Sunday, May 13, 2012

ထားရှိအပ်တဲ့ စေတနာ

     
  ကျွန်မတို့ ပတ်ဝန်းကျင်မှာ တစ်စုံတစ်ယောက်ရဲ့ကောင်းကျိုးအတွက် ဆောင်ရွက်လိုက်တဲ့ ကိစ္စတစ်ခု အပေါ် အဲဒီလူဆီက မထင်မှတ်တဲ့ တုံ့ပြန်မှုကို ခံရတဲ့အခါ "စေတနာဟာ လူတိုင်းနှင့် မထိုက်တန်ဘူး"လို့ ကျွန်မတို့ ပြောဆိုမိတတ်ကြပါတယ်။ တကယ်တမ်း ပြန်တွေးကြည့်ရင် (ကျွန်မတို့အနေနဲ့) သူတစ်ပါးအတွက် ထားရှိလိုက်တဲ့စေတနာဟာ အဲဒီလူအတွက် အမှန်တကယ် အကျိုး ပြု-မပြု ဆိုတဲ့အချက်ကို မတွေးမိဘဲ ကူညီလိုက်ခြင်းကြောင့် တစ်ဖက်သားအပေါ်မှာ မရည်ရွယ်ဘဲ ထိခိုက်နစ်နာမှုတွေ ဖြစ်သွား တတ်ပါတယ်။


      ကျွန်မတို့ပတ်ဝန်းကျင်မှာ ကျွန်မတို့က စေတနာထားရသူ၊ ကျွန်မတို့အပေါ် စေတနာထားကြတဲ့သူတွေ ရှိနိုင်ပါတယ်။ အဲဒီလူတွေ အပေါ် ထားရှိတဲ့ ကျွန်မတို့ရဲ့ စေတနာဟာ အဲဒီလူတွေအတွက် အခါခပ်သိမ်း လိုက်လျောညီထွေ မဖြစ်နိုင်တာမျိုးကိုလည်း ကြုံရ တတ်ပါတယ်။ အဲဒီလို ကြုံရတဲ့အခိုက်မှာ ကျွန်မတို့ရဲ့ စိတ်မှာ ကိုယ့်စေတနာကို အသိအမှတ် မပြုရကောင်းလားဆိုတဲ့ စိတ်မျိုး ခံစားရတတ်ပါတယ်။ ဒါပေမယ့် အခု ကျွန်မပြောပြမယ့် ကျွန်မရဲ့ ကိုယ်တွေ့ဖြစ်ရပ်လေးတစ်ခုကို ဥပမာထားပြီး ကျွန်မတို့ရဲ့ ဖြူစင်တဲ့ စေတနာကြောင့် သူတစ်ပါးအပေါ် အရောင်မဆိုးမိကြဖို့ ရည်ရွယ်ပါတယ်။


   လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ခန့်က ကျွန်မတို့မြို့မှာ အထင်ကရဖြစ်တဲ့ အစည်ကားဆုံး ဘုရားပွဲတော်ကြီး တစ်ခု ကျင်းပချိန် ဖြစ်ပါတယ်။ ကျွန်မတို့မောင်နှမများလည်း မိသားစုနှင့်အတူ ဘုရားပွဲ သွားကြပါတယ်။ ပွဲဈေးတန်းကြီးဟာ ရှည်လျားပြီး ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာသူများနဲ့ ကြက်ပျံမကျ စည်ကားလှပါတယ်။ ကျွန်မတို့မောင်နှမတွေလည်း လက်ချင်းတွဲလျက်သား တစ်ယောက်နောက်ကို တစ်ယောက်လိုက်ကာ လူစု မကွဲအောင် တဖြည်းဖြည်း လျှောက်ကြရပါတယ်။ ဒီလို လျှောက်နေရင်း ဘုရားပေါ်တက်တဲ့ စောင်းတန်း မုခ်ဝကို ကျွန်မတို့ ရောက်လာပါတယ်။ အဲဒီအချိန်မှာပဲ ကျွန်မမျက်လုံးထဲကို မြင်ကွင်းတစ်ခုက တိုးဝင်လာ ပါတယ်။ ဘုရားစောင်းတန်း မုခ်ပေါက်ဝရဲ့ ဘေးဘက်ခပ်ကျကျ၊ မှန်စီရွှေချထားတဲ့ တိုင်လုံးအောက်မှာ ထိုင်နေတဲ့ အဘိုးအိုတစ်ယောက်ပါ။ အ၀တ်အစားက ခပ်နွမ်းနွမ်းဖြစ်ပြီး တောင်ဝှေးတစ်ချောင်းကို ဘေးမှာ ချထားတဲ့အပြင် အရောင်အဆင်း မပေါ်တော့တဲ့ ဦးထုပ်ဟောင်းတစ်လုံးကို ရှေ့မှာချလို့ ထိုင်နေတာပါ။ ကျွန်မစိတ်ထဲမှာ ထိုင်နေတဲ့ အဘိုးအိုကို ကြည့်ပြီး သနားကရုဏာစိတ် ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် ကျွန်မကိုယ်တိုင် သတိမထားမိခင်မှာပဲ ဘုရားပွဲမှာသုံးဖို့ အိမ်ကပေးလိုက်တဲ့ မုန့်ဖိုးတွေကို ထုတ်၊ အဲဒီ အဘိုးအို ရှေ့မှာထိုင်ပြီး လက်အုပ်ချီရင်း ရိုရိုသေသေ လှူဒါန်းလိုက်ပါတယ်။


       လက်ထဲကို ပိုက်ဆံတွေ ထည့်ပေးလိုက်တဲ့ ကျွန်မကို အဘိုးအိုက နားမလည်သလို မော့ကြည့်ပြီး ဆုတွေပေးပါတယ်။ ပြီးတော့မှ ကျွန်မ လုံးဝ မျှော်လင့်မထားတဲ့ စကားတစ်ခွန်းကို ပြောလိုက်ပါတယ်။ "သမီးလေး၊ သမီးလေးရဲ့ စေတနာကို အဘိုး အသိအမှတ် ပြုပါတယ်။ ခုလို လှူဒါန်းတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အဘိုးက တောင်းစားတဲ့သူ မဟုတ်ပါဘူး သမီးရယ်။ ဘုရားလာဖူးရင်း မော လို့ ခဏထိုင်နေတာပါကွယ်"တဲ့လေ။ ကျွန်မလည်း ရုတ်တရက် ဘာပြောလို့ ပြောရမှန်း မသိဘဲ အဲဒီအဘိုး ကို အရမ်းအားနာသွားပြီး "ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ခွင့်လွှတ်ပါ အဘိုး" လို့ ကယောင်ကတမ်းပြောပြီး အဘိုးရှေ့ က ခပ်သုတ်သုတ် ထွက်လာခဲ့ရပါတယ်။ ကျွန်မရဲ့မောင်နှမတွေနဲ့ မိသားစုများကတော့ အဲဒီ အဖြစ်အပျက် ကို အကြောင်းတိုက်ဆိုင်တိုင်း ပြန်ပြောပြီး ရယ်မောမဆုံး ဖြစ်နေကြတုန်းပါပဲ။


     ဒီအဖြစ်အပျက်လေးကြောင့် ကျွန်မဘ၀မှာ သင်ခန်းစာတစ်ခု ရခဲ့ပါတယ်။ အဲဒီသင်ခန်းစာက ဘာလဲ ဆိုတော့ လူတစ်ယောက်ရဲ့ သာမန် အပြင်ပန်း အမြင်ကိုကြည့်ပြီး ထင်မြင်ဝေဖန်ချက်တွေနဲ့ အလွယ်တကူ ကောက်ချက်မချမိစေဖို့ဆိုတဲ့ အသိပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်အမြင်တစ်ခုတည်းကို အမှန်လို့ယူဆပြီး ကိုယ့်ရဲ့ စေတနာအမှားကြောင့် တစ်ဖက်သားကို မထိခိုက်စေရအောင်လည်း ဆင်ခြင်နိုင်ခဲ့ပါတယ်။

      ကောင်းသော စိတ်စေတနာကို အင်္ဂလိပ်ဘာသာမှာ Goodwill လို့ သုံးနှုန်းကြောင်း မှတ်သားဖူးပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ လူတိုင်းအပေါ်မှာ ထားရှိအပ်တဲ့ စေတနာကောင်းကို လက်ကိုင်ထားပြီး လူ့လောက ကောင်းကျိုးအတွက် လက်တွဲဆောင်ရွက်သွားကြမယ်ဆိုရင် သာယာချမ်းမြေ့တဲ့ ကမ္ဘာကြီးကို ပိုင်ဆိုင်နိုင်မှာ အမှန်ပဲ မဟုတ်လားရှင်။

မြ၀တီဇော်

No comments:

Post a Comment