Sunday, May 13, 2012

ဆည်းဆာရောင်ပြန်


       နေ၀င်ခါနီးအချိန် ကောင်းကင်ပြင်မှာ တောက်ပတဲ့ တိမ်စိုင် တိမ်ဆုပ်တွေကို မြင်တွေ့ဖူးကြမှာပါ။ အနုအရင့် အဆင့်ဆင့်နဲ့ တင့်တယ်လှပတဲ့ ဒီမိုးတိမ်အစုအဝေးတွေဟာ ကြည့်မြင်ရသူရဲ့စိတ်ကို ညွတ်နူး ဆွတ်ပျံ့စေပါတယ်။ ဒီလို လောကကို အလှဆင်နေတဲ့ ဆည်းဆာချိန်ဟာ ကြည့်သူရဲ့ မျက်စိရှေ့မှာပင် တဖြည်းဖြည်း လျော့ပါး မှေးမှိန်သွားတတ်ပါတယ်။ အလင်းရောင် လျော့ပါးလာပေမယ့်လည်း ဖျော့တော့တဲ့ အလင်းရောင်နဲ့ တတ်စွမ်းသမျှ အစွမ်းကုန် တောက်ပမှုပေးရင်း နောက်ဆုံး နေ၀င်သွားတဲ့ အချိန်ထိအောင် လောကကို အလှဆင်ပေးနေတဲ့ ဆည်းဆာချိန်ဟာ ရင့်ကျက်မှု ဂုဏ်တစ်မျိုးနဲ့ ၀င့်ထည်နေပါတယ်။

   ဒီလို နေ၀င်ချိန်အလှကို After-glow (ဆည်းဆာရောင်ပြန်)လို့ သုံးနှုန်းခေါ်ဝေါ်ကြောင်း မှတ်သားဖူး ပါတယ်။ လောကကို တစ်ထောင့်တစ်နေရာကနေ အလှဆင်ပေးနေတဲ့ ဒီဆည်းဆာရောင်ပြန်ဟာ အချိန် တန်တဲ့အခါမှာ လောကကြီးကနေ ကွယ်ပျောက်သွားရမြဲ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ဒီဆည်းဆာချိန်ကို လူ့လောကနဲ့နှိုင်းယှဉ်ပြီး စဉ်းစားမိပါတယ်။ ကျွန်မတို့နေထိုင်ရာ ကမ္ဘာကြီးမှာ နုနယ်ငယ်ရွယ်တဲ့ ကလေး ဘ၀အချိန်ဟာ နေ့တစ်နေ့ရဲ့အစ အရုဏ်ဦးနဲ့တူပါတယ်။ နေ၀န်းကြီး တစ်စတစ်စ မြင့်တက်လာတဲ့ အချိန် ကနေ မွန်းလွဲပိုင်းအချိန်အထိဟာ လူ့ဘ၀ရဲ့ လှုပ်ရှားရုန်းကန်ရတဲ့ အသက်အပိုင်းအခြားနဲ့ တူတယ်လို့ ဆိုချင်ပါတယ်။

     တစ်ရက်ပြီးတစ်ရက် လှုပ်ရှားရုန်းကန်ရင်းနဲ့ ဇရာပိုင်းကို ရောက်လာတဲ့အချိန်ကတော့ ဘ၀ရဲ့ ဆည်းဆာ ချိန်၊ တစ်နည်းအားဖြင့် After-glow ဆိုတဲ့ ဆည်းဆာရောင်ပြန်ပါပဲ။ ကျွန်မတို့ ဖြတ်သန်းလာခဲ့ကြတဲ့ ဘ၀ လမ်းဟာ လူတစ်ဦးချင်းကိုလိုက်လို့ ချောမွေ့မှုတွေ၊ ကောက်ကွေ့မှုတွေ၊ အောင်မြင်ပျော်ရွှင်မှုတွေ၊ ကျရှုံး ၀မ်းနည်းမှုတွေနဲ့ အစဉ်အတိုင်း လျှောက်လှမ်းခဲ့ရမှာပါပဲ။ ဒီလိုနဲ့ ကျွန်မတို့တွေဟာ မိမိတို့ကိုယ်တိုင် မသိ လိုက်တဲ့အချိန်မှာပဲ တဖြည်းဖြည်းနဲ့ အိုမင်းလာကြပါတယ်။

  လူသားမှန်ရင် တစ်ချိန်ချိန်မှာ အိုမင်းရမှာ မလွဲမသွေ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ သာမန်လူ တစ်ယောက် အိုမင်းလာခြင်းဟာ သဘာဝတရားပဲလို့ တွေးကောင်း တွေးမိမှာဖြစ်ပေမယ့် ကျွန်မ တစ်ဦး တစ်ယောက်တည်းရဲ့ အမြင်ကတော့ အိုမင်းလာတာနဲ့အမျှ ဘ၀ပေါ်ထားရှိတဲ့ အမြင်တွေ၊ အသိအလိမ္မာ တွေ ရင့်ကျက်လာသင့်တယ်လို့ ယူဆပါတယ်။ ဘာကြောင့် ဒီလို ပြောရပါသလဲ။ လူတစ်ယောက်ရယ်လို့ ဖြစ်လာတဲ့အခါ လူ့လောကကို အကျိုးပြုနိုင်တဲ့သူတစ်ယောက်အဖြစ် ရှင်သန်နေထိုင်ခဲ့ရင် တစ်ချိန်မှာ ထိုသူအတွက် လူ့လောကကြီးက ပြန်လည်ပေးအပ်တဲ့ ဆုလာဘ်တွေကို ရရှိပါလိမ့်မယ်။ ဒါဖြင့် လူ့လောက ကြီးက ဘာတွေကို လက်ဆောင်အဖြစ် ပေးပါသလဲ။ ကျွန်မတို့ပတ်ဝန်းကျင်မှာ အလွယ်တကူပဲ မြင်တွေ့နိုင် ပါတယ်။ လူ့လောက ကောင်းကျိုးအတွက် ဆောင်ရွက်ခဲ့တဲ့သူတွေဟာ အသက်ရှင်နေချိန်မှာလည်း လူ အများရဲ့ ချစ်ခင်လေးစားမှု၊ တန်ဖိုးထား ရိုသေမှုတွေအပြင် ကူညီစောင့်ရှောက်မယ့် မိတ်ကောင်း ဆွေကောင်းတွေကို ရရှိပိုင်ဆိုင်သူတွေ ဖြစ်လေ့ရှိပါတယ်။ ထိုသူတို့ တိမ်းပါးသွားသည့်တိုင် နာမည် ဂုဏ် သတင်းဟာ သင်းပျံ့ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ လူပင် သေသော်လည်း နာမည် မသေသူများ ဖြစ်ပါတယ်။

      ကျွန်မတို့ရဲ့ လူ့လောက မိုးကောင်းကင်ကြီးမှာ အခုအရွယ်ဟာ ကျွန်မတို့အတွက် နေမင်းကြီးရဲ့ ရွေ့လျားရာ လမ်းကြောင်းအရ ဘယ်အချိန်ကို ရောက်နေပါပြီလဲ။ သေချာတာကတော့ စက္ကန့်နဲ့အမျှ ကျွန်မ တို့ဟာ အိုမင်းခြင်းဆီကို ချဉ်းကပ်နေကြတယ် ဆိုတာပါပဲ။ ဒီလိုဆိုရင် ကျွန်မတို့အတွက် ဆည်းဆာ ရောင်ပြန် ဆိုတာလည်း အနှေးနဲ့အမြန် ရောက်ရှိလာဦးမှာပဲ ဖြစ်ပါတယ်။ ဒီလို ဆည်းဆာချိန်မတိုင်ခင် ကျွန်မတို့ဟာ လူ့လောက ကောင်းကျိုးအတွက် အချိန်ရှိခိုက်မှာ တစ်ထောင့်တစ်နေရာက ပါဝင် ဆောင်ရွက် သင့်တယ်လို့ မထင်မိဘူးလား။ ဘ၀ဆည်းဆာချိန်မှာ စွမ်းအားရှိသရွေ့ အလင်းရောင်ပေးရင်း လောကကြီး ကို အလှဆင်နေတဲ့ After-glow ဆိုတဲ့ ဆည်းဆာချိန် ရှုခင်းတွေကို အချိန်ကြာကြာ တောက်ပနိုင်အောင် ဖေးမ ကူညီ စောင့်ရှောက်ပေးဖို့ ကျွန်မတို့မှာ တာဝန်မရှိဘူးလား။

    ကျွန်မကတော့ နေ၀င်ချိန် ဆည်းဆာရောင်ပြန်ကို ကြည့်ရင်း ကိုယ့်ရဲ့ ဘ၀ဆည်းဆာချိန်မှာ လောက ကြီးကို အလှဆင်ပေးနိုင်ဖို့ လူသားတိုင်း တာဝန်ကျေကြမယ်ဆိုရင် ကျွန်မတို့ရဲ့ ဘ၀မိုးကောင်းကင်ကြီးဟာ အလင်းအားကောင်းကောင်းနဲ့ အစွမ်းကုန် တောက်ပပေးနိုင်တဲ့ ဆည်းဆာရောင်ပြန်အဖြစ် လူသားတို့ကို အကျိုးပြုနိုင်လိမ့်မယ်လို့ ယုံကြည်နေမိပါတယ်။

မြ၀တီဇော်

(ဒီဆောင်းပါးလေးက Save The Aged အဖွဲ့ရဲ့ တစ်နှစ်ပြည့် စာမူပြိုင်ပွဲမှာ တတိယဆု ရခဲ့တဲ့ ဆောင်းပါးလေး ပါ။ အမှတ်တရအဖြစ် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။)

1 comment:

  1. အရမ်းကောင်းတဲ့ ဆောင်းပါးလေးပါ..ခုမှသေသေချာချာဖတ်ဖြစ်တယ်..ဆက်ကြိုးစားပါနော်..အားပေးလျက်ပါ...

    ReplyDelete