Wednesday, July 25, 2012

ထောက်/ပို့ ဘယ်ဆီ

[ဒီစာစုလေးက ကိုယ့်ရဲ့ဘဝတစ်ကွေ့မှာ Volunteer အနေနဲ့ Custom မှာ လုပ်ခဲ့တုန်းက အတွေ့အကြုံတွေ ကို အဓိကထားပြီး ရေးသားထားတာ ဖြစ်ပါတယ်။ စာဖတ်သူတွေအနေနဲ့ ဗဟုသုတဆိုတာမျိုး မဟုတ် ရင်တောင် ခံစားမှုလေးတစ်ခုခု ရရှိစေဖို့ မျှော်လင့်ပါတယ်။ ]


[ ၁ ]

ရှေ့မှာ ရှိနေတဲ့ ပိတ်ထားတဲ့ ဆင်စွယ်ရောင်တံခါးရွက်ကို စူးစူးစိုက်စိုက် ကြည့်နေမိသည်။ ထိုစဉ်မှာပင် ဖျပ်ခနဲ တံခါးပွင့်လာပြီး ယူနီဖောင်းကို သေသပ်ကျနစွာ ဝတ်ဆင်ထားသော ခပ်ချောချော အရာရှိမမ တစ်ယောက် ထွက်လာကာ ကိုယ့်နာမည်ကို ခေါ်လိုက်သည်။ ရုတ်တရက် ခြေဖျားလက်ဖျားများ အေးစက် သွားသည်ကို သတိထားမိလိုက်သည်။ ထိုင်ခုံမှ မတ်တတ်ရပ်လိုက်ပြီး စာရွက်စာတမ်းတွေ ထည့်ထားသော ဖိုင်ကို ညီမလေးဆီ လှမ်းပေးလိုက်သည်။ ညီမလေးက ကိုယ့်မျက်နှာကို မော့ကြည့်ပြီး အားပေးသလို ပြုံးပြ သည်။ ညီမလေးကို ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး အရာရှိမမနှင့်အတူ ဖွင့်ထားသော ဆင်စွယ်ရောင်တံခါး မှတစ်ဆင့် အခန်းတွင်းသို့ ဝင်လိုက်သည်။

အခန်းထဲရာက်လို့ ဘေးပတ်ဝန်းကျင်ကို စူးစမ်းမိတော့ လေအေးပေးစက်ဖွင့်ထားသော အခန်းတွင်းမှာ ကွန် ပျူတာစားပွဲ ၁၃ လုံးကို အခန်းနံရံဘက်မှ စ၍ အစဉ်လိုက် စီတန်း နေရာချထားသည်ကို တွေ့ရသည်။ ဝင်ဝင်ချင်း ညာဘက် အခန်းနံရံကို ကပ်ပြီး စီတန်းထားသော ကွန်ပျူတာ စားပွဲလေးခုအနက် လွတ်နေသော စားပွဲတစ်ခုကို အရာရှိမမက လက်ညွှန်ပြလိုက်သည်။ ထိုစားပွဲရှိရာတွင် ထိုင်မိသည်နှင့် ကီးဘုတ်ပေါ်ကို စာရွက်တစ်ရွက်ရောက်လာသည်။ ကြည့်လိုက်တော့ ကိုယ့်ရဲ့နာမည်နဲ့ ID နံပါတ်ဘေးမှာ လက်မှတ်ထိုးရန် အကွက်တစ်ခုကို တွေ့ရသည်။ ထိုစာရွက်မှာ လက်မှတ်ထိုးပေးလိုက်ပြီး မကြာမီမှာပင် စာမေးပွဲ စတင်ပြီ ဖြစ်ကြောင်း အချက်ပြသည့် စာတန်းလေးက ကွန်ပျူတာမော်နီတာတွင် ပေါ်လာသည်။ ဖြေဆိုချိန် ၁ နာရီ။

 * * *

[ ၂ ]

လက်မှနာရီက နံနက် (၈းဝဝ) ကို ညွှန်ပြနေသည်။ စီးရမည့် ကားကလည်း မလာသေး။ ကားမှတ်တိုင်မှာ လူက တဖြည်းဖြည်း ပိုများလာသည်။ ညီအစ်မနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြ သည်။ သည်တစ်ခေါက် လာမည့်ကားကို မဖြစ်မနေစီးမှ ဖြစ်တော့မည်ကို မပြောဘဲ နှစ်ယောက်စလုံး သိနေကြသည်။ မသိလို့ကလည်း မဖြစ်၊ ထောက်/ပို့ကို နံနက်ကိုးနာရီထိုး ရောက်ရမည်လေ။ သည်ကနေ ပန်းဆိုးတန်းကို ရောက်ဖို့က အကြမ်းဖျင်း နာရီဝက်ကျော်ကျော်ထား၊ ပန်းဆိုးတန်းကနေတစ်ဆင့် ထောက်/ ပို့ရုံးကို ရောက်ဖို့က နောက်ထပ် နာရီဝက်ထားမှ လမ်းလျှောက်ချိန် ခုနစ်မိနစ်လောက် ကျန်မည်။ သို့မဟုတ် ပါက လမ်းလျှောက်ရမည့်အစား ဒရောသောပါး အပြေးအလွှားနှင့် ဂိတ်ပေါက်ဝက တာဝန်ကျသူထံ မျက်နှာ ချိုသွေးနေရဦးမည်။ ကိုးနာရီကျော်လို့မှ ဂိတ်ပေါက်ဝမှာ လက်မှတ်မထိုးမိရင်ဖြင့် စိတ်မထင်လျှင် မထင် သလို အော်ငေါက်တတ်သော တာဝန်ကျ ဦးလေးကြီးနှင့် အခြေအတင် ပြောရဆိုရဦးမည်။ ထိုထိုသော အကြောင်းများကြောင့် ညီအစ်မနှစ်ယောက် ဤမျှ အလျင်စလို ဖြစ်နေရခြင်းပါ။

ကြည့်နေစဉ်မှာပင် ကားတစ်စီး မှတ်တိုင်တွင် ထိုးရပ်လာသည်။ လူအုပ်ကြီးက ဝုန်းဆို ကားနားရောက်သွား ကြပြီး ဆင်းသူက မဆင်းရသေးမီ တက်သူများက အတင်း တိုးဝှေ့တက်ကြသဖြင့် တစ်ခဏ ဆူညံပွက်လော ရိုက်သွားတော့သည်။ ညီအစ်မနှစ်ယောက် တစ်ယောက်လက် တစ်ယောက်ဆွဲကာ ကားခေါင်းပိုင်းဆီ ပြေး သွားလိုက်ကြသည်။

"ကားခေါင်းခန်း ရမလား"

ယာဉ်မောင်းက ခေါင်းညိတ်ပြလိုက်သဖြင့် ဝမ်းသာအားရ ကားရှေ့ပိုင်းမှ တက်လိုက်သည်။ ကားခေါင်းခန်း က စီးလျှင် ငွေပိုပေးရသော်လည်း ယခုလို အလျင်လိုနေသည့်အချိန်မျိုးမှာတော့ ချောင်ချောင်ချိချိ ရှိသည့် အပြင် ထိုင်ခုံနေရာပါ ရသဖြင့် တန်သည်ဟု တွေးလိုက်သည်။ ညီအစ်မနှစ်ယောက် ထိုင်ခုံပေါ်မှာ ထိုင်မိ မှ ပြုံးနိုင်တော့သည်။ နာရီကို ကြည့်လိုက်တော့ နံနက် (၈း၁ဝ) ဖြစ်နေပြီ။ ဒါဆို ပန်းဆိုးတန်းမှတ်တိုင် ရောက် လျှင် (၈း၎ဝ) ထား၊ နောက်တစ်ဆင့် ပြောင်းစီးရမည့်ကား ချက်ချင်းရလျှင်တော့ မီတန်ကောင်းပါရဲ့။ သည် ကားသာ မှတ်တိုင်တစ်ခုခုမှာ မထောက်ဘူးဆိုလျှင်ပေါ့။

* * *

[ ၃ ]

ခပ်သွက်သွက် လမ်းလျှောက်ရင်း ဂိတ်ပေါက်ဝရှေ့ကိုရောက်တော့ နံနက် (၈း၅၅) ရှိပြီ။ တော်ပါသေးရဲ့။ အချိန်မီရုံကလေးမို့။ ဂိတ်ပေါက်ဝမှ တာဝန်ကျ ဦးလေးကြီးက ခပ်တည်တည်ကြည့်ပြီး Attendance စာရွက် ကို ရှေ့တိုးပေးသည်။ လက်မှတ်ထိုးပြီးသည်နှင့် နှစ်ယောက်သား အဆောက်အအုံထဲသို့ သုတ်ခြေတင် ကြတော့သည်။ ကိုယ်တို့ အလုပ်လုပ်ရမည့် အခန်းရှေ့ကို ရောက်တော့ ချထားသော ဆက်တီများတွင် အမျိုး သမီး၊ အမျိုးသား တချို့ ထိုင်နေကြသည်။ တချို့ကတော့ သိဟောင်းကျွမ်းဟောင်းတွေ ဖြစ်မည်ထင်သည်။ စကားပြောဆို ရယ်မောနေကြတာ တွေ့ရသည်။ ညီအစ်မနှစ်ယောက် ဟိုကြည့်သည်ကြည့် လုပ်နေတုန်း ထိုလူစုထဲမှ တစ်ယောက်က လှမ်းခေါ်သည်။

"လာလေ၊ ဒီဘက်ဘေးမှာ ထိုင်ခုံတွေရှိတယ်"

ခေါ်သူအနားကို လျှောက်သွားပြီး ဘေးက ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ လှမ်းခေါ်လိုက်သူကို ယခုမှ သတိ ထားမိသည်။ ကိုယ့်ထက်တော့ ငယ်မယ့်ပုံပါ။ သို့ပေမဲ့ ဝတ်စားဆင်ယင်မှုကပဲ ရင့်ကျက်စေသည်လား မသိ။ ရင်ဖုံးလက်ရှည်နှင့် လိုက်ဖက်သည့် လူကြီးဆန်ဆန် ထမီကို ဝတ်ဆင်ထားသည်။ မျက်မှန်ကလေးကိုလည်း ရင်ဘတ်မှာ ချိတ်ထားလိုက်သေးသည်။ သူကပဲ ထိုင်နေသူအားလုံးကို လှမ်းလှမ်း စကားပြောနေသည်။ ထိုင်နေရင်းမှ သူက စတင် မိတ်ဆက်လာသည်။ သူ့နာမည်က "ဝါဝါ" လို့ သိရပြီး ယခု ထိုင်နေကြသူများမှာ ကိုယ်တို့လိုပင် စာမေးပွဲအောင်မြင်ပြီးသူများ ဖြစ်ကြောင်း၊ ကိုယ်တို့ကို ဦးဆောင်မည့် အရာရှိမှာ တော်သော၊ ထက်သော၊ စည်းကမ်းတိကျသော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း၊ နာမည်က "အန်တီပြုံး"ဟု ခေါ်ကြောင်း စသည်ဖြင့် စုံစုံစေ့စေ့ ပြောပြသည်။ အခု လောလောဆယ်တော့ အန်တီပြုံး မရောက်သေးသောကြောင့် အခန်းတွင်းသို့ ဝင်ရန် စောင့်နေကြကြောင်း ဆက်ပြောသည်။

မကြာခင်မှာပင် အင်္ကျီအဖြူရောင်နှင့် နက်ပြာရောင်ထမီ ယူနီဖောင်းကို သပ်ရပ်စွာ ဝတ်ဆင်ထားသော အရပ်ရှည်ရှည်၊ အသားဖြူဖြူ၊ မျက်နှာဝိုင်းဝိုင်းနှင့် ခင်မင်နှစ်လိုဖွယ် အမျိုးသမီးတစ်ဦး လျှောက်လာသည် ကို တွေ့ရသည်။ သူမက အားလုံးကို ပြုံးပြလိုက်ပြီး ရင်းနှီးဖော်ရွေစွာပင် နှုတ်ဆက်သည်။

"ကဲ၊ ငါ့အဖွဲ့သားတွေ အားလုံး လာကြ၊ ပြီးရင် တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်စကား ပြောကြတာပေါ့"

ထိုင်နေသူအားလုံး အန်တီပြုံး၏ ဦးဆောင်မှုဖြင့် ကွန်ပျူတာခန်းအတွင်း အလျှိုအလျှို ဝင်လာကြသည်။ အန်တီပြုံးက အခန်းအလယ် မကျတကျမှာ နေရာယူလိုက်ပြီး သူမကိုယ်သူမ စတင် မိတ်ဆက်သည်။ ထို့နောက် ကိုယ်တို့လုပ်ရမည့် Project အကြောင်းကို ရှင်းပြပြီး တစ်ယောက်ချင်းစီ လုပ်ရမည့် တာဝန်များကို ခွဲဝေပေးသည်။ လုပ်ရမည့်အလုပ်တွေက တစ်နိုင်ငံလုံးရှိ လိုင်စင်မဲ့ ဆိုင်ကယ်များကို တန်ဖိုးအလိုက် အခွန်နှုန်း သတ်မှတ်ကောက်ခံပြီး အခွန်ဆောင်ပြီးသော ဆိုင်ကယ်များကို လိုင်စင်ထုတ်ပေးနိုင်ရန် စာရင်းပြုစုဖို့ ဖြစ်သည်။ ထို့ကြောင့် ပြည်နယ်/တိုင်းအသီးသီးရှိ မြို့နယ်များအလိုက် ဆိုင်ကယ် စာရင်း ကောက်ယူထားသော ဖိုင်များကို စာရင်းသွင်းခြင်း၊ တန်ဖိုးတွက်ချက်ခြင်း၊ အခွန်ကောက်ခံမှုနှုန်း များနှင့် အခွန်ဆောင်ပြီးသော ဆိုင်ကယ်အစီးရေကို တွက်ချက်ပေးခြင်းတို့ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြစ်သောကြောင့် အလုပ်လုပ်ရာတွင် မြန်ဆန်ဖို့ထက် တိကျသေချာမှုရှိရန် ဂရုပြုစေ လိုကြောင်း သတိပေးသည်။

ပြီးသည်နှင့် ကိုယ်တို့အလုပ်လုပ်ရမည့် ဖိုင်တွေကို ယူဖို့ ပထမထပ်မှ အပေါ်ဆုံးထပ်သို့ ချီတက်ကြရ သည်။ လေးထပ်ရှိသည့် အဆောက်အအုံဖြစ်သော်လည်း ထုကြီးထည်ကြီးမို့ လှေခါးထစ်တွေက များလှ သည်။ တစ်ထပ်နှင့်တစ်ထပ်ကို လှေခါးထစ် နှစ်ဆစ်ချိုးရှိသည်။ အပေါ်ဆုံးထပ်သို့ ရောက်သောအခါ သော့ ခတ်ထားသော သံပန်းတံခါးတစ်ခုကို တွေ့ရသည်။ အန်တီပြုံးက သော့ဖွင့်ပြီး သံပန်းတံခါးကို ဆွဲဖွင့်လိုက် သည်နှင့် စိုထိုင်းသော စက္ကူနံ့က တိုးထွက်လာသည်။ သံပန်းတံခါးမှ အထဲသို့ အားလုံး ဝင်လိုက်ကြသည်။ မျက်စိရှေ့မှာတော့ အဆောက်အအုံ၏ ဟိုဘက်နံရံမှသည် သည်ဘက်ကိုယ့်ခြေရင်းအထိ အခန်းဧရိယာ အပြည့် ဆာလာအိတ်တွေ စီစီရီရီကို ထပ်ထားသည်ကို တွေ့ရသည်။ အိတ်တိုင်းအိတ်တိုင်းတွင် ပြည်နယ်/ တိုင်းအမည်နှင့် မြို့နယ်အမည်တွေကို မင်လုံးကြီးကြီး ရေးသားထားသည်။

 ပထမဆုံး လုပ်ရမည့်အလုပ်က အဲဒီဆာလာအိတ်တွေထဲက ပြည်နယ်တစ်ခုကို ရွေးထုတ်လိုက်ပြီး ထိုပြည် နယ်ရှိ မော်တော်ဆိုင်ကယ်စီမံချက် ဖိုင်များကို စာရင်းသွင်းဖို့ ဖြစ်သည်။ ဒီတော့ အဖွဲ့ထဲက ယောက်ျားလေး များ စတင်ပြီး လုပ်အားပေးရတော့သည်။ တချို့က အဖြူဆွတ်ဆွတ် လည်ကတုံးအင်္ကျီလက်ရှည်နှင့် ကချင် လုံချည်နှင့် စတိုင်ကျကျဆိုတော့ မျက်နှာတွေ ရှုံ့မဲ့ကုန်သည်။ ကိုယ်ချင်းစာပါတယ်လေ။ ဒီလို ဆာလာအိတ် ကြီးတွေ သယ်ရပြုရ ရွှေ့ရလိမ့်မယ်လို့ ဘယ်သူက မျှော်လင့်ထားပါ့မလဲ။ သို့သော်လည်း ဒီလိုအလုပ်မျိုးဆို တာက ယောက်ျားလေးတွေမှ မလုပ်ရင် မိန်းကလေးတွေ လုပ်လို့လည်း မရတဲ့ကိစ္စ ဖြစ်နေလေတော့ မျက်နှာခပ်ပျက်ပျက်နှင့်ပင် ရွှေ့ရပြုရတော့သည်။ ဒါကိုပင် ကိုယ်တို့မိန်းကလေးအဖွဲ့ထဲက အချို့က ပြုံးတုံ့ တုံ့ လုပ်ကြ၍ မျက်နှာများက ပိုပြီး စူပုပ်ကုန်ကြတော့သည်။

ဖိုင်အထုပ်တွေ နေရာချပြီးချိန်မှာတော့ အန်တီပြုံးက အားလုံးကို ခေါ်ပြီး အောက်ထပ်ဆင်းကာ နေ့လယ်စာ ထမင်းကျွေးသည်။ သည်အချိန်အထိ ကိုယ်တို့ မိန်းကလေးတွေ ဘာမှ ဟုတ်တိပတ်တိ မလုပ်ရသေး။ ထမင်း စားပြီးတော့ အပေါ်ထပ်ကို တစ်ခါ တက်ကြရပြန်သည်။ ဒီတစ်ခါတော့ ကိုယ်တို့မိန်းကလေးတွေ အဟားခံရ တဲ့ အလှည့်ပါ။ ဘာကြောင့်လဲဆို ဆာလာအိတ်တွေ ဖြည်ပြီး ကိုယ်ရိုက်ရမယ့် ဖိုင်တွေကို အစည်းလိုက်၊ အစည်းလိုက် ကိုယ့်ဘာသာ သယ်ပြီး အောက်ထပ်ကိုဆင်း၊ ပြီးရင် အဲဒါတွေ အကုန်လုံး ကွန်ပျူတာထဲမှာ စာရင်းသွင်းရမှာမို့ပါ။ တချို့မိန်းကလေးတွေက ဒေါက်မြင့်ဖိနပ်လှလှလေးတွေနဲ့ ကိုယ်ပိုင်ကားစီးပြီး ခပ် ကြွားကြွားလေး ရုံးလာကြသည်မို့ ယခုလို ကိုယ်ရိုက်ရမယ့် ဖိုင်တွေကို ကိုယ်တိုင်သယ်ရမည်လည်းဆိုရော မျက်လုံးလေးတွေ ဝိုင်းသွားကြတာ ယောက်ျားလေးတွေဘက်ကို အကူအညီတောင်းတဲ့ မျက်နှာလေးတွေနဲ့ လှမ်းကြည့်ကြသည်။ ကိုယ်တော်ချောတို့ကလည်း ဒီတစ်ခါတော့ ကိုယ့်ထိုက်နဲ့ကိုယ်ကံပဲလို့ ထားလိုက်ကြပုံ ရလေသည်။ နောက်တော့လည်း ကိုယ့်တာဝန်ကို ကိုယ်ကျေရမည်မို့ မချောတို့ခမျာ တစ်သက်လုံးက နုနု ရွရွ နေလာသမျှ ထောက်/ပို့လည်း ရောက်ရော မင်းသမီးလို နုနေ၍ မရကြရှာတော့ချေ။ ဖိုင်တစ်ရာပါသော အစည်းတစ်စည်းကို မနိုင့်တနိုင်သယ်ပြီး အောက်ထပ်သို့ ဆင်းကြရသည်။ အောက်ထပ်က ကိုယ့်အခန်း ထဲ ရောက်သည်နှင့် ကိုယ့်ထိုင်ခုံဘေးမှာ ဖိုင်အထုပ်ကိုချ၊ ကြိုးကိုဖြည်ပြီး တစ်ဖိုင်ချင်းစီ ကွန်ပျူတာထဲ စာရင်းသွင်းကြရသည်။

ညနေရောက်သည်နှင့် ကိုယ်စာရင်းသွင်းပြီးသော ဖိုင်များကို ကြိုးနှင့် ပြန်ချည်၊ ပြီးလျှင် Marking လုပ်ကာ အပေါ်ဆုံးထပ်သို့ ပြန်ထားရသည်။ စစချင်းနေ့မှာတော့ ကိုယ်လက်တွေ နာကျင်ကာ ခြေထောက်တွေ လည်း ညောင်းညာလှသည်။ သည်လိုနှင့်ပင် တစ်ပတ်လောက်ရှိတော့ အသားကျသွားသည်။ ဒီအချိန် မှာတော့ အဖွဲ့သားတွေအားလုံး မေးထူးခေါ်ပြော ခင်မင်ရင်းနှီးလာကြသည်။ ခင်မင်သွားသည့်အခါကျမှ ကိုယ့်ထက် အသက်ငယ်သူတွေ ပါသလို အသက်ကြီးသူတွေလည်း ရှိကြောင်း သိလာရသည်။ အစပိုင်းတွင်  လွယ်ကူသည်ဟု ထင်ခဲ့သော်လည်း ရက်ကြာလာသည်နှင့်အမျှ လူတစ်ယောက်သည် တစ်နေ့လျှင် အနည်း ဆုံး ဖိုင်ငါးရာ ပြီးရမည်ဆိုသည့် စံချိန်တစ်ခု ထွက်လာသောအခါ အဖွဲ့သားအားလုံးမှာ တက်ညီလက်ညီနှင့် ကိုယ့်ကိုတာ ပြည့်မီဖို့အရေး ကွန်ပျူတာ ကီးဘုတ်ကို အားပါးတရ တဖျောင်းဖျောင်း ရိုက်ကြရတော့သည်။

စာရိုက်မြန်သူတွေက တစ်နေ့လျှင် ဖိုင်ခြောက်ရာကျော် ပြီးကြသော်လည်း စာရိုက်နှေးသူများမှာ တစ်နေ့ လျှင် သုံးရာတောင် ပြီးဖို့အနိုင်နိုင် ဖြစ်ကြရသည်။ ထိုအခါ အဖွဲ့သားထဲက တချို့တစ်ဝက်မှာ တဖြည်းဖြည်း  တစ်ယောက်ပြီးတစ်ယောက်ပြီး ပျောက်ကုန်ကြတော့သည်။ နောက်ဆုံးတော့ အမာခံ အဖွဲ့ဝင်များမှာ (၁၃) ယောက်သာ ကျန်တော့သည်။ သည်လိုနှင့်ပင် ကျန်သည့် အဖွဲ့ဝင် ၁၃ ယောက်မှာ အချင်းချင်း ကူညီ ရိုင်းပင်းကြရင်းနှင့်ပင် တစ်နှစ်ဆိုသော အချိန်သည် ခပ်မြန်မြန်ပင် ကုန်ဆုံးသွားတော့သည်။


[ ၄ ]

ထောက်/ပို့ဟု အတိုကောက်ခေါ်သော အကောက်ခွန်ဌာနလက်အောက်မှ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး ဌာနခွဲတွင် တစ်နှစ်ခွဲမျှ လေ့လာဆည်းပူးပြီးချိန်တွင် အမြဲခန့် ဝန်ထမ်းဖြစ်ဖို့ စာမေးပွဲဖြေဆိုရမည်ဟု ညွှန်ကြားလာသည်။ သို့နှင့် သိသမျှ၊ ကြားဖူးသမျှ၊ တတ်သမျှ၊ မှတ်သမျှ သင်ယူလေ့လာ ကျက်မှတ်ကြ ရပြန်သည်။ စာမေးပွဲသတင်းကြားပြီး ဤဌာနတွင် အလုပ်ဝင်ဖို့ ကြိုးစားပမ်းစား ဖြေဆိုကြမည့်သူတွေက စာမေးပွဲ နီးလာလေ ပိုမိုများပြားလာလေ ဖြစ်လာသည်။ ရုံးတွင်း စစ်သည့် စာမေးပွဲပုံစံဟု သိထားရာမှ စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများ လက်ဝယ်ရရှိပြီးသည့်တိုင် ဖြေဆိုမည့်သူများမှာ ရုံးတွင် တဖွဲဖွဲ လာရောက် ကြဆဲ ဖြစ်သည်။ အစဦးပိုင်း Volunteer အဖြစ် ဝင်ခွင့်ဖြေစဉ်က မအောင်မြင်ခဲ့သူတွေရော၊ အောင်မြင်ပြီးမှ ပင်ပန်းလှချည့်ဟူ၍ နောက်ဆုတ်သွားသူတွေရောကို ထိုရက်ပိုင်းတွင် ပြန်တွေ့ရသည်။

သို့သော်လည်း ကိုယ်တို့အရာရှိက မျှတစွာ အားပေးပါသည်။ ဖြေဆိုနိုင်သလောက် ရအောင် ဖြေကြပါ။ မရ လျှင်လည်း စာမေးပွဲစစ်သူတွေ မျက်စိနောက်အောင် မလုပ်ကြပါနဲ့။ သိက္ခာရှိရှိ စာမေးပွဲဖြေကြပါ။ တို့တွေ အတူတူ ပင်ပန်းခံပြီး လုပ်ခဲ့ကြတဲ့ အလုပ်ဆိုတာ လူကြီးတွေလည်း အားလုံး သိကြပါတယ်။ ဘယ်သူက ဘယ်လောက် အလုပ်လုပ်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေလည်း ရှိသားပဲ။ ဒါကြောင့် ဘာမှ မစိုးရိမ်ကြနဲ့။ တရား ကို နတ်စောင့်ပါတယ်ဟု အားပေးစကား ပြောသည်။

သို့သော်လည်း ... ထိုဌာနနှင့် ကံမစပ်ဟုပင် ပြောရမည်လား မသိ။ စာမေးပွဲဖြေဖို့ ရက်ပိုင်းကလေးသာ လို သည့်အချိန်တွင် ထိုဌာန၌ လူကြီးပိုင်း အပြောင်းအလဲ ဖြစ်သောကြောင့် ကိုယ်တို့ ဖြေရမည့် စာမေးပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းထွက်လာသည်။ ကိုယ်တို့ အဖွဲ့သား ၁၃ ယောက် ခမျာ ခဲလေသမျှ၊ သဲရေကျ ဖြစ်ရတော့သည်။ အချိန်ကုန်၊ လူပင်ပန်းခံပြီး ကြိုးစားခဲ့သမျှ အစွမ်းအစ ပြဖို့ အသာထား၊ ဘာတစ်ခုမျှပင် စလုံးရေ မစလိုက်ရသည့်အတွက် ဤသတင်း စကြားကြားချင်းတွင် ခံပြင်းမိ သည်။ ကိုယ်တို့လုပ်ခဲ့သမျှ အလုပ်တွေက တစ်ခဏလေးအတွင်းမှာ ဘာမှအသုံးမဝင်သည့် အလုပ်လို ဖြစ် သွားသည်ဟု ခံစားခဲ့ရသည်။

သည့်နောက်တွင်တော့ ၁၃ ယောက်သော အဖွဲ့ဝင်များထဲမှ အချို့က ကိုယ့်ဘဝတက်လမ်းအတွက် မသေ ချာသည့် အချိန်တစ်ခုကို စောင့်ဆိုင်းရန် ဆန္ဒမရှိတော့ဘဲ တခြား အဆင်ပြေရာ လုပ်ငန်းခွင်အသီးသီးသို့ ဝင်ရောက် လုပ်ကိုင်သွားကြသည်။ အချို့ ငယ်ရွယ်သူများကလည်း နောက်ထပ် စာမေးပွဲဖြေဆိုခွင့် ရနိုးနှင့် သင်တန်းတွေ တစ်ခုပြီးတစ်ခု တက်ရင်း စောင့်ကြသည်။ အဲသည်အထဲမှာ ကိုယ်က ပထမ အစုထဲ ပါဝင်ခဲ့ သည် ဆိုပါတော့။ ကိုယ့်ဦးနှောက်ထဲတွင် ဘဝမှာ ရှင်သန်နေထိုင်ဖို့အတွက် အချိန်သည် အလွန်အရေးကြီး သည်ဟု ခံယူမိသည်။ မသေချာ၊ မရေရာသည့် အလုပ်တစ်ခုကို အချိန်ကုန်ခံ စောင့်နေဖို့ အခွင့်အရေး ကိုယ့်မှာ မရှိ။ ရွေးချယ်စရာ ရှိသည် ထားဦး၊ အချိန်လွန်မှ ရလာမည့် အခွင့်အရေးကို ထိုင်စောင့်နေသည် ထက် အချိန်ရှိခိုက်တွင် ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက် ကိုယ်တတ်နိုင်သည့် အတိုင်းအတာ အလျောက် တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးခြင်းက ကိုယ့်ဘဝအတွက် အဆင်အပြေဆုံးဖြစ်သည် ဆိုသည်ကို ကိုယ်သာလျှင် သိသည် မဟုတ်ပါလား။

* * *

မြဝတီဇော်









Friday, July 20, 2012

ကိုယ့်ကိုယ်ကိုယ်သာ ယှဉ်ပြိုင်ပါ


လူ့လောကမှာ လူရယ်လို့ဖြစ်လာကတည်းက လောကဓံတရား ၈ ပါးနဲ့ ကင်းလွတ်ပြီး ရှင်သန်လို့မရနိုင်ပါဘူး။ တစ်နေ့မဟုတ် တစ်နေ့၊ တစ်ကြိမ်မဟုတ် တစ်ကြိမ်၊ လောကဓံရဲ့ အတိုက်အခိုက်၊ အထုအဆောင့်တွေကို ခံရစမြဲပါပဲ။ တကယ်တော့ ကျွန်မတို့ရဲ့ တစ်နေ့တာမှာ နံနက်မိုးသောက်ကနေ ညနေ နေ၀င်မိုးချုပ် ညရောက်သည်အထိ လုပ်စရာအလုပ်တွေက များလှပါတယ်။ လောကီလောကုတ္တရာ အပါအ၀င် လူမှု စီးပွားကိစ္စတွေကလည်း နေ့စဉ်ရက်ဆက် ဆိုသလို လုပ်ကိုင်နေရတာပါပဲ။ ဒီလို ကိုယ့်ရဲ့ဘဝ တိုးတက်ရာ တိုးတက်ကြောင်းအတွက်ရော၊ မိသားစုအတွက်ပါ အချိန်ပေးပြီး ဂရုတစိုက် ပြုစုစောင့်ရှောက်ရင်းနဲ့ပဲ အချိန်ဆိုတာလည်း ကုန်မှန်းမသိ ကုန်ဆုံးနေကြရပါတယ်။ ကျွန်မ မှတ်မိနေတဲ့ စကားလေးတစ်ခွန်း ရှိပါ တယ်။ ကျွန်မ သိတတ်စအရွယ် အလယ်တန်းကျောင်းသူဘ၀က ကျွန်မရဲ့ဖွားဖွားက ဆုံးမခဲ့ဖူးတဲ့ စကားလေးပါ။ "လူဆိုတာ တစ်နေ့တော့ သေကြရမယ့်သူတွေချည်းပဲ။ မသေခင် ရသမျှအချိန်လေးမှာ ကုသိုလ်၊ အကုသိုလ်ကို ခွဲခြားသိဖို့ မကောင်းတဲ့အတွေး၊ မကောင်းတဲ့ စိတ်အကြံ၊ မကောင်းတဲ့ အပြုအမူ၊ အပြောအဆိုတွေကို နေ့တိုင်း တစ်နေ့တစ်ခါလောက်ပဲ ကိုယ့်ကိုကိုယ် ဆင်ခြင်ကြည့်ရင် အကုသိုလ် အလုပ်တွေ မလုပ်မိအောင် အလိုလို ရှောင်ကြဉ်ပြီးသား ဖြစ်သွားလိမ့်မယ်" ဆိုတာပါပဲ။ ဖွားဖွားပြောခဲ့တဲ့ စကား တကယ်မှန်ပါတယ်။

လူတိုင်းလူတိုင်း မိမိကိုယ်မိမိ တစ်နေ့တစ်ခါ ပြန်လည်သုံးသပ် ဆင်ခြင်သင့်ပါတယ်။ ဒါမှသာ တစ်နေ့တာ အတွင်း သိလျက်နဲ့ဖြစ်စေ၊ မသိဘဲနဲ့ဖြစ်စေ ကိုယ့်ရဲ့ ပြုမူပြောဆိုမှုတွေဟာ တစ်ဖက်သားကို ဘယ်လို ထိပါး နစ်နာစေနိုင်သလဲဆိုတာ ကိုယ်ချင်းစာသိနဲ့ ဆင်ခြင်နိုင်မှာပါ။ သင့်ရဲ့တစ်နေ့တာအတွင်း တစ်စုံ တစ်ယောက်အပေါ် ပြုမူ ပြောဆိုလိုက်တဲ့ မိမိရဲ့စိတ်သန္တာန်ကို လိပ်ပြာသန့်သန့်နဲ့ ဝေဖန်သုံးသပ်ရဲပါ သလား။ ကြံရွယ်ချက်ရှိရှိ (တစ်နည်းအားဖြင့် တစ်စုံတစ်ယောက်ကို ထိခိုက်စေလိုတဲ့ စိတ်ဆန္ဒဆိုးနဲ့) မကောင်းတဲ့စိတ်ကို အလိုလိုက်ကာ သူတစ်ပါးအပေါ် စကားအနိုင်ရ ပြီးရောဆိုပြီး တစ်ဖက်သတ် ပြောဆိုခဲ့ မိဖူးပါသလား။ မရှိတာကို အရှိလုပ်၊ မဟုတ်တာကို အဟုတ်လုပ်ပြီး အကျိုးမရှိတဲ့ စကားတွေရော တစ်နေ့ တာအတွင်း ဘယ်နှခွန်း ပြောခဲ့ပြီးပါပြီလဲ။ ပြောသူ မိမိအတွက်လည်း အကျိုးမရှိ၊ နားထောင်ရသူ သူတစ်ပါး အတွက်လည်း အကျိုးမရှိတဲ့ (တန်ဖိုးမရှိတဲ့) စကား အခွန်းပေါင်း မည်မျှ ပြောခဲ့ပါသလဲ။ စဉ်းစားကြည့်သင့် ပါတယ်။ အဲဒီလို စဉ်းစားသုံးသပ်ကြည့်ပြီးရင် နောက်နေ့တွေမှာ မတွေး၊ မကြံ၊ မပြော၊ မပြုမူဖြစ်အောင် ဆင်ခြင်သွားနိုင်ပါတယ်။ ဆိုလိုတာကတော့ မိမိကိုယ်မိမိ နေ့စဉ် ယှဉ်ပြိုင်နေဖို့ပါပဲ။ တရားနည်းလမ်းကျကျ ယှဉ်ပြိုင်ချင်တယ်ဆိုရင် မိမိကိုယ်ကိုသာ ယှဉ်ပြိုင်လိုက်ပါ။ မနေ့က၊ ယနေ့နဲ့ မနက်ဖြန်များစွာမှာ သင့်ကိုယ် သင် ယှဉ်ပြိုင်ခြင်းက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာမှာ ဘယ်လို ထူးခြားတဲ့ အောင်မြင်မှုတွေ (တစ်နည်း အားဖြင့် အကောင်းမြင်စိတ်ရဲ့ စွမ်းအားတွေ) ရရှိစေနိုင်မယ်ဆိုတာ သိရှိလာပါလိမ့်မယ်။

 နောက်ဆုံး ဥပမာပေးရရင် ကိုယ့်အပေါ် တစ်စုံတစ်ယောက်က ကိုယ် သူများကို ပြောခဲ့သလို၊ ပြုမူခဲ့ သလို ပြန်လည် ပြောဆို ပြုမူခဲ့ရင် အပြုံးမပျက် သည်းခံနိုင်ပါ့မလား၊ ခွင့်လွှတ်နားလည် စာနာစိတ်နဲ့ အခင်အမင်မပျက် ဆက်ဆံနိုင်ပါ့မလား။ ..... မလား။ ..... မလား။

တကယ့်စိတ်ရင်းနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ လူသားတွေအပေါ် ရင်းနှီးနွေးထွေးတဲ့ အကောင်းမြင်စိတ်ကို အခြေခံပြီး ကိုယ်ချင်းစာစိတ် ထားကြည့်ကြရအောင်ပါ။


(တစ်ခါတုန်းက ကိုယ်တွေ့ကြုံရဖူးတဲ့ အဖြစ်အပျက်တစ်ခုကို အခြေခံပြီး ရေးဖြစ်ခဲ့တဲ့ ပို့စ်လေးပါ။ ဘာပဲဖြစ်ဖြစ် ခံစားချက်တစ်ခုကနေ စာတစ်ပုဒ်ရေးဖွဲ့ဖြစ်အောင် ပြောဆိုပြုမူခဲ့တဲ့သူကိုတော့ ကြံဖန်ပြီး ကျေးဇူးတင်မိပါတယ်။ ကျေးဇူးဆိုတာ ရှာကြံပြီး တင်ရတယ် မဟုတ်လားနော်။)   : D

မြဝတီဇော်

Tuesday, July 3, 2012

ငါ့ကို ချစ်ပါ ...



ငါ့ကို ချစ်ပါ ...
ဘာကြောင့်လဲဆို
မသေချာတဲ့ ကန့်သတ်မှုအတွင်းမှာ
ဘ၀ကို မြည်းစမ်းဖို့
ငါ ... ကြိုးစားနေလို့ပါ။

ငါ့ကို ချစ်ပါ ...
လောင်းရိပ်အောက်က ဆုံးဖြတ်ချက်တွေနဲ့
အသိတရားတွေ ပိုင်ဆိုင်ဖို့
ငါ ... ကြိုးစားနေလို့ပါ။

ငါ့ကို ချစ်ပါ ...
အေးစက် တိတ်ဆိတ်တဲ့ နာကျင်မှုတွေနဲ့
ခေါင်းရှုပ်စရာကောင်းတဲ့ အနှောင့်အယှက်တွေ
ငါ ခံစားရတဲ့အခါ...။

ငါ့ကို ချစ်ပါ ...
ကြောက်ရွံ့ပူပန်ခြင်းကင်းတဲ့ ငါ့ရဲ့စိတ်နဲ့
ငါ့ရဲ့ နှလုံးသား ခံစားချက်အတွက်ပါ။

ငါ့ကို ချစ်ပါ ...
အမှန်တရားကို ရှာဖွေရင်း
အတွေးအမြင်မှားတွေနဲ့
(ငါ) ခလုတ်တိုက်မိတဲ့အခါ။

ငါ့ကို ချစ်ပါ ...
အိပ်မက်တွေနောက်လိုက်ရင်း
တစ်ခါတစ်ရံမှာ အထင်အမြင်မှားတွေနဲ့
အသိဉာဏ် နုံနဲ့တဲ့အခါ ...။

ငါ့ကို ချစ်ပါ ...
ဇရာပိုင်းကို ချဉ်းကပ်လာတဲ့နောက်
တိုးတက်မှုတွေ ဆိတ်သုဉ်းလာပြီလို့
ငါ့ကိုယ်ငါ သိလာတဲ့အခါ ...။

ငါ့ကို ချစ်ပါ ...
ဘာကြောင့်လဲဆို
ငါနဲ့ သဟဇာတဖြစ်တဲ့ လူတွေကို ရှာဖွေရင်း
လူတွေနဲ့ ငါ ...
စိတ်သဘောချင်း မတိုက်ဆိုင်တဲ့အခါ ...။

ငါ့ကို ချစ်ပါ ...
ငါ့ရဲ့ခန္ဓာကို ချစ်ခြင်းမေတ္တာတွေနဲ့ မျှဝေပြီး
မင်းကို နွေးထွေးစွာ လွှမ်းခြုံတဲ့အခါ ...။

ငါ့ကို ချစ်ပါ ...
ဘာကြောင့်လဲဆို
ငါတို့ဟာ ...
ခြားနားမှုတွေ များပေမဲ့
စိတ်ချင်း နီးစပ်သူတွေ ဖြစ်လို့ပါ ...။

ငါ့ကို ချစ်ပါ ...
ငါတို့ရဲ့ဘဝ ရှင်သန်မှုကို
ကြင်နာမှုတွေ၊ နားလည်မှုတွေနဲ့
အတူတကွ ကုန်ဆုံးစေမှာမို့ပါ ...။

ငါ့ကို ချစ်ပါ ...
ဘာကိုမှ မျှော်လင့်လို့ မရပေမဲ့
ငါဟာ ... မင်းကို
မင်းနဲ့ထပ်တူ ချစ်နေမယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့်ပါ။


မြဝတီဇော်

Monday, July 2, 2012

အချစ်ဆိုတာ...


အချစ်ဆိုတာ ...
လှပတဲ့ သံစဉ်တစ်ခု မဟုတ်ပေမယ့်

တစ်ခါတစ်ရံ ...
မရည်ရွယ်ဘဲ အလျင်စလို ပြောထွက်မိစေတယ်။

တစ်ခါတစ်ရံ ...
ချစ်တဲ့သူကို ထာဝရ မစောင့်ရှောက်နိုင်ဘဲ
ကတိတွေ ကြိုတင်ပေးမိစေတယ်။

တစ်ခါတစ်လေလည်း ....
ပြန်မလှည့်နိုင်တော့မယ့် ဘဝလမ်းကို
လျှောက်လှမ်းမိစေတယ်။

အချစ်ကို ... တစ်ခါမျှော်လင့်မိတိုင်း
အချစ်က
ကိုယ့်ကို တစ်ခါ မညှာမတာ နှိပ်စက်တယ်။

အချစ်ကို ...
ရှာဖွေတွေ့ရှိခဲ့ပြီ ဆိုတော့လည်း
တစ်ခဏလေးအတွင်းမှာပဲ
ကိုယ့်ဘဝကို
ကြည်နူးပျော်ရွှင်မှုတွေနဲ့ လင်းလက်စေပြန်တယ်။

ပဋိပက္ခဖြစ်တဲ့ အခါမျိုးမှာ
အချစ်က ...
စိတ်မချမ်းမြေ့မှုတွေကို
ကွယ်ပျောက်စေတယ်။

အချစ်နဲ့ ဆုံဆည်းခွင့် ရသူတိုင်းကို
မေးကြည့်လိုက်ပါ။

အချစ်ဟာ ပြီးပြည့်စုံတဲ့ တေးသွားတစ်ခု မဟုတ်ပေမယ့်
ကိုယ်တို့နှစ်ယောက်ကို
ဝေးကွာမသွားရအောင်
နက်နက်ရှိုင်းရှိုင်း
ချည်နှောင်မိစေတယ် ... ။


မြဝတီဇော်