Wednesday, January 30, 2013

စိတ်ရောင်စုံ


အရောင်တို့၏ သဘောတရားတွင် ထူးခြားဆန်းကြယ်မှုများ ရှိသည်။ အချို့အရောင်များက သူနှင့် ထိတွေ့ ပေါင်းစပ်ရာ အခြားအရောင်များကို ပိုမိုလင်းလက် တောက်ပအောင် ပံ့ပိုးကူညီနိုင်စွမ်း ရှိတတ်ကြ သည်။ အချို့အရောင်များကတော့ သူနှင့်ပေါင်းစပ်လိုက်သည့် အရောင်တစ်ခုခု၏ မူလအရောင်ကို ပျက်စီး သွားစေနိုင်သည့် အစွမ်းသတ္တိ ရှိကြသည်။ အချို့အရောင်များကတော့ သူနှင့် မျိုးမတူသည့် သီးခြားအရောင် တစ်ခုခုနှင့် ပေါင်းစပ်လိုက်သည့်အခါ လှပ ဆန်းပြားသည့် ရောင်စဉ်အသစ်တစ်မျိုး ဖြစ်ပေါ်လာစေနိုင်သည့် အစွမ်းရှိသည်။ မည်သို့ပင်ဖြစ်စေ အရောင်တစ်မျိုးချင်းစီ၌ သူ့ကိုယ်ပိုင် မူလ အရည်အချင်းတစ်ခုတော့ ကိုယ် စီ ရှိကြလေသည်။

အရောင်တို့တွင် အလင်းပြင်းအား သိပ်သည်းဆ အနည်းအများပေါ် မူတည်၍ အနုအရင့် အဆင့်ဆင့် ဖြစ် လာကြရသည်။ မူလ ဖျော့တော့သော အရောင်ရှိသည့် အရောင်များက အလင်းပြင်းအား များလေ၊ ပိုမို တောက်ပ လင်းလက်လေ ဖြစ်သည်။ မူလ ရင့်မှောင်သော အရောင်ရှိသည့် အရောင်များက အလင်းပြင်း အား များလေ၊ ပိုမို သိပ်သည်း ရင့်မှောင်လေ ဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ အရောင်တို့၏ မူလ ပိုင်ဆိုင် ထားသည့် အခြေခံ သိပ်သည်းဆအပေါ် မူတည်သောကြောင့် ဖြစ်လေသည်။

ထိုအရောင်များကဲ့သို့ပင် ကျွန်မတို့ ပတ်ဝန်းကျင်ရှိ လူများစွာတို့တွင်လည်း အခြေခံ စိတ်အရောင်များ အများ အပြား ရှိနေကြသည်။ အချို့လူတို့၏ အခြေခံ စိတ်အရောင်မှာ သန့်ရှင်း ဖြူစင်သည်။ အချို့မှာ ခပ်ဖျော့ဖျော့အရောင် ရှိကြသည်။ အချို့မှာ ရင့်မှောင်သည့် စိတ်အရောင် ရှိကြသည်။ စိတ်အရောင် ဖျော့ သူတို့မှာ အလွယ်တကူ အရောင်စွန်းလွယ်သည်။ စိတ်အရောင် သန့်ရှင်းသူတို့မှာ မူလ အခြေခံအရောင်က အဖြူရောင် ဖြစ်သောကြောင့် သူ့ပတ်ဝန်းကျင်တွင် မည်သို့သော အရောင်ရင့်များ ဝန်းရံ ကာဆီးစေကာမူ နဂို ဖြူသော ဂုဏ်ရည်က လျော့ကျမသွားပေ။ ထိုအရောင်ညစ်များကြောင့်ပင် ပို၍ ထင်ရှား တောက်ပလာရ သည်။

စိတ်အရောင် နုဖျော့သူများမှာ တစ်မူ ထူးခြားသည်။ ရင့်မှောင်သော စိတ်အရောင်များနှင့် ပေါင်းလျှင် ရင့်သော အသွေးအရောင်ဘက်သို့ ရောက်သွားတတ်သလို အဖြူရောင်စိတ် ရှိသူများနှင့် ပေါင်းစပ်လိုက် သည့်အခါ သူ၏ မူလ ဖျော့သောအရောင်မှာ ပို၍ ထင်ရှား ပေါ်လွင်လာတတ်သည်။ စိတ်အရောင် ရင့်မှောင် သူတို့မှာမူ တခြား မည်သည့်အရောင် စိတ်ရှိသူများနှင့် ပေါင်းစပ်သည်ဖြစ်စေ မိမိတို့၏ ပင်ကိုအရောင် အဆင့်ကို လိုက်လျောညီထွေစွာ မပြောင်းလဲနိုင်သောကြောင့် လှပသော စိတ်အရောင်များ ဖြစ်ပေါ်အောင် မစွမ်းဆောင်နိုင်ပေ။ ထို့ပြင် ၎င်းတို့သည် မူလ အခြေခံ စိတ်အရောင်ကိုက ရင့်မှောင်နေသောကြောင့် တွဲစပ် လိုက်သည့် အခြားအရောင်များကို ပို၍ပင် ရင့်မှောင် ညစ်နွမ်းသွားစေသည်။ ထိုရင့်သော အရောင်စိတ် ရှိသူ များသည် ၎င်းတို့နှင့် အရောင်သိပ်သည်းဆ တူသည့် အခြားအရောင် အဆင့်များနှင့်သာ ပေါင်းစပ်ခြင်းဖြင့် ထင်ရှားမှုကို ရယူရရှာသည်။

ထို့ကြောင့် မိမိတို့၏ မူလ အခြေခံ စိတ်အရောင်သည် ဖျော့တော့ပါက ဖြူစင်သော စိတ်အရောင်ရှိသူများနှင့် တွဲစပ်ခြင်းဖြင့် ပိုမို လင်းလက်စေကာ မိမိ၏ မူလ ဂုဏ်ရည်ကို တိုးစေသင့်သည်။ မိမိတို့၏ စိတ်အရောင်က ရင့်မှောင်နေပါက ဖျော့တော့အောင် (တစ်နည်း လင်းလက် သန့်စင်အောင်) ကြိုးစား ပြုပြင်သင့်သည်။ သို့မှ သာ မိမိတို့ကိုယ်ပိုင် အလင်းပြင်းအားဖြင့် သန့်ရှင်းကြည်လင်သောစိတ်၊ တောက်ပ လင်းလက်သောစိတ်ကို အခြေခံကာ လူ့ပတ်ဝန်းကျင်ရှိ ကွဲပြားခြားနားသော စိတ်ရောင်စုံတို့ကို ကူညီဖေးမ လက်တွဲခေါ်ယူနိုင် မည်ဖြစ်ပါသည်။


စာဖတ်သူအားလုံးကို ခင်မင် လေးစားလျက်

မြဝတီဇော်




Tuesday, January 22, 2013

**မူပိုင်နဲ့ ပတ်သက်လို့...**



အခုတလော နယ်ပယ်အသီးသီးမှာ "မူပိုင်ခွင့်"နဲ့ ပတ်သက်လို့ အပြောအဆို များလာတာ တွေ့မိပါတယ်။ မူပိုင်ခွင့်ဆိုတာ ဘာလဲ၊ မူပိုင်ခွင့်ကို ချိုးဖောက်တယ်ဆိုတာ ဘာလဲ၊ ဘယ်သူတွေက မူပိုင်ခွင့်ရှိသူတွေလဲ စသဖြင့် မူပိုင်ခွင့်နဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ပညာရှင်တော်တော်များများ ဆွေးနွေးထား တာလည်း မှတ်သားဖူးပါတယ်။

မူပိုင်ခွင့်နဲ့ ပတ်သက်လို့ နားလည် မှတ်သားမိသလောက် ပြောရရင် လူတစ်ယောက်ဟာ သူဖန်တီးတဲ့ လက်ရာတစ်ခု (ဥပမာ-စာရေးသူဆိုလျှင် စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်၊ အက်ဆေးတစ်ပုဒ် သည် သူ့ပင်ကို ဉာဏ်စွမ်းရှိသမျှ အားထုတ် ရေးဖွဲ့ထားခြင်းဖြစ်ပြီး ထိုဖန်တီးမှုလက်ရာသည် အခြား မည်သူ တစ်ဦးတစ်ယောက်ထံမှ ကူးယူ ရေးဖွဲ့ထားခြင်းမျိုး မရှိလျှင် ထိုလက်ရာကို မာစတာပိစ် (Masterpiece) လို့ ခေါ်ကြောင်း မှတ်သားမိပါတယ်။ ထို့ပြင် ထိုမာစတာပိစ် (Masterpiece) ၏ မူပိုင်ခွင့် (Copyright) သည် မူလ ဖန်တီးသူသာဖြစ်ပြီး တစ်နည်းပြောရလျှင် မာစတာပိစ်ဆိုသည်မှာ မူလ ဖန်တီးသူ၏ Intellectual Property အသိဉာဏ် ပစ္စည်း၊ ဉာဏပစ္စည်းလို့လည်း ဆိုနိုင်ပါတယ်။

လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်ခန့်က ဉာဏပစ္စည်း မူပိုင်ခွင့်နှင့် ပတ်သက်ပြီး ပြုလုပ်သော Workshop များ၊ Seminar များကို အခါအခွင့်သင့်လို့ တစေ့တစောင်း လေ့လာခွင့် ရခဲ့ပါတယ်။ အဲဒီတုန်းကတော့ ပညာရပ် ဆိုင်ရာ ဝေါဟာရများကို အပေါ်ယံသဘောလောက်ပဲ ကြားဖူးနားဝ ရှိခဲ့ပါတယ်။ မူပိုင်ခွင့်ဆိုတဲ့ ဝေါဟာရကို လူအများကြားမှာ အသုံးအစွဲ နည်းကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း မူပိုင်ခွင့် ခေတ်ဦး ကာလမှာ စာပေနယ်မှာဆိုလည်း စာပေနယ်အလျောက်၊ ဓာတ်ပုံ၊ ပန်းချီစတဲ့ နယ်ပယ်မှာလည်း သူ့နယ်ပယ် အလျောက် အငြင်းပွားမှုလေးတွေလည်း ရှိခဲ့တာ သတိထားမိကြမယ် ထင်ပါတယ်။ အဲဒီအချိန်လောက် တုန်းက လူတိုင်းရဲ့ အတွေးအမြင်မှာ အိုင်ပီလော (IP Law) ဆိုတဲ့ Intellectual Property Law ကို လုံးဝ နီးပါး အစိမ်းသက်သက် ဖြစ်နေခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီပညာရပ် နယ်ပယ်မှာ အိုင်ပီလောအတွက် ဦးစီး ဦးဆောင် ပြုခဲ့ကြတဲ့ ပညာရှင် ပုဂ္ဂိုလ်များရဲ့ အရေအတွက်ဟာ နည်းပါးတာကြောင့်လည်း ဖြစ်နိုင် ပါတယ်။ အများစုကတော့ သာမန်အနေနဲ့ ကြည့်ရင် "ဟာ၊ ဒီဥပဒေမျိုး ထုတ်တော့လည်း ဘာများ ထူးခြား လာမှာမို့လဲ" ဆိုပြီး ထင်စရာ ရှိပါတယ်။ ဒါပေမယ့် ဒီဥပဒေက လူတစ်ယောက်ရဲ့ တီထွင်ဖန်တီးမှု တစ်ခု အတွက် အကာအကွယ်ပေးတဲ့ ဥပဒေဖြစ်လို့ လူတိုင်း သိထားသင့်ပါတယ်။

ကိုယ့်ရဲ့ဦးနှောက်ကနေ စဉ်းစားတွေးတောပြီး တီထွင်ဖန်တီးလိုက်တဲ့ လက်ရာတစ်ခုဟာ ဖန်တီးသူအတွက် အချိန်အား၊ ဉာဏ်အား ပေါင်းစပ် အားထုတ်ထားရတာမို့ အလွန် တန်ဖိုးရှိပါတယ်။ အဲဒီလို လက်ရာမျိုးကို တခြားသူတစ်ယောက်က အလွယ်တကူ ဆွဲယူ အသုံးပြုလိုက်တဲ့အခါ မူရင်း ပိုင်ရှင်ကို အသိအမှတ်ပြုခဲ့ ရင် တော်သေးရဲ့၊ အဲဒီလိုမှ မဟုတ်ဘဲ သူ့ရဲ့ကိုယ်ပိုင်လို အသုံးပြုလိုက်မယ် ဆိုရင်တော့ မူပိုင်ခွင့်ကို ချိုးဖောက်ရာ ရောက်တာမို့ မူရင်းပိုင်ရှင်မှာ နစ်နာမှု ဖြစ်သွားရပါတယ်။ ဒီလို ခေါင်းပုံဖြတ်ခံရတဲ့အခါ နစ်နာ သူဘက်က ရပ်တည် ကာကွယ်ပေးဖို့အတွက် ဒီ ဥပဒေ ပေါ်လာရခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ခေတ်မှာ ကိုယ်တိုင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ လုံ့လထုတ်ပြီး ဖန်တီးလိုက်တဲ့ အနုထည် ပစ္စည်း (ဝါ) ဉာဏပစ္စည်းအတွက် အားကိုးအားထား ပြုစရာ ဉာဏပစ္စည်း မူပိုင်ခွင့်ဥပဒေဆိုတာ ရှိသင့်တယ်၊ တွင်ကျယ်သင့်တယ်၊ ပြဋ္ဌာန်းသင့်တယ်လို့ ပြောချင်ပါတယ်။ ဒါမှလည်း သတင်းဆက်သွယ်မှု နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူတို့ရဲ့ လိုက်နာ စောင့်ထိန်းအပ်တဲ့ အမူအကျင့်တွေ၊ အသိပညာတွေ တိုးပွားလာ မှာဖြစ်သလို မိမိတို့ရဲ့ မူပိုင်လက်ရာအတွက် အကာအကွယ်ပေးမယ့် မူပိုင်ခွင့်ဥပဒေကို လက်ကမ်း ကြို ဆို စောင့်ထိန်း လိုက်နာနိုင်စေဖို့ ရည်ရွယ်ပြီး မူပိုင်ခွင့်ဥပဒေ ပေါ်ပေါက်ရေးအတွက် အစပျိုး ဦးဆောင်ခဲ့ကြ တဲ့ နယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်ကြီးများအား လေးစားစွာ ဂုဏ်ပြုအပ်ပါတယ်။



စာဖတ်သူအားလုံးကို ခင်မင်လေးစားလျက်

မြဝတီဇော်



Monday, January 21, 2013

*** မင်းသိရင်... ***



ချစ်သူ...
မင်းကိုချစ်တဲ့
ကိုယ့်ရဲ့ချစ်ခြင်းတွေထဲမှာ
မင်းပိုင်ဆိုင်တဲ့
ငွေကြေးဥစ္စာတွေအပေါ်
မက်မောလိုခြင်း
အလျဉ်းမရှိခဲ့တာ
သတိထားမိရင်
မင်းသိမှာပါ...။

ချစ်သူ...
မင်းကိုချစ်တဲ့
ကိုယ့်ရဲ့ချစ်ခြင်းတွေထဲမှာ
မင်းရဲ့ လွတ်လပ်ပိုင်ခွင့်တွေကို
လွှမ်းမိုး ချုပ်ချယ်လိုခြင်း
အလျဉ်းမရှိခဲ့တာ
ပြန်စဉ်းစားမိရင်
မင်းသိမှာပါ...။

ချစ်သူ...
မင်းကိုချစ်တဲ့
ကိုယ့်ရဲ့ချစ်ခြင်းတွေထဲမှာ
မင်းရဲ့လိုအင်တွေနဲ့ သွေဖည်တဲ့
ကိုယ့်ရဲ့ဆန္ဒတွေ
မပါဝင်ခဲ့ဘူးဆိုတာ
ပြန်တွေးမိခဲ့ရင်
မင်းသိမှာပါ...။

ခုတော့လည်းလေ...
မင်းကိုချစ်ခဲ့မိတဲ့
ကိုယ့်ရဲ့လွမ်းရတဲ့ဝေဒနာကို
ခံစားဖူးမှ
မင်းသိမှာပါ...။


(မြဝတီဇော်)

Friday, January 18, 2013

မှားတဲ့ဘက်က နေကြည့်ပါ

လူ့စိတ်ဆိုတာ ဆန်းကြယ်တယ်လို့ စာအုပ်စာပေတွေထဲမှာရော၊ အရပ်သုံးစကားများမှာပါ ကျွန်မ မကြာ ခဏ ကြားဖူးခဲ့ပါတယ်။ ကျွန်မအနေနဲ့ကတော့ လူဆိုတာ ဝါသနာအမျိုးမျိုး၊ အမူအကျင့် အမျိုးမျိုးနဲ့ ကွဲပြား ကြတဲ့သူများဖြစ်လို့ စိတ်အထွေထွေ ဆိုတာလည်း အခြေအနေအလိုက် ဖြစ်ပေါ်နိုင်တာမို့ ဒီစကားအပေါ်မှာ သိပ်ပြီး ထူးထူးထွေထွေ မခံစားမိ၊ မတွေးတောမိဖူးပါဘူး။

ဒီလိုဆိုလို့ ကျွန်မက သိပ်ပြီး ရင့်ကျက်လွန်းလို့၊ တစ်ဖက်သားအပေါ် နားလည် စာနာတတ်လွန်းလို့တော့ မဟုတ်ရပါဘူး။ ကျွန်မရဲ့ဘဝတစ်လျှောက်မှာ ဖြတ်သန်းလာခဲ့တဲ့ လူမှုပတ်ဝန်းကျင်နဲ့ အခြေအနေ အချိန် အခါအပေါ် မူတည်ပြီး ကျွန်မလည်း လူသားတစ်ယောက် ဖြစ်တာမို့ စိတ်အထွေထွေ ပြောင်းလဲ ဖြစ်ပေါ်ခဲ့ ဖူးပါတယ်။ ဒါပေမယ့် များသောအားဖြင့် ကျွန်မရဲ့ စိတ်ခံစားမှု အပြောင်းအလဲဟာ ဘယ်သူ့ကိုမှ မထိခိုက်စေ ရအောင် အမြဲ ကြိုးစားခဲ့ပါတယ်။ ကျွန်မတို့ဟာ ပျော်ရွှင်မှုကို ခံစားရတဲ့အခါ မျက်နှာအမူအရာက ပြုံးရွှင် တက်ကြွနေတတ်တာမို့ ဘေးပတ်ဝန်းကျင်က ပျော်ရွှင်မှုကို အလွယ်တကူပဲ ခန့်မှန်းနိုင်ကြပါတယ်။ ဒါပေမယ့် ဝမ်းနည်းမှုကို ခံစားရတဲ့အခါကျတော့ လူတစ်ဦးနဲ့တစ်ဦး အမူအရာ ကွဲပြားပါတယ်။ တချို့က ဝမ်းနည်းတဲ့ အခါ အာရုံပြောင်းတဲ့အနေနဲ့ အစား အများကြီး စားတတ်ကြတယ်။ တချို့က တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဝမ်း နည်းမှုကို အံတုကြတယ်။ တချို့ကျတော့ ဝမ်းနည်းနေတဲ့အချိန်မှာ ရှိရှိသမျှ အလုပ်တွေ အားသွန်ခွန်စိုက် လုပ်တတ်ကြတယ်။ ဒါတွေက လူတွေရဲ့ ဝမ်းနည်းမှုအပေါ် တုံ့ပြန်လေ့ရှိတဲ့ အပြုအမူတချို့ပါ။

ကျွန်မလည်း တစ်ခါတစ်ရံ ဝမ်းနည်းမှုနဲ့ တွေ့ကြုံရတဲ့အခါ ကိုယ့်ဘာသာကိုယ် သတိမထားမိဘဲ တိတ်ဆိတ် သွားတတ်ပါတယ်။ ဥပမာအားဖြင့် ကျွန်မက အကြောင်းအရာတစ်ခုကို ဆွေးနွေးတဲ့အခါ တခြားသူတွေနဲ့ အမြင်မတူတာမျိုး၊ အယူအဆ မတူတာမျိုး စသဖြင့် ကြုံလာရတဲ့အခါ အတတ်နိုင်ဆုံး ကိုယ့်ဘက်က ပြေပြေ လည်လည် ရှင်းပြပါတယ်။ ဒါကိုမှ အမြင်ချင်း ညှိလို့မရတော့ဘူး ဆိုရင်တော့ ကျွန်မ ဒီအကြောင်းအရာကို ဆက်ပြီး မဆွေးနွေးတော့ပါဘူး။ တခြား အကြောင်းအရာ ခေါင်းစဉ်တစ်ခုကို ပြောင်းပြီး ဆွေးနွေးတတ်ပါ တယ်။ ဒါဟာ ကျွန်မအနေနဲ့တော့ သဘောထားချင်း မတိုက်ဆိုင်တဲ့ အကြောင်းအရာကို ရှောင်လိုက် တာ ဖြစ်သလို ရေရှည် ဆက်ဆွေးနွေးလို့ အဖြေကောင်း မထွက်နိုင်တဲ့ အခြေအနေမျိုးမှာ ကိုယ့်စိတ် ကို ဖြေသိမ့်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

အခြားတစ်ဖက်က ကြည့်ရင်တော့ ကျွန်မဟာ ပြဿနာတစ်ခုကို ဖြေရှင်းရာမှာ ပြီးဆုံးတဲ့အထိ ဖြေရှင်းဖို့ သတ္တိနည်းသူလို့ ထင်ရနိုင်ပါတယ်။ ဒါပေမယ့် ကျွန်မကတော့ ခုချိန်ထိ ဒီနည်းလမ်းကို လက်ကိုင် ကျင့်သုံး ခဲ့ပြီး ကောင်းတဲ့ အကျိုးရလဒ်အနေနဲ့ မိတ်ကောင်း ဆွေကောင်းတွေ တိုးပွားလာခြင်းပဲ ဖြစ်ပါတယ်။ လူ အများနဲ့ ကိုယ်နဲ့ အမြင်ချင်း ဖလှယ်ကြတဲ့အခါ ကိုယ့်ဘက်က မှားနိုင်တာ ရှိသလို၊ တစ်ဖက်ကလည်း မှားနိုင် ပါတယ်။ ဒီလို ဝိဝါဒ မကွဲပြားတဲ့အနေအထားမှာ ကိုယ့်အမြင်ကိုချည်း ရှေ့တန်း မတင်သင့်သလို တစ်ဖက် အတွက်လည်း နားလည်ပေးနိုင်ဖို့ အချိန် လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်မကတော့ နှစ်ဦးနှစ်ဖက် အတွက် အကောင်းဆုံး နည်းလမ်းဖြစ်တဲ့ အချိန်ယူ စဉ်းစားခြင်းကိုပဲ အမြဲ ရွေးချယ်ခဲ့ပါတယ်။ ဒီလို ရွေးချယ် ခဲ့ခြင်းဟာ အမှားနည်းမယ်လို့လည်း ယုံကြည်ပါတယ်။ ဒါကြောင့်လည်း အချိန်အတိုင်းအတာတစ်ခု ရောက် တဲ့အခါမှာ ပြဿနာဟာ ပြေလည်သွားရတာချည်းပါပဲ။

လူတစ်ယောက်နဲ့ တစ်ယောက် အမြင်တူသည် ဖြစ်စေ၊ မတူသည် ဖြစ်စေ ပြဿနာတစ်ခုကို ဖြေရှင်းရမှာ တစ်ဖက်သားအတွက် ထည့်စဉ်းစားပေးတတ်ဖို့လည်း လိုအပ်ပါတယ်။ တစ်ဖက်က မှန်တိုင်း၊ အခြားတစ်ဖက် က မှားသွားတာမျိုး မဟုတ်ပါဘူး။ အမြင်မတူတဲ့ဘက်က ရှုထောင့်ကို ပြောင်းကြည့်လိုက်တဲ့အခါ သူ့ဘက်က ကြည့်ရင်လည်း မှန်နေတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။

ဒါကြောင့် ကိစ္စတစ်ခု၊ ပြဿနာတစ်ခုကို ဖြေရှင်းတဲ့နေရာမှာ ကိုယ့်ဘက်ကချည်း အမြဲမှန်တာမျိုး မရှိသလို တစ်ဖက်က အမြဲမှားနေတာမျိုးလည်း မရှိပါဘူး။ လွဲမှားနေတဲ့ တစ်နေရာဟာ သူ့ဘက်မှာရော၊ ကိုယ့်ဘက် မှာရော ဖြစ်နိုင်တာမို့ မျှမျှတတ ပြောဆို ဆွေးနွေးတတ်မယ်ဆိုရင် လူအချင်းချင်း ကြားမှာ မပြေလည်မှုတွေ၊ အငြှိုးအတေးတွေ၊ အာဃာတတွေလည်း မရှိနိုင်တော့ပါဘူး။ ဒါဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ဆီ ရောက်ဖို့ ဆိုတာလည်း လွယ်ကူချောမွေ့သွားလိမ့်မယ်လို့ ယုံကြည်နေမိပါတယ်။



စာဖတ်သူအားလုံးကို ခင်မင် လေးစားလျက်
မြဝတီဇော်

Tuesday, January 8, 2013

ဉာဏ်များတတ်သူ တစ်ယောက်အကြောင်း



ဒီနေ့မနက် ရုံးအသွား ကျွန်မစီးလာတဲ့ ကားပေါ်မှာ အဆိုတော် လေးဖြူနဲ့ မျိုးကြီးတို့ သီဆိုထားတဲ့ "အိမ် ကို ပြန်ခဲ့တော့"ဆိုတဲ့သီချင်း ကြားလိုက်ရတော့ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က အဖြစ်အပျက်လေးတစ်ခု ကို ပြန်သတိရမိပါတယ်။ အဲဒီတုန်းက ဒီသီချင်းလေးကို အကြောင်းပြုပြီး ကျွန်မ ဉာဏ်နီဉာဏ်နက် (ဉာဏ် စိမ်း ဉာဏ်ပြာ၊ ဉာဏ်ရောင်စုံပေါ့လေ :D) ထုတ်ခဲ့ဖူးတာလေးကို အမှတ်တရအနေနဲ့ ပြန်ပြောပြချင်ပါတယ်။

 အဲဒီအချိန်တုန်းက ကျွန်မနဲ့သူက ချစ်သူဘဝပဲ ရှိပါသေးတယ်။ သူနဲ့ ချစ်သူဖြစ်ပြီး သိပ်မကြာခင်ပဲ သူက မလေးရှားကို ရှိုးဂျော့ထွက်သွားပါတယ်။ အဲဒီအချိန်တုန်းက ခုလို အင်တာနက်တွေ ဘာတွေလည်း သိပ်ခေတ်မစားသေးပါဘူး။ သူက ဖုန်းဆက်ခဲ့ရင်တောင် အိမ်က လူတွေ အခြေအနေကြည့်ပြီး ဖုန်းပြောရ တဲ့ အနေအထားမျိုး ဆိုပါတော့။ ဒါပေမယ့်လည်း ကျွန်မနဲ့သူက စာအဆက်အသွယ်တော့ ရှိကြပါတယ်။ ဒီနေရာမှာ ကျွန်မတို့အိမ်ရဲ့ စည်းကမ်း အလေ့အထလေးကို ပြောပြချင်ပါတယ်။ ကျွန်မတို့အိမ်မှာ အိမ် သားတွေရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်လို့ ဝင်စွက်ဖက်တာမျိုး မရှိပါဘူး။ များသောအားဖြင့်တော့ စိတ်ထဲ ဘဝင်မကျတာမျိုးရှိရင် အချင်းချင်း ပွင့်ပွင့်လင်းလင်း မေးတာ ပြုတာမျိုး ရှိပါတယ်။ ဥပမာ-ကျွန်မနဲ့ ပတ်သက်လို့ သူ့ဆီက စာလာတယ် ဆိုပါတော့။ ကျွန်မက အိမ်လိပ်စာပေးထားတာမို့ ကျွန်မအိမ်ကို စာက တန်းတန်းမတ်မတ် ရောက်လာပါတယ်။ အဲဒီအချိန် ကျွန်မက အိမ်မှာ မရှိဘဲ ရုံးသွားနေတယ်ဆိုရင် အိမ် သားတွေက အဲဒီစာကို လက်ခံယူထားလိုက်ပါတယ်။ ဒါပေမယ့် ကျွန်မ အိမ်ကို ပြန်မရောက်မချင်း အဲဒီစာကို ဧည့်ခန်းစားပွဲပေါ်မှာ မြင်သာအောင် တင်ထားလိုက်ပါတယ်။ ဖွင့်ဖတ်တာမျိုး၊ ဝှက်ထားတာမျိုး မရှိပါဘူး။

ကျွန်မ ပြန်ရောက်တဲ့အချိန်ကျမှ စာရောက်ကြောင်း၊ ဘယ်သူဘယ်ဝါဆီက ဖြစ်ကြောင်း မေးမြန်းပါတယ်။ ဒါပေမဲ့ အဲဒီလို မေးတာလည်း ရှားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်သူ့ဆီက လာတဲ့စာလဲဆိုတာ သူတို့ သိထားပြီးဖြစ်တဲ့အပြင် ကျွန်မဆီကို စာထည့်တဲ့သူကလည်း သူတစ်ယောက်တည်းပဲ ရှိလို့ပါပဲ။  :D

ဒီလိုနဲ့ပဲ သူထွက်သွားတာ တစ်နှစ်ကျော်လောက် ရှိလာပါတယ်။ တစ်နေ့တော့ ကျွန်မက သူ့ဆီ စာရေးရင်း ဘယ်တော့လောက် ပြန်လာမှာလဲလို့ မေးလိုက်ပါတယ်။ သူက သုံးနှစ်လောက်နေပြီးမှ ပြန်လာမယ် လို့  ပြောပါတယ်။ ဒါနဲ့ အဲဒီအချိန်က ကျွန်မလည်း သူနဲ့ စိတ်အခန့်မသင့်တာနဲ့ စိတ်အချဉ်ပေါက်ပြီး ဒါဆို လည်း အဲဒီမှာပဲ ပျော်သလောက်သာ နေတော့လို့ ခပ်ရွဲ့ရွဲ့ပြောလိုက်မိပါတယ်။ ဒီနောက်ပိုင်း သူလည်း စိတ် ဆိုးသွားတယ် ထင်ပါတယ်။ ကျွန်မဆီ လုံးဝ မဆက်သွယ်တော့ပါဘူး။ ကျွန်မကလည်း စိတ်တိုနေတုန်း ခဏတော့ ပြောလိုက် ဆိုလိုက်ပေမယ့် ပြီးရင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားတတ်ပါတယ်။

ဒီလိုနဲ့ နှစ်လလောက်ကြာမှ ကျွန်မ သူ့ဆီ စာရေးလိုက်ပါတယ်။ ကျွန်မ ရေးတဲ့စာထဲမှာ တခြား ဘာစကားမှ အထူးအထွေ မပါပါဘူး။ သီချင်းလေး တစ်ပုဒ်ကိုပဲ ရေးပေးလိုက်ပါတယ်။ အဲဒီ သီချင်းလေးကတော့ "အိမ် ကို ပြန်ခဲ့တော့"ဆိုတဲ့ သီချင်းလေးပါ။ အဲဒီစာထည့်လိုက်ပြီး တစ်လအတွင်းမှာပဲ သူ မြန်မာပြည် ကို ပြန်ရောက်လာခဲ့ပါတယ်။ (စွမ်းတယ်နော် :P ။ သီချင်းစာသားကို ပြောပါတယ်)  ဒီအဖြစ်အပျက်လေးက ကျွန်မတို့နှစ်ယောက်အတွက်တော့ တကယ့်ကို မှတ်မှတ်ရရပါပဲ။ သူကလည်း ကျွန်မ ဉာဏ်များတာကို သိ တာလည်း ပါပါတယ်။ အခုလည်း ဒီသီချင်းလေးကို ကျွန်မ ကြားလိုက်မိတဲ့အချိန်မှာ အဲဒီအဖြစ်အပျက်လေး ကို ပြန်သတိရသွားပြီး တစ်ယောက်တည်း ပြုံးမိပါသေးတယ်။

တစ်ခါတလေတော့ သီချင်းတွေ ကြိုက်တတ်တဲ့ကျွန်မကို သူက မထင်မှတ်ဘဲ တိုက်စစ် ဆင်တတ်ပါသေး တယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်မက သီချင်းနားထောင်ရင် ဘယ်တော့မှ ဇိမ်နဲ့ နားထောင်ရလေ့ မရှိပါ ဘူး။ သီချင်းဖွင့်ထားပေမယ့် လုပ်စရာရှိတဲ့ အလုပ်တွေ လုပ်ရင်းနဲ့ နားထောင်ရပါတယ်။ သူကလည်း အဲဒါ ကို သိလို့ ကျွန်မအကြိုက် သီချင်းဆိုရင် အစတီးလုံးလေး လာပြီးလို့မှ မကြာခင်ပဲ အသံကို အဆုံးထိ လျှော့ချ ပစ်လိုက်တာမျိုး၊ နောက်တစ်ပုဒ်ကို ကျော်ပစ်လိုက်တာမျိုး လုပ်ပြီး မခံချင်အောင် စတတ်ပါတယ်။ ကျွန်မက အသံပျောက်သွားလို့ မီးပျက်သွားတယ်ထင်လို့ မေးလိုက်တဲ့အခါ သူ့လက်ချက်မှန်း သိရလို့ စိတ်တိုရပါတယ်။ သူကလည်း ကျွန်မကို အဲဒီလို စိတ်တိုအောင် အမြဲပဲ စနောက်လေ့ ရှိပါတယ်။

ဒါပေမယ့် ဘာပဲပြောပြော တစ်ခါတလေမှာ သီချင်းတွေက ကျွန်မတို့ရဲ့ စိတ်ခံစားမှုအရ ကိုယ်နဲ့ အခြေ အနေချင်း၊ ခံစားချက်ချင်း တူတဲ့အခါ ကိုယ့်ကို ကြည့်ပြီးများ ရေးထားသလား ထင်ရလောက်အောင် တိုက် ဆိုင်လွန်းတတ်ပါတယ်။ တကယ်တော့ သီချင်းဆိုတာကလည်း ရေးစပ်သီကုံးသူရဲ့ ခံစားမှုအပေါ် မူတည်ပြီး  ကြည်နူးမှု၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကို နားဆင်သူများကို မျှဝေခံစားစေခြင်းဖြင့် စိတ်ထွက်ပေါက်ပေးခြင်း တစ်မျိုးပါပဲ။ ကျွန်မကိုယ်တိုင်လည်း အရမ်းပင်ပန်းတဲ့အခါ၊ စိတ်ရှုပ်ထွေးလာတဲ့အခါမျိုးတွေမှာ သီချင်းကို ခပ် တိုးတိုးဖွင့်ပြီး နားထောင်တတ်ပါတယ်။

အခုလည်း ကျွန်မ သီချင်းတစ်ပုဒ် ဖွင့်ပြီး နားထောင်နေပါတယ်။ ဘာသီချင်းလဲဆိုတာတော့ စာဖတ်သူများ လည်း ခန့်မှန်းမိကြမှာပါ။ :) ဒီသီချင်းလေးကို ကျွန်မ နားထောင်နေချိန်မှာ ဖြစ်ပေါ်လာတဲ့ ဆန္ဒတချို့ကိုတော့ အခြေအနေအရ ခေတ္တ ခဏ စောင့်စည်း ထိန်းသိမ်းနေရပါဦးမယ်။ အခြေအနေပေးတဲ့ တစ်နေ့တော့ ကျွန်မ ရဲ့ ဆန္ဒလေးတွေ အကောင်အထည် ပေါ်လာနိုင်ကောင်းပါရဲ့ ...... ။


စာဖတ်သူများ အားလုံးကို ခင်မင်လေးစားလျက်

မြဝတီဇော်