Wednesday, October 31, 2012

လရောင်အောက်က သီတင်းကျွတ်ည အတွေးတစ်စ


 အိမ်တံစက်မြိတ်စွန်းထက်မှာ ရွှန်းရွှန်းမြမြ သာနေသည့် လမင်းကြီး၏ အလင်းရောင်ကို ကျွန်မ စိတ် မှတ်မဲ့ ငေးကြည့်နေမိသည်။ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မို့ထင်သည်၊ နေလုံးနီနီ ကွယ်ပျောက် သွားသည်နှင့် ကောင်းကင်ထက်မှာ ကြီးမားပြည့်ဝန်းသော လမင်းဝါ၀ါကြီးက ပေါ်ထွက်လာလေ သည်။ မှောင်စပျိုးလာသည်နှင့် စွမ်းနိုင်သမျှ အစွမ်းကုန် ထွန်းလင်းပြီး ကမ္ဘာကြီးကို အလှဆင်နေတဲ့ လမင်း ကြီးဟာ လူသားအားလုံးအပေါ်မှာ သာတူညီမျှ ချမ်းမြေ့မှုတွေ ရရှိစေဖို့ မေတ္တာငွေရည်တွေ သွန်း ဖျန်းပေးနေသလိုပင်။ ယခုလို လရောင်အောက်မှာ ထိုင်ရင်း၊ လမင်းကြီးဆီက အေးမြချမ်းမြေ့မှုတွေ ကို ငြိမ်သက် တိတ်ဆိတ်စွာ ခံစားရင်း စိတ်စေရာ တွေးတောနေရသည့်အချိန်မျိုးကို ကျွန်မ လွန်စွာ မက်မောမိပါသည်။
ကျွန်မတို့ငယ်စဉ်ကဆိုလျှင် ကျွန်မတို့ရပ်ကွက်မှ ဦးလေးတစ်ယောက်က ဦးဆောင်ပြီး သီတင်းမကျွတ်သေး ခင်ကပင် သီတင်းကျွတ် မီးထွန်းပွဲတော်အတွက် ကြိုတင်ပြင်လေ့ ရှိသည်။ ကျွန်မတို့အိမ်မှ တစ်အိမ်ကျော်ရှိ လမ်းကလေးတွင် မီးထွန်းပွဲတော်နှင့် ကာတွန်းပြပွဲကို နှစ်စဉ် ပြုလုပ်လေ့ရှိသည်။ သီတင်းကျွတ် မီးထွန်း ပွဲတော်နှင့် ကာတွန်းပြပွဲ ပြုလုပ်ဖို့အတွက် လမ်းကလေးကို အစဉ်အမြဲ သန့်ရှင်းသပ်ရပ်နေအောင် ပြုပြင် ထိန်းသိမ်းလေ့ရှိသော ထိုဦးလေးကပင် ဦးဆောင် ကမကထပြုပါသည်။ သူသည် သီတင်းကျွတ်ခါနီး နှစ် ပတ်လောက်အလိုကပင် သူ့အိမ်ရှိ အလှစိုက်ပန်းအိုးများကို လမ်းကလေးတစ်လျှောက် အစီအရီ နေရာချ သည်။ ပြီးလျှင် လမ်းကလေးရဲ့ ၀ဲယာမှာ ၀ါးလုံးတိုင်များ စိုက်ထူရန် ကျင်းများကို အကွာအဝေးညီညီ တူးထားသည်။ ညနေစောင်းသည်နှင့် လမ်းကလေးကို အမှိုက်သရိုက်ကင်းစင်အောင် တံမြက်စည်း လှည်းခြင်း၊ လမ်းဘေးတွင် အလေ့ကျ ပေါက်နေသော မြက်ပင်များကို လမ်းကလေးရဲ့ဘောင်အဖြစ် ပုံဖော် ကာ ရေဖျန်းပေးခြင်းတို့ကို ဂရုတစိုက် ပြုလုပ်သည်။ ထို့နောက် သီတင်းကျွတ်ပွဲတော်ရက် နီးလာ သည်နှင့် ၀ါးလုံးတိုင်များစိုက်ကာ သွပ်နန်းကြိုးများဖြင့် ၀ါးလုံးတိုင်များတစ်လျှောက် အတန်းလိုက်ဖြစ်အောင် ချည်နှောင်ပေးသည်။

နောက်တစ်ဆင့်ဖြစ်သည့် သွပ်နန်းကြိုးတစ်လျှောက် မီးပုံးကလေးများ ချိတ်ဆွဲသည့် အလုပ်ကိုတော့ ကျွန်မတို့ ကလေးများက ကူညီကြသည်။ ကျွန်မတို့ မောင်နှမသုံးယောက် အပါအ၀င် ရပ်ကွက်ထဲက ကလေးအချို့လည်း လာရောက်ကူညီ လုပ်အားပေး ကြပါသည်။ ထိုဦးလေးနှင့် ကျွန်မတို့မိသားစုများမှာ အရင်ကတည်းက သိကျွမ်းခင်မင်လာကြသူများဖြစ်၍ ကျွန်မတို့မောင်နှမများမှာ မီးထွန်းပွဲတော်အတွက် အချိန်ပြည့်နီးပါး ကူညီပေးနိုင်ကြသည်။ ကျွန်မတို့အိမ်က မိသားစုများကလည်း ကျွန်မတို့တတွေ မီးထွန်း ပွဲတော်အတွက် အားတက်သရော ကူညီလုပ်ကိုင်နေပြီဆိုကတည်းက သူတို့လည်း မီးထွန်းပွဲတော်လာ ကြမည့် လူများကို စတုဒီသာကျွေးဖို့ တိုင်ပင်နေကြပါပြီ။ သည်လိုနှင့် သီတင်းကျွတ် ပထမနေ့ ညနေ သုံး နာရီလောက်ကစပြီး ၀ါးလုံးတိုင်တွေမှာ လူကြီးတွေက ကာတွန်းရုပ်ပုံ ကားချပ်တွေ လိုက်လံချိတ်ဆွဲကြ သည်။ ကျွန်မတို့ ကလေးတွေကတော့ ဆီဖြည့်ပြီး မီးစာထည့်ထားသည့် ဆီမီးခွက်လေးများကို လမ်းကလေး တစ်လျှောက် ညီညီညာညာ စီတန်း ချထားကြပါသည်။ ပြီးသည်နှင့် လမ်းကလေး၏ ဘေးတစ်ဖက်ခြမ်းတွင် စတုဒီသာကျွေးဖို့ ခုံများ ခင်းကျင်းရာမှာလည်း ပါဝင် ကူညီကြသည်။

 တစ်စတစ်စ မိုးချုပ်လာသည်နှင့် မီးပုံးကလေးတွေကို မီးလိုက်ညှိသူက ညှိ၊ ဆီမီးခွက်ကလေးများကို မီးထွန်း သူက ထွန်းနှင့် လမ်းကလေးမှာ တဖြည်းဖြည်း စည်ကားသက်ဝင် လှပလာတော့သည်။ မီးအားလုံး ထွန်း ညှိပြီးသွားချိန်မှာ လမ်းကလေး ၏အ၀င်ဝတွင် အားလုံး စုရုံးကြပြီး သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် ကာတွန်းပြပွဲ ဖွင့်လှစ်သည့်အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများ ပစ်ဖောက်ကြသည်။ ထို့နောက် လမ်း ကလေးအတွင်းသို့ မီးထွန်းပွဲတော် လှည့်လည်ကြည့်ရှုလာသူများအား စတုဒီသာ အကျွေးအမွေးများဖြင့် ဧည့်ခံကြသည်။ သီချင်းသံ မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ဆီမီးရောင်စုံ ထွန်းညှိထားသော လမ်းကလေးရှိရာ ကျွန်မ တို့ ရပ်ကွက်ကလေးမှာ ပွဲတော်ရက်သုံးရက်လုံး လူတဖွဲဖွဲဖြင့် စည်ကားသိုက်မြိုက်နေတော့သည်။

 ကျွန်မမှတ်မိသမျှ ထိုလမ်းကလေး၏ မီးထွန်းပွဲတော်အစဉ်အလာသည် လွန်ခဲ့သော လေးငါးနှစ်က အထိ ပြုလုပ်မြဲ ဖြစ်သည်။ ယခုအချိန်တွင်တော့ လမ်းကလေးအတွင်း မီးထွန်းပွဲတော် မပြုလုပ်ဖြစ်သော် လည်း လမ်းကလေးရဲ့ သန့်ရှင်းသပ်ရပ်မှုကတော့ မပြောင်းမလဲ တည်ရှိနေဆဲပင်။ ငယ်စဉ်က မီးထွန်း ပွဲတော်အကြောင်းကို ပြန်လည်တွေးတောမိမှ ကျွန်မ အသက် သိပ်ကြီးသွားပြီဖြစ်ကြောင်း သတိပြုမိလိုက် သည်။ ယခုဆိုလျှင် နုနယ်ဖြူစင်တဲ့ ကလေးအရွယ်ကို ဖြတ်သန်း လွန်မြောက်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခု စာမက ကြာသွားခဲ့လေပြီ။

 ကျွန်မ ကိုယ့်အတွေးနှင့်ကိုယ် လရောင်အောက်မှာ ငြိမ်သက်နေမိစဉ် ရုတ်တရက် ကျယ်လောင် လွန်းသော ပေါက်ကွဲသံကြီးတစ်ခုကြောင့် လန့်ဖျပ်သွားကာ ထိုင်နေရာမှ ယောင်ယမ်းပြီး ထရပ်မိသည်။ အသံကြားရာကို လှည့်ကြည့်မိသည့်အခါ ကျွန်မတို့အိမ်ရှေ့ ပလက်ဖောင်းပေါ်တွင် မီးခိုးငွေ့များ ဖွေးဖွေး လှုပ်နေတာ တွေ့ရသည်။ ထိုမီးခိုးငွေ့များမှ ယမ်းနံ့များမှာလည်း တထောင်းထောင်း ထနေအောင် မွှန် ထူနေတော့သည်။ ကျွန်မ ရုတ်တရက် စိတ်တိုသွားမိသည်။ ကိုယ့်ခြံထဲ ကိုယ်ထိုင်နေသည်ကို အပျော်ကျူးသူ အချို့က လမ်းပေါ်မှ ဆိုင်ကယ်များဖြင့် ဖြတ်မောင်းရင်း အိမ်ရှေ့တွင် ဗျောက်အိုးများကို ပစ်ချသွား ခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်ရပ်ကြောင့် ကျွန်မ ခေါင်းထဲတွင် အတွေးတစ်ခု ရောက်လာသည်။ လူငယ် သဘာဝ ပျော်ရွှင်မှုကို ခွင့်လွှတ်နိုင်သော်လည်း တစ်ဖက်သား၏ လွတ်လပ်ခွင့်ကို ထိပါးစေသော ပျော်ရွှင်မှု သည် တရားမျှတပါရဲ့လား။ မိမိ၏ မဆင်မခြင် ပြုမူလိုက်သော အပျော်တစ်ခုသည် တစ်စုံတစ်ယောက်ကို ထိခိုက်နစ်နာစေလျှင် ထိုအပျော်မျိုးကို ပျော်ရွှင်မှုဟု အမည်တပ်သင့်ပါရဲ့လား။

 ကျွန်မ သတိထားမိသမျှ သတင်းစာများတွင် သီတင်းကျွတ်ကာလအတွင်း ဗျောက်အိုးဖောက်ခြင်းကို အတိ အလင်း တားမြစ်ထားခြင်းကြောင်း တွေ့ရှိနိုင်ပါသည်။ ထိုသို့ သတိပေး တားမြစ်ထားပါလျက်နှင့် မည်သည့် အတွက်ကြောင့် စည်းကမ်း ဖောက်ဖျက်ပြီး ပျော်ရသော အပျော်မျိုးကိုမှ မက်မောကြပါသလဲ။ ထို့ပြင် ထိုသို့သော အပျော်မျိုးကြောင့် တစ်စုံတစ်ယောက်ကိုမျှ မထိခိုက်လျှင် မထောင်းတာလှသော်လည်း သက်ကြီးရွယ်အိုများ၊ နှလုံးရောဂါရှင်များအနေဖြင့် ဤမျှ ကျယ်လောင်လှသော ဗျောက်အိုးဖောက် သံကြောင့် အသက်အန္တရာယ် တစ်စုံတစ်ရာ ချွတ်ချော်မှု ဖြစ်သွားခဲ့သည်ရှိသော် ထိုအဖြစ်အတွက် မည်သူ က တာဝန်ခံမည်နည်း။ အတွေးထဲရောက်လာသော မေးခွန်းများကြောင့် ကျွန်မစိတ်များ ရှုပ်ထွေး ညစ်နွမ်း သွားရသည်။ ခေါင်းကို မော့ကာ အသက်ကို ခပ်ပြင်းပြင်းရှူပြီး စိတ်ကို ဖြေလျှော့လိုက်သည်။

 ကျွန်မ၏ ငယ်စဉ်ဘ၀ သီတင်းကျွတ်ခံစားမှုများလည်း ဘယ်ဆီရောက်ကုန်သည် မသိတော့။ လရောင်အောက်က သီတင်းကျွတ်ချိန် ညရှုခင်းများလည်း ကျွန်မ၏ စိတ်အာရုံကို မဆွဲဆောင်နိုင်တော့။ ထို့ပြင် လမင်းကြီးနှင့် မျက်နှာချင်းဆိုင်ကာ စိတ်ကူးအတွေးတွေ ရင်ဖွင့်လိုက်မည်ဆိုသည့် မျှော်လင့်ချက် သည်လည်း မြို့ပြ၏ မီးရောင်စုံကြားမှာ နစ်မြုပ်သွားခဲ့လေသည်။ လမင်းကြီးကို မော့ကြည့်မိတော့ ကောင်း ကင်ယံထက် ခပ်ဝေးဝေးသို့ပင် ရောက်နေလေပြီ။ လရောင်နှင့် ဆုံစည်းခွင့်ရခဲ့သော ရှားရှားပါးပါး သီတင်း ကျွတ်လပြည့်ကျော် တစ်ရက်နေ့ည၏ ခံစားမှုသည် ယနေ့အဖို့တော့ လုံလောက်သင့်ပြီ ထင်သည်။ ကျွန်မ ထိုင်နေရာမှထကာ အိမ်ထဲသို့ လှမ်းဝင်လိုက်ချိန် ခြံထဲရှိ ဇီဇ၀ါပန်းရနံ့များက မွှေးပျံ့နေဆဲ၊ အိမ်ရှေ့ လမ်းမပေါ်တွင်လည်း ဆူညံသော သီချင်းသံမျိုးစုံကို ကျယ်လောင်စွာ ဖွင့်၍ အပြင်းမောင်းနှင်သွားသော ဆိုင်ကယ်များ၊ ကားများက ဥဒဟို သွားလာနေကြဆဲပင်။    ။

2 comments:

  1. ဟုတ်တယ်နော်ငယ်ဘ၀က သီတင်းကျွတ်ရက်တွေကိုပြန်တမ်းတမိတယ်

    ReplyDelete
  2. သာယာတဲ့သီတင်းကျွတ်ရက်လေးတွေ မိုးနတ်မှာလဲ ရှိခဲ့ဖူးတယ်..
    ဇော်ပြောမှ ပိုသတိရမိသွားပြီ..
    မိုးနတ်မှာတော့ ဒီသီတင်းကျွတ်မှာ အစီအစဉ်မရှိပဲ ပြေးပြေးလွှားလွှား
    ခရီးက သွားလိုက်ရသေးတယ်လေ....:P
    ချစ်တဲ့ မိုးနတ်...

    ReplyDelete