Friday, December 19, 2014

အတ္တဖြင့် ထုံမွှမ်းအပ်သော အမြုတေ



"ဒီနေ့ ပြဿဒါးနေ့လား မသိဘူး"

ကျွန်မစိတ်ထဲမှ မကျေမနပ် ရေရွတ်လိုက်မိသည်။ ဖြစ်ပုံကိုလည်း ကြည့်ဦး။ ဒီနေ့ လာကြိုနေကျ ရုံးကား မရှိ သဖြင့် လိုင်းကားဖြင့် ကျွန်မ ရုံးတက်ရသည်။ စီးလာသည့် လိုင်းကားက ရုံးရှိရာသို့ တစ်ဆင့်တည်းစီး၍ မရောက်။ သို့ကြောင့် နောက်တစ်ဆင့် ပြောင်းစီးရသည်။ ပြဿနာက ထိုပြောင်းစီးလာသည့် ကားပေါ်မှ စ,သည်။ ကျွန်မ ကားပေါ်တက်ပြီး နောက်တစ်မှတ်တိုင်အရောက်မှာ အမျိုးသမီးတစ်ယောက် ဈေးဆွဲခြင်း ကိုင်ပြီး တက်လာသည်။ လက်တစ်ဖက်က ဈေးခြင်းတောင်းဆွဲလာပြီး နောက်တစ်ဖက်က မုန့်ဟင်းခါးထုပ် ကို တွဲလွဲဆွဲကာ ကားပေါ်သို့ ဟိုယိုင် သည်ယိုင်နှင့် အမောတကော တက်လာသည်။ သူမကားပေါ်ရောက် သည်နှင့် ကားက မှတ်တိုင်မှ ၀ူးခနဲ ဆောင့်ပြီး ထွက်တော့သည်။ ကျွန်မက နောက်နှစ်မှတ်တိုင်လောက်ဆို ဆင်းရတော့မည်မို့ သူမဘေးနားမှာ ရပ်နေလိုက်သည်။ ထိုအမျိုးသမီးမှာ ကား၏ အတက်အဆင်းပေါက် တွင် ပိတ်ရပ်နေသည်မို့ ကျွန်မက သူမကို -

"ဆင်းမှာလား မသိဘူးနော်၊ ကျွန်မ ရှေ့မှတ်တိုင်ဆင်းမှာမို့၊ နည်းနည်း ဖယ်ပေးပါလား"

ဟု ပြောလိုက်မိသည်။ ထိုအမျိုးသမီးက ကျွန်မကို လှည့်၍မျှပင် မကြည့်၊ ဘာမှလည်း ပြန်မပြော။ ကျွန်မ နည်းနည်းတော့ တင်းသွားသည်။ ဘယ့်နှယ့်လဲ....။ ဆင်းရင်လည်း ဆင်းမယ်၊ မဆင်းသေးရင်လည်း မဆင်းသေးဘူးပေါ့ .. ဖြေလိုက်တော့ ဘာဖြစ်သွားမှာမို့လဲလို့ တွေးရင်း ကျွန်မ ဆင်းရမည့်မှတ်တိုင် ရောက် လာသည်။ ကားက အရှိန်ဖြင့် ထိုးရပ်လိုက်သည်မို့ ကျွန်မမှာ ဘေးမှအမျိုးသမီး၏ ရှေ့သို့ရောက်သွားပြီး တစ်ချိန်တည်းမှာပဲ ကျွန်မ၏ နောက်ကျောဆီမှလည်း ပူခနဲ ခံစားလိုက်ရသည်။ ကားပေါ်မှ လူအချို့၏ ဟယ်ခနဲ အာမေဋ္ဋိတ်သံကိုပါ ကြားလိုက်မိသည်။ ကျွန်မသည် ကားပေါ်မှ ဆင်းလိုက်ရင်းက လက်ဖြင့် နောက်ကျောသို့ အသာစမ်းမိသည်။ လက်ကို ပြန်ကြည့်လိုက်တော့ ... သွားပါပြီ ... မုန့်ဟင်းခါး ဟင်းရည်တွေက ကျွန်မအကျီ င်္နောက်ကျောမှာ ရွှဲစိုပေကျံကုန်သည်ကို စိတ်ပျက်ဖွယ် တွေ့လိုက်ရသည်။

ထို့ကြောင့် ကျွန်မက နောက်သို့လှည့်ကာ ထိုအမျိုးသမီးကို ကြည့်လိုက်တော့ ... သူမလည်း ထိုမှတ်တိုင် တွင် ဆင်းကာ ကျွန်မ လှည့်ကြည့်နေမှန်း သိသော်လည်း ကျွန်မကို တောင်းပန်စကားပြောရန် ဝေးစွ။ သူမ၏ ဈေးခြင်းတောင်းကိုသာ လက်က ဆွဲလျက် နှုတ်မှလည်း -

"ကားက ဘယ်လိုများ မောင်းနေလဲ မသိဘူး...၊ မုန့်ဟင်းခါးတွေတော့ ကုန်ပါပြီ၊ ဟင်းရည်မပါပဲ ဘယ်လို လုပ် စားရတော့မှာလဲ ..."

 ဟု တဖျစ်တောက်တောက်ဆိုကာ ထွက်သွားတော့သည်။ ကျွန်မမှာ ကားမှတ်တိုင်မှ ရုံးရောက်သည်အထိ မုန့်ဟင်းခါးဟင်းရည်နံ့များ တထောင်းထောင်းဖြင့် ရုံးပေါ်အထိ လျှောက်လာရသည်။ ပို၍ဆိုးသည်က ရုံးထဲ ၀င်လိုက်သည်နှင့် Air Con: ဖွင့်ထားသောကြောင့် ကျွန်မကိုယ်ပေါ်မှ မုန့်ဟင်းခါး ဟင်းရည်နံ့က သိသာစွာ ပညာပြတော့သည်။ ကျွန်မမှာ ရှက်ရှက်နှင့် ရုံးက အစ်မကြီးတစ်ယောက်ကို အကူအညီတောင်းကာ အကျီ င်္နောက်ကျောမှ ဟင်းရည်ဖတ်များကို တစ်ရှူးဖြင့် သုတ်ပစ်ရသည်။ ပြီးမှ သန့်စင်ခန်းထဲဝင်ပြီး အကျီ င်္နောက်ကျောကို ဆပ်ပြာတိုက်ကာ ခပ်မြန်မြန် လျှော်ဖွပ်ပစ်ရသည်။ ထို့နောက် ရေစင်အောင် ညှစ်ပြီး စိုနေသည့်အတိုင်းပင် ပြန်ဝတ်ကာ အလုပ်လုပ်ဖို့ ပြင်ရတော့သည်။

× × ×


ဒီလိုနှင့် နံနက် ၁၀ နာရီခွဲခန့်တွင် လက်ကိုင်ဖုန်း မြည်လာသဖြင့် ကောက်ယူ နားထောင်လိုက်သည်။

"ဟဲလို"

"ဟဲလို .. အေး ... မမ၊ ငါပါ၊ မီးမီးလေးကို ခုနကပဲ သူ့အဘိုး လာခေါ်သွားတယ်၊ မနက်စာ မုန့်လေးပဲ စား ရသေးတယ်၊ လိုအပ်တဲ့ ပစ္စည်းတွေအားလုံး ငါ ထည့်ပေးလိုက်တယ် သိလား"

"ဟုတ်လား၊ ငါက ဒီတစ်ပတ်ကျရင် ကလေးကို သူ့အဘိုးအဘွားတွေအိမ် မပို့တော့ဘူးလို့ ပြောထား ခဲ့သေးတယ်၊ ပြီးခဲ့တဲ့ တစ်ပတ်က သူ့အဘွားက နေသိပ်မကောင်းဘူးဆိုလို့လေ၊ ဒါနဲ့ ဘာဖြစ်လို့ လာခေါ် သွားတာလဲ၊ ငါ့ကိုလည်း ဖုန်းမဆက်ပါဘူး"

"အေး၊ ဧည့်သည်တွေ လာလို့ဆိုလားပဲ၊ အဲဒါ.. ဟို... ဟိုဥစ္စာ... ကားငှားလို့ မရလို့ဆိုပြီး ဆိုင်ကယ် ကယ်ရီ နဲ့ ခေါ်သွားတယ် မမ..."

"ဘာ...! ဘာနဲ့ ခေါ်သွားတယ် ... ဆိုင်ကယ်နဲ့ ဟုတ်လား၊ အမယ်လေး ... ဘုရား ဘုရား ...၊ ဒုက္ခပါပဲဟယ် ...ငါစိတ်ညစ်ပါတယ်နော်...၊ ဆိုင်ကယ်နဲ့သွားတာ ဘယ်လောက် အန္တရာယ်များလဲ ... ဘယ်တုန်းက သွား တာလဲ ... နင်တို့က ကားမငှားပေးလိုက်ဘူးလား"

"မဟုတ်ပါဘူး .. မမရယ်၊ ငါကလည်း ရေချိုးခါနီး ဖြစ်နေတော့ ... အပြင်ထွက်ဖို့ မလွယ်လို့ပါ...၊ ကားငှား သွားမယ်ဆိုပြီး ... တော်တော်နဲ့ ကားငှားမရလို့ ... သူ့အဘိုးက ဆိုင်ကယ်နဲ့ ခေါ်သွားတာပါ"

"ဟာ... မဖြစ်ဘူး..၊ မဖြစ်ဘူး...၊ ငါဖုန်းလှမ်းဆက်လိုက်ဦးမယ် ...။ ဒါပဲနော်"

ကျွန်မရင်ထဲတွင် ဗလောင်ဆူသွားကာ ရုတ်တရက် လူက မူးမိုက်သလိုပင် ဖြစ်သွားရသည်။ ကျွန်မ အသိ ထဲတွင် မြင်ယောင်မိသည်က သိပ်မကြာသေးခင်က လှိုင်သာယာဘက်တွင် ကားနှစ်စီး ရှောင်ရာမှ တစ်ဖက်ယာဉ်ကြောမှ လာသော ဆိုင်ကယ် ကယ်ရီတစ်စီးအား တိုက်မိခဲ့ရာ ဆိုင်ကယ် ကယ်ရီသမားရော၊ စီးလာသည့် သားအမိနှစ်ယောက်ပါ အသက်ဆုံးခဲ့ရသည့်သတင်းပင် ဖြစ်သည်။ ထိုသတင်းကို ဖတ်မိပြီး ကတည်းက သမီးလေးကို ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ဆိုင်ကယ်နှင့် မခေါ်ဖို့ စိတ်ဆုံးဖြတ်ထားခဲ့ သည်။ သည့်မတိုင်ခင်ကလည်း ဆိုင်ကယ် ကယ်ရီနှင့် ဘယ်တုန်းကမျှ ခေါ်မသွားခဲ့ဖူးပါ။ ဘယ်သွားသွား ကားဖြင့်သာ ခေါ်သွားခဲ့သည်။

ယခုတော့ ... သူ့အဘိုးဖြစ်သူက ဆိုင်ကယ် ကယ်ရီနှင့် ခေါ်သွားသည်ဆိုတော့ ... ကျွန်မ ရင်တွေ ပေါက် ကွဲထွက်တော့မလို ပူလောင်ရတော့သည်။ တုန်ယင်နေသော လက်ဖြင့် ဖုန်းနံပါတ်တစ်ခုကို ခပ်မြန်မြန် နှိပ် လိုက်သည်။ တစ်ဖက်သို့ ခေါ်ဆိုနေသော ဖုန်းသံ တတူတူကို စိတ်မရှည်စွာ စောင့်ဆိုင်းအပြီးမှာ တစ်ဖက် မှ ပြန်ထူးသံ ကြားလိုက်ရသည်။

"ဟဲလို ... အမေလား"

"ဟဲလို ... ဘာလဲ"

"သြော် ... အဖေ၊ သမီးလေးကို ဆိုင်ကယ် ကယ်ရီနဲ့ ခေါ်သွားတယ်ဆို အဖေ၊ အဲဒါ ..."

"အေးလေ၊ အခု အိမ်ရောက်နေပြီ၊ အဲဒါ ဘာဖြစ်လဲ"

"မဟုတ်ပါဘူး ... အဖေ၊ ကလေးကို ဆိုင်ကယ်နဲ့ခေါ်တာ သမီး အရမ်းစိတ်ပူလို့ပါ၊ နောက်ကို အဲဒီလို မခေါ် ပါနဲ့ အဖေ၊ ကားငှားခ သမီးပေးပါ့မယ်...၊ ဆိုင်ကယ်နဲ့တော့ မခေါ်ပါနဲ့ အဖေ၊ ကလေးက အခုမှ ရှစ်လပဲ ရှိပါသေးတယ်"

"နေစမ်းပါဦး၊ ညည်းက ဘာဖြစ်နေတာလဲ၊ အိမ်ရောက်နေပြီလို့ ပြောနေတယ် မဟုတ်လား၊ တော်ပြီ၊ ပူစရာ မလိုဘူး ... ကိုယ့်အလုပ် ကိုယ်လုပ်တော့"

ယောက္ခမဖြစ်သူက သူပြောချင်ရာ ပြောပြီးသည်နှင့် ဖုန်းကို ဂွပ်ခနဲ ချပစ်လိုက်သည်။ ကျွန်မ ရင်ထဲ ဆို့နင့် သွားကာ တဆတ်ဆတ်တုန်နေသည့် လက်ထဲမှ ဖုန်းကို ကြည့်ရင်း မျက်ရည်များ တလိမ့်လိမ့် ကျဆင်း လာတော့သည်။ ပြောရက်လိုက်တာ... ၀မ်းနဲ့လွယ်ပြီး မွေးထားရတဲ့ မိခင်တစ်ယောက်အနေနဲ့ ကိုယ့်သား သမီးအပေါ် စိတ်ပူခွင့်တောင် မရှိဘူးလား ...။ အန္တရာယ်ဆိုတာ ချိုပါတာမို့လို့လား ...၊ ဘာမှ မဖြစ်ရင်တော့ ဘာမှ မဖြစ်ပေမယ့်... ဖွ...ဖွ... မပြောကောင်း၊ မဆိုကောင်း တစ်စုံတစ်ခုများ မတော်တဆဖြစ်ခဲ့ရင် ဘယ် သူမှ ဘာမှ တတ်နိုင်မှာမဟုတ်။ မိခင်ဖြစ်တဲ့ ကျွန်မပဲ ရင်ကွဲရမှာ မဟုတ်လား။ အဆိုးဘက်က တွေးခြင်းမျိုး မဟုတ်ပေမယ့် ဆိုင်ကယ်ဆိုတာမျိုးက စီးနင်းသူအတွက် ဘာအကာအကွယ်မှ ပေးနိုင်တာမဟုတ်။ ဘာမှ မဖြစ်ဘူးဆိုပေမယ့် ရှစ်လအရွယ် ကလေးငယ်တစ်ယောက်အတွက်တော့ အဆောင်းအကာ မပါဘဲ နေ ပူအောက်မှာ စီးရသည်မို့ ကလေး ဖျားနာတော့ရော... ဘယ်သူက လာ၍ အပင်ပန်းခံမည်နည်း။ မိခင်ဖြစ် တဲ့ ကျွန်မသာလျှင် ပင်ပန်းရမည် မဟုတ်ပါလား။

ကျွန်မကို ထည့်မတွက်လျှင် နေပါ....။ အခုလိုမျိုး ကျွန်မ အလုပ်သွားနေချိန်မှာ သမီးလေးကို ခေါ်သွားချင် ရင်တောင် ဘေးကင်းကင်းနဲ့ လုံခြုံစိတ်ချရတဲ့ အခြေအနေမျိုးနဲ့ ခေါ်သွားစေချင်တာ ကျွန်မရဲ့လွန်ကဲမှု လား။ သမီးလေးကို အရာရာမှာ ပြည့်စုံစေချင်လွန်းလို့ ကိုယ်တိုင် အပင်ပန်းခံပြီး အလုပ်ထွက်လုပ်နေတာ ပါ။ ကုမ္ပဏီအလုပ်ဖြစ်သောကြောင့် မီးဖွားခွင့် သုံးလကို လစာအပြည့်နဲ့ ခံစားခွင့်ရပြီး ခွင့်သုံးလ ပြည့်ချိန်မှာ သမီးလေး ၂ လ ကျော်ကျော်နဲ့ အလုပ်ပြန်ဝင်ခဲ့ရပါသည်။ မိခင်တစ်ယောက်အနေနဲ့ ကိုယ့်သားသမီးကို တစ်နေ့လုံးခွဲပြီး ညရောက်မှ တွေ့ရတဲ့ ဘ၀ပါ။ ကလေးငယ်သည့် အချိန်တုန်းကလည်း ညတိုင်းနီးပါး ၃ နာရီ လောက်သာ အိပ်ရပြီး မနက်မိုးလင်း၍ ၇ နာရီမခွဲခင်မှာ လာကြိုသည့်ကားနှင့် အလုပ်ကို ထွက်လာ ရပြန်ပါသည်။ ထိုသို့ ဒုက္ခတွေခံပြီး မွေးလာရသည့် ကျွန်မကို "ညည်းက ဘာဖြစ်နေတာလဲ" ဟု မေး လိုက်ခြင်းဟာ ကျွန်မမျက်နှာကို ဖြတ်ရိုက်လိုက်သည်ထက် ပိုနာကျင်စေပါသည်။ မှန်ပါသည်။ ကျွန်မယောက္ခမတွေအတွက်လည်း သမီးလေးက မြေးဦးမို့ ကျွန်မထက် မလျော့အောင် ချစ်ကြမှာပါ။ သို့ပေမယ့် ကျွန်မရဲ့ ပူပန်နေတဲ့ စိုးရိမ်စိတ်ကို လျော့ပါးသွားအောင် မပြောချင်ရင် နေပါ၊ ရင်ဝဆောင့်ကန် သလို ခံစားရစေမည့် စကားမျိုးတော့ မပြောသင့်ဘူး မဟုတ်ပါလား။ အဲဒီနေ့က ကျွန်မ ထမင်း မစားနိုင်တော့ပါ။ ရင်ထဲမှာ တင်းကျပ် ဆို့နင့်နေကာ ၀မ်းပမ်းတနည်းနှင့် မျက်ရည်သာ တွေတွေကျနေ မိတော့သည်။ သေချာပါသည်။ ဒီနေ့ဟာ ကျွန်မ အတွက်တော့ ပြဿဒါးနေ့ပင် ဖြစ်ပါတော့သည်။

 × × ×

ကျွန်မ အလုပ်လုပ်တာနှင့် ပတ်သက်၍ မိတ်ဆွေတချို့က ကျွန်မကို ပြောကြပါသည်။ ကိုယ့်ယောက်ျားက ရှာနိုင်၊ ဖွေနိုင်ရဲ့သားနဲ့ အလကား အလုပ် ထွက်လုပ်နေရတယ်ဟူ၍။ ဟုတ်ကဲ့။ ဘယ်သူမှတော့ အလကားနေရင်း အလုပ် ထွက်မလုပ်ကြပါဘူးရှင်။ ဒီနေ့ခေတ်ကြီးမှာ လူတစ်ယောက်တည်း၏ လုပ်စာကို တစ်အိမ်လုံး ၀ိုင်းစားလို့ ဘယ်လိုမှ မဖြစ်နိုင်တာ အားလုံးအသိပင် ဖြစ်ပါသည်။ အရင်က လင် မယားနှစ်ယောက်တည်း ရှိစဉ်ကတည်းက ကျွန်မ အလုပ် လုပ်ခဲ့သည်။ ယခု သမီးလေး ရလာတော့လည်း ကျွန်မ အလုပ်ဆက်လုပ်ပါသည်။ ဒါဟာ ဘာကြောင့်လဲဆို.... ကျွန်မရဲ့သမီးလေးကို ကျွန်မရဲ့ချွေးနှဲ စာနဲ့ ဘယ်သူ့မျက်နှာမှ ကြည့်နေစရာ မလိုဘဲ ဆင်ချင်၊ ကျွေးချင်၊ ပြုစု ယုယချင်လို့ပဲ ဖြစ်ပါသည်။

ဒီအလုပ်ကြောင့်ပင် ကျွန်မ သမီးလေးကို အတိုင်းအတာတစ်ခုအထိ ပြည့်ပြည့်စုံစုံ ထားနိုင်ခဲ့ပါသည်။ တစ်ခုတော့ ရှိပါသည်။ ကျွန်မလည်း ကျွန်မ အတိုင်းအတာအလျောက် သမီးလေးကို ပြည့်စုံလုံလောက်စွာ ဂရုစိုက် ပြုစုစောင့်ရှောက်သလို မိသားစုဝင်တွေကိုလည်း ကျွန်မထက် မပိုတောင် ကျွန်မလောက်နီးနီး သမီးလေးကို ဂရုတစိုက် ပြုစုစောင့်ရှောက်စေချင်မိပါသည်။ ဒါကို ကျွန်မက "ပိုလွန်းအားကြီးတယ်" လို့ မေးငေါ့ရင်လည်း ခံရပါမည်။ ဘာကြောင့်လဲဆိုလျှင် ကျွန်မက အမေတစ်ယောက် ဖြစ်နေ၍ပင်။ ကျွန်မ မှာ သမီးလေးကလွဲပြီး ပိုင်ဆိုင်တာ ဘာမျှ မရှိပါ။ ဘာကိုမျှလည်း မလိုချင်ပါ။ ကျွန်မ ခေါင်းထဲမှာ စွဲထားတဲ့ အသိတစ်ခုမှာ ကျွန်မအလုပ်လုပ်နေခြင်းသည် ကျွန်မ မိသားစုနှင့် ကျွန်မရဲ့ သမီးလေးအတွက်သာ။ ကျန် တာတွေ ကျွန်မ စိတ်မ၀င်စားပါ။ အလုပ်လုပ်ခြင်းရဲ့ နောက်ဆက်တွဲအနေနှင့် သမီးလေးနားမှာ အချိန်ပြည့် ယုယခွင့်ကိုတော့ ကျွန်မ ဆုံးရှုံးခံခဲ့ရသည်ပေါ့။

× × ×

ကျွန်မဘ၀တွင် ရည်မှန်းချက်များ ရှိခဲ့ပါသည်။ အချို့သော ရည်မှန်းချက်တွေကိုလည်း ကျွန်မ အကောင် အထည် ဖော်နိုင်ခဲ့ပါသည်။ သို့ပေမယ့် ကျွန်မရဲ့ဆန္ဒတစ်ခုဖြစ်တဲ့ ကျွန်မငယ်စဉ်က မရဖူးတဲ့ ပျော်ရွှင် မှုတွေ၊ ပြည့်စုံမှုတွေ အားလုံးကို သမီးလေးအတွက် ကျွန်မက အတိုးချ ဖန်တီးပေးချင်မိပါသည်။ ကျွန်မ သမီးလေး ပျော်ရွှင်ဖို့အတွက် ကျွန်မ အမြဲဖြည့်ဆည်းပေးသွားမည်။ ကျွန်မ သမီးလေးကို ဘယ်သောအခါမှ မျက်နှာမညိုရအောင် ကျွန်မ ကြိုးစားနေဦးမည်။ အဆုံးစွန်ထိ ပြောပါရစေတော့။ သမီးလေးတစ်မျက်နှာ တည်းနဲ့ ကျွန်မ ဘ၀အမောတွေ ဖြေနေရခြင်းမို့ သမီးလေးနဲ့ပတ်သက်လာရင် ကျွန်မဟာ အရူးတစ်ပိုင်းလို့ ဆိုရလောက်အောင်အထိ သမီးလေးကို ကျွန်မ တန်ဖိုးထား ချစ်မြတ်နိုးပါသည်။ ကျွန်မလို မိခင်မျိုးကို "အသည်းပိုလွန်းတယ်၊ အိုဗာဖြစ်လွန်းတယ်" လို့ စကားတင်းဆိုကြရင်လည်း ကျွန်မ ခံယူဖို့ အသင့်ပင်။ အဘယ့်ကြောင့်ဆိုသော် ... သမီးလေးသည်သာ ကျွန်မဘ၀၏ "အမြုတေ" ဖြစ်သောကြောင့်ပင်။



ချစ်ခြင်းအားဖြင့်


မြ၀တီဇော်
(20/12/2014)


Sunday, December 14, 2014

"အမှတ်တရ"



ဒီကဗျာလေး ကျွန်မဘလော့မှာ မတင်ဖူးသေးဘူး ထင်ပါတယ်...။ ဆယ်ကျော်သက်အရွယ်က ရေးထားတဲ့ ကဗျာပေါ့။ အခုချိန် ပြန်ဖတ်မိတော့ ကိုယ့်ဘာသာကိုယ် ပြုံးမိပါတယ်...။ အဲဒီတုန်းကတော့ ဒီလို ကဗျာ တိုစိလေးတွေ ရေးပြီး မဂ္ဂဇင်းတွေ ဘာတွေ ပို့ဖို့ စိတ်ကူးယဉ်ခဲ့တာပေါ့။ :D






အမှတ်တမဲ့တိုင်းဟာ
     "အမှတ်တရ" မဟုတ်သလို ...
"အမှတ်တရ" ဆိုတာလည်း
     အမှတ်တမဲ့နေရင်
 အမှတ်တမဲ့ပါပဲ ... ။




မြ၀တီဇော်
(15/12/2014)