Wednesday, June 12, 2013

လက်စွပ်နတ်အိပ်မက်




ပြီးခဲ့တဲ့ တစ်ပတ်က သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာဆွမ်းကျွေးကို အကြောင်းပြုပြီး ကျွန်မတို့ သူငယ်ချင်း တစ်စု ပြန်ဆုံဖြစ်ကြတယ်။ ကျွန်မတို့ သူငယ်ချင်းတွေ အားလုံး ခုနစ်ယောက်ရှိတဲ့အထဲက သူငယ် ချင်းနှစ်ယောက်ကတော့ မင်္ဂလာဆွမ်းကျွေးကို မလာဖြစ်ခဲ့ပါဘူး။ သူငယ်ချင်း သုံးယောက်ကို ကျွန်မအိမ် ကနေပဲ သွားကြမယ်လို့ ကြိုချိန်းထားတာမို့ မင်္ဂလာဆောင်မသွားခင် ကျွန်မတို့ သူငယ်ချင်းတွေ တစ်ယောက်တစ်ခွန်း ရောက်တတ်ရာရာ ပြောဖြစ်ခဲ့ကြပါတယ်။

သူငယ်ချင်း လေးယောက်သား ဆုံမိကြပြီဆိုတော့လည်း ထုံးစံအတိုင်း လက်ပံပင်က ဆက်ရက် ပျံပြေး ရလောက်အောင် စကားတွေ အလုအယက်ပြောကြ၊ ရယ်ကြနဲ့ ပွဲစည်သွားခဲ့ပါတယ်။ သူငယ်ချင်းနှစ်ယောက် က ကျွန်မနဲ့ တစ်မြို့တည်းနေတာ ဖြစ်ပေမယ့် ကျန်တစ်ယောက်ကတော့ မွေးရပ်မြေကနေ ပြောင်းသွား တာ ဖြစ်ပါတယ်။ သူတို့တွေနဲ့ လူချင်း မဆုံဖြစ်ကြတာ တော်တော်ကြာပါပြီ။ ကိုယ်ကျင်လည်ရာ ကိုယ့် ဝန်းကျင်မှာ အသီးသီး ရှင်သန်နေကြရတာမို့ အကြောင်းကိစ္စ ရှိလာမှသာ ဆုံတွေ့နိုင်ကြတော့တယ်။ ဒါကြောင့် သူငယ်ချင်းတွေ ဆုံကြတဲ့ အခိုက်အတန့်လေးမှာတော့ အရင်တုန်းကလိုပဲ ဟိတ်ဟန် မရှိ၊ လွတ် လပ် ပေါ့ပါးတဲ့ ငယ်ဘဝလေးကို တစ်ခါ ပြန်ရလိုက်သလိုပါပဲ။

အဲဒီနေ့က ငြိမ်းနဲ့ စကားစပ်မိလို့ ကျွန်မတို့ငယ်ငယ်က လက်စွပ်နတ်မေးခဲ့ကြတဲ့အကြောင်း ပြောမိပါတယ်။။ အဲဒီတုန်းက ကျွန်မတို့ သူငယ်ချင်းတစ်စု ငြိမ်းရဲ့အိမ်မှာ ဝါဆိုသင်္ကန်းကပ်လို့ ဆုံမိကြပါတယ်။ အလှူမှာ တဝ တပြဲ စားသောက်ပြီးတာတောင် မပြန်ကြသေးဘဲ ထုံးစံအတိုင်း လက်ဖက်သုပ်တစ်ပန်းကန်နဲ့ ရေနွေးကြမ်း ဗန်းကို ယူပြီး ငြိမ်းရဲ့ အခန်းလေးမှာ စုထိုင်ပြီး စကားပြောနေကြပါတယ်။ အဲဒီလို ပြောနေရင်းက တစ်ယောက်က စိတ်ကူးပေါက်ပြီး လက်စွပ်နတ် မေးကြရအောင်လို့ စကား စ,လာပါတယ်။ ဒါနဲ့ လက်စွပ် နတ်ဆိုတာ ဘယ်လိုမေးရတာလဲလို့ ပြန်မေးလိုက်တော့ အဲဒီသူငယ်ချင်းက ရှင်းပြပါတယ်။

လက်စွပ်နတ် မေးမယ်ဆိုရင် အရင်ဆုံး လိုအပ်တာက ကျောက်မပါတဲ့ ရွှေလက်စွပ်တစ်ကွင်း၊ ရေတစ်ဝက် ထည့်ထားတဲ့ဖန်ခွက် တစ်ခွက်၊ ဆံပင်ခြည်တစ်မျှင် ရှိရမယ်တဲ့။ အဲဒါတွေ စုံပြီဆိုရင် လက်စွပ်ကို ဆံပင်ခြည် နဲ့ လျှိုသွင်းပြီး ရေဖန်ခွက်ထဲမှာ ရေနဲ့ မထိစေဘဲ တွဲလောင်းချပြီး ကိုင်ထားရမယ်။ ပြီးရင် လက်စွပ် လုံးဝ ငြိမ်သွားပြီဆိုတော့မှ လက်စွပ်နတ်ကို ခေါ်ရတယ်။ လက်စွပ်နတ် ဝင်လာပြီဆိုရင်တော့ ကိုယ်မေးချင် တဲ့ မေးခွန်းတွေ မေးလို့ရပြီလို့ သူက ပြောပြတယ်။ အဲဒါနဲ့ပဲ အားလုံး စိတ်ဝင်စားသွားကြပြီး လက်စွပ် နတ်မေးဖို့ ပြင်ဆင်ကြတော့တယ်။

ကျွန်မတို့ ခုနစ်ယောက်သား ငြိမ်းရဲ့ကုတင်ပေါ်မှာ စုဝေးပြီး ဝိုင်းထိုင်လိုက်ကြတယ်။ ကျွန်မတို့ ထိုင်နေတဲ့ ဝိုင်းရဲ့အလယ်မှာ ရေတစ်ဝက်ဖြည့်ထားတဲ့ ဖန်ခွက်တစ်ခွက် ချထားပြီး ငြိမ်းက ဆံပင်ခြည်နဲ့ တွဲလောင်း ဆွဲထားတဲ့ လက်စွပ်ကလေးကို ဖန်ခွက်ထဲကို ထည့်လိုက်တယ်။ ခဏကြာတော့ လက်စွပ်ကလေး ငြိမ်သက် သွားပြီ ဆိုတော့မှ ငြိမ်းက မျက်လုံးမှိတ်ပြီး နှုတ်ခမ်းလှုပ်ရုံ တတွတ်တွတ် ရွတ်ဆိုလိုက်တယ်။ ပြီးတော့ သူက လက်စွပ်နတ် ဝင်လာရင် ဒီလက်စွပ်က ဖန်ခွက်ထဲမှာ စကောဝိုင်းလှည့်သလို ပတ်ချာလည် လှည့်ပြီး ဖန်ခွက် နံရံတွေကို အသံမြည်အောင် ရိုက်လိမ့်မယ်လို့ ကျွန်မတို့ကို ရှင်းပြတယ်။ ဒါနဲ့ ကျွန်မတို့အားလုံးရဲ့ မျက် လုံးတွေက လက်စွပ်ကလေးဆီမှာ စုပြုံပြီး စူးစိုက်ကြည့်နေကြတာပေါ့။ အဲဒီလို ကြည့်နေရင်းကနေ လက် စွပ်ကလေးဟာ တဖြည်းဖြည်း လှုပ်ရှားလာပြီး စကောဝိုင်းသလို ဝဲလည်လှည့်ကာ ဖန်ခွက်နံရံတွေကို တချွင် ချွင်မြည်တဲ့အထိ ထိရိုက်ပါတော့တယ်။ မထင်မှတ်ထားတဲ့ အဖြစ်အပျက်မို့ ကျွန်မတို့အားလုံး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး အံ့သြနေကြပါတယ်။

စစချင်းတော့ နည်းနည်းကြောက်သလိုလိုဖြစ်ပြီး ကျွန်မတို့တတွေ ဘာမေးလို့ မေးရမှန်း မသိဘဲ သူ့ ကိုယ်ကြည့်၊ ကိုယ့်သူကြည့် လုပ်နေမိကြတယ်။ ဒါနဲ့ပဲ ငြိမ်းက -

"မြန်မြန် မေးကြပါဟ၊ ငါ လက်ညောင်းလာပြီနော်"

လို့ ပြောလိုက်တော့မှ ကျွန်မတို့ ခြောက်ယောက်သား လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။ ပြီးတော့ ကျွန်မက စပ်စုချင်သူပီပီ ကျွန်မတို့ ဘာနေ့သမီးတွေလဲဆိုတာ မေးကြည့်ဖို့ အကြံရသွားပါတယ်။ လက်စွပ်နတ်ကို ကျွန်မတို့ ခုနစ်ယောက်ရဲ့ မွေးနေ့ဂဏန်းကို မှန်အောင် ပြောပြပါလို့ မေးလိုက်ပါတယ်။ ဘယ်လို ပြောရ မှာလဲဆိုရင် ဥပမာ - တနင်္ဂနွေနေ့ မွေးသူဆိုရင် ဖန်ခွက်ရဲ့ နံရံကို အရှေ့အနောက် (ဒါမှမဟုတ် တောင် နဲ့မြောက်) လွှဲပြီး တစ်ချက် ခပ်ပြင်းပြင်း ရိုက်ပြခိုင်းတာပါ။ တစ်ယောက်ကို အရှေ့အနောက် လွှဲခိုင်းပြီး ရင် နောက်တစ်ယောက်ကို တောင်နဲ့မြောက် လွှဲခိုင်းပြီး မေးကြတာ ဖြစ်ပါတယ်။ အဲဒီမေးခွန်းကို လက်စွပ် နတ်က ကျွန်မတို့ ခုနစ်ယောက်လုံးအတွက် မှန်အောင် ဖြေပေးနိုင်တာကြောင့် ကျွန်မတို့တွေ နည်းနည်း ယုံကြည်မှု ရှိလာကြတယ်။

ဒါနဲ့ပဲ ကျွန်မတို့ နောက်ထပ်မေးခွန်းတွေကို အပျော်သဘောနဲ့ လျှောက်မေးကြပါတော့တယ်။ အဲဒီ မေး ခွန်းတွေထဲကမှ ကျွန်မတို့ သူငယ်ချင်း ခုနစ်ယောက်ထဲမှာ ဘယ်သူက အရင်ဆုံး အိမ်ထောင်ကျမလဲ ဆိုတဲ့ မေးခွန်းကိုလည်း မေးဖြစ်ခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ သူငယ်ချင်းတွေထဲမှာ အဲဒီအချိန်တုန်းက ချစ်သူရှိတဲ့သူတွေလည်း ရှိနေပြီဖြစ်လို့ အဲဒီမေးခွန်းကို စိတ်ဝင်တစား သိချင်နေကြ တာပေါ့။ ဒီမေးခွန်းကို ဘယ်လို မေးလိုက်သလဲဆိုတော့ “ပထမဆုံး အိမ်ထောင်ကျမယ့်သူကို အရင်ဆုံး ညွှန်ပြပါ၊ ပြီးရင် ပိုသေချာအောင် အဲဒီလူရဲ့ မွေးရက်ဂဏန်းအတိုင်း ဖန်ခွက်နံရံကို ရိုက်ခတ်ပြပါ” လို့ မေး လိုက်ပါတယ်။

အဲဒီလို မေးပြီးတာနဲ့ ကျွန်မတို့အားလုံး ဘယ်လိုအဖြေထွက်လာမလဲ ဆိုတာ ငြိမ်သက်စွာ စောင့်ကြည့်နေကြ ပါတယ်။ စစချင်းမှာ လက်စွပ်ကလေးဟာ တဖြည်းဖြည်း စတင် လှုပ်ရှားလာပါတယ်။ ပြီးတော့ အရှေ့နဲ့ အနောက်ကို ခပ်ဖြည်းဖြည်း စလွှဲလာပါတယ်။ အဲဒီလို လွှဲနေတဲ့အချိန်က နည်းနည်းကြာတာမို့ လက်စွပ်ရဲ့ ဦးတည်ရာဘက်မှာ ထိုင်နေတဲ့ သူငယ်ချင်းတစ်ယောက်က စိတ်မရှည်တော့ဘဲ -

“ဘာမှန်းလဲ မသိဘူးဟာ၊ ဒီလိုချည်းပဲ အရှေ့အနောက် လွှဲနေတော့ ငါ့ကိုပဲ ဟောနေသလိုလို၊ ငြိမ်းကို ပဲ ဟောနေသလိုလိုနဲ့၊ ဘယ်သူ့ကို အတည်ယူရမှာလဲ မသိတော့ဘူး”

လို့ ညည်းပြော ပြောလိုက်တယ်။ သူအဲ့ဒီလိုပြောပြီး သိပ်မကြာခင်မှာပဲ လက်စွပ်ကလေး လွှဲရမ်းနေတာက အရှိန်ပါလာပြီး ဖန်ခွက်ရဲ့ အနောက်ဘက် နံရံကို ခပ်ပြင်းပြင်း စတင် ရိုက်ခတ်ပါတော့တယ်။ ကျွန်မတို့ လည်း တအံ့တသြနဲ့ ရိုက်တဲ့အသံ အရေအတွက်ကို မှတ်ထားလိုက်မယ်ဟဲ့ဆိုပြီး ပြင်ရုံရှိသေး၊ လက်စွပ်က ဖန်ခွက်ရဲ့ဘေးနံရံကို နှစ်ချက်သာ ရိုက်ခတ်ပြီး အရှိန်လျော့သွားပါတော့တယ်။ ကျွန်မတို့လည်း စိတ်ထဲမှာ မတင်မကျကြီး ဖြစ်သွားကြပါတယ်။ ဒါနဲ့ ကျွန်မက -

“အေးလေဟာ၊ ကြည့်ဦး၊ လက်စွပ်နတ်ကလည်း ဘယ်လိုဟောနေတာလဲ မသိဘူး၊ ဒီတစ်ခါတော့ ငါတို့ကို ပညာပြနေပြီ ထင်တယ်”

လို့ မကျေမနပ် ပြောလိုက်မိပါတယ်။ ကျွန်မရဲ့ စကားသံအဆုံးမှာ ငြိမ်းက တဟားဟားနဲ့ ထရယ်ပါတော့ တယ်။ ပြီးတော့မှ သူက -

“သူဟောနေတာ မှန်သားပဲဟ၊ နင်တို့ကလည်း အပြစ်တင် မစောကြစမ်းပါနဲ့”

“ဟင်! ဘယ်မှာ မှန်လို့တုန်း၊ ဘယ်သူမှန်းလဲ မသိဘဲနဲ့”

“ဟဲ ဟဲ၊ ဒါလေးတောင် နင်တို့ မသိကြဘူးလား၊ တော်တော်ညံ့တာပဲဟာ”

“အောင်မယ်၊ နင်ကကော သိလို့လား၊ ပြောစမ်းပါဦး”

“မသိစရာလားဟ၊ ဟီးဟီး၊ အဲဒါ ငါပေါ့”

ငြိမ်းရဲ့စကားကြောင့် ကျွန်မတို့ မျက်လုံးပြူးသွားကြတယ်။

“နင့်ဟာက ဟုတ်ကော ဟုတ်ရဲ့လား ငြိမ်းရဲ့၊ ငါတို့တော့ နားမလည်တော့ဘူး”

“သြော်... ဟုတ်ပါတယ်ဆိုနေ၊ ငါက နင်တို့ကို ညာစရာလား"
 
အဲဒီနောက် ကျွန်မတို့ကို အစဉ်လိုက် ဟောသွားတာက ဒုတိယက ကျွန်မ၊ တတိယ သီရိနဲ့ ကျန်လူများကို လည်း အလှည့်ကျ တစ်မျိုးစီဟောပါတယ်။ အဲဒီမှာ ရယ်စရာကောင်းတာတစ်ခုက သူငယ်ချင်းတစ်ယောက် ကို အပျိုကြီးဖြစ်မယ်ဆိုပြီး ဟောလိုက်ပါတယ်။ ဘယ်လို ဟောတာလဲဆိုတော့ အဲဒီသူငယ်ချင်းအလှည့်မှာ လက်စွပ်က ဘယ်လိုပဲ လှည့်ပတ်ပြီး မေးမေး လုံးဝကို မလှုပ်တော့တာပါပဲ။ အဲဒါနဲ့ မနေနိုင် မထိုင်နိုင် ကျွန်မ က လျှာရှည်ပြီး -
 
"ဒါဆို အပျိုကြီး တကယ်ဖြစ်မယ်ဆိုရင် အဲဒီလူရဲ့ မွေးနံအတိုင်း ဖန်ခွက်နံရံကို အရှေ့ကော၊ အနောက်ကော အသံမြည်အောင် ခပ်ပြင်းပြင်း ရိုက်ပြပါ"
 
လို့လည်း ပြောလိုက်ရော အဲဒီသူငယ်ချင်းရဲ့ မွေးနံအတိုင်း ဖန်ခွက်ကို အသံမြည်အောင် လွှဲရိုက်တော့တာ ပါပဲ။ အဲဒီမှာ အပျိုကြီးဖြစ်မယ်လို့ ဟောခံရတဲ့ သူငယ်ချင်းလည်း စိတ်ဆိုးမာန်ဆိုး ဖြစ်သွားပါတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်တုန်းက သူ့မှာ ချစ်သူရှိနေရဲ့သားနဲ့ သူ့ကို အပျိုကြီးဖြစ်မယ်လို့ ဟောရပါ့ မလားဆိုပြီးတော့ပေါ့။ အဲဒီသူငယ်ချင်းကို ကြည့်ပြီး ကျန်တဲ့သူတွေကတော့ တဟားဟားနဲ့ ပွဲကျသွားပါတော့ တယ်။
 
@ @ @ @ @

 
အဲဒီတုန်းက အဖြစ်အပျက်လေးက လူငယ်သဘာဝ အပျော်အပျက်အနေနဲ့ မေးခဲ့ကြတာ ဖြစ်ပေမယ့် အခု အချိန် ပြန်တွေးကြည့်တော့ အဲဒီအတိုင်း မှန်နေတာ အံ့သြမိပါတယ်။ ကျွန်မက ဗေဒင်တွေ ဘာတွေကို အရမ်းကြီး ယုံကြည်တာမျိုးလည်း မဟုတ်သလို မျက်စိမှိတ်ပြီး ငြင်းတာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ငယ်စဉ်တုန်းက အပျော်သဘောမေးခဲ့ကြတဲ့အတိုင်း အခုအသက်အရွယ်မှာ တကယ် ဖြစ်လာတာကတော့ ထူးခြားတဲ့ တိုက်ဆိုင်မှုလို့ ပြောရမလိုပါပဲ။ ကျွန်မ သူငယ်ချင်းတွေကတော့ ဒီအဖြစ်အပျက်ကလေးကို သတိ ရကောင်းမှ ရပါတော့မလား မသိနိုင်ပေမယ့် ကျွန်မကတော့ အခုချိန်ထိ မှတ်မိနေခဲ့ပါတယ်။ တကယ်တော့ လက်စွပ်နတ်က ဘယ်လိုပဲ ဟောခဲ့တာဖြစ်ပါစေ၊ လက်ရှိအချိန်မှာတော့ အပူအပင်ကင်းမဲ့ပြီး လွတ်လပ်ပေါ့ ပါးတဲ့ ငယ်ဘဝလေးကို တွေးမိလိုက်တိုင်း အချစ်ဆုံး သူငယ်ချင်းတွေနဲ့ ပျော်ရွှင်ခဲ့ရတဲ့အချိန်လေးတွေ ပိုင်ဆိုင်ခဲ့ဖူးတယ်ဆိုတာကို စိတ်ထဲမှာ ကျေနပ်မဆုံး ဖြစ်နေမိပါတော့တယ်။
 
 
 
စာဖတ်သူ အားလုံးကို ခင်မင်လေးစားလျက်
 
 
မြဝတီဇော်