Monday, December 31, 2012

အချစ်ကုသိုလ် ၃၁


"HAPPY NEW YEAR TO YOU ALL!"

နှစ်တစ်နှစ်ကတော့ ကုန်ဆုံးသွားခဲ့ပါပြီ။ ဒီနေ့လို နှစ်သစ်ရဲ့အစ အဦးနေ့မှာ အားလုံးသော စာချစ်သူများ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး မင်္ဂလာအပေါင်း ခညောင်းကာ လိုအင်ဆန္ဒများ အမြန်ဆုံး ပြည့်ဝကြပါစေလို့ နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်။

စာဖတ်သူများ မနေ့ညက အတော်မှ ပျော်ကြရဲ့လားရှင်။ ကျွန်မကတော့ မနေ့က New Year Eve မှာ ကောင်းမှုတစ်ခု လုပ်ဖြစ်ခဲ့ပါတယ်။ ကောင်းမှုပြုတယ်ဆိုလို့ ဘုရားသွား၊ ကျောင်းတက် လုပ်တယ်တော့ မထင်လိုက်ပါနဲ့နော်။ ဒီလိုပါ ... ကျွန်မက မနေ့ညက ကျွန်မရဲ့အိမ်ဦးနတ်နဲ့ ဖုန်းပြောဖြစ်ပါတယ်။ ထူးဆန်းစွာ ပဲ မနေ့ညက အင်တာနက်လိုင်းကလည်း တော်တော် အဆင်ပြေနေပါတယ်။ အဲဒီမှာ အိမ်ဦးနတ်က ပြောပါ တယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကလည်း သူ့ဇနီးနဲ့ အဆက်အသွယ် ရချင်တဲ့အကြောင်း၊ ဒါကြောင့် အွန်လိုင်းတက်လာခဲ့ဖို့ ကျွန်မကနေ တစ်ဆင့် ဖုန်းဆက်ပြောပေးဖို့ အကူအညီတောင်းလာတဲ့ အကြောင်းပါ။ အဲဒါကြောင့် ကျွန်မလည်း ကိုယ်ချင်းစာစိတ်ကလေးနဲ့ သူပေးလိုက်တဲ့ ဖုန်းနံပါတ်ကို ခေါ်ပေး ပါတယ်။ ဒါပေမယ့် ဘာကြောင့်မှန်း မသိပါဘူးရှင်။ ဖုန်းက ဘယ်လိုမှကို မကိုင်တာပါ။ ကျွန်မလည်း ခဏစောင့်လိုက်၊ ထပ်ခေါ်လိုက်နဲ့ သုံးလေးကြိမ် ခေါ်မိပါတယ်။ အဲဒါလည်း ဖုန်းမကိုင်တော့ ကျွန်မ Message လှမ်းပို့ပါတယ်။ ဒါလည်း အကြောင်းမပြန်လာပါဘူး။ အဲဒါနဲ့ အိမ်ဦးနတ်ကို ဖုန်းခေါ်မရလို့ Message ပို့ ထားတဲ့အကြောင်း ပြောလိုက်ပါတယ်။ ကျွန်မ ဖုန်းစခေါ်တဲ့အချိန်က ညဦးပိုင်းကတည်းက ဖြစ်ပေမယ့် ည ၉း ၃ဝ ခါနီးအထိ ဖုန်းအဆက်အသွယ် မလာသေးပါဘူး။ အဲဒီအချိန် ကျွန်မ ရင်ထဲမှာ ဖုန်းမျှော်နေမယ့်သူ တစ်ဦးနဲ့ သူဆက်သွယ်ချင်တဲ့ တစ်စုံတစ်ယောက်အတွက် ကြားထဲကနေ ယောက်ယက်ခတ်နေမိပါတယ်။ သူတို့နှစ်ဦးဟာ မိုင်တွေ အများကြီး ဝေးကွာတဲ့နေရာမှာ ကိုယ်စီရှိနေကြတာမို့ ခုလို New Year Eve မှာတော့ ဖုန်းအဆက်အသွယ်လေး ရချင်ကြမှာပါ။ ကျွန်မ ကိုယ်ချင်းစာမိပါတယ်။ နောက်ပြီး အိမ်ဦးနတ်ကလည်း ခဏ ခဏ မေးနေပါတယ်။ ဖုန်းအဆက်အသွယ် မရသေးဘူးလားဆိုပြီး။ ဟိုတစ်ယောက်ခမျာလည်း ဒီ ဘက်က Response မရမချင်း အိပ်နိုင်မယ့်ပုံ မပေါ်ပါဘူး။

ဒါပေမယ့် ည ၁ဝ နာရီလောက်မှာတော့ ကျွန်မဆီကို ဖုန်းဝင်လာခဲ့ပါတယ်။ ဟုတ်ပါတယ်၊ ကျွန်မ ဆက်တိုက် ဖုန်းခေါ်နေတဲ့ နံပါတ်ပါ။ နားထောင်လိုက်တော့ တစ်ဖက်က အမျိုးသမီးတစ်ဦးအသံကို ကြားရပါတယ်။ သူမ က ကျွန်မခေါ်တဲ့ Miss Call တွေ အများကြီး တွေ့တဲ့အကြောင်း၊ နောက်ပြီး Message လည်း ဖတ်ရကြောင်းနဲ့ ကျွန်မ ဖုန်းခေါ်နေတဲ့အချိန်က သူမ အလုပ်ထဲမှာဖြစ်လို့ ဖုန်းတစ်နေရာ၊ လူတစ်နေရာ ဖြစ်နေလို့ မသိ လိုက်ကြောင်းပြောပြီး တစ်ဆက်တည်း ကျေးဇူးတင်ကြောင်းလည်း ပြောပါတယ်။ ကျွန်မလည်း သူမကို အွန် လိုင်းမြန်မြန် တက်ဖို့ ပြောလိုက်ပါတယ်။ ဟိုတစ်ဖက်က သူတစ်ယောက်မယ် စောင့်နေရတာ အချိန်အတော် လင့်နေပြီလေ။ ဒါနဲ့ သူမလည်း ကျွန်မကို ခပ်သွက်သွက် နှုတ်ဆက်ပြီး ဖုန်းချသွားခဲ့တယ်။

ဇာတ်လမ်းက ဒီမှာတင် မပြီးသေးပါဘူး။ ကျွန်မက အိမ်ဦးနတ်ကို ကောင်မလေးနဲ့ အဆက်အသွယ် ရကြောင်း ပြောလိုက်ပြီး ဖုန်းမျှော်နေတဲ့သူကို သတင်းကောင်းပေးလိုက်ဖို့ ပြောရပါတယ်။ သူကလည်း ကူညီ လက်စနဲ့ ဆက်ကူညီကြရအောင်ဆိုပြီး ကျွန်မနဲ့သူနဲ့ သုံးနေတဲ့ သူရဲ့ Account ကနေပဲ သူတို့နှစ်ယောက်ကို အသုံးပြုခွင့် ပေးလိုက်ပါတယ်။ တကယ်တော့ ဒီအပြုအမူလေးဟာ သာမန်အနေနဲ့ကြည့်ရင် ဘာမှ မထူး ဆန်းပါဘူး။ ဒါပေမယ့် ကျွန်မတို့နှစ်ယောက်အတွက်တော့ ရပ်ဝေးမြေခြားမှာ ရှိနေရတဲ့ ဇနီးမောင်နှံနှစ်ဦး အတွက် တကယ်ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ အတတ်နိုင်ဆုံး အကူအညီ ပေးခဲ့ကြတာပါ။ ပြောရမယ် ဆိုရင် သူတို့နှစ်ယောက်ဟာလည်း ကျွန်မတို့နဲ့ ဘဝတူတွေပါ။ ဒီလို နှစ်သစ်ကူးခါနီး အချိန်လေးမှာ ဘယ်သူ မဆို ကိုယ်ချစ်သူရဲ့အသံကို ကြားချင်ကြမှာပါ။ နှစ်တစ်နှစ်ရဲ့ အစဦးဆုံး အချိန်လေးမှာ ကိုယ့်ချစ်သူကို နှုတ် ခွန်းဆက်စကား "Happy New Year" လို့ အရင်ဆုံး ပြောချင်ကြမှာပါ။ ဒါဟာ ချစ်သူနဲ့ ဝေးကွာနေရတဲ့ သူတိုင်းမှာရှိနေတဲ့ တူညီသောဆန္ဒတစ်ခု ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

ကျွန်မအတွက်တော့ ဒီလို ကူညီခွင့်ရလိုက်ခြင်းက တကယ့်ကို စိတ်အေးချမ်းသာမှု ဖြစ်စေပါတယ်။ ဘာ ပကာသနမှ မပါဘဲ ဖြူစင်ရိုးရှင်းတဲ့ စိတ်နဲ့ ပြုလိုက်တဲ့ ကိုယ့်ရဲ့ ကောင်းမှုကုသိုလ်တစ်ခုကို ပြန်တွေးလိုက် တိုင်း ကျွန်မ ဝမ်းသာပီတိ ဖြစ်နေမှာပါ။ ဒါဟာလည်း ၂ဝ၁၂ ခုနှစ်ရဲ့ ကုန်ဆုံးခါနီးအချိန်၊ ၂ဝ၁၃ ခုနှစ်ကို ကူးပြောင်းခါနီးအချိန်ဖြစ်လို့ ကျွန်မတစ်သက်မှာ ဒီအဖြစ်အပျက်လေးက အမြဲတမ်း အမှတ်တရ ဖြစ်နေတော့ မှာ အသေအချာပါပဲရှင်။


စာဖတ်သူများလည်း နှစ်သစ်မှာ စိတ်သစ်၊ လူသစ်(အချစ်သစ်လို့ ယူလိုက ယူနိုင်ပါကြောင်း :P) ရည်မှန်းချက် အသစ်တွေနဲ့ ၂ဝ၁၃ ခုနှစ်ကို အောင်မြင်ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ။


စာဖတ်သူအားလုံးကို ခင်မင် လေးစားလျက်

မြဝတီဇော်


Tuesday, December 18, 2012

ခရမ်းရင့်ရောင် ဒီဇင်ဘာရက်စွဲများ


ဒီဇင်ဘာရေ... ဘာလိုလိုနဲ့ နင် ငါ့အနီးအနားကို မသိမသာနဲ့ ရောက်လာခဲ့ပြန်ပြီပေါ့။ ငါလေ နင်မရှိချိန်တွေ မှာ နင့်ကို သတိတရ ရှိခဲ့ပေမယ့် တကယ်တမ်း နင် ငါ့အနား ရောက်လာပြန်တော့လည်း နင်နဲ့ ဝေးဝေး မှာ နေချင်မိပြန်တယ်။ အဲဒါဘာကြောင့်လဲ သိလား ဒီဇင်ဘာ။ နင်ပေးလာမယ့် အေးစက် တိတ်ဆိတ်တဲ့ အထီးကျန် ခံစားမှုတွေကို ငါ မလိုချင်လို့ပါပဲ။

ဒီဇင်ဘာရေ... အရင်ကဆို ငါ အိပ်ရာနိုးလို့ ငါ့အခန်း ပြတင်းပေါက်ကို ဖွင့်လိုက်ရင် နွေးထွေးတဲ့ နေခြည်နုနု ကလေးက ငါ့အိပ်ခန်းထဲ အလျင်စလို တိုးဝှေ့ ဝင်လာနေကျပေါ့။ အခုတော့ ... နင် ချဉ်းနင်းဝင်လာတဲ့ ငါ့ မနက်ခင်းတွေမှာ ပြတင်းပေါက် ဖွင့်လိုက်တာနဲ့ နင်ကြဲဖြန့်လိုက်တဲ့ နှင်းမှုန်ဖွေးဖွေးတွေက ငါ့ကို တရကြမ်း တိုးတိုက်လို့ ငါ့အခန်းထဲ အလုအယက် ဝင်လာကြတယ်။ နင်သိရဲ့လား ဒီဇင်ဘာ။ ငါ့အနားမှာ ငါ့ကို    နွေးထွေးစေနိုင်မယ့် ရင်ခွင်တစ်ခု ဝေးနေချိန်မှ ငါ့ကို အေးခဲသွားလောက်အောင် နင် နှိပ်စက်နေတယ် ဆို တာကိုလေ။ အမှန်ကို ဝန်ခံရရင် ခုလိုအချိန်မျိုးမှာ နင်ရောက်လာမှာကို ငါ မပျော်မိပါဘူး။ ခြောက်သွေ့အေး စက်တဲ့ နင့်ရင်ခွင်မှာ ဘယ်လို နွေးထွေးတဲ့ ရင်ခုန်သံနဲ့ ငါ အသက်ရှူ မှန်နိုင်ပါ့မလဲ။ နင်ရောက်လာတဲ့အခါ ငါ့မနက်ခင်းတိုင်းဟာ အရင်ကလို စိမ်းစိုလတ်ဆတ်မှုတွေ ကင်းမဲ့ခဲ့တယ်။ နင်လာတဲ့အခါ ငါ့ပတ်ဝန်းကျင်မှာ အထီးကျန်ဆန်တဲ့ မြူထူထူ လမ်းမတွေ၊ ခြောက်ကပ်ကပ် သစ်ညိုပင်တချို့နဲ့ မှုန်မှိုင်းမှိုင်း မြင်ကွင်းတွေသာ ပါတဲ့ ပန်းချီကားတစ်ချပ်ကို နင် လက်ဆောင်အဖြစ် ယူလာတတ်တယ်။

ထားပါတော့... ဒီဇင်ဘာ။ နင်မရှိတဲ့အခါ တချို့တလေအတွက်တော့ လွမ်းဆွတ်စရာ ဖြစ်ကောင်း ဖြစ်နိုင်ပေ မယ့် ငါ့အတွက်တော့ နင်က မရှိမကောင်း၊ ရှိမကောင်းပါပဲ။ နင် ငါ့အနား ရှိနေတဲ့အချိန်တွေထဲက တချို့ အချိန်လေးတွေကိုတော့ ငါ နှစ်သက်မိတယ်။ မှတ်မိသေးရဲ့လား ဒီဇင်ဘာ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်လွန် ရက်စွဲ တချို့ကိုလေ။ အဲဒီတုန်းကတော့ နင် ငါ့ဘေးမှာ ရှိနေပေးလို့ ငါ ပျော်ခဲ့ရဖူးတယ်။ တဖွဲဖွဲကျဆင်းနေတဲ့ နင့်ရင်ခွင်ထက်က နှင်းပွင့်တွေကြား ငါခိုနားခဲ့ဖူးတယ်။ နင် ခင်းဖြန့်ထားတဲ့ အေးစိမ့်စိမ့် မြူမှုန်ခြုံလွှာကို ဝတ်ဆင်လို့ သင်းပျံ့တဲ့ ထင်းရှူးရနံ့တွေကြား ငါ လျှောက်သွားခဲ့ဖူးတယ်။ နင့်ရဲ့ ခပ်ဖွဖွ သက်ပြင်းချသံကို ခိုးနားထောင်ဖို့ ညအမှောင်ထဲ တိတ်တဆိတ် ငါထိုင်နေခဲ့ဖူးတယ်။ ဒါတွေ ... ဒါတွေ အားလုံးက နင်နဲ့ ပတ် သက်တဲ့ ငါ့ရဲ့ အမှတ်တရ ရက်စွဲတွေပဲ ဆိုပါတော့ .... ။

ဒါပေမယ့် ဒီဇင်ဘာ... တစ်ခါ တစ်ခါကျရင် နင်ဟာ သိပ်ဟန်ဆောင်ကောင်းတယ်နော်။ ငါဝမ်းနည်းနေတဲ့ အချိန်တွေဆို နင် ပျော်နေတာတောင် ငါ့ဘေးမှာ တိတ်တဆိတ်ထိုင်လို့ ငါ့ကို အားပေးခဲ့ဖူးတယ်။ ငါပျော်နေ တဲ့ အချိန်တွေဆိုရင် နင်က တစ်နေရာကနေ ပြုံးကြည့်လို့ ငါ့ခံစားချက်တွေကို မျှဝေယူတတ်ခဲ့တယ်။ တကယ်ဆို နင့်မှာလည်း ဝမ်းနည်းကြေကွဲချိန်တွေတော့ ရှိနေမှာပဲ မဟုတ်လား ဒီဇင်ဘာရယ်။ ခံစားချက် အမျိုးမျိုးနဲ့ လူတွေကို နှစ်သိမ့်ပေးဖို့၊ ပျော်ရွှင်မှုတွေ ပေးဖို့၊ ကြည်နူးခြင်းတွေ မျှဝေဖို့ဆိုတဲ့ တာဝန်တွေနဲ့ ငါတို့ အနားကို နင် အချိန်မှန် ရောက်လာခဲ့ရတယ်။ ကိုယ့်ရဲ့ ပုဂ္ဂလိက ခံစားချက်တွေကို သိမ်းဆည်းလို့၊ စိတ် အထွေထွေရှိတဲ့ လူအမျိုးမျိုးကို အပြုံးမပျက်ရင်ဆိုင်လို့ အခုလည်း နင် ငါ့အနား ရောက်လာရပြန်ပေါ့။

ဒီဇင်ဘာရေ... နင်ရေးဆွဲခဲ့တဲ့ ပန်းချီကားတစ်ချပ်ကို ထပ်ဖြည့်ရေးခွင့် ရှိမယ်ဆိုရင် ငါ အရောင်တချို့ကို ထပ်ဖြည့်ချင်တယ်။ ခပ်မှုန်မှုန် နှင်းတွေကြားက ခြောက်ကပ်ကပ် သစ်ညိုပင်တွေကို ပိုပြီး ညိုမှောင်သွားတဲ့ အထိ အရောင်ရင့်ရင့် ရေးဆွဲပစ်လိုက်မယ်။ အထီးကျန်ခြင်းကို သတိမရစေဖို့ မြူထူထူ လမ်းမတွေ ကို နွေးထွေးတဲ့ နေရောင်ခြည်တွေနဲ့ ဖျန်းပက်လို့ လင်းလက်စေမယ်။ ခြောက်သွေ့ညိုမွဲနေတဲ့ မြက်ခင်းတွေ ကို နုပျိုသစ်လွင်တဲ့ အစိမ်းရောင်ရင့်ရင့် ခြယ်သပစ်လိုက်မယ်။ အင်း... ဒီလောက်ပါပဲ။ ဒီလောက်ဆို အထီး ကျန်တွေခြင်းတွေဆီက ပြေးပုန်းစရာ နေရာတစ်ခုအတွက် လုံလောက်ပြီ ထင်ရဲ့။

ရော့၊ ယူသွားပေတော့ ဒီဇင်ဘာ ... ဒီပန်းချီကားလေးက နင့်အတွက် ငါ့ရဲ့ နှစ်သစ်ကူးလက်ဆောင်လို့ မှတ် ယူချင်လည်း မှတ်ယူပါတော့။ နောက်နှစ်... နောက်နှစ်တွေကျရင်လည်း နင့်အတွက် ငါ နှစ်ကူးလက်ဆောင် အဖြစ် အသစ်အသစ်သော ပန်းချီကားတွေ တစ်ချပ်ပြီးတစ်ချပ် ရေးဆွဲပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
နှုတ်ဆက်လိုက်ပါတယ် ... ဒီဇင်ဘာရေ.... ငါတို့ ထပ်တွေ့ကြဦးမယ်နော်။ နောက်တစ်ခါ နင်နဲ့ ဆုံတဲ့အခါ ရဲရင့်ပြတ်သားတဲ့၊ အေးချမ်းဖော်ရွေတဲ့၊ ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းတဲ့ ပုံရိပ်တွေနဲ့ "ဒီဇင်ဘာ" ပီသအောင် နင် ကြိုးစားရမယ်နော်။ ငါလည်း ငါ့အိပ်မက်တွေ၊ ငါ့စိတ်ကူးတွေ၊ ငါ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ ကြိုးစား ရင်း နင်ရှေ့မှာ ငါ မတ်မတ်ရပ်ပြပါ့မယ်။

.......................................................................................................................................................
.......................................................................................................................................................
.......................................................................................................................................................

...အို... ငါစိတ်မကောင်းလိုက်တာကွယ်....နင်လှည့်ထွက်သွားခါနီးမှ နင့်အတွက် လက်ဆောင်အဖြစ် ငါပေး လိုက်တဲ့ ပန်းချီကားလေးမှာ ခရမ်းရင့်ရောင် မင်တွေ စွန်းထင်းလို့ နေပါပေါ့လား။ ဒီခရမ်းရင့်ရင့် မင်တွေက ငါ့မျက်ရည်တွေ မဟုတ်ဘူးဆိုတာတော့ နင် ယုံတယ်မဟုတ်လား ဒီဇင်ဘာရယ် ... ?





စာဖတ်သူအားလုံးကို ခင်မင် လေးစားလျက်

မြဝတီဇော်








Monday, December 10, 2012

အိပ်မက်တံတား



သူ ငယ်စဉ်ဘဝတုန်းက ဒီတံတားကို တည်ဆောက်ဖို့ဆိုတာ အိပ်မက်မျှပင် မမက်ဖူးခဲ့။ ဒီတံတားနှင့် ပတ် သက်၍ မှတ်မိသမျှ သူ မူလတန်းတက်စ အရွယ်တွင် ကဗျာများကို သူ နှစ်သက်သည်။ ကဗျာ ရွတ်ဆိုရ သည့်အချိန်တွေကို ဂဏန်းသင်္ချာတွက်ရတာထက် ပိုပျော်သည်။ နောက်ပြီး အဲဒီအချိန်တွေတုန်းက သူ စိတ်ပါဝင်စားခဲ့တဲ့ ဝါသနာတစ်ခု ရှိသေးသည်။ အဲဒါက ဘာလဲဆိုတော့ ပန်းချီဆွဲခြင်း ဖြစ်သည်။

ပန်းချီဆွဲခြင်းကို ဘယ်သူမှ သင်မပေးရပါဘဲလျက် သူက အလိုအလျောက် တတ်မြောက်ခဲ့သည်ဆိုလျှင် ပို လွန်းသည် ထင်ကြမည်။ ပန်းချီဆွဲသည်ဆို၍ အထင်မကြီးလိုက်ပါနှင့်ဦး။ အဲဒီအရွယ်တုန်းက သူ့အသက် က ခြောက်နှစ်၊ ခုနစ်နှစ်လောက် ရှိနေပြီဆိုတော့ စာစောင်တွေ၊ ပြက္ခဒိန်တွေ၊ ရွှေသွေးဂျာနယ်တွေနှင့် မဂ္ဂဇင်းထဲမှ သူမျက်စိကျရာ မိန်းကလေးရုပ်ပုံများကို ခဲတံတစ်ချောင်းနှင့် ကြမ်းပြင်ပေါ် ဝမ်းလျားမှောက်ပြီး စိတ်ရှည်လက်ရှည် ကူးဆွဲတတ်ခြင်းပင် ဖြစ်သည်။

 နွေကျောင်းပိတ်ရက်တွေမှာ သူတို့မောင်နှမတွေကို မိခင်ဖြစ်သူက ဗုဒ္ဓဘာသာသင်တန်း (ယခုခေတ်နှင့် ဆိုလျှင် ယဉ်ကျေးလိမ္မာသင်တန်း) တက်စေသည်။ သူတို့ကတော့ ကလေးအရွယ်မို့ အကစား မက်ကြသည်။ သို့သော်လည်း မိခင်က တက်ဆိုတော့လည်း တက်လိုက်ကြသည်ပင်။ ဘာအပူအပင်မှ မရှိ။ သင်တန်းက ညနေဘက်မို့ တစ်မနက်ခင်းလုံး၊ တစ်နေ့ခင်းလုံးကို သူတို့စိတ်ကြိုက် ဆော့ကစားခွင့်ရသည်။ ဒီတော့ သူက ဘာလုပ်သည် ထင်ပါသလဲ။ အိမ်မှာ ရှိသမျှ ပြက္ခဒိန်အဟောင်းတွေကို ဖြုတ်၊ ကျောဘက်က လွတ်နေသည့် စာရွက်ပေါ်မှာ သူ့စိတ်ကြိုက် ပန်းချီဆွဲတော့သည်။ အဲဒီအချိန်တုန်းကတော့ သူ့ကိုယ်သူ တစ်ချိန်ကျရင် ပန်းချီရေးဆွဲသူဖြစ်ဖို့ ရည်မှန်းချက် ထားခဲ့သည်။ သို့သော်လည်း အဲဒီဝါသနာကို သူ စွန့်လွှတ်လိုက်ရ မယ့် နေ့တစ်နေ့ သူ့ဘဝမှာ ကြုံခဲ့ရသည်။

အဲဒီတုန်းက သူက စတုတ္ထတန်း တက်နေပြီ ဖြစ်သည်။ သူရဲ့ ပန်းချီဆွဲသည့် ဝါသနာက ဘယ်လောက်ကြီးခဲ့ သလဲဆို သူ့ကျောင်းစာအုပ်တိုင်းရဲ့ နောက်ကျောမှာ ရုပ်ပုံမျိုးစုံ သူ ရေးဆွဲတတ်ခဲ့သည်။ သူ့အတွက် ဘာ ရယ်လို့ မဟုတ်ဘဲ ရေးဆွဲချင်သည့်အချိန်၌ တွေ့ရာစာအုပ်၏ နောက်ကျောတွင် ရေးဆွဲခဲ့ခြင်းဖြစ်ပေမယ့် သူ့အတန်းပိုင်ဆရာမ တွေ့သွားရာကနေတစ်ဆင့် သူ့မိခင်ထံ တိုင်ကြားခံရတော့သည်။ အဲဒီနေ့က သူ ကျောင်းက ပြန်လာတော့ သူ့မိခင်က သူ့ကျောင်းလွယ်အိတ်ထဲမှ ဗလာစာအုပ်များကို ထုတ်ပြစေ သည်။ ပြီးတော့ စာအုပ်တိုင်းရဲ့ နောက်ကျောမှာ သူရေးဆွဲထားသည့် ရုပ်ပုံအမျိုးမျိုးကို တွေ့သွားပြီး ရုပ်ပုံ ရှိရာ စာမျက်နှာတိုင်းကို ဆုတ်ဖြဲပစ်လိုက်သည်။ သူ စိတ်မကောင်း ဖြစ်သွားသော်လည်း သူ့မိခင် ပြောသည့် စကားတစ်ခွန်းကြောင့် သူ့ရဲ့ ပန်းချီဆွဲချင်သည့် ဝါသနာကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့သည်။ သူ့မိခင်က -

"ကျောင်းစာရေးဖို့ ဝယ်ပေးတဲ့ စာအုပ်မှာ ရုပ်ပုံတွေ လျှောက်ဆွဲနေမယ်ဆိုရင် နောက်ကို ကျောင်း လုံးဝ မသွားရဘူး။ ကျောက်သင်ပုန်းနဲ့ ကျောက်တံ ဝယ်ပေးထားမယ်။ အိမ်မှာနေပြီး အဲဒါတွေနဲ့ပဲ ပုံတွေ ဆွဲတော့။ စာမတတ်ချင်ရင်တော့ ပုံတွေ ဆက်ဆွဲပေါ့။ စာတတ်ချင်တယ် ဆိုရင်တော့ ဒီပုံဆွဲတဲ့အကျင့်ကို ဖျောက်မှ ရမယ်"

အဲဒီအချိန်မှာ သူက ပန်းချီပုံလှလှ ဆွဲထားသော ရုပ်ပြများကို မက်မက်မောမော ဖတ်ချင်တတ်နေပြီလေ။ ဒါကြောင့်ပဲ မိခင် မကြိုက်သည့် ပန်းချီရေးဆွဲခြင်း ဝါသနာကို သူစွန့်လွှတ်ခဲ့သည်။ ဒါပေမယ့် သူ့မိခင် က နွေကျောင်းပိတ်ရက်တွေမှာတော့ သူ့ကို ပန်းချီရေးဆွဲခွင့် ပြုခဲ့သည်။ ဒီလိုနဲ့ သူ အလယ်တန်း ရောက် လာတော့ အဲဒီဝါသနာက တစ်ဖန် ပိုးထလာပြန်သည်။ ဘယ်က စခဲ့သလဲဆို သူတို့ကျောင်းမှာ အလယ် တန်းဆင့် ကျောင်းတွင်း ပန်းချီပြိုင်ပွဲ ကျင်းပရာက စသည်။ သူ့အစ်ကိုက အထက်တန်းဆင့်အနေဖြင့် ပန်းချီပြိုင်ပွဲ ဝင်ပြိုင်မည်ဆိုသောအခါ မိခင်က ပန်းချီဆွဲရာတွင် လိုအပ်သော ရေဆေး၊ စုတ် တံ၊ ဆေးစပ် ခွက်ပြား စသည်ဖြင့် အပြည့်အစုံ ဝယ်ပေးသည်။ သူက ဝင်ပြိုင်ချင်သော်လည်း မောင်နှမနှစ်ယောက်စလုံး တစ်ပြိုင်တည်း ဝင်ပြိုင်နိုင်ဖို့ လိုအပ်သည့်ပစ္စည်းများကို နှစ်စုံဝယ်ယူဖို့ကို မိခင်က သဘောမကျခဲ့။ နောက်ပြီး သူတို့မောင်နှမနှစ်ယောက် ပြိုင်ပွဲဝင်ရမည့်အချိန်ကလည်း အတူတူမို့ သူ နောက်ဆုတ်ခဲ့သည်။ မရှက်တမ်း ဝန်ခံရလျှင် သူက ပန်းချီရေးဆွဲသည် ဆိုသော်လည်း သူ့အစ်ကိုလောက် မတော်ပါ။ သူ့အစ်ကိုက ထိုအရွယ် ကတည်းကပင် ရေဆေး၊ ဆီဆေးများကို ကောင်းမွန်စွာ အရောင် စပ်ဟပ် သုံးစွဲတတ်နေပြီ ဖြစ်သည်။

အဲဒီတုန်းက ပြိုင်ပွဲမဝင်ရလို့ သူ စိတ်မကောင်းဖြစ်ခဲ့သော်လည်း သူ့အစ်ကိုက အထက်တန်းဆင့် ပန်းချီ ပြိုင် ပွဲမှာ ပထမဆု ရခဲ့သည့်အတွက်တော့ အလွန်ပျော်ခဲ့ရသည်။ ထိုအချိန်အထိ သူဝါသနာပါရာသည် ပန်းချီရေး ဆွဲခြင်းဟုပဲ သတ်မှတ်ထားခဲ့သည်။ မှတ်မှတ်ရရ သူ ဆဋ္ဌမတန်း တက်သည့်နှစ်တွင် သူ့မှာ သူကိုယ်တိုင် မသိခဲ့သော နောက်ထပ် ဝါသနာတစ်မျိုးရှိနေကြောင်း သတိထားမိလာရသည်။ အကြောင်းကတော့ သူ တို့ ကျောင်းတွင် အသစ်ပြောင်းလာသော ကျောင်းအုပ်ဆရာမကြီးက ကျောင်းတွင်း စာစီစာကုံးပြိုင်ပွဲများ မကြာခဏ ပြုလုပ်ပေးခြင်းကြောင့် ဖြစ်သည်။ စစချင်း စာစီစာကုံးပြိုင်ပွဲ လုပ်တော့ အတန်းတိုင်းက ကျောင်း သူ၊ ကျောင်းသား အနည်းဆုံး တစ်ဦးစီ ပါဝင် ယှဉ်ပြိုင်ခိုင်းသည်။ သို့သော်လည်း တကယ်တမ်း ပြိုင်ဖြစ်သည့် အခါ သူ အပါအဝင် ၁ဝ ဦးခန့်သာ ရှိသည်။

ထိုစာစီစာကုံးပြိုင်ပွဲ ဆုရသူစာရင်း ထွက်လာချိန်တွင် မမျှော်လင့်ပါဘဲ သူက ပထမဆု ရရှိခဲ့သည်။ ထိုအချိန် တုန်းက သူ့ကိုယ်သူတင်မက သူနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်သည့် သူ့ထက် စာတော်သူများကပါ တအံ့ တသြ ဖြစ်သွားကြရသည်။ ပြောရလျှင်တော့ ထိုစာစီစာကုံးပြိုင်ပွဲတွင် သူ ဆုရလိမ့်မည်လို့ ဘယ်သူမှ မျှော် လင့်မထားကြ။ ဒါပေမယ့် သူ ဆုရခဲ့သည်။ အဲဒီနောက်ပိုင်း ကျောင်းတွင်း စာစီစာကုံးပြိုင်ပွဲ၊ ဗုဒ္ဓဘာသာ စာမေးပွဲစသည့် ထူးချွန်ဆု၊ ဖွံ့ဖြိုးရေးဆုတွေမှာ သူ့နာမည်ကို တွေ့လာရသည်။ သူကိုယ်တိုင်လည်း အဲဒီ အချိန်ကစပြီး စာဖတ်တာ၊ စာရေးတာတွေကို စိတ်ဝင်တစား ဖြစ်လာခဲ့သည်။ တစ်ခါတလေ ငယ်တုန်းက လိုမျိုး စာအုပ်နောက်ကျောတွေမှာ သူနှစ်သက်ရာ စာတိုပေစ၊ ကဗျာအတိုအစတွေ ရေးမှတ်တတ်လာ သည်။ သူတို့ ကျောင်းတက်စဉ်တုန်းက ကျောင်းပိတ်ခါနီး ပထမအစမ်း စာမေးပွဲ ဖြေပြီးချိန်မှာ သူငယ် ချင်းတွေနဲ့ အပြန်အလှန် အော်တိုစာအုပ်တွေ ရေးကြတာ ခေတ်စားသည်။ အဲဒီလို အော်တိုစာအုပ်တွေမှာ သူ ခင်မင်တဲ့ သူငယ်ချင်းတွေကို ဘယ်လောက် ခင်ကြောင်း၊ ဘယ်လိုခင်ကြောင်း စသည်ဖြင့် သူများနှင့် မတူအောင် သူက စိတ်ထဲပေါ်ရာ စာတိုပေစတွေနဲ့ လက်စွမ်းပြဖူးသည်။

သို့သော်လည်း သူ့ရဲ့ ဒုတိယ ဝါသနာသည် သူ အထက်တန်း တက်သည့်အချိန်တွင် အခိုက်အတန့်အားဖြင့် ငုပ်လျှိုးသွားခဲ့ရပြန်သည်။ အတန်းကြီးလာတာနဲ့အမျှ ကျက်ရ၊ မှတ်ရ၊ ဖတ်ရ၊ တွက်ရ ဆိုသည့် သံသရာကြား မှာ သူ့ဝါသနာက စုပ်စ မြုပ်စ ပျောက်ကွယ်ခဲ့ရသည်။ ဒီလိုနဲ့ နှစ်အပိုင်းအခြား တစ်ခုအထိ သူ့ဝါသနာကို သူ အကောင်အထည်ဖော်ခွင့် မရခဲ့။ သို့သော်လည်း သူ့ဝါသနာသည် တစ်ခါတလေ အိပ်မက်ထဲမှာ မက်ခွင့်ရ တဲ့၊ မြူနှင်းတွေ ဖုံးလွှမ်းနေတဲ့ မပီဝိုးတဝါး တံတားတစ်စင်းလို သူ့နှလုံးသားရဲ့ တစ်ထောင့်တစ်နေရာ မှာ ငြိမ်သက် ခိုင်မြဲစွာ တည်ရှိနေခဲ့သည်။

ခုတော့ သူ့အိပ်မက်ထဲက တံတားကို သူကိုယ်တိုင် လက်တွေ့ ဖန်တီး တည်ဆောက်ခွင့် ရနိုင်ခဲ့ပြီထင်သည်။ ထိုတံတားကို ရေရှည် တည်တံ့ခိုင်မြဲအောင် တည်ဆောက်ဖို့၊ ထိုတံတားက လူ့ဘဝနဲ့ စာပေခရီးလမ်း အကြား ဖြောင့်ဖြူး ပြေပြစ်စေတဲ့ ပေါင်းကူးတစ်ခု ဖြစ်လာစေဖို့၊ ထိုတံတားက လူအများရဲ့ စိတ်အပန်းဖြေ ရာ၊ သုတ၊ ရသ၊ စိတ်ဓာတ်ခွန်အားတွေ ပေးစွမ်းစေတဲ့၊ အသုံးဝင်တဲ့ တံတားတစ်ခု ဖြစ်စေဖို့၊ ထိုတံတားပေါ် မှ ဖြတ်သန်း နင်းလျှောက်သွားကြမည့် ခြေလှမ်းများစွာအတွက် တစ်စုံတစ်ရာသော အကျိုးကျေးဇူးကို ပေး စွမ်းနိုင်စေဖို့တော့ သူ့တွင် ရာနှုန်းပြည့် တာဝန်ရှိသည်ဟု ယုံကြည်နေမိလေသည်။



စာဖတ်သူ အားလုံးကို ခင်မင်လေးစားလျက်

မြဝတီဇော်






Wednesday, December 5, 2012

သူနဲ့ ကိုယ်နဲ့ တွေ့တဲ့ည



အဲဒီညကအကြောင်းကို ပြန်တွေးလိုက်တိုင်း အခုချိန်တိုင်အောင် ကျွန်မ ရင်တွေခုန်ကာ ခြေဖျားလက် ဖျား အေးချင်သည်။ အဲဒီညကမှ ကျွန်မဘဝမှာ သူ့ကို ပထမဆုံးအကြိမ် အနီးကပ် တွေ့ဖူးခြင်းလည်း ဖြစ် သည်။ သူ့အကြောင်း လူတွေပြောတာ ကြားဖူးပေမယ့် အခုလို ကိုယ်တိုင် တေ့တေ့ဆိုင်ဆိုင် တွေ့ရလိမ့်မယ် လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပါ။ နောက်ပြီး သူနဲ့တွေ့ခဲ့ရတဲ့ အဲဒီညကို ကျွန်မတစ်သက် ဘယ်တော့ မှ မေ့ပျောက်နိုင်မှာ မဟုတ်တော့ပါဘူး။

* * * * *

မှတ်မှတ်ရရ အဲဒီညက ကျွန်မ မိသားစုများကို စိတ်ကောက်ပြီး ထမင်းမစားဘဲ အိပ်ရာထဲ ခပ်စောစော ဝင်ခဲ့ သည်။ အစ ပထမတော့ စိတ်ဆိုးနေတာမို့ တော်တော်နှင့် အိပ်မပျော်။ ဟိုဘက် လှိမ့်လိုက်၊ ဒီဘက် လှိမ့် လိုက်နှင့် စိတ်က မငြိမ်သက်တော့ လူကလည်း ငြိမ်မနေ။ ညဦးပိုင်းလောက်က မိသားစုများနှင့် စကားပြော အဆင်မပြေ ဖြစ်ရသည့်ကိစ္စကို ပြန်တွေးပြီး စိတ်တိုနေမိသည်။ နောက် ညဥ့်နက်လာတော့ တဖြည်းဖြည်း အိပ်ပျော်သွားသည်။ ဘယ်လောက် အိပ်ပျော်သွားမှန်း ကျွန်မ မသိလိုက်။ ဗိုက်က တော်တော်ဆာလာတာမို့ ကျွန်မ နိုးသွားသည်။ နိုးနိုးချင်း ကျွန်မနားထဲ တိုးဝင်လာသည့် အသံတစ်ခုက အိပ်ချင်မူးတူး ဖြစ်နေသည့် ကျွန်မမျက်လုံးကို ကျယ်သွားစေသည်။

"ကျွီ...ကျွီ...ဂျစ်...ဂျစ်"

တိတ်ဆိတ်နေသည့် ညမှောင်မှောင်မှာ ထိုအသံကို ကျွန်မ သိသိသာသာ ကြားလိုက်ရသည်။ ဟင်... ဘာသံ လဲ။ ကြွက်တွေ တစ်ခုခုကို ကိုက်ဖြတ်နေတာများလား။ ဒါလည်း မဟုတ်လောက်ပါ။ ကြွက်ကိုက်သံဆိုလျှင် "ဂျစ်-ဂျစ်-ဂျစ်-ဂျစ်" လောက်သာ ကြားရမည်။ ခုတော့ "ကျွီ-ကျွီ" ဆိုတဲ့အသံက ဘယ်က ထွက်နေတာပါလိမ့်။ ကျွန်မ အိပ်ရာထဲက အသာ ထထိုင်ကာ သေချာ နားစွင့်ကြည့်သည်။ ဟော... ထပ်ကြားရပြန်ပြီ။ ဒီအသံက ဘယ်က လာတာဖြစ်မလဲလို့ ခန့်မှန်းကြည့်မိတော့ ကျွန်မတို့ အိမ်အောက်ထပ် မီးဖိုခန်းမှနေ၍ အိမ်ဘေးသို့ ထွက်သော  ဘေးတံခါးပေါက်မှ လာခြင်းဖြစ်ကြောင်း သိလာရသည်။ ဒါဆို သူခိုးများလား။ ဘုရား ... ဘုရား၊ အိမ်ကို သူခိုးကပ်နေပြီ။ ဒုက္ခပါပဲ။ ကျွန်မ ခေါင်းနားပန်း ကြီးသွားသည်။ ဟုတ်သည်လေ။ အဲဒီအချိန်တုန်းက အိမ်မှာရှိနေတဲ့ လူအားလုံးက မိန်းမသားများသာ။ ကျွန်မရဲ့အစ်ကိုကြီးကလည်း ထိုအချိန်က နယ်မှာ တာဝန် ကျနေသည်။ ဒီတော့ ဒီသူခိုးသာ အိမ်ထဲ ရောက်လာလို့ရှိရင် ဘာတွေ ဆက်ဖြစ်ကြမလဲ။ ကျွန်မ ဆက်မတွေး ဝံ့။ ပြောလို့ရတာ မဟုတ်၊ သင်းက ကျွန်မတို့အိမ်ရဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို သေချာလေ့လာ ထားပြီး ဖြစ်ချင်ဖြစ်နေမှာ။ မဖြစ်ဘူး ... မဖြစ်ဘူး၊ သင်း အိမ်ထဲကို ဘယ်နည်းနဲ့မှ ဝင်လို့ မဖြစ်။ ပစ္စည်းတွေ ယူသွားတာက တော်သေးရဲ့။ လူကိုပါ အန္တရာယ်ပြုသွားရင် ကိုယ်ကျိုးနည်းရချည်ရဲ့။ ဒုက္ခပါပဲ။

အတွေးပေါင်း သောင်းခြောက်ထောင် ကျွန်မ ခေါင်းထဲတွင် ဆူပွက်နေသည်။ ဘာက စလို့ ဘာကို လုပ်ရမှန်း လည်း မသိ။ ခြင်ထောင်ထဲ ငုတ်တုတ်ထိုင်ရင်း လူက တဆတ်ဆတ် တုန်နေမိသည်။ အဲဒီလိုအချိန် ကျွန်မ နားထဲမှာ တဂျွိဂျွိသံက ဝင်လာပြန်သည်။ ကျွန်မ တစ်ကိုယ်လုံး တုန်ယင်နေလျက်က ဆုံးဖြတ်လိုက်သည်။ အခုလောလောဆယ် ကျွန်မ နိုးနေတာကို ဒီသူခိုး မသိသေး။ ထို့အတူ အိမ်ထဲကို သူခိုးက ဝင်ဖို့ ကြိုးစားနေ သည်ကိုလည်း ကျွန်မ မိသားစုများက မသိသေး။ အိပ်မောကျနေကြသည်ကိုး။ ဒီတော့ ကျွန်မ သတ္တိမွေးပြီး ဒီ သူခိုးကို ရင်ဆိုင်ဖို့ ပြင်ဆင်ရသည်။ အင်း ... ရင်ဆိုင်တာကတော့ ဟုတ်ပါပြီ။ သူ့ကို ဘာနဲ့ ဘယ်လို ကာကွယ် ရမလဲ။ စဉ်းစားစမ်း .... စဉ်းစားစမ်း။ အဲ ... အဲ ... သတိရပြီ။ ကျွန်မ အကြံရပြီး အိပ်ရာထဲက အသာ ထလာခဲ့ သည်။ ပြီးတော့ အိမ်ပေါ်ထပ် လှည်းသော တံမြက်စည်းကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်၊ ကြမ်းပြင်ကို ခြေ ဖျားထောက် နင်းပြီး လှေကားမှ အောက်ထပ်သို့ တရွေ့ရွေ့ ဆင်းလာခဲ့သည်။ အိမ်အောက်ထပ်မှာတော့ မီးမှိတ်ထား၍ မှောင်နေသော်လည်း အိမ်ပြင်က လရောင်ကြောင့် ဧည့်ခန်းက အရာဝတ္ထုများကို ကောင်း စွာ မြင်နိုင်သေးသည်။

ကျွန်မ လှေကားတစ်ဝက်မှနေ၍ အောက်ထပ်ကို ငုံ့ကြည့်လိုက်သည်။ အောက်ထပ်တွင် ပစ္စည်းများအားလုံး သူ့နေရာနှင့်သူ ခြေရာလက်ရာ မပျက်။ ကျွန်မ သေသေချာချာ စေ့စေ့စပ်စပ် လိုက်ကြည့်တော့ တွေ့ပါပြီ။ ထမင်းစားခန်းရှိ ပြတင်းပေါက်မှ အလင်းရောင်တစ်ခု ထိုးထွက်နေသည်။ ကြည့်စမ်း၊ သူခိုးကတော့ ဒီ ပြတင်းပေါက်ကို ဖွင့်ပြီးနေပြီ။ လူနိုးမှာ စိုး၍ ပုံစံမပျက် အသာလေး ပြန်စေ့ထားပုံ ရသည်။ အခုအချိန်ထိ ကျွန်မ နိုးနေသည်ကို သူခိုးက ရိပ်မိပုံမပေါ်။ သူ့အလုပ်ကိုသာ ဆက်လုပ်နေသည်။ ကျွန်မ လက်ထဲက တံမြက်စည်းကို ကျစ်ကျစ်ပါအောင် ကိုင်ပြီး ထမင်းစားခန်း တံခါးပေါက်နားကို တိုးကပ်သွားသည်။ ကျွန်မတို့ အိမ်၏ ထမင်းစားခန်းနှင့် မီးဖိုခန်းကို ထိုတံခါးချပ်တစ်ခုဖြင့် ခြားထားသောကြောင့် ကျွန်မမှာ သူခိုးနှင့် အနီး ဆုံးနေရာသို့ ရောက်နေလေပြီ။ ဒီတံခါးကနေ ဝင်ပြီး ညာဘက်ခြမ်းကို လှည့်ကြည့်လိုက်လျှင် တွေ့ရသော တံခါးချပ်မှာ သူခိုးက ကျွန်မတို့အိမ်ထဲ ဝင်ဖို့ ကြိုးစားပမ်းစား ဖွင့်နေသည့် တံခါးပင် ဖြစ်သည်။ ကျွန်မ ရင်တွေ တဒိန်းဒိန်း ခုန်ကာ တံခါးချပ်နား တိုးကပ်သွားသည်။ ထိုရေလယ်ကူးတံခါးမှာ စေ့ရုံသာ စေ့ထားပြီး ကျွန်မ ဖွင့်လိုက်လျှင်တောင် အသံမြည်သည့် တံခါးမျိုး မဟုတ်။

ကဲ...ဖြစ်ချင်ရာ ဖြစ်၊ လာလေရော့။ ကျွန်မ အရဲစွန့်ပြီး ရေလယ်ကူးတံခါးချပ်ကို အသာဆွဲဖွင့်လိုက်သည်။ တံခါးပွင့်သွားသော်လည်း သူခိုးက အိမ်ဘေးတံခါးကို ဖွင့်ဖို့ ကြိုးစားနေတုန်း။ ကျွန်မ တံခါးချပ်အကွယ်မှ မီးဖိုခန်းဘေးတံခါးသို့ အသာချောင်းကြည့်လိုက်သည်။ မှောင်နေပေမယ့် ကျင့်သားရသွားသော မျက်လုံးက အိမ်ဘေးတံခါးရဲ့ အခြေအနေကို သဲသဲကွဲကွဲ မြင်လိုက်ရသည်။ အမယ်လေး ...။ ကြည့်စမ်း ... ကြည့်စမ်း။ ကျွန်မ မျက်လုံးများ ပြာဝေသွားသည်။ တစ်ပြိုင်တည်းမှာပင် ကြောက်လန့်ခြင်းနှင့် အားတက်ခြင်းကို ခံစား လိုက်ရသည်။ ကြောက်လန့်ရခြင်းက သူခိုးရဲ့လက်တစ်ဖက်ကို တံခါးကြားမှ နီးနီးကပ်ကပ် အရှင်လတ် လတ် မြင်လိုက်ရလို့ဖြစ်ပြီး အားတက်ခြင်းကတော့ ထိုစဉ်က ကျွန်မတို့ အိမ်ဘေးတံခါးကို မင်းတုပ်ထိုးလေ့ ရှိသောကြောင့် သူခိုးက တံခါးရဲ့ အပေါ်ဂျက်၊ အောက်ဂျက်များ ဖြုတ်နိုင်သော်လည်း တံခါးအလယ်က ကန့် လန့်ဖြတ်လျက် ထိုးထားသော မင်းတုပ်ကို မဖြုတ်နိုင်သဖြင့် သူ ဘယ်လိုမှ ဝင်လို့ရမည် မဟုတ်ကြောင်း ကျွန်မ သိသွားလို့ဖြစ်သည်။ ဒါပေမယ့် ဒီသူခိုးက လည်သည်။ တံခါးအောက်ခြေရှိ ဂျက်ကို ဖြုတ်လိုက်ပြီး ထိုနေရာကို အုတ်ခဲတစ်လုံးဖြင့် ကလန့်လိုက်သည်။ ပြီးတော့မှ သူ့လက်ကို လျှိုသွင်းပြီး မင်းတုပ်ကို ဖြုတ်ဖို့ ကြိုးစားနေတာ တွေ့ရသည်။

ကံဆိုးစွာပင် သူ့လက်ကို လျှိုသွင်းပြီး မင်းတုပ်ကို ဖြုတ်ဖို့ မမှီမကမ်း ဖြစ်နေသည်။ တံခါးမင်းတုပ်ကြားမှ လျှိုထွက်လာသော လက်တစ်ဖက်က အပေါ်ဘက်ရှိ မင်းတုပ်ကို မမီသဖြင့် ဟိုဘက် ဒီဘက် လိုက်ရှာစမ်းနေ သည်ကို ကြည့်ပြီး ကျွန်မ ရုတ်တရက် ကြောင်နေမိသေးသည်။ ပြီးတော့မှ ကိုယ့်အတွက် အန္တရာယ်မရှိသည် ကို စိတ်ချသွားပြီး မီးဖိုခန်း မီးခလုတ်ကို ခပ်ရဲရဲပင် ဖွင့်ပစ်လိုက်သည်။ ဖျတ်ခနဲ လင်းသွားသော အလင်းရောင်ကြောင့် သူခိုးသည် တံခါးကြားမှ ထွက်နေသော သူ့လက်တစ်ဖက်ကို ရုတ်ခနဲ ပြန်ထုတ်သွား သည်။ သူလည်း အလန့်တကြား ကမန်းကတန်း ပြန်ဆွဲထုတ်ရလို့ အတော်နာသွားမည်မှာ သေချာ သည်။ ပြီးတော့ ခြံထဲမှ ထွက်ပြေးသွားသော ခြေသံခပ်အုပ်အုပ်ကြားလိုက်ရသည်။ ဒီတော့မှ ကျွန်မလည်း သတိရကာ အိမ်ပေါ် ပြန်တက်ပြီး အိပ်နေသော ကျွန်မအဒေါ်တစ်ယောက်ကို သွားနှိုးရသည်။ ပြီးတော့ သူ့ကို အဖြစ်အပျက် အစအဆုံး ပြောပြပြီး အောက်ထပ်ကို တူဝရီးနှစ်ယောက် ဆင်းလာပြီး တစ်အိမ်လုံးရှိ မီး ခလုတ်များကို ဖွင့်လိုက်သည်။ ထိုအခါမှ အခြား မိသားစုဝင်များနှင့် ခေါင်းရင်းအိမ်က အိမ်နီးချင်း အဒေါ်ကြီး ပါ နိုးလာကြပြီး ကျွန်မနဲ့သူခိုး ရင်ဆိုင်တွေ့ကြပုံကို တစ်ယောက်တစ်မျိုး မေးကြ၊ ပြောကြ၊ ဝေဖန်ကြနဲ့ မနက် ငါးနာရီထိုးခါနီးမှ ကိုယ့်အိပ်ရာထဲကိုယ် ပြန်ရောက်ကြတော့သည်။

မိုးလင်းတော့ ကျွန်မအဒေါ်က ကျွန်မကို လာနှိုးသည်။ ပြီးတော့ -

"သမီးရေ၊ သူခိုးက ဘေးတံခါးနဲ့ ထမင်းစားခန်း ပြတင်းပေါက်တင် ဖွင့်ထားတာ မဟုတ်ဘူး။ ဧည့်ခန်း က  ပြတင်းပေါက်တွေအားလုံးကို သူက ဖွင့်ပြီးသား။ မနက်က ငါနိုးလို့ လိုက်စစ်ကြည့်တော့ ပြတင်းပေါက် အားလုံး ဂျက်တွေ ပြုတ်နေတယ်။ ပြီးတော့ အိမ်ဘေးတံခါးကိုလည်း ဖွင့်လိုက်ရော သူခိုးရဲ့ဖိနပ်တစ်ရံ ပါ တွေ့ရတယ်။ အဲ့ဒီဖိနပ်ဘေးမှာ စတီးဇွန်းတစ်ချောင်းလည်း တွေ့တယ်။ အဲဒါနဲ့ ပြတင်းပေါက်တွေကို သူ ကလန့်ပြီး ဖွင့်ထားတာနဲ့ တူတယ်"

"ဟင်၊ ဟုတ်လား၊ ဒါဆို သမီးက မီးဖွင့်လိုက်တဲ့အချိန်မှာ သူက ဖိနပ်တောင် မစီးနိုင်ဘဲ ထွက်ပြေးသွားတာနဲ့ တူတယ်နော်"

"အေးပေါ့"

"ဒါနဲ့ သူ့ဖိနပ်ကြီးကိုကော ဘယ်နား သွားထားလိုက်သလဲ"

"အိမ်ရှေ့က ပလက်ဖောင်းနားမှာ ချထားလိုက်တယ်လေ၊ ပြောလို့ရတာ မဟုတ်ဘူး၊ ဒီသူခိုးက ပြန်လာယူ ချင် ယူနေမှာ။ သူ့ဖိနပ်က မြမာလာ သားရေစိမ်းဖိနပ် အသစ်ကြီးကိုး"

"ဟုတ်လား၊ အမယ် သူခိုးက ဘယ်ဆိုးလို့လဲ၊ သားရေစိမ်းဖိနပ် အကောင်းစားနဲ့ဆိုတော့"

 * * * * *

အဲဒီနေ့ကစပြီး အကြောင်းတိုက်ဆိုင်တိုင်း၊ စကားစပ်မိတိုင်း ကျွန်မကို အိမ်က လူတွေက "မဟာသူရဲကောင်း ကြီး" ဆိုပြီး စနောက်ပြီး ခေါ်ကြတော့တယ်။ သူတို့ခေါ်တာက အကောင်းသဘောနဲ့ ခေါ်တာတော့ ဘယ် ဟုတ်လိမ့်မလဲ။ သူခိုးကို ရင်ဆိုင်လိုက်မဟဲ့ဆိုပြီး လက်နက်အဖြစ် တံမြက်စည်းကြီး အယောင်ယောင် အမှား မှားနဲ့ ကိုင်ထားတဲ့ ကျွန်မရဲ့ပုံစံကို သူတို့က ဟာသလုပ်ပြီး ပြောကြတာလေ။ တကယ်ပါ။ သူတို့ကတော့ ရယ်နိုင်ကြပေမပေါ့။ သူတို့မှ ကိုယ်တွေ့ကြုံရတာ မဟုတ်ဘဲကို။ ကျွန်မမှာတော့ အဲဒီညကအကြောင်း ခုလို ပြန်ပြောရတာတောင် ရင်တုန်ပန်းတုန်နဲ့ ခြေဖျားလက်ဖျားတွေ အေးတုန်းပဲ။ နောက်ပြီး အဲဒီ့ညက အဖြစ်အပျက်က ဘယ်လောက်ထိတောင် ကျွန်မကို ပြုစားလိုက်သလဲဆိုရင် ခုချိန်ထိ ညဘက် ကျွန်မ တရေးနိုးသွားရင်တောင် ဟိုဟိုဒီဒီ နားစွင့်မိပြီး မတော်တဆများ အသံဗလံလေး တစ်ခုခု မကြားလိုက်နဲ့ ကျွန်မ အိပ်ရာနားမှာ ထားတဲ့ သံတူရွင်းကြီး ကောက်ကိုင်ပြီး အောက်ထပ်ကို ခြေဖော့ပြီး ဆင်းကြည့်နေမိတဲ့ အထိ စိတ္တဇ ဖြစ်နေတုန်းပါဆို။




စာဖတ်သူများ အားလုံးကို ခင်မင် လေးစားလျက်

မြဝတီဇော်