ရောင်စဉ်ခုနစ်သွယ် ယှက်ဖြာသန်းတဲ့ သက်တံခုံးကို မိုးရွာပြီးစ
နေရောင်ခြည်ဖြာကျတဲ့ အခိုက်အတန့်မှာ တွေ့ဖူးကြမှာပါ။ သက်တံရောင်စဉ်တွေထဲမှာ
ပါဝင်တဲ့၊ ခြားနားတဲ့အရောင်တွေရဲ့ စုစည်းအားပြိုင်မှု၊
လိုက် ဖက်ညီညွတ်မှုတွေဟာ မြင်ရသူတိုင်းရဲ့ ရင်မှာ စိတ်ကြည်နူးချမ်းမြေ့မှုကို
ပိုမိုရသမြောက်အောင် ဖြည့်ဆည်း ပေးပါတယ်။
ဒီသက်တံမှာ
ပါဝင်တဲ့ ရောင်စဉ်တန်းလေးတွေလို ကွဲပြားခြားနားတဲ့ ဘ၀အမြင်၊ မတူညီတဲ့
ဝါသနာ၊ တစ်ခါတစ်ရံမှာ ဆန့်ကျင်ဘက်ဖြစ်တဲ့ အမူအကျင့်လေးတွေနဲ့
စုစည်းပေါင်းစပ်ထားတဲ့ သူငယ်ချင်း ခုနစ် ယောက်အကြောင်း ပြောပြချင်ပါတယ်။
ဒီသူငယ်ချင်း ခုနစ်ယောက်က အလယ်တန်းတက်ကတည်းက တွဲခဲ့ ကြတဲ့သူတွေဖြစ်ပြီး အခု
(နှစ်နှစ်ဆယ်ခန့် ကြာခဲ့တဲ့) အချိန်အထိလည်း စုစုစည်းစည်းနဲ့ အခင်အမင် မပျက်
ရှိနေကြဆဲပါပဲ။ ဒီခုနစ်ယောက်ရဲ့အကြောင်းကို ပုံကြမ်းရေးခြစ်
ကောက်ကြောင်းဖော်ရရင် ...
ပထမဦးဆုံးတစ်ယောက်က "ငြိမ်း"တဲ့။
သူက ငယ်စဉ်ကတည်းက စီးပွားရေးကို စိတ်ဝင်စားပြီး ဦးဆောင် တတ်တဲ့
အရည်အချင်း ရှိသူ၊ အခုလက်ရှိလည်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု
လုပ်ကိုင်နေပြီး ချစ်စရာ ကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့သူပေါ့။ သူ့ရဲ့ထူးခြားချက်က စကားတစ်ခွန်း စ,မပြော ခင်မှာ အမြဲ ရယ်မောတတ်တဲ့အကျင့် ရှိတာပါပဲ။ သူနဲ့တွေ့တိုင်း မရယ်ဘဲ မနေနိုင်အောင်
ပွင့်ပွင့်လင်းလင်း ပြောတတ်ဆိုတတ်တဲ့၊ ဟန်ဆောင်မှုကင်းတဲ့
ကောင်မလေးတစ်ယောက်ပေါ့။
နံပါတ်နှစ်က "လင်း"တဲ့။
"လင်း"ကတော့ ရေခြားမြေခြား တိုင်းပြည်တစ်ခုမှာ ကိုယ်ဝါသနာပါရာ အလုပ် ကို
လုပ်ရင်း ဘ၀ကို ပျော်မွေ့နေတဲ့သူတစ်ယောက်။ အနေအေးသလို အတွေးလည်း
နက်တဲ့သူပါ။ သူငယ် ချင်းတွေအပေါ် နားလည် စာနာတတ်ပြီး ရင်ထဲက ခံစားချက်တွေကို
ဘယ်တော့မှ ထုတ်မပြောတတ်တဲ့၊ လျှို့ဝှက်တဲ့ ကောင်မလေးပေါ့။ နောက်တစ်ယောက်က
"သီရိ"။ သီရိရဲ့ ထူးခြားချက်က စကားအသုံးအနှုန်း ကြွယ်ဝတယ်။ လူတစ်ဖက်သား
နားဝင်အောင် စိတ်ရှည်လက်ရှည်နဲ့ စီကာပတ်ကုံး ပြောတတ်တဲ့သူ။ ကြားဖူး ပြီးသား ဟာသတွေတောင် သူမို့ ပြန်ပြောပြရင် ပိုရယ်ရသလိုပဲ။ ဒါပေမဲ့ သီရိရဲ့
နောက်ထပ် ဆန့်ကျင်ဘက် ဖြစ်တဲ့ ထူးခြားချက်တစ်ခုကတော့ စိတ်ထိခိုက်လွယ်တယ်။
အပြင်ပန်းက စိတ်မာသယောင် ထင်ရပေမဲ့ အတွင်းစိတ်က အရမ်း နူးညံ့တယ်။
ဝမ်းနည်းစရာရှိရင် ဟန်မဆောင်နိုင်အောင် မျက်နှာပေါ်မှာ အရိပ်ထင် တတ်တဲ့သူ။
သူငယ်ချင်းတွေအပေါ် သည်းညည်းခံတတ်တဲ့၊ ဖြူစင်တဲ့ ကောင်မလေးပါ။
နောက်တစ်ယောက်ကတော့ "ချယ်ရီ"တဲ့။ သူက သူငယ်ချင်းခုနစ်ယောက်ထဲမှာ
အသက်အငယ်ဆုံး ဖြစ်သလို အချောဆုံး ဆိုလည်း မမှားပါဘူး။ တစ်ခါတစ်ခါ
သူ့အပြုအမူတွေက ကလေးဆန်သလိုရှိပေမဲ့ သူငယ်ချင်းတွေအပေါ်မှာ သံယောဇဉ်အကြီးကြီး ထားတဲ့သူပေါ့။ ကျန်းမာရေးကို အမြဲ ဂရုတစိုက်ရှိတဲ့ သူမို့လား မသိ။
သူမို့ အာဂန္တု ရောဂါတွေကလည်း "နင်နေ ငါသွား"ဆိုသလို တစ်ခုပျောက်ရင်
တစ်ခုဖြစ်နဲ့ သံသရာလည်နေတဲ့၊ စာအသင်အပြကောင်းတဲ့ ခင်မင်စရာ ကောင်မလေးတစ်ယောက်ပေါ့။ နောက် တစ်ယောက်က "ငယ်လေး"။ သူက အခုလက်ရှိ စာပေနဲ့ပတ်သက်တဲ့
ထုတ်ဝေရေးတိုက်တစ်ခုမှာ အလုပ် လုပ်နေတဲ့၊ အမြဲ အလုပ်များနေတဲ့သူပေါ့။
သူ့ရဲ့ ထူးခြားချက်က အပြင်ပန်းမှာ အိနြေ္ဒတစ်ခွဲသားနဲ့လို့ ထင်ရ ပေမယ့်
သူငယ်ချင်းတွေနဲ့ဆုံရင် ပေါက်ကရတွေ ပြောရင်း ရယ်ကြတဲ့အခါ သူ့ပုံစံက
တကယ့် ကလေး တစ်ယောက်လို ဟက်ဟက်ပက်ပက် ရယ်မောတတ်သူပါ။ တစ်ခါတလေ သူ့ရယ်သံကို
နားထောင်ရင်း လိုက်ရယ်မိတဲ့အခါ ရယ်သံတွေ မစဲနိုင်အောင်ဖြစ်ရတာကလည်း သူ့ရဲ့
ဝိသေသတစ်ခုပေါ့။
နောက်ထပ်တစ်ယောက် နာမည်ကတော့
"သန္တာ"တဲ့။ သူက သူငယ်ချင်းခုနစ်ယောက်ထဲမှာ မွေးနေ့တွေ စဉ်လိုက်ရင် အသက် အကြီးဆုံး ဆိုပါတော့။ သူကတော့ စကားပြောရင် ဟန်ပါပါပြောတတ်တယ်။
အတွေး အခေါ်လည်း မြင့်တယ်။ အပျို ကြီးလုပ်မယ်လို့ အမြဲကြွေးကြော်ပေမဲ့
သူငယ်ချင်းခုနစ်ယောက်ထဲမှာ သူ့ လောက် စန်းပွင့်တဲ့သူမရှိပါဘူး။
နောက်ဆုံးတစ်ယောက် ဖြစ်တဲ့ "မွန်မွန်"က တစ်မျိုး။ ဘယ်အရာမဆို မြုံစိစိနဲ့
ကိုယ့်ရဲ့ဆန္ဒကို ရဲရဲဝံ့ဝံ့ မထုတ်ဖော်တတ်တဲ့သူ။ အများသဘောတူတဲ့ အရာသည်သာ
သူ့ဆန္ဒလို့ ခံယူထားတဲ့သူ။ စိတ်ပါလက်ပါ ရှိတဲ့အခါ စကားများ၊
အရွှန်းဖောက်တတ်သလောက်၊ တစ်ခါတစ်ခါလည်း သူငယ်ချင်းတွေပြောသမျှ
နားထောင်သူသက်သက် ဖြစ်တဲ့အခါလည်းဖြစ်။ သူခံစားမိသမျှတွေကို ကဗျာလည်း မမည်၊
အက်ဆေး လည်း မကျ၊ ဆောင်းပါးလည်း မဖြစ်၊ ၀တ္ထုတိုလည်း မဟုတ်တဲ့ ဟိုတစ်စ၊
ဒီတစ်စတွေ စိတ်ကူးတည့်ရာ ရေးရင်း သူ့စိတ်ကူးနဲ့ သူ့ဝါသနာကို
အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့သူပေါ့။
သူတို့ခုနစ်ယောက် ဆုံမိပြီလားဆိုမှဖြင့် တစ်နေ့တာအတွင်း အကြောင်းအရာပေါင်း
များစွာကို ဦးတည်ပြီး တစ်ယောက်တစ်ခွန်း မမောနိုင်မပန်းနိုင် ပြောကြဆိုကြ၊ ငြင်းကြခုံကြ၊ ဆွေးနွေးကြ၊ ရယ်မောကြနဲ့ လက်ပံ ပင်
ဆက်ရက်ကျတာထက် ဆိုးတဲ့ ဆူဆူညံညံ အသံတွေနဲ့ စည်ကားသက်ဝင်တဲ့
စကားဝိုင်းလေးရဲ့ဒဏ်ကို အများဆုံးခံရတာတော့ ငြိမ်းရဲ့ မိသားစုများပါပဲ။
(သူတို့ အမြဲလိုလို ဆုံလေ့ရှိတဲ့နေရာက ငြိမ်းရဲ့အိမ်ပေါ့)။ ဘယ်လောက်ပဲ
ဆူညံဆူညံ အပြုံးမပျက်ဘဲ "နောက်လည်း လာလည်ကြဦးလေ"လို့ ပြောဖော်ရတဲ့
ငြိမ်းရဲ့ အစ်မတွေကို အားနာမိပေမဲ့ နောက်တစ်ကြိမ် ဆုံပြန်ရင်လည်း ဒီလိုပဲ
ဆူညံ ရယ်မောမိကြတာကလည်း အကြိမ်ကြိမ်။
အဲဒီလို
တစ်ယောက်တစ်မျိုး မတူညီတဲ့ ၀ါသနာ၊ အတွေးအခေါ်၊ ရည်ရွယ်ချက်တွေရှိကြပေမဲ့
ဒီနေ့အထိ သူတို့တစ်တွေ လက်တွဲ မပျက်ခဲ့တဲ့ လျှို့ဝှက်ချက်ကတော့
သူတို့တစ်ဦးစီရဲ့ရင်ထဲမှာ ဖြူစင်တဲ့ခင်မင်မှုကို အဖြူထည်သက်သက်
ထိန်းသိမ်းထားလို့ပါပဲ။ သူတို့၊ သူတို့တွေရဲ့ လျှောက်လှမ်းရာ ဘ၀လမ်းမှာ
ကြမ်းတမ်း မှု၊ ချောမွေ့မှု၊ ကောက်ကွေ့မှု၊ ဖြောင့်ဖြူးမှု၊ ပျော်ရွှင်မှု၊
ဝမ်းနည်းမှု ဆိုတဲ့ လောကဓံရဲ့လက်ဆောင်တွေကို ပုထုဇဉ်လူသားတွေပီပီ လက်ခံကောင်း
လက်ခံရခဲ့ပေမဲ့ သူငယ်ချင်းဆိုတဲ့ အဖြူရောင် စည်းဝိုင်းလေး ထဲမှာတော့
ဘယ်သူပဲဖြစ်ဖြစ် တစ်သားတည်း၊ တစ်ပြေးတည်း ညီတူညီမျှ ထားကြတဲ့ သံယောဇဉ်တွေက
သူတို့ တွေရဲ့ တွဲလက်ကလေးတွေ ပြုတ်မသွားရအောင် ခိုင်ခိုင်မြဲမြဲ
ချည်နှောင်လျက် ရှိနေဦးမှာပါပဲ။
(ကိုယ်စီကိုယ်စီ ဘ၀လမ်းကို လျှောက်လှမ်းကြတဲ့အခါ ခုနစ်ယောက်လုံး ဆုံစည်းဖို့မလွယ်တော့တဲ့ အချစ် ဆုံး သူငယ်ချင်းတွေအတွက် အမှတ်တရ)
မြ၀တီဇော်
No comments:
Post a Comment