Thursday, May 17, 2012

ဝေးလွင့်နေဆဲ ပန်းနှင်းဆီ



   " ငယ်ငယ်တုန်းက သူငယ်ချင်း၊ အရမ်းချစ်ဖို့ကောင်းတယ်"  ဆိုတဲ့ အဆိုတော်မေဆွိရဲ့အသံကို အမှတ် မထင် ကြားမိတဲ့အခါ ကျွန်မရဲ့စိတ်အာရုံမှာ မူလတန်းတုန်းက သူငယ်ချင်းတစ်ယောက်ကို ဖျတ်ခနဲ သတိရ လိုက်မိပါတယ်။ သူနဲ့စပြီး သိတဲ့နေ့က ကျွန်မ သူငယ်တန်း စတက်တဲ့နေ့ ဖြစ်ပါတယ်။

ကျွန်မအသက် ၅ နှစ်မှာ သူငယ်တန်း စတက်ရပါတယ်။ ၁၉၈၆ ခုနှစ်လောက်ကပါ။ ကျွန်မ တက်ရတဲ့ မူလ တန်းကျောင်းက ကျွန်မတို့အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ ရှိပါတယ်။ ကျောင်းနာမည်က အခြေခံပညာ ဗဟို မူလတန်းကျောင်းပါ။ (အခုတော့ ဗဟိုမူလွန်ကျောင်း ဖြစ်နေပါပြီ။) သူနဲ့ကျွန်မ စတွေ့ပုံက ဒီလိုပါ။

ကျွန်မ ကျောင်းစတက်တဲ့နေ့မှာ ကျွန်မရဲ့မေမေက ကျွန်မကို ကျောင်းခန်းထဲအထိ လိုက်ပို့ပြီး အတန်းရဲ့ ရှေ့ဆုံးခုံမှာ နေရာချပေးပါတယ်။ အတန်းပိုင်ဆရာမထံမှာလည်း ကျွန်မကို အပ်ပေးပါတယ်။ အဲဒီတုန်းက ကျွန်မတို့ အတန်းပိုင် ဆရာမက မေမေ့သူငယ်ချင်းပါ။ အင်္ဂလိပ်စာ သင်ပါတယ်။ ဆရာမက ပိန်ပိန်ပါးပါး၊ အသားဖြူဖြူပါ။ ကျွန်မ မေမေကို စိတ်ချပါလို့ ရယ်ရယ်မောမော ပြောရင်း ကျွန်မကိုလည်း မကြာခဏ လှမ်း ကြည့်နေပါတယ်။ ကျွန်မထိုင်ရတဲ့ခုံက သုံးယောက်ထိုင် ခုံတန်းရှည်ပါ။ ကျွန်မရဲ့ ဘေးတစ်ဖက် တစ်ချက်မှာ ကောင်မလေးနှစ်ယောက် ထိုင်နေကြပါတယ်။ ကျွန်မကတော့ ဘေးက ကောင်မလေးတွေနဲ့ သူငယ်ချင်းဖွဲ့ ဖို့ နေနေသာသာ သေချာတောင် လှည့်မကြည့်ခဲ့မိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက လူကြောက်တတ် သူမို့ပါ။ နောက်ပြီး ကျွန်မကို ကျောင်းလိုက်ပို့တဲ့မေမေ ကျွန်မ မမြင်အောင် ဘယ်အချိန်မှာ အိမ်ပြန်သွားမလဲ ဆိုတဲ့စိတ်နဲ့ မေမေ့ကိုပဲ မျက်စိအောက်က အပျောက်မခံ လိုက်ကြည့်နေခဲ့တာမို့ပါ။ တကယ်တော့ ကျွန်မ ကျောင်းမှာ တစ်ယောက်တည်း မနေခဲ့ချင်ပါဘူး။ မေမေနဲ့ပဲ အိမ်ကို ပြန်လိုက်သွားချင်နေခဲ့ပါတယ်။

 ဒီလိုနဲ့ ခဏကြာတော့ ကျောင်းတက်ခေါင်းလောင်း ထိုးပါတယ်။ ဆရာမက မိဘတွေ အားလုံးကို စာသင်ခန်းထဲက ထွက်ပေးဖို့ မေတ္တာရပ်ခံနေပါတယ်။ အဲဒီအချိန်မှာ တချို့ ကလေးတွေလည်း ငိုတဲ့သူက ငို၊ မိခင်တွေက သူတို့သားသမီးတွေကို ချော့တဲ့သူက ချော့နဲ့ ဆူညံနေပါတယ်။ ကျွန်မမေမေလည်း ကျွန်မကို ချော့မော့ပြီး အိမ်ပြန်ဖို့ ပြင်ဆင်ပါတယ်။ တစ်ယောက်တည်း ကျန်နေခဲ့ရတော့မယ် ဆိုတဲ့အသိနဲ့ ကြောက်ပြီး ကျွန်မ မျက်ရည်တွေ ကျလာပါတော့တယ်။ ဆရာမ ခမျာလည်း ဟိုကလေး ချော့ရ၊ ဒီကလေး ခြောက်ရနဲ့ အတော်မောနေပါပြီ။ ဒါကြောင့် ဆရာမက ကျွန်မတို့ခုံရှေ့က သူ့စားပွဲကို ကြိမ်လုံးနဲ့ ခပ်ဆတ်ဆတ်လေး သုံးလေးချက် ရိုက်လိုက်ပါတယ်။ ငိုသံတွေ ခဏတော့ တိတ်သွားပါတယ်။ ပြီးမှ ကြောက်ကြောက်လန့်လန့်နဲ့ အော်ငို လိုက်တဲ့အသံတွေက ဆူညံပွက်လော ရိုက်ပြီး ထွက်လာပြန်ပါတော့တယ်။ တရှုပ်ရှုပ် ငိုနေတဲ့ ကျွန်မ ကို မေမေက ညနေကျောင်းက ပြန်လာရင် မုန့်ဝယ်ကျွေးမယ်တို့၊ အဖြူအစိမ်း ဂါဝန်လှလှလေး ၀ယ်ပေးမယ် တို့ စသည်ဖြင့် အမျိုးမျိုး ချော့မော့နှစ်သိမ့်နေပါတယ်။

 အဲဒီအချိန်မှာပဲ ကျွန်မလက်ကို တစ်ယောက်ယောက်က လှမ်းဆွဲလိုက်ပါတယ်။ ကျွန်မ လှည့်ကြည့်လိုက် တော့ မျက်နှာမှာ သနပ်ခါး အဖွေးသား လိမ်းထားပြီး ပါးဖောင်းဖောင်း၊ မျက်လုံးတောက်တောက်ကလေးနဲ့ ခေါင်းမှာ ကျောက်နှင်းဆီပွင့် အဖြူရောင်လေးတွေ ပန်ထားတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရ ပါတယ်။ အဲဒီကောင်မလေးက ကျွန်မလက်ကို ဆွဲပြီး သူ့ဘေးမှာ ထိုင်ဖို့ ခေါ်နေတာ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်မ ပါးပေါ်က မျက်ရည်တွေကိုလည်း သုတ်ပေးရင်းနဲ့ ကျွန်မကို ထိုင်ခုံမှာထိုင်ဖို့ အသာ ဆွဲခေါ်ပါတယ်။ ကျွန်မလည်း ကိုယ်နဲ့ရွယ်တူ သူငယ်ချင်းအသစ်ရလို့ အာရုံပြောင်းသွားပြီး အငိုရပ်ကာ သူ့ဘေးမှာ ပြောင်း ထိုင်လိုက်ပါတယ်။ နောက် တော့ သူနဲ့ စကားတွေပြောကြရင်း မေမေ ဘယ်အချိန် အိမ်ပြန်သွားမှန်းတောင် မသိလိုက်ပါဘူး။ နောက်တော့မှ မေမေက စာသင်ခန်း အပြင်ဘက်က ငုဝါပင်အောက်မှာ အချိန်အတော် ကြာ ရပ်ကြည့်နေပြီး ကျွန်မ မငိုတော့မှ အိမ်ပြန်သွားကြောင်း ပြန်ပြောပြပါတယ်။

အဲဒီနေ့ကစပြီး ကျွန်မဘ၀မှာ ပထမဦးဆုံး ကျောင်းတက်ဖော် သူငယ်ချင်းတစ်ယောက် ရခဲ့ပါတယ်။ ခုချိန်မှာ သူ့နာမည်ကို ကျွန်မ မမှတ်မိတော့ပေမယ့် ကျွန်မတို့ငယ်ငယ်က နာမည်လေးလုံး မှည့်တာ ခေတ်စားတာမို့ သူ့အမည်ဟာ နာမည်လေးလုံး ပါဝင်တယ် ဆိုတာတော့ မှတ်မိနေပါတယ်။ နုနယ်လှတဲ့ ကလေးဘ၀မှာ ပထမဆုံး သူငယ်ချင်းဖြစ်ခဲ့တဲ့ သူ့ကို တစ်နှစ်တစ်တန်းအောင်လို့ ကျောင်းဖွင့်ချိန်တွေရောက်တိုင်း ကျွန်မ အမြဲသတိတရ ရှိနေခဲ့ပါတယ်။ နောက်ပြီး သူက ကျွန်မတို့ကျောင်းမှ စာသင်နှစ်ဝက် မရောက်မီမှာပဲ သူ့မိဘ တွေ အလုပ်တာဝန်အရ ပြောင်းရွှေ့ရာဒေသကို လိုက်ပါသွားခဲ့တာမို့ နောက်ထပ် ပြန်မဆုံဖြစ်ခဲ့ကြတော့ တာ ယခုအချိန်ထိပါပဲ။ တကယ်တော့ သူနဲ့ကျွန်မ ခင်မင်ခဲ့ရတဲ့ အချိန်က နှစ်လ၊ သုံးလလောက်သာ ရှိပါ တယ်။ သူပြောင်းသွားစ အချိန်က စိတ်မကောင်း ဖြစ်ခဲ့ရပေမဲ့ နောက်ပိုင်းမှာ တခြား သူငယ်ချင်းတွေလည်း ရနေပြီမို့ သိပ်မကြာခင်မှာပဲ သူ့ကို ကျွန်မ မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့ပါတယ်။

အခု ပြန်တွေးကြည့်မိတဲ့အခါ ဆယ်စုနှစ် နှစ်ခုကျော် အချိန်ကြာလာခဲ့ပြီးမှ သူ့ကို မကြာခဏ ပြန်ပြီး သတိရ နေမိပါတယ်။ ခုချိန်ဆို ကျွန်မရဲ့ ပထမဦးဆုံး ခင်မင်ခဲ့ရတဲ့ ကျောင်းတက်ဖော် သူငယ်ချင်းမလေး တစ်ယောက် ဘယ်ဆီများ ရောက်နေပြီလဲ။ သူငယ်တန်း တက်တုန်းက သူကိုယ်တိုင် ကူညီဖေးမခဲ့ဖူးတဲ့ ခဏခဏငိုတတ်တဲ့၊ မျက်ရည်လွယ်တဲ့ သူငယ်ချင်းတစ်ယောက်ကို ပြန်မှတ်မိနိုင်ပါဦးမလား။ ကွဲကွာခဲ့ပြီးတဲ့ နောက် တစ်ကြိမ်တစ်ခါမှ ပြန်မဆုံတော့တဲ့ သူငယ်ချင်း၊ ထစ်ခနဲရှိ မျက်ရည်လွယ်လွန်းလို့ ဆရာမကိုယ်တိုင် "မျက်ရည်မင်းသမီး"လို့ နာမည်ပေးထားတဲ့ သူငယ်ချင်းကို ပြန်စဉ်းစားမိတဲ့အခါ မှတ်မိနိုင်ပါဦးမလားဆိုတာ တွေးမိရင်း စိတ်လှုပ်ရှားမှုနဲ့အတူ ၀မ်းနည်းသလို ခံစားရပါတယ်။ အခုအချိန်မှာ ကျွန်မ ခင်မင်ခဲ့ဖူးတဲ့ သူငယ် ချင်းရဲ့ လက်ရှိ ရုပ်ရည်ကို မမှန်းဆနိုင်ပေမဲ့ ငယ်ငယ်တုန်းက မျက်နှာမှာ သနပ်ခါးဖွေးဖွေး၊ ပါးဖောင်း ဖောင်း၊ မျက်လုံးတောက်တောက်လေးတွေနဲ့အတူ ခေါင်းမှာ ကျောက်နှင်းဆီပွင့် ဖြူဖြူသေးသေးလေး ပန် ထားပြီး ပြုံးပြနေတဲ့ ခင်မင်နှစ်လိုဖွယ် ချစ်စရာ့ မျက်နှာလေးကိုတော့ ကျွန်မရဲ့မှတ်ဉာဏ်ထဲမှာ အခုအချိန် ထိ စွဲထင်ကျန်ရစ် မှတ်မိနေဆဲပါဆိုတာ ငယ်ငယ်တုန်းက ကျွန်မသူငယ်ချင်းလေး သိအောင် ကူညီပြီး ပြောပေးကြပါဦးနော်။


 မြ၀တီဇော်

1 comment:

  1. ဟန်ကြည်May 18, 2012 at 12:15 PM

    ဘ၀မှာ ပြန်မရနိုင်မှန်းသိပေမယ့် မကြာမကြာ အောက်မေ့မိတတ်တာ သူငယ်ချင်းတွေကိုပါပဲ...ပြန်တွေ့မတွေ့ မသေချာပေမယ့် သူငယ်ချင်းတွေအကြောင်းပြန်စဉ်းစားမိတိုင်းမှာ အလိုလိုနုပျို ကြည်မွေ့စေတာကတော့ သေချာပါရဲ့...

    ReplyDelete