Monday, September 17, 2012

ကျွန်မနဲ့ လတ်တလော

အခုတလော ကျွန်မ စာမရေးဖြစ်ဘူး ဖြစ်နေပါတယ်။ မရေးဖြစ်ဘူးဆိုတာထက် ရေးဖို့ အခြေအနေ မပေး တာပါ။ ကျွန်မခေါင်းထဲမှာ ရေးဖို့ စဉ်းစားထားတာတွေ အများကြီးရှိပေမယ့် ချမရေးဖြစ်လောက်အောင် အကြောင်းကိစ္စတွေက မျိုးစုံပါပဲ။

အဓိက အကြောင်းရင်းကတော့ သိပ်မကြာတဲ့ ရက်အပိုင်းအခြားတစ်ခုမှာ ကျွန်မ စာမေးပွဲတစ်ခု ဖြေဖို့ရှိလို့ ပါပဲ။ ဒါကြောင့် စာမေးပွဲအတွက် ကျက်ရ၊ မှတ်ရ၊ တွက်ရ၊ ချက်ရနဲ့ တစ်ရက်နဲ့တစ်ရက် ဘယ်လို အချိန် ကုန်သွားမှန်းတောင် မသိလိုက်ပါဘူး။ ကျွန်မလိုပဲ တချို့သော သူငယ် ချင်း၊ မောင်နှမ၊ မိတ်ဆွေများလည်း ကြုံဖူးကြမယ် ထင်ပါတယ်။ မနက်ဆို အလုပ်သွား၊ ညနေစောင်းမှ အိမ်ပြန်ရောက်။ ခဏနားပြီးတာနဲ့ စာအုပ်နဲ့ မျက်နှာအပ်ပြီး ကျက်ရ မှတ်ရပါတော့တယ်။ ဒါတောင် ချက်ရေးပြုတ်ရေးအတွက် ကျွန်မရဲ့ မိသားစုတွေက ကျွန်မကို နားလည်မှု အပြည့်အဝနဲ့ ဘေးမဲ့ပေးထားလို့သာ ဒီလို အဆင်ပြေပြေ စာကျက်နိုင် တာပါ။ (အဲဒီအတွက်လည်း ကျွန်မရဲ့မိသားစုများကို ကျေးဇူးအထူး တင်ရပါတယ်။) နောက်ပြီး ကျွန်မနဲ့ မတည့်အတူနေ တစ်ယောက်သောသူကလည်း ကျွန်မ ဘာလုပ်လုပ် အကောင်းသာ မပြောတာ၊ စာကျက် ရင်း အိပ်ငိုက်တတ်တဲ့ ကျွန်မအတွက် အချဉ်ထုပ်တွေ တနင့်တပိုး ဝယ်ပေးလား ပေးရဲ့၊ အိပ်ရာထဲ လှဲပြီး စာကျက်နေတဲ့ကျွန်မ နည်းနည်းလေး အိပ်ငိုက်သွားတာနဲ့ အိပ်ပျော်သွားမှာစိုးလို့ဆိုပြီး ဖုန်းထဲက အကျယ် ဆုံး Ring Tone ရွေးပြီး နားနား လာကပ်လား ကပ်ရဲ့နဲ့ ပါရမီဖြည့်ရှာပါတယ်။ တစ်ခါတစ်ခါ အဲဒီလို အသံ ကျယ်ကြီး နားနားကပ်ပြီး ကြားလိုက်ရလို့ လန့်ဖျပ်သွားတာများ ရင်တွေတုန်ပြီး စာဆက်ကျက်ဖို့တောင် အားမရှိဖြစ်ခဲ့ရဖူးပါတယ်။ ဒါပေမယ့်လည်းလေ သူက အလိုက်တသိနဲ့ ကိုယ့်အတွက် ကူညီပေးတာဆိုတော့ လည်း စိတ်ဆိုးရ ခက်သားလား။ :D

ဒါကြောင့် အခုရက်ပိုင်းအတွင်းမှာ ကျွန်မ မြဝတီဇော်တစ်ယောက် ကျောင်းစာ တစ်ဖက်၊ အလုပ်တစ်ဖက် အပြင် အခြားအခြားသော ဗာဟီရ ကိစ္စလေးတွေကြောင့် စိတ်ထဲရှိသလောက် စာတွေ မရေးနိုင် ဖြစ်နေ ပါတယ်။ ကိုယ်တိုင်က စာတွေ မရေးဖြစ်ပေမယ့် ကျွန်မ ခင်မင်လေးစား အားကျတဲ့ မိတ်ဆွေများရဲ့ စာတွေ ကိုတော့ အချိန်ရရင် ရသလို အကြွေးမထားဘဲ ဝင်ရောက် ဖတ်ရှုဖြစ်ပါတယ်။ အဲဒီလို ဝင်ရောက်ဖတ်ရှု တဲ့အခါမှာလည်း အချိန်အခက်အခဲကြောင့် မရောက်ဖြစ်တဲ့ အိမ်ကလေးတွေလည်း အများကြီး ရှိပါသေး တယ်။ အဲဒါလေးကိုလည်း ကျွန်မ တစ်ဆက်တည်း တောင်းပန်ချင်ပါတယ်။ မောင်နှမတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတို့ရဲ့ အိမ်ကလေးကို လာမလည်ချင်တာ မဟုတ်ရပါ၊ လာလည်ဖို့ အချိန်ဆင်းရဲနေလို့ပါ လို့။ နောက်ပြီး ကျွန်မအနေနဲ့ လတ်တလော အခြေအနေအရ ကျွန်မရဲ့ ဘလော့လေးကို လာရောက် လည် ပတ်ကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ မောင်နှမများ ပို့စ်အသစ်လေးတွေ မတွေ့တဲ့အခါ ရွှေ စိတ်တော် ငြိုငြင်ပြီး လာမလည်ဘဲ မနေကြပါနဲ့လို့ အားလုံးကို အားနာစွာနဲ့ပဲ တောင်းပန်ချင်ပါတယ်။ ကျွန်မ စာမေးပွဲဖြေပြီးတဲ့ အခါ အသစ်အသစ်သော အကြောင်းအရာတွေနဲ့ စာကြွေးတွေ ဆပ်ပါရစေလို့ ကြိုတင် အသိပေး မေတ္တာ ရပ်ခံပါရစေရှင်။ စာတွေ အမြဲ လာရောက် ဖတ်ရှုပေးကြလို့ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်နော်။ 

အားလုံးပဲ နေ့ရက်တိုင်းမှာ ပျော်ရွှင်ချမ်းမြေ့မှုတွေနဲ့ ပြည့်စုံပါစေလို့


ခင်မင် လေးစားလျက်
မြဝတီဇော်

4 comments:

  1. သတိရနေခဲ့တာပါ..ဘာများဖြစ်နေလဲလို့ပေါ့....ခုမှပဲစိတ်ချမ်းသာသွားတော့တယ်...အော်..စာမေးပွဲရှိနေလို့ကိုး...ဖြေနိုင်ပါစေဇော်ရေ...
    ဆုတောင်းပေးပါတယ်နော်...
    ခင်မင်နေတဲ့..မိုးနတ်

    ReplyDelete
  2. သတိရနေပါတယ်ဇော်ရေ
    နားလည်ပေးထားပြီးသားပါ ကိုယ်တိုင်လဲ မအားတာများလို့လေ
    အားတဲ့အခါစာတွေပြန်တင်နော် စောင့်နေမယ်

    ReplyDelete
  3. မအားလပ်ဘူးဖြစ်နေတာကို ကျန်းမာရေးကောင်းတယ်ဆိုလို့ စိတ်မပူတော့ပါဘူး ။စာအသစ်တွေမျှော်နေပါ့မယ်

    ReplyDelete
  4. မိုးနတ်ကြယ်စင် >> စာမေးပွဲအတွက် ဆုတောင်းပေးလို့ ကျေးဇူးပါ မိုးနတ်ရေ...

    စံပယ်ချို >> နားလည်ပေးတဲ့အတွက် ကျေးဇူးပါ မမစံပယ်။ :)

    လွင်ပြင်လှိုင်းငယ် >> ကိုလွင်ပြင်ရေ...စာတွေအမြဲ ဝင်ဖတ်ပြီး ဝေဖန်အကြံပြုပေးလို့ ကျေးဇူးတင်လျက်ပါနော်

    ReplyDelete