Thursday, April 11, 2013

သင်္ကြန်စိတ်ကူး


လူတွေက အတော့်ကို ခက်သည်။ ကိုယ် မလုပ်နိုင်သည့်အလုပ်တစ်ခုကို သူတစ်ပါး လုပ်နိုင်တာတွေ့လျှင် ချီးမွမ်းဖို့ထက် ကဲ့ရဲ့ဖို့က အရင် တွေးကြသည်။ အို... ဒီလောက်လေးများ သူမှ လုပ်နိုင်တာလား၊ တို့လည်း လုပ်မယ်ဆို သူ့ထက်တောင် သာဦးမှာ။ တကတည်း သူတစ်ယောက်တည်း တရားအလုပ် လုပ်နိုင်တာ ကျနေတာပဲ ဆိုသည့် စကားတင်းဆိုမှုတွေကို ဒေါ်မမလတ် ကြုံဖူးပေါင်း များခဲ့ပြီ။ ခုလို အခါကြီး ရက်ကြီး သင်္ကြန်တွင်းဆို ဒီလိုအပြောတွေကို တစ်နေ့မဟုတ် တစ်နေ့ ကြားလာရဦးမှာကို သိနေသည်။ ဒါပေမယ့် ကိုယ်သေရင် ကိုယ့်နောက်ပါမယ့် တရားကို ရှာတတ်ဖို့ လိုသည်။ သည်လို လူမျိုးတွေရဲ့ အပြောမျိုးတွေ အတွက်နဲ့တော့ ဒေါ်မမလတ်တို့က မမှုရေးချ မမှုပါချေ။ တရားရှာ ကိုယ်မှာတွေ့သည်တဲ့။ ကိုယ်လုပ်မှ ကိုယ် ရမှာ မဟုတ်လား။ ဒေါ်မမလတ်က ဝန်ထမ်းဆိုတော့ ဒီရက်မျိုးမှာမှ ဘုရားရိပ်၊ တရားရိပ်မှာ ခိုလှုံဖို့ အချိန်များများ ရတာမို့ သူက ကြိုတင် အားခဲထားသည်။ ရုံးက ဂျူတီကျတဲ့ရက်ကိုတော့ အခြားသူများနှင့် နားလည်မှုယူပြီး ဂျူတီလဲစောင့်ဖို့တော့ ပြောရဦးမှာပေါ့လေ။

ပြောရမည်ဆိုလျှင် ဒေါ်မမလတ်က အပျိုကြီး။ အိမ်တွင် အတူနေသူများက အစ်မကြီးနှင့် ညီမသုံးယောက်၊ အစ်မကြီးက မွေးထားတဲ့ တူမနှစ်ယောက် ဖြစ်သည်။ မိန်းမသားများသာ နေသည်ဆိုပြီး ဒေါ်မမလတ်တို့ကို အထင်သေးရန် မရှိ။ ဒေါ်မမလတ်က စနစ်တကျ အစစအရာရာ ဦးဆောင် စီမံခန့်ခွဲမှုကြောင့် ပတ်ဝန်း ကျင်မှာ တင့်တင့်တယ်တယ် နေနိုင် စားနိုင်သော မိသားစုဖြစ်သည်။ အခုလို သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည် ရတုန်းမှာ ဒေါ်မမလတ်က ရိပ်သာဝင်ဖို့ စိတ်ကူးသည်။ သို့သော်လည်း အိမ်က လူများကို သူ စိတ်မချ။ သင်းတို့တွေက ဘာအလုပ်ပဲ လုပ်လုပ် အဖြစ်ကို မရှိကြ၊ သူ့ဆီလာလာပြီး အမေးအမြန်း ထူကြသည်။ ထို့ကြောင့် သင်းတို့အတွက် လုပ်စရာ ကိုင်စရာလေးတွေကို စာနှင့်ရေးပြီး စီမံပေးခဲ့မှ ဖြစ်မည်။ ထို့ကြောင့် သင်္ကြန်တွင်းအတွက် အခြောက်အခြမ်းလေးများ ဝယ်ခိုင်းထားရန်နှင့် ချက်ရမည့် ဟင်းအမည်များကို စဉ်းစားပြီး ချရေးလိုက်သည်။

ဈေးဝယ်ရန် စာရင်း

အကြိုနေ့ ...... ....... .......  ပဲဟင်းချိုနှင့် ငါးရံ့ခြောက် ဆီဆမ်း၊ သရက်ချဉ်သုပ်၊ ကန်စွန်းရွက်ကြော်
အကျနေ့ ...... ....... .......  ငါးနီတူခြောက်ကြော်၊ ဘူးသီးနှင့် ပုတက်စာဟင်းချို၊ ငါးပိရည်ဖျော်၊ တို့စရာ
အကြတ်နေ့ ...... ...... .... သီးစုံချဉ်ရည်ဟင်း၊ ငါးကြော်နှပ်နှင့် ငါးပိရည်ဖျော်၊ တို့စရာ
အတက်နေ့ ...... ...... ..... မြင်းခွာရွက်သုပ်၊ ချဉ်ပေါင်ရွက်ဟင်းချို၊ ငါးခြောက်အစပ်ကြော်

အင်း ... ဒီလောက်ဆို ရပြီထင်ပါရဲ့။ အသီးအရွက်ကိုတော့ မနက်စောစော အိမ်က တူမနှစ်ယောက်ကို သွား ဝယ်ခိုင်းရမည်။ သြော်... မေ့နေလို့ ကိုယ်က ရိပ်သာဝင်မှာဆိုတော့ အချိုရည်ပုလင်း၊ ထန်းလျက်၊ သကြား လုံးထုပ်၊ ထွန်းရွှေဝါ ဒဏ်ကြေလိမ်းဆေး၊ အစာမကြေ လေထိုးလေအောင့်အတွက် အစာကြေဆေးလည်း ဝယ်ခိုင်းထားရမည်။ ရေးထားသော စာရင်းစာရွက်ကို ကြည့်ပြီး ဒေါ်မမလတ် သေချာအောင် ထပ်စစ်ဆေး လိုက်သည်။ ပြီးတော့မှ ရိပ်သာကို ယူသွားရမည့် ပစ္စည်းများကို စဉ်းစားရသည်။

အရင်ဆုံး ဒေါ်မမလတ် အဝတ်ဗီရိုကို ဖွင့်လိုက်သည်။ အဝတ်ထပ်ထဲမှ အရိပ်ပန်းထည် အဖြူရောင်အင်္ကျီ အသစ် သုံးလေးထည်ကို ရွေးထုတ်လိုက်သည်။ ထို့နောက် သေတ္တာထဲမှ အနားတွင် အပွင့်ခပ်ရိပ်ရိပ် ပါသည့် ယောဂီလုံချည် သုံးထည်ကို ထုတ်လိုက်ပြီး လက်ဆွဲအိတ်ထဲသို့ သေသေသပ်သပ် စီရီ ထည့်လိုက် သည်။ ပြီးတော့ မျက်နှာသုတ်ပဝါတစ်ထည်၊ စိတ်ပုတီး၊ ယောဂီညိုရောင် အပွင့်နုပ်နုပ်ကလေးများ ပါသော တဘက်ပါးပါး တစ်ထည်နှင့် ကွန်ပျူတာ စိပ်ပုတီးကိုပါ ထည့်လိုက်သည်။ လိုအပ်သမျှ အားလုံးထည့်ပြီး သွားတော့ လက်ဆွဲအိတ်ကလေးကို အိပ်ရာဘေးနားမှာ အဆင်သင့် ချထားလိုက်သည်။ ညနေကျလျှင် တရားရိပ်သာသွားဖို့ အဆင်သင့်ပင်။


ထို့နောက် ဘုရားစင်ရှေ့ထိုင်ကာ ပြုနေကျ ဝတ်အတိုင်း ဘုရားရှိခိုး၊ သီလယူ၊ ပုတီးစိပ်၊ မေတ္တာဘာဝနာ ပွား များခြင်း၊ အမျှပေးဝေခြင်းများ ပြုလုပ်ပြီးချိန်မှာ နေ့ခင်း ၁၁ နာရီ ထိုးနေပြီ ဖြစ်သည်။ သူ အောက်ထပ်သို့ ဆင်းလာကာ မီးဖိုချောင်ထဲတွင် အလုပ်များနေသည့် ညီမအငယ်ဆုံးထံ လျှောက်သွားလိုက်သည်။

"ဘာဟင်းချက်ထားလဲ၊ ညီမ"

"ဝက်သားနဲ့အာလူး ချက်တယ် မလတ်၊ စားတော့မလား"

"ဟယ်! အဲဒီဟင်းတွေက ငါနဲ့မှ မတည့်တာ၊ ငါ့ကို ဆရာဝန်က ဝက်သားလည်း ရှောင်ခိုင်းထားတယ်၊ အာလူး ကိုလည်း လေးဖက်နာရောဂါရှိနေလို့ မစားရဘူးလို့ ပြောထားတာ၊ ငါ ပြောပြီးသားပဲ၊ အခု ငါက ဘာနဲ့စားရ မှာလဲ"

"မလတ်ရယ်၊ ဒါဆိုလည်း လက်ဖက်ကလေးတော့ ရှိတယ်၊ သုပ်ပေးရမလား"

"အေးပေါ့၊ အဲဒါပဲ စားရတော့မှာပေါ့၊ ငါနဲ့ မတည့်တာတွေ မချက်ပါနဲ့လို့ သေချာမှာထားရက်နဲ့ဟာ"

ညီမအငယ်ဆုံးက ဘာမှ ဆက်မပြောတော့ဘဲ လက်ဖက်သုပ်ဖို့ ပြင်ဆင်နေသည်။ ဒေါ်မမလတ်ကတော့ အနည်းငယ် ကျွဲမြီးတိုသွားသည်။ အဲဒါတွေကြောင့် သင်းတို့ကို ပြောနေရတာပေါ့။ ဘာကိုမှ အမှတ်အသား မရှိဘူး။ အိမ်ရှေ့ဘက် ပြန်ထွက်လာရင်းက ရုံးက သူငယ်ချင်းတစ်ယောက် ကြည့်ဖို့ ပေးထားတဲ့ ကိုရီးယား ဇာတ်လမ်းတွဲခွေ အပိုင်းသစ်ကို ကြည့်ဖို့ သတိရသည်။ အခုအချိန် ကြည့်မယ်ဆိုရင် ညနေ သုံးနာရီကျော် ဆို ပြီးနိုင်တာကြောင့် အခွေဖွင့်ကြည့်ဖို့ စိတ်ကူးနှင့် ရုံးသွားသည့် လက်ဆွဲခြင်းထဲမှ ခွေကို ထုတ်လိုက်သည်။ အဲဒီအချိန်မှာပဲ တူမအကြီးရဲ့ သီချင်းဆိုသံက လျှံထွက်လာသည်။ ကြည့်စမ်း၊ ဒီအသက်အရွယ်ပဲ ရှိနေပြီ မိုက်ခရိုဖုန်းနဲ့ သီချင်းကို အော်ဆိုနေတုန်း၊ သူမို့ ကိုရီးယားကား ကြည့်မယ် မပြင်လိုက်နဲ့ ပြင်လိုက်တာနဲ့ သင်းနဲ့ ခုလို အမြဲကြုံရတတ်သည်။ သင်းကလည်း သီချင်းဆိုချင်ရင် ကျန်တဲ့အချိန်တွေ ဆိုတာမဟုတ်ဘူး၊ ငါ ကိုရီးယားကား ကြည့်တော့မယ်ဆို သင်းက ရှုပ်ပြီ။ ဒေါ်မမလတ် စိတ်က ထောင်းကနဲ ဖြစ်သွားပြီး -

"ဟဲ့၊ နင် သီချင်းဆိုတာ နောက်မှဆို၊ အိမ်က အပိုင် သီချင်းခွေပဲ ဘယ်အချိန်ဆိုဆိုပေါ့၊ အခု ငါ ရုံးက ပေး လိုက်တဲ့ ကိုရီးယားကား ကြည့်မလို့၊ နင့်ဟာ ပိတ်လိုက်"

"ဟင်! လတ်လတ်ကလည်း ဘာမှ မဆိုင်ဘူး၊ သမီးက ဒီရုံးပိတ်ရက်မှ သီချင်းဆိုရတဲ့ဟာကို၊ လတ်လတ် ကြည့်ချင်ရင် နောက်မှကြည့်၊ သမီး ဒီတစ်ပုဒ် ပြီးအောင် ဆိုဦးမှာ"

"နင်တို့က လွန်ကို လွန်တယ်၊ ငါက နောက်မှ ကြည့်လို့ မရဘူးဟဲ့၊ ညနေ တရားစခန်းသွားမှာ၊ အဲဒါကြောင့် မသွားခင် အပြီးကြည့်မလို့၊ ရုံးပြန်တက်ရင် ဒီခွေက သူများကို ပြန်ပေးရမှာ"

"လတ်လတ်တို့ကတော့ မနိုင်ဘူး၊ ညနေ တရားရိပ်သာသွားမှာကိုများ ကိုရီးယားကား အပြီးကြည့်သွားဦး မယ်တဲ့၊ မှားပါတယ် မှားပါတယ်"

"တော်စမ်း၊ ငါ့ကို ပြန်မပြောနဲ့၊ ပိတ်ဆို ခု ပိတ်လိုက်၊ သွား၊ အနောက်မှာ နင့်အဒေါ်ကို သွားကူလုပ်ပေးလိုက်၊ တကတည်း အသက်ပဲ သုံးဆယ်ရှိနေပြီ၊ ဘာမှ ကူဖော်လောင်ဖက် မရဘူး၊ မိန်းကလေးတွေချည်းပဲ နေတဲ့ အိမ်တဲ့၊ ဖုန်တွေချည်းပဲ၊ စည်းကမ်းကို မရှိဘူး၊ သူများတွေ အိမ်လာလည်ရင် ဘယ်လောက်ရှက်စရာ ကောင်း လဲ"

"အမလေး ! တော်ပါပြီ လတ်လတ်ရယ်၊ သီချင်းလဲ မဆိုတော့ပါဘူး၊ နားညည်းအောင် ပြောမနေပါနဲ့တော့"

"ပြောလိုက်ရင် နင်တို့က အထေ့နဲ့ အငေါ့နဲ့၊ ပြောတဲ့သူက အဆိုးဖြစ်သေးတယ်"

တူမအကြီးက စူအောင့်အောင့်နှင့် ထထွက်သွားမှ ဒေါ်မမလတ် ကိုရီးယားခွေကို စက်ထဲထည့်ကာ တီဗွီရှေ့ တွင် ထိုင်ခုံချပြီး အကျအန ထိုင်ကြည့်တော့သည်။ ဇာတ်လမ်းကလည်း ကောင်းလှသည်။ သို့သော်လည်း အဓိဋ္ဌာန်ထားသည့် ပုတီးပတ်ရေက ဒီနေ့အတွက် မပြည့်သေးသည်မို့ လက်က ပုတီးစိတ်မပျက်စေရသလို မျက်စိကလည်း တီဗွီမှ မခွာရဲ။

"မလတ်! ထမင်းစားတော့လေ၊ ဆယ့်နှစ်နာရီ ခွဲတော့မယ်၊ မဆာသေးဘူးလား"

"အေး၊ စားမယ်လေ၊ နင့်လက်ဖက်သုပ်က ရပြီလား"

"ရတာ ကြာပေါ့၊ လက်ဖက်သုပ်တာပဲဟာ၊ ထမင်းစားဖို့ မလတ်တစ်ယောက်ပဲ ကျန်တာနော်၊ ညီမတို့ အကုန် စားပြီးပြီ"

"ဟင်! နင်တို့ကလည်း ငါ့ကိုတောင် မခေါ်ဘူး"

"ခေါ်ပါတယ် မလတ်ရယ်၊ မလတ်က ဇာတ်လမ်းထဲ စိတ်ရောက်နေတော့ ဘယ်ကြားမလဲ"

 "နင်တို့ခေါ်ရင် ငါက ဘာလို့ မကြားရမှာလဲ၊ အိမ်ရှေ့နဲ့ အိမ်နောက် ဘယ်လောက် ဝေးတာမှတ်လို့၊ ကဲ၊ ကဲ ငါ ထမင်းစားလိုက်ဦးမယ်၊ ခွေကို ခဏရပ်ထားဦးမှ၊ ပြီးမှ ဆက်ကြည့်မယ်"

"လတ်လတ်! သမီးတို့က Channel 7 က နေ့လယ် ၂ နာရီလာတဲ့ကား ကြည့်မှာနော်"

"နင်တို့ဟာက ညကျရင် ပြန်လာမှာ မဟုတ်လား၊ အဲဒီကျမှ ကြည့်ပေါ့၊ ငါ့ဇာတ်လမ်းက ပြီးတော့မှာ၊ တစ်ပိုင်း ပဲ ကျန်တော့တဲ့ဟာကို"

"ဟာ! လတ်လတ်ကလည်း ညဘက် ပြန်ပြပေမယ့် ညဆယ်နာရီလောက်မှ လာတာ၊ စောင့်မကြည့်ချင် ပါဘူး၊ အိပ်ရေးပျက်တယ်ဗျ"

"နင်တို့ဟာလေ၊ ငါနဲ့ကို အတိုက်အခံ တော်တော်လုပ်ချင်တယ်၊ ငါက ညနေဆို တရားရိပ်သာသွားမှာပါ ဆို၊ နောက်နေ့တွေကျမှ နင်တို့ စိတ်ကြိုက် ကြည့်ကြပေါ့"

ညီမနှင့် တူမများ ပွစိပွစိနှင့် မကျေမနပ် ဖြစ်သွားကြသော်လည်း ဆက်မပြောကြတော့။ ဒေါ်မမလတ်လည်း ထမင်းစားရင်းနှင့် ဇာတ်လမ်းကို ဆက်ကြည့်နေလိုက်သည်။ ဇာတ်လမ်းပြီးသွားချိန်တွင် ဒေါ်မမလတ် မျက် လုံးတွေ အတော်ညောင်းနေပြီ ဖြစ်သည်။ လူကလည်း စိတ်ဝင်တစားနှင့် ကြည့်နေမိသောကြောင့် အညောင်းဆန့်လိုက်ပြီး ဘေးတွင် ချထားသော ထမင်းပန်းကန်ကို ယူကာ ဆေးကြောလိုက်သည်။ ပြီးတော့ နာရီကို မော့ကြည့်လိုက်တော့ ညနေ သုံးနာရီ ခွဲခါနီးရှိပြီဖြစ်သည်။ တရားစခန်းသွားဖို့ အချိန်စောသေးတာမို့ တရေးတမော အိပ်လိုက်ဦးမည်ဟု စဉ်းစားသည်။ ထို့နောက် သင်ဖြူးဖျာလေးကို ဆွဲယူခင်းကာ လှဲချ လိုက်တော့သည်။

ဒေါ်မမလတ် မည်မျှကြာအောင် အိပ်ပျော်သွားသည် မသိ၊ ညီမတစ်ယောက် လာနှိုးမှ လန့်နိုးလာသည်။

"မလတ်! မလတ်! ထတော့လေ၊ လေးနာရီခွဲနေပြီ၊ မလတ် တရားစခန်း သွားမလို့ဆို"

"ဟယ်! ဟုတ်ပါရဲ့၊ ငါ မှေးခနဲ အိပ်ပျော်သွားတာ ကြည့်စမ်း၊ အချိန်မီလေးပဲ၊ မြန်မြန် ရေချိုးဦးမှ"

ကမန်းကတန်း ရေမိုးချိုးပြီး သနပ်ခါးခပ်ပါးပါး လိမ်းလိုက်သည်။ ပြီးတော့ ချည်သားထည် ဘလောက်စ် အင်္ကျီ နံ့သာရောင်ဖျော့ဖျော့နှင့် ယောဂီထမီကို သပ်သပ်ရပ်ရပ် ဝတ်ဆင်လိုက်သည်။ လည်ကုပ်ထိရုံမျှ ရှိသော ဆံပင်ကို ဆံညှပ်တစ်ခုဖြင့် စုသိမ်း ညှပ်ထားလိုက်သည်။ မှန်ထဲမှ ကိုယ့်ရုပ်သွင်ကို တစ်ချက်စစ်ဆေးလိုက်ပြီး စိတ်တိုင်းကျပြီဆိုတော့မှ အိပ်ရာဘေးက လက်ဆွဲအိတ်ကလေးကို လှမ်းယူလိုက်သည်။

"ဟင်!"

ဒေါ်မမလတ် မျက်လုံးပြူးသွားသည်။ လက်ထဲမှ စေးထန်းထန်း အထိအတွေ့ကြောင့် လက်ဆွဲအိတ်ကို လွှတ် ချလိုက်ပြီး လက်ကို ဖြန့်ကြည့်လိုက်သည်။ သူ့လက်တွင် စိုစွတ်စေးကပ်သော အရည်တချို့ကို တွေ့လိုက်ရ သည်။ ဒေါ်မမလတ် ဒေါသတွေ တထောင်းထောင်း ထွက်လာသည်။ ဒါ...ဒါ...ဟို အကျင့်ယုတ်တဲ့ ကြောင်၊ သင်းလက်ချက်ပဲ ဖြစ်ရမယ်၊ ဘယ့်နှယ့် သူများတကာ ကုသိုလ်ကောင်းမှု သွားလုပ်ရင် ယူသွားဖို့ အသင့်ပြင် ထားတဲ့ အိတ်ကိုမှ စည်းမရှိ ကမ်းမရှိ သေးလာပန်းထားရတယ်လို့၊ တယ်လေ.....။ တွေးရင်း တွေးရင်း ဒေါသ က ပိုပိုထွက်လာသည်။ စိတ်တိုတိုနှင့် ခပ်ကျယ်ကျယ် အော်ပစ်လိုက်သည်။

"ဟဲ့! ဟိုအကျင့်ယုတ်တဲ့ ကြောင်စုတ် ဘယ်မလဲ၊ ကြည့်စမ်း! ငါ ရိပ်သာသွားဖို့ ပြင်ထားတဲ့ လက်ဆွဲအိတ် ကိုမှ ရာရာစစ သေးလာပန်းတဲ့ကြောင်၊ ဘယ်သူမှ မသိကြဘူးလားဟင်၊ အဲဒါကြောင့် ငါ ပြောတာ၊ ဒီလို စည်းမရှိ ကမ်းမရှိတဲ့ ကြောင်စုတ်ကို အိမ်ကို အလာမခံပါနဲ့လို့ ဘယ်နှခါ ပြောရမလဲဟင်၊ အခု ကြည့်စမ်း၊ ငါ့ အဝတ်တွေတော့ ပေကုန်ပါပြီ၊ ဘယ်မလဲ ... အဲဒီကြောင် အစုတ်ပလုတ်၊ ငါနဲ့တွေ့မယ် ဟင်း"

ဒေါ်မမလတ်၏ ဒေါသတကြီး အော်ပြောသံကြောင့် ညီမအငယ်ဆုံး ပြေးထွက်လာပြီး  -

"မလတ်! မလတ်! စိတ်လျှော့ပါ မလတ်ရယ်၊ ညီမ အိတ်အသစ်တစ်လုံးနဲ့ ပြန်ထည့်ပေးမယ်လေ၊ ပေး၊ ပေး"

"တော်ပြီ၊ တော်ပြီ၊ အိတ်အသစ် လဲထည့်ပေးလည်း ငါ့အဝတ်တွေက သေးတွေ စိုကုန်ပြီ၊ ဒီမှာ ကြည့်ပါဦး၊ နင် အနံ့မရဘူးလား၊ ဒီသင်္ကြန်တွင်းမှာ ဝတ်ဖို့ ငါ သေသေချာချာ ပြင်ဆင်ထားတဲ့ဟာကို၊ တွေ့မယ် အဲဒီကြောင် စုတ်၊ လာစမ်းပါစေဦး၊ ရိုက်ထုတ်ပစ်လိုက်မယ်၊ ငါ့များ ဘာမှတ်နေလဲ"


+++++++

အဲဒီလိုနဲ့ အဆုံးသတ်ကတော့ အားလုံး မျှော်လင့်ထားသလို ဒေါ်မမလတ်တစ်ယောက် တရားရိပ်သာ မသွားဖြစ်တော့ပေမယ့် သင်္ကြန်ရက်များမှာ မနက်ပိုင်း ပြုမြဲ ဘုရားဝေယျာဝစ္စ ပြီးစီးသည်နှင့် တီဗွီရှေ့တွင် အခန့်သားထိုင်လျက်၊ လက်တွင်လည်း အဓိဋ္ဌာန်ပုတီး အစိပ်မပျက်၊ အိမ်တွင် ရှိသမျှ ကိုရီးယားဇာတ် လမ်းတွဲများကို တစ်ချပ်ပြီးတစ်ချပ် သည်းခံ စိတ်ရှည်စွာဖြင့် မထတမ်း အားပေးကြည့်ရှုနေသည်ကို တွေ့ရ ပါတော့သတည်း။    ။




စာဖတ်သူအားလုံး မဟာသင်္ကြန်ရက်မှာ ဒေါသ မောဟများ ကင်းဝေးပြီး
အေးချမ်းပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


ခင်မင်လေးစားလျက်

မြဝတီဇော်











Tuesday, April 9, 2013

မနှောင်းသေးသော အသိ


လက်ထဲမှာ ကိုင်ထားတဲ့ Phone Screen ပေါ်က Call Ended ဆိုတဲ့ စာလေးကို ကြည့်ရင်း မျက်ရည်ဝဲလာ မိသည်။ စောစောတုန်းက စိတ်ကိုတင်းပြီး စကားပြောနေရသော်လည်း အသံက ဟန်မဆောင်နိုင်စွာ တုန်ခါနေမှန်း ကိုယ့်ကိုယ်ကိုယ် သတိထားမိသည်။ ဘာကြောင့် ခုချိန်ထိ ကျွန်မတို့နှစ်ယောက်ကြားမှာ နား လည်မှုက လွဲနေရသေးတာလဲ။ ဘာလို့ စကားပြောလိုက်တိုင်းမှာ အထစ်အငေါ့က တစ်ခုမဟုတ် တစ်ခု ရှိနေရတာလဲ။ အချိန်တွေ အကြာကြီး ခွဲနေကြရပြီးမှ တစ်ယောက်အသံ တစ်ယောက် ကြားရတဲ့ ခုလို မိနစ်ပိုင်းလောက် အချိန်ကလေးမှာတောင်မှ ကျွန်မတို့ ဘာလို့ စကားလုံးတိုင်းကို အမှား မခံနိုင် ဖြစ်နေကြ ရတာလဲ။ ဝမ်းနည်းစိတ်ကြောင့် ရင်ထဲမှာ တင်းကျပ်လာသည်။

+ + + + + + +

သည်နေ့မနက် ရုံးရောက်တော့ ထုံးစံအတိုင်း ကျွန်မရဲ့ အလုပ်စားပွဲကို သန့်ရှင်းရေးလုပ်နေစဉ် ဖုန်းမြည် လာသည်။ Screen ပေါ်က နံပါတ်ကို ကြည့်လိုက်တော့ 0061 နှင့်စသော Oversea call ဖြစ်နေ၍ ဝမ်းသာသွား သည်။ ထင်သည့်အတိုင်း "သူ" ဖြစ်နေသည်။ သူ့အသံကို ကြားလိုက်ရတဲ့ အခိုက်အတန့်ဟာ ကျွန်မ အတွက်တော့ အရာအားလုံးကို မေ့လျော့သွားစေခဲ့ပါသည်။ အလုပ်ချိန် ဖြစ်နေသောကြောင့် ညဘက်မှ ဖုန်း ပြန်ခေါ်မယ့်အကြောင်း ချိန်းဆိုပြီး ဖုန်းချလိုက်သည်။ ထိုနေ့တစ်နေ့လုံး ကျွန်မစိတ်တွင် အချိန် မြန်မြန် ကုန်ပါစေတော့လို့ ဆုတောင်းနေမိသည်။ လူကသာ အလုပ်လုပ်နေသော်လည်း သူများတွေ သတိထား မိလောက်အောင် မျက်နှာက ပျော်ရွှင်မှုကို ဖုံးဖိမရ ဖြစ်နေသည်။ သည်လိုနှင့် ကျွန်မ မျှော်လင့်နေသော ညနေ ရုံးဆင်းချိန် ရောက်လာပါသည်။ ရုံးက အပြန် ကားစီးလာရင်း ကားလမ်းတွေ ပိတ်နေသည့်အခါ စိတ်စောကာ ခါတိုင်းနေ့များထက် စိတ်မရှည်နိုင် ဖြစ်ရသေးသည်။ တော်ကြာ သူအကြာကြီး စောင့်နေရလို့ စိတ်ဆိုးသွားရင် ဒုက္ခ။

အိမ်ပြန်ရောက်သည်နှင့် ကမန်းကတန်း ရေမိုးချိုး ညစာစားပြီးသည်နှင့် ဖုန်းမှ အင်တာနက်လိုင်း ဖွင့်လိုက် သည်။ သူရောက်နေသည့် နိုင်ငံမှာ ကျွန်မတို့ဆီမှ အချိန်နှင့်ဆိုလျှင် တစ်နာရီခွဲမျှ စောသည်။ ထို့ကြောင့် ကျွန်မဘက်တွင် ညရှစ်နာရီမျှ ရှိသေးသော်လည်း သူ့ဘက်တွင်တော့ ညကိုးနာရီခွဲ ရှိနေပြီဖြစ်သည်။ ထိုနေ့ က အင်တာနက်လိုင်း ကောင်းနေသောကြောင့် စကားပြောရသည်မှာ အဆင်ပြေသည်။ လိုင်းကျသွား ရင်တော့ ကျွန်မတို့ စကားဖြင့် မပြောတော့ဘဲ မက်ဆေ့ခ်ျ အပြန်အလှန်ပို့ရင်း စကားပြောကြသည်။ အစ ပိုင်းတော့ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် စကြ နောက်ကြနှင့် အလွမ်းသယ်ကြသည်။ နောက် စကားပြောနေရင်း ကျွန်မက သူပြန်လာတဲ့အခါ ကျွန်မတို့နှစ်ယောက် အိမ်ခွဲနေကြဖို့ တိုင်ပင်သည်။ လက်ရှိ မှာ ကျွန်မက သူ အလုပ်သွားလုပ်သည့်အခါတိုင်း ကိုယ့်အိမ်ကိုယ် ပြန်နေပြီး သူပြန်ရောက်လာမှ သူ့အိမ်တွင် လိုက်နေခြင်း ဖြစ်သည်။ သူက တစ်ဦးတည်းသော သားမို့ သူ့အိမ်တွင် လိုက်နေရခြင်းမှာ ကျွန်မအတွက် သိပ်တော့ အပန်းမကြီးပါ။ သို့သော်လည်း သူအလုပ်သွားလုပ်ချိန်မှာတော့ ကျွန်မက သူ့အိမ်မှာ မနေခဲ့ ချင်။ နောက်တစ်ခုမှာ သူ့အိမ်နှင့် ကျွန်မအိမ်မှာ လမ်းလျှောက်သွားလျှင် ၁ဝ မိနစ်မျှသာ ကြာသော အကွာ အဝေးတွင် ရှိသောကြောင့်လည်း ဖြစ်သည်။

ထိုအကြောင်းနှင့် ပတ်သက်ပြီး ပြောရင်းမှ သူနှင့်ကျွန်မ အယူအဆ လွဲတော့သည်။ သူက ကျွန်မကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ရန် ဘယ်လိုမှ စိတ်မချ။ သူက သူရှိနေတဲ့အချိန်ဆို အကြောင်းမဟုတ်သော်လည်း သူအလုပ်သွားလုပ်သည့် အချိန်တွင်တော့ အိမ်တွင် ကျွန်မတစ်ယောက်တည်း ကျန်ခဲ့မည်ကို စိတ်ပူသည်။ ကျွန်မအတွေးကျတော့ တစ်မျိုး။ အခုလို ကျွန်မတို့နှစ်ယောက် လွတ်လွတ်လပ်လပ်ရှိတုန်း ဟိုဘက်အိမ် သည်ဘက်အိမ် တစ်လှည့်စီ နေသည်က အကြောင်းမဟုတ်သော်လည်း မိသားစုဘဝ ဖြစ်လာသည့်အခါ တွင်တော့ ဟိုဘက်အိမ် သည်ဘက်အိမ် သွားလိုက်ပြန်လိုက်နှင့် အလုပ်မရှုပ်ချင်၊ ကိုယ့်မိသားစုလေးနှင့် ကိုယ် အေးချမ်းစွာ အတည်တကျ နေလိုသည်။ သည်မှာတင် သူနှင့်ကျွန်မ ကတောက်ကဆ ဖြစ်တော့သည်။

ထုံးစံအတိုင်း သူကလည်း သူ့သဘောထားကိုသာ လိုက်နာစေချင်သည်။ ကျွန်မကလည်း ကိုယ်က မှန်တယ် ထင်လျှင် အလျှော့မပေးဘဲ ခေါင်းမာတတ်သူမို့ နှစ်ယောက်သား စကားနိုင်လုကြသည်။ နောက် ဆုံးတော့ နှစ်ယောက်စလုံးက မာနလေးတွေ ကိုယ်စီနှင့် စကား ဆက်မပြောကြတော့။ လက်ထဲက ဖုန်း Screen ကို ကြည့်ပြီး သူ့ဘက်က ဘာများ ပြောလာမလဲလို့ တိတ်တခိုး စောင့်မျှော်မိသည်။ သူလည်း ကျွန်မ လိုပင် ဖြစ်နေမည်ကို ကျွန်မ သိနေသည်။ ဒါပေမယ့် ကျွန်မတို့ရဲ့ မာနတွေက တစ်ယောက်ကို တစ်ယောက် က အလျှော့ပေးလိုက်ဖို့ကို တားဆီးနေသည်။ နောက်တော့ သူက ဓာတ်ပုံလေးတစ်ပုံ ပို့လိုက်သည်။ ကြည့် လိုက်တော့ ချစ်စဖွယ် ကလေးမငယ်လေးပုံ။ ကျွန်မ ကလေးချစ်တတ်မှန်းသိ၍ ချော့သည့်အနေနှင့် ပို့ လိုက်ခြင်းဖြစ်ကြောင်း သိသာသည်။ သို့သော်လည်း ကျွန်မက သူ့ကို အနည်းငယ် ရစ်ချင်၊ ရန်စချင်နေတဲ့ အချိန်မို့ -

"ကလေးပုံလေးက ချစ်ဖို့တော့ ကောင်းပါတယ်၊ ဒါပေမယ့် သူ့အဖေနဲ့ တူလို့ထင်တယ်၊ နှုတ်ခမ်းကို ထော်နေ တာပဲ" လို့ ရေးလိုက်တော့ သူက -

"နှုတ်ခမ်းထော်တာကမှ ချစ်စရာကောင်းသေးတယ်၊ သူ့အမေလို ကောက်တေးမဖြစ်ရင် ပြီးရော" ဆိုပြီး ချေပ တယ်။ ကျွန်မက -

"ဘာမှ ကောက်တေး မဟုတ်ဘူး နော်၊ သူ့အဖေလို ပေကတ်ကတ်နဲ့ ဂျစ်တိဂျစ်ကန် မဖြစ်ဖို့သာ လိုတာ"

ကျွန်မ အဲဒီလို စကားနိုင်လု ပြောတော့ သူက ဘာမှ ထပ်မပြောတော့ဘဲ ဓာတ်ပုံလေးတစ်ပုံ ထပ်ပို့လိုက်ပါ တယ်။ အဲဒီပုံလေးက သူနှင့်ကျွန်မ ချစ်သူဘဝက ရိုက်ထားတဲ့ Sticker ပုံလေး။ ထိုပုံလေးက သူ့ပိုက်ဆံအိတ် ထဲမှာ အမြဲ ထည့်ထားနေကျ ပုံလေးဖြစ်သည်။ နှစ်ယောက်သားရဲ့မျက်နှာမှာ အပြုံးကိုယ်စီနှင့်။  ကျွန်မက -

"အဲဒီတုန်းကတော့ ဘဝဆိုတာ ဘာမှန်း မသိသေးတဲ့ အချိန်ပေါ့"

လို့ စာရေးပြီး သူ့ကို ရန်စ,လိုက်တော့ သူက -

"ခုတော့ ဘဝဆိုတာ ဘာမှန်း သိသွားပြီပေါ့"

ဆိုပြီး ညစ်ကျယ်ကျယ် ပြန်ရေးတယ်။ ဒါနဲ့ ကျွန်မက -

"ဟုတ်တယ်၊ ခုတော့ သိသွားပြီလေ၊ ကိုယ့်ယောက်ျားက အရမ်းချစ်တယ်ဆိုပြီး သွေးနားထင် ရောက်နေတာ၊ ခုမှ အဲဒီအထင် မှားမှန်း သိရတယ်၊ အရာရာကို သူ့သဘောကျအတိုင်းပဲ ဖြစ်စေချင်နေတာကိုး"

"မင်းကွာ၊ အဓိပ္ပာယ် မရှိတာ၊ မင်းကို အလိုမလိုက်တာနဲ့ပဲ လျှောက်ပြောနေတယ်၊ အရူးမ"

"ဟုတ်နေတာပဲကို"

"တော်ပြီကွာ၊ မင်းနဲ့ ဆက်ပြီး မပြောချင်တော့ဘူး၊ မင်းလဲ အိပ်တော့"

သူက အဲဒီလို စာတိုလေးပို့ပြီး မကြာခင် Good Night! ဆိုတဲ့ ရုပ်ပြောင်ကာတွန်းလေးတစ်ခု ပို့လိုက်တယ်။ အဲဒီနောက် ကျွန်မ ထပ်ပို့တဲ့ စာတိုလေးတွေ၊ ရုပ်ပြောင်လေးတွေကို စာမပြန်သလို ကျွန်မ ဖုန်းခေါ်တော့ လည်း သူ့ဘက်က ဖုန်းမကိုင်တော့ပါဘူး။ အချိန်က ည ၁၁း ၃ဝ ရှိနေပြီမို့ သူ့ဘက်တွင် ည ၁ နာရီ ထိုးနေပြီဖြစ်သည်။ ထို့ကြောင့် ကျွန်မ ဘာမှ ဆက်မပြောတော့ဘဲ အင်တာနက်လိုင်း ပိတ်လိုက်တော့သည်။ အိပ်လို့ကတော့ ဘယ်လိုမှ မပျော်။

နောက်တစ်နေ့မနက် အိပ်ရာနိုးတော့ လူက ခေါင်းတွေအုံပြီး စိတ်မကြည်မလင် ဖြစ်နေသည်။ မနေ့က သူ ဘာလို့ စကားပြန်မပြောတော့တာလဲ၊ တကယ်ပဲ သူအိပ်ချင်လို့ စကားဖြတ်လိုက်တာလား၊ ဘာပဲပြောပြော ကိုယ်ချစ်လို့ ယူထားတဲ့ ချစ်သူတစ်ယောက်ဖြစ်ပြီး ခုလို ကိုယ့်ကို တုံးတိတိ စကားစ ဖြတ်လိုက်တာကို စိတ်ထဲမှာ ဘဝင်မကျခြင်းက တစ်ဖက်၊ မခံချင်စိတ်က တစ်ဖက် ခံစားနေရသည်။ ကျွန်မကို အရေးအရာ မထားဘူးဆိုတဲ့ သဘောမျိုး လုပ်တာလား၊ ဘာဖြစ်လို့ စကားတောင် ပြန်မပြောနိုင်ရတာလဲ။ ကျွန်မ ပြောတဲ့ စကားထဲမှာ သူစိတ်ဆိုးစရာ ဘာများ ပါသွားလို့လဲလို့ တွေးမိရင်းက အိပ်ရာဘေးမှ ဖုန်းကို လှမ်းယူပြီး မနေ့က သူနှင့် အပြန်အလှန် ပို့ခဲ့ကြသော မက်ဆေ့ခ်ျများကို ပြန်ဖတ်ဖို့ ဖုန်းမှ အင်တာနက်ကို ဖွင့်လိုက် သည်။ မထင်မှတ်ဘဲ ကျွန်မ တွေ့လိုက်ရတာက သူ့ဆီက မက်ဆေ့ခ်ျအသစ် လေးငါးစောင်။ စိတ်လှုပ် ရှားခြင်း တစ်ဝက်၊ သိချင်စိတ်တစ်ဝက်နှင့် သူ့မက်ဆေ့ခ်ျများကို တစ်စောင်ချင်း ဖတ်ကြည့်လိုက်သည်။

"အိပ်တော့လေ၊ တော်ကြာ အိပ်ရေးပျက်ရင် သွေးပေါင်ကျတယ် ဖြစ်ဦးမယ်"

"ပြောစကားလည်း တစ်ခွန်းမှ နားမထောင်ဘူး၊ ပြောပြန်ရင်လည်း စိတ်က ကောက်သေး တယ်၊ ကောက်တေးမလေး၊ ပြောတော့ မအိပ်ချင်သေးဘူးဆိုပြီး အခုတော့ Good Night! တဲ့"

"လိုင်းမကောင်းတော့ဘူးကွ၊ ပို့ထားတဲ့ မက်ဆေ့ခ်ျက အကြာကြီးနေမှ ထွက်သွားတယ်"

"အခု ကိုယ်တို့သင်္ဘောလည်း ထွက်နေပြီ၊ ကျန်းမာရေး ဂရုစိုက်၊ အရမ်းချစ်တယ်နော်၊ Bye Bye!"

သူပို့ထားတဲ့ မက်ဆေ့ခ်ျများကို ဖတ်ရင်း ပျော်ရွှင်ကြည်နူးမှုကြောင့် မျက်ရည်ဝဲမိသည်။ ကျွန်မက သူ့ကို စိတ် ဆိုး စိတ်ကောက်ပြီး သူနှင့် အဆက်အသွယ်ရလို့ ဖုန်းချခါနီးတိုင်း ပို့နေကျ "ကျန်းမာရေး ဂရုစိုက်၊ အရမ်း ချစ်တယ်နော်" ဆိုတဲ့ စာတိုကလေးကို မပို့ခဲ့သော်လည်း သူကတော့ ကျွန်မနှင့် စိတ်အခန့်မသင့် ဖြစ်တဲ့ အချိန်၊ ခရီးဝေးကွာလွန်းလို့ လေးလံ နှေးကွေးသွားပေမယ့် Connection ရနေတုန်း အချိန်လေးမှာတောင် သတိတရနှင့် အပြန်အလှန် ပို့မြဲ နှုတ်ဆက်စာတိုလေးကို ပို့ပေးခဲ့သည်။ သူပို့လိုက်တဲ့ မက်ဆေ့ခ်ျလေးများ ကို ထပ်တလဲလဲ ဖတ်ရင်း ကျွန်မ နောင်တရနေမိသည်။

တကယ်တော့ ကျွန်မတို့နှစ်ယောက်လုံးမှာ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ပြီး ညီတူညီမျှ ချစ်ခင် ကြသော်လည်း နှစ်ဦးနှစ်ဖက် အမြင်မတူသည့် အခါတိုင်းမှာ ရင်ထဲက သံယောဇဉ်တွေကို ကွယ်ဝှက်ပြီး မာနလေးတွေ ကိုယ်စီနှင့် စကားအနိုင်လုပ် ပြောခဲ့ကြသည်။ သူကလည်း အိမ်ထောင်ဦးစီးဖြစ်သည့် သူ့ ဆုံးဖြတ်ချက်ကိုသာ ကျွန်မက လိုက်နာစေချင်သလို ကျွန်မကလည်း ကျွန်မသဘောထားကို သူက နား လည်မှုနှင့် လိုက်လျောပေးစေချင်ခဲ့သည်။ ဆိုရလျှင်တော့ ကျွန်မတို့နှစ်ယောက်သည် ကိုယ့်ချစ်သူ စိတ် ချမ်းသာဖို့ထက် ကိုယ့်ဆန္ဒ၊ ကိုယ့်ခံစားချက်များကိုသာ ရှေ့တန်းတင်ခဲ့ကြသည်။ ဘယ်လို ဖြစ်သင့်သည် ဆိုသည်ကို နှစ်ယောက်စလုံး သိသော်လည်း အချင်းချင်း ယခုထက်ပိုပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်မှု အားနည်းခဲ့ကြသည်။

အခုတော့ ကျွန်မ ဆုံးဖြတ်လိုက်ပါပြီ။ ကိုယ်လိုချင်တာတစ်ခုကို ရယူလိုမှု လောဘတွေနှင့် အတင်းကာရော ကြိုးစားနေသမျှ ဘယ်လိုမှ ရနိုင်မည် မဟုတ်မှန်း လက်တွေ့ သိခဲ့ရပြီ။ လူ့သဘာဝအရ မရနိုင်လေ၊ လို ချင်လေ၊ ကြိုးစားလေ၊ ကိုယ်ပဲ စိတ်ပင်ပန်း ဆင်းရဲလေ ဖြစ်ရသည်ကိုလည်း ငြီးငွေ့လှပြီ။ ထို့ကြောင့် သူက ဦးဆောင်၍ လျှောက်လှမ်းသွားမည်ဆိုသည့် လမ်းတိုင်းကို သူ့နောက်က အေးငြိမ်းသက်သာစွာ အစဉ် တစိုက် လိုက်ပါတော့မည်။ နှစ်ယောက်အတူ လျှောက်လှမ်းရမည့် ဘဝခရီးလမ်းရှည်ကြီးမှာ ဘေးချင်းယှဉ်၍ အတူဖေးမ လျှောက်လှမ်းနိုင်ခွင့် မရခဲ့လျှင်လည်း သူ့လက်ကိုတွဲလို့ နောက်တော်ပါးမှ  နောက်လိုက်ကောင်း တစ်ယောက်အဖြစ် တစ်ဖဝါးမှ မခွာ အသာတကြည် လိုက်နိုင်ဖို့သာ ကြိုးစားပါတော့မည်။

ဖတ်ဖူးသည့် စာစုတစ်ခုတွင် ပါရှိသည့်အတိုင်း "အမျိုးသားတွေဟာ သူတို့ကို အားကိုးအားထားပြုတဲ့ အိမ်ထောင်ဖက်မျိုးကိုသာ အလိုရှိတတ်ကြပြီး လိမ္မာပါးနပ်သည့် အမျိုးသမီးများသည် တစ်ခါတစ်ရံ မိမိကိုယ် ကိုယ် တုံးအ,တတ်ဖို့ လိုသည်" ဆိုခြင်းကို အခုတော့ ကျွန်မ သိလိုက်ပါပြီ။

ကျွန်မရဲ့အသိ အချိန်မနှောင်းသေးဘူး ထင်ပါရဲ့နော်... ..... .....။