"Congratulation
ပါ သမီး၊ သမီးက မိခင်လောင်းတစ်ယောက် ဖြစ်နေပါပြီ၊ ဒီတော့ အထိုင်၊ အထ၊
အသွား၊ အလာမှာ ဂရုစိုက်ပါ၊ အစားအသောက်ကိုလည်း သင့်တင့်မျှတအောင် စားပါ၊
စိတ်ပူပန်စရာတွေ၊ စိတ်ရှုပ် စိတ်ညစ်စရာတွေ ဘာမှ မတွေးမိအောင် နေပါ၊
ဖြစ်နိုင်ရင် အိမ်မှာ နားနားနေနေ အနားယူသင့်တယ်၊ အခု လောလောဆယ် အခြေအနေအရ
သမီး အနားယူဖို့ လိုအပ်တယ်"
ကျွန်မကို
ဆေးကုပေးနေကျ အန်တီဆရာဝန်မကြီးရဲ့ စကားကြောင့် ကျွန်မတစ်ကိုယ်လုံး လေထဲ
မှာ မြောက်လွင့်သွားသလို ခံစားလိုက်ရပါတယ်။ ကြည်နူးဝမ်းသာစိတ်ကြောင့်
လှိုက်ခနဲ မျက်ရည်ဝဲတက် လာမိတယ်။ တကယ်ဆို ကျွန်မတို့နှစ်ယောက်စလုံး
ရင်သွေးကလေး လိုချင်နေကြတာ ကြာပါပြီ။ ကျွန်မ တို့ရဲ့ အိမ်ထောင်သက်ကလည်း
ငါးနှစ်ကျော်ခဲ့ပါပြီ။ ဒီအတောအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့်
ရင်သွေးယူဖို့ နှောင့်နှေးခဲ့ရပါတယ်။ အကြောင်းရင်းကတော့ သူနဲ့
ကျွန်မတို့ရဲ့ အိမ်ထောင်ရေးက သူ့ အလုပ်အခြေအနေအရ တစ်ယောက်တစ်နေရာစီ
ခွဲခွာနေခဲ့ကြရပါတယ်။ အဲဒီလို မကြာခဏ ခွဲခွာနေခဲ့ကြ ရတဲ့အချိန်တွေက
နှစ်ယောက်အတူရှိနေတဲ့အချိန်တွေထက် ကျွန်မတို့ဘ၀မှာ ပိုများခဲ့ပါတယ်။
ဒါပေမယ့်လည်း
ဒါဟာ ဘ၀ပေးအခြေအနေမို့ ကျွန်မတို့နှစ်ယောက် သည်းခံပြီး ကျော်ဖြတ်လာခဲ့ပါတယ်။ အရင်ကဆို
မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုသလို သူ အလုပ်သွားလုပ်တဲ့အချိန်တွေမှာ ကျွန်မလည်း ကိုယ့်ရဲ့
နေ့စဉ် လုပ်ငန်းခွင်ဘ၀မှာ ကျင်လည်ရင်းနဲ့ သူ့ကိုလွမ်းရတဲ့ အချိန်တွေကို ခက်ခဲပင်ပန်းစွာ
ကုန် လွန်စေခဲ့ရပါတယ်။ အခုတော့ သူ ကျွန်မနားမှာ အချိန်ပြည့် ရှိမနေနိုင်ပေမယ့် သူ့ရဲ့ကိုယ်စား
ချစ်မြတ်နိုး စရာ၊ နှစ်သက်ကြည်နူးစရာ၊ ဂရုတစိုက် ပြုစုစောင့်ရှောက်စရာ သူ့ရဲ့ကိုယ်ပွားလေးကို
ရင်ခုန် စိတ်လှုပ်ရှား စွာ မျှော်လင့် စောင့်ကြိုနေရမယ့် အခွင့်အရေးတစ်ခု ကျွန်မ ပိုင်ဆိုင်ခွင့်
ရခဲ့ပါပြီ။ ဒီအခွင့်အရေးဟာ ကျွန်မ တို့အတွက်တော့ ဘုရားက ပေးတဲ့ ဆုလာဘ်တစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုရင်
ကျွန်မတို့ရဲ့ အိမ်ထောင် သက် လေးနှစ်ကျော်လောက် ရောက်လာတဲ့အခါမှာ သူက တစ်ဦးတည်းသောသားမို့
သူ့မိဘများက လည်း မြေးလေးတစ်ယောက်ကို အလွန်အမင်း တောင့်တနေကြပါတယ်။ ထို့အတူ ကျွန်မဘက်မှာ
ဆိုရင် လည်း ကျွန်မက မွေးဖွားလာမယ့် ရင်သွေးလေးဟာ အဦးဆုံး မြေးဦးဖြစ်တာမို့ မိသားစုတွေက
စိုးရိမ် ပူပန်မှုတွေနဲ့အတူ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေကြပါတယ်။ ဒါဟာ မိခင်လောင်းဖြစ်တဲ့
ကျွန်မအတွက်တော့ အားရှိစရာ၊ ၀မ်းသာကြည်နူးစရာ အခြေအနေလေးပါပဲ။
*
* * * * * * *
ကျွန်မကိုယ်တိုင်
မိခင်လောင်းဘ၀ကို ရောက်လာခဲ့ရတော့မှ ကျွန်မရဲ့မေမေကို ကိုယ်ချင်းစာ သနားမိပါ တယ်။ ကျွန်မမှာ
ရင်သွေးလေးရှိနေပြီ ဆိုကတည်းက အပူအစပ်၊ အဖန်အခါး အလွန်အကျွံ မစားမိအောင် သတိထားခဲ့ပါတယ်။
နောက်ပြီး ကျွန်မမှာ Morning Sickness ကို ကိုယ်ဝန်သုံးလလောက်အထိ ခံစားခဲ့ရ တာကြောင့်
အဲဒီအချိန်တွေမှာ ကျွန်မမေမေရဲ့ကျေးဇူးကို အလွန်ပဲ သတိရ အောက်မေ့မိပါတယ်။ ကျွန်မ တို့
မောင်နှမသုံးယောက်ကို မွေးဖွားပေးခဲ့တဲ့ မေမေဟာလည်း ကျွန်မလိုပဲ ပျို့အန်တဲ့ ဝေဒနာကို
သုံးကြိမ် သုံးခါတိတိ ခံစားခဲ့ရရှာမှာပါပဲ။ ဒါ့အပြင် ကျွန်မငယ်ငယ်က ရင်ကျပ်တတ်တာကြောင့်
ကျွန်မ မိဘများခမျာ ညဘက်တွေဆို ကောင်းကောင်း မအိပ်ခဲ့ရပါဘူး။ မှတ်မိသလောက် ကျွန်မငယ်စဉ်က
ညဘက် ချောင်းတွေ ဆိုးပြီဆိုရင် ကျွန်မရဲ့ဖေဖေက ကျွန်မကို ပခုံးပေါ်မှာတင်ပြီး ကျွန်မ
မအိပ်မချင်း လမ်းလျှောက်နေခဲ့ရ ပါတယ်။ ကျွန်မမေမေဆိုရင်လည်း ကျွန်မ တစ်နေကုန် အစားသောင်းကျန်းသမျှ
ညနေ အလုပ်က ပြန်လာ တာနဲ့ ရုံးမှ ခူးလာသော ဇီယာရွက်များကို ထောင်းကာ အရည်ညှစ်၊ ဆားခတ်ပြီး
တိုက်ပါတော့သည်။ စိမ်းရွှေရွှေ ခါးသက်သက် အရသာနှင့် ထိုဆေးရည်ကို မသောက်သောက်အောင် ချော့တစ်ခါ၊
ခြောက် တစ်လှည့်နှင့် မေမေက ကျွန်မကို တိုက်ကျွေးခဲ့ရပါသည်။ သားသမီးသုံးယောက်ရှိသည့်အနက်
ကျွန်မ တစ်ယောက်သာ ငယ်ငယ်ကတည်းက ချူချူချာချာ ရှိခဲ့တာမို့ ကျွန်မ မိဘတွေ၊ မိသားစုဝင်တွေ
အတော် ပင်ပန်းခဲ့ကြရပါသည်။
အခုတော့
ကျွန်မ မိဘနေရာကို အလှည့်ကျလာခဲ့ပါပြီ။ ကိုယ့်အလှည့်ကျ မနွဲ့စတမ်းဆိုသလို ကိုယ့်သား
သမီးလေးအတွက် ကျွန်မ လုံးဝ မကြိုက်ခဲ့တဲ့ ဖီးကြမ်းငှက်ပျောသီးတွေကို တစ်နေ့ သုံးလေးလုံး
စားဖြစ်ခဲ့ ပါတယ်။ ထမင်းနံ့၊ ဟင်းနံ့ မခံနိုင်ခဲ့တဲ့ ကာလမို့ အချဉ်ထုပ်တွေကိုသာ စိတ်ထဲမှာ
တောင့်တမိပါတယ်။ ဒါပေမယ့်လည်း ကျွန်မအမျိုးသားက ကျွန်မကို အချဉ်ထုပ်တွေ အလွန်အကျွံ
ပေးမစားပါဘူး။ အသီး အနှံတွေကိုတော့ ကျွန်မ သဘောရှိ စားခွင့်ပေးထားပါတယ်။ ဒီလိုအချိန်ကာလကိုတော့
ကျွန်မကိုယ်ကျွန်မ အလွန် အံ့သြမိပါတယ်။ အရင်တုန်းကဆိုရင် အသီးအနှံတွေကို တော်ရုံလောက်သာ
စားတတ်တဲ့သူက အခုတော့ ကျွဲကောသီးဆိုလည်း တစ်နေ့ကို တစ်လုံးလောက် ကုန်အောင် စားပစ်ချင်နေပါတယ်။
ဟင်းဆို ရင်လည်း အသားငါးထက် ဟင်းသီးဟင်းရွက်တွေကို ပိုစားချင်တဲ့စိတ် ဖြစ်နေပါတယ်။
နောက်တစ်ခု ထူးခြားတာက အခုတလောမှာ ကျွန်မ သိပ်ကို စိတ်ထိခိုက်လွယ်နေတာပါပဲ။ တကယ်ဆို
ကျွန်မက အဲဒီလောက် စိတ်နုတတ်သူ မဟုတ်ပါဘူး။ အခုတော့ ကျွန်မကို တစ်စုံတစ်ယောက်ကများ
စကားပြော လို့ လေသံနည်းနည်း မာသွားတယ်လို့ စိတ်မှာထင်လိုက်တာနဲ့ မျက်ရည်က ပိုးပိုးပေါက်ပေါက်
ကျလာတော့ ပါပဲ။ အမှန်မှာ ပြောသူကတော့ ပုံမှန် ပြောရိုးပြောစဉ် ပြောလိုက်တာဖြစ်ပေမယ့်
ကျွန်မစိတ်ထဲမှာ ရုတ် တရက် ၀မ်းနည်းသွားတတ်တာကတော့ ထူးဆန်းနေပါတယ်။ ဒီအဖြစ်အပျက်တွေကတော့
ကျွန်မကိုယ် ကျွန်မ အံ့သြမိစေတဲ့ ထူးခြားမှုတွေပါပဲ။
*
* * * * * * *
တစ်နေ့တခြား
တဖြည်းဖြည်း ဖွံ့ဖြိုးလာတဲ့ ကိုယ့်ခန္ဓာကိုယ်ကို ကြည့်ရင်း သားလေးလား၊ သမီးလေးလား မှန်းဆကြည့်ရတဲ့
ကြည်နူးမှုကလည်း ကျွန်မအတွက်တော့ စိတ်လှုပ်ရှား ပျော်ရွှင်စရာတစ်ခုပါပဲ။ တစ်ခါ တစ်ခါ ကိုယ့်စိတ်ထဲရှိတာလေးတွေကို
ရင်သွေးကလေးကို တိုင်တည်လို့ အရူးတစ်ယောက်လို စကားတွေ ပြောနေမိပါတယ်။ တစ်ခါတလေလည်း
စိတ်ကူးထဲ ပေါ်လာတဲ့ သားချော့တေးတွေ ခပ်တိုးတိုး ဆိုမိနေပါတယ်။ ဒါကြောင့်ပဲ ရှေးလူကြီးတွေက
"သားဦး အရူး"ဆိုပြီး မိဘတွေအနေနဲ့ သားဦး သမီးဦး အပေါ်မှာ အရူးအမူး ဖြစ်တတ်ကြတယ်လို့
ဆိုရိုးပြုခဲ့တာ ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် ဒီရင်သွေးလေးကြောင့် ကျွန်မရဲ့ စိတ်နေစိတ်ထားတွေ
ပိုပြီး နူးညံ့ပျော့ပျောင်းလာတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဟိုအရင်တုန်း ကလို အရာရာကို
ကိုယ့်စိတ်နဲ့မတွေ့တဲ့အခါ စိတ်လိုက်မာန်ပါ ပြုလိုက်ဖို့ဆိုတာ ဝေလာဝေး။ တစ်ခုခုဆို အရင်ဆုံး
ကိုယ့်ကလေးအတွက် ဦးစားပေးပြီး စဉ်းစားနေမိတာဟာ မိခင်စိတ်ဆိုတာများလားလို့ တွေးမိနေ
ပါတယ်။
အခုလောလောဆယ်
ကျွန်မရဲ့ရင်ထဲ၊ ဦးနှောက်ထဲမှာ ကျွန်မရင်သွေးလေးအတွက် ကြိုတင် စိတ်ကူးထား တာတွေ၊ မျှော်လင့်ချက်တွေနဲ့
ပြည့်လျှံလို့ နေပါတယ်။ နေ့ရှိသရွေ့ ရင်သွေးလေးနဲ့ ပတ်သက်တဲ့ စာ အုပ်တွေ ဖတ်လိုက်၊
အစား စားလိုက်၊ မွေးဖွားမယ့်အချိန်ကို ကြိုတင်ပြီး စိတ်ကူးယဉ်လိုက်၊ ညစဉ် အိပ်ရာ ၀င်တိုင်း
မြတ်စွာဘုရားထံမှာ ရင်သွေးလေးအတွက် ဆုတွေ မမောနိုင် မပန်းနိုင် တောင်းလိုက်နဲ့ တစ်ယောက်တည်း
အလုပ်ရှုပ်နေရတာကိုက ကျွန်မဘ၀ရဲ့ နေ့စဉ် ပျော်ရွှင်မှုတွေပါပဲ။ ဒီအရာတွေ အားလုံး ဟာ ကျွန်မအတွက်တော့
ဘ၀မှာ အသစ်ထပ်မံ ရှင်သန်ခွင့်၊ ရင်ခုန် ကြည်နူးခွင့်၊ ဘ၀အဓိပ္ပာယ်တွေ ပိုပြီး ပြည့်စုံနိုင်ခွင့်တွေနဲ့
ထုံမွှမ်းထားတဲ့၊ တောက်ပ လင်းလက်နေတဲ့ ပျော်ရွှင်ခြင်း မိုးကောင်းကင်တစ်ခုကို ပိုင်ဆိုင်လိုက်ရသလိုပါပဲ။
ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်းရဲ့ ရင်ထဲမှာလည်း ကျွန်မထက် မပိုရင်သာရှိမယ် မလျော့တဲ့
မေတ္တာစိတ်တွေနဲ့ သားသမီးတွေအတွက် အရာရာကို ရင်ဆိုင်ဖို့ အမြဲတမ်း အသင့်ရှိနေမယ်လို့
ယုံကြည်နေမိပါတယ်။
(ကမ္ဘာပေါ်မှာ
ရှိသမျှ မိခင်တိုင်းရဲ့ မေတ္တာတရားကို ဤစာစုဖြင့် လေးစားစွာ ဦးညွှတ်လိုက်ပါ၏။)
စာဖတ်သူအားလုံး
ခင်မင် လေးစားလျက်
မြ၀တီဇော်
No comments:
Post a Comment