Saturday, May 12, 2012

မီးခိုးရောင်လှိုင်းတို့ ကွန်းခိုရာ


    လူသားတိုင်းလိုလို တောင့်တတတ်ကြသည်မှာ အသက်ရှည်စွာ အနာမဲ့ရေး ဖြစ်ပါသည်။ ထိုသို့ အသက် ရှည် အနာမဲ့စွာ နေထိုင်နိုင်ရန်လည်း သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှု၊ အစားအသောက်၊ ဆေးဝါး တို့ဖြင့် ဂရုတစိုက် ပြုပြင်နေထိုင်လေ့ ရှိကြပါသည်။ ကျွန်မတို့ မြန်မာလူမျိုးများတွင် လူကြီးသူမများက ဆုပေးသောအခါ အသက်ရှည်၊ အနာကင်း၊ အဆင်းလှပါစေဟူသော ဆုတစ်မျိုးကို ပေးလေ့ရှိသည်။ အမှန် အားဖြင့်လည်း လူတစ်ဦး အိုမင်းလာသည့်အခါ အသက်ရှည်ရှည် နေထိုင်နိုင်ရန် ကျန်းမာခြင်းနှင့် ရောဂါ ဘယ ကင်းရှင်းခြင်းသည် အရေးကြီးသောအချက် ဖြစ်ပါသည်။

    ကမ္ဘာပေါ်တွင် သက်ကြီးရွယ်အို အများဆုံးနိုင်ငံကို ပြောပါဆိုလျှင် ဂျပန်နိုင်ငံဟု ပြောရပါမည်။ တကယ် တမ်းလည်း ဂျပန်လူမျိုးများသည် အသက်ရှည်ခြင်းဟူသော ဆုလာဘ်နှင့် ပြည့်စုံသူများဖြစ်ပါသည်။ ထို့ပြင် ဂျပန်နိုင်ငံသည် သက်ကြီးရွယ်အို များပြားသလောက် ကလေးမွေးဖွားမှုနှုန်း နည်းပါးသောနိုင်ငံဟုလည်း ပြော၍ရမည် ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဂျပန်နိုင်ငံတွင် နေထိုင်ကြသူ လူလတ်ပိုင်း အမျိုးသား၊ အမျိုးသမီးများမှာ အိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်လျှင် အိမ်ထောင်ပြုမှုနှုန်း နည်းပါးကြခြင်းကြောင့် ဖြစ်ပါသည်။ လူနေမှုစနစ်အရ အိမ်ရာတည်ထောင်မှု စရိတ်စက ကြီးမြင့်ခြင်းနှင့် နေထိုင်ရန် အိမ်ငှားခ၊ စားဝတ်နေရေး အတွက် စရိတ်စကတို့ပေါ် မူတည်ပြီး မင်္ဂလာဆောင်မှုနှုန်း နည်းပါးလာခြင်းဖြစ်သည်ဟု သိရှိရပါသည်။

    အမှန်အားဖြင့် အိုမင်းခြင်းသည် ဂုဏ်ရည်တစ်မျိုးပင် ဖြစ်ပါသည်။ လူတစ်ဦးသည် အသက်အရွယ် ကြီးရင့် အိုမင်းလာနှင့်အမျှ ဖြတ်သန်းရာဘ၀ပေါ် မူတည်၍ အတွေ့အကြုံများ၊ သင်ခန်းစာများ၊ လောကအမြင်များ ကြွယ်ဝလာကြသည်။ ဘယ်စခန်းကို ဘယ်လမ်းက သွားလျှင် ပိုနီးမည်၊ သည်ခရီးလမ်း၏ ဘယ်နေရာတွင် ဘယ်အချိုးအကွေတို့ရှိသည်ဟူ၍ လမ်းညွှန်ပြသ ဆိုဆုံးမနိုင်ကြသည်။ ထို့ကြောင့် ဘိုးဘွားတို့သည် ခေတ် လူငယ်တို့အတွက် ဘ၀အတွေ့အကြုံတို့ ဖြန့်ဖြူးပေးရာ ဘဏ်တိုက်ကြီးများ တစ်နည်းအားဖြင့် အလွယ် တကူ တူးဖော်ယူနိုင်သော ဗဟုသုတ ရွှေအိုးများပင် ဖြစ်သည်။

    ကမ္ဘာ့နိုင်ငံအများစုတွင် တစ်နှစ်ထက်တစ်နှစ် သက်ကြီးရွယ်အိုများ တိုးပွားလာခြင်းကို Gray Waves (မီးခိုး ရောင်လှိုင်းများ) ဟု ခေါ်ဆိုကြပါသည်။ နိုင်ငံတစ်နိုင်ငံတွင် သက်ကြီးရွယ်အို တိုးပွားလာမှုကြောင့် ရရှိနိုင် သော ကောင်းကျိုးများအနေဖြင့် ခေတ်လူငယ်တို့သည် လူကြီးသူမတို့၏ ဘ၀အတွေ့အကြုံများ၊ လမ်းညွှန် ဆုံးမမှုများကို အနီးကပ် သိရှိလိုက်နာနိုင်ပြီး ဗဟုသုတ တိုးပွားစေနိုင်ခြင်း ဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ တွင် မီးခိုးရောင်လှိုင်းများ တိုးတက်လာခြင်း၏ ဆိုးကျိုးများအနေဖြင့် အဘိုးအဘွားတို့ကို အချိန်ပြည့် စောင့် ရှောက်မှုပေးမည့်သူ ရှားပါးလာခြင်း၊ လူနေမှုစနစ်အရ သားသမီးများ ကိုယ်စီကိုယ်ငှ အလုပ်သွားကြချိန်တွင် ဘိုးဘွားတို့မှာ နေအိမ်တွင် တစ်ယောက်တည်း အထီးကျန်ဆန်စွာ နေထိုင်ကြရခြင်း၊ အိမ်မွေး တိရစ္ဆာန် လေးများကိုသာ အဖော်ပြု၍ နေထိုင်ကြရခြင်း၊ အများစုမှာ သားသမီးများက နေအိမ်တွင် ဘိုးဘွားတို့ကို တစ်ယောက်တည်းထားရန် စိတ်မချသဖြင့် လူအိုရုံများ၊ ရိပ်သာများသို့ ပို့လာကြသောကြောင့် အချို့ဘိုးဘွား တို့မှာ စိတ်ကျဝေဒနာ ခံစားလာရခြင်းတို့ပင် ဖြစ်သည်။

    ယခုအခါ ဖွံ့ဖြိုးပြီး ကမ္ဘာ့နိုင်ငံများတွင် ပြောင်းလဲလာသော လူမှုစနစ်များကြောင့် မိသားစုဝင် အချင်းချင်း စကားလက်ဆုံ ပြောသည့်အချိန်သည် အလွန်ရှားပါးလာခဲ့သည်။ နေ့စဉ် မိုးလင်းမိုးချုပ် တကုပ်ကုပ်နှင့် ကိုယ်စီကိုယ်ငှ လုပ်ငန်းခွင်တွင် အချိန်ကုန်ဆုံးနေကြသည်။ ထိုအခြေအနေ၏ အကျိုးဆက်အားဖြင့် မိသားစု တစ်ခုအတွင်းရှိ သက်ကြီးရွယ်အို ဘိုးဘွားတို့မှာ မိမိတို့ ကိုယ်ကို အပစ်ပယ်ခံ လူသားများအဖြစ် ခံစားလာ ရကာ စိတ်ကျရောဂါဖြစ်ရန် အလားအလာ ပိုများလာရတော့သည်။

    ဤကဲ့သို့သော အဖြစ်မျိုးမှ ကင်းဝေးစေရန် ကျွန်မတို့၏ Save The Aged အဖွဲ့မှ စေတနာရှင် ညီအစ်ကို မောင်နှမများက ဖြူစင်သော မေတ္တာ၊ စေတနာ၊ ကရုဏာများဖြင့် ခိုကိုးရာမဲ့ ဘိုးဘွားတို့အား ဖေးမကူညီ စောင့်ရှောက်မှုပေးလျက် ရှိပါသည်။ ယခုဆိုလျှင် Save The Aged မှ ထောက်ပံ့လှူဒါန်းနိုင်သော ဘိုးဘွား အရေအတွက်မှာ ၁၉ ဦးအထိ ရှိလာပြီဖြစ်ပြီး ဆက်လက်၍ ထောက်ပံ့မှု ပေးနိုင်ရန်လည်း အမှန်တကယ် အကူအညီလိုအပ်လျက်ရှိသော ခိုကိုးရာမဲ့ ဘိုးဘွားတို့ကို သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ကူညီစောင့်ရှောက် ထောက်ပံ့မှုပေးနိုင်ရန် ရှာဖွေလျက်ရှိပါသည်။

    သို့ဖြစ်ပါ၍ တစ်ချိန်ချိန်တွင် မိမိတို့ကိုယ်တိုင် အိုကြ၊ နာကြရမည့်သူများ ဖြစ်သည့်အားလျော်စွာ မိမိ တတ်စွမ်းသမျှ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ နွမ်းပါးသော ဘိုးဘွားတို့အား "လူအိုလူမင်းတို့ကမ္ဘာ"တွင် ဘ၀ နေ၀င်ချိန်အထိ စိတ်ချမ်းချမ်းသာသာနှင့် ပျော်ရွှင်စွာ ရှုင်သန်နေထိုင်သွားနိုင်အောင် ၀ိုင်းဝန်းကူညီ စောင့် ရှောက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း ဇန်န၀ါရီလ ၂၃ ရက်တွင် ကျရောက်မည့် Save The Aged အဖွဲ့၏ နှစ်ပတ်လည်နေ့ကို ဂုဏ်ပြု ကြိုဆိုလိုက်ပါသည်။


မြ၀တီဇော်

No comments:

Post a Comment