက်ထိတောင် ကျွန်မကို ပြုစားလိုက်သလဲဆိုရင် ခုချိန်ထိ ညဘက် ကျွန်မ တရေးနိုးသွားရင်တောင် ဟိုဟိုဒီဒီ နားစွင့်မိပြီး မတော်တဆများ အသံဗလံလေး တစ်ခုခု မကြားလိုက်နဲ့ ကျွန်မ အိပ်ရာနားမှာ ထားတဲ့ သံတူရွင်းကြီး ကောက်ကိုင်ပြီး အောက်ထပ်ကို ခြေဖော့ပြီး ဆင်းကြည့်နေမိတဲ့ အထိ စိတ္တဇ ဖြစ်နေတုန်းပါဆို။




စာဖတ်သူများ အားလုံးကို ခင်မင် လေးစားလျက်

မြဝတီဇော်

 
 




Friday, November 30, 2012

အချစ်မှာ နူးညံ့စွာ ကျရှုံးခြင်း



နာရီကို မော့ကြည့်လိုက်တော့ ညရှစ်နာရီခွဲနေပြီ။ ခုချိန်ထိ သူ့အရိပ်အယောင်ကို မမြင်ရသေး။ ဗိုက်က လည်း ဆာလှပြီ။ နေ့ခင်းကတည်းက သေသေချာချာ မှာထားလျက်နဲ့ သူက နောက်ကျနေတာမို့ စိတ်က တိုချင်သည်။ ဒီနေ့ ကျွန်မမွေးနေ့မို့ ညစာ အတူတူစားဖို့ သူ့ကို ညရှစ်နာရီ နောက်ဆုံးထားပြီး အိမ်ပြန်ခဲ့ဖို့ မှာလိုက်လျက်နဲ့ ခုတော့... ရှစ်နာရီခွဲတာတောင် သူက ပျောက်ချက်သား ကောင်းတုန်းလေ။ သိမယ် ... ဟင်း ... လာပေ့စေဦး ... တစ်ပတ်လောက်ကို စိတ်ကောက်ပစ်လိုက်ဦးမယ်။

 ပြောရဦးမယ်။ ညစာဆိုလို့ အထူးတလည် ပြင်ဆင်ထားတော့ မဟုတ်ပါဘူး။ ခါတိုင်း ချက်နေကျ ထမင်းနဲ့ ဟင်းပါပဲ။ အဲ .. (ကျွန်မတို့အတွက်) ထူးတယ်လို့ ပြောရမယ့် အချက်က နှစ်ယောက်အတူ ထမင်း လက်ဆုံ စားဖို့ပါပဲ။ တကယ်ပါ... ကျွန်မတို့နှစ်ယောက် အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်း ထမင်းလက်ဆုံ စားဖြစ်တဲ့နေ့ ဆိုတာ အင်မတန် ရှားပါတယ်။ သူကလည်း မိုးလင်းတာနဲ့ အိမ်ပေါ်မှာ မရှိတဲ့သူ။ ကျွန်မကလည်း အချိန် တန်ရင် ရုံးသွား၊ ညနေ မိုးချုပ်မှ အိမ်ပြန်ရောက်ဆိုတော့ ... နေ့လည်စာကတော့ ဘယ်နည်းနဲ့မှ အတူစားဖို့ မဖြစ်နိုင်ဘူးပေါ့။ ညစာကျပြန်တော့လည်း သူက ညနေခြောက်နာရီမကျော်ခင် ထမင်းစားတတ်သူဆိုတော့ ကျွန်မ ပြန်ရောက်တဲ့အချိန်ဆို သူက စားပြီးလို့ ထမင်းလုံးတောင် စီနေပြီလေ။ ကဲ... ဒါဆိုလည်း ပိတ်ရက်မှာ အတူစားလို့ ရတာပဲလို့ ပြောမလို့လား။ အမယ်လေး ... ဝေးပါသေးရဲ့ရှင်။ ရုံးပိတ်ရက်ဆို သူ့အလုပ်က ပိုများ တတ်သေးတယ်။ သြော်... သူ့အလုပ်ဆိုလို့ ကြီးကြီးကျယ်ကျယ်တော့ မထင်လိုက်ပါနဲ့။ သူ့မှာ ဆိုင်ကယ်လေး တစ်စီးရှိတော့ အလကားနေ အလကားပဲဆိုပြီး သူက ကယ်ရီဆွဲတယ်လေ။ ကိုယ်ပိုင်ဆိုတော့လည်း တခြား လူတွေလို အငှားယူမောင်းတဲ့ သူတွေနဲ့ စကားပြောစရာ မလိုတော့ တစ်မျိုး စိတ်အေးရပါတယ်။ နောက်ပြီး သူက သူ့ဆိုင်ကယ်ကို တသသ လုပ်နေတတ်တဲ့လူဆိုတော့ တော်ရုံ အလေးအပင်တွေကိုလည်း မတင်ဘူး ရှင့်။ သူ့ဖောက်သည် အများစုက အနီးအပါးက လူတွေပါ။ ဈေးသွားဈေးပြန် စီးကြတာလောက်ပါပဲ။ သူက လည်း သူ့ဆိုင်ကယ် နာမှာစိုးလို့၊ ပွန်းရာ ခြစ်ရာ ထင်မှာစိုးလို့ဆိုပြီး ကြုံရာလူ ငှားစီးရင်တောင် တယ်မလိုက် ချင်ဘူး။

အဲ... ထမင်းအတူ မစားဖြစ်တဲ့အကြောင်း ပြောရာကနေ သူ့အလုပ်အကြောင်းတွေ ရောက်ကုန်ပြီ။ ထားပါ ရှင်...တိုတို ပြောရရင် သူက ဒီနေ့လို ရုံးပိတ်ရက်မျိုးဆို ပိုပြီး အလုပ်များတာတော့ အမှန်ပဲ။ ဒါပေမယ့် ကျွန်မ ကလည်း ဒီလို အခြေအနေတွေရှိလို့ကို  ညစာလေးပဲ အတူစားကြရအောင်လို့  သေသေချာချာ မှာလိုက်ပါ လျက်နဲ့ ကြည့်လေ ... ခုပဲ ပြောရင်းဆိုရင်းကို ညကိုးနာရီ ထိုးတော့မယ်။ တစ်ခါတလေလေး ထမင်းလက်ဆုံ စားဖို့ကို ဒီလောက် ခက်ခဲနေရတယ်လို့ ပြောမပြောချင်ပေါင်။ တွေးလေ တွေးလေ စိတ်က ပိုပိုဆိုးလာတယ်။ အဟုတ်။ ခါတိုင်းနေ့တွေဆိုရင် ဒီအချိန်လောက်ဆို သူ အိမ်ပေါ်ရောက်နေပြီ။ ကျွန်မမှာလည်း သူနဲ့အတူ ထမင်းစားဖို့ ညနေကတည်းက ရေမိုးချိုး သနပ်ခါးအဖွေးသားလိမ်းပြီး လည်တဆန့်ဆန့် မျှော်နေရတာ။ ခုတော့ သူလုပ်ပုံက ကျွန်မကို လုံးဝ အလေးအနက် မထားသလိုပဲ။ စောင့်ရတာ ကြာလွန်းလို့ ဗိုက်ဆာ တာတွေလည်း မေ့ကုန်ပြီ။ ဒီ့ထက်လည်း ထပ်မစောင့်နိုင်တာနဲ့ အဆင်သင့် ပြင်ဆင်ပြီး အုပ်ဆောင်းနဲ့ အုပ်ထားတဲ့ ထမင်းဝိုင်းကို ကျောခိုင်းပြီး ကျွန်မ အိပ်ရာထဲ ဝင်ခွေနေလိုက်တယ်။ အိပ်ရာထဲမှာ လှဲနေပေ မယ့် သူ့ဆိုင်ကယ်သံကိုတော့ နားစွင့်နေမိတယ်။ ဒါမှ သူ အိမ်တံခါးဝရောက်တာနဲ့ သူ့ကို ရန်လုပ်လို့ ရမှာလေ။

ဟော ... ဆိုင်ကယ်သံ ကြားရတယ်။ သူပြန်လာပြီ ထင်တယ်။ သေချာပါတယ် သူမှ သူအစစ်။ သူက ဆိုင် ကယ်ကို စက်မသတ်ခင် အမြဲတမ်း ဘရူးဘရူးနဲ့ လီဗာကို ကစားတတ်တယ်လေ။ အဲဒါလည်း ဘာကြောင့်မှန်း ခုထိ ကျွန်မတော့ မသိပါဘူး။ တစ်ခါတလေတော့လည်း သူ့ရဲ့ အဲဒီအကျင့်လေးက တစ်မျိုးကောင်းသားရှင့်။ ဘယ်သူ့ ဆိုင်ကယ်သံပဲ ကြားရ ကြားရ၊ ဒီအသံမျိုး မကြားရသရွေ့ သူမဟုတ်ဘူးဆိုတာ ကျွန်မက သိပြီး သား။ ခဏကြာတော့ လှေကားက တက်လာတဲ့ သူ့ခြေသံကို ကြားလိုက်ရတယ်။ ဟော... တံခါးဝမှာ ရပ် သွားပြီ။ တစ်ချိန်တည်းမှာပဲ နှစ်ချက်ဆက်တိုက် ခေါက်လိုက်တဲ့ တံခါးခေါက်သံကို ကြားရတယ်။

"ဟင်း .... ကိုယ်တော်၊ ကြွတော်မူလာပြီပေါ့လေ၊ ဟုတ်လား။ ဘယ်အချိန် ရှိနေပြီလဲ။ ရှင့်ကို ကျွန်မ နေ့လယ် တုန်းက ဘာမှာလိုက်သလဲ။ ဒီအချိန်မှ ပြန်လာတော့ ကျွန်မက ခုမှ ထမင်းစားရမှာလား"

အဲသလို ပြောပစ်လိုက်မယ်လို့ စိတ်ကူးပြီး ကျွန်မ တံခါးဖွင့်ပေးလိုက်တယ်။ ပထမဆုံး သူ့ကို မြင်လိုက်ရတော့ ကျွန်မ စိတ်ဆိုးဖို့ထက် အံ့အားသင့်သွားမိတယ်။ ဟင်...ဘယ်လိုဖြစ်လို့ တစ်ကိုယ်လုံး စိုရွှဲနေတာတုန်း။ မိုး လည်း ဒီလောက် မရွာပါဘူး။ သူက သူ့အပြစ်ကို မသိသလိုဘဲ ကျွန်မကို အသာတွန်းဖယ်ပြီး အိမ်ထဲ ဝင်လာ တယ်။ ပြီးတော့ အုပ်ဆောင်းအုပ်ထားတဲ့ ထမင်းဝိုင်းကို တစ်ချက်ကြည့်ပြီး -

"မင်း ထမင်းစားပြီးပြီလား"
"..............."

ကျွန်မ ပြန်မဖြေတော့ သူဘာမှ ဆက်မပြောဘဲ ရေချိုးခန်းထဲ ဝင်သွားတယ်။ ပြီးတော့ ရေတဝုန်းဝုန်း ချိုးနေ သံ ကြားရတယ်။ ဒါနဲ့ ကျွန်မက သူ့မျက်နှာသုတ်ပဝါကို ရေချိုးခန်းအဝက အဝတ်လှန်းတဲ့ တန်းပေါ် တင်ပေး ထားလိုက်တယ်။ ခုချိန်ထိ သူ့ကို ဘယ်လို ရန်စကား စပြောရမလဲလို့ ကျွန်မ စဉ်းစားနေတုန်းပဲ။ ခဏ ကြာတော့ သူ ရေချိုးခန်းထဲက ထွက်လာပြီး ကျွန်မ အဆင်သင့် တင်ပေးထားတဲ့ မျက်နှာသုတ်ပဝါကို ကြိုး တန်းပေါ်က လှမ်းယူပြီး ကျွန်မကို တစ်ချက်ကြည့်တယ်။ ဘယ်ရမလဲ၊ ကျွန်မလည်း သူ့ကို မျက်စောင်း တစ်ချက် အမိအရ ထိုးပစ်လိုက်တယ်။ ဟင်း ... ဒါ အစပဲ ရှိသေးတယ်။

အမယ်....သူက ကျွန်မမျက်စောင်းထိုးတာကို ဘာမှ မသိလိုက်သလို လှည့်ထွက်သွားရင်းနဲ့ "ထမင်းဆာပြီ ကွာ...စားကြစို့"တဲ့လေ။ ကြည့်စမ်း....ပြောပုံကိုက သူပဲ အမှားမလုပ်ထားတဲ့အတိုင်း။ စိတ်တိုလိုက်တာနော်။ ဟင်း။ ဒီတစ်ခါတော့ မရတော့ဘူး။ ကျွန်မ စိတ်တိုတိုနဲ့ သူ့နောက်က ခြေဆောင့်လိုက်သွားရင်း သူ့ကို ရန်တွေ့မိတယ်။

"သြော်... ဆာသေးတယ်ပေါ့၊ ဟုတ်လား။ ဒီအချိန်ကြီးကျမှ ညစာစားလို့ ဘာထူးတော့မှာလဲ။ ဒီအတိုင်းပဲ အဆာခံပြီး အိပ်လိုက်ပါတော့လား။  ဒီလောက် သေသေချာချာ မှာလိုက်လျက်နဲ့ ရှင်က ကျုပ်ကို ရွဲ့တာလား။ သိပါပြီ ... နောက်ဆို ရှင်နဲ့ ထမင်းလက်ဆုံစားဖို့ ဘယ်တော့မှ မပြောတော့ဘူး သိရဲ့လား"

ကျွန်မ စိတ်ထဲရှိတာ တရစပ် ပြောချပစ်လိုက်တယ်။ အရေးထဲမှာ ဝမ်းနည်းစိတ်ကြောင့် အသံက တိမ်ဝင် သွားသေးတယ်။ သူက ကျွန်မကို လှည့်ကြည့်ရင်း -

"ခဏနေ စကားပြောစရာရှိတယ်။ ပြီးရင် ထမင်းစားမယ်နော်။ ဟင်းနွှေးထားလိုက်ဦး"
"အို...မစားပါဘူး။ ဒီအချိန်ကျမှ ဘာထမင်းမှလည်း မစားချင်တော့ဘူး။ ရှင့်ဘာသာရှင်ပဲ ဝင်အောင် စားပါ"

ကျွန်မ ဒီလိုပြောလိုက်တော့ သူ ကျွန်မဘက် လှည့်လာတယ်။ ပြီးတော့ ကျွန်မ လက်ကို ဆွဲယူပြီး သူ့အင်္ကျီ အိတ်ကပ်ထဲကို ထည့်လိုက်တယ်။ ကျွန်မ လက်ကို ဆွဲထုတ်လိုက်တော့ လက်ထဲမှာ လေးထောင့်ဘူး ရှည် ရှည်လေးတစ်ခု ပါလာတယ်။

"ဒါက ဘာလဲ"

"သိချင်ရင် အရင်ဆုံး ထမင်းအတူစားရမယ်။ ဟုတ်ပြီလား"

"အခု ဖွင့်ကြည့်တော့ ဘာဖြစ်မှာမို့လို့လဲ"

"ဘာမှ မဖြစ်ဘူးလေ။ ဒါပေမဲ့ ထမင်းစားတာ ဒီ့ထက် နောက်ကျသွားရင် ကျန်းမာရေးအတွက် မကောင်းဘူး"

"နေပါဦး။ အခုမှ ထမင်းကို ဘာဖြစ်လို့ ဒီလောက် စားချင်နေရတာလဲ။ ပြီးတော့ ဘာလို့ စောစော ပြန်မလာရ တာလဲ၊ ပြောပါဦး"

"ကဲ၊ ဒီလိုကွာ ဒီလို၊ ဒီနေ့ မင်းမွေးနေ့မို့ မင်းက နေ့လယ်တုန်းက ညစာအတူစားဖို့ ပြောလိုက်တော့ ငါ စဉ်းစား မိတယ်။ ငါက ခုချိန်ထိ မင်းကို မွေးနေ့လက်ဆောင် တစ်ခုမှ ဝယ်မပေးမိသေးပါလားလို့။ အရင်တုန်းက လည်း ဒီလိုပဲ မသိလိုက် မသိဖာသာနဲ့ ကျော်လာခဲ့တာဆိုတော့ ဒီနှစ်မှာတော့ မင်းကို တစ်ခုခု ဝယ်ပေးချင်မိ တယ်။ ဒါနဲ့ အမှတ်တရ ဖြစ်အောင် ဒီနေ့ တစ်နေ့လုံး ငါရှာလို့ရတဲ့ ငွေနဲ့ မင်းအတွက် နာရီလေးတစ်လုံး ဝယ်ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ မင်းအခုပတ်နေတဲ့ နာရီကလည်း ဟောင်းနေပြီလေ။ ညဦး ပိုင်းရောက်လို့ ပိုက်ဆံအိတ်ထဲ ကြည့်လိုက်တော့ ငွေက နာရီတစ်လုံး ဝယ်ဖို့လောက် မများသေးဘူး။ ငါကလည်း ဆုံးဖြတ်ပြီးရင် ပြန်မပြင်တတ်တဲ့လူဆိုတော့ လိုတဲ့ငွေကို ဒီည မရမချင်း အိမ်မပြန်ဘူး ဆိုပြီး နေတဲ့အချိန် မိုးက ရွာလာတယ်။ အဲဒီအချိန်မှာပဲ ငါ့မိတ်ဆွေတစ်ယောက်က သူနဲ့ ကျောက်တန်းကို အဖော်လိုက်ခဲ့ပေးပါ၊ ဆိုင်ကယ်တစ်စီး မှာထားတာ သွားယူမလို့ဆိုပြီး ပြောတာနဲ့ မိုးရွာထဲပဲ သူနဲ့ လိုက် သွားတာ။ အလကားတော့ မဟုတ်ဘူးလေ။ ငါ့အတွက်လည်း ဝင်ငွေရတာပဲ။ အဲဒီက အပြန်ကျမှ မင်း အတွက် နာရီကလေး ဝင်ဝယ်တယ်။ ဒါပေမဲ့ကွာ၊ ထုံးစံအတိုင်း ငါက စိတ်တိုင်းမကျမချင်း တစ်ဆိုင်ဝင်၊ တစ်ဆိုင်ထွက် ရွေးဝယ်နေတာနဲ့ ..... "

သူ့စကား မဆုံးသေးခင်မှာပဲ ကျွန်မ ဝမ်းပန်းတနည်း ငိုချလိုက်မိတယ်။ ကျွန်မ မှားသွားပြီ။ သူ့ရဲ့ စေတနာကို မသိဘဲ ကျွန်မက အထင်တွေလွဲပြီး ရန်စကား ပြောနေမိတာ။ သူက ခုလိုမျိုး ကျွန်မအတွက် စဉ်းစားပေးပြီး မိုးရေထဲ ဒုက္ခခံနေတဲ့အချိန်မှာ ကျွန်မက သူ့အပေါ် ငြူစူ ရန်လိုနေမိတယ်။ ကျွန်မ အရမ်းမှားသွားပြီ။ ခေါင်းငုံ့ ငိုရှိုက်နေတဲ့ ကျွန်မကို သူက -

"ဟာ၊ မွေးနေ့မှာ ငိုနေလို့ ဘယ်ဖြစ်မလဲ၊ မငိုရဘူးလေ။ ငါမှားသွားပါတယ်ကွာ။ မင်းစိတ်ပူနေမှာကို ငါ မတွေး မိဘဲ ငါ့စိတ်ကူးနဲ့ငါ လုပ်ချင်ရာ လုပ်နေမိတာ၊ ငါ့ကို ခွင့်လွှတ်ပါကွာ၊ မငိုနဲ့တော့နော်"

* * * * *

အဲဒီနောက်တော့ ကျွန်မတို့နှစ်ယောက် အတူတူ ထမင်းလက်ဆုံ စားဖြစ်ကြတယ်။ ပြီးတော့ သူနဲ့ကျွန်မ သူ ဝယ်လာတဲ့ နာရီဘူးလေးကို အတူတူ ဖွင့်ကြည့်ကြတယ်။ နာရီလေးက သိပ်အကောင်းစားကြီးတော့ မဟုတ် ပါဘူး။ ဒိုင်ခွက်က ထောင့်ချိုးရှစ်ခုနဲ့ ရွှေရောင်နာရီလေးပါ။ နာရီကြိုးကလည်း မိန်းကလေး သိပ်မဆန်ပါဘူး။ ဒါပေမဲ့ ကျွန်မ အရမ်း နှစ်သက်တယ်။ နောက်ပြီး ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီနာရီလေးက ကျွန်မကြိုက်တဲ့ ပုံစံတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မအတွက် ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရ ပစ္စည်းလေးပါ။ အဲဒီနေ့က စပြီး ကျွန်မ ဆုံးဖြတ်လိုက်တယ်။ သူ့အပေါ် ဘာအကြောင်းကြောင့်နဲ့မှ အနိုင်မယူတော့ဘူးလို့။ အရာရာကို သူ့သဘောအတိုင်း၊ သူ့ဆုံးဖြတ်ချက်အတိုင်းပဲ အတတ်နိုင်ဆုံး လိုက်လျောညီထွေ နေနိုင်ဖို့ ကျွန်မ ကြိုးစားပါတော့မယ်လို့လေ ...။ (ကဗျာဆန်ဆန် ပြောရရင်တော့ ကျွန်မက သူ့ရဲ့အချစ်မှာ နူးညံ့စွာ ကျရှုံးသွားရတယ်ပေါ့ရှင်။ )



[ဒါနဲ့... စကားမစပ် ကြွားတယ်လို့တော့ မထင်ပါနဲ့ရှင်။ အခုလက်ရှိ ကျွန်မမှာ နောက်ထပ် နာရီအသစ် တစ်လုံး ရှိနေတာတောင် ဒီနာရီလေးလောက် မက်မောတာ၊ နှစ်သက်တာ၊ တန်ဖိုးထားတာ မရှိဘူး လို့ ပြောရင် ယုံကြပါ့မလားရှင်။ ]



စာဖတ်သူအားလုံးကို ခင်မင် လေးစားလျက်

မြဝတီဇော်











Friday, November 23, 2012

တောင်းဆိုခွင့်ရှိရင် ...





စကတည်းက
ကြမ်းတမ်းတဲ့လမ်းမှန်း သိပေမဲ့
ဒီအထိရောက်အောင်
ကြိုးစားပြီး
(ငါ) လျှောက်လှမ်းခဲ့တာပါ။

ငါတို့လျှောက်ခဲ့တဲ့ လမ်း
လည်ပြန် လှည့်ကြည့်စမ်းတော့
ခပ်ဝါးဝါးလို့ ထင်ရပေမဲ့
ထင်ရှားနေဆဲ အတိတ်နေ့ရက်တွေ
ငါ့ရင်ထဲမှာ 
(ခုထိ) ခပ်နက်နက် စူးဝင်ဆဲပဲ။

တကယ်တော့ ...
မင်းရှေ့မှာ ငါကျခဲ့တဲ့ မျက်ရည်ထက်
မင်းနောက်ကွယ်မှာ
ကျခဲ့ရတဲ့ မျက်ရည်တွေက
ပိုများပါတယ်။

မင်းစွပ်စွဲသလို
ငါက မာယာများတဲ့သူပဲ
ထားပါတော့ ...။
ဒါပေမဲ့ မင်းဘယ်တော့မှ မသိနိုင်တဲ့
အမှန်တရားတွေအတွက်
ငါဟန်ဆောင်နေခဲ့တာ
မင်းကို မနာကျင်စေချင်လို့ပါ။

ငါက မေတ္တာငတ်ခဲ့တဲ့သူ
ကိုယ်က အရင်ပေးမှ ရတယ်ဆိုတဲ့
မေတ္တာတရားကို
ငါဘယ်လောက်ပေးပေး
နားလည်မှုတွေ ပိုပိုဝေးလာတာ
ငါကပဲ မေတ္တာတရားနဲ့
မထိုက်တန်ခဲ့လို့လား။

ယုံကြည်မယ်ဆို
မင်းကို ပြောပြချင်တယ်။
ငါဘယ်လောက်ပဲ ဟန်ဆောင်ခဲ့ပါစေ
မင်းအပေါ်မှာတော့
ငါ ရိုးသားခဲ့ပါတယ်။

တစ်ခုပဲ ...
(တောင်းဆိုခွင့်ရှိမယ်ဆို)
ရင်ထဲက ဒဏ်ရာတွေ မကျက်သေးသရွေ့
မင်းရှေ့မှာ ငါ ဆက်ပြီး
ဟန်ဆောင်ပြုံးနေပါရစေ။


မြဝတီဇော်









Wednesday, November 21, 2012

နောက်ကျ နိဒါန်း



တကယ်တော့ ဒီစာစုကလေးကို ကျွန်မ အရင်ဆုံး ရေးဖြစ်ခဲ့သင့်ပါတယ်။  ရေးဖို့ စိတ်ကူးမိတာလည်း အကြိမ် ကြိမ်ပါ။ ဒါပေမဲ့ တကယ်တမ်း ချရေးမယ်ဆိုပြန်တော့ ဘာက စရေးလို့ ရေးရမှန်းမသိ ဖြစ်နေပြန်ပါတယ်။ ပထမဦးဆုံး ဝန်ခံချင်တာကတော့ ကျွန်မ ဒီဘလော့လေးကို စခဲ့တဲ့အချိန်ကတည်းက အခုထိ ဘလော့နဲ့ ပတ်သက်လို့ သိပ်မကျွမ်းကျင်သေးပါဘူး။ ပြောရရင် ဒီဘလော့လေးကို ကျွန်မ စာရေးချင်စိတ် တစ်ခုတည်း နဲ့ စမ်းတဝါးဝါး လုပ်ထားရတာပါ။ ကျွန်မ ဘလော့တွေနဲ့ ရင်းနှီးလာခဲ့တာတော့ အတော်ကြာပါပြီ။ အခု လက်ရှိ အောင်မြင်တဲ့ ဘလော့ဂါအတော်များများရဲ့ စာတွေနဲ့လည်း ရင်းနှီးနေတာ ကြာပါပြီ။ အရင်တုန်း ကတော့ ကျွန်မ စိတ်ဝင်စားတဲ့၊ နှစ်သက်တဲ့ ဘလော့တွေမှာ စာတွေ အမြဲလိုလို ဝင်ဖတ်လေ့ရှိပါတယ်။ စာတွေသာ ဝင်ဖတ်တတ်တာ ကွန်မန့်ရေးဖို့ကျတော့ ကျွန်မအနေနဲ့ မရဲခဲ့ပါဘူး။ ဒါကြောင့်လည်း တိတ် တဆိတ် အားပေးဖတ်ရှုရင်း နှစ်သက် အားကျခဲ့ရပါတယ်။

ဒီလိုနဲ့ တစ်နေ့တော့ ကျွန်မ မကြာခဏ စာတွေ ဝင်ဖတ်နေကျဖြစ်တဲ့ ဘလော့တစ်ခုမှာ ကျွန်မငယ်စဉ်က တက်ခဲ့တဲ့ အထက်တန်းကျောင်းတော်ကြီးအကြောင်း ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရပါ တယ်။ သူ့စာတွေ ဖတ်လိုက်မိပြီးတော့မှ စာရေးသူဟာ ဘယ်သူဆိုတာ ကျွန်မ ခန့်မှန်းလိုက်မိပါတယ်။ သူက ကျွန်မနဲ့ တစ်ကျောင်းတည်းထွက် ဖြစ်သလို၊ ငယ်စဉ်ကလည်း ခင်မင်ခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်မ အထက်တန်း စတက်တဲ့နောက်ပိုင်း မဆုံဖြစ်ကြတော့ပါဘူး။ ပြောရမယ်ဆိုရင် ကျွန်မအနေနဲ့ ဒီလို ဘလော့လေးတစ်ခု လုပ်ပြီး စာတွေရေးချင်နေတာ ကြာပါပြီ။ ဒါပေမဲ့ ရှေ့မှာ ဝန်ခံထားသလို ကျွန်မက ဘလော့နဲ့ပတ်သက်လို့ လုံးဝ အစိမ်းသက်သက်ပါ။ ဒါနဲ့ပဲ သူ့ဆီကို ဆက်သွယ်ပြီး အကူအညီတောင်းဖြစ်ပါ တယ်။ သူကလည်း လိုလိုလားလားပဲ ကူညီပါတယ်။ ကျွန်မကို ဘလော့တစ်ခု ဘယ်လို တည်ဆောက်ရတယ် ဆိုတာက စပြီး ကျွန်မ အစမ်းလုပ်ထားတဲ့ နမူနာဘလော့လေးကိုလည်း ဝင်ရောက်ကြည့်ရှုပြီး အကြံ ဉာဏ်ပေးပါတယ်။ ဒါနဲ့ပဲ ဒီနေ့ ဒီဘလော့လေး ဖြစ်လာရတာပါ။ အဲဒီအတွက်လည်း သူငယ်ချင်း မြစ်ကျိုးအင်း ကို ကျေးဇူး အထူးတင်ပါတယ်လို့ ဒီနေရာကနေ ပြောချင်ပါတယ်။

နောက်တစ်ခုက ကျွန်မ စာဖတ်သူများကို တောင်းပန်ချင်တာတစ်ခု ရှိပါသေးတယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်မက စာရေးကျဲပါတယ်။ စာတစ်ပုဒ် ရေးမယ်ဆိုတိုင်းလည်း ခေါင်းထဲမှာ အရင်ဆုံး စာကို ပုံကြမ်းဖော် ကြည့်တတ်ပါတယ်။ ဒါတောင် တကယ် ချရေးဖြစ်သွားတဲ့အခါမှာ စိတ်မတိုင်းမကျခဲ့တဲ့ စာတွေ အများကြီးပါ။ ဒါကို စာဖတ်သူများလည်း တွေ့မှာပါ။ ဆိုလိုချင်တာက ကျွန်မမှာ အခုထိ ချို့ယွင်းချက်၊ အားနည်းချက်တွေ ရှိနေ ဆဲပါ။ အဲဒါကြောင့် ကျွန်မရဲ့စာတွေမှာ ချို့ယွင်းမှု၊ ချွတ်ချော်မှုလေးတွေ တွေ့တဲ့အခါ နားလည်မှုနဲ့ ဖတ်ရှု အကြံဉာဏ်ပေးကြဖို့လည်း မျှော်လင့်မိပါတယ်။ ကျွန်မရဲ့ ဘလော့လေးကို အမြဲ ဝင်ရောက်ဖတ်ရှုပြီး အကြံဉာဏ်ပေးလေ့ရှိတဲ့ ကိုလွင်ပြင်လှိုင်းငယ်၊ မဂျက် (စံပယ်ချို)၊ ညလေး မိုးနတ်ကြယ်စင်၊ မချော (အစိမ်းရောင်လွင်ပြင်) တို့ကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်လို့ ပြောချင်ပါတယ်။း)

နောက်ပြီး ကျွန်မလိုပဲ စာတွေ ဝင်ဖတ်လေ့ရှိပေမယ့် ကွန်မန့်ခြေရာ မချန်ဖြစ်တတ်တဲ့ အခြား စာဖတ်သူများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့။ ကျွန်မရဲ့စာတွေမှာ ချွတ်ချော်မှားယွင်းမှုလေးတွေ တွေ့မိခဲ့ရင် အပြုသဘောနဲ့ ဝေဖန် ပြုပြင်ပေးကြပါရှင်။ ကျွန်မလည်း စာဖတ်သူများအတွက် အခုထက် ပိုကြိုးစားသွား ပါ့မယ်လို့ ပြောချင်ပါတယ်။

စာဖတ်သူများ အားလုံးကို ခင်မင် လေးစားလျက်

မြဝတီဇော်







Friday, November 16, 2012

ရေးသူနှင့်ဖတ်သူ အမြင်တူမည်ဆိုလျှင်



သင့်အနေနှင့် စာတစ်ပုဒ်ကို ဖတ်ရှုပြီးသည့်နောက် စာရေးသူ ပေးချင်သော ဆိုလိုရင်းကို ဖမ်းဆုပ်မိသည့် အခါ "ဤစာကို ဖတ်ရကျိုးနပ်ပေသည်"ဟူသည့် ကျေနပ်ပီတိမျိုး ခံစားဖူးပါသလား။ စာရေးသူ၏ အာဘော် ဆိုသော်လည်း ဖတ်မိသော စာသည် မိမိ၏ ခံစားချက်၊ အတွေ့အကြုံနှင့် သဘောထားအမြင်တို့ တိုက်ဆိုင်မှု ရှိသည့်အခါ ဖတ်ရသော စာအပေါ် နှစ်လိုအားရသည့် ခံစားမှုမျိုး ဖြစ်ပေါ်ခဲ့ဖူးပါသလား။ ထိုမျှမက သင်သည် မိမိ ဖတ်ရှုပြီးသည့် စာတစ်ပုဒ်ကို အခြားသူများလည်း မိမိကဲ့သို့ပင် အသိအမြင်၊ အတွေးအခေါ်၊ ခံစားမှုမျိုး ရရှိစေလိုသည့် စိတ်စေတနာဖြင့် မျှဝေပေးတတ်သူလည်း ဖြစ်သည်ဆိုလျှင် သင်သည် စာဖတ်သူကောင်း တစ်ယောက် ဖြစ်ပေသည်။
စာပေဖတ်ရှုခြင်းဖြင့် စာပေမှရသော အသိပညာ ဗဟုသုတများသည် နေ့စဉ်ဘဝတွင် တိုက်ရိုက် တည့်မတ် စွာ လမ်းညွှန်နိုင်သည်များ ရှိသလို တစ်ခါတစ်ရံလည်း လူ့စရိုက်၊ စိတ်နေစိတ်ထား၊ အမူအကျင့်တို့ကို တစေ့ တစောင်း လေ့လာ သိရှိနိုင်ပါသည်။ စာဖတ်သူများအနေနှင့် စာပေဖတ်ရှုရာတွင် သုတ၊ ရသ စသည်ဖြင့် ကိုယ်စိတ်သန်ရာကို ရွေးချယ် ဖတ်ရှုလေ့ရှိကြပါသည်။ သုတစာပေသမားမို့ အတွေးအခေါ် ပိုမို ထူးချွန် ထက်မြက် သွက်လက်သည်ဟူ၍ မဆိုနိုင်သလို ရသစာပေသမားမို့ အသိအမြင်၊ အယူအဆ နုနွဲ့ကြသူများ၊ စိတ်နုကြသူများဟုလည်း မသတ်မှတ်နိုင်ပါ။ မည်သည့်စာပေအမျိုးအစားကို ဖတ်သည်ဖြစ်စေ စာဖတ်သူ အနေဖြင့် စာပေက ပေးသော (တစ်နည်း) စာရေးသူက ပေးချင်သော ဆိုလိုရင်းကို ခြုံငုံပြီး နားလည် သဘောပေါက်ရန်သာ အဓိက ဖြစ်ပါသည်။ ထိုသို့ သဘောပေါက် နားလည်မှသာ စာရေးသူနှင့် စာဖတ်သူ အကြား အသိအမြင်ချင်း ဖလှယ်နိုင်သည့်အပြင် စာတစ်ပုဒ်အပေါ် အပြုသဘောဖြင့် အပြန်အလှန် သုံး သပ် ဆွေးနွေးနိုင်ပေမည်။

ယနေ့ခေတ်တွင် အွန်လိုင်းမီဒီယာ ယဉ်ကျေးမှု ထွန်းကားလာသည့်အလျောက် စာရေးသူများလည်း အလျှို အလျှို ပေါ်ပေါက်လာခဲ့ကြသည်။ စာရေးသူအချို့မှာ အွန်လိုင်းမီဒီယာတွင်သာမက ပုံနှိပ်မီဒီယာလောက တွင်ပါ အောင်မြင်မှု ရနေကြသည်။ အချို့စာရေးသူများမှာမူ အွန်လိုင်းမီဒီယာလောကတွင် နာမည် ထင် ရှားသော်လည်း ပုံနှိပ်ဘက်တွင် အတွေ့ရနည်းသေး၏။ အချို့ကမူ အွန်လိုင်းမီဒီယာတွင်ရော၊ ပုံနှိပ်မီဒီ ယာတွင်ပါ နေရာတစ်နေရာရဖို့ ကြိုးစားနေကြသူများ ဖြစ်သည်။ ထိုထိုသော စာရေးသူများတွင် ကွဲပြား ခြား နားသော အတွေးအခေါ်၊ အယူအဆ၊ ခံစားချက်တို့ ရှိကြမည်သာ ဖြစ်သည်။ သို့သော်လည်း စာရေးသူတိုင်း ၏ တူညီသော စိတ်ဆန္ဒမှာ မိမိတို့ ရေးသည့်စာသည် စာဖတ်သူအတွက် တစ်စုံတစ်ရာသော အသိပညာ၊ ဗဟုသုတ၊ ခံစားမှု၊ အတွေးအမြင်တို့ကို ပေးစွမ်းနိုင်စေသော၊ အကျိုးပြုစေသော စာတစ်ပုဒ်ဖြစ်ရန် ဟူ သည့် စေတနာပင် ဖြစ်သည်။

စာကောင်းတစ်ပုဒ်ဖြစ်ရန် စာရေးသူတစ်ဦးသည် မိမိရေးသည့်စာ၏ အတိမ်အနက်၊ ဆိုလိုရင်းကို ရှင်း လင်း ပြေပြစ်စွာ ရေးသားနိုင်စွမ်းရှိရန် လိုအပ်ပါသည်။ မိမိ အားသန်သည့် အကြောင်းအရာကို ရိုးရှင်း ကျစ် လျစ်စွာ ဖွဲ့ဆိုနိုင်စွမ်းလည်း ရှိရပါမည်။ ထိုသို့ ဖွဲ့ဆိုနိုင်ဖို့ရာ မိမိကိုယ်တိုင်က စာဖတ်နာသူ ဖြစ်ရပါမည်။ စာ များများဖတ်မှ မြန်မာစကား အသုံးအနှုန်း၊ ဝါကျတို့ကို သူ့နေရာနှင့်သူ အထားအသိုမှန်အောင်၊ အဖြတ် အတောက်မှန်အောင် ရေးဖွဲ့ ထားသိုတတ်လာမည်ဖြစ်သည်။ စာရေးသူတစ်ဦးအနေဖြင့် သတ်ပုံ မှန်အောင် ရေးနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ သတ်ပုံမှန်မှ မိမိရေးသည့်စာ၏ ရည်ရွယ်ချက် ဆိုလိုရင်း အနက်ကို တိကျစွာ ဖော်ညွှန်းနိုင်ပေမည်။ ထို့အတူ စာကို အဖြတ်အတောက်ကို မှန်စွာ ရေးတတ်ရန်လည်း လိုပါသည်။ စာဖတ်သူအနေနှင့် တစ်ဆက်တည်း ရှည်လျားစွာ ရေးသားထားသော စာပိုဒ်တစ်ခုကို ပြီးဆုံး သည်အထိ ဖတ်ရန် ငြီးငွေ့သွားနိုင်သည်။ စာတစ်ကြောင်းတွင် အဖြတ်၊ အရပ် မှန်ကန်မှုနှင့် သတ်ပုံ မှန်ဖို့ အရေးကြီးကြောင်း ငယ်စဉ်က သင်ကြားခဲ့ရသည့် ပုံဝတ္ထုလေးတစ်ခုအား သာဓကအဖြစ် ဖော်ပြလိုပါသည်။

လူတစ်ဦးသည် သစ်ပင်ခုတ်လှဲရန်အတွက် ဓားကောင်းကောင်းတစ်လက်ကို ငှားရမ်းလိုသဖြင့် ရှာဖွေလျက် ရှိသည်။ ထိုသို့ ရှာဖွေရာတွင် အိမ်တစ်အိမ်ရှေ့၌ ဤသို့ ရေးထားသောစာကို တွေ့ရှိ၍ အကျိုးအကြောင်း ဝင်ရောက်စုံစမ်းသည်။

"မသာရဒါးငှားရန်ရှိသည်"

ဓားငှားလိုသူသည်  ရေးထားသော စာ၏ သတ်ပုံအမှားနှင့် အဖြတ်အတောက် မှားယွင်းမှုကြောင့် သူ၏စိတ် တွင် ဤအိမ်ရှိ မသာရ အမည်ရှိသူက ဓားငှားရမ်းသည်ဟု ထင်မှတ်မှားခဲ့သည်။ ရေးထားသည့် စာကြောင်း ၏ ဆိုလိုရင်းအမှန်မှာ-

"မသာရထား ငှားရန်ရှိသည်"

ဟူ၍ ဖြစ်သည်။ ထို့အတူ "ဂါထာပေး တေးဖြစ်" ဆိုသည့် စကားအတိုင်း စာဖတ်ရာတွင် အဖြတ်အတောက် မှန်မှန် မဖတ်တတ်ပါက ဆိုလိုရင်း အဓိပ္ပာယ်လွဲမှားသွားတတ်သည်။ ဥပမာအနေနှင့် မူရင်းဆေးစာတစ်ခု တွင် ဆေးနည်းဖော်စပ်ရာ၌ ပါဝင်သည့် ဆေးအမည်များဖြစ်သည့် "ထန်းမြစ်၊ ကတိုး၊ ရှိန်းခို၊ တောင်ကြာဥ၊ ကျူ၊ ဆင်ချေးမှို"စသည်တို့ကို အဖြတ်အတောက် မှန်မှန်၊ သတ်ပုံ မှန်မှန် မရေးမိသဖြင့် ဖတ်သူက တေး တစ်ပုဒ်ဟု ထင်မှတ်ကာ -

 "ငွေလှိုင်းက ထန်၊ မြစ်ယံက တိုး၊ ရှိန်းခိုတောင်ကြာဦး၊ ကျူးဆင်ချီမိုး"

ဟူ၍ မှားယွင်းစွာ ဖြည့်စွက် စပ်ဆိုမိပုံမှာလည်း သတိပြုဖွယ် ဖြစ်ပါသည်။

ထို့ကြောင့် ယနေ့ခေတ် စာရေးသူတို့သည် စာပေဝမ်းစာ ပြည့်ဝကြသည့်သူများ ဖြစ်သည့်အလျောက် မိမိ တို့ ရေးသားသည့် စာပေ၏ သဘောအဓိပ္ပာယ် ဆိုလိုရင်းအနက်တို့ကို ပီပြင်စွာ ရေးသားဖွဲ့နွဲ့နိုင်ကြပါသည်။ စာဖတ်သူဆိုသည်မှာလည်း စာရေးသူ၏ စာပေအရေးအသား၊ အတွေးအခေါ်၊ စိတ်စေတနာတို့ကို စာပေမှ တစ်ဆင့် အတုယူ ဆည်းပူး လေ့လာကြရသူများ ဖြစ်ပါသည်။ ထို့ကြောင့် စာရေးသူတို့အနေဖြင့် မိမိတို့ ပေး ချင်သည့် သုတ၊ ရသ စာပေတို့ကို စာဖတ်သူ၏ ရင်တွင်းသို့ ချောချောမွေ့မွေ့ ရောက်ရှိနိုင်သော (သို့) ဖတ်ရှုရန် လွယ်ကူ ရှင်းလင်း ပြေပြစ်သော အရေးအသားမျိုးကို ဂရုထား၍ ရေးနိုင်ကြမည်ဆိုလျှင် ရေးသူနှင့် ဖတ်သူကြား အမြင်ကွာဟမှု လျော့နည်းကာ စာပေလောကကို ပိုမို အလှဆင်နိုင်လိမ့်မည်ဟု ယုံကြည်မိပါ သည်။


မြဝတီဇော်

 

Monday, November 12, 2012

အချစ် ရင်ဖွင့်သံလေးများ




 
"တစ်စုံတစ်ယောက်ကို အချစ်မရှိဘဲ ခွင့်မလွှတ်နိုင်သလို ခွင့်လွှတ်ခြင်း မရှိဘဲလည်း မချစ်နိုင်ဘူး"


"မင်း တစ်ယောက်ယောက်ကို ချစ်တော့မလို့လား ? မင်းရဲ့ အထီးကျန်မှုကို အဖော်ပြုဖို့အတွက်နဲ့တော့ သူ့အချစ်ကို အသုံးမချလိုက်ပါနဲ့။ တစ်ချိန်ချိန်မှာ မင်း ပိုပြီး အထီးကျန်ဆန်ရလိမ့်မယ်"


"တကယ့် အချစ်စစ်ဆိုတာ မျက်ကန်းမျိုး မဟုတ်ဘူး။ သူ့ရဲ့  ကောင်းကွက်တွေကို မြင်နိုင်သလို ဆိုးကွက်တွေကိုလည်း မြင်နိုင်တယ်။ ဒါတောင်မှ ဆက်ချစ်နေနိုင်တဲ့ အချစ်မျိုးပါ။"


"Hi ! ဆိုတဲ့ နှုတ်ဆက်စကားလေးက တိုတယ်။ ရိုးရှင်းတယ်။ ဒါပေမယ့် လူနှစ်ယောက်ကို ချစ်မိသွားစေဖို့ လမ်းစလည်း ဖြစ်နိုင်တယ်"


"စကားတစ်ခွန်း ကြားဖူးတယ်။ အချစ်က ဘဝတဲ့။  မင်း အချစ်ကို မေ့နေတာလား။ ဒါဆိုရင်တော့ မင်းဘဝ ကိုလည်း မေ့နေသလို ဖြစ်နေလိမ့်မယ်"


"ငါနဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်တာကို ပြသဖို့ မင်း ပေါက်ကွဲတယ်၊ မင်း အယူအဆကို လက်မခံနိုင်ကြောင်း မင်းသိစေဖို့ ငါ ငိုကြွေးတယ်။  နောက်ဆုံးရလဒ်က ငါတို့ရဲ့ နှလုံးသားတွေ နာကျင်ခဲ့ရတယ်"


"အချစ်က ပြီးပြည့်စုံနေဖို့ မလိုဘူး။ စစ်မှန်ဖို့ပဲ လိုတယ်"


"ငါ့ရှေ့က ကီးဘုတ်လေးကို ကြည့်လိုက်တိုင်း U နဲ့ I က ကပ်လျက်ရှိနေပေမယ့် မင်းနဲ့ငါကတော့ ဘာလို့ ဒီလောက်ဝေးနေရတာလဲ"



(ပုံကို Google မှ ယူသုံးထားပါတယ်)
မြဝတီဇော်




Thursday, November 8, 2012

ပေးဆပ်ခြင်းရဲ့ အခြားတစ်ဖက်မှာ

ဖုန်းမြည်သံကြောင့် သူမ ထိတ်ခနဲ စိတ်လှုပ်ရှားသွားရသည်။ ဖုန်းခွက်ကို အသာမ,လိုက်ပြီး "ဟဲလို" လို့ အသံပြုလိုက်တော့ တစ်ဖက်က သူမအကြားချင်ဆုံး အသံလေးကို ကြားလိုက်ရသည်။

"မေမေ"
"........."
"မေမေလား၊ မေမေ သမီးပါ။ ဖေဖေနဲ့မေမေ နေကောင်းကြရဲ့လား၊ သမီးလည်း အလုပ်တွေ အရမ်းများနေ တာနဲ့ မေမေတို့ဆီ ဖုန်းမဆက်ဖြစ်တာပါ"

"အေး အေး၊ ရတယ် သမီး၊ မေမေတို့ နေကောင်းကြပါတယ်။ သမီးကော အလုပ်မှာ အဆင်ပြေရဲ့လား"

"သိပ်မပြေဘူး မေမေ၊ သမီး မကြာခင် အလုပ်တစ်ခု ပြောင်းဖို့ စီစဉ်နေတယ်။ ဒီမှာ ရောက်နေတဲ့ သမီး သူငယ်ချင်းတစ်ယောက်က ကူညီပေးမယ်တဲ့၊ အခုအလုပ်က သမီးတို့လို မိန်းကလေးတွေကို သိပ်မခန့်ချင် ကြဘူးလေ။ လစာကလည်း နည်း၊ အရမ်းလည်း ပင်ပန်းတယ်။ ဒီကြားထဲ ဆိုက်ထဲ အလုပ်ဆင်းရတဲ့အခါ မိန်းကလေးဆိုတော့ နှောင့်နှေးတယ်ပေါ့၊ အဲဒါကြောင့် သမီးလည်း အလုပ်ပြောင်းဖို့ စီစဉ်လိုက်တာ။ နောက် ရမယ့် အလုပ်က လစာလည်း ပိုကောင်းတယ်ဆိုတော့ မေမေတို့ကိုလည်း သမီး ငွေများများပို့နိုင်တာပေါ့"

"ဟုတ်လား.....၊ ဒါဆိုလည်း သမီး ပင်ပန်းရင် ပြန်လာခဲ့ပါလား သမီးရယ်၊ သမီး ဒီမှာ အလုပ်လုပ်လည်း မေမေ တို့ စားလောက်ပါတယ်၊ မေမေက ကိစ္စမရှိပါဘူး။ ညည်းအဖေကသာ ညည်းကို လွမ်းလို့ ပြန်လာခိုင်းဖို့ ခဏ ခဏ ပြောနေတာ"

"မေမေ၊ သမီး ပြောမယ်။ သမီးလိုချင်တဲ့ အောင်မြင်မှု မရမချင်း သမီး ပြန်မလာဘူး။ သမီးပြန်လာတဲ့အချိန် ကျရင်လည်း သမီးဟာ အောင်မြင်တဲ့လူတစ်ယောက် ဖြစ်နေရမယ်၊ သမီး မိဘကိုလည်း အကောင်းဆုံး ထားနိုင်မှ ပြန်လာမယ်။ ဟိုမရောက် ဒီမရောက် အခြေအနေမျိုးနဲ့တော့ သမီး ပြန်မလာဘူး မေမေ"

"............."

"ဒါဆို ဒါပဲနော် မေမေ၊ သမီး ဖုန်းချလိုက်တော့မယ်။ နောက်တစ်ခါကျမှ အကြာကြီး စကားပြောမယ်နော်"

ဖုန်းပြောပြီးသည်နှင့် သူမ  ငိုင်တွေနေမိသည်။ သမီးလေးတစ်ယောက်တည်း ရပ်ဝေးမြေခြားမှာ အဆင်မပြေ ဟု ကြားရတော့လည်း သူမ စိတ်မချချင်။ ဖြစ်နိုင်လျှင် သမီးလေးကို ပြန်လာစေပြီး ကိုယ့်မြေကိုယ့်ရေမှာပဲ မိသားစုသုံးယောက် အေးအတူ ပူအမျှ စည်းစည်းလုံးလုံး ရှိစေသည်။ သို့သော်လည်း သမီးက ခေါင်းမာ သည်။ ပြောပြီးသည့် စကားကို ပြန်မပြင်တတ်သည့်အကျင့်၊ ဆုံးဖြတ်ပြီးသည့် ကိစ္စတစ်ခုကို ဖြစ်အောင် လုပ်တတ်သည့်အကျင့်က ငယ်ငယ်ကတည်းက ဇာတိပြခဲ့သည်။ သမီး..သမီး...။ သမီးအကြောင်းကို တွေးမိ ရင်းမှ သူမစိတ်အစဉ်သည် လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်ကာလကို ပြန်လည် ရောက်ရှိသွားလေတော့ သည်။

* * * * *

သူမ အိမ်ထောင်ကျစကတည်းက မိဘအိမ်မှ ခွဲခွာကာ ခင်ပွန်းသည် တာဝန်ကျရာ မြေလတ်မြို့ကလေးသို့ လိုက်ပါခဲ့သည်။ ထိုစဉ်က မိဘအိမ်ရိပ်မှ မခွဲစဖူး ခွဲခဲ့ရသည့်ပြင် အသိမိတ်ဆွေ မရှိသည့် အရပ်ဒေသသစ်မှာ အသားကျဖို့ သူမ အတော်ကြိုးစားခဲ့ရသည်။ ခင်ပွန်းသည် အလုပ်သွားသည့်အချိန်ဆို သူမတစ်ယောက် တည်း အိမ်မှာ ကျန်ခဲ့ရသည့်အခါ တစ်ခါတလေ အိမ်လွမ်းစိတ်ဖြင့် သူမ ငိုမိသည်။ ထို့ကြောင့် အိမ်လွမ်းနာ သက်သာစေရန် အိမ်ရှိ ကြမ်းပြင်ကို စိတ်ရှည်လက်ရှည် ပြောင်လက်နေအောင် သူမ တိုက်ချွတ်တတ်သည်။ တစ်ခါတလေလည်း  အိမ်ခြံဝင်းထဲရှိ မြေကွက်လပ်ကလေးမှာ သူမ စိုက်ပျိုးထားသော သီးပင်၊ စားပင်တွေ ကို ရေလောင်းပေါင်းသင် ပြုလုပ်ရင်း အချိန်ကုန်ဆုံးစေခဲ့သည်။

ထိုသို့ သမားရိုးကျဆန်လွန်းသော သူမတို့ဘဝလေးထဲသို့ သမီးလေး ဝင်ရောက်လာချိန်မှစပြီး နေ့ရက်တိုင်း မှာ သမီးလေးအတွက်ဟူသော စိတ်ကြောင့် သူမတို့နှစ်ယောက် ခွန်အားဖြစ်ခဲ့ကြသည်။ ပင်ပန်းသော်လည်း သမီးမျက်နှာကို မြင်ရသည့်ခဏ၌ ဘဝအမောများ ပြေပျောက်ခဲ့ရသည်။ သမီးလေးမှာ ငယ်စဉ်က ချူချာ သဖြင့် သူမတို့နှစ်ယောက် ပိုးမွေးသလို မွေးမြူခဲ့ကြရသည်။ သို့နှင့် သမီးလေး ကျောင်းနေရွယ်ရောက်လာ သည့်အခါ အများနှင့်မတူ ဘက်စုံ ထူးချွန်သည့် သမီးလေးကြောင့် သူမတို့ မိဘနှစ်ပါး ပတ်ဝန်းကျင် အသိုင်း အဝိုင်းကြားမှာ သမီးဂုဏ်နှင့် ခေါင်းမော့နိုင်ခဲ့ကြသည်။ အတန်းစဉ်တိုင်း ပထမရသည့် ပညာရေးတွင် ထူး ချွန်သော သမီးလေးကို သူမတို့ အလိုလိုက် အချစ်ပိုခဲ့ကြရသည်။ သည်လိုနှင့် သမီးလေး အလယ်တန်း အရောက်မှာ ထူးချွန်သည့် သမီးလေးရဲ့ ပညာရေးအတွက် သူမတို့နေထိုင်ရာ မြို့ကလေးမှ သူမ၏ မွေး ရပ်မြေ မြို့ကလေးရှိ အထက်တန်းကျောင်းတွင် ပြောင်းရွှေ့ကျောင်းတက်စေဖို့ စီစဉ်ဖြစ်ခဲ့သည်။

ထိုစဉ်က သမီးနှင့် မခွဲစဖူး ခွဲရသည့်အတွက် သူမရင်မှာ လစ်ဟာလွန်းလှသည်။ သို့သော်လည်း သမီးရှေ့ရေးမို့ သူမကိုယ်သူမ စိတ်တင်းပြီး သမီးနှင့် ခွဲနေခဲ့သည်။ အစပိုင်းတွင်တော့ သမီးသည်လည်း မိဘနှင့် ခွဲနေမကျသဖြင့် လွမ်းဖျား ဖျားကာ နေမကောင်းဖြစ်ခဲ့သေးသည်။ နောက်ပိုင်းတွင်မှ နေသားကျ ကာ ကျောင်းနေပျော်သွားတော့မှ သူမ ဟင်းချနိုင်ခဲ့သည်။ သည်လိုနှင့် ရက်၊ လ၊ နှစ်တွေ အလီလီ ပြောင်း ခဲ့ပြီးနောက် သမီးလည်း အထက်တန်းကို ဂုဏ်ထူးများများဖြင့် အောင်မြင်ခဲ့သည်။ သမီးဝါသနာပါရာ သက်မွေးတက္ကသိုလ်တစ်ခုကို တက်ဖို့လည်း သူမတို့ ခေါင်းညိတ် လိုက်လျောခဲ့ကြသည်။ သူမတို့တာဝန်က သမီးလေး ပညာသင်ရာမှာ မတောင့်မတ မကြောင့်မကြနှင့် စိတ်အေးအေး စာသင်နိုင်ဖို့ အတတ်နိုင်ဆုံး ပံ့ပိုးပေးဖို့သာပင်။

* * * * *

ဘွဲ့ရပြီးသည့်နောက် သမီးက သူမတို့ကို အသိပေး တိုင်ပင်လာသည်။ ရေမြေခြားတိုင်းပြည်တစ်ခုမှာ သွားရောက် ပညာသင်ချင်သည်တဲ့။ ထိုအချိန်က သူမတို့နှစ်ယောက်စလုံး စကားတစ်ခွန်းမျှ ပြောမထွက်နိုင် ခဲ့ကြ။ သမီးကျောင်းတက်စဉ်တစ်လျှောက်လုံး သူမတို့နှစ်ယောက် ခြိုးခြံချွေတာပြီး ကျောင်းစရိတ်အတွက် စုဆောင်းခဲ့ကြသည်။ သမီးအတွက် ပြည့်စုံလုံလောက်သည့် ပမာဏ မဖြစ်ခဲ့သော်လည်း သူမတို့နှစ်ယောက် အတွက်တော့ မနည်းလှသည့် ပမာဏပင်။ ယခုလို သမီးအဖေ၏ ကျန်းမာရေး ချို့ယွင်းလာခဲ့ချိန်တွင် သမီး အား အဝေးသို့ ထွက်မသွားစေချင်သည်မှာ အမှန်ပင်။ မိဘနှင့် ဥမကွဲသိုက်မပျက် နေထိုင်ရင်း သမီးကို အလုပ်လုပ်စေချင်သည်။ သို့သော်လည်း မိဘဟူသည်မှာ သားသမီး၏စိတ်ငြိုငြင်မှုကို ကြာရှည် မခံစားနိုင် သူများ ဖြစ်သည့်အလျောက် သမီးဆန္ဒကို လိုက်လျောခဲ့ကြသည်။ သမီးသည် ဘဝရဲ့ လွတ်လပ်မှု၊ စိန်ခေါ် မှုတွေကို ရဲရဲရင့်ရင့် ရင်ဆိုင်ဖို့ သူမတို့ ရင်မှ ခွဲထွက်သွားခဲ့သည်။ သမီး မြန်မာပြည်မှ ထွက်ခွာသည့်နေ့က သူမတို့ရှေ့မှ ရဲရင့်သွက်လက်စွာ ကျောခိုင်းလျှောက်သွားတဲ့ သမီးကို ကြည့်ရင်း သူမ ရင်တွင်းမှ ခပ်တိုးတိုး စကားဆိုမိသည်။ သြော်...ပျံပါစေလေ၊ မိဘရင်က ခွာလို့ ဘဝကောင်းကင်ပြင်ကြီးထဲမှာ ရဲရဲဝံ့ဝံ့ ပျံသန်းကြည့် ပါစေတော့။ မိဘရင်ခွင်ထက် လုံခြုံမှုပေးနိုင်တဲ့နေရာကို သမီး ရှာလို့ တွေ့နိုင်ပါ့မလားရယ်လို့ သူမ ဆက် မတွေးကြည့်ချင်တော့။ တဖြည်းဖြည်း ဝေးသွားတဲ့ သမီးပုံရိပ်က သူမ မြင်ကွင်းမှာ ဝေဝါးသွားခဲ့သည်။


 သွားခါစ နှစ်အနည်းငယ်အတွင်းတော့ သမီးအသံကို သူမတို့ ရံဖန်ရံခါ ကြားခွင့်ရခဲ့ကြသည်။ များသော အားဖြင့် သမီးသည် အလုပ်အလွန်များကြောင်း၊ နားချိန်အိပ်ချိန်ထဲမှ ဖဲ့၍ သူမတို့ဆီ ဖုန်းဆက်ရကြောင်း၊ ထို့ကြောင့် မကြာခဏ ဖုန်းဆက်ဖို့ အချိန်မရှိတာမို့ ငွေလွှဲပို့လိုက်သည့်အချိန်မှသာ ဆက်နိုင်မည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများသာ အပ်ကြောင်းထပ်မျှ ပြောဆိုပြီး ဖုန်းချသွားတတ်သည်။ တစ်ခါက ခင်ပွန်း သည်က သမီးအသံကို ကြားချင်လွန်း၍ သမီးပေးထားသော လက်ကိုင်ဖုန်းကို ခေါ်ကြည့်မိရာ သမီးက စိတ် ဆိုးမာန်ဆိုးနှင့် သူ့အလုပ်ချိန်ကို အနှောင့်အယှက် မပေးရန်နှင့် ငွေလိုလျှင် ပို့ပေးလိုက်မည်ဟု ပြောဆိုလိုက် သဖြင့် သူမတို့နှစ်ယောက် ရင်နင့်အောင် ခံစားခဲ့ကြရသည်။

သမီးသည် သူမတို့နှစ်ယောက်ကို မလိုအပ်တော့ဟူသော အတွေးက သူမရင်တွင်း၌ ဗလောင်ဆူစေသည်။ ခင်ပွန်းသည်ရှေ့တွင် ဘာမျှမဖြစ်သယောင် ဟန်ဆောင်နေရသော်လည်း ညအိပ်ရာဝင်တိုင်း မေတ္တာပို့ရင်း သမီးမျက်နှာကို မြင်ယောင်မိသည့်အခါ မျက်ရည်ကျမိသည်။ "မိဘမျက်ရည်တစ်စက် သားသမီးတစ်သက်" ဆိုသည့်စကားကြောင့် သူမ မျက်ရည်ကြောင့် သမီးလေးဘဝ ပူလောင်မှုတွေနဲ့ ညှိုးနွမ်းသွားမှာကိုတော့ သူမ (မိခင်ပီပီ) မဖြစ်စေချင်ပါ။ ထို့ကြောင့် အတတ်နိုင်ဆုံး သူမစိတ်ကို ဖြေဖျောက်ရင်း၊ ရှိရှိသမျှ အိမ် အလုပ်များ ကို သိမ်းကျုံးလုပ်ကိုင်ရင်း စိတ်အာရုံပြောင်းရသည်။

* * * * *

ယခုတလော သူမကိုယ်သူမ သတိထားမိသည်မှာ ကြာပြီ။ ရုတ်တရက် အသံကျယ်ကျယ် ကြားလိုက်ရလျှင် ပဲဖြစ်ဖြစ်၊ ဝမ်းနည်းစရာတစ်ခုခုကို တွေးမိလိုက်လျှင်ပဲဖြစ်ဖြစ် သူမ၏ ဘယ်ဘက်ရင်အုံအောက်မှ စူးစူး ရှရှ အောင့်မျက်မှုက ပို၍ ပို၍ စိပ်လာသည်။ ယခင်က ထိုသို့ ဖြစ်ဖူးသော်လည်း ခံစားရသည့် နာကျင်မှုမှာ ယခုလောက် မပြင်းထန်ချေ။ သူမ ရင်ထဲက နာကျင်မှုကို သူမ သောက်နေကျ ဆေးတွေက လျော့ပါး သက်သာအောင် မစွမ်းနိုင်ပြီလား....။ သူမကို ကုသနေကျ သမားတော်ကြီးက ယခင်တစ်ခေါက် ဆေးခန်း သွားပြစဉ်က အသေအချာ မှာလိုက်သည်။ လှုပ်လှုပ်ရှားရှား မလုပ်မိအောင် နေပါ၊ တတ်နိုင်လျှင် အိပ်ရာပေါ် တွင်သာ နားနားနေနေပါ။ နှလုံးမှာ အလွန်အားနည်းနေသဖြင့် ခွဲစိတ်ကောင်း ခွဲစိတ်ရနိုင်သည်တဲ့။ မခွဲစိတ် ခင် အတောအတွင်း အားအင်ပြည့်အောင် အနားယူပါဟု အတန်တန် မှာလိုက်သည်။

သူမ အိမ်အလုပ်တွေ တတ်နိုင်သလောက် လျှော့ချလိုက်သည်။ ဟိုစဉ်က ဇိုးခနဲဇတ်ခနဲ စိတ်မြန်ကိုယ်မြန်နှင့် လုပ်ကိုင်နိုင်သမျှ ယခုလို လူမမာတစ်ယောက်လို အိပ်ရာထက်တွင် လဲလျောင်းနေရသည်က သူမကို ပို၍ စိတ်ဓာတ်ကျစေလေသည်။ အသုံးမဝင်သူတစ်ယောက်ပမာ ခံစားရစေသည်။ ငြိမ်ငြိမ်လေး နေရမှ စိတ်က သမီးဆီကို အချိန်ပြည့် ရောက်သည်။ သမီးငယ်ငယ်က ဓာတ်ပုံတွေ၊ သမီးဆွဲခဲ့သည့် ပန်းချီကားချပ်တွေ၊ သမီး၏ စာကြည့်စားပွဲ တစ်ခုချင်းစီကို သေချာ ပြန်ကြည့်မိရင်း သမီးကို လွမ်းဆွတ်စိတ်က ထိန်းမနိုင်၊ သိမ်း မရ ဖြစ်လာသည်။ သမီးနှင့် အဆက်အသွယ် မရခဲ့သည်မှာ ယခုဆိုလျှင် သုံးနှစ်ပြည့်တော့မည်။

သမီး...သမီး... သမီးအကြောင်းကို တွေးမိရင်းမှ သူမ သတိရသည်။ သမီးလေးဘဝ ရေလိုအေးပြီး ပန်း လိုမွှေးစေဖို့ သူမ နေ့စဉ်ပြုနေကျ မြတ်စွာဘုရားရှင်အား ဆွမ်းပန်းရေချမ်း ဆီမီး ကပ်လှူပူဇော်ရဦးမည်။ ထိုအတွေးနှင့် သူမ ခုတင်မှ အသာဆင်းလိုက်သည်။ အိမ်ရှေ့သို့ ထွက်လိုက်တော့ မိုးစက်မိုးပေါက်များက တဖွဲဖွဲ ကျဆင်းလို့နေသည်။ အိမ်ရှေ့ရှိ သူမ စိုက်ထားသော စံပယ်ရုံကလေးမှာ မိုးရေစက်တွေ ကြား မှာ  ဖွေးဖွေးဖြူအောင် ပွင့်နေသည်။ သူမ ခြံထဲသို့ အသာဆင်းကာ စံပယ်ရုံကလေးမှ ဖြူစင်မွှေးပျံ့နေသော စံပယ်ပွင့်ဖြူဖြူကလေးများကို ခူးဆွတ်လိုက်သည်။ မိုးစက်မှုန်ကလေးများက စံပယ်ပွင့်ကလေးများပေါ်တွင် တွဲလွဲခိုလျက် ပိုမိုလန်းဆန်းအောင် အားဖြည့်ပေးနေသလို သူမ စိတ်တွင် ထင်မြင်ကာ ကြည်နူးမိသည်။

ခူးလာသော စံပယ်ပန်းကလေးများကို ပန်းကန်ပြားသန့်သန့်ပေါ်တွင် တင်ပြီး မြတ်စွာဘုရားရှင်အား ပန်းမွေ့ ယာခင်း၍ ကပ်လှူ ပူဇော်လိုက်သည်။ ပြီးနောက် သူမ အိပ်ခန်းထဲ ပြန်ဝင်ခဲ့သည်။ ခုတင်ဘေးရှိ အပ်ချုပ်စက် ခုံကလေးမှာ ထိုင်ရင်း လက်စမသတ်ရသေးသည့် ခေါင်းအုံးစွပ်ကလေးကို ချုပ်ဖို့ သတိရသည်။ ယနေ့ နေရ သည်မှာလည်း သက်သောင့်သက်သာရှိသဖြင့် သူမ ခေါင်းအုံးစွပ်ကလေးကို စိတ်လိုလက်ရ ချုပ်နေမိသည်။ အာရုံစူးစိုက်မှုကြောင့် ထင်သည်။ သူမ ခေါင်းတွေ ရုတ်တရက် မူးဝေလာခဲ့သည်။ မျက်မှန်ကို ချွတ်ပြီး ခေါင်း ကို ဖြည်းညင်းစွာ မော့လိုက်သည်။ ထိုခဏမှာပင် သူမ ခြေဖျားလက်ဖျားများ အေးစက်လာကာ ဘယ်ဘက် ရင်အုံမှ စူးရှစွာ အောင့်မျက် နာကျင်လာသည်။ သူမ ထိုင်နေရာမှ အားယူထပြီး ဘေးက ခုတင်ပေါ်သို့ ရွှေ့ ကာ လှဲလိုက်စဉ်မှာပင် သူမ ရင်ထဲက နာကျင်မှုက မခံမရပ်နိုင်အောင် ပိုဆိုးလာသည်။

နာကျင်မှုသည် သူမ ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းမှ စ၍ တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့နေသည်ကို သူမ အသိအာရုံတွင် ခံစား သိရှိနေသည်။ သတိမလွတ်သွားအောင် အားတင်းလျက်မှ သူမ အမြင်အာရုံတွင် သမီးလေး၏ ရုပ်ပုံလွှာက ထင်ဟပ်လာသည်။ သမီး...သမီးလေးကို သူမတစ်သက် တွေ့မြင်ခွင့်မှ ရပါ ဦးတော့မလား။ သမီးလေးအတွက် သူမတို့နှစ်ယောက် အတတ်နိုင်ဆုံး မိဘဝတ္တရား ကျေပွန်နိုင်ခဲ့ပြီ ထင် သည်။ သူမ၏ ဝိုးတဝါး အသိအာရုံမှာ သမီးလေးအတွက် နောက်ဆုံးအနေနှင့် ကောင်းမှုကုသိုလ် တစ်ခု ကို ပြုလုပ်ပေးလိုက်ရသည့် ကြည်နူးမှုက သူမရင်ထဲ တစိမ့်စိမ့် ဝင်ရောက်လို့လာသည်။ သူမ အားယူပြုံးလိုက်မိသည်။ သမီးရေ... သမီးနဲ့ ဒီတစ်သက် ပြန်တွေ့ခွင့်မရခဲ့ဘူး ဆိုရင်တောင် မေမေ ဖြေသာ ပါပြီ သမီးရယ်....။ မေမေတို့အပေါ်မှာ သမီးလေး ပြောဆိုပြုမူမှုတွေ အမှားအယွင်း ရှိခဲ့ရင်လည်း မေမေ အမြဲ ခွင့်လွှတ်ပါတယ်။ သမီးလေးဘဝ တစ်လျှောက်လုံး သာယာအေးချမ်းပါစေကွယ်... .... ....။ ရင်ထဲမှနေ၍ သမီးလေးကို တီးတိုး နှုတ်ဆက် လိုက်ပြီးသည်နှင့် သူမ၏အသိအာရုံဝယ် ပြုခဲ့သမျှ ကုသိုလ်ကောင်းမှုများကို တစ်ဖန် ပြန်လည်မြင်ယောင်နေစဉ်မှာပင် နက်ရှိုင်းလှသည့် အမှောင်ထုထဲသို့ တဖြည်းဖြည်း နစ်ဝင် ပျောက် ဆုံးသွားခဲ့ရတော့သည်။




မြဝတီဇော်


[၃ဝ-၅-၂ဝ၁၂ နေ့က ကွယ်လွန်သွားခဲ့သော မိခင်တစ်ဦးကိုယ်စား အမှတ်တရ ခံစားရေးဖွဲ့ပါသည်။]










Wednesday, October 31, 2012

လရောင်အောက်က သီတင်းကျွတ်ည အတွေးတစ်စ


 အိမ်တံစက်မြိတ်စွန်းထက်မှာ ရွှန်းရွှန်းမြမြ သာနေသည့် လမင်းကြီး၏ အလင်းရောင်ကို ကျွန်မ စိတ် မှတ်မဲ့ ငေးကြည့်နေမိသည်။ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မို့ထင်သည်၊ နေလုံးနီနီ ကွယ်ပျောက် သွားသည်နှင့် ကောင်းကင်ထက်မှာ ကြီးမားပြည့်ဝန်းသော လမင်းဝါ၀ါကြီးက ပေါ်ထွက်လာလေ သည်။ မှောင်စပျိုးလာသည်နှင့် စွမ်းနိုင်သမျှ အစွမ်းကုန် ထွန်းလင်းပြီး ကမ္ဘာကြီးကို အလှဆင်နေတဲ့ လမင်း ကြီးဟာ လူသားအားလုံးအပေါ်မှာ သာတူညီမျှ ချမ်းမြေ့မှုတွေ ရရှိစေဖို့ မေတ္တာငွေရည်တွေ သွန်း ဖျန်းပေးနေသလိုပင်။ ယခုလို လရောင်အောက်မှာ ထိုင်ရင်း၊ လမင်းကြီးဆီက အေးမြချမ်းမြေ့မှုတွေ ကို ငြိမ်သက် တိတ်ဆိတ်စွာ ခံစားရင်း စိတ်စေရာ တွေးတောနေရသည့်အချိန်မျိုးကို ကျွန်မ လွန်စွာ မက်မောမိပါသည်။
ကျွန်မတို့ငယ်စဉ်ကဆိုလျှင် ကျွန်မတို့ရပ်ကွက်မှ ဦးလေးတစ်ယောက်က ဦးဆောင်ပြီး သီတင်းမကျွတ်သေး ခင်ကပင် သီတင်းကျွတ် မီးထွန်းပွဲတော်အတွက် ကြိုတင်ပြင်လေ့ ရှိသည်။ ကျွန်မတို့အိမ်မှ တစ်အိမ်ကျော်ရှိ လမ်းကလေးတွင် မီးထွန်းပွဲတော်နှင့် ကာတွန်းပြပွဲကို နှစ်စဉ် ပြုလုပ်လေ့ရှိသည်။ သီတင်းကျွတ် မီးထွန်း ပွဲတော်နှင့် ကာတွန်းပြပွဲ ပြုလုပ်ဖို့အတွက် လမ်းကလေးကို အစဉ်အမြဲ သန့်ရှင်းသပ်ရပ်နေအောင် ပြုပြင် ထိန်းသိမ်းလေ့ရှိသော ထိုဦးလေးကပင် ဦးဆောင် ကမကထပြုပါသည်။ သူသည် သီတင်းကျွတ်ခါနီး နှစ် ပတ်လောက်အလိုကပင် သူ့အိမ်ရှိ အလှစိုက်ပန်းအိုးများကို လမ်းကလေးတစ်လျှောက် အစီအရီ နေရာချ သည်။ ပြီးလျှင် လမ်းကလေးရဲ့ ၀ဲယာမှာ ၀ါးလုံးတိုင်များ စိုက်ထူရန် ကျင်းများကို အကွာအဝေးညီညီ တူးထားသည်။ ညနေစောင်းသည်နှင့် လမ်းကလေးကို အမှိုက်သရိုက်ကင်းစင်အောင် တံမြက်စည်း လှည်းခြင်း၊ လမ်းဘေးတွင် အလေ့ကျ ပေါက်နေသော မြက်ပင်များကို လမ်းကလေးရဲ့ဘောင်အဖြစ် ပုံဖော် ကာ ရေဖျန်းပေးခြင်းတို့ကို ဂရုတစိုက် ပြုလုပ်သည်။ ထို့နောက် သီတင်းကျွတ်ပွဲတော်ရက် နီးလာ သည်နှင့် ၀ါးလုံးတိုင်များစိုက်ကာ သွပ်နန်းကြိုးများဖြင့် ၀ါးလုံးတိုင်များတစ်လျှောက် အတန်းလိုက်ဖြစ်အောင် ချည်နှောင်ပေးသည်။

နောက်တစ်ဆင့်ဖြစ်သည့် သွပ်နန်းကြိုးတစ်လျှောက် မီးပုံးကလေးများ ချိတ်ဆွဲသည့် အလုပ်ကိုတော့ ကျွန်မတို့ ကလေးများက ကူညီကြသည်။ ကျွန်မတို့ မောင်နှမသုံးယောက် အပါအ၀င် ရပ်ကွက်ထဲက ကလေးအချို့လည်း လာရောက်ကူညီ လုပ်အားပေး ကြပါသည်။ ထိုဦးလေးနှင့် ကျွန်မတို့မိသားစုများမှာ အရင်ကတည်းက သိကျွမ်းခင်မင်လာကြသူများဖြစ်၍ ကျွန်မတို့မောင်နှမများမှာ မီးထွန်းပွဲတော်အတွက် အချိန်ပြည့်နီးပါး ကူညီပေးနိုင်ကြသည်။ ကျွန်မတို့အိမ်က မိသားစုများကလည်း ကျွန်မတို့တတွေ မီးထွန်း ပွဲတော်အတွက် အားတက်သရော ကူညီလုပ်ကိုင်နေပြီဆိုကတည်းက သူတို့လည်း မီးထွန်းပွဲတော်လာ ကြမည့် လူများကို စတုဒီသာကျွေးဖို့ တိုင်ပင်နေကြပါပြီ။ သည်လိုနှင့် သီတင်းကျွတ် ပထမနေ့ ညနေ သုံး နာရီလောက်ကစပြီး ၀ါးလုံးတိုင်တွေမှာ လူကြီးတွေက ကာတွန်းရုပ်ပုံ ကားချပ်တွေ လိုက်လံချိတ်ဆွဲကြ သည်။ ကျွန်မတို့ ကလေးတွေကတော့ ဆီဖြည့်ပြီး မီးစာထည့်ထားသည့် ဆီမီးခွက်လေးများကို လမ်းကလေး တစ်လျှောက် ညီညီညာညာ စီတန်း ချထားကြပါသည်။ ပြီးသည်နှင့် လမ်းကလေး၏ ဘေးတစ်ဖက်ခြမ်းတွင် စတုဒီသာကျွေးဖို့ ခုံများ ခင်းကျင်းရာမှာလည်း ပါဝင် ကူညီကြသည်။

 တစ်စတစ်စ မိုးချုပ်လာသည်နှင့် မီးပုံးကလေးတွေကို မီးလိုက်ညှိသူက ညှိ၊ ဆီမီးခွက်ကလေးများကို မီးထွန်း သူက ထွန်းနှင့် လမ်းကလေးမှာ တဖြည်းဖြည်း စည်ကားသက်ဝင် လှပလာတော့သည်။ မီးအားလုံး ထွန်း ညှိပြီးသွားချိန်မှာ လမ်းကလေး ၏အ၀င်ဝတွင် အားလုံး စုရုံးကြပြီး သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် ကာတွန်းပြပွဲ ဖွင့်လှစ်သည့်အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများ ပစ်ဖောက်ကြသည်။ ထို့နောက် လမ်း ကလေးအတွင်းသို့ မီးထွန်းပွဲတော် လှည့်လည်ကြည့်ရှုလာသူများအား စတုဒီသာ အကျွေးအမွေးများဖြင့် ဧည့်ခံကြသည်။ သီချင်းသံ မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ဆီမီးရောင်စုံ ထွန်းညှိထားသော လမ်းကလေးရှိရာ ကျွန်မ တို့ ရပ်ကွက်ကလေးမှာ ပွဲတော်ရက်သုံးရက်လုံး လူတဖွဲဖွဲဖြင့် စည်ကားသိုက်မြိုက်နေတော့သည်။

 ကျွန်မမှတ်မိသမျှ ထိုလမ်းကလေး၏ မီးထွန်းပွဲတော်အစဉ်အလာသည် လွန်ခဲ့သော လေးငါးနှစ်က အထိ ပြုလုပ်မြဲ ဖြစ်သည်။ ယခုအချိန်တွင်တော့ လမ်းကလေးအတွင်း မီးထွန်းပွဲတော် မပြုလုပ်ဖြစ်သော် လည်း လမ်းကလေးရဲ့ သန့်ရှင်းသပ်ရပ်မှုကတော့ မပြောင်းမလဲ တည်ရှိနေဆဲပင်။ ငယ်စဉ်က မီးထွန်း ပွဲတော်အကြောင်းကို ပြန်လည်တွေးတောမိမှ ကျွန်မ အသက် သိပ်ကြီးသွားပြီဖြစ်ကြောင်း သတိပြုမိလိုက် သည်။ ယခုဆိုလျှင် နုနယ်ဖြူစင်တဲ့ ကလေးအရွယ်ကို ဖြတ်သန်း လွန်မြောက်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခု စာမက ကြာသွားခဲ့လေပြီ။

 ကျွန်မ ကိုယ့်အတွေးနှင့်ကိုယ် လရောင်အောက်မှာ ငြိမ်သက်နေမိစဉ် ရုတ်တရက် ကျယ်လောင် လွန်းသော ပေါက်ကွဲသံကြီးတစ်ခုကြောင့် လန့်ဖျပ်သွားကာ ထိုင်နေရာမှ ယောင်ယမ်းပြီး ထရပ်မိသည်။ အသံကြားရာကို လှည့်ကြည့်မိသည့်အခါ ကျွန်မတို့အိမ်ရှေ့ ပလက်ဖောင်းပေါ်တွင် မီးခိုးငွေ့များ ဖွေးဖွေး လှုပ်နေတာ တွေ့ရသည်။ ထိုမီးခိုးငွေ့များမှ ယမ်းနံ့များမှာလည်း တထောင်းထောင်း ထနေအောင် မွှန် ထူနေတော့သည်။ ကျွန်မ ရုတ်တရက် စိတ်တိုသွားမိသည်။ ကိုယ့်ခြံထဲ ကိုယ်ထိုင်နေသည်ကို အပျော်ကျူးသူ အချို့က လမ်းပေါ်မှ ဆိုင်ကယ်များဖြင့် ဖြတ်မောင်းရင်း အိမ်ရှေ့တွင် ဗျောက်အိုးများကို ပစ်ချသွား ခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်ရပ်ကြောင့် ကျွန်မ ခေါင်းထဲတွင် အတွေးတစ်ခု ရောက်လာသည်။ လူငယ် သဘာဝ ပျော်ရွှင်မှုကို ခွင့်လွှတ်နိုင်သော်လည်း တစ်ဖက်သား၏ လွတ်လပ်ခွင့်ကို ထိပါးစေသော ပျော်ရွှင်မှု သည် တရားမျှတပါရဲ့လား။ မိမိ၏ မဆင်မခြင် ပြုမူလိုက်သော အပျော်တစ်ခုသည် တစ်စုံတစ်ယောက်ကို ထိခိုက်နစ်နာစေလျှင် ထိုအပျော်မျိုးကို ပျော်ရွှင်မှုဟု အမည်တပ်သင့်ပါရဲ့လား။

 ကျွန်မ သတိထားမိသမျှ သတင်းစာများတွင် သီတင်းကျွတ်ကာလအတွင်း ဗျောက်အိုးဖောက်ခြင်းကို အတိ အလင်း တားမြစ်ထားခြင်းကြောင်း တွေ့ရှိနိုင်ပါသည်။ ထိုသို့ သတိပေး တားမြစ်ထားပါလျက်နှင့် မည်သည့် အတွက်ကြောင့် စည်းကမ်း ဖောက်ဖျက်ပြီး ပျော်ရသော အပျော်မျိုးကိုမှ မက်မောကြပါသလဲ။ ထို့ပြင် ထိုသို့သော အပျော်မျိုးကြောင့် တစ်စုံတစ်ယောက်ကိုမျှ မထိခိုက်လျှင် မထောင်းတာလှသော်လည်း သက်ကြီးရွယ်အိုများ၊ နှလုံးရောဂါရှင်များအနေဖြင့် ဤမျှ ကျယ်လောင်လှသော ဗျောက်အိုးဖောက် သံကြောင့် အသက်အန္တရာယ် တစ်စုံတစ်ရာ ချွတ်ချော်မှု ဖြစ်သွားခဲ့သည်ရှိသော် ထိုအဖြစ်အတွက် မည်သူ က တာဝန်ခံမည်နည်း။ အတွေးထဲရောက်လာသော မေးခွန်းများကြောင့် ကျွန်မစိတ်များ ရှုပ်ထွေး ညစ်နွမ်း သွားရသည်။ ခေါင်းကို မော့ကာ အသက်ကို ခပ်ပြင်းပြင်းရှူပြီး စိတ်ကို ဖြေလျှော့လိုက်သည်။

 ကျွန်မ၏ ငယ်စဉ်ဘ၀ သီတင်းကျွတ်ခံစားမှုများလည်း ဘယ်ဆီရောက်ကုန်သည် မသိတော့။ လရောင်အောက်က သီတင်းကျွတ်ချိန် ညရှုခင်းများလည်း ကျွန်မ၏ စိတ်အာရုံကို မဆွဲဆောင်နိုင်တော့။ ထို့ပြင် လမင်းကြီးနှင့် မျက်နှာချင်းဆိုင်ကာ စိတ်ကူးအတွေးတွေ ရင်ဖွင့်လိုက်မည်ဆိုသည့် မျှော်လင့်ချက် သည်လည်း မြို့ပြ၏ မီးရောင်စုံကြားမှာ နစ်မြုပ်သွားခဲ့လေသည်။ လမင်းကြီးကို မော့ကြည့်မိတော့ ကောင်း ကင်ယံထက် ခပ်ဝေးဝေးသို့ပင် ရောက်နေလေပြီ။ လရောင်နှင့် ဆုံစည်းခွင့်ရခဲ့သော ရှားရှားပါးပါး သီတင်း ကျွတ်လပြည့်ကျော် တစ်ရက်နေ့ည၏ ခံစားမှုသည် ယနေ့အဖို့တော့ လုံလောက်သင့်ပြီ ထင်သည်။ ကျွန်မ ထိုင်နေရာမှထကာ အိမ်ထဲသို့ လှမ်းဝင်လိုက်ချိန် ခြံထဲရှိ ဇီဇ၀ါပန်းရနံ့များက မွှေးပျံ့နေဆဲ၊ အိမ်ရှေ့ လမ်းမပေါ်တွင်လည်း ဆူညံသော သီချင်းသံမျိုးစုံကို ကျယ်လောင်စွာ ဖွင့်၍ အပြင်းမောင်းနှင်သွားသော ဆိုင်ကယ်များ၊ ကားများက ဥဒဟို သွားလာနေကြဆဲပင်။    ။

Monday, October 29, 2012

စိတ်ကူးထဲက ချစ်သူ့အိမ် (၂)

နံနက်ခင်း နေရောင်ခြည်အောက်မှာ သူမတို့နှစ်ယောက် ခြံဝင်းလေးထဲမှာ အတူလက်တွဲ လမ်းလျှောက်နေ သည်။

“ဒီအိမ်လေးကို ကြိုက်ရဲ့လား ကို”
“အင်း ကြိုက်ပါတယ်၊ ဘာဖြစ်လို့လဲ”
“ဟင့်အင်း၊ ဘာမှ မဖြစ်ပါဘူး၊ တကယ်လို့ ကိုမကြိုက်ဘူးဆိုရင် ခင်က ပြန်ရောင်းလိုက်မလားလို့ပါ”
“အိမ်ပုံစံကိုတော့ ကြိုက်ပါတယ်၊ ဒါပေမဲ့ ခင်က ဘာဖြစ်လို့ ဒီအစိမ်းရောင်ဆေးကိုမှ သုတ်ထားတာလဲ၊ ကြည့်ရတာ စိတ်ကို လေးလံထိုင်းမှိုင်းစေတဲ့ အရောင်ကြီးကွာ”
“ခင်က စိတ်ကို လန်းဆန်း အေးမြစေတဲ့အရောင်ဆိုပြီး ကြိုက်လို့ ရွေးခဲ့တာ ကိုရဲ့”
“အဲဒါပဲ… မင်းက ဘယ်ကိစ္စမဆို မင်းသဘောအတိုင်း အမြဲတမ်း လုပ်တယ်၊ မင်း ကို့ကို တိုင်ပင်ခဲ့ ဖို့ ကောင်းတယ်”
သူမ ရုတ်တရက် မျက်နှာပျက်သွားသည်။
“အို… အဲဒီလို မဟုတ်ပါဘူး ကိုရယ်၊ ခင်က… ခင်ကြိုက်တဲ့အရောင်ဆို ကိုလည်း သဘောကျလိမ့်မယ် ထင်လို့ပါ”
“ဟုတ်ပါပြီ… ကို ပြောတာက တခြားပစ္စည်းတွေဆို ထားပါတော့၊ ခုဟာက ခင်နဲ့ကိုနဲ့ နေရမယ့်အိမ်ကို ဘာဖြစ်လို့ ဒီလိုအစိမ်းရောင်ကြီး သုတ်ရသလဲဆိုတာ မစဉ်းစားတတ်လို့ပါ…၊ ဘာလဲ… ခင်က ကိုနဲ့ စိမ်းစိမ်း ကားကားနေမယ်ဆိုတဲ့ သဘောလား”
“မဟုတ်ပါဘူး…ကိုရယ်…၊ ခင်က ဒီအတိုင်း ရိုးရိုးလေးပဲ အစိမ်းရောင်လေး ကြိုက်လို့ ရွေးခဲ့တာပါ…၊ ကိုပြောသလို အဓိပ္ပာယ်မျိုး သက်ရောက်သွားတယ်ဆိုရင် ခင် တောင်းပန်တယ်နော်”
“မဟုတ်သေးပါဘူးကွာ…၊ ခင်…မင်း ဘာဖြစ်လို့ အဲဒီလောက်တောင် မတွေးတတ်ရတာလဲ…၊ တကယ်ဆို ကိုတို့နှစ်ယောက်ရဲ့ ဘဝက အမြဲတမ်း နီးနီးကပ်ကပ် နေရတဲ့ ဘဝမျိုးလည်း မဟုတ်တာ မင်းအသိ…၊ ကို့မှာ ဘယ်လောက် စိတ်ဆင်းရဲခံပြီး မင်းနဲ့ခွဲပြီး အလုပ်လုပ်နေရလဲဆိုတာ မင်းမသိဘူး …၊ အကြာကြီး ခွဲပြီးမှ တွေ့ရပြန်တော့လည်း မင်းက ထင်ရာစိုင်းပြီး မင်းသဘောနဲ့မင်း လုပ်ချင်ရာ လုပ်တယ်…၊ တော်ပြီ ကွာ…တော်ပြီ… ဆက်ပြီး မပြောချင်တော့ဘူး …”

သူက စိတ်တိုတောင်းစွာ ပြောပြီး လှည့်ထွက်သွားသည်။ သူအိမ်ထဲဝင်သွားမှ သူမ မျက်ရည်တွေ တလိမ့် လိမ့် ကျဆင်းလာလေသည်။
*  *  *  *  *  *

“ကို…ဒီနေ့ ဘာချက်စားရင် ကောင်းမလဲ၊ ကို စားချင်တာ ပြောလေ…”
“တော်ပါကွာ… ခင် ချက်တဲ့ဟင်းကိုသာ စောင့်ပြီး စားရမယ်ဆိုရင်…ကိုတော့ ဒီနေ့ ငတ်မှာ သေချာ တယ်…၊ ခင်က အလုပ်လုပ်တာ အရမ်းနှေးတာပဲ၊ အချိန်တိုနဲ့ ပြီးရမယ့် အလုပ်တစ်ခုကို ဘာလို့ အချိန် ဆွဲနေတာလဲ…၊ ခုကိုပဲ … ကို့ကို စကားလာပြောနေတာနဲ့တင် တော်တော်အချိန်ပုပ်နေပြီ…။ ကို ဒီလိုပြော လို့ စိတ်တော့ မဆိုးနဲ့ …၊ ခင်က အခုချိန်ထိ ဘာမှ ရေရေရာရာ လုပ်တတ်ကိုင်တတ်တာ မရှိဘူး …၊ အဲဒီ အကျင့်ကို ဖျောက်စမ်းပါကွာ…ဟုတ်ပြီလား”
“…………..”
*  *  *  *  *  *  

“ခင်ရေ! …၊ ခင် ဘာလုပ်နေတာလဲ … ဒီကို ခဏ လာပါဦး…”
“လာပြီ ကို…၊ လာပြီ”
“ကဲ၊ ပြော…၊ ဘာပြောမလို့လဲ”
“ဒီနားမှာ ထားတဲ့ ကို့ရဲ့ စီဒီခွေတစ်ချပ် တွေ့မိသေးလား …၊ ကာဗာမရှိဘဲ အိတ်ခွံချည်းပဲ ရှိတဲ့ဟာလေ…”
“သြော်…အဲဒါလား၊ တွေ့မိတယ်လေ…၊ ရော့…ဒီမှာ၊ ခင် စီဒီချပ်တွေ စီရင်း အတူတူ ထပ်ထားလိုက်တာ…”
“အေး…အေး၊ ဟုတ်တယ် အဲဒီခွေပဲ…၊ ခင့်ကို တစ်ခု ပြောထားမယ်နော်…၊ နောက်ဆို ဘယ်ပစ္စည်းမဆို ကို ထားတဲ့နေရာမှာပဲထား…၊ ဘယ်မှ လျှောက်မသိမ်းနဲ့၊ ကို လိုချင်တဲ့အခါကျတော့ ခင့်ကို တစ်ဆင့်ပြန်မေးနေ ရတယ်… အဲဒါမျိုး မကြိုက်ဘူး…”
“အင်းပါ..”
…………………………………………………………………………။
…………………………………………………………………………။
………………………………………………………………………..။
………………………………………………………………………..။
ဒီလိုနဲ့….ဒီလိုနဲ့ပဲ……တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားခဲ့တဲ့နောက် အယူအဆ မတူတဲ့ သူမတို့နှစ်ယောက် …… တဖြည်းဖြည်း….ဝေးမှန်းမသိ ဝေး….ကွာ …..သွား……ခဲ့……ရ….
………………………………………………………………………။
…………………………………………………………………………………။
……………………………………………………………………………………………။
*  *  *  *  *  *    

“ခင်ရေ! … ဟေ့ … ခင်၊ ကြည့်စမ်း … စာအုပ်ဖတ်ရင်း အိပ်ပျော်နေတာကိုး”
“ဟင်…အင်…၊ ကို ဘယ်က ပြန်လာတာလဲ…”
“ဘယ်ကမှ ပြန်လာတာ မဟုတ်ဘူး…၊ အိပ်ချင်မူးတူးနဲ့ ဘာတွေ လာမေးနေတာလဲ…၊ ထတော့ … အပြင် သွားရအောင်”
“ဘယ်သွားမလို့လဲ”
“ကိုတို့ တစ်ခုခု ထွက်စားကြမယ်လေ…၊ မကောင်းဘူးလား…၊ ခင်လည်း အိမ်ထဲမှာပဲ နေရတာ ငြီးငွေ့နေ မှာပေါ့ …”
“ဒါနဲ့ … ခင့်ကို တစ်ခု ပြောရဦးမယ်…”
“ဘာများလဲ…ကို”
“ဟိုရှေ့အိမ်က သုတ်ထားတဲ့ ဆေးအစိမ်းရောင်မျိုးလေး ခင်ကြိုက်တယ်လို့ ကို့ကို ပြောဖူးတယ်နော်”
“အင်း ဟုတ်တယ်လေ…၊ ဘာဖြစ်လို့လဲ”
“ဒီတစ်ခေါက် ကိုပြန်ရောက်နေတုန်း ကိုတို့အိမ်ကလေးကို အဲဒီအရောင်မျိုးလေး ပြောင်းသုတ်မလားလို့”
“ဟင်…တကယ်ပြောတာလား ကို၊ တကယ်လား”
“တကယ်ပေါ့ ခင်ရဲ့၊ ဘာလဲ မယုံလို့လား”
“မဟုတ်ပါဘူး … ခင်က သေချာအောင် မေးကြည့်တာပါ”
“သေချာတာပေါ့ကွာ၊ ဒါနဲ့ ခင့်လက်ထဲက စာအုပ်က ဘာစာအုပ်လဲ…၊ ကို့ကို ပြစမ်းပါဦး”
“ဟင့်အင်း၊ ဒီစာအုပ်ကို … ကို ကြည့်ခွင့်မရှိဘူး….”
“ဟ…ဘာဖြစ်လို့တုန်း”
“အဲဒါ… အဲဒါ ... ခင် ကိုယ့်ဘာသာကိုယ် ရေးထားတဲ့ဝတ္ထုမို့လို့ …”
“ဟား …. ဟား ….၊ ဒါဆို ကို့မိန်းမက စာရေးဆရာမကြီးပေါ့ …၊ ဟုတ်လား …
ပြစမ်းပါဦး၊ ဘာမဟုတ်တာတွေ ရေးထားသလဲဆိုတာ…တစ်ခါလောက် ဖတ်ကြည့်ရအောင် ”
“ကိုနော် … စာရေးတာ လှောင်စရာလား…”
“ဟား … ဟား …. ဟား ….ကြည့်စမ်း ကြည့်စမ်း၊ ကို့ကို လူဆိုးမဖြစ် ဖြစ်အောင် ရေးထားတယ်ကွာ ... တကယ် ရက်စက်တယ်”
"... သူများဝတ္ထုကို ဖတ်ပြီး မရယ်ပါနဲ့.. ပြန်ပေး ...အခု  ပြန်ပေး"
"ဟား ... ဟား .... ဟား"

*  *  *  *  *  *  *  *  *  *

စိတ်ကူးထဲက ချစ်သူ့အိမ် (၁)



သဲသဲမဲမဲ ရွာသွန်းနေသော မိုးရေစက်တွေကြားက ဝိုးတဝါး တွေ့နေရဆဲဖြစ်သော ထိုအိမ်ကလေးကို သူမ ငြိမ်သက်စွာ ငေးကြည့်နေမိသည်။ သူမအတွက်တော့ ဥတုရာသီ တွေ ဘယ်လိုပြောင်းပြောင်း ထိုအိမ် ကလေးကို ငေးကြည့်နေရခြင်းသည်သာ ပျော်ရွှင်မှုတစ်မျိုးလို ဖြစ်နေသည်။ နွေရာသီရဲ့ နွေးထွေးတဲ့ ရောင်ခြည်တွေနဲ့ တက်ကြွ လန်းဆန်းနေတဲ့ အိမ်ကလေးရဲ့ပုံရိပ်တွေကို သူမ အားကျ နှစ်သက်စိတ်နဲ့ ငေးကြည့်ဖူးသလို နှင်း မှုန်တွေ တဖွဲဖွဲ ကြွေလွင့်နေတဲ့ ဆောင်းရာသီရဲ့ ဆိတ်ငြိမ်အေးချမ်းမှုတွေနဲ့ ထုံမွှမ်းထားတဲ့ အိမ်ကလေးကို လည်း သူမ မက်မော တွယ်တာစွာ ငေးကြည့်မိခဲ့ဖူးသည်။ တစ်စုံတစ်ယောက်က သူမဘဝမှာ အလိုချင် အတောင့်တဆုံး ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးမည်ဆိုလျှင် ထိုအိမ်ကလေးအား ပိုင်ဆိုင်နိုင်ခွင့်ကို သူမ တောင်းဆိုမိမည် ထင်သည်။ ထိုမျှလောက်အထိ အိမ်ကလေးက သူမရဲ့ စိတ်နှလုံးကို ညို့ငင် ဖမ်း စားနိုင်လေသည်။

ညအိပ်ချိန်ဆို မျက်လုံးများ မှိတ်လိုက်တိုင်း သူမ စိတ်ဝင်တစား စောင့်ကြည့်နေမိသော အိမ်ကလေးရဲ့ သွင်ပြင်က သူမရဲ့စိတ်အာရုံမှာ တရစ်ဝဲဝဲ ပေါ်လာမြဲဖြစ်သည်။ မကျယ်လွန်း မကျဉ်းလွန်းသော မြေ ကွက်ပေါ်မှာ ဆောက်လုပ်ထားသည့် နှစ်ထပ်အိမ်ကလေးက ရိုးရှင်း သေသပ်လှသည်။ အိမ်ကလေး မှာ ခေါင်းရင်းဘက်ကို မြေနေရာ အနည်းငယ် ချန်၍ ဆောက်ထားခြင်းဖြစ်ပြီး သူ့အတိုင်းအတာနှင့်သူတော့ ကျဉ်းသည်ဟု မဆိုသာ။ ခပ်စိပ်စိပ် ကာရံထားတဲ့ ခြံစည်းရိုးဖြူဖြူလေးရဲ့ အတွင်းဘက် အိမ်ကလေးရဲ့ မျက်နှာစာမှာ မြက်ခင်းစိမ်းစိမ်းလေးများက လေးထောင့်စပ်စပ် တိတိကျကျ ရှိနေသည်။ မြက်ခင်းစိမ်းလေး ရဲ့ဘေးမှာ ကွန်ကရစ် ခင်းထားသော လူသွားလမ်းငယ်လေးတစ်ခုက မြက် ခင်းလေးကို ဘောင်ခတ်ပေး ထားသည်။ ထိုလမ်းကလေးရဲ့ အဆုံးမှာ အိမ်ကလေးရဲ့ ဆင်ဝင်အောက်ကို ရောက်သည်။ ဆင်ဝင်အောက် ရှိ အိမ်ကလေးရဲ့ ဘယ်ဘက်ခြမ်းမှာ ဆေးအဖြူနဲ့အစိမ်းကို တစ်ကန့်စီ သုတ်ထားတဲ့ ချစ်စဖွယ် ဒန်းကလေး တစ်ခု ရှိနေသည်။ ဒန်းကလေးရဲ့ဘေးမှာ အဖြူရောင် သုံးချောင်းထောက် သံစားပွဲငယ်တစ်ခု ချထား သည်။ ထိုဒန်းကလေးနဲ့ စားပွဲဖြူဖြူလေးကို လွန်သော် အိမ်ကလေးရဲ့တံခါးဝ ရှိသည်။ ထိုတံခါးပေါက်ကား သူမ စိတ်အဝင်စားဆုံးအရာပင် ဖြစ်သည်။ သတိထားမိသလောက် သူမ ငေးကြည့်နေမိသည့်အချိန်တိုင်း ထိုတံခါးချပ်မှာ အမြဲလိုလို ပိတ်ထားလေ့ရှိသည်။ အိမ်ကလေးရဲ့ ခေါင်းရင်းဘက်ခြမ်းမှာတော့ အုတ်နံရံကို မှီပြီး တန်းရိုက်ကာ စိုက်ပျိုးထားသည့် သစ်ခွပင်များကို စီရရီ တွေ့ရသည်။ သစ်ခွပန်းများကို နေရောင်ခြည် လိုအပ်သလောက်သာ ရရှိစေဖို့ အပေါ်က ပိုက်ကွန်စိမ်းဖြင့် အုပ်မိုး ကာရံထားသေးသည်။ ပိုက်ကွန် မိုးအောက်ခြေ တစ်ဖက်ခြမ်းမှာတော့ နှင်းဆီပန်းအိုးများ စီတန်းချထားသည်ကို တွေ့ရသည်။ အခြား တစ် ဖက်ခြမ်းမှာ သစ်သားခုံတန်းရှည်လေးတစ်ခု ချထားသည်။ ဒါဟာ သူမမြင်နေကျ အိမ်ကလေးရဲ့ မပြောင်း မလဲတဲ့ အသွင်အပြင်ပင်။

သူမ အနှစ်ခြိုက်ဆုံးကတော့ အိမ်ကလေးရဲ့ စိမ်းစိုလန်းဆန်းတဲ့ အသွေးအရောင်ပင် ဖြစ်သည်။ တစ်အိမ် လုံး ရေညှိစိမ်းရောင်ဆေး သုတ်ထားပြီး ပြတင်းပေါက်ပေါင်တွေကိုတော့ အဖြူရောင်ဆေး သုတ်ထား သည်။ မှန်ပြတင်းတွေနောက်က ဧည့်ခန်းကိုတော့ အဖြူရောင် ဇာခန်းစည်းရှည်တွေကြောင့် သူမ တွေ့မြင် ခွင့် မရခဲ့ပါ။ သို့ပေမဲ့လည်း သူမကတော့ အိမ်ကလေးကို ကြည့်လိုက်တိုင်း ဖြူစင်အေးချမ်းမှုနဲ့အတူ တစ်စုံ တစ်ရာသော ခံစားချက်ကို ခံစားရမြဲဖြစ်သည်။ ထိုခံစားချက် တစ်စုံတစ်ရာသည် ဘာဆိုတာကိုလည်း သူမ ကိုယ်တိုင် အမည်မတပ်တတ်ချေ။ ထို့ကြောင့်ပင် သူမရဲ့တစ်နေ့တာမှာ အိမ်ကလေးကို စိတ်ဝင် တစား ငေးမောကြည့်ရှုရသော အလုပ်သည် သူမဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်မှန်းမသိ ဖြစ်လို့ လာခဲ့လေ သည်။

အိမ်ကလေးကို ကြည့်ရင်း သူမအနေနှင့် တစ်ခါတရံ မချင့်မရဲ ဖြစ်ရသော အချိန်များလည်း ရှိခဲ့လေသည်။ အမြဲလိုလို စေ့ပိတ်ထားတတ်သော တံခါးချပ်များရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေမလဲ၊ အိမ်ကလေး ထဲမှာ နေသူက ဘာကြောင့် အမြဲလိုလို တံခါးစေ့ပိတ်ထားရသလဲဆိုတဲ့ မေးခွန်းတွေ တွေးမိတဲ့အခါတိုင်း သူမ အိမ်ကလေးဆီသို့ အပြေးသွားကာ ပိတ်ထားသော တံခါးချပ်များကို ဆွဲဖွင့်ကြည့်လိုက်ချင်စိတ်များက ထိန်းမနိုင် သိမ်းမရ ပေါ်လာတတ်သည်။ ထိုအခါမျိုးတွင် သူမ စိတ်တွေ မွန်းကျပ်စွာဖြင့် ခပ်တိုးတိုး သက်ပြင်းချမိသည်။ ထို့နောက် အဖြေမရှိသော မေးခွန်းများကို စိတ်ရှုပ်ထွေးစွာ ခေါင်းယမ်းထုတ်ပစ် လိုက်ပြီး ပြန်လည် ငြိမ်သက်သွားမိပြန်ကာ သူမရဲ့ မျက်စိရှေ့က အိမ်ကလေးကို ငေးကြည့်နေမြဲ ငေး ကြည့်နေမိပြန်သည်။

တစ်ရက်။ အဲဒီတစ်ရက်ကတော့ သူမ အလွန် အံ့သြသွားခဲ့ရသည်။ အိမ်ကလေးကို သူမ ငေးမော ကြည့်ရှု ခဲ့စဉ် အတောအတွင်းမှာ အိမ်ကလေးနဲ့ ပတ်သက်လို့ ထူးခြားမှုကို ပထမဆုံး မြင်တွေ့လိုက်ရခြင်း ဖြစ် သည်။ သူမ ငေးကြည့်မိနေစဉ်မှာပင် အမြဲလိုလို စေ့ပိတ်ထားခဲ့သော အိမ်ကလေးရဲ့တံခါးချပ်က ပွင့်ဟ လာခဲ့သည်။ သူမ စိတ်လှုပ်ရှားစွာဖြင့် ကိုယ်ကို ကိုင်းပြီး ငုံ့ကြည့်လိုက်မိသည်။ တံခါးဝမှာ အမျိုးသမီး ငယ်တစ်ယောက် ပေါ်လာသည်။ အမျိုးသမီးက အရောင်ရင့်သော်လည်း သစ်လွင်သော အထက်အောက် ဆင်တူ ဝတ်စုံကို ဝတ်ဆင်ထားပြီး စိတ်လက်ပျော်ရွှင် နေပုံရသည်။ တံခါးဝမှ ထွက်လာပြီး ဒန်းကလေးမှာ ထိုင်လျက် ခြေထောက်ကာ ခပ်ဖြည်းဖြည်း လွှဲစီးနေသည်။ ခဏကြာတော့ အိမ်ထဲသို့ လှစ်ခနဲ ဝင်ရောက် ပျောက်ကွယ်သွားပြန်သည်။ သူမ တအံ့တသြ ကြည့်နေမိဆဲ ထိုအမျိုးသမီးငယ် ပြန်ထွက်လာ သည်။ ဟော…ဒီတစ်ခါတော့ ခုနက ဝတ်စုံမျိုး မဟုတ်ပြန်တော့။ အနည်းငယ် အရောင်နုလွင်သော ဝတ်စုံနှင့် ဖြစ်သည်။ ဒီတစ်ခါတော့ သူမ မျက်ခုံးပင့်သွားမိသည်။ ကြည့်လေ… ထိုအမျိုးသမီးငယ်သည် ခုနက စည်းနှောင်ထားသော ဆံပင်များကို ကျောပေါ်တွင် ဒီအတိုင်းပင် ဖြန့်ချထားသည်။ ဒီလိုဆိုတော့ လည်း အမျိုးသမီးငယ်သည် ရှိရင်းစွဲအသက်ထက် ပိုပြီး ငယ်နုသွားသလို ထင်ရသည်။ ခဏအကြာ အမျိုး သမီးငယ်၏ လက်ကိုင်ဖုန်း မြည်လာပြီး ပြုံးရွှင်စွာဖြင့် ရယ်မောပြောဆိုနေတာ တွေ့ရသည်။ အမျိုးသမီး ငယ်ကို ကြည့်ရင်း သူမပါ ပျော်ရွှင်မှုတွေ ကူးစက်လာသည်။ ဟုတ်ပါသည်။ သူမအနေဖြင့် ဤအိမ်ကလေး ကို သက်ဝင်လှပစေသူ အမျိုးသမီးငယ်တစ်ဦး ရှိနေသည်ကို သိလိုက်ရသောကြောင့် အိမ်ကလေးအတွက် အနည်းငယ် ဘဝင်ကျသွားသလို အမျိုးသမီးငယ်ကို ခင်မင်နှစ်လိုစိတ်လည်း ဖြစ်ပေါ်လာမိသည်။

မကြာမီမှာပင် အိမ်ကလေးရှေ့မှာ ကားတစ်စီး ရပ်လာတာ တွေ့လိုက်ရသည်။ ထို့နောက် ကားပေါ်က အမျိုးသမီးငယ်နှင့် သက်တူရွယ်တူလောက်ရှိမည့် အမျိုးသားတစ်ဦး ဆင်းလာသည်။ သူ့ကို ကြည့်ရသည်မှာ ခရီးဝေးက ပြန်လာပုံရသည်။ ကားပေါ်က အထုပ်အပိုးတွေ ချပြီးသည်နှင့် ခြံဝင်းတံခါးရှေ့ရောက်လာသော အမျိုးသမီးငယ်က အထုပ်အပိုးများကို ကူညီဆွဲယူပြီး မြက်ခင်းစိမ်းလေးဘေးက လမ်းကလေး အတိုင်း နှစ်ယောက်သား ရယ်ကာမောကာနှင့် အိမ်ကလေးဆီသို့ ကျောခိုင်း လျှောက်သွားကြသည်။ ဘာကြောင့်မှန်းမသိ၊ သူမ ထိုမြင်ကွင်းကို ငေးကြည့်နေရင်း ရင်ထဲက နာကျင်လာမိသည်။  သူတို့နှစ်ယောက် အိမ်ကလေးထဲ ဝင်ရောက် ပျောက်ကွယ်သွားချိန်မှာ သူမ ရင်ထဲ ပိုမို ဆို့ကျပ်လာကာ မိုက်ခနဲဖြစ်ပြီး လဲပြိုသွားခဲ့တော့သည်။ တကယ်တော့ သူမတွင်လည်း သူတို့နှစ်ယောက်ရဲ့ဘဝလိုမျိုး လှပတဲ့ အတိတ်တစ်ခုကို ပိုင်ဆိုင်ဖူးခဲ့သည်ဆိုတာ…..။
………………………………………………။
*  *  *  *  *  * 



Friday, September 21, 2012

ဘယ်တော့မှ လှည့်မကြည့်နဲ့




ပြီးဆုံးသွားတဲ့အချိန်တွေကို လည်ပြန်လှည့်ကြည့်ပြီး 
ဘယ်တော့မှ ဝမ်းနည်း နောင်တမရနဲ့။
ပြဿဒါးရက်တွေကို ဖြတ်ကျော်လာခဲ့ပြီပဲ။

ပေးခဲ့ဖူးတဲ့ကတိတွေတိုင်းကို ဆုပ်ကိုင် စောင့်ထိန်းနေရင်
အောင်မြင်မှုက မင်းနဲ့ ဝေးနေဦးမှာပဲ။
ဘ၀ဆိုတာ ပြီးပြည့်စုံမှုတွေနဲ့ ပြည့်နှက်နေတာ မဟုတ်ဘူးလေ။

    ဘဝရဲ့လမ်းတွေက အမြဲ နေရောင်ခြည်နဲ့ မဆုံနိုင်ဘူး။
    ထားခဲ့ဖူးတဲ့ ကတိတွေလည်း တစ်ခါတစ်ရံ ချိုးဖျက်ရတတ်တယ်။
    ကိုယ့်ရဲ့အိပ်မက်တွေလည်း လမ်းကြောင်းမှန်ကနေ တိမ်းစောင်းသွားရတတ်တယ်။

    လွဲချော်မှုတွေကြုံရတိုင်း မျက်ရည်ကျရင်း အချိန်မကုန်စေနဲ့။
    အရာအားလုံးဟာ ရာသီစက်ဝန်းလိုပဲ။
    ပျော်ရွှင်ရယ်မောချိန်ရှိသလို ဝမ်းနည်းငိုကြွေးချိန်လည်း ရှိမှာပဲ။

    အတိတ်က အရိပ်ဆိုးတွေ ချန်ခဲ့လိုက်တော့။
    ဘာမဟုတ်တဲ့ ချွတ်ချော်မှုလေးက အချိန်တန်ရင် မှေးမှိန်သွားလိမ့်မယ်။
    တောက်ပတဲ့ အနာဂတ်ကို ဖမ်းဆုပ်ဖို့ အားဖြည့်ထားလိုက်။
    နောက်တစ်နေ့ နံနက်ခင်းကို စတင်ဖို့လေ ...။


မြဝတီဇော်

Monday, September 17, 2012

ကျွန်မနဲ့ လတ်တလော

အခုတလော ကျွန်မ စာမရေးဖြစ်ဘူး ဖြစ်နေပါတယ်။ မရေးဖြစ်ဘူးဆိုတာထက် ရေးဖို့ အခြေအနေ မပေး တာပါ။ ကျွန်မခေါင်းထဲမှာ ရေးဖို့ စဉ်းစားထားတာတွေ အများကြီးရှိပေမယ့် ချမရေးဖြစ်လောက်အောင် အကြောင်းကိစ္စတွေက မျိုးစုံပါပဲ။

အဓိက အကြောင်းရင်းကတော့ သိပ်မကြာတဲ့ ရက်အပိုင်းအခြားတစ်ခုမှာ ကျွန်မ စာမေးပွဲတစ်ခု ဖြေဖို့ရှိလို့ ပါပဲ။ ဒါကြောင့် စာမေးပွဲအတွက် ကျက်ရ၊ မှတ်ရ၊ တွက်ရ၊ ချက်ရနဲ့ တစ်ရက်နဲ့တစ်ရက် ဘယ်လို အချိန် ကုန်သွားမှန်းတောင် မသိလိုက်ပါဘူး။ ကျွန်မလိုပဲ တချို့သော သူငယ် ချင်း၊ မောင်နှမ၊ မိတ်ဆွေများလည်း ကြုံဖူးကြမယ် ထင်ပါတယ်။ မနက်ဆို အလုပ်သွား၊ ညနေစောင်းမှ အိမ်ပြန်ရောက်။ ခဏနားပြီးတာနဲ့ စာအုပ်နဲ့ မျက်နှာအပ်ပြီး ကျက်ရ မှတ်ရပါတော့တယ်။ ဒါတောင် ချက်ရေးပြုတ်ရေးအတွက် ကျွန်မရဲ့ မိသားစုတွေက ကျွန်မကို နားလည်မှု အပြည့်အဝနဲ့ ဘေးမဲ့ပေးထားလို့သာ ဒီလို အဆင်ပြေပြေ စာကျက်နိုင် တာပါ။ (အဲဒီအတွက်လည်း ကျွန်မရဲ့မိသားစုများကို ကျေးဇူးအထူး တင်ရပါတယ်။) နောက်ပြီး ကျွန်မနဲ့ မတည့်အတူနေ တစ်ယောက်သောသူကလည်း ကျွန်မ ဘာလုပ်လုပ် အကောင်းသာ မပြောတာ၊ စာကျက် ရင်း အိပ်ငိုက်တတ်တဲ့ ကျွန်မအတွက် အချဉ်ထုပ်တွေ တနင့်တပိုး ဝယ်ပေးလား ပေးရဲ့၊ အိပ်ရာထဲ လှဲပြီး စာကျက်နေတဲ့ကျွန်မ နည်းနည်းလေး အိပ်ငိုက်သွားတာနဲ့ အိပ်ပျော်သွားမှာစိုးလို့ဆိုပြီး ဖုန်းထဲက အကျယ် ဆုံး Ring Tone ရွေးပြီး နားနား လာကပ်လား ကပ်ရဲ့နဲ့ ပါရမီဖြည့်ရှာပါတယ်။ တစ်ခါတစ်ခါ အဲဒီလို အသံ ကျယ်ကြီး နားနားကပ်ပြီး ကြားလိုက်ရလို့ လန့်ဖျပ်သွားတာများ ရင်တွေတုန်ပြီး စာဆက်ကျက်ဖို့တောင် အားမရှိဖြစ်ခဲ့ရဖူးပါတယ်။ ဒါပေမယ့်လည်းလေ သူက အလိုက်တသိနဲ့ ကိုယ့်အတွက် ကူညီပေးတာဆိုတော့ လည်း စိတ်ဆိုးရ ခက်သားလား။ :D

ဒါကြောင့် အခုရက်ပိုင်းအတွင်းမှာ ကျွန်မ မြဝတီဇော်တစ်ယောက် ကျောင်းစာ တစ်ဖက်၊ အလုပ်တစ်ဖက် အပြင် အခြားအခြားသော ဗာဟီရ ကိစ္စလေးတွေကြောင့် စိတ်ထဲရှိသလောက် စာတွေ မရေးနိုင် ဖြစ်နေ ပါတယ်။ ကိုယ်တိုင်က စာတွေ မရေးဖြစ်ပေမယ့် ကျွန်မ ခင်မင်လေးစား အားကျတဲ့ မိတ်ဆွေများရဲ့ စာတွေ ကိုတော့ အချိန်ရရင် ရသလို အကြွေးမထားဘဲ ဝင်ရောက် ဖတ်ရှုဖြစ်ပါတယ်။ အဲဒီလို ဝင်ရောက်ဖတ်ရှု တဲ့အခါမှာလည်း အချိန်အခက်အခဲကြောင့် မရောက်ဖြစ်တဲ့ အိမ်ကလေးတွေလည်း အများကြီး ရှိပါသေး တယ်။ အဲဒါလေးကိုလည်း ကျွန်မ တစ်ဆက်တည်း တောင်းပန်ချင်ပါတယ်။ မောင်နှမတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတို့ရဲ့ အိမ်ကလေးကို လာမလည်ချင်တာ မဟုတ်ရပါ၊ လာလည်ဖို့ အချိန်ဆင်းရဲနေလို့ပါ လို့။ နောက်ပြီး ကျွန်မအနေနဲ့ လတ်တလော အခြေအနေအရ ကျွန်မရဲ့ ဘလော့လေးကို လာရောက် လည် ပတ်ကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ မောင်နှမများ ပို့စ်အသစ်လေးတွေ မတွေ့တဲ့အခါ ရွှေ စိတ်တော် ငြိုငြင်ပြီး လာမလည်ဘဲ မနေကြပါနဲ့လို့ အားလုံးကို အားနာစွာနဲ့ပဲ တောင်းပန်ချင်ပါတယ်။ ကျွန်မ စာမေးပွဲဖြေပြီးတဲ့ အခါ အသစ်အသစ်သော အကြောင်းအရာတွေနဲ့ စာကြွေးတွေ ဆပ်ပါရစေလို့ ကြိုတင် အသိပေး မေတ္တာ ရပ်ခံပါရစေရှင်။ စာတွေ အမြဲ လာရောက် ဖတ်ရှုပေးကြလို့ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်နော်။ 

အားလုံးပဲ နေ့ရက်တိုင်းမှာ ပျော်ရွှင်ချမ်းမြေ့မှုတွေနဲ့ ပြည့်စုံပါစေလို့


ခင်မင် လေးစားလျက်
မြဝတီဇော်