Friday, November 16, 2012
ရေးသူနှင့်ဖတ်သူ အမြင်တူမည်ဆိုလျှင်
သင့်အနေနှင့် စာတစ်ပုဒ်ကို ဖတ်ရှုပြီးသည့်နောက် စာရေးသူ ပေးချင်သော ဆိုလိုရင်းကို ဖမ်းဆုပ်မိသည့် အခါ "ဤစာကို ဖတ်ရကျိုးနပ်ပေသည်"ဟူသည့် ကျေနပ်ပီတိမျိုး ခံစားဖူးပါသလား။ စာရေးသူ၏ အာဘော် ဆိုသော်လည်း ဖတ်မိသော စာသည် မိမိ၏ ခံစားချက်၊ အတွေ့အကြုံနှင့် သဘောထားအမြင်တို့ တိုက်ဆိုင်မှု ရှိသည့်အခါ ဖတ်ရသော စာအပေါ် နှစ်လိုအားရသည့် ခံစားမှုမျိုး ဖြစ်ပေါ်ခဲ့ဖူးပါသလား။ ထိုမျှမက သင်သည် မိမိ ဖတ်ရှုပြီးသည့် စာတစ်ပုဒ်ကို အခြားသူများလည်း မိမိကဲ့သို့ပင် အသိအမြင်၊ အတွေးအခေါ်၊ ခံစားမှုမျိုး ရရှိစေလိုသည့် စိတ်စေတနာဖြင့် မျှဝေပေးတတ်သူလည်း ဖြစ်သည်ဆိုလျှင် သင်သည် စာဖတ်သူကောင်း တစ်ယောက် ဖြစ်ပေသည်။
စာပေဖတ်ရှုခြင်းဖြင့် စာပေမှရသော အသိပညာ ဗဟုသုတများသည် နေ့စဉ်ဘဝတွင် တိုက်ရိုက် တည့်မတ် စွာ လမ်းညွှန်နိုင်သည်များ ရှိသလို တစ်ခါတစ်ရံလည်း လူ့စရိုက်၊ စိတ်နေစိတ်ထား၊ အမူအကျင့်တို့ကို တစေ့ တစောင်း လေ့လာ သိရှိနိုင်ပါသည်။ စာဖတ်သူများအနေနှင့် စာပေဖတ်ရှုရာတွင် သုတ၊ ရသ စသည်ဖြင့် ကိုယ်စိတ်သန်ရာကို ရွေးချယ် ဖတ်ရှုလေ့ရှိကြပါသည်။ သုတစာပေသမားမို့ အတွေးအခေါ် ပိုမို ထူးချွန် ထက်မြက် သွက်လက်သည်ဟူ၍ မဆိုနိုင်သလို ရသစာပေသမားမို့ အသိအမြင်၊ အယူအဆ နုနွဲ့ကြသူများ၊ စိတ်နုကြသူများဟုလည်း မသတ်မှတ်နိုင်ပါ။ မည်သည့်စာပေအမျိုးအစားကို ဖတ်သည်ဖြစ်စေ စာဖတ်သူ အနေဖြင့် စာပေက ပေးသော (တစ်နည်း) စာရေးသူက ပေးချင်သော ဆိုလိုရင်းကို ခြုံငုံပြီး နားလည် သဘောပေါက်ရန်သာ အဓိက ဖြစ်ပါသည်။ ထိုသို့ သဘောပေါက် နားလည်မှသာ စာရေးသူနှင့် စာဖတ်သူ အကြား အသိအမြင်ချင်း ဖလှယ်နိုင်သည့်အပြင် စာတစ်ပုဒ်အပေါ် အပြုသဘောဖြင့် အပြန်အလှန် သုံး သပ် ဆွေးနွေးနိုင်ပေမည်။
ယနေ့ခေတ်တွင် အွန်လိုင်းမီဒီယာ ယဉ်ကျေးမှု ထွန်းကားလာသည့်အလျောက် စာရေးသူများလည်း အလျှို အလျှို ပေါ်ပေါက်လာခဲ့ကြသည်။ စာရေးသူအချို့မှာ အွန်လိုင်းမီဒီယာတွင်သာမက ပုံနှိပ်မီဒီယာလောက တွင်ပါ အောင်မြင်မှု ရနေကြသည်။ အချို့စာရေးသူများမှာမူ အွန်လိုင်းမီဒီယာလောကတွင် နာမည် ထင် ရှားသော်လည်း ပုံနှိပ်ဘက်တွင် အတွေ့ရနည်းသေး၏။ အချို့ကမူ အွန်လိုင်းမီဒီယာတွင်ရော၊ ပုံနှိပ်မီဒီ ယာတွင်ပါ နေရာတစ်နေရာရဖို့ ကြိုးစားနေကြသူများ ဖြစ်သည်။ ထိုထိုသော စာရေးသူများတွင် ကွဲပြား ခြား နားသော အတွေးအခေါ်၊ အယူအဆ၊ ခံစားချက်တို့ ရှိကြမည်သာ ဖြစ်သည်။ သို့သော်လည်း စာရေးသူတိုင်း ၏ တူညီသော စိတ်ဆန္ဒမှာ မိမိတို့ ရေးသည့်စာသည် စာဖတ်သူအတွက် တစ်စုံတစ်ရာသော အသိပညာ၊ ဗဟုသုတ၊ ခံစားမှု၊ အတွေးအမြင်တို့ကို ပေးစွမ်းနိုင်စေသော၊ အကျိုးပြုစေသော စာတစ်ပုဒ်ဖြစ်ရန် ဟူ သည့် စေတနာပင် ဖြစ်သည်။
စာကောင်းတစ်ပုဒ်ဖြစ်ရန် စာရေးသူတစ်ဦးသည် မိမိရေးသည့်စာ၏ အတိမ်အနက်၊ ဆိုလိုရင်းကို ရှင်း လင်း ပြေပြစ်စွာ ရေးသားနိုင်စွမ်းရှိရန် လိုအပ်ပါသည်။ မိမိ အားသန်သည့် အကြောင်းအရာကို ရိုးရှင်း ကျစ် လျစ်စွာ ဖွဲ့ဆိုနိုင်စွမ်းလည်း ရှိရပါမည်။ ထိုသို့ ဖွဲ့ဆိုနိုင်ဖို့ရာ မိမိကိုယ်တိုင်က စာဖတ်နာသူ ဖြစ်ရပါမည်။ စာ များများဖတ်မှ မြန်မာစကား အသုံးအနှုန်း၊ ဝါကျတို့ကို သူ့နေရာနှင့်သူ အထားအသိုမှန်အောင်၊ အဖြတ် အတောက်မှန်အောင် ရေးဖွဲ့ ထားသိုတတ်လာမည်ဖြစ်သည်။ စာရေးသူတစ်ဦးအနေဖြင့် သတ်ပုံ မှန်အောင် ရေးနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ သတ်ပုံမှန်မှ မိမိရေးသည့်စာ၏ ရည်ရွယ်ချက် ဆိုလိုရင်း အနက်ကို တိကျစွာ ဖော်ညွှန်းနိုင်ပေမည်။ ထို့အတူ စာကို အဖြတ်အတောက်ကို မှန်စွာ ရေးတတ်ရန်လည်း လိုပါသည်။ စာဖတ်သူအနေနှင့် တစ်ဆက်တည်း ရှည်လျားစွာ ရေးသားထားသော စာပိုဒ်တစ်ခုကို ပြီးဆုံး သည်အထိ ဖတ်ရန် ငြီးငွေ့သွားနိုင်သည်။ စာတစ်ကြောင်းတွင် အဖြတ်၊ အရပ် မှန်ကန်မှုနှင့် သတ်ပုံ မှန်ဖို့ အရေးကြီးကြောင်း ငယ်စဉ်က သင်ကြားခဲ့ရသည့် ပုံဝတ္ထုလေးတစ်ခုအား သာဓကအဖြစ် ဖော်ပြလိုပါသည်။
လူတစ်ဦးသည် သစ်ပင်ခုတ်လှဲရန်အတွက် ဓားကောင်းကောင်းတစ်လက်ကို ငှားရမ်းလိုသဖြင့် ရှာဖွေလျက် ရှိသည်။ ထိုသို့ ရှာဖွေရာတွင် အိမ်တစ်အိမ်ရှေ့၌ ဤသို့ ရေးထားသောစာကို တွေ့ရှိ၍ အကျိုးအကြောင်း ဝင်ရောက်စုံစမ်းသည်။
"မသာရဒါးငှားရန်ရှိသည်"
ဓားငှားလိုသူသည်  ရေးထားသော စာ၏ သတ်ပုံအမှားနှင့် အဖြတ်အတောက် မှားယွင်းမှုကြောင့် သူ၏စိတ် တွင် ဤအိမ်ရှိ မသာရ အမည်ရှိသူက ဓားငှားရမ်းသည်ဟု ထင်မှတ်မှားခဲ့သည်။ ရေးထားသည့် စာကြောင်း ၏ ဆိုလိုရင်းအမှန်မှာ-
"မသာရထား ငှားရန်ရှိသည်"
ဟူ၍ ဖြစ်သည်။ ထို့အတူ "ဂါထာပေး တေးဖြစ်" ဆိုသည့် စကားအတိုင်း စာဖတ်ရာတွင် အဖြတ်အတောက် မှန်မှန် မဖတ်တတ်ပါက ဆိုလိုရင်း အဓိပ္ပာယ်လွဲမှားသွားတတ်သည်။ ဥပမာအနေနှင့် မူရင်းဆေးစာတစ်ခု တွင် ဆေးနည်းဖော်စပ်ရာ၌ ပါဝင်သည့် ဆေးအမည်များဖြစ်သည့် "ထန်းမြစ်၊ ကတိုး၊ ရှိန်းခို၊ တောင်ကြာဥ၊ ကျူ၊ ဆင်ချေးမှို"စသည်တို့ကို အဖြတ်အတောက် မှန်မှန်၊ သတ်ပုံ မှန်မှန် မရေးမိသဖြင့် ဖတ်သူက တေး တစ်ပုဒ်ဟု ထင်မှတ်ကာ -
 "ငွေလှိုင်းက ထန်၊ မြစ်ယံက တိုး၊ ရှိန်းခိုတောင်ကြာဦး၊ ကျူးဆင်ချီမိုး"
ဟူ၍ မှားယွင်းစွာ ဖြည့်စွက် စပ်ဆိုမိပုံမှာလည်း သတိပြုဖွယ် ဖြစ်ပါသည်။
ထို့ကြောင့် ယနေ့ခေတ် စာရေးသူတို့သည် စာပေဝမ်းစာ ပြည့်ဝကြသည့်သူများ ဖြစ်သည့်အလျောက် မိမိ တို့ ရေးသားသည့် စာပေ၏ သဘောအဓိပ္ပာယ် ဆိုလိုရင်းအနက်တို့ကို ပီပြင်စွာ ရေးသားဖွဲ့နွဲ့နိုင်ကြပါသည်။ စာဖတ်သူဆိုသည်မှာလည်း စာရေးသူ၏ စာပေအရေးအသား၊ အတွေးအခေါ်၊ စိတ်စေတနာတို့ကို စာပေမှ တစ်ဆင့် အတုယူ ဆည်းပူး လေ့လာကြရသူများ ဖြစ်ပါသည်။ ထို့ကြောင့် စာရေးသူတို့အနေဖြင့် မိမိတို့ ပေး ချင်သည့် သုတ၊ ရသ စာပေတို့ကို စာဖတ်သူ၏ ရင်တွင်းသို့ ချောချောမွေ့မွေ့ ရောက်ရှိနိုင်သော (သို့) ဖတ်ရှုရန် လွယ်ကူ ရှင်းလင်း ပြေပြစ်သော အရေးအသားမျိုးကို ဂရုထား၍ ရေးနိုင်ကြမည်ဆိုလျှင် ရေးသူနှင့် ဖတ်သူကြား အမြင်ကွာဟမှု လျော့နည်းကာ စာပေလောကကို ပိုမို အလှဆင်နိုင်လိမ့်မည်ဟု ယုံကြည်မိပါ သည်။
မြဝတီဇော်
5 comments:
  1. စာပေအတွက်စေတနာလေးပေါ်လွင်တယ်ဗျာ
    ReplyDelete
    Replies
    1. ဟုတ်ကဲ့၊ ကျေးဇူးပါ ကိုလွင်ပြင်။ :)
      Delete
  2. right!!!
    ထောက်ခံပါတယ်...မိုးနတ်လဲ စာတစ်ပုဒ်....ကဗျာတစ်ပုဒ်ရေးရင်
    မမဇော်ပြောတာ သိပ်သဘောကျတယ်....အဲဒါက စာတွေကဗျာတွေရဲ့
    အသက်ပါပဲ....
    ReplyDelete
  3. စာလုံးပေါင်းတွေ အမြဲမှားတတ်တဲ့ ဂျက်အတွက် ပညာတွေရလိုက်တယ်ဇော်ရေ
    ReplyDelete
  4. မိုးနတ် >> ဒါဆို ကိုယ်နဲ့ အမြင်ချင်းတူတယ်လို့ သတ်မှတ်လိုက်ပြီနော်။ :)
    စံပယ်ချို >> မမဂျက်ရေ...ဒါကလည်း ပညာရှိ သတိဖြစ်ခဲ ဆိုသလို ဖြစ်မှာပါနော်။ :) ညီမအတွက်တော့ စာသာရေးနေတာ လိုအပ်ချက်တွေ အများကြီး ရှိနေတုန်းပါပဲ။ တကယ်တော့ အရေး အသားပြေပြစ်နေရုံ၊ သတ်ပုံမှန်နေရုံနဲ့လည်း စာကောင်း တစ်ပုဒ် ဖြစ်မလာနိုင်ပါဘူး။ အကြောင်းအရာ၊ တင်ပြပုံနဲ့ ဆိုလိုရင်းကို ထိထိမိမိ ဖော်ပြနိုင်ဖို့လည်း လိုတယ်လို့ ထင်မိပါတယ်။ အမြဲအားပေး ဝေဖန်ပေးတဲ့အတွက် ကျေးဇူးပါရှင်။ :)
    ReplyDelete