သဲသဲမဲမဲ
ရွာသွန်းနေသော
မိုးရေစက်တွေကြားက ဝိုးတဝါး တွေ့နေရဆဲဖြစ်သော ထိုအိမ်ကလေးကို သူမ
ငြိမ်သက်စွာ
ငေးကြည့်နေမိသည်။ သူမအတွက်တော့ ဥတုရာသီ တွေ ဘယ်လိုပြောင်းပြောင်း ထိုအိမ်
ကလေးကို ငေးကြည့်နေရခြင်းသည်သာ
ပျော်ရွှင်မှုတစ်မျိုးလို ဖြစ်နေသည်။ နွေရာသီရဲ့ နွေးထွေးတဲ့ ရောင်ခြည်တွေနဲ့
တက်ကြွ
လန်းဆန်းနေတဲ့ အိမ်ကလေးရဲ့ပုံရိပ်တွေကို သူမ အားကျ နှစ်သက်စိတ်နဲ့
ငေးကြည့်ဖူးသလို
နှင်း မှုန်တွေ တဖွဲဖွဲ ကြွေလွင့်နေတဲ့ ဆောင်းရာသီရဲ့
ဆိတ်ငြိမ်အေးချမ်းမှုတွေနဲ့ ထုံမွှမ်းထားတဲ့ အိမ်ကလေးကို လည်း သူမ မက်မော
တွယ်တာစွာ ငေးကြည့်မိခဲ့ဖူးသည်။ တစ်စုံတစ်ယောက်က သူမဘဝမှာ
အလိုချင် အတောင့်တဆုံး ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးမည်ဆိုလျှင် ထိုအိမ်ကလေးအား
ပိုင်ဆိုင်နိုင်ခွင့်ကို
သူမ တောင်းဆိုမိမည် ထင်သည်။ ထိုမျှလောက်အထိ အိမ်ကလေးက သူမရဲ့ စိတ်နှလုံးကို
ညို့ငင် ဖမ်း စားနိုင်လေသည်။
ညအိပ်ချိန်ဆို
မျက်လုံးများ
မှိတ်လိုက်တိုင်း သူမ စိတ်ဝင်တစား စောင့်ကြည့်နေမိသော အိမ်ကလေးရဲ့
သွင်ပြင်က
သူမရဲ့စိတ်အာရုံမှာ တရစ်ဝဲဝဲ ပေါ်လာမြဲဖြစ်သည်။ မကျယ်လွန်း မကျဉ်းလွန်းသော
မြေ ကွက်ပေါ်မှာ
ဆောက်လုပ်ထားသည့် နှစ်ထပ်အိမ်ကလေးက ရိုးရှင်း သေသပ်လှသည်။ အိမ်ကလေး မှာ
ခေါင်းရင်းဘက်ကို
မြေနေရာ အနည်းငယ် ချန်၍ ဆောက်ထားခြင်းဖြစ်ပြီး သူ့အတိုင်းအတာနှင့်သူတော့
ကျဉ်းသည်ဟု
မဆိုသာ။ ခပ်စိပ်စိပ် ကာရံထားတဲ့ ခြံစည်းရိုးဖြူဖြူလေးရဲ့ အတွင်းဘက်
အိမ်ကလေးရဲ့ မျက်နှာစာမှာ မြက်ခင်းစိမ်းစိမ်းလေးများက လေးထောင့်စပ်စပ်
တိတိကျကျ ရှိနေသည်။ မြက်ခင်းစိမ်းလေး ရဲ့ဘေးမှာ
ကွန်ကရစ် ခင်းထားသော လူသွားလမ်းငယ်လေးတစ်ခုက မြက် ခင်းလေးကို ဘောင်ခတ်ပေး
ထားသည်။ ထိုလမ်းကလေးရဲ့
အဆုံးမှာ အိမ်ကလေးရဲ့ ဆင်ဝင်အောက်ကို ရောက်သည်။ ဆင်ဝင်အောက် ရှိ
အိမ်ကလေးရဲ့ ဘယ်ဘက်ခြမ်းမှာ
ဆေးအဖြူနဲ့အစိမ်းကို တစ်ကန့်စီ သုတ်ထားတဲ့ ချစ်စဖွယ် ဒန်းကလေး တစ်ခု
ရှိနေသည်။ ဒန်းကလေးရဲ့ဘေးမှာ
အဖြူရောင် သုံးချောင်းထောက် သံစားပွဲငယ်တစ်ခု ချထား သည်။ ထိုဒန်းကလေးနဲ့
စားပွဲဖြူဖြူလေးကို
လွန်သော် အိမ်ကလေးရဲ့တံခါးဝ ရှိသည်။ ထိုတံခါးပေါက်ကား သူမ
စိတ်အဝင်စားဆုံးအရာပင် ဖြစ်သည်။
သတိထားမိသလောက် သူမ ငေးကြည့်နေမိသည့်အချိန်တိုင်း ထိုတံခါးချပ်မှာ
အမြဲလိုလို ပိတ်ထားလေ့ရှိသည်။
အိမ်ကလေးရဲ့ ခေါင်းရင်းဘက်ခြမ်းမှာတော့ အုတ်နံရံကို မှီပြီး တန်းရိုက်ကာ
စိုက်ပျိုးထားသည့် သစ်ခွပင်များကို စီရရီ တွေ့ရသည်။ သစ်ခွပန်းများကို
နေရောင်ခြည် လိုအပ်သလောက်သာ
ရရှိစေဖို့ အပေါ်က ပိုက်ကွန်စိမ်းဖြင့် အုပ်မိုး ကာရံထားသေးသည်။ ပိုက်ကွန်
မိုးအောက်ခြေ
တစ်ဖက်ခြမ်းမှာတော့ နှင်းဆီပန်းအိုးများ စီတန်းချထားသည်ကို တွေ့ရသည်။ အခြား
တစ် ဖက်ခြမ်းမှာ
သစ်သားခုံတန်းရှည်လေးတစ်ခု ချထားသည်။ ဒါဟာ သူမမြင်နေကျ အိမ်ကလေးရဲ့
မပြောင်း မလဲတဲ့
အသွင်အပြင်ပင်။
သူမ
အနှစ်ခြိုက်ဆုံးကတော့ အိမ်ကလေးရဲ့ စိမ်းစိုလန်းဆန်းတဲ့ အသွေးအရောင်ပင် ဖြစ်သည်။ တစ်အိမ် လုံး
ရေညှိစိမ်းရောင်ဆေး သုတ်ထားပြီး ပြတင်းပေါက်ပေါင်တွေကိုတော့ အဖြူရောင်ဆေး သုတ်ထား သည်။
မှန်ပြတင်းတွေနောက်က ဧည့်ခန်းကိုတော့ အဖြူရောင် ဇာခန်းစည်းရှည်တွေကြောင့် သူမ တွေ့မြင် ခွင့်
မရခဲ့ပါ။ သို့ပေမဲ့လည်း သူမကတော့ အိမ်ကလေးကို ကြည့်လိုက်တိုင်း ဖြူစင်အေးချမ်းမှုနဲ့အတူ
တစ်စုံ တစ်ရာသော ခံစားချက်ကို ခံစားရမြဲဖြစ်သည်။ ထိုခံစားချက် တစ်စုံတစ်ရာသည် ဘာဆိုတာကိုလည်း
သူမ ကိုယ်တိုင် အမည်မတပ်တတ်ချေ။ ထို့ကြောင့်ပင် သူမရဲ့တစ်နေ့တာမှာ အိမ်ကလေးကို စိတ်ဝင် တစား
ငေးမောကြည့်ရှုရသော အလုပ်သည် သူမဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်မှန်းမသိ ဖြစ်လို့ လာခဲ့လေ သည်။
အိမ်ကလေးကို
ကြည့်ရင်း သူမအနေနှင့် တစ်ခါတရံ မချင့်မရဲ ဖြစ်ရသော အချိန်များလည်း ရှိခဲ့လေသည်။ အမြဲလိုလို
စေ့ပိတ်ထားတတ်သော တံခါးချပ်များရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေမလဲ၊ အိမ်ကလေး ထဲမှာ နေသူက
ဘာကြောင့် အမြဲလိုလို တံခါးစေ့ပိတ်ထားရသလဲဆိုတဲ့ မေးခွန်းတွေ တွေးမိတဲ့အခါတိုင်း သူမ
အိမ်ကလေးဆီသို့ အပြေးသွားကာ ပိတ်ထားသော တံခါးချပ်များကို ဆွဲဖွင့်ကြည့်လိုက်ချင်စိတ်များက
ထိန်းမနိုင် သိမ်းမရ ပေါ်လာတတ်သည်။ ထိုအခါမျိုးတွင် သူမ စိတ်တွေ မွန်းကျပ်စွာဖြင့် ခပ်တိုးတိုး
သက်ပြင်းချမိသည်။ ထို့နောက် အဖြေမရှိသော မေးခွန်းများကို စိတ်ရှုပ်ထွေးစွာ ခေါင်းယမ်းထုတ်ပစ် လိုက်ပြီး
ပြန်လည် ငြိမ်သက်သွားမိပြန်ကာ သူမရဲ့ မျက်စိရှေ့က အိမ်ကလေးကို ငေးကြည့်နေမြဲ ငေး ကြည့်နေမိပြန်သည်။
တစ်ရက်။
အဲဒီတစ်ရက်ကတော့
သူမ အလွန် အံ့သြသွားခဲ့ရသည်။ အိမ်ကလေးကို သူမ ငေးမော ကြည့်ရှု ခဲ့စဉ်
အတောအတွင်းမှာ အိမ်ကလေးနဲ့ ပတ်သက်လို့ ထူးခြားမှုကို ပထမဆုံး
မြင်တွေ့လိုက်ရခြင်း ဖြစ် သည်။
သူမ ငေးကြည့်မိနေစဉ်မှာပင် အမြဲလိုလို စေ့ပိတ်ထားခဲ့သော
အိမ်ကလေးရဲ့တံခါးချပ်က ပွင့်ဟ လာခဲ့သည်။
သူမ စိတ်လှုပ်ရှားစွာဖြင့် ကိုယ်ကို ကိုင်းပြီး ငုံ့ကြည့်လိုက်မိသည်။
တံခါးဝမှာ အမျိုးသမီး ငယ်တစ်ယောက် ပေါ်လာသည်။ အမျိုးသမီးက
အရောင်ရင့်သော်လည်း သစ်လွင်သော အထက်အောက် ဆင်တူ ဝတ်စုံကို ဝတ်ဆင်ထားပြီး
စိတ်လက်ပျော်ရွှင် နေပုံရသည်။ တံခါးဝမှ ထွက်လာပြီး ဒန်းကလေးမှာ ထိုင်လျက်
ခြေထောက်ကာ
ခပ်ဖြည်းဖြည်း လွှဲစီးနေသည်။ ခဏကြာတော့ အိမ်ထဲသို့ လှစ်ခနဲ ဝင်ရောက်
ပျောက်ကွယ်သွားပြန်သည်။
သူမ တအံ့တသြ ကြည့်နေမိဆဲ ထိုအမျိုးသမီးငယ် ပြန်ထွက်လာ သည်။ ဟော…ဒီတစ်ခါတော့
ခုနက ဝတ်စုံမျိုး
မဟုတ်ပြန်တော့။ အနည်းငယ် အရောင်နုလွင်သော ဝတ်စုံနှင့် ဖြစ်သည်။ ဒီတစ်ခါတော့
သူမ မျက်ခုံးပင့်သွားမိသည်။
ကြည့်လေ… ထိုအမျိုးသမီးငယ်သည် ခုနက စည်းနှောင်ထားသော ဆံပင်များကို
ကျောပေါ်တွင် ဒီအတိုင်းပင်
ဖြန့်ချထားသည်။ ဒီလိုဆိုတော့ လည်း အမျိုးသမီးငယ်သည် ရှိရင်းစွဲအသက်ထက်
ပိုပြီး ငယ်နုသွားသလို
ထင်ရသည်။ ခဏအကြာ အမျိုး သမီးငယ်၏ လက်ကိုင်ဖုန်း မြည်လာပြီး
ပြုံးရွှင်စွာဖြင့် ရယ်မောပြောဆိုနေတာ
တွေ့ရသည်။ အမျိုးသမီး ငယ်ကို ကြည့်ရင်း သူမပါ ပျော်ရွှင်မှုတွေ ကူးစက်လာသည်။
ဟုတ်ပါသည်။
သူမအနေဖြင့် ဤအိမ်ကလေး ကို သက်ဝင်လှပစေသူ အမျိုးသမီးငယ်တစ်ဦး ရှိနေသည်ကို
သိလိုက်ရသောကြောင့်
အိမ်ကလေးအတွက် အနည်းငယ် ဘဝင်ကျသွားသလို အမျိုးသမီးငယ်ကို
ခင်မင်နှစ်လိုစိတ်လည်း ဖြစ်ပေါ်လာမိသည်။
မကြာမီမှာပင်
အိမ်ကလေးရှေ့မှာ
ကားတစ်စီး ရပ်လာတာ တွေ့လိုက်ရသည်။ ထို့နောက် ကားပေါ်က အမျိုးသမီးငယ်နှင့်
သက်တူရွယ်တူလောက်ရှိမည့် အမျိုးသားတစ်ဦး ဆင်းလာသည်။ သူ့ကို ကြည့်ရသည်မှာ
ခရီးဝေးက
ပြန်လာပုံရသည်။ ကားပေါ်က အထုပ်အပိုးတွေ ချပြီးသည်နှင့်
ခြံဝင်းတံခါးရှေ့ရောက်လာသော အမျိုးသမီးငယ်က
အထုပ်အပိုးများကို ကူညီဆွဲယူပြီး မြက်ခင်းစိမ်းလေးဘေးက လမ်းကလေး အတိုင်း
နှစ်ယောက်သား ရယ်ကာမောကာနှင့် အိမ်ကလေးဆီသို့ ကျောခိုင်း လျှောက်သွားကြသည်။
ဘာကြောင့်မှန်းမသိ၊
သူမ ထိုမြင်ကွင်းကို ငေးကြည့်နေရင်း ရင်ထဲက နာကျင်လာမိသည်။
သူတို့နှစ်ယောက် အိမ်ကလေးထဲ ဝင်ရောက်
ပျောက်ကွယ်သွားချိန်မှာ သူမ ရင်ထဲ ပိုမို ဆို့ကျပ်လာကာ မိုက်ခနဲဖြစ်ပြီး
လဲပြိုသွားခဲ့တော့သည်။
တကယ်တော့ သူမတွင်လည်း သူတို့နှစ်ယောက်ရဲ့ဘဝလိုမျိုး လှပတဲ့ အတိတ်တစ်ခုကို
ပိုင်ဆိုင်ဖူးခဲ့သည်ဆိုတာ…..။
………………………………………………။
*
* * *
* *
No comments:
Post a Comment