Wednesday, November 21, 2012

နောက်ကျ နိဒါန်း



တကယ်တော့ ဒီစာစုကလေးကို ကျွန်မ အရင်ဆုံး ရေးဖြစ်ခဲ့သင့်ပါတယ်။  ရေးဖို့ စိတ်ကူးမိတာလည်း အကြိမ် ကြိမ်ပါ။ ဒါပေမဲ့ တကယ်တမ်း ချရေးမယ်ဆိုပြန်တော့ ဘာက စရေးလို့ ရေးရမှန်းမသိ ဖြစ်နေပြန်ပါတယ်။ ပထမဦးဆုံး ဝန်ခံချင်တာကတော့ ကျွန်မ ဒီဘလော့လေးကို စခဲ့တဲ့အချိန်ကတည်းက အခုထိ ဘလော့နဲ့ ပတ်သက်လို့ သိပ်မကျွမ်းကျင်သေးပါဘူး။ ပြောရရင် ဒီဘလော့လေးကို ကျွန်မ စာရေးချင်စိတ် တစ်ခုတည်း နဲ့ စမ်းတဝါးဝါး လုပ်ထားရတာပါ။ ကျွန်မ ဘလော့တွေနဲ့ ရင်းနှီးလာခဲ့တာတော့ အတော်ကြာပါပြီ။ အခု လက်ရှိ အောင်မြင်တဲ့ ဘလော့ဂါအတော်များများရဲ့ စာတွေနဲ့လည်း ရင်းနှီးနေတာ ကြာပါပြီ။ အရင်တုန်း ကတော့ ကျွန်မ စိတ်ဝင်စားတဲ့၊ နှစ်သက်တဲ့ ဘလော့တွေမှာ စာတွေ အမြဲလိုလို ဝင်ဖတ်လေ့ရှိပါတယ်။ စာတွေသာ ဝင်ဖတ်တတ်တာ ကွန်မန့်ရေးဖို့ကျတော့ ကျွန်မအနေနဲ့ မရဲခဲ့ပါဘူး။ ဒါကြောင့်လည်း တိတ် တဆိတ် အားပေးဖတ်ရှုရင်း နှစ်သက် အားကျခဲ့ရပါတယ်။

ဒီလိုနဲ့ တစ်နေ့တော့ ကျွန်မ မကြာခဏ စာတွေ ဝင်ဖတ်နေကျဖြစ်တဲ့ ဘလော့တစ်ခုမှာ ကျွန်မငယ်စဉ်က တက်ခဲ့တဲ့ အထက်တန်းကျောင်းတော်ကြီးအကြောင်း ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရပါ တယ်။ သူ့စာတွေ ဖတ်လိုက်မိပြီးတော့မှ စာရေးသူဟာ ဘယ်သူဆိုတာ ကျွန်မ ခန့်မှန်းလိုက်မိပါတယ်။ သူက ကျွန်မနဲ့ တစ်ကျောင်းတည်းထွက် ဖြစ်သလို၊ ငယ်စဉ်ကလည်း ခင်မင်ခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်မ အထက်တန်း စတက်တဲ့နောက်ပိုင်း မဆုံဖြစ်ကြတော့ပါဘူး။ ပြောရမယ်ဆိုရင် ကျွန်မအနေနဲ့ ဒီလို ဘလော့လေးတစ်ခု လုပ်ပြီး စာတွေရေးချင်နေတာ ကြာပါပြီ။ ဒါပေမဲ့ ရှေ့မှာ ဝန်ခံထားသလို ကျွန်မက ဘလော့နဲ့ပတ်သက်လို့ လုံးဝ အစိမ်းသက်သက်ပါ။ ဒါနဲ့ပဲ သူ့ဆီကို ဆက်သွယ်ပြီး အကူအညီတောင်းဖြစ်ပါ တယ်။ သူကလည်း လိုလိုလားလားပဲ ကူညီပါတယ်။ ကျွန်မကို ဘလော့တစ်ခု ဘယ်လို တည်ဆောက်ရတယ် ဆိုတာက စပြီး ကျွန်မ အစမ်းလုပ်ထားတဲ့ နမူနာဘလော့လေးကိုလည်း ဝင်ရောက်ကြည့်ရှုပြီး အကြံ ဉာဏ်ပေးပါတယ်။ ဒါနဲ့ပဲ ဒီနေ့ ဒီဘလော့လေး ဖြစ်လာရတာပါ။ အဲဒီအတွက်လည်း သူငယ်ချင်း မြစ်ကျိုးအင်း ကို ကျေးဇူး အထူးတင်ပါတယ်လို့ ဒီနေရာကနေ ပြောချင်ပါတယ်။

နောက်တစ်ခုက ကျွန်မ စာဖတ်သူများကို တောင်းပန်ချင်တာတစ်ခု ရှိပါသေးတယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်မက စာရေးကျဲပါတယ်။ စာတစ်ပုဒ် ရေးမယ်ဆိုတိုင်းလည်း ခေါင်းထဲမှာ အရင်ဆုံး စာကို ပုံကြမ်းဖော် ကြည့်တတ်ပါတယ်။ ဒါတောင် တကယ် ချရေးဖြစ်သွားတဲ့အခါမှာ စိတ်မတိုင်းမကျခဲ့တဲ့ စာတွေ အများကြီးပါ။ ဒါကို စာဖတ်သူများလည်း တွေ့မှာပါ။ ဆိုလိုချင်တာက ကျွန်မမှာ အခုထိ ချို့ယွင်းချက်၊ အားနည်းချက်တွေ ရှိနေ ဆဲပါ။ အဲဒါကြောင့် ကျွန်မရဲ့စာတွေမှာ ချို့ယွင်းမှု၊ ချွတ်ချော်မှုလေးတွေ တွေ့တဲ့အခါ နားလည်မှုနဲ့ ဖတ်ရှု အကြံဉာဏ်ပေးကြဖို့လည်း မျှော်လင့်မိပါတယ်။ ကျွန်မရဲ့ ဘလော့လေးကို အမြဲ ဝင်ရောက်ဖတ်ရှုပြီး အကြံဉာဏ်ပေးလေ့ရှိတဲ့ ကိုလွင်ပြင်လှိုင်းငယ်၊ မဂျက် (စံပယ်ချို)၊ ညလေး မိုးနတ်ကြယ်စင်၊ မချော (အစိမ်းရောင်လွင်ပြင်) တို့ကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်လို့ ပြောချင်ပါတယ်။း)

နောက်ပြီး ကျွန်မလိုပဲ စာတွေ ဝင်ဖတ်လေ့ရှိပေမယ့် ကွန်မန့်ခြေရာ မချန်ဖြစ်တတ်တဲ့ အခြား စာဖတ်သူများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့။ ကျွန်မရဲ့စာတွေမှာ ချွတ်ချော်မှားယွင်းမှုလေးတွေ တွေ့မိခဲ့ရင် အပြုသဘောနဲ့ ဝေဖန် ပြုပြင်ပေးကြပါရှင်။ ကျွန်မလည်း စာဖတ်သူများအတွက် အခုထက် ပိုကြိုးစားသွား ပါ့မယ်လို့ ပြောချင်ပါတယ်။

စာဖတ်သူများ အားလုံးကို ခင်မင် လေးစားလျက်

မြဝတီဇော်







3 comments:

  1. ဆက်လက်ထုဆစ်ပြီး စာလှလှ ခံစားချက် အတွေးကောင်း အရေးကောင်းလေးတွေနဲ့ အိမ်လေးကို အလှဆင်နိုင်ပါစေ..
    မိုးနတ်ကို သတိတရရှိနေတဲ့အတွက်လဲ အတိုင်းမသိဝမ်းမြောက်ရကြောင်းပါ
    ချစ်တဲ့...မိုးနတ်

    ReplyDelete
  2. ဇော်ရေ စာတပုဒ်ကိုလွယ်လွယ်မရေးတတ်တဲ့စိတ်ထားလေးကိုလဲချီးကျုးမိပါတယ်
    ရေးချင်ရာရေး တင်ချင်ရာတင်နေကြတဲ့အချိန်မှာလေးမှာ(ဂျက်နဲ့ကိုလွင်ပြင်)
    စာပေတန်ဖိုးထားတတ်တဲ့ သူတစ်ယောက်နဲ့သိခွင့်ရတာလဲ ဘုရားသခင်ကိုကျေးဇူးပါတယ်
    follower လုပ်ဖို့မေ့နေလို့ တောင်းပန်ရင်းတခါထဲလုပ်ခဲ့တယ်နော်.....
    ခင်မင်တတ်တဲ့ jasmine

    ReplyDelete
    Replies
    1. မဂျက်ကတော့ ပြောတော့မယ် :) ဘယ်ကလာ ရေးချင်ရာရေး တင်ချင်ရာတင် ဖြစ်ရမှာလဲလို့။ မဂျက်နဲ့ ကိုလွင်ပြင်တို့လောက် စာရေးအား မကောင်းလို့ ညီမက စိတ်ညစ်နေတာရှင့်။ တကယ်ပြော တာပါ။ မဂျက်နဲ့ကိုလွင်ပြင်တို့လို ညီမက အားကျနေခဲ့တာပါ။ အမြဲ အားပေးတဲ့အတွက် ကျေးဇူးပါရှင်။

      Delete