Monday, December 10, 2012

အိပ်မက်တံတား



သူ ငယ်စဉ်ဘဝတုန်းက ဒီတံတားကို တည်ဆောက်ဖို့ဆိုတာ အိပ်မက်မျှပင် မမက်ဖူးခဲ့။ ဒီတံတားနှင့် ပတ် သက်၍ မှတ်မိသမျှ သူ မူလတန်းတက်စ အရွယ်တွင် ကဗျာများကို သူ နှစ်သက်သည်။ ကဗျာ ရွတ်ဆိုရ သည့်အချိန်တွေကို ဂဏန်းသင်္ချာတွက်ရတာထက် ပိုပျော်သည်။ နောက်ပြီး အဲဒီအချိန်တွေတုန်းက သူ စိတ်ပါဝင်စားခဲ့တဲ့ ဝါသနာတစ်ခု ရှိသေးသည်။ အဲဒါက ဘာလဲဆိုတော့ ပန်းချီဆွဲခြင်း ဖြစ်သည်။

ပန်းချီဆွဲခြင်းကို ဘယ်သူမှ သင်မပေးရပါဘဲလျက် သူက အလိုအလျောက် တတ်မြောက်ခဲ့သည်ဆိုလျှင် ပို လွန်းသည် ထင်ကြမည်။ ပန်းချီဆွဲသည်ဆို၍ အထင်မကြီးလိုက်ပါနှင့်ဦး။ အဲဒီအရွယ်တုန်းက သူ့အသက် က ခြောက်နှစ်၊ ခုနစ်နှစ်လောက် ရှိနေပြီဆိုတော့ စာစောင်တွေ၊ ပြက္ခဒိန်တွေ၊ ရွှေသွေးဂျာနယ်တွေနှင့် မဂ္ဂဇင်းထဲမှ သူမျက်စိကျရာ မိန်းကလေးရုပ်ပုံများကို ခဲတံတစ်ချောင်းနှင့် ကြမ်းပြင်ပေါ် ဝမ်းလျားမှောက်ပြီး စိတ်ရှည်လက်ရှည် ကူးဆွဲတတ်ခြင်းပင် ဖြစ်သည်။

 နွေကျောင်းပိတ်ရက်တွေမှာ သူတို့မောင်နှမတွေကို မိခင်ဖြစ်သူက ဗုဒ္ဓဘာသာသင်တန်း (ယခုခေတ်နှင့် ဆိုလျှင် ယဉ်ကျေးလိမ္မာသင်တန်း) တက်စေသည်။ သူတို့ကတော့ ကလေးအရွယ်မို့ အကစား မက်ကြသည်။ သို့သော်လည်း မိခင်က တက်ဆိုတော့လည်း တက်လိုက်ကြသည်ပင်။ ဘာအပူအပင်မှ မရှိ။ သင်တန်းက ညနေဘက်မို့ တစ်မနက်ခင်းလုံး၊ တစ်နေ့ခင်းလုံးကို သူတို့စိတ်ကြိုက် ဆော့ကစားခွင့်ရသည်။ ဒီတော့ သူက ဘာလုပ်သည် ထင်ပါသလဲ။ အိမ်မှာ ရှိသမျှ ပြက္ခဒိန်အဟောင်းတွေကို ဖြုတ်၊ ကျောဘက်က လွတ်နေသည့် စာရွက်ပေါ်မှာ သူ့စိတ်ကြိုက် ပန်းချီဆွဲတော့သည်။ အဲဒီအချိန်တုန်းကတော့ သူ့ကိုယ်သူ တစ်ချိန်ကျရင် ပန်းချီရေးဆွဲသူဖြစ်ဖို့ ရည်မှန်းချက် ထားခဲ့သည်။ သို့သော်လည်း အဲဒီဝါသနာကို သူ စွန့်လွှတ်လိုက်ရ မယ့် နေ့တစ်နေ့ သူ့ဘဝမှာ ကြုံခဲ့ရသည်။

အဲဒီတုန်းက သူက စတုတ္ထတန်း တက်နေပြီ ဖြစ်သည်။ သူရဲ့ ပန်းချီဆွဲသည့် ဝါသနာက ဘယ်လောက်ကြီးခဲ့ သလဲဆို သူ့ကျောင်းစာအုပ်တိုင်းရဲ့ နောက်ကျောမှာ ရုပ်ပုံမျိုးစုံ သူ ရေးဆွဲတတ်ခဲ့သည်။ သူ့အတွက် ဘာ ရယ်လို့ မဟုတ်ဘဲ ရေးဆွဲချင်သည့်အချိန်၌ တွေ့ရာစာအုပ်၏ နောက်ကျောတွင် ရေးဆွဲခဲ့ခြင်းဖြစ်ပေမယ့် သူ့အတန်းပိုင်ဆရာမ တွေ့သွားရာကနေတစ်ဆင့် သူ့မိခင်ထံ တိုင်ကြားခံရတော့သည်။ အဲဒီနေ့က သူ ကျောင်းက ပြန်လာတော့ သူ့မိခင်က သူ့ကျောင်းလွယ်အိတ်ထဲမှ ဗလာစာအုပ်များကို ထုတ်ပြစေ သည်။ ပြီးတော့ စာအုပ်တိုင်းရဲ့ နောက်ကျောမှာ သူရေးဆွဲထားသည့် ရုပ်ပုံအမျိုးမျိုးကို တွေ့သွားပြီး ရုပ်ပုံ ရှိရာ စာမျက်နှာတိုင်းကို ဆုတ်ဖြဲပစ်လိုက်သည်။ သူ စိတ်မကောင်း ဖြစ်သွားသော်လည်း သူ့မိခင် ပြောသည့် စကားတစ်ခွန်းကြောင့် သူ့ရဲ့ ပန်းချီဆွဲချင်သည့် ဝါသနာကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့သည်။ သူ့မိခင်က -

"ကျောင်းစာရေးဖို့ ဝယ်ပေးတဲ့ စာအုပ်မှာ ရုပ်ပုံတွေ လျှောက်ဆွဲနေမယ်ဆိုရင် နောက်ကို ကျောင်း လုံးဝ မသွားရဘူး။ ကျောက်သင်ပုန်းနဲ့ ကျောက်တံ ဝယ်ပေးထားမယ်။ အိမ်မှာနေပြီး အဲဒါတွေနဲ့ပဲ ပုံတွေ ဆွဲတော့။ စာမတတ်ချင်ရင်တော့ ပုံတွေ ဆက်ဆွဲပေါ့။ စာတတ်ချင်တယ် ဆိုရင်တော့ ဒီပုံဆွဲတဲ့အကျင့်ကို ဖျောက်မှ ရမယ်"

အဲဒီအချိန်မှာ သူက ပန်းချီပုံလှလှ ဆွဲထားသော ရုပ်ပြများကို မက်မက်မောမော ဖတ်ချင်တတ်နေပြီလေ။ ဒါကြောင့်ပဲ မိခင် မကြိုက်သည့် ပန်းချီရေးဆွဲခြင်း ဝါသနာကို သူစွန့်လွှတ်ခဲ့သည်။ ဒါပေမယ့် သူ့မိခင် က နွေကျောင်းပိတ်ရက်တွေမှာတော့ သူ့ကို ပန်းချီရေးဆွဲခွင့် ပြုခဲ့သည်။ ဒီလိုနဲ့ သူ အလယ်တန်း ရောက် လာတော့ အဲဒီဝါသနာက တစ်ဖန် ပိုးထလာပြန်သည်။ ဘယ်က စခဲ့သလဲဆို သူတို့ကျောင်းမှာ အလယ် တန်းဆင့် ကျောင်းတွင်း ပန်းချီပြိုင်ပွဲ ကျင်းပရာက စသည်။ သူ့အစ်ကိုက အထက်တန်းဆင့်အနေဖြင့် ပန်းချီပြိုင်ပွဲ ဝင်ပြိုင်မည်ဆိုသောအခါ မိခင်က ပန်းချီဆွဲရာတွင် လိုအပ်သော ရေဆေး၊ စုတ် တံ၊ ဆေးစပ် ခွက်ပြား စသည်ဖြင့် အပြည့်အစုံ ဝယ်ပေးသည်။ သူက ဝင်ပြိုင်ချင်သော်လည်း မောင်နှမနှစ်ယောက်စလုံး တစ်ပြိုင်တည်း ဝင်ပြိုင်နိုင်ဖို့ လိုအပ်သည့်ပစ္စည်းများကို နှစ်စုံဝယ်ယူဖို့ကို မိခင်က သဘောမကျခဲ့။ နောက်ပြီး သူတို့မောင်နှမနှစ်ယောက် ပြိုင်ပွဲဝင်ရမည့်အချိန်ကလည်း အတူတူမို့ သူ နောက်ဆုတ်ခဲ့သည်။ မရှက်တမ်း ဝန်ခံရလျှင် သူက ပန်းချီရေးဆွဲသည် ဆိုသော်လည်း သူ့အစ်ကိုလောက် မတော်ပါ။ သူ့အစ်ကိုက ထိုအရွယ် ကတည်းကပင် ရေဆေး၊ ဆီဆေးများကို ကောင်းမွန်စွာ အရောင် စပ်ဟပ် သုံးစွဲတတ်နေပြီ ဖြစ်သည်။

အဲဒီတုန်းက ပြိုင်ပွဲမဝင်ရလို့ သူ စိတ်မကောင်းဖြစ်ခဲ့သော်လည်း သူ့အစ်ကိုက အထက်တန်းဆင့် ပန်းချီ ပြိုင် ပွဲမှာ ပထမဆု ရခဲ့သည့်အတွက်တော့ အလွန်ပျော်ခဲ့ရသည်။ ထိုအချိန်အထိ သူဝါသနာပါရာသည် ပန်းချီရေး ဆွဲခြင်းဟုပဲ သတ်မှတ်ထားခဲ့သည်။ မှတ်မှတ်ရရ သူ ဆဋ္ဌမတန်း တက်သည့်နှစ်တွင် သူ့မှာ သူကိုယ်တိုင် မသိခဲ့သော နောက်ထပ် ဝါသနာတစ်မျိုးရှိနေကြောင်း သတိထားမိလာရသည်။ အကြောင်းကတော့ သူ တို့ ကျောင်းတွင် အသစ်ပြောင်းလာသော ကျောင်းအုပ်ဆရာမကြီးက ကျောင်းတွင်း စာစီစာကုံးပြိုင်ပွဲများ မကြာခဏ ပြုလုပ်ပေးခြင်းကြောင့် ဖြစ်သည်။ စစချင်း စာစီစာကုံးပြိုင်ပွဲ လုပ်တော့ အတန်းတိုင်းက ကျောင်း သူ၊ ကျောင်းသား အနည်းဆုံး တစ်ဦးစီ ပါဝင် ယှဉ်ပြိုင်ခိုင်းသည်။ သို့သော်လည်း တကယ်တမ်း ပြိုင်ဖြစ်သည့် အခါ သူ အပါအဝင် ၁ဝ ဦးခန့်သာ ရှိသည်။

ထိုစာစီစာကုံးပြိုင်ပွဲ ဆုရသူစာရင်း ထွက်လာချိန်တွင် မမျှော်လင့်ပါဘဲ သူက ပထမဆု ရရှိခဲ့သည်။ ထိုအချိန် တုန်းက သူ့ကိုယ်သူတင်မက သူနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်သည့် သူ့ထက် စာတော်သူများကပါ တအံ့ တသြ ဖြစ်သွားကြရသည်။ ပြောရလျှင်တော့ ထိုစာစီစာကုံးပြိုင်ပွဲတွင် သူ ဆုရလိမ့်မည်လို့ ဘယ်သူမှ မျှော် လင့်မထားကြ။ ဒါပေမယ့် သူ ဆုရခဲ့သည်။ အဲဒီနောက်ပိုင်း ကျောင်းတွင်း စာစီစာကုံးပြိုင်ပွဲ၊ ဗုဒ္ဓဘာသာ စာမေးပွဲစသည့် ထူးချွန်ဆု၊ ဖွံ့ဖြိုးရေးဆုတွေမှာ သူ့နာမည်ကို တွေ့လာရသည်။ သူကိုယ်တိုင်လည်း အဲဒီ အချိန်ကစပြီး စာဖတ်တာ၊ စာရေးတာတွေကို စိတ်ဝင်တစား ဖြစ်လာခဲ့သည်။ တစ်ခါတလေ ငယ်တုန်းက လိုမျိုး စာအုပ်နောက်ကျောတွေမှာ သူနှစ်သက်ရာ စာတိုပေစ၊ ကဗျာအတိုအစတွေ ရေးမှတ်တတ်လာ သည်။ သူတို့ ကျောင်းတက်စဉ်တုန်းက ကျောင်းပိတ်ခါနီး ပထမအစမ်း စာမေးပွဲ ဖြေပြီးချိန်မှာ သူငယ် ချင်းတွေနဲ့ အပြန်အလှန် အော်တိုစာအုပ်တွေ ရေးကြတာ ခေတ်စားသည်။ အဲဒီလို အော်တိုစာအုပ်တွေမှာ သူ ခင်မင်တဲ့ သူငယ်ချင်းတွေကို ဘယ်လောက် ခင်ကြောင်း၊ ဘယ်လိုခင်ကြောင်း စသည်ဖြင့် သူများနှင့် မတူအောင် သူက စိတ်ထဲပေါ်ရာ စာတိုပေစတွေနဲ့ လက်စွမ်းပြဖူးသည်။

သို့သော်လည်း သူ့ရဲ့ ဒုတိယ ဝါသနာသည် သူ အထက်တန်း တက်သည့်အချိန်တွင် အခိုက်အတန့်အားဖြင့် ငုပ်လျှိုးသွားခဲ့ရပြန်သည်။ အတန်းကြီးလာတာနဲ့အမျှ ကျက်ရ၊ မှတ်ရ၊ ဖတ်ရ၊ တွက်ရ ဆိုသည့် သံသရာကြား မှာ သူ့ဝါသနာက စုပ်စ မြုပ်စ ပျောက်ကွယ်ခဲ့ရသည်။ ဒီလိုနဲ့ နှစ်အပိုင်းအခြား တစ်ခုအထိ သူ့ဝါသနာကို သူ အကောင်အထည်ဖော်ခွင့် မရခဲ့။ သို့သော်လည်း သူ့ဝါသနာသည် တစ်ခါတလေ အိပ်မက်ထဲမှာ မက်ခွင့်ရ တဲ့၊ မြူနှင်းတွေ ဖုံးလွှမ်းနေတဲ့ မပီဝိုးတဝါး တံတားတစ်စင်းလို သူ့နှလုံးသားရဲ့ တစ်ထောင့်တစ်နေရာ မှာ ငြိမ်သက် ခိုင်မြဲစွာ တည်ရှိနေခဲ့သည်။

ခုတော့ သူ့အိပ်မက်ထဲက တံတားကို သူကိုယ်တိုင် လက်တွေ့ ဖန်တီး တည်ဆောက်ခွင့် ရနိုင်ခဲ့ပြီထင်သည်။ ထိုတံတားကို ရေရှည် တည်တံ့ခိုင်မြဲအောင် တည်ဆောက်ဖို့၊ ထိုတံတားက လူ့ဘဝနဲ့ စာပေခရီးလမ်း အကြား ဖြောင့်ဖြူး ပြေပြစ်စေတဲ့ ပေါင်းကူးတစ်ခု ဖြစ်လာစေဖို့၊ ထိုတံတားက လူအများရဲ့ စိတ်အပန်းဖြေ ရာ၊ သုတ၊ ရသ၊ စိတ်ဓာတ်ခွန်အားတွေ ပေးစွမ်းစေတဲ့၊ အသုံးဝင်တဲ့ တံတားတစ်ခု ဖြစ်စေဖို့၊ ထိုတံတားပေါ် မှ ဖြတ်သန်း နင်းလျှောက်သွားကြမည့် ခြေလှမ်းများစွာအတွက် တစ်စုံတစ်ရာသော အကျိုးကျေးဇူးကို ပေး စွမ်းနိုင်စေဖို့တော့ သူ့တွင် ရာနှုန်းပြည့် တာဝန်ရှိသည်ဟု ယုံကြည်နေမိလေသည်။



စာဖတ်သူ အားလုံးကို ခင်မင်လေးစားလျက်

မြဝတီဇော်






3 comments:

  1. ဇော်ရေ.....ဂျက်ကတော့စာစီစာကုံးပြိုင်ဖို့နေနေသာသာ
    မြန်မာစာဆိုရင် အမြဲ ၄၀ နဲ့အောင်ခဲ့တာလေ
    ငယ်ငယ်က အထက်တန်းထိပေါ့နော် သူချင်းရေးတဲ့သူဖြစ်ချင်ခဲ့တာ
    ကဗျာသမားမဖြစ်ချင်ခဲ့ဘူး ရေးတော့ရေးခဲ့တယ်လေ...ဖြစ်ချင်တာကိုပြောပြတာပါ

    (လူ့ဘဝနဲ့ စာပေခရီးလမ်း အကြား ဖြောင့်ဖြူး ပြေပြစ်စေတဲ့ ပေါင်းကူးတစ်ခု ဖြစ်လာစေဖို့၊ ထိုတံတားက လူအများရဲ့ စိတ်အပန်းဖြေ ရာ၊ သုတ၊ ရသ၊ စိတ်ဓာတ်ခွန်အားတွေ ပေးစွမ်းစေတဲ့၊ အသုံးဝင်တဲ့ တံတားတစ်ခု ဖြစ်ပြီး
    အိပ်မက်တွေ အမြန်ဆုံး အောင်မြင်ပါစေလို့)
    ခင်မင်လျှက် sis jasmine

    ReplyDelete
    Replies
    1. ဒါဆို ညီမ သီချင်းဆိုတဲ့အခါကျရင် မဂျက်ဆီမှာ လာပြီး သီချင်းအပ်ဦးမှပဲ။ :D နောက်ပြီး မဂျက်ပေးတဲ့ ဆုတောင်းလေး ပြည့်စေဖို့ ဒီ့ထက်ပိုပြီး အများကြီး ကြိုးစားပါ့မယ်လို့။ :)

      ခင်မင်လျက်
      မြဝတီဇော်

      Delete
  2. မရေ..နောက်ကျသွားတယ်ရှင့်...မိုးနတ်ဘလော့လေး ဟိုရက်ကဖွင့်မရလို့ပါ...အဲဒါကြောင့်...
    ဘယ်သူ့ဆီမှကို အလည်မရောက်ဖြစ်ဘူး....မိုးနတ်ကတော့ ကျောင်းမှာမြန်မာစာဆို ၉၅ နဲ့ ၁၀၀ ကြားမှာ
    အဲဗားရှိတယ်...(ကြုံတုန်းဝင်ကြွားလိုက်တာ..:)) ဒါပေသိ...သိပ်ပြီးအရင်က အလေးမထားမိခဲ့ဘူး..
    ခု ကိုယ်တိုင်ကဗျာတွေကို တစိုက်မတ်မတ်ရေးဖြစ်နေမှ ငါ distance မှာဘာလို့ မြန်မာစာမေဂျာ မယူခဲ့ပါလိမ့်လို့ နှမြောတသဖြစ်နေမိတော့တယ်....ခုမှပဲသိတော့တယ်...မ.စာရေးကောင်းတာ
    ဒါကြောင့်ကိုး.....၀ါသနာနဲ့ ဘူမိနက်သန်ကို တားလို့မရဘူးရှင့်..တံတားလေးကို ဆက်ခင်းနိုင်ပါစေနော်
    ချစ်တဲ့...မိုးနတ်

    ReplyDelete