Friday, September 21, 2012

ဘယ်တော့မှ လှည့်မကြည့်နဲ့




ပြီးဆုံးသွားတဲ့အချိန်တွေကို လည်ပြန်လှည့်ကြည့်ပြီး 
ဘယ်တော့မှ ဝမ်းနည်း နောင်တမရနဲ့။
ပြဿဒါးရက်တွေကို ဖြတ်ကျော်လာခဲ့ပြီပဲ။

ပေးခဲ့ဖူးတဲ့ကတိတွေတိုင်းကို ဆုပ်ကိုင် စောင့်ထိန်းနေရင်
အောင်မြင်မှုက မင်းနဲ့ ဝေးနေဦးမှာပဲ။
ဘ၀ဆိုတာ ပြီးပြည့်စုံမှုတွေနဲ့ ပြည့်နှက်နေတာ မဟုတ်ဘူးလေ။

    ဘဝရဲ့လမ်းတွေက အမြဲ နေရောင်ခြည်နဲ့ မဆုံနိုင်ဘူး။
    ထားခဲ့ဖူးတဲ့ ကတိတွေလည်း တစ်ခါတစ်ရံ ချိုးဖျက်ရတတ်တယ်။
    ကိုယ့်ရဲ့အိပ်မက်တွေလည်း လမ်းကြောင်းမှန်ကနေ တိမ်းစောင်းသွားရတတ်တယ်။

    လွဲချော်မှုတွေကြုံရတိုင်း မျက်ရည်ကျရင်း အချိန်မကုန်စေနဲ့။
    အရာအားလုံးဟာ ရာသီစက်ဝန်းလိုပဲ။
    ပျော်ရွှင်ရယ်မောချိန်ရှိသလို ဝမ်းနည်းငိုကြွေးချိန်လည်း ရှိမှာပဲ။

    အတိတ်က အရိပ်ဆိုးတွေ ချန်ခဲ့လိုက်တော့။
    ဘာမဟုတ်တဲ့ ချွတ်ချော်မှုလေးက အချိန်တန်ရင် မှေးမှိန်သွားလိမ့်မယ်။
    တောက်ပတဲ့ အနာဂတ်ကို ဖမ်းဆုပ်ဖို့ အားဖြည့်ထားလိုက်။
    နောက်တစ်နေ့ နံနက်ခင်းကို စတင်ဖို့လေ ...။


မြဝတီဇော်

Monday, September 17, 2012

ကျွန်မနဲ့ လတ်တလော

အခုတလော ကျွန်မ စာမရေးဖြစ်ဘူး ဖြစ်နေပါတယ်။ မရေးဖြစ်ဘူးဆိုတာထက် ရေးဖို့ အခြေအနေ မပေး တာပါ။ ကျွန်မခေါင်းထဲမှာ ရေးဖို့ စဉ်းစားထားတာတွေ အများကြီးရှိပေမယ့် ချမရေးဖြစ်လောက်အောင် အကြောင်းကိစ္စတွေက မျိုးစုံပါပဲ။

အဓိက အကြောင်းရင်းကတော့ သိပ်မကြာတဲ့ ရက်အပိုင်းအခြားတစ်ခုမှာ ကျွန်မ စာမေးပွဲတစ်ခု ဖြေဖို့ရှိလို့ ပါပဲ။ ဒါကြောင့် စာမေးပွဲအတွက် ကျက်ရ၊ မှတ်ရ၊ တွက်ရ၊ ချက်ရနဲ့ တစ်ရက်နဲ့တစ်ရက် ဘယ်လို အချိန် ကုန်သွားမှန်းတောင် မသိလိုက်ပါဘူး။ ကျွန်မလိုပဲ တချို့သော သူငယ် ချင်း၊ မောင်နှမ၊ မိတ်ဆွေများလည်း ကြုံဖူးကြမယ် ထင်ပါတယ်။ မနက်ဆို အလုပ်သွား၊ ညနေစောင်းမှ အိမ်ပြန်ရောက်။ ခဏနားပြီးတာနဲ့ စာအုပ်နဲ့ မျက်နှာအပ်ပြီး ကျက်ရ မှတ်ရပါတော့တယ်။ ဒါတောင် ချက်ရေးပြုတ်ရေးအတွက် ကျွန်မရဲ့ မိသားစုတွေက ကျွန်မကို နားလည်မှု အပြည့်အဝနဲ့ ဘေးမဲ့ပေးထားလို့သာ ဒီလို အဆင်ပြေပြေ စာကျက်နိုင် တာပါ။ (အဲဒီအတွက်လည်း ကျွန်မရဲ့မိသားစုများကို ကျေးဇူးအထူး တင်ရပါတယ်။) နောက်ပြီး ကျွန်မနဲ့ မတည့်အတူနေ တစ်ယောက်သောသူကလည်း ကျွန်မ ဘာလုပ်လုပ် အကောင်းသာ မပြောတာ၊ စာကျက် ရင်း အိပ်ငိုက်တတ်တဲ့ ကျွန်မအတွက် အချဉ်ထုပ်တွေ တနင့်တပိုး ဝယ်ပေးလား ပေးရဲ့၊ အိပ်ရာထဲ လှဲပြီး စာကျက်နေတဲ့ကျွန်မ နည်းနည်းလေး အိပ်ငိုက်သွားတာနဲ့ အိပ်ပျော်သွားမှာစိုးလို့ဆိုပြီး ဖုန်းထဲက အကျယ် ဆုံး Ring Tone ရွေးပြီး နားနား လာကပ်လား ကပ်ရဲ့နဲ့ ပါရမီဖြည့်ရှာပါတယ်။ တစ်ခါတစ်ခါ အဲဒီလို အသံ ကျယ်ကြီး နားနားကပ်ပြီး ကြားလိုက်ရလို့ လန့်ဖျပ်သွားတာများ ရင်တွေတုန်ပြီး စာဆက်ကျက်ဖို့တောင် အားမရှိဖြစ်ခဲ့ရဖူးပါတယ်။ ဒါပေမယ့်လည်းလေ သူက အလိုက်တသိနဲ့ ကိုယ့်အတွက် ကူညီပေးတာဆိုတော့ လည်း စိတ်ဆိုးရ ခက်သားလား။ :D

ဒါကြောင့် အခုရက်ပိုင်းအတွင်းမှာ ကျွန်မ မြဝတီဇော်တစ်ယောက် ကျောင်းစာ တစ်ဖက်၊ အလုပ်တစ်ဖက် အပြင် အခြားအခြားသော ဗာဟီရ ကိစ္စလေးတွေကြောင့် စိတ်ထဲရှိသလောက် စာတွေ မရေးနိုင် ဖြစ်နေ ပါတယ်။ ကိုယ်တိုင်က စာတွေ မရေးဖြစ်ပေမယ့် ကျွန်မ ခင်မင်လေးစား အားကျတဲ့ မိတ်ဆွေများရဲ့ စာတွေ ကိုတော့ အချိန်ရရင် ရသလို အကြွေးမထားဘဲ ဝင်ရောက် ဖတ်ရှုဖြစ်ပါတယ်။ အဲဒီလို ဝင်ရောက်ဖတ်ရှု တဲ့အခါမှာလည်း အချိန်အခက်အခဲကြောင့် မရောက်ဖြစ်တဲ့ အိမ်ကလေးတွေလည်း အများကြီး ရှိပါသေး တယ်။ အဲဒါလေးကိုလည်း ကျွန်မ တစ်ဆက်တည်း တောင်းပန်ချင်ပါတယ်။ မောင်နှမတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတို့ရဲ့ အိမ်ကလေးကို လာမလည်ချင်တာ မဟုတ်ရပါ၊ လာလည်ဖို့ အချိန်ဆင်းရဲနေလို့ပါ လို့။ နောက်ပြီး ကျွန်မအနေနဲ့ လတ်တလော အခြေအနေအရ ကျွန်မရဲ့ ဘလော့လေးကို လာရောက် လည် ပတ်ကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ မောင်နှမများ ပို့စ်အသစ်လေးတွေ မတွေ့တဲ့အခါ ရွှေ စိတ်တော် ငြိုငြင်ပြီး လာမလည်ဘဲ မနေကြပါနဲ့လို့ အားလုံးကို အားနာစွာနဲ့ပဲ တောင်းပန်ချင်ပါတယ်။ ကျွန်မ စာမေးပွဲဖြေပြီးတဲ့ အခါ အသစ်အသစ်သော အကြောင်းအရာတွေနဲ့ စာကြွေးတွေ ဆပ်ပါရစေလို့ ကြိုတင် အသိပေး မေတ္တာ ရပ်ခံပါရစေရှင်။ စာတွေ အမြဲ လာရောက် ဖတ်ရှုပေးကြလို့ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်နော်။ 

အားလုံးပဲ နေ့ရက်တိုင်းမှာ ပျော်ရွှင်ချမ်းမြေ့မှုတွေနဲ့ ပြည့်စုံပါစေလို့


ခင်မင် လေးစားလျက်
မြဝတီဇော်

Sunday, September 2, 2012

ပန်းမြို့တော်သို့ အလည်တစ်ခေါက် ကိုယ်ရောက်တယ်


တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်တော့ ညနေ လေးနာရီခွဲပြီ။ လိုအပ်သည့် ပစ္စည်းမှန်သမျှ စီစဉ်တကျ ထည့် သိုထားသော ကျောပိုးအိတ်နှစ်လုံးကို ဆက်တီဘေးနား ချထားလိုက်သည်။ လာကြိုမည့်ကားက ညနေ ငါးနာရီဆို ရောက်လာမည်။ အတော်ပါပဲလေ။ သူမ အချိန်ကို တွက်ကြည့်ပြီး စိတ်အေးသွားသည်။ ဒီခရီးကို သွားဖြစ်ဖို့ သူမ ဘယ်လောက်မျှော်လင့်ခဲ့သလဲဆိုတာ သူမကိုယ်တိုင် အသိဆုံးပင်။ ဆိုရလျှင် ဒီခရီးသည် သူမဘဝအတွက် အမြဲ အမှတ်တရဖြစ်နေစေမယ့် ရွှေရောင်နေ့ရက်များလို့ပင် သူမက စိတ်ကူးယဉ် တင်စား ထားလေသည်။

* * * * *

သူမ ပြင်ဆင်ပြီး အိမ်ရှေ့ထွက်လာတော့ သူ့ကို ဝရန်တာမှာ မတ်တတ်ရပ်လျက် တွေ့ရသည်။ သူ့အနား ကို လျှောက်သွားရင်း ညနေစာ တစ်ခုခုစားဖို့ ပြောရသည်။ သူက ခရီးသွားမည်ဆိုလျှင် အစားအစာ သိပ်မစားတတ်။ စီးရမည့်ကားက ညပိုင်းထွက်မှာမို့ အဆာမလွန်အောင် သူ့ကို နည်းနည်းဖြစ်ဖြစ် စားပါ လို့ ပြောရသည်။ သူနဲ့ စကားပြောရင်း နာရီကို ကြည့်မိတော့ ညနေငါးနာရီကို ဆယ်မိနစ် စွန်းနေပြီ။ ဘုရားရေ... ငါးနာရီ လာကြိုမယ်လို့ ပြောထားတဲ့ကားက ခုထိ မရောက်သေး။ ဒီအချိန်မှ အိမ်က မထွက်လျှင် အဝေးပြေးဂိတ်ကို ညနေ ၆း၃၀ ရောက်မှ ရောက်ပါ့မလားလို့ တွေးပြီး စိတ်ပူသွားမိသည်။

"ကားက ခုထိလည်း မလာသေးပါလား၊ တော်ကြာ ကားဂိတ်ရောက်တာ နောက်ကျနေရင် ဒုက္ခပါပဲ"
"အေးကွာ၊ လာကြိုမယ်လို့ သေချာပြောထားတာပဲ"

"ဖုန်းလည်း မဆက်လာဘူးနော်၊ တကယ်လို့ ငါးနာရီ ဆယ့်ငါးမိနစ်မှ မလာရင်တော့ တက္ကစီပဲ ငှားလိုက်တော့ မယ်"
"အေးလေ၊ ဒါဆိုလည်း ခဏ စောင့်ကြည့်သေးတာပေါ့"
ပြောရင်းဆိုရင်းမှာပင် အိမ်ရှေ့လမ်းကလေးအတိုင်း ကားပြာကလေးတစ်စီး ကမူးရှူးထိုး မောင်းဝင်လာ သည်။

"ဟော...လာပြီ၊ လာပြီ၊ အချိန်ကိုက်ပဲ"
"ကဲ...သွားကြစို့"

နှစ်ယောက်သား ကျောပိုးအိတ်ကိုယ်စီလွယ်ပြီး ကားပေါ် တက်လိုက်ကြသည်။ ကားမောင်းသူ ဦးလေးကြီးက သူပြန်လာတဲ့ လမ်းမှာ ကားလမ်းကြောတွေ ပိတ်နေလို့ နောက်ကျနေခြင်းဖြစ်ကြောင်း၊ ဖုန်းလှမ်းဆက်တာ လည်း ဖုန်းက မအားသေးဟုဖြေကြောင်း ပြောသည်။ ဒါနဲ့ နှစ်ယောက်စလုံးလည်း ဖုန်းမပိတ်ထားပါဘူး လို့ ပြောရသည်။ နောက်တော့မှ ထိုဦးလေးကြီးက ဖုန်းနံပါတ်တစ်လုံး ကျန်ပြီး ခေါ်ဆိုမိခြင်း ဖြစ်နေသည်။ စကားတပြောပြောနဲ့ မောင်းလာရင်း သုဝဏ္ဏအရောက်မှာ ကောင်းကင်တစ်ခွင်လုံး မည်းမှောင်ကာ မိုးက သည်းသည်းမည်းမည်း ရွာချတော့သည်။

အငြိုးတကြီး ရွာနေသော မိုးကြောင့် လမ်းတစ်လျှောက်မှာလည်း ကားတွေက ရှေ့နောက်မပြတ် တရွေ့ရွေ့ သွားရတော့သည်။ နာရီကို ကြည့်လိုက်တော့ ညနေ ခြောက်နာရီထိုးပြီး ငါးမိနစ်။ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။ ဘယ်လိုလုပ်မလဲဆိုတဲ့သဘောနဲ့ သူက မေးဆတ်ပြ သည်။ ဘယ်တတ်နိုင်မလဲ၊ ကားတွေ ဒီလောက်ပိတ်နေတဲ့အပြင် မိုးကလည်း ရွာနေတော့ မြန်မြန်မောင်း ဖို့လည်း အားမပေးချင်။ ဒီတော့ ကားဂိတ်ကို ဖုန်းလှမ်းဆက်ပြီး အကျိုးအကြောင်း ပြောထားရင် ကောင်း မယ်လို့ သူမ တွေးမိသည်။ ဒါနဲ့ သူမတို့ စီးနင်းလိုက်ပါမည့် မန္တလာမင်း အဆင်ြ့မင့် ခရီးသည် ပို့ဆောင်ရေး ဂိတ်ကို ဖုန်းလှမ်းဆက်ပြီး အကျိုးအကြောင်း ပြောပြတော့ ည ၇း၁၀ မိနစ်အထိ စောင့်ပေးနိုင် မည်ဖြစ်ကြောင်း အကြောင်းပြန်သည်။


မန္တလာမင်း အဆင့်မြင့် VIP Express ပါ


ဒီလို ကားသစ်ကြီးတွေနဲ့ အဆင့်မြင့်မြင့် သက်သောင့်သက်သာ ခရီးသွားနိုင်ပါတယ်



ဒါကတော့ မန္တလာမင်း အဆင့်မြင့် ခရီးသည် ပို့ဆောင်ရေးရဲ့ ဝန်ဆောင်မှုအသစ်ပါ


တော်ပါသေးရဲ့။ သူမတို့ နည်းနည်းတော့ စိတ်အေးသွားသည်။ ဒီခရီးစဉ်မှာ သူ့ရဲ့သူငယ်ချင်းတစ်ယောက် လည်း အတူလိုက်ပါမှာ ဖြစ်တာကြောင့် သူက စိတ်စောနေသည်။ ထိုသူငယ်ချင်းက သူမတို့ထက် အရင် ကားဂိတ်ကို ကြိုရောက်နေသောကြောင့် ဖုန်းခဏခဏ ဆက်ပြီး ဘယ်နားရောက်နေပြီလဲလို့ လှမ်း လှမ်းမေးနေသည်။ မေးပေမပေါ့လေ။ သူက ကြိုရောက်နေပေမယ့် လက်မှတ်က သူ့ဆီမှာမှ မရှိဘဲကိုး။ ခဏနေတော့ တစ်ခါ ဖုန်းဆက်ပြန်သည်။ ခရီးသည်တွေကို ကားပေါ်တက်ခိုင်းနေပြီ အစ်ကို၊ မြန်မြန် လာတော့တဲ့။ အချိန်ကလည်း ညနေ ၆း၅၅ ဖြစ်နေပြီ။ သူမတို့နှစ်ယောက် မိုးအေးအေးမှာ ချွေးစေးပြန်နေ သည်။ တဖွဲဖွဲရွာနေတဲ့ မိုးကြောင့် မှုန်မှိုင်းနေတဲ့ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်တော့ ကားကလေး က အောင်မင်္ဂလာ အဝေးပြေးကားဝင်းထဲကို ဝင်တော့မည်။

ဟူး...တော်သေးရဲ့၊ တော်သေးရဲ့လို့သာ စိတ်ထဲက ရေရွတ်ရင်း ကားဂိတ်ရှိရာကို လမ်းညွှန်ရသည်။ ဂိတ်ရှေ့လည်း အရောက် ည ၇း၀၀ နာရီလည်း ထိုးပြီ။ ကားပေါ်က ကတိုက်ကရိုက်ဆင်းပြီး မန္တလာမင်း အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးဂိတ် ရုံးခန်းကို ခပ်သွက်သွက် ဝင်လိုက်သည်။ ရုံးခန်းထဲမှာ Chairperson ဖြစ်သူ တည်ငြိမ်ရင့်ကျက်ပြီး ရဲရင့်ပြတ်သားဟန်ရှိသည့် ခင်မင်နှစ်လိုဖွယ် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ဖုန်းပြောနေသည်ကို တွေ့ရသည်။ သူမကို တွေ့တော့ ခေါင်းတစ်ချက်ညိတ် ပြုံးပြကာ အသိအမှတ်ပြုပြီး ဆိုဖာခုံမှာ ထိုင်ရန် ညွှန်ပြသည်။ ခဏကြာ ဖုန်းပြောပြီးတော့ သူမက ခရီးစဉ် ခတ္တစောင့်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ ထိုအခါ Chairperson မမက -

"ရပါတယ်ကွယ်။ ကိုယ့်ရဲ့ယာဉ်ကို စီးနင်း လိုက်ပါမယ့် ခရီးသွားဧည့်သည်တွေအတွက် အဆင်အပြေ ဆုံးဖြစ်အောင် စီစဉ်ပေးတာက မမတို့ ယာဉ်လိုင်းရဲ့ ခရီးသည်အပေါ်ထားတဲ့ လေးစားမှုပါ။ သွားမယ့် ခရီးလမ်းတစ်လျှောက် အပြည့်ဝဆုံး ဝန်ဆောင်မှုနဲ့ ခရီးသွားတွေ စိတ်လက်အေးချမ်းစွာ လိုရာခရီးရောက်ဖို့ အပြည့်စုံဆုံးဖြစ်အောင် စီစဉ်ပေးထားပါတယ်။ ပျော်ရွှင်စရာ ခရီးစဉ်ဖြစ်ပါစေ"

"ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်ရှင့်"

ကျေးဇူးစကား ဆိုပြီးသည်နှင့် နှုတ်ဆက်ကာ ကားပေါ်သို့ ခပ်သွက်သွက် တက်လိုက်သည်။  ကားပေါ် ရောက်လို့ ကျောပိုးအိတ်နှစ်လုံး နေရာချပြီး ထိုင်ရုံရှိသည်နှင့် ကားဘီး စလှိမ့်တော့သည်။ ထိုင်ခုံ မှာ သက်သောင့်သက်သာ ထိုင်ရင်း သူ့ကို လှမ်းကြည့်လိုက်တော့ သူက နောက်ခုံမှာ နေရာယူထားသည့် သူ့သူငယ်ချင်းနဲ့ လှမ်းစကားပြောနေတာ တွေ့ရသည်။ တကယ်တော့ သူမတို့နှစ်ယောက် သွားမည့် ခရီးက ထိုသူငယ်ချင်းရဲ့အိမ်ရှိရာ ပြင်ဦးလွင်မြို့ကိုပါ။ သူမကတော့ အကြောင်းအားလျော်စွာ နှစ်ခေါက်၊ သုံးခေါက် မက ရောက်ဖူးပေမယ့် သူကတော့ ပထမဦးဆုံးအကြိမ် ဖြစ်သည်။ ကားထွက်သည်နှင့် သူမရဲ့အတွေး အချို့က ဒီခရီးမထွက်မီ သူနဲ့ ကတောက်ကဆ ဖြစ်ခဲ့ရတဲ့အချိန်ကို ပြန်ပြောင်း တွေးတောနေမိတော့သည်။

 * * * * *

ခရီးထွက်ခြင်းအကြောင်း စကားစပ်မိလို့ ပြောဖြစ်ကြတဲ့ အခါတိုင်း သူက သူမကို စိတ်ဆိုးတတ်သည်။ သူက သူမပါဘဲ ခရီးထွက်တာ မကြိုက်။ သူက သူကိုယ်တိုင် လိုက်ပို့ချင်သူ၊ သူမကလည်း သူမ။ ရှောင်လွှဲရ ခက်သော အကြောင်းအမျိုးမျိုးကြောင့် သူ အနားမရှိချိန်မှာ ခရီးထွက်ဖြစ်မိသွားတာက တစ်ကြိမ်၊ နှစ်ကြိမ် မက။ ထို့ကြောင့်လည်း သူက သူမကို အတော်စိတ်ဆိုးခဲ့သည်။ သူ့လို စကားမကြွယ်တဲ့ သူမအတွက် သူကျေနပ်လောက်အောင် ဖြေရှင်းပြစရာ စကားလုံးတွေ မရှိ။ သူမအနေနဲ့တော့ သမားရိုးကျ ကိစ္စလို့ ရိုးသားစွာ ယုံကြည်ထားသော်လည်း သူကတော့ ကိစ္စတစ်ခုကို အဆုံးအစွန်ဆုံးအထိ တွေးတောကာ စိုးရိမ်ပူပန်မှုတွေနဲ့ ဒေါသတကြီး ဖြစ်နေခဲ့သည်။ သူမကိုလည်း ဆူပူပြောဆိုလို့ မဆုံး။ နောက်ဆုံးတော့ သူမက အတန်တန် ဖျောင်းဖျ ကတိပေးတော့မှ သူက အနည်းငယ် အလျှော့ပေးသည်။ ဆိုရလျှင် သူမ အနေနဲ့လည်း သူ့ရဲ့ဆန္ဒကို တတ်နိုင်သမျှ အလေးထား လိုက်နာခဲ့တာပါပဲ။ တစ်ခုပဲ ရှိသည်။ သူ့ကို သူမ အပေါ် အလွန်အမင်း စိုးရိမ်ပူပန်မှုတွေနဲ့ မပင်ပန်းစေချင်တာတော့ အမှန်ပင်။ ဒါပေမယ့်လည်းလေ သူနဲ့ ကိုယ်နဲ့ ကြားမှာ မပြေမလည် လိပ်ခဲတည်းလည်း ဖြစ်နေရတဲ့ ကိစ္စမျိုး နောက်ထပ် ဘယ်တော့မှ မဖြစ်လာ ဘူးဆိုလျှင် နှစ်ယောက်စလုံးအတွက် ပိုကောင်းမည်လေ။ ဒီတော့ နောက်ဆုံး သူမဘက်ကပဲ အလိုက်တသိ နဲ့ ပြောင်းလဲပေးနိုင်ဖို့ ကြိုးစားမှသာ ဖြစ်တော့မယ်လို့ သူမကိုယ်သူမ ခံယူ နားလည်လိုက်ရလေသည်။ တကယ်တော့ သူ့အတွက် သူမကိုယ်သူမ ပျောက်ဆုံးနေခဲ့တာ ကြာပြီပဲလေ။

အတွေးတွေနဲ့ ရှုပ်ထွေး မွန်းကျပ်လာလို့ ခေါင်းကို ခပ်ဖြည်းဖြည်း ခါလိုက်မိသည်။ ဘေးကို အသာ စောင်းငဲ့ ကြည့်တော့ သူက လက်နှစ်ဖက် ပိုက်ပြီး ထိုင်ခုံနောက်မှီမှာ ခေါင်းကို စောင်းမှီရင်း အိပ်ပျော်နေသည်။ ဒါနဲ့ပဲ သူမက အိတ်ထဲက ခြုံစောင်ပါးတစ်ထည် ဆွဲထုတ်ပြီး သူ့ကို အသာခြုံပေးလိုက်သည်။ ကားပေါ်က ပေး ထားသော ခြုံစောင်ကို သူက ခေါက်လျက်သား လက်ထဲမှာ ထည့်ပိုက်ထားသည်လေ။ ဘေးဘက်ကို ကြည့် မိတော့ ကားလမ်းဘေး ခပ်လှမ်းလှမ်းမှာ မှိန်တချီ၊ လင်းတလှည့်နဲ့ အိမ်စုလေးများကို တွေ့ရပြီး တစ်ခါ တစ်ခါမှာတော့ ကားဘေးက ဖြတ်ကျော်သွားသော အခြား ခရီးသည်တင် Express ကားများကို တွေ့ရသည်။ ကားက ဘယ်လောက်အမြန်နှုန်းနဲ့ မောင်းနှင်နေသည်မသိ။ သူမ မြင်ကွင်းထဲမှာတော့ မှောင်နဲ့မည်းမည်း ညအချိန်မှာပင် ရှုခင်းတွေက တရိပ်ရိပ်နဲ့ ခပ်ဝေးဝေးမှာ ကျန်ရစ်ခဲ့သည်။ ကားအတွင်း ဟိုဟိုသည်သည် ကြည့်လိုက်တော့ တော်တော်များများက အိပ်မောကျနေကြသည်။

သူမ အတွေးလွန်နေသည်မှာ ဘယ်လောက် ကြာသွားသည်မသိ၊ ကားပေါ်မှာ ဖွင့်ပြနေသော ဗီဒီယိုကား လည်း ဘယ်အချိန်က ပြီးသွားမှန်း သူမ မသိ။ ကားတစ်စီးလုံး တိတ်ဆိတ်ငြိမ်သက်နေချိန် သူမရဲ့ နားထဲမှာ ပဋ္ဌာန်းတရားခွေဖွင့်သံ ခပ်တိုးတိုး ကြားနေမိသည်။ အဲဒီနောက်တော့ သူမ အာရုံကို တရားသံဆီသို့ ပို့ထား လိုက်ပြီး မျက်လုံးတွေကို မှိတ်ပစ်လိုက်သည်။ မန္တလာမင်း ကားသစ်ကြီးကတော့ အမြန်လမ်းမထက်မှာ တရိပ်ရိပ် ပြေးလွှားနေဆဲ။

* * * * *

သူမ မှေးခနဲ ဖြစ်သွားခိုက် နားထဲကို ညင်သာချိုမြသော တေးသွားသံတစ်ခု ဝင်ရောက်လာတော့ မျက်လုံး ဖွင့်ကြည့်လိုက်သည်။ ကားကြီးက ၁၁၅ မိုင်သို့ ဝင်နေပြီဖြစ်ပြီး ညလယ်စာ သုံးဆောင်နိုင်ကြဖို့ ယာဉ် ကို ခေတ္တရပ်နားမည်ဖြစ်ကြောင်း မြန်မာ၊ အင်္ဂလိပ်၊ တရုတ် ဘာသာစကားသုံးမျိုးဖြင့် ကြေညာသံကို ကြားရ သည်။ ဒါနဲ့ သူမတို့ ကားပေါ်က ဆင်းပြီး အညောင်းအညာပြေ လမ်းလျှောက်ကြ၊ Pioneer မှာ အဆာပြေစာ စားကြနဲ့ အနည်းငယ် လန်းလန်းဆန်းဆန်း ဖြစ်သွားကြသည်။ နာရီဝက်နေတော့ ကားပေါ်ပြန်တက်ကာ ခရီးဆက်လက် ထွက်ခွာခဲ့ကြသည်။ တစ်ညလုံး တောက်လျှောက်မောင်းပြီး မနက်ခြောက်နာရီမှာ ပြင်ဦး လွင် သီရိမင်္ဂလာကားဝင်းကို ရောက်သည်။ မြို့အဝင်ကတည်းက ကွေ့ကွေ့ကောက်ကောက် လမ်းကျဉ်း ကျဉ်းလေးတွေ၊ ရောင်စုံ ပန်းစိုက်ခင်းတွေ၊ ရနံ့သင်းသင်းနဲ့ ထင်းရှူးပင်မြင့်တွေက သူမတို့ကို နွေးထွေးစွာ ကြိုဆို နှုတ်ဆက်နေသလို ခံစားမိသည်။ အေးချမ်းသော ရာသီဥတု၊ စိမ်းစိုလတ်ဆတ်သော သဘာဝ ပတ်ဝန်းကျင်၊ ရိုးသားဖော်ရွေသော မြို့သူမြို့သားများက ဒီပြင်ဦးလွင်မြို့ကလေးရဲ့ ထင်ရှားမှု ပြယုဂ်များလို့ သူမဘာသာ မှတ်ချက်ပြုမိသည်။ ပြင်ဦးလွင်ကို ရောက်ဖူးသူတိုင်း စိတ်ကြည်နူး ချမ်းမြေ့မှုနဲ့အတူ တစ်ခါရောက်ပြီးတိုင်း နောက်ထပ် နောက်ထပ် ရောက်လာချင်အောင် ဆွဲဆောင်နိုင်စွမ်းရှိတဲ့ ချစ်စရာ့မြို့ ကလေးလို့ ဆိုလျှင်လည်း မမှားနိုင်ပါ။ ပြင်ဦးလွင်မြေကို ခြေချမိသည်နှင့် သူမ စိတ်ထဲက ခပ်တိုးတိုး ရေရွတ် လိုက်သည်။

"  မြို့ကလေးရေ... မင်းနဲ့ငါ မဆုံဖြစ်ကြတာ ကြာပြီနော်။ ခုတော့ ကိုယ် မင်းဆီ အရောက်လာခဲ့ပြီ။ မင်းရင်ခွင် မှာ ခဏ ခိုနားဖို့လေ..."

ကားရပ်သည်နှင့် သူ့သူငယ်ချင်းရဲ့အဖေက ဆိုင်ကယ်နှစ်စီးနဲ့ လာကြိုသည်။ တစ်စီးကို သူတို့သားအဖ စီးပြီး နောက်တစ်စီးကိုတော့ သူမတို့နှစ်ယောက် စီးကာ သူ့သူငယ်ချင်းအိမ်ကို သွားကြသည်။ သူငယ်ချင်း အိမ်က မြို့သစ်ထဲမှာ တည်ရှိပြီး သီရိမင်္ဂလာကားဝင်းကနေဆိုလျှင် ဆိုင်ကယ်နဲ့ သုံးမိနစ်လောက် သာ မောင်းရသည်။ ဆိုင်ကယ်နှစ်စီးက သန့်ရှင်းသပ်ရပ်သော တစ်ထပ်တိုက်ပါ ခြံဝင်းလေးထဲ ချိုးကွေ့ဝင် လိုက်သည်။ ဆိုင်ကယ်ရပ်လိုက်သည်နှင့် အိမ်ပေါက်ဝမှာ ကောင်ကလေးရဲ့မိခင်က သားဖြစ်သူနဲ့ ဧည့်သည် များကို ထွက်ကြိုနေသည်။

ပြီးနောက် ကိုယ်လက်သန့်စင်ကြပြီး တစ်နေ့တာ လျှောက်လည်ဖို့ သူ့သူငယ်ချင်းက အားနာ စရာ ကောင်းလောက်အောင် လိုလေသေးမရှိ အစီအစဉ် ဆွဲပေးသည်။ သူမတို့ ပြင်ဦးလွင်အနှံ့ လည်ပတ်ရာ တွင် လိုက်ပါဖို့ ကောင်ကလေးက သူ့ရဲ့သူငယ်ချင်း နှစ်ယောက်၊ သုံးယောက်လောက်ကိုပါ ချောဆွဲ ထားသေးသည်။ သူမတို့အတွက် မနက်စာကို ရှမ်းစားသောက်ဆိုင်မှာ လိုက်ကျွေးသည်။ သူမကတော့ အစားအစာထက် မကျယ်ဝန်းသော်လည်း အေးချမ်းဆိတ်ငြိမ်သော၊ သီးသန့်ဆန်သော ခြံဝင်းလေးထဲက အရောင်အသွေး အမျိုးအမည်စုံတဲ့ သစ်ခွပန်းပင်များနဲ့ အလှမွေးငါးကန် ခပ်သေးသေးတစ်ခုကိုပါ စိတ်ဝင် တစား လှည့်ပတ်ကြည့်ရှုရင်း ကျေနပ် ပျော်ရွှင်နေမိသည်။ ငါးကန်ထဲက ရောင်စုံ အလှမွေး ငါးကြီးများမှာ မနက်စောစော မိုးစက်မှုန်ကလေးများကြားတွင် ဟိုဟိုသည်သည် ကူးခတ်နေကြသည်။ မှာထားသော အစား အစာများ ရောက်လာတော့ မိုးအေးအေးမှာ ပူပူနွေးနွေး စားစရာများကို ခေါင်းမဖော်တမ်း စားကြသည်။ တို့ဟူးကြော် ပူပူနွေးနွေးနဲ့ သင်းပျံ့တဲ့ ရေနွေးကြမ်းကတော့ သူမတို့အတွက် မမေ့ရက်နိုင်စရာ နံနက်စာ များပင်။

ခဲသားရောင် ကောင်းကင်နောက်ခံနဲ့ ကြည်ညိုဖွယ်ရာ မဟာအံ့ထူးကံသာ ဘုရား


မနက်စာစားပြီးသည်နှင့် သူမတို့အဖွဲ့ ဆိုင်ကယ်ဆီဖြည့်ကာ မဟာအံ့ထူးကံသာဘုရားသို့ ဦးတိုက်ရန် ခရီးနှင်ကြတော့သည်။ ဆိုင်ကယ်စီးရင်းမှ ငြိမ်ငြိမ်မထိုင်ဘဲ လမ်းတစ်လျှောက် ဗီဒီယိုရိုက်လာလို့ သူက သူမ ကို ဆိုင်ကယ်ကို မြဲမြဲကိုင်ထားဖို့ သတိပေးသည်။ တောင်ကုန်းနိမ့်မြင့် အဆင့်ဆင့်နဲ့ ပြေပြစ်သော လမ်း ကလေးအတိုင်း သူမတို့ ဆိုင်ကယ်လေးက ညက်ညောစွာ ခပ်သွက်သွက် ပြေးနေသည်။ ဘုရားရောက်တော့ သူ့မွေးနေ့ဖြစ်တာကြောင့် ဘုရားမှာ ဆွမ်းခဲဖွယ်ဘောဇဉ်ချိုချဉ်၊ ပန်း၊ ရေချမ်း၊ ဆီမီးတို့ ကပ်လှူပြီး ဘုရား ဝတ်ပြုကြသည်။ ပြီးတော့ ဘုရားပရဝုဏ်တစ်ဝိုက် ဓာတ်ပုံလျှောက်ရိုက်ကြသည်။ ပြီးမှ ပိတ်ချင်းမြောင်ကို ခရီးဆက်ခဲ့ကြသည်။ ပိတ်ချင်းမြောင်မှ ပွဲကောက်ရေတံခွန်၊ ပွဲကောက်မှအပြန် နေ့လည်စာ ဝင်စားကြ သည်။ ပြီးမှ ကန်တော်ကြီးဥယျာဉ်သို့ သွားကြသည်။ ကန်တော်ကြီးမှ ပြန်လာပြီး အထုပ်အပိုးများယူကာ တည်းခိုရမည့်နေရာသို့ သူမတို့နှစ်ယောက်ကို ဝင်ပို့ပြီးမှ သူ့သူငယ်ချင်းကောင်လေးနဲ့အဖွဲ့ ပြန်သွားကြ သည်။ ညပိုင်းရောက်တော့ တစ်ခါ လာခေါ်ကြပြန်ပြီး ညစာ ထွက်စားကြသည်။ ဒီလိုနဲ့ ပြင်ဦးလွင်မှာ တစ်နေ့ တာ ကုန်ဆုံးရတော့သည်။



နောက်တစ်ရက်ရောက်တော့ မိုးမလင်းခင်ကတည်းက မိုးက စွေပြီး ရွာနေသည်။ ဒါကြောင့် သူမတို့ ဘယ်မှ မလည်နိုင်ဘဲ ဟိုနားသည်နားလောက်သာ သွားပြီး ဆွယ်တာဆိုင်ဝင်ကြ၊ မုန့်ထွက်စားကြနဲ့သာ တစ်ရက်က ကုန်သွားပြန်သည်။ နောက်တစ်ရက်မှာတော့ သူတို့သူငယ်ချင်းတွေ တိုင်ပင်ကြပြီး လားရှိုးအထိ တက်ကြဖို့ အစီအစဉ် ဆွဲကြသည်။ လားရှိုးကနေမှ ရွှေလီ၊ ကြယ်ဂေါင်အထိ သူတို့က ခရီးစဉ် လျာထားကြသည်။ သူတို့ ခရီးစဉ်အကြောင်း သူ့သူငယ်ချင်း မိဘများ သိတော့ ကားတစ်စီး စီစဉ်ပေးမယ့်အကြောင်း ပြောကြသည်။  သို့သော်လည်း ထိုရက်ပိုင်းက လားရှိုးမှာ ရေတွေကြီးနေလို့ လမ်းတွေပိတ်ထားကြောင်း သတင်းရတော့ သူမ တို့အစီအစဉ်ကို လက်လျှော့ကာ ရန်ကုန်ပြန်ဖို့ စီစဉ်ရသည်။ ရန်ကုန်ပြန်မယ့်နေ့ မနက်ပိုင်းလေးမှာ မိုးက အနည်းငယ် စဲသွား၍ သူမတို့ကို လူကြုံမှာလိုက်သော ဘုရားပန်းများအတွက် ဈေးထဲဝင်ပြီး မွှေနှောက် ရှာ ကြပြန်သည်။ ပြင်ဦးလွင်သားနှစ်ယောက်မှာလည်း မနေသာ။ သူမတို့လိုသမျှ မရ မရှိစေရအောင် လိုက်ပြီး ပါရမီဖြည့်ကြရှာသည်။ နောက်တော့ သူမတို့ လိုချင်သည့် ဘုရားပန်းအတွက် ထိုသူငယ်ချင်းနှစ်ယောက်မှာ မိုးရွာထဲ ပန်းစိုက်ခြံများကို သူတို့ဘာသာ သွားရောက်ပြီး သူမတို့အတွက် ဘုရားပန်းကို ရန်ကုန်အထိ သယ်လို့ရအောင် စီစဉ်ပေးကြသည်။ ပြီးသည်နှင့် ဘုံကျောင်းကို လိုက်ပို့ကြပြန်သည်။ သူမတို့နှစ်ယောက် မှာ မောင်မင်းကြီးသားများကို ကျေးဇူးတင်လို့ မဆုံးနိုင်အောင် ဖြစ်ရသည်။ သူမက "ကျေးဇူး အများကြီး တင်ပါတယ်" လို့ ပြောတော့ တစ်ယောက်က "အစ်မ၊ ကျေးဇူးတင်စကားပြောတာ စေတနာကို စော်ကား သလိုပဲ" လို့ ပြောလို့ သူမ ထပ်ပြီး အားနာသွားရပြန်သည်။

ရန်ကုန်ပြန်ဆင်းမယ့် ညနေမှာ သူ့သူငယ်ချင်း ကောင်ကလေးက သူ့အိမ်မှာ ညစာစားပြီးမှ ကားဂိတ်ဆင်းဖို့ စီစဉ်ပေးသည်။ ကောင်ကလေး မိခင်ရဲ့ ဖွယ်ဖွယ်ရာရာ ဟင်းလျာမျိုးစုံနဲ့ ပြင်ဆင်ထားတဲ့ စေတနာ ထမင်း ဝိုင်းကလေးကတော့ သူမရဲ့မှတ်ဉာဏ်မှာ မပျောက်ပျက်နိုင်တော့အောင် စွဲထင်နေပေတော့သည်။ ဘာပဲဖြစ်ဖြစ် ခရီးစဉ် အစမှ အဆုံးထိ လိုလေသေးမရှိအောင် ဧည့်ဝတ်ကျေပွန်သည့် ပြင်ဦးလွင်မြို့သား သူငယ်ချင်းများနဲ့ နွေးထွေးကြင်နာတဲ့ ပြင်ဦးလွင်က မိသားစုကလေးကိုတော့ သူမတို့ရဲ့ စိတ်အာရုံမှာ ထာဝရ ကျေးဇူး မှတ်တမ်းတင်လျက် သတိတရ ရှိနေမှာပါဆိုတာကို သူတို့ ဒီစာစုလေးကို ဖတ်မိမယ်ဆိုရင် ဒီနေရာကနေ  ပြောခွင့်ရချင်ပါတယ်ရှင်... ။


မြဝတီဇော်




(ဒီစာစုကလေးကို ပြင်ဦးလွင်မြို့ကို သွားရောက်လည်ပတ်စဉ် အစစအရာရာ လိုလေသေးမရှိအောင် ဧည့် ဝတ်ကျေပွန်ကြတဲ့ ပြင်ဦးလွင်မြို့သား သူငယ်ချင်းတစ်စုအတွက်  ရည်ရွယ်ပြီး အမှတ်တရ ရေးဖွဲ့ပါတယ်။)