Tuesday, October 29, 2013

မျှော်လင့်ခြင်းများနှင့် အသစ်တစ်ဖန် လင်းလက်စေသော




"Congratulation ပါ သမီး၊ သမီးက မိခင်လောင်းတစ်ယောက် ဖြစ်နေပါပြီ၊ ဒီတော့ အထိုင်၊ အထ၊ အသွား၊ အလာမှာ ဂရုစိုက်ပါ၊ အစားအသောက်ကိုလည်း သင့်တင့်မျှတအောင် စားပါ၊ စိတ်ပူပန်စရာတွေ၊ စိတ်ရှုပ် စိတ်ညစ်စရာတွေ ဘာမှ မတွေးမိအောင် နေပါ၊ ဖြစ်နိုင်ရင် အိမ်မှာ နားနားနေနေ အနားယူသင့်တယ်၊ အခု လောလောဆယ် အခြေအနေအရ သမီး အနားယူဖို့ လိုအပ်တယ်"

ကျွန်မကို ဆေးကုပေးနေကျ အန်တီဆရာဝန်မကြီးရဲ့ စကားကြောင့် ကျွန်မတစ်ကိုယ်လုံး လေထဲ မှာ မြောက်လွင့်သွားသလို ခံစားလိုက်ရပါတယ်။ ကြည်နူးဝမ်းသာစိတ်ကြောင့် လှိုက်ခနဲ မျက်ရည်ဝဲတက် လာမိတယ်။ တကယ်ဆို ကျွန်မတို့နှစ်ယောက်စလုံး ရင်သွေးကလေး လိုချင်နေကြတာ ကြာပါပြီ။ ကျွန်မ တို့ရဲ့ အိမ်ထောင်သက်ကလည်း ငါးနှစ်ကျော်ခဲ့ပါပြီ။ ဒီအတောအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ရင်သွေးယူဖို့ နှောင့်နှေးခဲ့ရပါတယ်။ အကြောင်းရင်းကတော့ သူနဲ့ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးက သူ့ အလုပ်အခြေအနေအရ တစ်ယောက်တစ်နေရာစီ ခွဲခွာနေခဲ့ကြရပါတယ်။ အဲဒီလို မကြာခဏ ခွဲခွာနေခဲ့ကြ ရတဲ့အချိန်တွေက နှစ်ယောက်အတူရှိနေတဲ့အချိန်တွေထက် ကျွန်မတို့ဘ၀မှာ ပိုများခဲ့ပါတယ်။


ဒါပေမယ့်လည်း ဒါဟာ ဘ၀ပေးအခြေအနေမို့ ကျွန်မတို့နှစ်ယောက် သည်းခံပြီး ကျော်ဖြတ်လာခဲ့ပါတယ်။ အရင်ကဆို မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုသလို သူ အလုပ်သွားလုပ်တဲ့အချိန်တွေမှာ ကျွန်မလည်း ကိုယ့်ရဲ့ နေ့စဉ် လုပ်ငန်းခွင်ဘ၀မှာ ကျင်လည်ရင်းနဲ့ သူ့ကိုလွမ်းရတဲ့ အချိန်တွေကို ခက်ခဲပင်ပန်းစွာ ကုန် လွန်စေခဲ့ရပါတယ်။ အခုတော့ သူ ကျွန်မနားမှာ အချိန်ပြည့် ရှိမနေနိုင်ပေမယ့် သူ့ရဲ့ကိုယ်စား ချစ်မြတ်နိုး စရာ၊ နှစ်သက်ကြည်နူးစရာ၊ ဂရုတစိုက် ပြုစုစောင့်ရှောက်စရာ သူ့ရဲ့ကိုယ်ပွားလေးကို ရင်ခုန် စိတ်လှုပ်ရှား စွာ မျှော်လင့် စောင့်ကြိုနေရမယ့် အခွင့်အရေးတစ်ခု ကျွန်မ ပိုင်ဆိုင်ခွင့် ရခဲ့ပါပြီ။ ဒီအခွင့်အရေးဟာ ကျွန်မ တို့အတွက်တော့ ဘုရားက ပေးတဲ့ ဆုလာဘ်တစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့ရဲ့ အိမ်ထောင် သက် လေးနှစ်ကျော်လောက် ရောက်လာတဲ့အခါမှာ သူက တစ်ဦးတည်းသောသားမို့ သူ့မိဘများက လည်း မြေးလေးတစ်ယောက်ကို အလွန်အမင်း တောင့်တနေကြပါတယ်။ ထို့အတူ ကျွန်မဘက်မှာ ဆိုရင် လည်း ကျွန်မက မွေးဖွားလာမယ့် ရင်သွေးလေးဟာ အဦးဆုံး မြေးဦးဖြစ်တာမို့ မိသားစုတွေက စိုးရိမ် ပူပန်မှုတွေနဲ့အတူ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေကြပါတယ်။ ဒါဟာ မိခင်လောင်းဖြစ်တဲ့ ကျွန်မအတွက်တော့ အားရှိစရာ၊ ၀မ်းသာကြည်နူးစရာ အခြေအနေလေးပါပဲ။



* * * * * * * *



ကျွန်မကိုယ်တိုင် မိခင်လောင်းဘ၀ကို ရောက်လာခဲ့ရတော့မှ ကျွန်မရဲ့မေမေကို ကိုယ်ချင်းစာ သနားမိပါ တယ်။ ကျွန်မမှာ ရင်သွေးလေးရှိနေပြီ ဆိုကတည်းက အပူအစပ်၊ အဖန်အခါး အလွန်အကျွံ မစားမိအောင် သတိထားခဲ့ပါတယ်။ နောက်ပြီး ကျွန်မမှာ Morning Sickness ကို ကိုယ်ဝန်သုံးလလောက်အထိ ခံစားခဲ့ရ တာကြောင့် အဲဒီအချိန်တွေမှာ ကျွန်မမေမေရဲ့ကျေးဇူးကို အလွန်ပဲ သတိရ အောက်မေ့မိပါတယ်။ ကျွန်မ တို့ မောင်နှမသုံးယောက်ကို မွေးဖွားပေးခဲ့တဲ့ မေမေဟာလည်း ကျွန်မလိုပဲ ပျို့အန်တဲ့ ဝေဒနာကို သုံးကြိမ် သုံးခါတိတိ ခံစားခဲ့ရရှာမှာပါပဲ။ ဒါ့အပြင် ကျွန်မငယ်ငယ်က ရင်ကျပ်တတ်တာကြောင့် ကျွန်မ မိဘများခမျာ ညဘက်တွေဆို ကောင်းကောင်း မအိပ်ခဲ့ရပါဘူး။ မှတ်မိသလောက် ကျွန်မငယ်စဉ်က ညဘက် ချောင်းတွေ ဆိုးပြီဆိုရင် ကျွန်မရဲ့ဖေဖေက ကျွန်မကို ပခုံးပေါ်မှာတင်ပြီး ကျွန်မ မအိပ်မချင်း လမ်းလျှောက်နေခဲ့ရ ပါတယ်။ ကျွန်မမေမေဆိုရင်လည်း ကျွန်မ တစ်နေကုန် အစားသောင်းကျန်းသမျှ ညနေ အလုပ်က ပြန်လာ တာနဲ့ ရုံးမှ ခူးလာသော ဇီယာရွက်များကို ထောင်းကာ အရည်ညှစ်၊ ဆားခတ်ပြီး တိုက်ပါတော့သည်။ စိမ်းရွှေရွှေ ခါးသက်သက် အရသာနှင့် ထိုဆေးရည်ကို မသောက်သောက်အောင် ချော့တစ်ခါ၊ ခြောက် တစ်လှည့်နှင့် မေမေက ကျွန်မကို တိုက်ကျွေးခဲ့ရပါသည်။ သားသမီးသုံးယောက်ရှိသည့်အနက် ကျွန်မ တစ်ယောက်သာ ငယ်ငယ်ကတည်းက ချူချူချာချာ ရှိခဲ့တာမို့ ကျွန်မ မိဘတွေ၊ မိသားစုဝင်တွေ အတော် ပင်ပန်းခဲ့ကြရပါသည်။



အခုတော့ ကျွန်မ မိဘနေရာကို အလှည့်ကျလာခဲ့ပါပြီ။ ကိုယ့်အလှည့်ကျ မနွဲ့စတမ်းဆိုသလို ကိုယ့်သား သမီးလေးအတွက် ကျွန်မ လုံးဝ မကြိုက်ခဲ့တဲ့ ဖီးကြမ်းငှက်ပျောသီးတွေကို တစ်နေ့ သုံးလေးလုံး စားဖြစ်ခဲ့ ပါတယ်။ ထမင်းနံ့၊ ဟင်းနံ့ မခံနိုင်ခဲ့တဲ့ ကာလမို့ အချဉ်ထုပ်တွေကိုသာ စိတ်ထဲမှာ တောင့်တမိပါတယ်။ ဒါပေမယ့်လည်း ကျွန်မအမျိုးသားက ကျွန်မကို အချဉ်ထုပ်တွေ အလွန်အကျွံ ပေးမစားပါဘူး။ အသီး အနှံတွေကိုတော့ ကျွန်မ သဘောရှိ စားခွင့်ပေးထားပါတယ်။ ဒီလိုအချိန်ကာလကိုတော့ ကျွန်မကိုယ်ကျွန်မ အလွန် အံ့သြမိပါတယ်။ အရင်တုန်းကဆိုရင် အသီးအနှံတွေကို တော်ရုံလောက်သာ စားတတ်တဲ့သူက အခုတော့ ကျွဲကောသီးဆိုလည်း တစ်နေ့ကို တစ်လုံးလောက် ကုန်အောင် စားပစ်ချင်နေပါတယ်။ ဟင်းဆို ရင်လည်း အသားငါးထက် ဟင်းသီးဟင်းရွက်တွေကို ပိုစားချင်တဲ့စိတ် ဖြစ်နေပါတယ်။ နောက်တစ်ခု ထူးခြားတာက အခုတလောမှာ ကျွန်မ သိပ်ကို စိတ်ထိခိုက်လွယ်နေတာပါပဲ။ တကယ်ဆို ကျွန်မက အဲဒီလောက် စိတ်နုတတ်သူ မဟုတ်ပါဘူး။ အခုတော့ ကျွန်မကို တစ်စုံတစ်ယောက်ကများ စကားပြော လို့ လေသံနည်းနည်း မာသွားတယ်လို့ စိတ်မှာထင်လိုက်တာနဲ့ မျက်ရည်က ပိုးပိုးပေါက်ပေါက် ကျလာတော့ ပါပဲ။ အမှန်မှာ ပြောသူကတော့ ပုံမှန် ပြောရိုးပြောစဉ် ပြောလိုက်တာဖြစ်ပေမယ့် ကျွန်မစိတ်ထဲမှာ ရုတ် တရက် ၀မ်းနည်းသွားတတ်တာကတော့ ထူးဆန်းနေပါတယ်။ ဒီအဖြစ်အပျက်တွေကတော့ ကျွန်မကိုယ် ကျွန်မ အံ့သြမိစေတဲ့ ထူးခြားမှုတွေပါပဲ။



* * * * * * * *



တစ်နေ့တခြား တဖြည်းဖြည်း ဖွံ့ဖြိုးလာတဲ့ ကိုယ့်ခန္ဓာကိုယ်ကို ကြည့်ရင်း သားလေးလား၊ သမီးလေးလား မှန်းဆကြည့်ရတဲ့ ကြည်နူးမှုကလည်း ကျွန်မအတွက်တော့ စိတ်လှုပ်ရှား ပျော်ရွှင်စရာတစ်ခုပါပဲ။ တစ်ခါ တစ်ခါ ကိုယ့်စိတ်ထဲရှိတာလေးတွေကို ရင်သွေးကလေးကို တိုင်တည်လို့ အရူးတစ်ယောက်လို စကားတွေ ပြောနေမိပါတယ်။ တစ်ခါတလေလည်း စိတ်ကူးထဲ ပေါ်လာတဲ့ သားချော့တေးတွေ ခပ်တိုးတိုး ဆိုမိနေပါတယ်။ ဒါကြောင့်ပဲ ရှေးလူကြီးတွေက "သားဦး အရူး"ဆိုပြီး မိဘတွေအနေနဲ့ သားဦး သမီးဦး အပေါ်မှာ အရူးအမူး ဖြစ်တတ်ကြတယ်လို့ ဆိုရိုးပြုခဲ့တာ ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် ဒီရင်သွေးလေးကြောင့် ကျွန်မရဲ့ စိတ်နေစိတ်ထားတွေ ပိုပြီး နူးညံ့ပျော့ပျောင်းလာတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဟိုအရင်တုန်း ကလို အရာရာကို ကိုယ့်စိတ်နဲ့မတွေ့တဲ့အခါ စိတ်လိုက်မာန်ပါ ပြုလိုက်ဖို့ဆိုတာ ဝေလာဝေး။ တစ်ခုခုဆို အရင်ဆုံး ကိုယ့်ကလေးအတွက် ဦးစားပေးပြီး စဉ်းစားနေမိတာဟာ မိခင်စိတ်ဆိုတာများလားလို့ တွေးမိနေ ပါတယ်။



အခုလောလောဆယ် ကျွန်မရဲ့ရင်ထဲ၊ ဦးနှောက်ထဲမှာ ကျွန်မရင်သွေးလေးအတွက် ကြိုတင် စိတ်ကူးထား တာတွေ၊ မျှော်လင့်ချက်တွေနဲ့ ပြည့်လျှံလို့ နေပါတယ်။ နေ့ရှိသရွေ့ ရင်သွေးလေးနဲ့ ပတ်သက်တဲ့ စာ အုပ်တွေ ဖတ်လိုက်၊ အစား စားလိုက်၊ မွေးဖွားမယ့်အချိန်ကို ကြိုတင်ပြီး စိတ်ကူးယဉ်လိုက်၊ ညစဉ် အိပ်ရာ ၀င်တိုင်း မြတ်စွာဘုရားထံမှာ ရင်သွေးလေးအတွက် ဆုတွေ မမောနိုင် မပန်းနိုင် တောင်းလိုက်နဲ့ တစ်ယောက်တည်း အလုပ်ရှုပ်နေရတာကိုက ကျွန်မဘ၀ရဲ့ နေ့စဉ် ပျော်ရွှင်မှုတွေပါပဲ။ ဒီအရာတွေ အားလုံး ဟာ ကျွန်မအတွက်တော့ ဘ၀မှာ အသစ်ထပ်မံ ရှင်သန်ခွင့်၊ ရင်ခုန် ကြည်နူးခွင့်၊ ဘ၀အဓိပ္ပာယ်တွေ ပိုပြီး ပြည့်စုံနိုင်ခွင့်တွေနဲ့ ထုံမွှမ်းထားတဲ့၊ တောက်ပ လင်းလက်နေတဲ့ ပျော်ရွှင်ခြင်း မိုးကောင်းကင်တစ်ခုကို ပိုင်ဆိုင်လိုက်ရသလိုပါပဲ။ ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်းရဲ့ ရင်ထဲမှာလည်း ကျွန်မထက် မပိုရင်သာရှိမယ် မလျော့တဲ့ မေတ္တာစိတ်တွေနဲ့ သားသမီးတွေအတွက် အရာရာကို ရင်ဆိုင်ဖို့ အမြဲတမ်း အသင့်ရှိနေမယ်လို့ ယုံကြည်နေမိပါတယ်။



(ကမ္ဘာပေါ်မှာ ရှိသမျှ မိခင်တိုင်းရဲ့ မေတ္တာတရားကို ဤစာစုဖြင့် လေးစားစွာ ဦးညွှတ်လိုက်ပါ၏။)





စာဖတ်သူအားလုံး ခင်မင် လေးစားလျက်

မြ၀တီဇော်






Wednesday, October 23, 2013

ရင်ခုန်တွယ်ရစ် နှောင်ကြိုးဖြစ်စေ...


နံရံထက်က နာရီကို ဘယ်နှကြိမ်မှန်းမသိ မော့ကြည့်မိသည်။ နာရီလက်တံက ည ၁၁ နာရီသို့ ညွှန်ပြနေ သည်။ သာမန်နေ့မျိုးမှာ ဒီအချိန်ဆို သူမ အိပ်ရာဝင်ပြီးနေပြီ။ ခုတော့ သူမ မအိပ်နိုင်သေး။ အဲ.. အိပ် မရနိုင်သေးတာဆိုရင် ပိုမှန်လိမ့်မည်။ အိမ်ခန်း ပြတင်းပေါက်မှ လေအေးတစ်ချက် ဝေ့၀ဲတိုက်ခတ် လိုက်သောကြောင့် စိမ့်ခနဲ ဖြစ်သွားသည်။ ဘေးကို အသာငဲ့စောင်းကြည့်မိတော့ သူလည်း သူမလိုပင် အတွေးများနေဟန် ငေးငိုင်နေသည်ကို တွေ့ရသည်။ သူမ သက်ပြင်းကို အသာချကာ အိမ်ရှေ့လမ်းဘက် သို့ လှမ်းမျှော်ကြည့်လိုက်သည်။

လမ်းမထက်မှာ ကားငယ်တချို့ ဖြတ်သန်းသွားတာ တွေ့ရသည်။ တစ်ခါတလေ လူငယ်တစ်စု ဆိုင်ကယ် ကို အပြင်းမောင်းနှင်ရင်း သီချင်းတွေ အော်ဆိုသွားသည့်အခါမျိုးတွင်တော့ သူမ လန့်လန့်ဖျပ်ဖျပ်နှင့်ပင် စိတ်တိုတောင်းမိရသည်။ ညဥ့်က နက်သည်ထက် နက်လာသည်။ ဆောင်းဝင်ခါစ အချိန်မို့ မြောက်ပြန်လေ ညင်းက တသွဲ့သွဲ့ တိုက်ခတ်လာသည်။ သူမ မျက်လုံးတွေ ပိုမို မှေးစင်းလာသည်။ သို့သော်လည်း သူမ အိပ်ရာဝင်ဖို့ စိတ်မကူးနိုင်သေး။ သူ့ဘက်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်တော့ သူလည်း ငိုက်မြည်း လာဟန် ရှိသည်။ သူမဘက်သို့ လှည့်ကြည့်ရင်း ~~~

"အိပ်ချင်နေပြီလား၊ ခဏတော့ သည်းခံလိုက်ပါဦးကွာ၊ သူတို့ မကြာခင် ပြန်လာတော့မှာပါ"
 
သူမ ခေါင်းကို အသာညိတ်ပြလိုက်သည်။ အိပ်ချင်ပြေလို ပြေငြား သူမနှင့် သူ့အကြောင်းကို ပြန်တွေးကြည့် မိလိုက်သည်။ သူမတို့နှစ်ယောက် ဆုံစည်းမှုက သိပ်မထူးဆန်းပါ။ ငယ်စဉ်ကတည်းက တစ်ခြံတည်းမှာ အတူ ကြီးပြင်းလာခဲ့ကြသည်။ ထိုစဉ်က သူမက ခြံဝင်းရဲ့ အရှေ့ဘက် အနည်းငယ်ကျသော နှစ်ထပ်အိမ် ကြီးမှာ နေထိုင်ခဲ့သည်။ သူကတော့ သူမနေထိုင်သည့် အိမ်ထက် အနည်းငယ် နောက်ရောက်သော တစ်ထပ်တိုက်ပုကလေးမှာ နေထိုင်သည်။ သူမတို့နှစ်ယောက်မှာ အိမ်ချင်း သိပ်မဝေးပေမယ့် လှမ်းကြည့် လျှင် မြင်နိုင်သော အကွာအဝေးမှာ ရှိသည်။ ထို့ကြောင့် မကြာခဏဆိုသလို သူမတို့နှစ်ယောက် မျက်လုံး ချင်း ဆုံမိတတ်ကြသည်။ သူမနေထိုင်ရာ အိမ်မှ လှမ်းကြည့်လိုက်လျှင် သူ့ကို မနက်စောစောပိုင်းတွေမှ စ၍ ညမိုးချုပ်သည်အထိ တွေ့မြင်ရသည်။ သူကတော့ သူမကို မြင်တိုင်း ခပ်ပြုံးပြုံးနှင့် နှုတ်ဆက်လေ့ရှိသည်။
 
သူ့အပြုံးတွေက နွေးထွေးမှုရှိသလို သူမရင်ကို အေးမြစေသောအစွမ်းလည်း ရှိသည်။ အချိန်ကြာလာလေ သူ့အပြုံးတွေကို သူမ စွဲလမ်းနှစ်သက်လာလေ ဖြစ်လာခဲ့သည်။ သို့သော်လည်း တစ်ခါတလေ သူ့ ကို တွေ့မြင်ခွင့် မရသည့် ရက်များလည်း သူမ ကြုံခဲ့ဖူးပါသည်။ သူမ အိမ်ပြင်ဘက်သို့ မထွက်ရသည့်အခါ များ၊ သို့မဟုတ် သူ အိမ်ပြင်ဘက်သို့ မထွက်သည့် အခါများတွင်မူ သူမနှစ်ယောက် တိတ်တခိုး လွမ်းကြရ သည်။ နောက်တစ်နေ့ နှစ်ယောက်သား မြင်ခွင့်ရသည့် အချိန်များတွင်တော့ တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် ငေးမောရင်း အလွမ်းသယ်ခဲ့ကြသည်။ နောက်ဆုံးတော့ သူမနှစ်ယောက်ရဲ့ အချစ်ကို အသိ အမှတ်ပြုခံရသည့်ရက် ရောက်လာခဲ့သည်။

အဲဒီတစ်နေ့က သူမဘ၀မှာ အပျော်ရွှင်ဆုံး ဖြစ်ခဲ့ရသည်။ သူမတို့နှစ်ယောက် နေထိုင်လျက်ရှိသည့် အိမ် နှစ် လုံးကို ပေါင်းပြီး သုံးထပ်တိုက် ပြင်ဆောက်လိုက်ကြသည်။ အိမ်ဆောက်နေစဉ် အတောအတွင်း ခြံ ၀င်းထောင့်တစ်နေရာမှာ သူမတို့နှစ်ယောက် အသာလှဲလျောင်းရင်း ကြယ်တွေကို အတူ ငေးမောခဲ့ကြဖူး သည်။ ခြံဝင်းထဲက သစ်ခွပန်းရုံ၊ စံပယ်ပန်းရုံနှင့် နှင်းဆီပန်းအိုးများထံက လေအဝှေ့မှာ သင်းပျံ့လာတဲ့ ပန်း ရနံ့များကို ရှူရှိုက်ရင်း လသာညများကို သူမတို့နှစ်ယောက် ရင်ခုန်စွာ ဖြတ်သန်းခဲ့ကြဖူးသည်။ သူ့နံဘေးမှာ တိတ်ဆိတ်ငြိမ်သက်စွာ လဲလျောင်းရင်း သူ့ကို ခိုးကြည့်နေရသည့် အခိုက်အတန့်ကလေးကတော့ သူမ ဘ၀မှာ ဘယ်အရာနဲ့မှ မလဲနိုင်သည့် ရွှေရောင်အချိန်ကလေးများပင် ဖြစ်သည်။

ဒီလိုနှင့် ငါးလလောက်ကြာတော့ သူမတို့နှစ်ယောက် ခမ်းနားထည်ဝါသည့် သုံးထပ်တိုက်အိမ်ကြီးမှာ အတူ တကွ နေထိုင်ခွင့် ရခဲ့ကြသည်။ သူမတို့နေထိုင်သည့် အခန်းကလေး၏ အပြင်ဘက်မှာ လသာဆောင် ရှိ သည်။ လသာဆောင်မှာ သူမ အလွန်နှစ်သက်သည့် သစ်ခွပန်းဖြူဖြူကလေးများကို စင်ကလေးတစ်ခုနှင့် ထိုးထားသည်။ သစ်ခွစင်ကလေးနှင့် မလှမ်းမကမ်းမှာ ကနုတ်ပန်းများဖြင့် အလှဆင်ထားသော အဖြူရောင် စားပွဲဝိုင်းငယ်လေးနှင့် ထိုင်ခုံလေးနှစ်ခု ရှိသည်။ လသာဆောင်၏ မျက်နှာစာ ထောင့်များတွင်တော့ ပြာလဲ့ လဲ့ မီးအိမ်ကလေးများ တပ်ဆင်ထားသည်။ သူမ မှတ်မိနေသေးသည်။ အိမ်အသစ်ကြီးပေါ်သို့ သူမတို့ စစ ချင်း ရောက်လာစဉ်ကတည်းက ထိုလသာဆောင်ကလေးကို သူမ အလွန် ချစ်မြတ်နိုးခဲ့ရသည်။ သူမ၏ စိတ်ကူးထဲတွင် ထိုလသာဆောင်ကလေးရှိ စားပွဲနှင့် ထိုင်ခုံကလေးတွင် သူနှင့်အတူ ထိုင်ရင်း လပြည့်ည၏ အလှကို ခံစားကြည့်ချင်သည်။ လေပြည်နှင့်အတူ သယ်ဆောင်လာမည့် သင်းပျံ့သည့် ပန်းရနံ့များကို ခံစားရင်း သူ့အတွက် ကဗျာတွေ ရေးဖွဲ့ချင်မိသည်။ တစ်ခါတလေ ကော်ဖီပူပူလေးသောက်ရင်း တစ်ယောက်ကို တစ်ယောက် ဘယ်လောက်ချစ်ကြောင်း တဖွဲ့တနွဲ့ ပြောချင်မိသည်။ ကြည့်စမ်းပါ... သူမစိတ်ကူးထားသည့် ဘ၀လေးမှာ ဘယ်လောက် ကဗျာဆန်လိုက်ပါသလဲ။
 
သို့သော်လည်း ... စိတ်ကူးသည် စိတ်ကူးသာဖြစ်သည်မို့ သူမ၏ လက်တွေ့ဘ၀ထဲမှာ သူမစိတ်ကူးကို အကောင်အထည်ဖော်ခွင့် မရခဲ့ပါ။ သူမကိုယ်တိုင် ဘာကိုမျှ မပြောင်းလဲနိုင်သည့် အခြေအနေတွင် သူမ ဆန္ဒများကြောင့် သူ့ကို စိတ်အနှောင့်အယှက် မပေးလိုပါ။ တစ်ခါက သူမ၏ ဆန္ဒများကို သူ့ကို ရင်ဖွင့်ခဲ့ဖူး သည်။ သူက လေးလေးနက်နက် နားထောင်ပြီး သူမကို တစ်ခွန်းတော့ မှတ်ချက်ပြုသည်။

"မင်းက သိပ်စိတ်ကူးယဉ်တာပဲနော်"

အဲဒီနောက်ပိုင်းတော့ သူမဆန္ဒများနှင့် ပတ်သက်ပြီး သူ့ကို ဘာမျှ မပြောဖြစ်ခဲ့တော့ပါ။ သူ့ကို စိတ်ဆိုးတာ၊ စိတ်ကောက်တာမျိုး မဟုတ်ဘဲ သူမရဲ့ဆန္ဒတစ်စုံတစ်ရာကြောင့် သူ့ကို ၀န်မလေးစေချင်သောကြောင့် ဖြစ် သည်။ သူမ ဘယ်လောက် အတွေးလွန်နေမိသည် မသိ။ ခြံဝင်းရှေ့မှ တတီတီ တီးလိုက်သော ကားဟွန်း သံကြောင့် သူမ အသိစိတ် ပြန်ဝင်သွားရသည်။ ခြံဝင်းရှေ့ကို အသာ ကဲကြည့်လိုက်တော့ သူတို့ ပြန်လာ ကြပြီဆိုတာ သိလိုက်ရသည်။ သူမ နံရံထက်က နာရီကို လှမ်းကြည့်လိုက်ချိန်မှာပဲ သူတို့ စကားပြောသံနှင့် အတူ လှေကားပေါ် နင်းတက်လာသည့် ခြေသံများကို ကြားလိုက်ရသည်။

"ဟူး...၊ ပင်ပန်းတယ် မောင်ရေ့၊ ဒါတောင် မနည်းကို ပြောပြီး လစ်ထွက်လာရတာ၊ သူငယ်ချင်းတွေက လည်း မဆုံတာ ကြာပြီမဟုတ်လား"

"အေးပေါ့ကွာ၊ ဒါကြောင့်လည်း ကိုယ်က အားနာလို့ ဘာမှ မပြောတာပေါ့"

"ကျေးဇူးတင်ပါတယ် မောင်ရယ်...၊ ဟောတော့ ... ဒီမှာ ကြည့်ပါဦး မောင်ရေ၊ ခင်တို့ လသာဆောင်က သံပန်းတံခါးကို မပိတ်ခဲ့မိဘူးတော့ ...၊ ညနေက လောလောနဲ့ ထွက်သွားတာ သစ်သားတံခါးကိုပဲ လော့ခ် ချခဲ့မိတာကိုး"

"အဲဒါကြောင့် မင်းကို ပြောတာပေါ့၊ မင်းဟာလေ... အမြဲတမ်း ရှပ်ပျာ ရှပ်ပျာနဲ့၊ တော်သေးတာပေါ့၊ အထဲက သစ်သားတံခါး ပိတ်ခဲ့မိပေလို့၊ နို့မို့ဆို သူခိုးတွေ ဘာတွေ တက်နေမှ ဒုက္ခ"

"မေ့သွားလို့ပါ မောင်ရယ်...၊ ဘာပဲဖြစ်ဖြစ် ဒီသံပန်းတံခါးလေးတစ်စုံကိုတော့ ခင် သိပ်သဘောကျတာပဲ၊ အရင်တုန်းက ခင်တို့ခြံထဲမှာ အိမ်နှစ်အိမ် ရှိတယ်လေ၊ အဲဒီနှစ်အိမ်စလုံးမှာ ဒီလို သံပန်းတံခါးမျိုး ဆင်တူ တပ်ထားတာ မောင်ရဲ့၊ အဲဒါ အိမ်ပြင်ဆောက်တုန်းက ခင်က နဂိုရှိနေတဲ့ သံပန်းတံခါးတွေကိုပဲ ပြန်သုံးမယ် ဆိုပြီး ခင်တို့အခန်းကနေ လသာဆောင်ထွက်တဲ့နေရာမှာ တပ်ထားလိုက်တာလေ။ ဒီသံပန်းတံခါးတွေက ကြာပြီဖြစ်ပေမယ့် ဟောင်းနွမ်းတဲ့ပုံ မရှိဘူး၊ သူ့ရဲ့ဒီဇိုင်းကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ ဆန်းတယ်လေ။ အဲဒီ အချက်တွေကြောင့် ခင်က ဒီသံပန်းတံခါးလေးကို သံယောဇဉ်ဖြစ်နေတာပေါ့"

"ကဲပါ....စကားများမနေနဲ့ မရွှေချော၊ အချိန်က မနည်းတော့ဘူး၊ တံခါးပိတ်ပြီး ရေမိုးချိုး အိပ်ရာဝင်တော့"

"မောင်ကရော... မအိပ်သေးဘူးလား"

"အိပ်မှာပေါ့... ရုံးက အလုပ်လေးတွေ လက်စသတ်လိုက်ဦးမယ်... မင်း အိပ်နှင့်လေ"

* * * * * * *

ခဏကြာတော့ သူမအတွက် အနွေးထွေးဆုံး၊ အလုံခြုံဆုံး သူ့ရဲ့ရင်ခွင်မှာ သူမတစ်ယောက် ကလေးလေး လို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါတော့သည်။ နောက်တစ်နေ့ နံနက်လင်းသည်နှင့် သူနဲ့ တစ်နေ့တာ ခွဲခွာနေရဦးမှာမို့ သူမအတွက် အားအင်လိုသည် မဟုတ်ပါလား။




စာဖတ်သူများ အားလုံးကို ခင်မင် လေးစားလျက်

မြ၀တီဇော်




Monday, October 7, 2013

ရင်နှင့် ရင်းသော ချစ်ခြင်းသံစဉ်



စာဖတ်သူများအားလုံး မင်္ဂလာပါရှင်။ အကြောင်းအမျိုးမျိုးကြောင့် ကျွန်မ မြ၀တီဇော်တစ်ယောက် ဘလော့ ရပ်ဝန်းကနေ ခဏပျောက် (အဲ..မှားလို့) အကြာကြီး ပျောက်နေခဲ့ရပါတယ်။ စာအသစ်တွေ မတင်တာ ကြာလို့ စာရေးတဲ့ဝါသနာကို စွန့်လိုက်ပြီလို့တော့ မထင်ကြပါနဲ့နော်။ :) အားလုံးနဲ့ အဆက်ပြတ် သွားခဲ့ရ တာက Depression ၀င်ချင်သလိုလို ဖြစ်ခဲ့ရတဲ့ ကိစ္စတစ်ခုကို ခံစားခဲ့ရတာကြောင့် စိတ်လေလေနဲ့ စာမရေးဖြစ်ခဲ့တာပါ။

ဒီအတောအတွင်းမှာ ကျွန်မ တချို့သော မောင်နှမတွေရဲ့ ဘလော့တွေကို ၀င်ဖတ်မိတာ ရှိသလို မဖတ်မိခဲ့ တဲ့ ဘလော့တွေလည်း ရှိခဲ့ပါတယ်။ အဲဒီအတွက်လည်း မောင်နှမတွေ၊ ညီအစ်မတွေကို တောင်းပန်ချင်ပါ တယ်။ တစ်ခါတလေ စာတွေသာ ၀င်ဖတ်သွားပေမယ့် စိတ်နဲ့လူနဲ့ မကပ်တဲ့အချိန် ဖြစ်နေလို့ ကွန်မန့်တွေ လည်း မပေးဖြစ်ခဲ့ပါဘူး။ စာတွေ ၀င်ရောက် ဖတ်ရှုပြီး တိတ်တဆိတ် ပြန်သွားခဲ့တာတွေ များခဲ့ပါတယ်။ ဒါကြောင့် အခုရက်ပိုင်းမှာတော့ စာကြွေးတွေ တဖြည်းဖြည်းနဲ့ ရှင်းနေရပါတယ်။ :)
ကျွန်မ စိတ်ဓာတ်ကျနေခဲ့ရတဲ့ အကြောင်းအရင်းကို ရင်ဖွင့်ရရင် ကျွန်မဘ၀မှာ ကြိုးစားတိုင်းလည်း မရနိုင် တဲ့အရာဆိုတာ ရှိနေပါသေးလားဆိုတဲ့ အသိကို ကျွန်မ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုဆီက သင်ခန်း စာ ရခဲ့လို့ပါ။ ဘယ်သူမဆို နှစ်နဲ့ချီပြီး ကိုယ်တိုင် အပင်ပန်းခံ ကြိုးစားလာခဲ့လို့ ရရှိရမယ့် ရလဒ်တစ်ခုက ရက်ပိုင်းလေးအတွင်းမှာ လက်လွှတ်ခံလိုက်ရမယ်ဆိုရင် အနည်းနဲ့အများတော့ တုန်လှုပ်မိကြမှာပါပဲ။ တစ်နှစ်ပတ်လုံး ကြိုးစားပမ်းစား တည်ဆောက်ခဲ့ရတဲ့ ရည်မှန်းချက်တစ်ခုက နှစ်ရက်တာ အတောအတွင်း မှာ ဘာအကျိုးခံစားခွင့်မှ မရလိုက်ဘဲ အဆုံးရှုံးခံလိုက်ရဖို့ဆိုတာ တခြားသူတွေတော့ မသိပေမယ့် ကျွန်မ အတွက်တော့ အင်မတန်ကို စွန့်စားခဲ့ရတဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။

အဲဒီလောက် လိုချင်ခဲ့တဲ့ ရလဒ်ကို အဆုံးရှုံးခံရဲဖို့ လုံလောက်တဲ့ အကြောင်းအရင်းကလည်း ကျွန်မ အရူး အမူး မျှော်လင့်ခဲ့ရတဲ့ မိခင်ဘ၀ဆိုတော့ ကျွန်မမှာ ချိန်ခွင်လျှာပေါ် ရပ်နေရတဲ့သူလို တစ်ဖက်ဖက်ကို အလေးသာမှ ဖြစ်မယ့် အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်မ ကြိုးစားခဲ့ရတဲ့ အချိန်တွေ၊ ပင်ပန်းခဲ့ရ တဲ့ ကာလတွေ၊ အောင်မြင်ခဲ့တဲ့ စာမေးပွဲရလဒ်တွေ ဒါတွေအားလုံးဟာ Presentation လုပ်မယ့် အကြိုရက် နဲ့ ပတ်ကားရက် နှစ်ရက်ကို မလာနိုင်ရင် ဘွဲ့မပေးဘူးဆိုတဲ့ စည်းကမ်းချက်ကြောင့် ရေစုန်မျောခဲ့ရပါတယ်။ ကျွန်မ တက်ရောက်တဲ့သင်တန်းမှာ Project နှစ်ခု လုပ်ရပါတယ်။ ပထမတစ်ခုကို အောင်မြင်စွာ ကျော်ဖြတ် ခဲ့သလို ဒုတိယ Project ကိုလည်း ကျွန်မ ပါဝင်တဲ့ Group အတွက် လက်ရှိ အောင်မြင်နေတဲ့ စီးပွားရေး လုပ်ငန်း၊ အဲဒီလုပ်ငန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းလည်ပတ်မှု Data တွေ၊ လိုအပ်တဲ့ အချက်အလက်တွေ ကျွန်မ အားလုံး ပြင်ဆင် ကူညီပေးခဲ့ပါတယ်။

အဲဒီလို ကြိုးစားလာခဲ့ပေမဲ့ ကျွန်မရဲ့ ကျန်းမာရေးအခြေအနေက အိမ်မှာပဲ ငြိမ်ငြိမ်သက်သက် အနားယူဖို့ လိုအပ်တယ်ဆိုတဲ့ ဆရာဝန်ရဲ့ညွှန်ကြားချက်ကြောင့် မတတ်သာဘဲ အိမ်မှာ ကျွန်မ တစ်လလောက် နားနေ ခဲ့ရပါတယ်။ အဲဒီအတောအတွင်းမှာ လူကသာ မသွားမလာရပေမဲ့ Project အတွက် လိုအပ်တဲ့ အချက် အလက်တွေကို အိမ်ကနေပဲ e-mail နဲ့ ပို့ပြီး ကျွန်မအဖွဲ့ဝင်တွေအတွက် ကြိုးစား ကူညီခဲ့ပါတယ်။ ဒါပေမဲ့ ကံတရားက ကျွန်မကို မျက်နှာသာ မပေးခဲ့ပါဘူး။ အိမ်ပေါ်ကနေ အိမ်အောက်ကိုတောင် အတက်အဆင်း မလုပ်ဖို့ ညွှန်ကြားခံထားရတဲ့ ကျွန်မ၊ အိမ်ကနေ ကားနဲ့သွားရင် တစ်နာရီနီးပါး မောင်းရတဲ့ (လိုင်းကား စီးရင် နှစ်နာရီလောက် ကြာတဲ့) ရန်ကုန်တက္ကသိုလ်ရဲ့ လေးထပ် စာသင်ဆောင် အပေါ်ဆုံးထပ်မှာ ပြု လုပ်မယ့် Presentation ကို လာဖို့ ဘယ်လိုမှ အခွင့်အရေး မရခဲ့ပါဘူး။

ဆရာဝန်က "အန္တရာယ်ရှိနိုင်တယ်၊ လုံးဝ မသွားပါနဲ့" ဆိုတဲ့ အကြံပြု တားမြစ်ချက်ကြောင့် ကျွန်မ မျှော်လင့် ချက်တွေ သဲထဲ ရေသွန်သလို အလဟဿ ဖြစ်ခဲ့ရပါတယ်။ ကျောင်းက ကျွန်မရဲ့ ဆရာမတွေကလည်း ကျွန်မကို နှမျောကြလို့ အဲဒီနှစ်ရက်ကို "မျက်နှာပဲ လာပြပါ၊ နာရီဝက်လောက် လာပြီးရင် ကျန်းမာရေး မကောင်းလို့ စောစောပြန်ပါရစေဆိုပြီး ပါမောက္ခတွေကို ခွင့်တိုင်ပေးပါ့မယ်၊ လာဖြစ်အောင်သာ လာပါ" လို့ စေတနာနဲ့ ကူညီကြပေမယ့် ကျွန်မရဲ့ရင်သွေးလေးအတွက် ဘယ်လိုမှ အတိမ်းအစောင်း မခံနိုင်တာမို့ ရည်မှန်းချက်ကို လက်လွှတ်ခဲ့ရပါတယ်။

ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့ လက်တစ်ကမ်းအလိုကျမှ လက်လွှတ်ခဲ့ရတဲ့ ခံစားချက်ကို ကျွန်မ စာတွေထဲမှာ၊ တချို့သူတွေ ပြောစကားမှာ ကြားဖူး၊ ဖတ်ခဲ့ရဖူးပေမယ့် ကိုယ်တိုင် ကြုံတွေ့လာရတဲ့အခါ မှာတော့ စိတ်ကို ဖြေဖျောက်နိုင်ဖို့ အတော်ကြိုးစားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကျွန်မဘ၀မှာ ဘယ်လောက် အသည်းအသန် ကြိုးစားခဲ့ရတဲ့ ပညာရေးဖြစ်နေပါစေ၊ ကိုယ့်ရင်သွေးနဲ့ ပတ်သက်လာတဲ့ အခါ ဘာမှ အရေးမကြီးတော့တဲ့ ကိစ္စတစ်ခုလို သဘောထားနိုင်ခဲ့တာလည်း မိခင်မေတ္တာဆိုတာကြောင့် များလားလို့ ကိုယ့်ဘာသာ တွေးနေမိပါတယ်။ တကယ်ဆို ကျွန်မက တွေဝေတတ်သူတစ်ယောက်၊ ဆုံးဖြတ်ချက်တစ်ခုကို ချပြီးသွားပြီဆိုရင်လည်း တော်ရုံနဲ့ ပြန်မပြင်တတ်သူတစ်ယောက်၊ (ပြောရမယ်ဆို ရင်တော့ ခေါင်းမာသလို ကိုယ့်ရည်မှန်းချက် မရောက်မချင်း တော်ရုံတန်ရုံနဲ့ လက်မလျှော့တတ်သူပေါ့) အဲဒီလိုလူစားမျိုးဖြစ်တဲ့ ကျွန်မက ကိုယ့်ရင်သွေးနဲ့လည်း ပတ်သက်လာရော ကိုယ့်မှာ ရှိနေတဲ့ ခေါင်းမာ တတ်တာတွေ၊ ဇွတ်တရွတ်နိုင်တာတွေ၊ တွေဝေတတ်တာတွေ စတဲ့ အကျင့်ဆိုးတွေက အလွယ်တကူ ပဲ ပျောက်ကွယ်ကုန်တာတော့ ကိုယ့်ဘာသာကိုယ် အံ့သြမိပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်မကိုယ်တိုင် မိဘနေရာမှာ ရောက်လာတော့မှ ကိုယ့်မိဘတွေ ကိုယ့်အပေါ် ဘယ်လောက် အနွံတာခံ၊ အနစ်နာခံခဲ့ရရှာမလဲလို့ ကိုယ်ချင်းစာမိခဲ့ရပါတယ်။ မိဘဆိုတာ သားသမီး ကို ဖြူသလား၊ မည်းသလား၊ သားလေးလား၊ သမီးလေးလား မသိရခင်အချိန်ကတည်းက ပေးဆပ် စွန့် လွှတ်ခဲ့ရတာတွေချည်းပါပဲလားလို့လည်း အတွေးဝင်မိပါတယ်။ လောကမှာ ဘယ်လိုမေတ္တာမျိုးကမှ မိဘရဲ့ သားသမီးအပေါ် ထားတဲ့ မေတ္တာကို မနှိုင်းယှဉ်နိုင်ပါဘူးဆိုတာ မိဘနေရာ ရောက်လာတဲ့တစ်နေ့ လူတိုင်း သဘောပေါက် နားလည်လာကြမှာပါ။ အခုအချိန်မှာတော့ ကျွန်မအတွေးထဲမှာ ကိုယ့်သားသမီးအတွက် ကလွဲရင် တခြား အရာတွေအတွက် နေရာမပေးနိုင်သေးပါဘူး။ ဒါကို မိခင်တစ်ယောက်ရဲ့အတ္တလို့ ဆိုချင် လည်း ဆိုနိုင်ပါတယ်။ တကယ်တော့ မိဘတိုင်းက သားသမီးအတွက်ဆိုရင် မာနတွေ ခ၀ါချ၊ အတ္တတွေ ဘေးချိတ်လို့ သားသမီးတစ်မျက်နှာကို တစ်ကမ္ဘာ ထင်ပြီး အသက်ရှင်သန်နေရတဲ့သူတွေပဲ မဟုတ်ပါလား။


(ကိုယ်ပိုင် ခံစားချက်ကို ရင်ဖွင့်လိုက်ရလို့ စိတ်သက်သာသွားပါပြီ။ သည်းခံပြီး ဖတ်ပေးကြသော စာဖတ်သူ များအားလုံးကို ကျေးဇူး အထူးတင်ရှိပါသည်။)


စာဖတ်သူများအားလုံးကို ခင်မင် လေးစားလျက်

မြ၀တီဇော်