Tuesday, May 22, 2012

ကျောင်းစိမ်းအင်္ကျီလေး

အချိန်က ညနေငါးနာရီခန့် ဖြစ်သည်။ သူငယ်ချင်းတစ်ယောက်က ၀ယ်စရာရှိ၍ စူပါမားကတ်တစ်ခုသို့ အဖော်အဖြစ် လိုက်ပါခဲ့သည်။ ကျောင်းပြန်ဖွင့်ချိန် နီးသောကြောင့် စူပါမားကတ်ရှေ့တွင် ကျောင်းဝတ်စုံ၊ ရေဘူး၊ ကွန်ပါဘူး၊ ထီး၊ မိုးကာ၊ ဦးထုပ်၊ ဖိနပ်၊ ကျောပိုးအိတ် စသည်တို့ကို ခြင်းကြီးများနှင့် ထည့်ကာ အထူးဈေးဖြင့် ရောင်းချနေသည်ကို တွေ့ရသည်။ ထိုရှေ့တွင် အမျိုးသမီး ကြီး/ငယ်တို့သည် ကြိတ်ကြိတ်တိုး ၀င်ရောက် ကြည့်ရှု ၀ယ်ယူနေကြသည်။

သူငယ်ချင်းဖြစ်သူက သူလိုချင်သည့် ပစ္စည်းကို စူပါမားကတ်အတွင်း  တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ရှာဖွေ ၀ယ်ယူနေသည်ကို သူ့နောက်က စိတ်မပါ့တပါဖြင့် ဟိုငေးဒီငေး လိုက်ကြည့်ရင်း အချိန်ဖြုန်းနေမိသည်။ သူငယ်ချင်းကလည်း ဟိုပစ္စည်းယူရ ကောင်းနိုးနိုး၊ ဒီပစ္စည်းယူရ ကောင်းနိုးနိုးနှင့် ရွေးချယ်၍ စိတ်တိုင်း မကျ နိုင် ဖြစ်နေသည်။ အချိန်အတော်ကြာ လှည့်ပတ်ကြည့်ရှုပြီးသည့်နောက် သူငယ်ချင်းက သူလိုချင်သော ပစ္စည်း ၀ယ်ယူပြီးနောက် စူပါမားကတ်အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။

အပေါက်ဝက ထွက်ထွက်ချင်းတွင် ဆိုခဲ့သော ခြင်းကြီးများဖြင့် ရောင်းချနေသည့် ဈေးတန်းကလေး ရှိသည်။ ထိုဈေးတန်းကလေးမှ ရှေ့ဆက်လျှောက်သွားလျှင် မလှမ်းမကမ်း၌ သူငယ်ချင်းစီးရမည့် ကားမှတ်တိုင် ရှိ သည်။ ထို့ကြောင့် သူငယ်ချင်းကို ပြန်ပို့ရန်အတွက် ထိုကားမှတ်တိုင်သို့ လျှောက်ခဲ့သည်။ မှတ်တိုင်တွင် ကားစောင့်နေရင်း ဘာရယ်မဟုတ် စူပါမားကတ်ရှေ့က ဈေးတန်းကလေးတွင် လူတွေ တိုးကြိတ်ဝယ်ယူ နေသည်ကို ကြည့်နေမိသည်။

ထိုစဉ်မှာပင်  အသံတစ်ခုက ကျွန်မနားထဲ တိုးဝင်လာသည်။ အသံရှင်ကို စူးစမ်းမိတော့ လုံခြုံရေးဝန်ထမ်း တစ်ဦးက တိုးဝှေ့ဝယ်ယူနေသူများထဲကို ကြည့်ကာ "အေးပါ၊ ရောင်းပေးမှာပါ၊ ခဏပဲ စောင့်၊ ဟုတ်ပြီလား" ဟု တစ်ဖုံ၊ "အေး ရမယ်... ရမယ်၊ ၀ယ်ရမယ်၊ စိတ်ချ၊ အပေါ်ကို အကြောင်းကြားထားတယ်၊ အခု ခဏစောင့်" ဟု တစ်နည်း ပြောဆိုနေသည်။ စိတ်ထဲတွင် ထူးဆန်းသလို ဖြစ်မိသောကြောင့် အခြေအနေကို စောင့် ကြည့်နေမိသည်။ မကြာခင်မှာပဲ သူငယ်ချင်းဖြစ်သူ စီးရမည့် ကားလာသောကြောင့် သူငယ်ချင်း ပြန်သွား သည်။ ကျွန်မလည်း ပြန်ရမည့် ကားမှတ်တိုင်ရှိရာသို့ သွားရန် ထိုဈေးတန်းလေး ရှေ့မှ ဖြတ်လျှောက် လိုက်သည်။

ဈေးတန်းကလေး ရှေ့သို့အရောက် စပ်စုချင်စိတ်က တားမရသဖြင့် လူများ ၀ိုင်းအုံကြည့်ရှုနေသည့်အကြား တိုးဝင်၍ ဟိုဟိုသည်သည် ကြည့်မိသည်။ ပစ္စည်းတွေ ထည့်ထားသည့် ခြင်းရှေ့သို့အရောက် ကျွန်မရှေ့၌ အသက် ခုနစ်နှစ်ခန့်အရွယ် ကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုကလေးမှာ အ၀တ်အစား ခပ်နွမ်း နွမ်း ၀တ်ဆင်ထားပြီး ပစ္စည်းတွေ ထည့်ထားသောခြင်း၏ ရှေ့တွင် ရပ်လျက်ရှိသည်။ သူ့မျက်လုံးများမှာ လုံခြုံရေးဝန်ထမ်း အမျိုးသားဆီသို့ မမှိတ်မသုန် ငေးကြည့်နေသည်။ သူ့ကို သေသေချာချာ ကြည့်မိတော့ သူ့ပုံစံမှာ ဉာဏ်ရည်ချို့တဲ့နေသူဟု သိလိုက်ရသည်။ ကျွန်မ စိတ်ဝင်တစား ဖြစ်သွားပြီး သူဘာလာလုပ် သလဲဆိုသည်ကို မသိမသာ အကဲခတ်နေမိသည်။

ထိုစဉ်မှာပင် ထိုကလေးငယ်သည် လက်တစ်ဖက်ကို အပေါ်သို့ မြှောက်လိုက်ပြီး ပါးစပ်မှ ၀ူးဝူးဝါးဝါး အသံ တချို့ ပြုလိုက်သည်။ သူ့အသံကြောင့် လုံခြုံရေးဝန်ထမ်းက သူ့ကိုငုံ့ကြည့်ပြီး ကျွန်မကြားခဲ့သော စကားကို ထပ်ပြောလိုက်ပြန်သည်။ "အေးပါ၊ မင်း ၀ယ်ရမယ်နော်။ ခဏလေးစောင့်။ ငါ အပေါ်ကို အကြောင်းကြား ထားတယ်၊ မင်းကို ရောင်းမှာပါ။ စိတ်မပူနဲ့နော်။ ဟုတ်လား" ဟု ပြောလိုက်သည်။ ထိုအခါမှ ကျွန်မ သူက ဘာကိုဝယ်ချင်တာပါလိမ့်ဟု စပ်စုမိတော့ သူကိုင်ထားတဲ့ ပစ္စည်းလေးကို မြင်လိုက်ရချိန်မှာ ကျွန်မရင်ထဲ ဆို့နင့်သွားပါတော့သည်။

ထိုကလေးငယ်သည် ဘယ်ဘက်လက်ထဲတွင် အဖြူအစိမ်းဂါဝန် ခပ်သေးသေးတစ်ထည်ကို ကိုင်ထားပြီး ညာဘက်လက်ထဲမှာတော့ နွမ်းကြေနေသော တစ်ထောင်တန်တစ်ရွက်နှင့် နှစ်ရာတန်အနွမ်းလေးတစ်ရွက် ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခြင်း ဖြစ်ပါသည်။ အင်္ကျီလေးရဲ့တန်ဖိုးမှာ နှစ်ထောင့်နှစ်ရာဟု ရေးထား ပါသည်။ သို့သော်လည်း ဤကလေးမှာ သူ့တွင်ရှိသမျှ ပိုက်ဆံလေးနှင့် အင်္ကျီလေးကို ၀ယ်ယူဖို့ ကြိုးစားနေ ခြင်းဖြစ်ကြောင်း သိလိုက်ရပါသည်။ ပို၍ ထူးခြားသည်မှာ ထိုကလေးသည် မိန်းကလေး မဟုတ်ပါ။ ယောက်ျားလေး  ဖြစ်ပါသည်။

ကျွန်မ၏ အတွေးတွေ တစ်ခဏချင်း ဆူဝေသွားရပါသည်။ ထိုကလေးငယ်သည် အဆင်ပြေသော မိသားစုမှ ဟုတ်ပုံမရပါ။ သူဝယ်သော အင်္ကျီလေးမှာလည်း သူဝတ်ဖို့ရာ မဟုတ်မှန်း သိသာနေပါသည်။ သို့ဖြစ်လျှင် သူ သည်းကြီးမည်းကြီး ၀ယ်ယူလိုသော ကျောင်းစိမ်းဂါဝန်လေးသည် သူ့ညီမလေးအတွက်သာ ဖြစ်ရပေမည်။ ညီမလေးကို ကျောင်းတက်စေချင်လွန်းသောကြောင့် သူ့ခွန်အားလေးနှင့် ရှာဖွေထားသော ငွေဖြင့် ကျောင်း စိမ်းအင်္ကျီကို ၀ယ်ပေးခြင်း ဖြစ်နိုင်မည်။ ထိုသို့ တွေးမိသောအခါ ကျွန်မရင်ထဲတွင် နင့်နင့်နဲနဲ ခံစားလိုက်ရ သည်။ ခုနစ်နှစ်အရွယ် ကလေးတစ်ယောက်၏ ရင်ထဲတွင် ဖြူစင်ရိုးသားမှုနှင့်အတူ မိသားစုစိတ်ဓာတ် ပီသ မှုကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည်။

ကျွန်မ ဆုံးဖြတ်ချက်တစ်ခုကို ခပ်မြန်မြန် ချလိုက်သည်။ ဈေးရောင်းသူကို ကလေးငယ် လိုချင်သော အင်္ကျီ ကလေး၏ တန်ဖိုးအတွက် ကျွန်မ ပေးချေပါမည်ဟု ပြောလိုက်သည်။ ထိုအခါ ထိုကလေးငယ်က လက်ဟန် ခြေဟန်ဖြင့် ၀ူးဝူးဝါးဝါး ပြောသည်။ သူ့ဆန္ဒက သူပိုင်ငွေဖြင့်သာ ဂါဝန်လေးကို ၀ယ်ယူလိုသည်။ ထို့ကြောင့် ကျွန်မက လိုနေသော ငွေတစ်ထောင်ကို စိုက်ပေးမည်ဟု ပြောဆိုနေစဉ်မှာပင် ထိုစူပါမားကတ်မှ ၀န်ထမ်း အမျိုးသမီးလေးတစ်ဦးက ကတ္ထူစက္ကူပုံး အလတ်စားတစ်ခုကို မ၍ ကျွန်မတို့နား ရောက်လာသည်။ သူမက ကလေးငယ်အကြောင်း အထက်လူကြီးများထံ ပြောပြသောကြောင့် ကလေးငယ်အား ချီးကျူးဂုဏ်ပြုသည့် အနေဖြင့် သူမတို့ စူပါမားကတ်မှ ကလေးအသုံးအဆောင် အချို့ကို ပေးလိုက်မည်ဖြစ်ကြောင်း ပြောပြပါ သည်။

ကလေးငယ်၏ ၀မ်းပန်းတသာ မျက်လုံးများကို ကျွန်မ ရင်ထဲ ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်တော့ပါ။ သူ့မျက်ဝန်းထဲတွင် ပျော်ရွှင်ကြည်နူးမှုနှင့်အတူ ဘ၀ကို သတ္တိရှိရှိ ရင်ဆိုင်ရဲသည့် ရဲရင့်တောက်ပသည့် အရိပ်အယောင်များ လွှမ်းခြုံနေသည်ကို ထင်ထင်ရှားရှား မြင်တွေ့လိုက်ရပါသည်။

ကျွန်မရဲ့ အိမ်အပြန်လမ်းတစ်လျှောက်တွင်တော့ ထိုကလေးငယ်၏ ရဲရင့်သော သတ္တိ၊ သွေးသားရင်းချာ အပေါ် နွေးထွေးသော စောင့်ရှောက်မှု၊ ကြင်နာသော မိသားစုစိတ်ဓာတ်နှင့် တတ်နိုင်သည့် အတိုင်းအတာ အလျောက် တာဝန်ယူတတ်မှုတို့ကို တစိမ့်စိမ့် တွေးရင်း ရင်ထဲတွင် ဖော်မပြနိုင်သော ဝေဒနာတစ်မျိုးကို ခံစားခဲ့ရပါသည်။ ကျွန်မတို့ ပတ်ဝန်းကျင်ရှိ အချို့သော စာရိတ္တချို့တဲ့၍ သူများပစ္စည်းကို အချောင်လိုချင် စိတ် ရှိကြသူ၊ အလွယ်လမ်း လိုက်ကြသူများသာ ဤကလေးငယ်လို စိတ်ထားမျိုး၊ အမူအကျင့်မျိုးနှင့် ရိုးဂုဏ် မျိုး ရှိခဲ့ပါလျှင် ကျွန်မတို့ရဲ့ လူ့လောကကြီးမှာ ပို၍ သာယာချမ်းမြေ့နေလိမ့်မည်ဟု ယုံကြည်နေမိပါသည်။



မြ၀တီဇော်





Saturday, May 19, 2012

"ခြားနားချက်များ"



အမှန်တရား ဆိုတိုင်းလည်း ...
တစ်ခါတလေ ... မှားတတ်တယ်။

ကံတရား ဆိုတိုင်းလည်း ...
တစ်ခါတလေ ... ခါးသက်တယ်။

"ခံစားချက်"ချင်း တူပေမယ့် ...
"ခံယူချက်"ချင်း ... ထပ်တူပြုဖို့ ခက်တယ်။

တွေးတာချင်း တူပေမယ့် ...
ရေးတာချင်း ... ကွဲတယ်။

ပေးတာချင်း တူပေမယ့် ...
ဝေးကွာမှ .... တန်ဖိုးထားမှုကို သိတယ်။

သံယောဇဉ် ထားတိုင်းလည်း ...
အရောင်အသွေးတွေ ခြားနားတယ်။

စေတနာ စကား ဆိုပေမယ့်လည်း ...
(တစ်ခါတလေမှာ ... ဝေဒနာ ဖြစ်သွားမှန်း မသိလို့)
နားလည်မှု လွဲတယ်။     ။


မြ၀တီဇော်

အိပ်မက်များနဲ့ ကခုန်ခြင်း


လူတိုင်းလိုလို အိပ်မက် မက်ဖူးကြပါတယ်။ အိပ်မက်ဆိုတာ လက်တွေ့ဘ၀မှာ အကောင်အထည်မပြနိုင်တဲ့ မသိစိတ်ရဲ့ အလုပ်လုပ်ခြင်း၊ သို့မဟုတ် စေ့ဆော် အားထုတ်မှုပြုခြင်းလို့ မှတ်သားဖူးပါတယ်။ တစ် နည်းပြောရရင် လက်တွေ့မှာ မဖြစ်နိုင်ပေမယ့် အိပ်မက်ထဲမှာတော့ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကို မသိစိတ် က ပုံဖော် လုပ်ဆောင်ပေးခြင်းပါပဲ။ ဒါပေမဲ့ ဒါဟာ အတုအယောင်ဖြစ်ပြီး လက်တွေ့ အကောင် အထည်ဖော်ဖို့ ကတော့ သိစိတ်ရဲ့ ဦးဆောင် စီမံခန့်ခွဲနိုင်မှုပေါ်မှာ မူတည်ပါတယ်။

 လူတိုင်းမှာ စိတ်ကူးအိပ်မက်ဆိုတာ ရှိတတ်ကြပါတယ်။ ဒီစိတ်ကူးအိပ်မက်တွေကို လက်တွေ့ အကောင် အထည် ဖော်နိုင်တဲ့သူတွေ ရှိသလို၊ အကောင်အထည်ဖော်ဖို့ အထမမြောက်သေးတဲ့သူတွေလည်း ကျွန်မတို့ ပတ်ဝန်းကျင်မှာ အများအပြား ရှိကြပါတယ်။ အဓိက ကတော့ ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်ဆိုတာ ကြိုးစား ရင် ဖြစ်နိုင်တယ်ဆိုတဲ့ ထက်သန်တဲ့ယုံကြည်မှု ထားရှိဖို့ပါပဲ။

ဒီနေရာမှာ ပြောချင်တာတစ်ခုက "စိတ်ကူးအိပ်မက်"ဆိုတဲ့ အသုံးအနှုန်းနဲ့ "စိတ်ကူးယဉ် အိပ်မက်"ဆိုတဲ့ အသုံးအနှုန်းကို သတိပြုမိစေချင်ပါတယ်။ "စိတ်ကူးအိပ်မက်"ဆိုတဲ့ အသုံးအနှုန်းဟာ "အပြု သဘောဆာင်သော ကြံရွယ်ရည်စူးမှုပါတဲ့ စိတ်ရဲ့ ထက်သန်မှု" ဆိုတဲ့အဓိပ္ပာယ်ကို ကိုယ်စားပြုပြီး "စိတ်ကူး ယဉ် အိပ်မက်" ဆိုတာကတော့ "စိတ်ရဲ့စေစားရာ၊ လွင့်မျောရာအတိုင်း စိတ်ကူး ရွက်လွှင့်ခြင်း"ကို ဆိုလို ပါတယ်။ လက်တွေ့ဘဝမှာ စိတ်ကူးယဉ်အိပ်မက်ထဲကအတိုင်း ဖြစ်မလာနိုင်မှန်း သိပေမယ့် စိတ်ကို လွတ်လပ်စွာ လွင့်မျောစေခြင်းဖြင့် မိမိကိုယ်ကို အပန်းဖြေခြင်း၊ ဒါမှမဟုတ် ကိုယ့်ရဲ့စိတ်ကို လှည့်စားပြီး စိတ်ချမ်းသာမှု ရယူသော နည်းလမ်းတစ်မျိုးလို့ ဆိုလိုချင်တာပါ။

ကိုယ့်စိတ်ထဲက ခိုင်မာတဲ့ ထက်သန်မှုဟာ တွန်းအားအဖြစ်နဲ့ "စိတ်ကူးအိပ်မက်"ကို မွေးဖွားပေးနိုင်သလို၊ ကိုယ့်စိတ်ရဲ့ လိုလားတောင့်တချက်တွေဟာလည်း တဒင်္ဂ စိတ်ပျော်ရွှင်မှုအဖြစ် "စိတ်ကူးယဉ် အိပ်မက်" ကို ဖန်တီးပေးပါတယ်။ ကျွန်မတို့အနေနဲ့ ဘယ်လိုအိပ်မက်မျိုးကို မက်ခဲ့တာပဲဖြစ်ဖြစ်၊ မက်ဖို့ ကြိုးစားနေတာ ပဲဖြစ်ဖြစ် အိပ်မက်နှစ်ခုရဲ့ သေချာတဲ့ ဂုဏ်သတ္တိကတော့ ဒီအိပ်မက်တွေဟာ ကျွန်မတို့ကို အနည်းနဲ့အများ စိတ်အေးချမ်းသာမှုကို ပေးစွမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မတို့ရဲ့ ကိုယ်ပိုင် စိတ်ကူးအိပ်မက်တွေကို ပုံဖော်ထုဆစ်ရင်း စိတ်ကူးယဉ် အိပ်မက်တွေ နဲ့ ပျော်ရွှင်ခြင်း ကောင်းကင်မှာ လွတ်လပ်စွာ ပျံသန်းရင်း ဘ၀ခရီး ဆက်ကြပါစို့။


မြဝတီဇော်

Thursday, May 17, 2012

ဝေးလွင့်နေဆဲ ပန်းနှင်းဆီ



   " ငယ်ငယ်တုန်းက သူငယ်ချင်း၊ အရမ်းချစ်ဖို့ကောင်းတယ်"  ဆိုတဲ့ အဆိုတော်မေဆွိရဲ့အသံကို အမှတ် မထင် ကြားမိတဲ့အခါ ကျွန်မရဲ့စိတ်အာရုံမှာ မူလတန်းတုန်းက သူငယ်ချင်းတစ်ယောက်ကို ဖျတ်ခနဲ သတိရ လိုက်မိပါတယ်။ သူနဲ့စပြီး သိတဲ့နေ့က ကျွန်မ သူငယ်တန်း စတက်တဲ့နေ့ ဖြစ်ပါတယ်။

ကျွန်မအသက် ၅ နှစ်မှာ သူငယ်တန်း စတက်ရပါတယ်။ ၁၉၈၆ ခုနှစ်လောက်ကပါ။ ကျွန်မ တက်ရတဲ့ မူလ တန်းကျောင်းက ကျွန်မတို့အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ ရှိပါတယ်။ ကျောင်းနာမည်က အခြေခံပညာ ဗဟို မူလတန်းကျောင်းပါ။ (အခုတော့ ဗဟိုမူလွန်ကျောင်း ဖြစ်နေပါပြီ။) သူနဲ့ကျွန်မ စတွေ့ပုံက ဒီလိုပါ။

ကျွန်မ ကျောင်းစတက်တဲ့နေ့မှာ ကျွန်မရဲ့မေမေက ကျွန်မကို ကျောင်းခန်းထဲအထိ လိုက်ပို့ပြီး အတန်းရဲ့ ရှေ့ဆုံးခုံမှာ နေရာချပေးပါတယ်။ အတန်းပိုင်ဆရာမထံမှာလည်း ကျွန်မကို အပ်ပေးပါတယ်။ အဲဒီတုန်းက ကျွန်မတို့ အတန်းပိုင် ဆရာမက မေမေ့သူငယ်ချင်းပါ။ အင်္ဂလိပ်စာ သင်ပါတယ်။ ဆရာမက ပိန်ပိန်ပါးပါး၊ အသားဖြူဖြူပါ။ ကျွန်မ မေမေကို စိတ်ချပါလို့ ရယ်ရယ်မောမော ပြောရင်း ကျွန်မကိုလည်း မကြာခဏ လှမ်း ကြည့်နေပါတယ်။ ကျွန်မထိုင်ရတဲ့ခုံက သုံးယောက်ထိုင် ခုံတန်းရှည်ပါ။ ကျွန်မရဲ့ ဘေးတစ်ဖက် တစ်ချက်မှာ ကောင်မလေးနှစ်ယောက် ထိုင်နေကြပါတယ်။ ကျွန်မကတော့ ဘေးက ကောင်မလေးတွေနဲ့ သူငယ်ချင်းဖွဲ့ ဖို့ နေနေသာသာ သေချာတောင် လှည့်မကြည့်ခဲ့မိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက လူကြောက်တတ် သူမို့ပါ။ နောက်ပြီး ကျွန်မကို ကျောင်းလိုက်ပို့တဲ့မေမေ ကျွန်မ မမြင်အောင် ဘယ်အချိန်မှာ အိမ်ပြန်သွားမလဲ ဆိုတဲ့စိတ်နဲ့ မေမေ့ကိုပဲ မျက်စိအောက်က အပျောက်မခံ လိုက်ကြည့်နေခဲ့တာမို့ပါ။ တကယ်တော့ ကျွန်မ ကျောင်းမှာ တစ်ယောက်တည်း မနေခဲ့ချင်ပါဘူး။ မေမေနဲ့ပဲ အိမ်ကို ပြန်လိုက်သွားချင်နေခဲ့ပါတယ်။

 ဒီလိုနဲ့ ခဏကြာတော့ ကျောင်းတက်ခေါင်းလောင်း ထိုးပါတယ်။ ဆရာမက မိဘတွေ အားလုံးကို စာသင်ခန်းထဲက ထွက်ပေးဖို့ မေတ္တာရပ်ခံနေပါတယ်။ အဲဒီအချိန်မှာ တချို့ ကလေးတွေလည်း ငိုတဲ့သူက ငို၊ မိခင်တွေက သူတို့သားသမီးတွေကို ချော့တဲ့သူက ချော့နဲ့ ဆူညံနေပါတယ်။ ကျွန်မမေမေလည်း ကျွန်မကို ချော့မော့ပြီး အိမ်ပြန်ဖို့ ပြင်ဆင်ပါတယ်။ တစ်ယောက်တည်း ကျန်နေခဲ့ရတော့မယ် ဆိုတဲ့အသိနဲ့ ကြောက်ပြီး ကျွန်မ မျက်ရည်တွေ ကျလာပါတော့တယ်။ ဆရာမ ခမျာလည်း ဟိုကလေး ချော့ရ၊ ဒီကလေး ခြောက်ရနဲ့ အတော်မောနေပါပြီ။ ဒါကြောင့် ဆရာမက ကျွန်မတို့ခုံရှေ့က သူ့စားပွဲကို ကြိမ်လုံးနဲ့ ခပ်ဆတ်ဆတ်လေး သုံးလေးချက် ရိုက်လိုက်ပါတယ်။ ငိုသံတွေ ခဏတော့ တိတ်သွားပါတယ်။ ပြီးမှ ကြောက်ကြောက်လန့်လန့်နဲ့ အော်ငို လိုက်တဲ့အသံတွေက ဆူညံပွက်လော ရိုက်ပြီး ထွက်လာပြန်ပါတော့တယ်။ တရှုပ်ရှုပ် ငိုနေတဲ့ ကျွန်မ ကို မေမေက ညနေကျောင်းက ပြန်လာရင် မုန့်ဝယ်ကျွေးမယ်တို့၊ အဖြူအစိမ်း ဂါဝန်လှလှလေး ၀ယ်ပေးမယ် တို့ စသည်ဖြင့် အမျိုးမျိုး ချော့မော့နှစ်သိမ့်နေပါတယ်။

 အဲဒီအချိန်မှာပဲ ကျွန်မလက်ကို တစ်ယောက်ယောက်က လှမ်းဆွဲလိုက်ပါတယ်။ ကျွန်မ လှည့်ကြည့်လိုက် တော့ မျက်နှာမှာ သနပ်ခါး အဖွေးသား လိမ်းထားပြီး ပါးဖောင်းဖောင်း၊ မျက်လုံးတောက်တောက်ကလေးနဲ့ ခေါင်းမှာ ကျောက်နှင်းဆီပွင့် အဖြူရောင်လေးတွေ ပန်ထားတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရ ပါတယ်။ အဲဒီကောင်မလေးက ကျွန်မလက်ကို ဆွဲပြီး သူ့ဘေးမှာ ထိုင်ဖို့ ခေါ်နေတာ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်မ ပါးပေါ်က မျက်ရည်တွေကိုလည်း သုတ်ပေးရင်းနဲ့ ကျွန်မကို ထိုင်ခုံမှာထိုင်ဖို့ အသာ ဆွဲခေါ်ပါတယ်။ ကျွန်မလည်း ကိုယ်နဲ့ရွယ်တူ သူငယ်ချင်းအသစ်ရလို့ အာရုံပြောင်းသွားပြီး အငိုရပ်ကာ သူ့ဘေးမှာ ပြောင်း ထိုင်လိုက်ပါတယ်။ နောက် တော့ သူနဲ့ စကားတွေပြောကြရင်း မေမေ ဘယ်အချိန် အိမ်ပြန်သွားမှန်းတောင် မသိလိုက်ပါဘူး။ နောက်တော့မှ မေမေက စာသင်ခန်း အပြင်ဘက်က ငုဝါပင်အောက်မှာ အချိန်အတော် ကြာ ရပ်ကြည့်နေပြီး ကျွန်မ မငိုတော့မှ အိမ်ပြန်သွားကြောင်း ပြန်ပြောပြပါတယ်။

အဲဒီနေ့ကစပြီး ကျွန်မဘ၀မှာ ပထမဦးဆုံး ကျောင်းတက်ဖော် သူငယ်ချင်းတစ်ယောက် ရခဲ့ပါတယ်။ ခုချိန်မှာ သူ့နာမည်ကို ကျွန်မ မမှတ်မိတော့ပေမယ့် ကျွန်မတို့ငယ်ငယ်က နာမည်လေးလုံး မှည့်တာ ခေတ်စားတာမို့ သူ့အမည်ဟာ နာမည်လေးလုံး ပါဝင်တယ် ဆိုတာတော့ မှတ်မိနေပါတယ်။ နုနယ်လှတဲ့ ကလေးဘ၀မှာ ပထမဆုံး သူငယ်ချင်းဖြစ်ခဲ့တဲ့ သူ့ကို တစ်နှစ်တစ်တန်းအောင်လို့ ကျောင်းဖွင့်ချိန်တွေရောက်တိုင်း ကျွန်မ အမြဲသတိတရ ရှိနေခဲ့ပါတယ်။ နောက်ပြီး သူက ကျွန်မတို့ကျောင်းမှ စာသင်နှစ်ဝက် မရောက်မီမှာပဲ သူ့မိဘ တွေ အလုပ်တာဝန်အရ ပြောင်းရွှေ့ရာဒေသကို လိုက်ပါသွားခဲ့တာမို့ နောက်ထပ် ပြန်မဆုံဖြစ်ခဲ့ကြတော့ တာ ယခုအချိန်ထိပါပဲ။ တကယ်တော့ သူနဲ့ကျွန်မ ခင်မင်ခဲ့ရတဲ့ အချိန်က နှစ်လ၊ သုံးလလောက်သာ ရှိပါ တယ်။ သူပြောင်းသွားစ အချိန်က စိတ်မကောင်း ဖြစ်ခဲ့ရပေမဲ့ နောက်ပိုင်းမှာ တခြား သူငယ်ချင်းတွေလည်း ရနေပြီမို့ သိပ်မကြာခင်မှာပဲ သူ့ကို ကျွန်မ မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့ပါတယ်။

အခု ပြန်တွေးကြည့်မိတဲ့အခါ ဆယ်စုနှစ် နှစ်ခုကျော် အချိန်ကြာလာခဲ့ပြီးမှ သူ့ကို မကြာခဏ ပြန်ပြီး သတိရ နေမိပါတယ်။ ခုချိန်ဆို ကျွန်မရဲ့ ပထမဦးဆုံး ခင်မင်ခဲ့ရတဲ့ ကျောင်းတက်ဖော် သူငယ်ချင်းမလေး တစ်ယောက် ဘယ်ဆီများ ရောက်နေပြီလဲ။ သူငယ်တန်း တက်တုန်းက သူကိုယ်တိုင် ကူညီဖေးမခဲ့ဖူးတဲ့ ခဏခဏငိုတတ်တဲ့၊ မျက်ရည်လွယ်တဲ့ သူငယ်ချင်းတစ်ယောက်ကို ပြန်မှတ်မိနိုင်ပါဦးမလား။ ကွဲကွာခဲ့ပြီးတဲ့ နောက် တစ်ကြိမ်တစ်ခါမှ ပြန်မဆုံတော့တဲ့ သူငယ်ချင်း၊ ထစ်ခနဲရှိ မျက်ရည်လွယ်လွန်းလို့ ဆရာမကိုယ်တိုင် "မျက်ရည်မင်းသမီး"လို့ နာမည်ပေးထားတဲ့ သူငယ်ချင်းကို ပြန်စဉ်းစားမိတဲ့အခါ မှတ်မိနိုင်ပါဦးမလားဆိုတာ တွေးမိရင်း စိတ်လှုပ်ရှားမှုနဲ့အတူ ၀မ်းနည်းသလို ခံစားရပါတယ်။ အခုအချိန်မှာ ကျွန်မ ခင်မင်ခဲ့ဖူးတဲ့ သူငယ် ချင်းရဲ့ လက်ရှိ ရုပ်ရည်ကို မမှန်းဆနိုင်ပေမဲ့ ငယ်ငယ်တုန်းက မျက်နှာမှာ သနပ်ခါးဖွေးဖွေး၊ ပါးဖောင်း ဖောင်း၊ မျက်လုံးတောက်တောက်လေးတွေနဲ့အတူ ခေါင်းမှာ ကျောက်နှင်းဆီပွင့် ဖြူဖြူသေးသေးလေး ပန် ထားပြီး ပြုံးပြနေတဲ့ ခင်မင်နှစ်လိုဖွယ် ချစ်စရာ့ မျက်နှာလေးကိုတော့ ကျွန်မရဲ့မှတ်ဉာဏ်ထဲမှာ အခုအချိန် ထိ စွဲထင်ကျန်ရစ် မှတ်မိနေဆဲပါဆိုတာ ငယ်ငယ်တုန်းက ကျွန်မသူငယ်ချင်းလေး သိအောင် ကူညီပြီး ပြောပေးကြပါဦးနော်။


 မြ၀တီဇော်

Wednesday, May 16, 2012

လမ်းပေါ်က လမ်းစကား


လူအချင်းချင်း ဆက်သွယ်ပြောဆိုမှုတွင် "စကား"သည် အသုံးအတွင်ကျယ်ဆုံး ဆက်သွယ်ရေးစနစ် တစ်ခု ဖြစ်ပါသည်။ "စကား" ပြောဆိုရာတွင် မိမိဆိုလိုသည့် အဓိပ္ပာယ်ကို တစ်ဖက်သားမှ လွယ်ကူစွာ နားလည်သဘောပေါက်စေရန် ချိုသာပြေပြစ်စွာ သုံးနှုန်းပြောဆိုတတ်ရန်လည်း လိုပါသည်။ စကားပြော ဆိုခြင်းနှင့် ပတ်သက်၍ လိုက်နာစောင့်ထိန်းသင့်သည်များကို ရှေးပညာရှိများက ကျင့်ဝတ်နီတိအမျိုး မျိုးဖြင့် ပြဆို ဆုံးမခဲ့ကြပါသည်။ ဥပမာဆိုရလျှင် " နှုတ်ချို သျှိုတစ်ပါး "၊ " နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ "၊ "စကားစကား ပြောပါများ၊ စကားထဲက ဇာတိပြ" စသဖြင့် စကားဆိုရာတွင် သတိပြုရမည့် အပြောအဆို များကို သတိပေး လမ်းညွှန်ခဲ့ကြပါသည်။

ယနေ့ ကျွန်မတို့ ပတ်ဝန်းကျင်တွင် လူတစ်ယောက်နှင့် တစ်ယောက် ပြောဆိုဆက်သွယ်ရာ၌ အသုံးပြု သော စကားများသည် လိုရင်းပေါက်မြောက်အောင် ပြောဆိုခြင်းက နည်းပါးလာသည်။ သူ့ထက်သူ စကား သာအောင် ပြောဆိုကြခြင်းက ပိုများလာသည်။ မိမိတို့အကြောင်းကိစ္စအလျောက် ပြောသင့်ပြောထိုက်သည့် စကား ပြောဆိုခြင်းကို မဆိုလိုပါ။ မိမိအတွက်လည်း အကျိုးမရှိ၊ တစ်ဖက်သားအတွက်လည်း အကျိုး မရှိသော စကားများ အဆင်ခြင်မဲ့ ပြောဆိုနေခြင်းကိုသာ ဆိုလိုပါသည်။ စကားတစ်ခွန်းကြာင့် ကိစ္စ များစွာ ပြီးမြောက်စေနိုင်သလို မိမိ၏စကားတစ်ခွန်းကြောင့်ပဲ မလိုလားအပ်တဲ့ နောက်ဆက်တွဲများ ဖြစ်ပေါ် လာနိုင်ကြောင်း အဖြစ်အပျက်လေးတစ်ခုကို ရေးပြချင်ပါသည်။

လွန်ခဲ့သော နှစ်ရက်ခန့်က ရုံးဆင်းချိန်တစ်ခု ဖြစ်ပါသည်။ ရာသီဥတုမှာ အုံ့အုံ့ဆိုင်းဆိုင်းနှင့် မိုးရွာတော့ မယောင် မည်းမှောင်နေပါသည်။ ကားမှတ်တိုင်တိုင်းတွင်လည်း လူအများ စုစုဝေးဝေးနှင့် အိမ်ပြန်ဖို့ စိုင်းပြင်းနေကြသည်။ ကျွန်မသည် ထိုင်ခုံမရသော်လည်း မိုးနှင့်လေနှင့်မို့ မှတ်တိုင်တွင် ရပ်ထား သည့် ရှေ့ဆုံးဘတ်စ်ကားဖြင့်သာ အိမ်ပြန်ခဲ့ပါသည်။ စီးမိသည့် ဘတ်စ်ကားကလည်း မှတ်တိုင်တွင် လူစောင့်ခေါ်၍ အားရမှ တစ်မှတ်တိုင်ချင်း တအိအိနှင့် ထွက်လာပါသည်။ ဂိတ်စမှ ထွက်ကတည်းက လူအပြည့် တင်ဆောင်လာရသည့်အထဲ ရပ်သည့် မှတ်တိုင်တိုင်းတွင် လူများ ထပ်ထပ်တင်သောအခါ ကားပေါ်မှ လူများမှာ မလှုပ်သာ မရှားသာနှင့် ကျောက်ရုပ်ကဲ့သို့ ဒုက္ခခံပြီး စီးကြရပါသည်။

ဂိတ်စမှ ထွက်၍ သုံးမှတ်တိုင်မြောက်တွင် မီးပွိုင့်တစ်ခု ဖြတ်ရပါသည်။ ထိုမီးပွိုင့်မှ စ၍  တန်းစီနေသော ကားတန်းရှည်ကြီးမှာ ကုန်းတံတားထိပ်သို့ပင် ရောက်နေပါသည်။ ကားတန်းရှည်ကြီးမှာ တရွေ့ရွေ့ဖြင့် ရှေ့ တိုးလိုက်၊ ရပ်လိုက်နှင့် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့နေပါတော့သည်။ ကားပေါ်က လူများမှာ ပူ အိုက်ခြင်း၊ ညောင်းညာခြင်း ဒုက္ခကို ပီပီပြင်ပြင် ခံစားနေကြရသည်။ ကားပေါ်မှ ခရီးသည်များမှာ ရှေ့မှာ ကားတိုက်မိလို့ များလား၊ လမ်းပြင်နေလို့များလားနှင့် တစ်ယောက်တစ်ပေါက် စိတ်ထင်ရာ ပြောဆိုနေကြ ပါသည်။ တရွေ့ရွေ့နှင့်ပင် ကျွန်မ စီးလာသောကားသည် ကုန်းကျော်တံတားကို လှမ်းမြင်ရသော နေရာ သို့ ရောက်လာခဲ့ပါသည်။

ထိုအခါ ကျွန်မတို့ စီးလာသော ကားမှ ယာဉ်နောက်လိုက်က ကားပေါ်မှ ဆင်း၍ အခြေအနေသွားကြည့်ကာ ယာဉ်မောင်းကို ပြန်ပြောပြပါသည်။ ဖြစ်ပုံမှာ ကျွန်မတို့ စီးလာသော ကား၏ ရှေ့သုံးစီးမြောက် ကားနှင့် တစ်ဖက်ကွေ့ကြောမှ ကွေ့ဝင်မည့် ကားတို့မှာ ခေါင်းချင်းဆိုင်လျက်သား ဖြစ်နေကြောင်း သိရပါသည်။ ယာဉ် တိုက်မှု ဖြစ်ခြင်းလည်း မဟုတ်ပါ။ တစ်ဖက်ယာဉ်ကြောမှ ယာဉ်ငယ်က ကျွန်မတို့ရှိရာဘက် တစ်လမ်းမောင်း ယာဉ်ကြောသို့ ခေါင်းတိုးဝင်ပြီး ဖြတ်ကွေ့ဖို့ ကြိုးစားသည်။ ထိုအခါ တစ်လမ်းမောင်းဖြစ်သော ကျွန်မတို့ ဘက်ခြမ်းရှိ ရှေ့က ယာဉ်မှ ဖြတ်ကွေ့ခွင့်မပေးဘဲ တင်းခံနေသောကြောင့် ခေါင်းချင်းဆိုင်လျက် ဖြစ်နေ ရခြင်း ဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦးလည်း သူမှန်သည်၊ ငါမှန်သည်နှင့် ငြင်းခုံနေကြသဖြင့် ယခုကဲ့သို့ အချိန် ကြာမြင့်နေကြောင်းလည်း သိရပါသည်။

ထိုယာဉ်နှစ်စီးကို မောင်းနှင်သော ယာဉ်မောင်းတို့၏ အနိုင်မခံ၊ အရှုံးမပေးသော တလွဲမာနများကြောင့် မလိုလားအပ်သော အချိန်ဆုံးရှုံးမှုများ ဖြစ်ခဲ့ရပါသည်။ အကယ်၍သာ တစ်ဦးနှင့်တစ်ဦး ချိုသာပြေပြစ် စွာ ပြောဆိုဆက်ဆံ ဖြေရှင်းကြလျှင် ဤသို့သောအဖြစ်မျိုး ကြုံရမည် မဟုတ်ပါ။ လမ်းပေါ်မှာ သွားလာနေ ကြသော လမ်းအသုံးပြုသူ အချင်းချင်း ဦးစားပေးခြင်း၊ ခွင့်လွှတ် နားလည်ပေးခြင်းဟူသော "လမ်းစကား " ကို ချိုသာပြေပြစ်စွာ ဆိုခဲ့ကြလျှင် မလိုလားအပ်သော အချိန်ကြန့်ကြာမှု ကိစ္စများလည်း ပေါ်ပေါက်လာမည် မဟုတ်ပါ။ ယာဉ်ကြီးမှ ယာဉ်ငယ်မှဆိုသည့် ရုပ်ဝတ္ထုအပေါ်မှီခိုပြီး ဖြစ်ပေါ်လာသည့် အတ္တစိတ်ကြောင့် စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်တို့ကို ပျက်ကွက်ခြင်းသည် အသိဉာဏ် ကင်းမဲ့ခြင်း ပင် ဖြစ်သည်။

ထို့ကြောင့် လူအချင်းချင်း စကားပြောဆို ဆက်သွယ်ရာတွင် အားနည်းလာသောအခါ လူတို့နှင့် ဆက်စပ် ပတ်သက်ရာ ရုပ်ဝတ္ထုပိုင်းတွင်ပါ အကျိုးသက်ရောက်မှု ရှိလာပါသည်။ ကိုယ့်အမြင်၊ ကိုယ့်အယူအဆသာ အမှန်ဟု ဆုပ်ကိုင်ပြီး တစ်ဖက်သား၏ အမြင်၊ အယူအဆတို့သည် ယုတ္တိမရှိ၊ မမှန်ကန်ဟု လှေနံဓားထစ် မှတ်ယူကြသူတွေ၊ မိမိကိုယ်တိုင်က လမ်းစည်းကမ်းကို မလိုက်နာသော်လည်း တစ်ဖက်သားကို "ငါ့စကား နွားရ" ပြောဆိုတတ်သူတွေသာ "လမ်းပေါ်က လမ်းစကား"ကို အချင်းချင်း ပြောဆိုဆက်ဆံ လိုက်နာ နားလည်ကြလျှင် ယာဉ်အန္တရာယ် ကင်းဝေးရုံမျှမက လိုရာခရီးကို စိတ်ချမ်းမြေ့စွာ သွားလာနိုင်လိမ့် မည်ဟု ယုံကြည်မိပါသည်။

မြဝတီဇော်

Monday, May 14, 2012

ကြည့်ရှုစောင့်ရှောက်မှုတွေ ပေးစေချင်

  
ကျွန်မတို့ မြန်မာစကားမှာ "နှုတ်ဖြင့် စောင်မခြင်း"ဆိုတဲ့ အသုံးအနှုန်းကို အကျွမ်းတ၀င် ရှိကြမယ်လို့ ထင်ပါတယ်။ သုံးနှုန်းတဲ့ စကားလုံးအရ ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင် ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အခါ၊ ဒါမှ မဟုတ် အခွင့်အရေး မပေးတဲ့အခါ ကိုယ်တတ်စွမ်းသမျှ အတိုင်းအတာတစ်ခုအထိ ကူညီစောင့်ရှောက် မှု ပေးခြင်းလို့ အဓိပ္ပာယ်ပေါ်လွင်ပါတယ်။ ဒီလို ကိုယ်တတ်နိုင်တဲ့ အပိုင်းကနေ တပိတပိုင်း ကူညီခြင်းကို လည်း မင်္ဂလာတစ်ပါးလို့ ဆိုခွင့်ရချင်ပါတယ်။

မြန်မာ့လူမှုဓလေ့မှာ "ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား" ဆိုတဲ့ ကျင့်ဝတ် အစဉ် အလာတစ်ခု ရှိပါတယ်။ အသက်၊ ဂုဏ်၊ ၀ါ ကြီးသူများအား ရိုသေခြင်းကို ပါဠိဘာသာနဲ့ "ဂါရဝေါစ" လို့ သုံးပါ တယ်။ "နိဝါတောစ" ဆိုတာကတော့ မိမိကိုယ်ကို နှိမ့်ချခြင်း ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေဟာ မိမိထက် အသက်အရွယ်ကြီးသူများကို ရိုသေသမှုနှင့် ဦးစားပေးလေ့ ရှိကြပါတယ်။ ဒါ့အပြင် သက်တူရွယ်တူ အချင်း ချင်းကို လေးစားမှု ထားရှိကြသလို ကိုယ့်ထက် အသက်အရွယ် ငယ်သူများကိုလည်း သနားချစ်ခင် စိတ်ဖြင့် ညှာတာတတ်ကြပါတယ်။ အခက်အခဲနှင့် တွေ့ကြုံလာသူဆိုလျှင်လည်း ကိုယ်တတ်စွမ်းသမျှ ဖေးဖေးမမနှင့် ကူညီစောင့်ရှောက်မှု ပေးလေ့ရှိကြပါတယ်။ ဒါဟာ မြန်မာလူမျိုးတို့ရဲ့ ချစ်စရာ ဓလေ့ထုံးစံတစ်ခု ဖြစ်ပါ တယ်။

တစ်စုံတစ်ယောက်ကို ကြည့်ရှုစောင့်ရှောက်ခြင်းကို အင်္ဂလိပ်ဘာသာမှာ look after လို့ သုံးနှုန်းပါတယ်။ စကားစပ်မိလို့ ဗဟုသုတ အနေနဲ့ ပြောရမယ်ဆိုရင် look after ကို ကြိယာအနေနဲ့ သုံးတဲ့အခါ သိတတ်သည် လို့ အဓိပ္ပာယ်ရပါတယ်။ နောက်ဝေါဟာရတစ်ခုဖြစ်တဲ့ look at  ဆိုတာကတော့ အားလုံးသိရှိပြီးဖြစ်တဲ့ ကြည့် သည်ဆိုတဲ့ အဓိပ္ပာယ်အပြင် လေ့လာသည်၊ ရှုမြင်သည်၊ ကြည့်ရှု စစ်ဆေးသည်ဆိုပြီး ဆင့်ပွား အဓိပ္ပာယ် များနဲ့လည်း အကြောင်းကိစ္စကိုလိုက်ပြီး သုံးနှုန်းကြပါသေးတယ်။

ယနေ့အချိန်မှာ အားနည်းသူ၊ ခိုကိုးရာမဲ့သူတွေကို ဖြူစင်သန့်ရှင်းတဲ့ စိတ်ထားနဲ့ ဖေးမ ကူညီ စောင့်ရှောက်နေကြတဲ့သူတွေရှိသလို အဲဒီလို စောင့်ရှောက်မှုပေးတဲ့သူတွေကို အဖြူရောင်သက် သက်ဖြစ်တဲ့ မျှော်လင့်ချက်နဲ့ စောင့်စားနေကြတဲ့သူတွေလည်း ကမ္ဘာနဲ့အ၀ှမ်းမှာ ရှိနေပါတယ်။ မျှော် လင့်စောင့်စားခြင်းကို အင်္ဂလိပ်ဘာသာမှာ look for/ look forward ဆိုပြီး သုံးလေ့ရှိပါတယ်။ တစ်စုံ တစ်ယောက်ကို မျှော်လင့်စောင့်စားနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒါ့အပြင် လူတွေမှာ တစ်ခါတရံ မိမိ ရဲ့ရှေ့ရေးကို မျှော်တွေးကြည့်မိတာမျိုး ရှိနိုင်ပါတယ်။ အဲဒီလို ရှေ့ရေးကို မျှော်တွေးခြင်းကို look ahead လို့ သုံးနှုန်းတယ်လို့ မှတ်သားမိပါတယ်။

မိမိရဲ့ ဖြူစင်တဲ့ကရုဏာစိတ်နဲ့ အတုံ့အပြန်ကို မမျှော်လင့်ဘဲ တစ်စုံတစ်ယောက်ကို ပြုစုစောင့်ရှောက်ပေး ရတဲ့ ပီတိဟာ ဘယ်အချိန် ပြန်တွေးတွေး ကျွန်မတို့ရဲ့စိတ်ကို ချမ်းမြေ့ကြည်နူးစေတာ အမှန်ပါ။ အဲဒီ လို တွေးမိလိုက်တိုင်း ကျွန်မတို့ လက်လှမ်းမမီသေးတဲ့ နေရာက ခိုကိုးရာမဲ့သူများကို တွေ့မိတဲ့အခါ look through လို့ခေါ်တဲ့ မြင်လျက်သားနဲ့ မမြင်ယောင် မပြုကြဘဲ look after  ဆိုတဲ့ ကြည့်ရှု စောင့်ရှောက်မှုတွေကို မိမိတတ်နိုင်တဲ့ အတိုင်းအတာအလျောက် ပြုလုပ်ပေးကြစေဖို့ ရည်ရွယ်ပြီး ဒီဆောင်းပါးလေးကို ရေးဖြစ် ပါတယ်။




မြ၀တီဇော်

Sunday, May 13, 2012

သက်ရှည်ကျန်းမာ တို့ကမ္ဘာ



      လူ့လောကသို့ သက်ရှိတစ်ဦးအဖြစ် မွေးဖွားလာပြီးသည့်နောက် လူတိုင်းလူတိုင်းသည် အသက် ရှည်ရှည်နေရဖို့ မျှော်လင့်ချက် ရှိကြသည်ဟုဆိုလျှင် မှားမည်မထင်ပါ။ အသက်အရွယ် အပိုင်းအခြားအရ ငယ်ရွယ်သူကလည်း ငယ်ရွယ်သူအလျောက်၊ အသက် ကြီးရင့်သူကလည်း ကြီးရင့်သူအလျောက် ကိုယ်စီ ကိုယ်ငှ သက်ရှည်ကျန်းမာခြင်းဟူသော ဆုလာဘ်ကို ပိုင်ဆိုင်လိုကြသည်။ သက်ရှည်ကျန်းမာဖို့အတွက် လိုအပ်ချက်ဟူသမျှကိုလည်း ကျင့်သုံးလိုက်နာနိုင်ရန် ကြိုးပမ်းရှာဖွေလေ့ ရှိကြပါသည်။ ယခုအခါ ကမ္ဘာနှင့် အ၀န်းတွင် သက်ရှည်ကျန်းမာမှုသည် အလေးထားဖွယ်ရာ ဘာသာရပ်တစ်ခုအဖြစ် ထင်ရှားလျက်ရှိသည်။

      သက်ရှည်ကျန်းမာဖို့ရာ မည်သည့်အရာတွေက အထောက်အကူ ပြုပါသနည်း။ ခေတ်လူတို့သည် မိမိတို့ ၏ နေထိုင်မှုပုံစံ၊ အလေ့ အထ၊ အစားအသောက်တို့ဖြင့် လူ့သက်တမ်းကို ဆွဲဆန့်နိုင်သည်ဟု သိရှိလက်ခံ ထားကြပြီး ဖြစ်ပါသည်။ ထိုနည်းလမ်းများဖြင့် သက်ရှည်ကျန်းမာခြင်းကို အမှန်တကယ်ပင် ရယူနိုင်ပါသည်။ ရာခိုင်နှုန်းအားဖြင့်ဆိုသော် ၇၀ ရာခိုင်နှုန်းခန့် အောင်မြင်နိုင်ပါသည်ဟု ဆိုလျှင် ဤအဆိုကို လက်ခံနိုင်ကြပါ မည်လား။ ကျန်သည့်ရာခိုင်နှုန်းသည် အဘယ်ကြောင့် အငြင်းပွားဖွယ်ဖြစ်အောင် ကျန်ရှိနေရပါသနည်း။ အကြောင်းရှိပါသည်။

     လူတို့သည် နေ့စဉ်နှင့်အမျှ ပြုဖွယ်ဆောင်တာကိစ္စတို့မှာ များပြားလှပေသည်။ လူမှုကိစ္စအ၀၀တို့ဖြင့် နေ့တစ်နေ့ကို အစပြုပြီး၊ ပြေးလွှားလှုပ်ရှားနေရင်းဖြင့်ပင် တစ်နေ့တာ ကုန်ဆုံးသွားရပြန်သည်။ ဤသို့သော နေ့ရက်များစွာကို ကျော်ဖြတ်လာရသည့်အခါ အကြောင်းကိစ္စကိုလိုက်၍ လူတို့၏စိတ်မှာ ပင်ပန်းနွယ်နယ် လာရသည်။ ငြီးငွေ့မှုတွေ ကြုံလာရသည်။ စိတ်အေးချမ်းမှု နည်းပါးလာ ကြသည်။ မနက်မိုးလင်းသည်နှင့် ဆောင်ရွက်စရာအလုပ်များက တန်းစီ၍ စောင့်နေကြသည်။ တစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ပြီး သည်နှင့် နောက်တစ်ခုက အဆင်သင့် စောင့်ကြိုနေပြန်သည်။ ထိုအခြေအနေမျိုးသည် တစ်ခါတည်းနှင့် ပြီးဆုံးသွားသည်ဟူ၍ မရှိ။ တစ်နေ့ပြီး တစ်နေ့၊ တစ်ရက်ပြီး တစ်ရက်မှသည် အသက်ရှင်နေသမျှ ကာလ ပတ်လုံး အခြေအနေကိုလိုက်၍ အနည်းအများ ရှိနေဦးမည်သာဖြစ်သည်။

      အထက်တွင် ဖော်ပြခဲ့သော ကျန်ရှိနေသည့် ၃၀ ရာခိုင်နှုန်းသည် ဆိုခဲ့သော အခြေအနေများပေါ်တွင် တည်မှီနေပါသည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးတွင် စိတ်နှင့်ရုပ်ခန္ဓာတို့ မျှတစွာ ရှင်သန်နိုင်ရန် အရေးကြီးသောကြောင့်ပင် ဖြစ်ပါသည်။ ရုပ်ခန္ဓာ၏ ပြုလွယ်ပြင်လွယ်သော သဘောသည် စိတ်ခန္ဓာ၏ ကြိုးကိုင်ထိန်းချုပ်မှုပေါ်တွင် ရာနှုန်းပြည့် မူတည်သည်။ စိတ်ခန္ဓာက တွေးတောကြံစည် စေခိုင်းသမျှကို ရုပ်ခန္ဓာက ပြီးမြောက်အောင် ဆောင်ရွက်ပေးသည်။ လူတို့၏ စိတ်ခန္ဓာတွင် နာမကျန်းဖြစ်လာသည့်အခါ ရုပ်ခန္ဓာအပေါ် တိုက်ရိုက် အကျိုးသက်ရောက်စေတော့သည်။ ထို့ကြောင့်ပင် လူတို့တွင် ရောဂါဘယဟူ၍ ဖြစ်ပေါ် ခံစားလာရတော့သည်။

  ဆိုလိုရင်းမှာ သက်ရှည်ကျန်းမာစေဖို့အတွက် အဓိက လိုအပ်ချက်တစ်ရပ်မှာ အကောင်းမြင်တတ်သော စိတ် ထားရှိနိုင်ရန်ပင် ဖြစ်ပါသည်။ အရာရာအပေါ် အကောင်းဘက်က တွေးတောခြင်းဖြင့် မိမိ၏စိတ်ကို ကြည်လင်သန့်စင်စေပါသည်။ အကောင်းမြင်စိတ်ထား ပိုင်ဆိုင်သူတစ်ဦးသည် အခြားသော သက်တူရွယ်တူ လူတစ်ယောက်ထက် ပို၍နုပျိုပြီး အသက်ရှည်ရှည် နေထိုင်နိုင်ကြ သည်။ အကောင်းမြင်စိတ်ကြောင့် သူ့ဘ၀သည် ရှင်သန်နေထိုင်ဖို့ရာ နှစ်သက်ဖွယ်ဖြစ်နေသည်။ သူ့အမြင်တွင် လောကကြီးသည် နရီ စည်းချက်ကျစွာဖြင့် ဖြစ်ပျက်ပြောင်းလဲနေသည်။ လောကဓံတရားသည် သူ၏ အကောင်းမြင်စိတ်ကို မဖျက်ဆီးပစ်နိုင်။ ထိုအခါ အေးချမ်းသော စိတ်အနေသည်ပင် သူ့ဘ၀၏ သက်ရှည်ကျန်းမာဖို့ရာ အကြောင်း တရား ဖြစ်နေတော့သည်။

      နိဂုံးချုပ်အားဖြင့်ဆိုသော် လူတို့နေထိုင်ရာ လောကကြီးတွင် အကောင်းမြင်စိတ်တို့ ပိုမိုတိုးပွား ပျံ့နှံ့စေ သင့်သည်။ အကောင်းမြင် စိတ်အပေါ် အခြေခံပြီး လူသားအချင်းချင်း စာနာနားလည်၊ ဖေးကူ လက်တွဲသင့် ကြသည်။ ကမ်းသောလက်နှင့် တွဲသောလက်တို့ ချိတ်ဆက်မိမိ ရှိမှသာလျှင် သက်ရှည်ကျန်းမာသော လူ့ဘောင်လောကကို တည်ဆောက်နိုင်လိမ့်မည်ဟု ယူဆမိပါသည်။




မြ၀တီဇော်

ထားရှိအပ်တဲ့ စေတနာ

     
  ကျွန်မတို့ ပတ်ဝန်းကျင်မှာ တစ်စုံတစ်ယောက်ရဲ့ကောင်းကျိုးအတွက် ဆောင်ရွက်လိုက်တဲ့ ကိစ္စတစ်ခု အပေါ် အဲဒီလူဆီက မထင်မှတ်တဲ့ တုံ့ပြန်မှုကို ခံရတဲ့အခါ "စေတနာဟာ လူတိုင်းနှင့် မထိုက်တန်ဘူး"လို့ ကျွန်မတို့ ပြောဆိုမိတတ်ကြပါတယ်။ တကယ်တမ်း ပြန်တွေးကြည့်ရင် (ကျွန်မတို့အနေနဲ့) သူတစ်ပါးအတွက် ထားရှိလိုက်တဲ့စေတနာဟာ အဲဒီလူအတွက် အမှန်တကယ် အကျိုး ပြု-မပြု ဆိုတဲ့အချက်ကို မတွေးမိဘဲ ကူညီလိုက်ခြင်းကြောင့် တစ်ဖက်သားအပေါ်မှာ မရည်ရွယ်ဘဲ ထိခိုက်နစ်နာမှုတွေ ဖြစ်သွား တတ်ပါတယ်။


      ကျွန်မတို့ပတ်ဝန်းကျင်မှာ ကျွန်မတို့က စေတနာထားရသူ၊ ကျွန်မတို့အပေါ် စေတနာထားကြတဲ့သူတွေ ရှိနိုင်ပါတယ်။ အဲဒီလူတွေ အပေါ် ထားရှိတဲ့ ကျွန်မတို့ရဲ့ စေတနာဟာ အဲဒီလူတွေအတွက် အခါခပ်သိမ်း လိုက်လျောညီထွေ မဖြစ်နိုင်တာမျိုးကိုလည်း ကြုံရ တတ်ပါတယ်။ အဲဒီလို ကြုံရတဲ့အခိုက်မှာ ကျွန်မတို့ရဲ့ စိတ်မှာ ကိုယ့်စေတနာကို အသိအမှတ် မပြုရကောင်းလားဆိုတဲ့ စိတ်မျိုး ခံစားရတတ်ပါတယ်။ ဒါပေမယ့် အခု ကျွန်မပြောပြမယ့် ကျွန်မရဲ့ ကိုယ်တွေ့ဖြစ်ရပ်လေးတစ်ခုကို ဥပမာထားပြီး ကျွန်မတို့ရဲ့ ဖြူစင်တဲ့ စေတနာကြောင့် သူတစ်ပါးအပေါ် အရောင်မဆိုးမိကြဖို့ ရည်ရွယ်ပါတယ်။


   လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ခန့်က ကျွန်မတို့မြို့မှာ အထင်ကရဖြစ်တဲ့ အစည်ကားဆုံး ဘုရားပွဲတော်ကြီး တစ်ခု ကျင်းပချိန် ဖြစ်ပါတယ်။ ကျွန်မတို့မောင်နှမများလည်း မိသားစုနှင့်အတူ ဘုရားပွဲ သွားကြပါတယ်။ ပွဲဈေးတန်းကြီးဟာ ရှည်လျားပြီး ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာသူများနဲ့ ကြက်ပျံမကျ စည်ကားလှပါတယ်။ ကျွန်မတို့မောင်နှမတွေလည်း လက်ချင်းတွဲလျက်သား တစ်ယောက်နောက်ကို တစ်ယောက်လိုက်ကာ လူစု မကွဲအောင် တဖြည်းဖြည်း လျှောက်ကြရပါတယ်။ ဒီလို လျှောက်နေရင်း ဘုရားပေါ်တက်တဲ့ စောင်းတန်း မုခ်ဝကို ကျွန်မတို့ ရောက်လာပါတယ်။ အဲဒီအချိန်မှာပဲ ကျွန်မမျက်လုံးထဲကို မြင်ကွင်းတစ်ခုက တိုးဝင်လာ ပါတယ်။ ဘုရားစောင်းတန်း မုခ်ပေါက်ဝရဲ့ ဘေးဘက်ခပ်ကျကျ၊ မှန်စီရွှေချထားတဲ့ တိုင်လုံးအောက်မှာ ထိုင်နေတဲ့ အဘိုးအိုတစ်ယောက်ပါ။ အ၀တ်အစားက ခပ်နွမ်းနွမ်းဖြစ်ပြီး တောင်ဝှေးတစ်ချောင်းကို ဘေးမှာ ချထားတဲ့အပြင် အရောင်အဆင်း မပေါ်တော့တဲ့ ဦးထုပ်ဟောင်းတစ်လုံးကို ရှေ့မှာချလို့ ထိုင်နေတာပါ။ ကျွန်မစိတ်ထဲမှာ ထိုင်နေတဲ့ အဘိုးအိုကို ကြည့်ပြီး သနားကရုဏာစိတ် ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် ကျွန်မကိုယ်တိုင် သတိမထားမိခင်မှာပဲ ဘုရားပွဲမှာသုံးဖို့ အိမ်ကပေးလိုက်တဲ့ မုန့်ဖိုးတွေကို ထုတ်၊ အဲဒီ အဘိုးအို ရှေ့မှာထိုင်ပြီး လက်အုပ်ချီရင်း ရိုရိုသေသေ လှူဒါန်းလိုက်ပါတယ်။


       လက်ထဲကို ပိုက်ဆံတွေ ထည့်ပေးလိုက်တဲ့ ကျွန်မကို အဘိုးအိုက နားမလည်သလို မော့ကြည့်ပြီး ဆုတွေပေးပါတယ်။ ပြီးတော့မှ ကျွန်မ လုံးဝ မျှော်လင့်မထားတဲ့ စကားတစ်ခွန်းကို ပြောလိုက်ပါတယ်။ "သမီးလေး၊ သမီးလေးရဲ့ စေတနာကို အဘိုး အသိအမှတ် ပြုပါတယ်။ ခုလို လှူဒါန်းတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အဘိုးက တောင်းစားတဲ့သူ မဟုတ်ပါဘူး သမီးရယ်။ ဘုရားလာဖူးရင်း မော လို့ ခဏထိုင်နေတာပါကွယ်"တဲ့လေ။ ကျွန်မလည်း ရုတ်တရက် ဘာပြောလို့ ပြောရမှန်း မသိဘဲ အဲဒီအဘိုး ကို အရမ်းအားနာသွားပြီး "ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ခွင့်လွှတ်ပါ အဘိုး" လို့ ကယောင်ကတမ်းပြောပြီး အဘိုးရှေ့ က ခပ်သုတ်သုတ် ထွက်လာခဲ့ရပါတယ်။ ကျွန်မရဲ့မောင်နှမတွေနဲ့ မိသားစုများကတော့ အဲဒီ အဖြစ်အပျက် ကို အကြောင်းတိုက်ဆိုင်တိုင်း ပြန်ပြောပြီး ရယ်မောမဆုံး ဖြစ်နေကြတုန်းပါပဲ။


     ဒီအဖြစ်အပျက်လေးကြောင့် ကျွန်မဘ၀မှာ သင်ခန်းစာတစ်ခု ရခဲ့ပါတယ်။ အဲဒီသင်ခန်းစာက ဘာလဲ ဆိုတော့ လူတစ်ယောက်ရဲ့ သာမန် အပြင်ပန်း အမြင်ကိုကြည့်ပြီး ထင်မြင်ဝေဖန်ချက်တွေနဲ့ အလွယ်တကူ ကောက်ချက်မချမိစေဖို့ဆိုတဲ့ အသိပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်အမြင်တစ်ခုတည်းကို အမှန်လို့ယူဆပြီး ကိုယ့်ရဲ့ စေတနာအမှားကြောင့် တစ်ဖက်သားကို မထိခိုက်စေရအောင်လည်း ဆင်ခြင်နိုင်ခဲ့ပါတယ်။

      ကောင်းသော စိတ်စေတနာကို အင်္ဂလိပ်ဘာသာမှာ Goodwill လို့ သုံးနှုန်းကြောင်း မှတ်သားဖူးပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ လူတိုင်းအပေါ်မှာ ထားရှိအပ်တဲ့ စေတနာကောင်းကို လက်ကိုင်ထားပြီး လူ့လောက ကောင်းကျိုးအတွက် လက်တွဲဆောင်ရွက်သွားကြမယ်ဆိုရင် သာယာချမ်းမြေ့တဲ့ ကမ္ဘာကြီးကို ပိုင်ဆိုင်နိုင်မှာ အမှန်ပဲ မဟုတ်လားရှင်။

မြ၀တီဇော်

ဆည်းဆာရောင်ပြန်


       နေ၀င်ခါနီးအချိန် ကောင်းကင်ပြင်မှာ တောက်ပတဲ့ တိမ်စိုင် တိမ်ဆုပ်တွေကို မြင်တွေ့ဖူးကြမှာပါ။ အနုအရင့် အဆင့်ဆင့်နဲ့ တင့်တယ်လှပတဲ့ ဒီမိုးတိမ်အစုအဝေးတွေဟာ ကြည့်မြင်ရသူရဲ့စိတ်ကို ညွတ်နူး ဆွတ်ပျံ့စေပါတယ်။ ဒီလို လောကကို အလှဆင်နေတဲ့ ဆည်းဆာချိန်ဟာ ကြည့်သူရဲ့ မျက်စိရှေ့မှာပင် တဖြည်းဖြည်း လျော့ပါး မှေးမှိန်သွားတတ်ပါတယ်။ အလင်းရောင် လျော့ပါးလာပေမယ့်လည်း ဖျော့တော့တဲ့ အလင်းရောင်နဲ့ တတ်စွမ်းသမျှ အစွမ်းကုန် တောက်ပမှုပေးရင်း နောက်ဆုံး နေ၀င်သွားတဲ့ အချိန်ထိအောင် လောကကို အလှဆင်ပေးနေတဲ့ ဆည်းဆာချိန်ဟာ ရင့်ကျက်မှု ဂုဏ်တစ်မျိုးနဲ့ ၀င့်ထည်နေပါတယ်။

   ဒီလို နေ၀င်ချိန်အလှကို After-glow (ဆည်းဆာရောင်ပြန်)လို့ သုံးနှုန်းခေါ်ဝေါ်ကြောင်း မှတ်သားဖူး ပါတယ်။ လောကကို တစ်ထောင့်တစ်နေရာကနေ အလှဆင်ပေးနေတဲ့ ဒီဆည်းဆာရောင်ပြန်ဟာ အချိန် တန်တဲ့အခါမှာ လောကကြီးကနေ ကွယ်ပျောက်သွားရမြဲ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ဒီဆည်းဆာချိန်ကို လူ့လောကနဲ့နှိုင်းယှဉ်ပြီး စဉ်းစားမိပါတယ်။ ကျွန်မတို့နေထိုင်ရာ ကမ္ဘာကြီးမှာ နုနယ်ငယ်ရွယ်တဲ့ ကလေး ဘ၀အချိန်ဟာ နေ့တစ်နေ့ရဲ့အစ အရုဏ်ဦးနဲ့တူပါတယ်။ နေ၀န်းကြီး တစ်စတစ်စ မြင့်တက်လာတဲ့ အချိန် ကနေ မွန်းလွဲပိုင်းအချိန်အထိဟာ လူ့ဘ၀ရဲ့ လှုပ်ရှားရုန်းကန်ရတဲ့ အသက်အပိုင်းအခြားနဲ့ တူတယ်လို့ ဆိုချင်ပါတယ်။

     တစ်ရက်ပြီးတစ်ရက် လှုပ်ရှားရုန်းကန်ရင်းနဲ့ ဇရာပိုင်းကို ရောက်လာတဲ့အချိန်ကတော့ ဘ၀ရဲ့ ဆည်းဆာ ချိန်၊ တစ်နည်းအားဖြင့် After-glow ဆိုတဲ့ ဆည်းဆာရောင်ပြန်ပါပဲ။ ကျွန်မတို့ ဖြတ်သန်းလာခဲ့ကြတဲ့ ဘ၀ လမ်းဟာ လူတစ်ဦးချင်းကိုလိုက်လို့ ချောမွေ့မှုတွေ၊ ကောက်ကွေ့မှုတွေ၊ အောင်မြင်ပျော်ရွှင်မှုတွေ၊ ကျရှုံး ၀မ်းနည်းမှုတွေနဲ့ အစဉ်အတိုင်း လျှောက်လှမ်းခဲ့ရမှာပါပဲ။ ဒီလိုနဲ့ ကျွန်မတို့တွေဟာ မိမိတို့ကိုယ်တိုင် မသိ လိုက်တဲ့အချိန်မှာပဲ တဖြည်းဖြည်းနဲ့ အိုမင်းလာကြပါတယ်။

  လူသားမှန်ရင် တစ်ချိန်ချိန်မှာ အိုမင်းရမှာ မလွဲမသွေ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ သာမန်လူ တစ်ယောက် အိုမင်းလာခြင်းဟာ သဘာဝတရားပဲလို့ တွေးကောင်း တွေးမိမှာဖြစ်ပေမယ့် ကျွန်မ တစ်ဦး တစ်ယောက်တည်းရဲ့ အမြင်ကတော့ အိုမင်းလာတာနဲ့အမျှ ဘ၀ပေါ်ထားရှိတဲ့ အမြင်တွေ၊ အသိအလိမ္မာ တွေ ရင့်ကျက်လာသင့်တယ်လို့ ယူဆပါတယ်။ ဘာကြောင့် ဒီလို ပြောရပါသလဲ။ လူတစ်ယောက်ရယ်လို့ ဖြစ်လာတဲ့အခါ လူ့လောကကို အကျိုးပြုနိုင်တဲ့သူတစ်ယောက်အဖြစ် ရှင်သန်နေထိုင်ခဲ့ရင် တစ်ချိန်မှာ ထိုသူအတွက် လူ့လောကကြီးက ပြန်လည်ပေးအပ်တဲ့ ဆုလာဘ်တွေကို ရရှိပါလိမ့်မယ်။ ဒါဖြင့် လူ့လောက ကြီးက ဘာတွေကို လက်ဆောင်အဖြစ် ပေးပါသလဲ။ ကျွန်မတို့ပတ်ဝန်းကျင်မှာ အလွယ်တကူပဲ မြင်တွေ့နိုင် ပါတယ်။ လူ့လောက ကောင်းကျိုးအတွက် ဆောင်ရွက်ခဲ့တဲ့သူတွေဟာ အသက်ရှင်နေချိန်မှာလည်း လူ အများရဲ့ ချစ်ခင်လေးစားမှု၊ တန်ဖိုးထား ရိုသေမှုတွေအပြင် ကူညီစောင့်ရှောက်မယ့် မိတ်ကောင်း ဆွေကောင်းတွေကို ရရှိပိုင်ဆိုင်သူတွေ ဖြစ်လေ့ရှိပါတယ်။ ထိုသူတို့ တိမ်းပါးသွားသည့်တိုင် နာမည် ဂုဏ် သတင်းဟာ သင်းပျံ့ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ လူပင် သေသော်လည်း နာမည် မသေသူများ ဖြစ်ပါတယ်။

      ကျွန်မတို့ရဲ့ လူ့လောက မိုးကောင်းကင်ကြီးမှာ အခုအရွယ်ဟာ ကျွန်မတို့အတွက် နေမင်းကြီးရဲ့ ရွေ့လျားရာ လမ်းကြောင်းအရ ဘယ်အချိန်ကို ရောက်နေပါပြီလဲ။ သေချာတာကတော့ စက္ကန့်နဲ့အမျှ ကျွန်မ တို့ဟာ အိုမင်းခြင်းဆီကို ချဉ်းကပ်နေကြတယ် ဆိုတာပါပဲ။ ဒီလိုဆိုရင် ကျွန်မတို့အတွက် ဆည်းဆာ ရောင်ပြန် ဆိုတာလည်း အနှေးနဲ့အမြန် ရောက်ရှိလာဦးမှာပဲ ဖြစ်ပါတယ်။ ဒီလို ဆည်းဆာချိန်မတိုင်ခင် ကျွန်မတို့ဟာ လူ့လောက ကောင်းကျိုးအတွက် အချိန်ရှိခိုက်မှာ တစ်ထောင့်တစ်နေရာက ပါဝင် ဆောင်ရွက် သင့်တယ်လို့ မထင်မိဘူးလား။ ဘ၀ဆည်းဆာချိန်မှာ စွမ်းအားရှိသရွေ့ အလင်းရောင်ပေးရင်း လောကကြီး ကို အလှဆင်နေတဲ့ After-glow ဆိုတဲ့ ဆည်းဆာချိန် ရှုခင်းတွေကို အချိန်ကြာကြာ တောက်ပနိုင်အောင် ဖေးမ ကူညီ စောင့်ရှောက်ပေးဖို့ ကျွန်မတို့မှာ တာဝန်မရှိဘူးလား။

    ကျွန်မကတော့ နေ၀င်ချိန် ဆည်းဆာရောင်ပြန်ကို ကြည့်ရင်း ကိုယ့်ရဲ့ ဘ၀ဆည်းဆာချိန်မှာ လောက ကြီးကို အလှဆင်ပေးနိုင်ဖို့ လူသားတိုင်း တာဝန်ကျေကြမယ်ဆိုရင် ကျွန်မတို့ရဲ့ ဘ၀မိုးကောင်းကင်ကြီးဟာ အလင်းအားကောင်းကောင်းနဲ့ အစွမ်းကုန် တောက်ပပေးနိုင်တဲ့ ဆည်းဆာရောင်ပြန်အဖြစ် လူသားတို့ကို အကျိုးပြုနိုင်လိမ့်မယ်လို့ ယုံကြည်နေမိပါတယ်။

မြ၀တီဇော်

(ဒီဆောင်းပါးလေးက Save The Aged အဖွဲ့ရဲ့ တစ်နှစ်ပြည့် စာမူပြိုင်ပွဲမှာ တတိယဆု ရခဲ့တဲ့ ဆောင်းပါးလေး ပါ။ အမှတ်တရအဖြစ် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။)

Saturday, May 12, 2012

မီးခိုးရောင်လှိုင်းတို့ ကွန်းခိုရာ


    လူသားတိုင်းလိုလို တောင့်တတတ်ကြသည်မှာ အသက်ရှည်စွာ အနာမဲ့ရေး ဖြစ်ပါသည်။ ထိုသို့ အသက် ရှည် အနာမဲ့စွာ နေထိုင်နိုင်ရန်လည်း သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှု၊ အစားအသောက်၊ ဆေးဝါး တို့ဖြင့် ဂရုတစိုက် ပြုပြင်နေထိုင်လေ့ ရှိကြပါသည်။ ကျွန်မတို့ မြန်မာလူမျိုးများတွင် လူကြီးသူမများက ဆုပေးသောအခါ အသက်ရှည်၊ အနာကင်း၊ အဆင်းလှပါစေဟူသော ဆုတစ်မျိုးကို ပေးလေ့ရှိသည်။ အမှန် အားဖြင့်လည်း လူတစ်ဦး အိုမင်းလာသည့်အခါ အသက်ရှည်ရှည် နေထိုင်နိုင်ရန် ကျန်းမာခြင်းနှင့် ရောဂါ ဘယ ကင်းရှင်းခြင်းသည် အရေးကြီးသောအချက် ဖြစ်ပါသည်။

    ကမ္ဘာပေါ်တွင် သက်ကြီးရွယ်အို အများဆုံးနိုင်ငံကို ပြောပါဆိုလျှင် ဂျပန်နိုင်ငံဟု ပြောရပါမည်။ တကယ် တမ်းလည်း ဂျပန်လူမျိုးများသည် အသက်ရှည်ခြင်းဟူသော ဆုလာဘ်နှင့် ပြည့်စုံသူများဖြစ်ပါသည်။ ထို့ပြင် ဂျပန်နိုင်ငံသည် သက်ကြီးရွယ်အို များပြားသလောက် ကလေးမွေးဖွားမှုနှုန်း နည်းပါးသောနိုင်ငံဟုလည်း ပြော၍ရမည် ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဂျပန်နိုင်ငံတွင် နေထိုင်ကြသူ လူလတ်ပိုင်း အမျိုးသား၊ အမျိုးသမီးများမှာ အိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်လျှင် အိမ်ထောင်ပြုမှုနှုန်း နည်းပါးကြခြင်းကြောင့် ဖြစ်ပါသည်။ လူနေမှုစနစ်အရ အိမ်ရာတည်ထောင်မှု စရိတ်စက ကြီးမြင့်ခြင်းနှင့် နေထိုင်ရန် အိမ်ငှားခ၊ စားဝတ်နေရေး အတွက် စရိတ်စကတို့ပေါ် မူတည်ပြီး မင်္ဂလာဆောင်မှုနှုန်း နည်းပါးလာခြင်းဖြစ်သည်ဟု သိရှိရပါသည်။

    အမှန်အားဖြင့် အိုမင်းခြင်းသည် ဂုဏ်ရည်တစ်မျိုးပင် ဖြစ်ပါသည်။ လူတစ်ဦးသည် အသက်အရွယ် ကြီးရင့် အိုမင်းလာနှင့်အမျှ ဖြတ်သန်းရာဘ၀ပေါ် မူတည်၍ အတွေ့အကြုံများ၊ သင်ခန်းစာများ၊ လောကအမြင်များ ကြွယ်ဝလာကြသည်။ ဘယ်စခန်းကို ဘယ်လမ်းက သွားလျှင် ပိုနီးမည်၊ သည်ခရီးလမ်း၏ ဘယ်နေရာတွင် ဘယ်အချိုးအကွေတို့ရှိသည်ဟူ၍ လမ်းညွှန်ပြသ ဆိုဆုံးမနိုင်ကြသည်။ ထို့ကြောင့် ဘိုးဘွားတို့သည် ခေတ် လူငယ်တို့အတွက် ဘ၀အတွေ့အကြုံတို့ ဖြန့်ဖြူးပေးရာ ဘဏ်တိုက်ကြီးများ တစ်နည်းအားဖြင့် အလွယ် တကူ တူးဖော်ယူနိုင်သော ဗဟုသုတ ရွှေအိုးများပင် ဖြစ်သည်။

    ကမ္ဘာ့နိုင်ငံအများစုတွင် တစ်နှစ်ထက်တစ်နှစ် သက်ကြီးရွယ်အိုများ တိုးပွားလာခြင်းကို Gray Waves (မီးခိုး ရောင်လှိုင်းများ) ဟု ခေါ်ဆိုကြပါသည်။ နိုင်ငံတစ်နိုင်ငံတွင် သက်ကြီးရွယ်အို တိုးပွားလာမှုကြောင့် ရရှိနိုင် သော ကောင်းကျိုးများအနေဖြင့် ခေတ်လူငယ်တို့သည် လူကြီးသူမတို့၏ ဘ၀အတွေ့အကြုံများ၊ လမ်းညွှန် ဆုံးမမှုများကို အနီးကပ် သိရှိလိုက်နာနိုင်ပြီး ဗဟုသုတ တိုးပွားစေနိုင်ခြင်း ဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ တွင် မီးခိုးရောင်လှိုင်းများ တိုးတက်လာခြင်း၏ ဆိုးကျိုးများအနေဖြင့် အဘိုးအဘွားတို့ကို အချိန်ပြည့် စောင့် ရှောက်မှုပေးမည့်သူ ရှားပါးလာခြင်း၊ လူနေမှုစနစ်အရ သားသမီးများ ကိုယ်စီကိုယ်ငှ အလုပ်သွားကြချိန်တွင် ဘိုးဘွားတို့မှာ နေအိမ်တွင် တစ်ယောက်တည်း အထီးကျန်ဆန်စွာ နေထိုင်ကြရခြင်း၊ အိမ်မွေး တိရစ္ဆာန် လေးများကိုသာ အဖော်ပြု၍ နေထိုင်ကြရခြင်း၊ အများစုမှာ သားသမီးများက နေအိမ်တွင် ဘိုးဘွားတို့ကို တစ်ယောက်တည်းထားရန် စိတ်မချသဖြင့် လူအိုရုံများ၊ ရိပ်သာများသို့ ပို့လာကြသောကြောင့် အချို့ဘိုးဘွား တို့မှာ စိတ်ကျဝေဒနာ ခံစားလာရခြင်းတို့ပင် ဖြစ်သည်။

    ယခုအခါ ဖွံ့ဖြိုးပြီး ကမ္ဘာ့နိုင်ငံများတွင် ပြောင်းလဲလာသော လူမှုစနစ်များကြောင့် မိသားစုဝင် အချင်းချင်း စကားလက်ဆုံ ပြောသည့်အချိန်သည် အလွန်ရှားပါးလာခဲ့သည်။ နေ့စဉ် မိုးလင်းမိုးချုပ် တကုပ်ကုပ်နှင့် ကိုယ်စီကိုယ်ငှ လုပ်ငန်းခွင်တွင် အချိန်ကုန်ဆုံးနေကြသည်။ ထိုအခြေအနေ၏ အကျိုးဆက်အားဖြင့် မိသားစု တစ်ခုအတွင်းရှိ သက်ကြီးရွယ်အို ဘိုးဘွားတို့မှာ မိမိတို့ ကိုယ်ကို အပစ်ပယ်ခံ လူသားများအဖြစ် ခံစားလာ ရကာ စိတ်ကျရောဂါဖြစ်ရန် အလားအလာ ပိုများလာရတော့သည်။

    ဤကဲ့သို့သော အဖြစ်မျိုးမှ ကင်းဝေးစေရန် ကျွန်မတို့၏ Save The Aged အဖွဲ့မှ စေတနာရှင် ညီအစ်ကို မောင်နှမများက ဖြူစင်သော မေတ္တာ၊ စေတနာ၊ ကရုဏာများဖြင့် ခိုကိုးရာမဲ့ ဘိုးဘွားတို့အား ဖေးမကူညီ စောင့်ရှောက်မှုပေးလျက် ရှိပါသည်။ ယခုဆိုလျှင် Save The Aged မှ ထောက်ပံ့လှူဒါန်းနိုင်သော ဘိုးဘွား အရေအတွက်မှာ ၁၉ ဦးအထိ ရှိလာပြီဖြစ်ပြီး ဆက်လက်၍ ထောက်ပံ့မှု ပေးနိုင်ရန်လည်း အမှန်တကယ် အကူအညီလိုအပ်လျက်ရှိသော ခိုကိုးရာမဲ့ ဘိုးဘွားတို့ကို သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ကူညီစောင့်ရှောက် ထောက်ပံ့မှုပေးနိုင်ရန် ရှာဖွေလျက်ရှိပါသည်။

    သို့ဖြစ်ပါ၍ တစ်ချိန်ချိန်တွင် မိမိတို့ကိုယ်တိုင် အိုကြ၊ နာကြရမည့်သူများ ဖြစ်သည့်အားလျော်စွာ မိမိ တတ်စွမ်းသမျှ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ နွမ်းပါးသော ဘိုးဘွားတို့အား "လူအိုလူမင်းတို့ကမ္ဘာ"တွင် ဘ၀ နေ၀င်ချိန်အထိ စိတ်ချမ်းချမ်းသာသာနှင့် ပျော်ရွှင်စွာ ရှုင်သန်နေထိုင်သွားနိုင်အောင် ၀ိုင်းဝန်းကူညီ စောင့် ရှောက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း ဇန်န၀ါရီလ ၂၃ ရက်တွင် ကျရောက်မည့် Save The Aged အဖွဲ့၏ နှစ်ပတ်လည်နေ့ကို ဂုဏ်ပြု ကြိုဆိုလိုက်ပါသည်။


မြ၀တီဇော်

Thursday, May 10, 2012

ခုနစ်သွယ်ရောင်စဉ် သက်တံပုံပြင်


     ရောင်စဉ်ခုနစ်သွယ် ယှက်ဖြာသန်းတဲ့ သက်တံခုံးကို မိုးရွာပြီးစ နေရောင်ခြည်ဖြာကျတဲ့ အခိုက်အတန့်မှာ တွေ့ဖူးကြမှာပါ။ သက်တံရောင်စဉ်တွေထဲမှာ ပါဝင်တဲ့၊ ခြားနားတဲ့အရောင်တွေရဲ့ စုစည်းအားပြိုင်မှု၊ လိုက် ဖက်ညီညွတ်မှုတွေဟာ မြင်ရသူတိုင်းရဲ့ ရင်မှာ စိတ်ကြည်နူးချမ်းမြေ့မှုကို ပိုမိုရသမြောက်အောင် ဖြည့်ဆည်း ပေးပါတယ်။

    ဒီသက်တံမှာ ပါဝင်တဲ့ ရောင်စဉ်တန်းလေးတွေလို ကွဲပြားခြားနားတဲ့ ဘ၀အမြင်၊ မတူညီတဲ့ ၀ါသနာ၊ တစ်ခါတစ်ရံမှာ ဆန့်ကျင်ဘက်ဖြစ်တဲ့ အမူအကျင့်လေးတွေနဲ့ စုစည်းပေါင်းစပ်ထားတဲ့ သူငယ်ချင်း ခုနစ် ယောက်အကြောင်း ပြောပြချင်ပါတယ်။ ဒီသူငယ်ချင်း ခုနစ်ယောက်က အလယ်တန်းတက်ကတည်းက တွဲခဲ့ ကြတဲ့သူတွေဖြစ်ပြီး အခု (နှစ်နှစ်ဆယ်ခန့် ကြာခဲ့တဲ့) အချိန်အထိလည်း စုစုစည်းစည်းနဲ့ အခင်အမင် မပျက် ရှိနေကြဆဲပါပဲ။ ဒီခုနစ်ယောက်ရဲ့အကြောင်းကို ပုံကြမ်းရေးခြစ် ကောက်ကြောင်းဖော်ရရင် ...

    ပထမဦးဆုံးတစ်ယောက်က "ငြိမ်း"တဲ့။ သူက ငယ်စဉ်ကတည်းက စီးပွားရေးကို စိတ်ဝင်စားပြီး ဦးဆောင် တတ်တဲ့ အရည်အချင်း ရှိသူ၊ အခုလက်ရှိလည်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်နေပြီး ချစ်စရာ ကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့သူပေါ့။ သူ့ရဲ့ထူးခြားချက်က စကားတစ်ခွန်း စ,မပြော ခင်မှာ အမြဲ ရယ်မောတတ်တဲ့အကျင့် ရှိတာပါပဲ။ သူနဲ့တွေ့တိုင်း မရယ်ဘဲ မနေနိုင်အောင် ပွင့်ပွင့်လင်းလင်း ပြောတတ်ဆိုတတ်တဲ့၊ ဟန်ဆောင်မှုကင်းတဲ့ ကောင်မလေးတစ်ယောက်ပေါ့။

     နံပါတ်နှစ်က "လင်း"တဲ့။ "လင်း"ကတော့ ရေခြားမြေခြား တိုင်းပြည်တစ်ခုမှာ ကိုယ်ဝါသနာပါရာ အလုပ် ကို လုပ်ရင်း ဘ၀ကို ပျော်မွေ့နေတဲ့သူတစ်ယောက်။ အနေအေးသလို အတွေးလည်း နက်တဲ့သူပါ။ သူငယ် ချင်းတွေအပေါ် နားလည် စာနာတတ်ပြီး ရင်ထဲက ခံစားချက်တွေကို ဘယ်တော့မှ ထုတ်မပြောတတ်တဲ့၊ လျှို့ဝှက်တဲ့ ကောင်မလေးပေါ့။ နောက်တစ်ယောက်က "သီရိ"။ သီရိရဲ့ ထူးခြားချက်က စကားအသုံးအနှုန်း ကြွယ်ဝတယ်။ လူတစ်ဖက်သား နားဝင်အောင် စိတ်ရှည်လက်ရှည်နဲ့ စီကာပတ်ကုံး ပြောတတ်တဲ့သူ။ ကြားဖူး ပြီးသား ဟာသတွေတောင် သူမို့ ပြန်ပြောပြရင် ပိုရယ်ရသလိုပဲ။ ဒါပေမဲ့ သီရိရဲ့ နောက်ထပ် ဆန့်ကျင်ဘက် ဖြစ်တဲ့ ထူးခြားချက်တစ်ခုကတော့ စိတ်ထိခိုက်လွယ်တယ်။ အပြင်ပန်းက စိတ်မာသယောင် ထင်ရပေမဲ့ အတွင်းစိတ်က အရမ်း နူးညံ့တယ်။ ၀မ်းနည်းစရာရှိရင် ဟန်မဆောင်နိုင်အောင် မျက်နှာပေါ်မှာ အရိပ်ထင် တတ်တဲ့သူ။ သူငယ်ချင်းတွေအပေါ် သည်းညည်းခံတတ်တဲ့၊ ဖြူစင်တဲ့ ကောင်မလေးပါ။

   နောက်တစ်ယောက်ကတော့ "ချယ်ရီ"တဲ့။ သူက သူငယ်ချင်းခုနစ်ယောက်ထဲမှာ အသက်အငယ်ဆုံး ဖြစ်သလို အချောဆုံး ဆိုလည်း မမှားပါဘူး။ တစ်ခါတစ်ခါ သူ့အပြုအမူတွေက ကလေးဆန်သလိုရှိပေမဲ့ သူငယ်ချင်းတွေအပေါ်မှာ သံယောဇဉ်အကြီးကြီး ထားတဲ့သူပေါ့။ ကျန်းမာရေးကို အမြဲ ဂရုတစိုက်ရှိတဲ့ သူမို့လား မသိ။ သူမို့ အာဂန္တု ရောဂါတွေကလည်း "နင်နေ ငါသွား"ဆိုသလို တစ်ခုပျောက်ရင် တစ်ခုဖြစ်နဲ့ သံသရာလည်နေတဲ့၊ စာအသင်အပြကောင်းတဲ့ ခင်မင်စရာ ကောင်မလေးတစ်ယောက်ပေါ့။ နောက် တစ်ယောက်က "ငယ်လေး"။ သူက အခုလက်ရှိ စာပေနဲ့ပတ်သက်တဲ့ ထုတ်ဝေရေးတိုက်တစ်ခုမှာ အလုပ် လုပ်နေတဲ့၊ အမြဲ အလုပ်များနေတဲ့သူပေါ့။ သူ့ရဲ့ ထူးခြားချက်က အပြင်ပန်းမှာ အိနြေ္ဒတစ်ခွဲသားနဲ့လို့ ထင်ရ ပေမယ့် သူငယ်ချင်းတွေနဲ့ဆုံရင် ပေါက်ကရတွေ ပြောရင်း ရယ်ကြတဲ့အခါ သူ့ပုံစံက တကယ့် ကလေး တစ်ယောက်လို ဟက်ဟက်ပက်ပက် ရယ်မောတတ်သူပါ။ တစ်ခါတလေ သူ့ရယ်သံကို နားထောင်ရင်း လိုက်ရယ်မိတဲ့အခါ ရယ်သံတွေ မစဲနိုင်အောင်ဖြစ်ရတာကလည်း သူ့ရဲ့ ၀ိသေသတစ်ခုပေါ့။

      နောက်ထပ်တစ်ယောက် နာမည်ကတော့ "သန္တာ"တဲ့။ သူက သူငယ်ချင်းခုနစ်ယောက်ထဲမှာ မွေးနေ့တွေ စဉ်လိုက်ရင် အသက် အကြီးဆုံး ဆိုပါတော့။ သူကတော့ စကားပြောရင် ဟန်ပါပါပြောတတ်တယ်။ အတွေး အခေါ်လည်း မြင့်တယ်။ အပျို ကြီးလုပ်မယ်လို့ အမြဲကြွေးကြော်ပေမဲ့ သူငယ်ချင်းခုနစ်ယောက်ထဲမှာ သူ့ လောက် စန်းပွင့်တဲ့သူမရှိပါဘူး။

      နောက်ဆုံးတစ်ယောက် ဖြစ်တဲ့ "မွန်မွန်"က တစ်မျိုး။ ဘယ်အရာမဆို မြုံစိစိနဲ့ ကိုယ့်ရဲ့ဆန္ဒကို ရဲရဲဝံ့ဝံ့ မထုတ်ဖော်တတ်တဲ့သူ။ အများသဘောတူတဲ့ အရာသည်သာ သူ့ဆန္ဒလို့ ခံယူထားတဲ့သူ။ စိတ်ပါလက်ပါ ရှိတဲ့အခါ စကားများ၊ အရွှန်းဖောက်တတ်သလောက်၊ တစ်ခါတစ်ခါလည်း သူငယ်ချင်းတွေပြောသမျှ နားထောင်သူသက်သက် ဖြစ်တဲ့အခါလည်းဖြစ်။ သူခံစားမိသမျှတွေကို ကဗျာလည်း မမည်၊ အက်ဆေး လည်း မကျ၊ ဆောင်းပါးလည်း မဖြစ်၊ ၀တ္ထုတိုလည်း မဟုတ်တဲ့ ဟိုတစ်စ၊ ဒီတစ်စတွေ စိတ်ကူးတည့်ရာ ရေးရင်း သူ့စိတ်ကူးနဲ့ သူ့ဝါသနာကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့သူပေါ့။

    သူတို့ခုနစ်ယောက် ဆုံမိပြီလားဆိုမှဖြင့် တစ်နေ့တာအတွင်း အကြောင်းအရာပေါင်း များစွာကို ဦးတည်ပြီး တစ်ယောက်တစ်ခွန်း မမောနိုင်မပန်းနိုင် ပြောကြဆိုကြ၊ ငြင်းကြခုံကြ၊ ဆွေးနွေးကြ၊ ရယ်မောကြနဲ့ လက်ပံ ပင် ဆက်ရက်ကျတာထက် ဆိုးတဲ့ ဆူဆူညံညံ အသံတွေနဲ့ စည်ကားသက်ဝင်တဲ့ စကားဝိုင်းလေးရဲ့ဒဏ်ကို အများဆုံးခံရတာတော့ ငြိမ်းရဲ့ မိသားစုများပါပဲ။ (သူတို့ အမြဲလိုလို ဆုံလေ့ရှိတဲ့နေရာက ငြိမ်းရဲ့အိမ်ပေါ့)။ ဘယ်လောက်ပဲ ဆူညံဆူညံ အပြုံးမပျက်ဘဲ "နောက်လည်း လာလည်ကြဦးလေ"လို့ ပြောဖော်ရတဲ့ ငြိမ်းရဲ့ အစ်မတွေကို အားနာမိပေမဲ့ နောက်တစ်ကြိမ် ဆုံပြန်ရင်လည်း ဒီလိုပဲ ဆူညံ ရယ်မောမိကြတာကလည်း အကြိမ်ကြိမ်။

    အဲဒီလို တစ်ယောက်တစ်မျိုး မတူညီတဲ့ ၀ါသနာ၊ အတွေးအခေါ်၊ ရည်ရွယ်ချက်တွေရှိကြပေမဲ့ ဒီနေ့အထိ သူတို့တစ်တွေ လက်တွဲ မပျက်ခဲ့တဲ့ လျှို့ဝှက်ချက်ကတော့ သူတို့တစ်ဦးစီရဲ့ရင်ထဲမှာ ဖြူစင်တဲ့ခင်မင်မှုကို အဖြူထည်သက်သက် ထိန်းသိမ်းထားလို့ပါပဲ။ သူတို့၊ သူတို့တွေရဲ့ လျှောက်လှမ်းရာ ဘ၀လမ်းမှာ ကြမ်းတမ်း မှု၊ ချောမွေ့မှု၊ ကောက်ကွေ့မှု၊ ဖြောင့်ဖြူးမှု၊ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု ဆိုတဲ့ လောကဓံရဲ့လက်ဆောင်တွေကို ပုထုဇဉ်လူသားတွေပီပီ လက်ခံကောင်း လက်ခံရခဲ့ပေမဲ့ သူငယ်ချင်းဆိုတဲ့ အဖြူရောင် စည်းဝိုင်းလေး ထဲမှာတော့ ဘယ်သူပဲဖြစ်ဖြစ် တစ်သားတည်း၊ တစ်ပြေးတည်း ညီတူညီမျှ ထားကြတဲ့ သံယောဇဉ်တွေက သူတို့ တွေရဲ့ တွဲလက်ကလေးတွေ ပြုတ်မသွားရအောင် ခိုင်ခိုင်မြဲမြဲ ချည်နှောင်လျက် ရှိနေဦးမှာပါပဲ။

    (ကိုယ်စီကိုယ်စီ ဘ၀လမ်းကို လျှောက်လှမ်းကြတဲ့အခါ ခုနစ်ယောက်လုံး ဆုံစည်းဖို့မလွယ်တော့တဲ့ အချစ် ဆုံး သူငယ်ချင်းတွေအတွက် အမှတ်တရ)


 မြ၀တီဇော်

မေတ္တာအိမ်ကလေးကို အတူတကွ တည်ဆောက်ကြရာဝယ် ...

"   အမှတ်တမဲ့တိုင်းဟာ ...
အမှတ်တရ မဟုတ်သလို
အမှတ်တရ ဆိုတာလည်း ...
အမှတ်တမဲ့နေရင်
အမှတ်တမဲ့ပါပဲ။ ။"

    ချန်ထားခဲ့သူအတွက် အမှတ်တမဲ့ဖြစ်ပေမဲ့ ကျန်ရစ်ခဲ့သူအတွက် အဖော်ပြုစရာဟာ အမှတ်တရတွေပါ။ နှစ်ယောက်အတူ ပိုင်ဆိုင် ဖူးတဲ့အချိန်တွေမှာ တန်ဖိုးမထားခဲ့မိတဲ့ အပြုအမူ၊ အပြောအဆိုလေးတွေဟာ တစ်ယောက်တစ်နေရာစီ ရောက်နေတဲ့ အခိုက်မှာတော့ တမ်းတလွမ်းဆွတ်စရာ အမှတ်တရလေးတွေပါပဲ။

    ဒီအမှတ်တရတွေထဲမှာ ပျော်ရွှင်ကြည်နူးခြင်းတွေရှိသလို ၀မ်းနည်းနာကျင်ခြင်းတွေလည်း ပါဝင်နိုင် ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမှတ်တရဆိုတာ ပြန်တွေးလိုက်တိုင်း ကြည်နူး ပျော်ရွှင်ဖွယ် ပုံရိပ်လေးတွေနဲ့ ပြည့်နှက်နေတဲ့ အလှပဆုံး ဘ၀စာမျက်နှာ လေးတစ်ခု ဖြစ်ခဲ့မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ နာလို ခံခက် ဖြစ်စေမယ့် စကားတွေ၊ စိတ်ထိခိုက်စေမယ့် အပြုအမူတွေဟာ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ မထားရှိသင့်တဲ့ ဆူးညှောင့် ခလုတ်ကန်သင်းတွေပါ။ ဒီဆူးညှောင့်တွေက နှစ်ဦးသားရဲ့ဘ၀ကို မုန်တိုင်း ထန်အောင် ဖန်တီးပစ်နိုင်တဲ့အစွမ်း ရှိပါတယ်။ ဒါ့အပြင် ကာယကံရှင်နှစ်ဦးနဲ့ မသက်ဆိုင်တဲ့၊ ပြင်ပက မဖိတ်ခေါ်ဘဲ ၀င်ရောက်လာတတ်တဲ့ ပယောဂ တွေကြောင့်လည်း တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အမြင်မကြည်လင်မှုတွေ၊ အတိုက်အခံ လုပ်လိုမှုတွေ၊ သဘောထား ကွဲလွဲလာမှုတွေက နှစ်ဦးသားရဲ့ ရင်ထဲက ဖြူစင်သန့်ရှင်းတဲ့ မေတ္တာတွေကို အနည်ထ ညစ်နွမ်း စေပါတယ်။

    ဘ၀ဆိုတာ အနိမ့်အမြင့်၊ အတက်အကျတွေ ရှိစမြဲပါ။ ဘ၀ရဲ့လမ်းတွေ ကြမ်းတဲ့အခါမှာပဲဖြစ်ဖြစ်၊ ပြေပြစ်ချောမွေ့တဲ့ အခါမှာပဲ ဖြစ်ဖြစ် ကိုယ်ဟာ ကိုယ့်ရဲ့လက်တွဲဖော်နဲ့ထပ်တူ အမြဲတမ်း မျှဝေခံစား ပေးနိုင်တဲ့သူဖြစ်အောင် ကြိုးစားပါ။ ကိုယ့်အတွက် သူဖြစ်ရမယ်ဆိုတဲ့ အတ္တဆန်တဲ့စိတ်မျိုးထက် သူ့ကို ဦးစားပေးမယ်ဆိုတဲ့ ပရဟိတစိတ်မျိုးထားတာက ကိုယ့်အတွက် ပိုပြီး စိတ်အေးချမ်းမှု ရှိစေပါတယ်။ တစ်ယောက်အတွက် တစ်ယောက်က  အစစအရာရာ ဖြည့်ဆည်းပေးနေရမှာမျိုး မဟုတ်ပေမယ့် သူလိုအပ် တဲ့ အချိန်တိုင်း သူ့အနားမှာ အတူရှိနေပေးလိုက်ပါ။ သူစိတ်ဓာတ်ကျတဲ့အခါ အားပေးဖော်၊ ၀မ်းနည်းတဲ့အခါ နှစ်သိမ့်ဖော်၊ ဒေါသ ဖြစ်တဲ့အခါ သူနဲ့ထပ်တူ ခံစား နားလည်ပေးဖော်အဖြစ်နဲ့ သူ့ကို နွေးနွေးထွေးထွေး စာနာ နားလည် နှစ်သိမ့်ပေးပါ။ လူဆိုတာ အမှားနဲ့မကင်းနိုင်တဲ့အတွက် ကိုယ်မကြိုက်တဲ့ အမူအကျင့်တွေ သူ့မှာ ရှိခဲ့ရင်လည်း နားဝင်အောင် ကြည်ကြည်သာသာ ဖျောင်းဖျ ပြောဆိုပါ။ ဒါဟာ သူ့အပေါ်မှာ ထားတဲ့ ကိုယ့်ရဲ့ မေတ္တာကို ဖော်ပြခြင်းတစ်မျိုးပါပဲ။ ဒါ့အပြင် ကိုယ့်ဆီမှာလည်း သူ သဘောမကျစရာ အမူအကျင့် တွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်တွေကိုလည်း ဂရုတစိုက် ပြုပြင်ခြင်းဖြင့် သူ့ကို အလေး အနက် ထားကြောင်း သိသာပါစေ။

    အကောင်းဆုံးကတော့ နှစ်ဦးနှစ်ဖက် နားလည်သည်းခံ ခွင့်လွှတ်ရင်း တစ်ယောက်နဲ့တစ်ယောက် အပြန် အလှန် ယုံကြည်မှု ရှိနေဖို့ပါပဲ။ ရည်မှန်းချက်ကိုယ်စီနဲ့ ကိုယ်ပိုင်ဘ၀တစ်ခုကို အတူတကွ တည်ဆောက်တဲ့ နေရာမှာ အဓိကကျတာက ကာယကံ ရှင်တွေရဲ့ ခိုင်မာတဲ့ ခံယူဆုံးဖြတ်ချက်ပါ။ ဘယ်လို အခက်အခဲ၊ အတိုက်အခိုက်၊ အနှောင့်အယှက်တွေနဲ့ ကြုံရပေမဲ့ မယိုင်လဲတဲ့ ဇွဲ၊ မဆုတ်မနစ်တဲ့ လုံ့လ ၀ီရိယတွေနဲ့ ကိုယ်ဖြစ်ချင်တဲ့ဘ၀ကို ကိုယ်တိုင်ပဲ ဖန်တီး တည်ဆောက်ယူကြရမှာပါ။ ဒီလို နှစ်ယောက်တစ်ဘ၀ တည် ဆောက်ကြတဲ့အခါမှာ သူ့တာဝန် ကိုယ့်တာဝန် မခွဲခြားဘဲ တက်ညီလက်ညီ၊ စည်းစည်းလုံးလုံး၊ တိုင်တိုင် ပင်ပင် ရှိသင့်ပါတယ်။ တစ်ယောက်ရဲ့ အားနည်းချက်၊ ချို့ယွင်းချက်တွေကို တစ်ယောက်က အရှိအတိုင်း နားလည် လက်ခံပေးပြီး အပြုသဘောဆောင်တဲ့ အပြောအဆိုတွေနဲ့ ကြင်ကြင်နာနာ ဖေးမ ကူညီသင့် ပါတယ်။ နှစ်ယောက်အတူ ဘ၀ကိုရင်ဆိုင်ဖို့ လက်တွဲခဲ့ကြပြီဆိုမှ မာနဆိုတာလည်း နှစ်ဦးသားကြားမှာ မစိုက်ပျိုးအပ်တဲ့ အဆိပ်ပင်ပါပဲ။ မလိုလားအပ်တဲ့ မာနတွေကြောင့် မပြိုလဲသင့်ဘဲ ပြိုလဲပျက်စီးသွားခဲ့ရတဲ့ မေတ္တာအိမ်လေးတွေ အများအပြားရှိနေတာကို သတိပြုမိစေချင်ပါတယ်။

    အဆင်မပြေမှုတွေ ရှိလာတဲ့အခါမှာလည်း အကျိုးမရှိတဲ့ စကားတွေပြောပြီး တစ်ယောက်ကိုတစ်ယောက် ငြူစူ အပြစ်တင်နေမယ့် အစား ကြုံလာတဲ့ အခက်အခဲကို ဘယ်လိုအောင်မြင်အောင် ဖြေရှင်းနိုင်မလဲဆိုတဲ့ အပြုသဘောဆောင်တဲ့ စိတ်နဲ့ ပိုပြီး တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းရှိဖို့ ကြိုးစားပါ။ တကယ်တော့ ဘ၀ လက်တွဲဖော်ဆိုတာ ရဲဘော်ရဲဘက်စိတ်ထားနဲ့ ဆိုးအတူကောင်းအတူ ခံစား၊ စံစားကြရမယ့် တစ်မိုးတည်း အောက်က အရင်းနှီးဆုံး သူစိမ်းတွေပါ။ ဒါ့အပြင် ကိုယ့်စိတ်ထဲက မပါတဲ့ စကားလုံးတွေသုံးပြီး တစ်ဖက်သား စိတ်ထိခိုက် နာကျင်ဝမ်းနည်းအောင် မပြောသင့်ပါဘူး။ ဒီလိုနည်းလမ်းသုံးပြီး လူတစ်ယောက်ကို ကိုယ် လိုချင်တဲ့ ပုံစံမျိုး ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ အခြားသူတစ်ယောက် အတွက် ဒီနည်းလမ်းဟာ အောင်မြင်မှု ရှိကောင်းရှိနိုင်မှာ ဖြစ်ပေမယ့် နောက်ထပ်တစ်ယောက်အတွက်တော့ ဒီအတိုင်း ဖြစ်ချင်မှ ဖြစ်နိုင်မှာပါ။ ဘာကြောင့်လဲဆိုရင် ပထမအချက်က လူတစ်ဦးနဲ့တစ်ဦး အခြေခံ စိတ်အနေ ကွဲပြားခြားနားလို့ပါပဲ။ ဒုတိယအချက်ကတော့ ဒီလိုစကားမျိုးတွေ ပြောခဲ့ပြီးတဲ့နောက် ပြောသူ ကိုယ်တိုင် စိတ်မကောင်း ဖြစ်ရသလို အပြောခံရသူအတွက်လည်း စိတ်မချမ်းမသာ ဖြစ်ရတာမို့ အကျိုးမရှိတဲ့ စကားတွေကို မဆင်မခြင် လွှတ်ခနဲ မပြောမိဖို့ သတိထားသင့်ပါတယ်။ တကယ်တော့ ဒီလိုစကားမျိုးတွေ ပြောလိုက်ခြင်းဟာ နှစ်ဦးသားကြား မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုး ပြဿနာတွေ ၀င်လာဖို့ လမ်းစပါပဲ။


    ဆိုရိုးစကားတစ်ခုရှိတာ ကြားဖူးပါတယ်။ အဲဒါကတော့ "လက်မထပ်ခင်မှာ ကိုယ်ရွေးချယ်မယ့် ဘ၀ လက်တွဲဖော်ကို မျက်လုံးနှစ်လုံး ဖွင့်ပြီး ကြည့်ပါ။ လက်ထပ်ပြီးသွားရင်တော့ ကိုယ့်ဘ၀လက်တွဲဖော်ကို မျက်လုံးတစ်လုံး ပိတ်ပြီး ကြည့်ပါ" ဆိုတာပါပဲ။ ဆိုလိုတာကတော့ လက်ထပ်ဖို့ရည်ရွယ်သူ ရှိပြီဆိုရင် သူနဲ့ပတ်သက်တဲ့အရာမှန်သမျှ (သူ့အရည်အချင်း၊ သူ့အမူအကျင့်၊ သူ့မိဘ အသိုင်း အ၀ိုင်း စသည်တို့) ဟာ ကိုယ့်အသိုင်းအ၀ိုင်း၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့အမူအကျင့်တွေနဲ့ သဟဇာတ ဖြစ်၊ မဖြစ် စဉ်းစား ချင့်ချိန်ပြီး ရွေးချယ်ပါ။ တကယ်လို့ လက်ထပ်ပြီးသွားပြီဆိုရင်တော့ အဲဒီလို စံနှုန်းသတ်မှတ်ချက် ပေတံတွေ နဲ့ တိုင်းတာနေမယ့်အစား သူ့အားနည်းချက်၊ အားသာချက်တွေကို အရှိအတိုင်း ခွင့်လွှတ်နားလည် လက်ခံ ပေးပြီး နှစ်ဦးနှစ်ဖက် လိုက်လျောညီထွေ နေထိုင်ဖို့ပါပဲ။

    ဒီလို တစ်ယောက်နဲ့တစ်ယောက် မြတ်နိုးကြင်နာမှုတွေ၊ စာနာနားလည်မှုတွေ၊ ညှာတာ ယုယမှုတွေနဲ့ အထပ်ထပ် ရစ်ပတ် ဖွဲ့နှောင်ထားတဲ့ မေတ္တာရိပ်မြုံကလေးကို ဘယ်လို အနှောင့်အယှက်၊ အတားအဆီး မျိုးကမှ မဖျက်ဆီးပစ်နိုင်ပါဘူး။ ဒါကြောင့် အတူရှိနေတဲ့အချိန်တွေမှာ ကြည်နူးဆွတ်ပျံ့ဖွယ် အမှတ်တရ လေးတွေကို ဖန်တီးနိုင်ခဲ့မယ်ဆိုရင် တစ်ယောက် တစ်နေရာစီ ဝေးကွာနေတဲ့ အချိန်တွေမှာလည်း ကိုယ်စီ နှလုံးသားလေးတွေ အေးစက်မနေဘဲ အမြဲ နီးကပ်နွေးထွေးနေမှာပါ ဆိုတာ ....။

    (တူနှစ်ကိုယ် ဖန်တီးတည်ဆောက်ထားတဲ့ မေတ္တာအိမ်ကလေးမှာ ကြည်နူးဆွတ်ပျံ့ဖွယ် အမှတ်တရ လေးတွေ ထုံမွှမ်းလို့ အပြန်အလှန် နားလည်စာနာ ကြင်နာမှုတွေနဲ့ အေးအတူ ပူအမျှ သက်ဆုံးတိုင် နေထိုင်သွားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။)


 မြ၀တီဇော်