Wednesday, November 21, 2012

နောက်ကျ နိဒါန်း



တကယ်တော့ ဒီစာစုကလေးကို ကျွန်မ အရင်ဆုံး ရေးဖြစ်ခဲ့သင့်ပါတယ်။  ရေးဖို့ စိတ်ကူးမိတာလည်း အကြိမ် ကြိမ်ပါ။ ဒါပေမဲ့ တကယ်တမ်း ချရေးမယ်ဆိုပြန်တော့ ဘာက စရေးလို့ ရေးရမှန်းမသိ ဖြစ်နေပြန်ပါတယ်။ ပထမဦးဆုံး ဝန်ခံချင်တာကတော့ ကျွန်မ ဒီဘလော့လေးကို စခဲ့တဲ့အချိန်ကတည်းက အခုထိ ဘလော့နဲ့ ပတ်သက်လို့ သိပ်မကျွမ်းကျင်သေးပါဘူး။ ပြောရရင် ဒီဘလော့လေးကို ကျွန်မ စာရေးချင်စိတ် တစ်ခုတည်း နဲ့ စမ်းတဝါးဝါး လုပ်ထားရတာပါ။ ကျွန်မ ဘလော့တွေနဲ့ ရင်းနှီးလာခဲ့တာတော့ အတော်ကြာပါပြီ။ အခု လက်ရှိ အောင်မြင်တဲ့ ဘလော့ဂါအတော်များများရဲ့ စာတွေနဲ့လည်း ရင်းနှီးနေတာ ကြာပါပြီ။ အရင်တုန်း ကတော့ ကျွန်မ စိတ်ဝင်စားတဲ့၊ နှစ်သက်တဲ့ ဘလော့တွေမှာ စာတွေ အမြဲလိုလို ဝင်ဖတ်လေ့ရှိပါတယ်။ စာတွေသာ ဝင်ဖတ်တတ်တာ ကွန်မန့်ရေးဖို့ကျတော့ ကျွန်မအနေနဲ့ မရဲခဲ့ပါဘူး။ ဒါကြောင့်လည်း တိတ် တဆိတ် အားပေးဖတ်ရှုရင်း နှစ်သက် အားကျခဲ့ရပါတယ်။

ဒီလိုနဲ့ တစ်နေ့တော့ ကျွန်မ မကြာခဏ စာတွေ ဝင်ဖတ်နေကျဖြစ်တဲ့ ဘလော့တစ်ခုမှာ ကျွန်မငယ်စဉ်က တက်ခဲ့တဲ့ အထက်တန်းကျောင်းတော်ကြီးအကြောင်း ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရပါ တယ်။ သူ့စာတွေ ဖတ်လိုက်မိပြီးတော့မှ စာရေးသူဟာ ဘယ်သူဆိုတာ ကျွန်မ ခန့်မှန်းလိုက်မိပါတယ်။ သူက ကျွန်မနဲ့ တစ်ကျောင်းတည်းထွက် ဖြစ်သလို၊ ငယ်စဉ်ကလည်း ခင်မင်ခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်မ အထက်တန်း စတက်တဲ့နောက်ပိုင်း မဆုံဖြစ်ကြတော့ပါဘူး။ ပြောရမယ်ဆိုရင် ကျွန်မအနေနဲ့ ဒီလို ဘလော့လေးတစ်ခု လုပ်ပြီး စာတွေရေးချင်နေတာ ကြာပါပြီ။ ဒါပေမဲ့ ရှေ့မှာ ဝန်ခံထားသလို ကျွန်မက ဘလော့နဲ့ပတ်သက်လို့ လုံးဝ အစိမ်းသက်သက်ပါ။ ဒါနဲ့ပဲ သူ့ဆီကို ဆက်သွယ်ပြီး အကူအညီတောင်းဖြစ်ပါ တယ်။ သူကလည်း လိုလိုလားလားပဲ ကူညီပါတယ်။ ကျွန်မကို ဘလော့တစ်ခု ဘယ်လို တည်ဆောက်ရတယ် ဆိုတာက စပြီး ကျွန်မ အစမ်းလုပ်ထားတဲ့ နမူနာဘလော့လေးကိုလည်း ဝင်ရောက်ကြည့်ရှုပြီး အကြံ ဉာဏ်ပေးပါတယ်။ ဒါနဲ့ပဲ ဒီနေ့ ဒီဘလော့လေး ဖြစ်လာရတာပါ။ အဲဒီအတွက်လည်း သူငယ်ချင်း မြစ်ကျိုးအင်း ကို ကျေးဇူး အထူးတင်ပါတယ်လို့ ဒီနေရာကနေ ပြောချင်ပါတယ်။

နောက်တစ်ခုက ကျွန်မ စာဖတ်သူများကို တောင်းပန်ချင်တာတစ်ခု ရှိပါသေးတယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်မက စာရေးကျဲပါတယ်။ စာတစ်ပုဒ် ရေးမယ်ဆိုတိုင်းလည်း ခေါင်းထဲမှာ အရင်ဆုံး စာကို ပုံကြမ်းဖော် ကြည့်တတ်ပါတယ်။ ဒါတောင် တကယ် ချရေးဖြစ်သွားတဲ့အခါမှာ စိတ်မတိုင်းမကျခဲ့တဲ့ စာတွေ အများကြီးပါ။ ဒါကို စာဖတ်သူများလည်း တွေ့မှာပါ။ ဆိုလိုချင်တာက ကျွန်မမှာ အခုထိ ချို့ယွင်းချက်၊ အားနည်းချက်တွေ ရှိနေ ဆဲပါ။ အဲဒါကြောင့် ကျွန်မရဲ့စာတွေမှာ ချို့ယွင်းမှု၊ ချွတ်ချော်မှုလေးတွေ တွေ့တဲ့အခါ နားလည်မှုနဲ့ ဖတ်ရှု အကြံဉာဏ်ပေးကြဖို့လည်း မျှော်လင့်မိပါတယ်။ ကျွန်မရဲ့ ဘလော့လေးကို အမြဲ ဝင်ရောက်ဖတ်ရှုပြီး အကြံဉာဏ်ပေးလေ့ရှိတဲ့ ကိုလွင်ပြင်လှိုင်းငယ်၊ မဂျက် (စံပယ်ချို)၊ ညလေး မိုးနတ်ကြယ်စင်၊ မချော (အစိမ်းရောင်လွင်ပြင်) တို့ကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်လို့ ပြောချင်ပါတယ်။း)

နောက်ပြီး ကျွန်မလိုပဲ စာတွေ ဝင်ဖတ်လေ့ရှိပေမယ့် ကွန်မန့်ခြေရာ မချန်ဖြစ်တတ်တဲ့ အခြား စာဖတ်သူများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့။ ကျွန်မရဲ့စာတွေမှာ ချွတ်ချော်မှားယွင်းမှုလေးတွေ တွေ့မိခဲ့ရင် အပြုသဘောနဲ့ ဝေဖန် ပြုပြင်ပေးကြပါရှင်။ ကျွန်မလည်း စာဖတ်သူများအတွက် အခုထက် ပိုကြိုးစားသွား ပါ့မယ်လို့ ပြောချင်ပါတယ်။

စာဖတ်သူများ အားလုံးကို ခင်မင် လေးစားလျက်

မြဝတီဇော်







Friday, November 16, 2012

ရေးသူနှင့်ဖတ်သူ အမြင်တူမည်ဆိုလျှင်



သင့်အနေနှင့် စာတစ်ပုဒ်ကို ဖတ်ရှုပြီးသည့်နောက် စာရေးသူ ပေးချင်သော ဆိုလိုရင်းကို ဖမ်းဆုပ်မိသည့် အခါ "ဤစာကို ဖတ်ရကျိုးနပ်ပေသည်"ဟူသည့် ကျေနပ်ပီတိမျိုး ခံစားဖူးပါသလား။ စာရေးသူ၏ အာဘော် ဆိုသော်လည်း ဖတ်မိသော စာသည် မိမိ၏ ခံစားချက်၊ အတွေ့အကြုံနှင့် သဘောထားအမြင်တို့ တိုက်ဆိုင်မှု ရှိသည့်အခါ ဖတ်ရသော စာအပေါ် နှစ်လိုအားရသည့် ခံစားမှုမျိုး ဖြစ်ပေါ်ခဲ့ဖူးပါသလား။ ထိုမျှမက သင်သည် မိမိ ဖတ်ရှုပြီးသည့် စာတစ်ပုဒ်ကို အခြားသူများလည်း မိမိကဲ့သို့ပင် အသိအမြင်၊ အတွေးအခေါ်၊ ခံစားမှုမျိုး ရရှိစေလိုသည့် စိတ်စေတနာဖြင့် မျှဝေပေးတတ်သူလည်း ဖြစ်သည်ဆိုလျှင် သင်သည် စာဖတ်သူကောင်း တစ်ယောက် ဖြစ်ပေသည်။
စာပေဖတ်ရှုခြင်းဖြင့် စာပေမှရသော အသိပညာ ဗဟုသုတများသည် နေ့စဉ်ဘဝတွင် တိုက်ရိုက် တည့်မတ် စွာ လမ်းညွှန်နိုင်သည်များ ရှိသလို တစ်ခါတစ်ရံလည်း လူ့စရိုက်၊ စိတ်နေစိတ်ထား၊ အမူအကျင့်တို့ကို တစေ့ တစောင်း လေ့လာ သိရှိနိုင်ပါသည်။ စာဖတ်သူများအနေနှင့် စာပေဖတ်ရှုရာတွင် သုတ၊ ရသ စသည်ဖြင့် ကိုယ်စိတ်သန်ရာကို ရွေးချယ် ဖတ်ရှုလေ့ရှိကြပါသည်။ သုတစာပေသမားမို့ အတွေးအခေါ် ပိုမို ထူးချွန် ထက်မြက် သွက်လက်သည်ဟူ၍ မဆိုနိုင်သလို ရသစာပေသမားမို့ အသိအမြင်၊ အယူအဆ နုနွဲ့ကြသူများ၊ စိတ်နုကြသူများဟုလည်း မသတ်မှတ်နိုင်ပါ။ မည်သည့်စာပေအမျိုးအစားကို ဖတ်သည်ဖြစ်စေ စာဖတ်သူ အနေဖြင့် စာပေက ပေးသော (တစ်နည်း) စာရေးသူက ပေးချင်သော ဆိုလိုရင်းကို ခြုံငုံပြီး နားလည် သဘောပေါက်ရန်သာ အဓိက ဖြစ်ပါသည်။ ထိုသို့ သဘောပေါက် နားလည်မှသာ စာရေးသူနှင့် စာဖတ်သူ အကြား အသိအမြင်ချင်း ဖလှယ်နိုင်သည့်အပြင် စာတစ်ပုဒ်အပေါ် အပြုသဘောဖြင့် အပြန်အလှန် သုံး သပ် ဆွေးနွေးနိုင်ပေမည်။

ယနေ့ခေတ်တွင် အွန်လိုင်းမီဒီယာ ယဉ်ကျေးမှု ထွန်းကားလာသည့်အလျောက် စာရေးသူများလည်း အလျှို အလျှို ပေါ်ပေါက်လာခဲ့ကြသည်။ စာရေးသူအချို့မှာ အွန်လိုင်းမီဒီယာတွင်သာမက ပုံနှိပ်မီဒီယာလောက တွင်ပါ အောင်မြင်မှု ရနေကြသည်။ အချို့စာရေးသူများမှာမူ အွန်လိုင်းမီဒီယာလောကတွင် နာမည် ထင် ရှားသော်လည်း ပုံနှိပ်ဘက်တွင် အတွေ့ရနည်းသေး၏။ အချို့ကမူ အွန်လိုင်းမီဒီယာတွင်ရော၊ ပုံနှိပ်မီဒီ ယာတွင်ပါ နေရာတစ်နေရာရဖို့ ကြိုးစားနေကြသူများ ဖြစ်သည်။ ထိုထိုသော စာရေးသူများတွင် ကွဲပြား ခြား နားသော အတွေးအခေါ်၊ အယူအဆ၊ ခံစားချက်တို့ ရှိကြမည်သာ ဖြစ်သည်။ သို့သော်လည်း စာရေးသူတိုင်း ၏ တူညီသော စိတ်ဆန္ဒမှာ မိမိတို့ ရေးသည့်စာသည် စာဖတ်သူအတွက် တစ်စုံတစ်ရာသော အသိပညာ၊ ဗဟုသုတ၊ ခံစားမှု၊ အတွေးအမြင်တို့ကို ပေးစွမ်းနိုင်စေသော၊ အကျိုးပြုစေသော စာတစ်ပုဒ်ဖြစ်ရန် ဟူ သည့် စေတနာပင် ဖြစ်သည်။

စာကောင်းတစ်ပုဒ်ဖြစ်ရန် စာရေးသူတစ်ဦးသည် မိမိရေးသည့်စာ၏ အတိမ်အနက်၊ ဆိုလိုရင်းကို ရှင်း လင်း ပြေပြစ်စွာ ရေးသားနိုင်စွမ်းရှိရန် လိုအပ်ပါသည်။ မိမိ အားသန်သည့် အကြောင်းအရာကို ရိုးရှင်း ကျစ် လျစ်စွာ ဖွဲ့ဆိုနိုင်စွမ်းလည်း ရှိရပါမည်။ ထိုသို့ ဖွဲ့ဆိုနိုင်ဖို့ရာ မိမိကိုယ်တိုင်က စာဖတ်နာသူ ဖြစ်ရပါမည်။ စာ များများဖတ်မှ မြန်မာစကား အသုံးအနှုန်း၊ ဝါကျတို့ကို သူ့နေရာနှင့်သူ အထားအသိုမှန်အောင်၊ အဖြတ် အတောက်မှန်အောင် ရေးဖွဲ့ ထားသိုတတ်လာမည်ဖြစ်သည်။ စာရေးသူတစ်ဦးအနေဖြင့် သတ်ပုံ မှန်အောင် ရေးနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ သတ်ပုံမှန်မှ မိမိရေးသည့်စာ၏ ရည်ရွယ်ချက် ဆိုလိုရင်း အနက်ကို တိကျစွာ ဖော်ညွှန်းနိုင်ပေမည်။ ထို့အတူ စာကို အဖြတ်အတောက်ကို မှန်စွာ ရေးတတ်ရန်လည်း လိုပါသည်။ စာဖတ်သူအနေနှင့် တစ်ဆက်တည်း ရှည်လျားစွာ ရေးသားထားသော စာပိုဒ်တစ်ခုကို ပြီးဆုံး သည်အထိ ဖတ်ရန် ငြီးငွေ့သွားနိုင်သည်။ စာတစ်ကြောင်းတွင် အဖြတ်၊ အရပ် မှန်ကန်မှုနှင့် သတ်ပုံ မှန်ဖို့ အရေးကြီးကြောင်း ငယ်စဉ်က သင်ကြားခဲ့ရသည့် ပုံဝတ္ထုလေးတစ်ခုအား သာဓကအဖြစ် ဖော်ပြလိုပါသည်။

လူတစ်ဦးသည် သစ်ပင်ခုတ်လှဲရန်အတွက် ဓားကောင်းကောင်းတစ်လက်ကို ငှားရမ်းလိုသဖြင့် ရှာဖွေလျက် ရှိသည်။ ထိုသို့ ရှာဖွေရာတွင် အိမ်တစ်အိမ်ရှေ့၌ ဤသို့ ရေးထားသောစာကို တွေ့ရှိ၍ အကျိုးအကြောင်း ဝင်ရောက်စုံစမ်းသည်။

"မသာရဒါးငှားရန်ရှိသည်"

ဓားငှားလိုသူသည်  ရေးထားသော စာ၏ သတ်ပုံအမှားနှင့် အဖြတ်အတောက် မှားယွင်းမှုကြောင့် သူ၏စိတ် တွင် ဤအိမ်ရှိ မသာရ အမည်ရှိသူက ဓားငှားရမ်းသည်ဟု ထင်မှတ်မှားခဲ့သည်။ ရေးထားသည့် စာကြောင်း ၏ ဆိုလိုရင်းအမှန်မှာ-

"မသာရထား ငှားရန်ရှိသည်"

ဟူ၍ ဖြစ်သည်။ ထို့အတူ "ဂါထာပေး တေးဖြစ်" ဆိုသည့် စကားအတိုင်း စာဖတ်ရာတွင် အဖြတ်အတောက် မှန်မှန် မဖတ်တတ်ပါက ဆိုလိုရင်း အဓိပ္ပာယ်လွဲမှားသွားတတ်သည်။ ဥပမာအနေနှင့် မူရင်းဆေးစာတစ်ခု တွင် ဆေးနည်းဖော်စပ်ရာ၌ ပါဝင်သည့် ဆေးအမည်များဖြစ်သည့် "ထန်းမြစ်၊ ကတိုး၊ ရှိန်းခို၊ တောင်ကြာဥ၊ ကျူ၊ ဆင်ချေးမှို"စသည်တို့ကို အဖြတ်အတောက် မှန်မှန်၊ သတ်ပုံ မှန်မှန် မရေးမိသဖြင့် ဖတ်သူက တေး တစ်ပုဒ်ဟု ထင်မှတ်ကာ -

 "ငွေလှိုင်းက ထန်၊ မြစ်ယံက တိုး၊ ရှိန်းခိုတောင်ကြာဦး၊ ကျူးဆင်ချီမိုး"

ဟူ၍ မှားယွင်းစွာ ဖြည့်စွက် စပ်ဆိုမိပုံမှာလည်း သတိပြုဖွယ် ဖြစ်ပါသည်။

ထို့ကြောင့် ယနေ့ခေတ် စာရေးသူတို့သည် စာပေဝမ်းစာ ပြည့်ဝကြသည့်သူများ ဖြစ်သည့်အလျောက် မိမိ တို့ ရေးသားသည့် စာပေ၏ သဘောအဓိပ္ပာယ် ဆိုလိုရင်းအနက်တို့ကို ပီပြင်စွာ ရေးသားဖွဲ့နွဲ့နိုင်ကြပါသည်။ စာဖတ်သူဆိုသည်မှာလည်း စာရေးသူ၏ စာပေအရေးအသား၊ အတွေးအခေါ်၊ စိတ်စေတနာတို့ကို စာပေမှ တစ်ဆင့် အတုယူ ဆည်းပူး လေ့လာကြရသူများ ဖြစ်ပါသည်။ ထို့ကြောင့် စာရေးသူတို့အနေဖြင့် မိမိတို့ ပေး ချင်သည့် သုတ၊ ရသ စာပေတို့ကို စာဖတ်သူ၏ ရင်တွင်းသို့ ချောချောမွေ့မွေ့ ရောက်ရှိနိုင်သော (သို့) ဖတ်ရှုရန် လွယ်ကူ ရှင်းလင်း ပြေပြစ်သော အရေးအသားမျိုးကို ဂရုထား၍ ရေးနိုင်ကြမည်ဆိုလျှင် ရေးသူနှင့် ဖတ်သူကြား အမြင်ကွာဟမှု လျော့နည်းကာ စာပေလောကကို ပိုမို အလှဆင်နိုင်လိမ့်မည်ဟု ယုံကြည်မိပါ သည်။


မြဝတီဇော်

 

Monday, November 12, 2012

အချစ် ရင်ဖွင့်သံလေးများ




 
"တစ်စုံတစ်ယောက်ကို အချစ်မရှိဘဲ ခွင့်မလွှတ်နိုင်သလို ခွင့်လွှတ်ခြင်း မရှိဘဲလည်း မချစ်နိုင်ဘူး"


"မင်း တစ်ယောက်ယောက်ကို ချစ်တော့မလို့လား ? မင်းရဲ့ အထီးကျန်မှုကို အဖော်ပြုဖို့အတွက်နဲ့တော့ သူ့အချစ်ကို အသုံးမချလိုက်ပါနဲ့။ တစ်ချိန်ချိန်မှာ မင်း ပိုပြီး အထီးကျန်ဆန်ရလိမ့်မယ်"


"တကယ့် အချစ်စစ်ဆိုတာ မျက်ကန်းမျိုး မဟုတ်ဘူး။ သူ့ရဲ့  ကောင်းကွက်တွေကို မြင်နိုင်သလို ဆိုးကွက်တွေကိုလည်း မြင်နိုင်တယ်။ ဒါတောင်မှ ဆက်ချစ်နေနိုင်တဲ့ အချစ်မျိုးပါ။"


"Hi ! ဆိုတဲ့ နှုတ်ဆက်စကားလေးက တိုတယ်။ ရိုးရှင်းတယ်။ ဒါပေမယ့် လူနှစ်ယောက်ကို ချစ်မိသွားစေဖို့ လမ်းစလည်း ဖြစ်နိုင်တယ်"


"စကားတစ်ခွန်း ကြားဖူးတယ်။ အချစ်က ဘဝတဲ့။  မင်း အချစ်ကို မေ့နေတာလား။ ဒါဆိုရင်တော့ မင်းဘဝ ကိုလည်း မေ့နေသလို ဖြစ်နေလိမ့်မယ်"


"ငါနဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်တာကို ပြသဖို့ မင်း ပေါက်ကွဲတယ်၊ မင်း အယူအဆကို လက်မခံနိုင်ကြောင်း မင်းသိစေဖို့ ငါ ငိုကြွေးတယ်။  နောက်ဆုံးရလဒ်က ငါတို့ရဲ့ နှလုံးသားတွေ နာကျင်ခဲ့ရတယ်"


"အချစ်က ပြီးပြည့်စုံနေဖို့ မလိုဘူး။ စစ်မှန်ဖို့ပဲ လိုတယ်"


"ငါ့ရှေ့က ကီးဘုတ်လေးကို ကြည့်လိုက်တိုင်း U နဲ့ I က ကပ်လျက်ရှိနေပေမယ့် မင်းနဲ့ငါကတော့ ဘာလို့ ဒီလောက်ဝေးနေရတာလဲ"



(ပုံကို Google မှ ယူသုံးထားပါတယ်)
မြဝတီဇော်




Thursday, November 8, 2012

ပေးဆပ်ခြင်းရဲ့ အခြားတစ်ဖက်မှာ

ဖုန်းမြည်သံကြောင့် သူမ ထိတ်ခနဲ စိတ်လှုပ်ရှားသွားရသည်။ ဖုန်းခွက်ကို အသာမ,လိုက်ပြီး "ဟဲလို" လို့ အသံပြုလိုက်တော့ တစ်ဖက်က သူမအကြားချင်ဆုံး အသံလေးကို ကြားလိုက်ရသည်။

"မေမေ"
"........."
"မေမေလား၊ မေမေ သမီးပါ။ ဖေဖေနဲ့မေမေ နေကောင်းကြရဲ့လား၊ သမီးလည်း အလုပ်တွေ အရမ်းများနေ တာနဲ့ မေမေတို့ဆီ ဖုန်းမဆက်ဖြစ်တာပါ"

"အေး အေး၊ ရတယ် သမီး၊ မေမေတို့ နေကောင်းကြပါတယ်။ သမီးကော အလုပ်မှာ အဆင်ပြေရဲ့လား"

"သိပ်မပြေဘူး မေမေ၊ သမီး မကြာခင် အလုပ်တစ်ခု ပြောင်းဖို့ စီစဉ်နေတယ်။ ဒီမှာ ရောက်နေတဲ့ သမီး သူငယ်ချင်းတစ်ယောက်က ကူညီပေးမယ်တဲ့၊ အခုအလုပ်က သမီးတို့လို မိန်းကလေးတွေကို သိပ်မခန့်ချင် ကြဘူးလေ။ လစာကလည်း နည်း၊ အရမ်းလည်း ပင်ပန်းတယ်။ ဒီကြားထဲ ဆိုက်ထဲ အလုပ်ဆင်းရတဲ့အခါ မိန်းကလေးဆိုတော့ နှောင့်နှေးတယ်ပေါ့၊ အဲဒါကြောင့် သမီးလည်း အလုပ်ပြောင်းဖို့ စီစဉ်လိုက်တာ။ နောက် ရမယ့် အလုပ်က လစာလည်း ပိုကောင်းတယ်ဆိုတော့ မေမေတို့ကိုလည်း သမီး ငွေများများပို့နိုင်တာပေါ့"

"ဟုတ်လား.....၊ ဒါဆိုလည်း သမီး ပင်ပန်းရင် ပြန်လာခဲ့ပါလား သမီးရယ်၊ သမီး ဒီမှာ အလုပ်လုပ်လည်း မေမေ တို့ စားလောက်ပါတယ်၊ မေမေက ကိစ္စမရှိပါဘူး။ ညည်းအဖေကသာ ညည်းကို လွမ်းလို့ ပြန်လာခိုင်းဖို့ ခဏ ခဏ ပြောနေတာ"

"မေမေ၊ သမီး ပြောမယ်။ သမီးလိုချင်တဲ့ အောင်မြင်မှု မရမချင်း သမီး ပြန်မလာဘူး။ သမီးပြန်လာတဲ့အချိန် ကျရင်လည်း သမီးဟာ အောင်မြင်တဲ့လူတစ်ယောက် ဖြစ်နေရမယ်၊ သမီး မိဘကိုလည်း အကောင်းဆုံး ထားနိုင်မှ ပြန်လာမယ်။ ဟိုမရောက် ဒီမရောက် အခြေအနေမျိုးနဲ့တော့ သမီး ပြန်မလာဘူး မေမေ"

"............."

"ဒါဆို ဒါပဲနော် မေမေ၊ သမီး ဖုန်းချလိုက်တော့မယ်။ နောက်တစ်ခါကျမှ အကြာကြီး စကားပြောမယ်နော်"

ဖုန်းပြောပြီးသည်နှင့် သူမ  ငိုင်တွေနေမိသည်။ သမီးလေးတစ်ယောက်တည်း ရပ်ဝေးမြေခြားမှာ အဆင်မပြေ ဟု ကြားရတော့လည်း သူမ စိတ်မချချင်။ ဖြစ်နိုင်လျှင် သမီးလေးကို ပြန်လာစေပြီး ကိုယ့်မြေကိုယ့်ရေမှာပဲ မိသားစုသုံးယောက် အေးအတူ ပူအမျှ စည်းစည်းလုံးလုံး ရှိစေသည်။ သို့သော်လည်း သမီးက ခေါင်းမာ သည်။ ပြောပြီးသည့် စကားကို ပြန်မပြင်တတ်သည့်အကျင့်၊ ဆုံးဖြတ်ပြီးသည့် ကိစ္စတစ်ခုကို ဖြစ်အောင် လုပ်တတ်သည့်အကျင့်က ငယ်ငယ်ကတည်းက ဇာတိပြခဲ့သည်။ သမီး..သမီး...။ သမီးအကြောင်းကို တွေးမိ ရင်းမှ သူမစိတ်အစဉ်သည် လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်ကာလကို ပြန်လည် ရောက်ရှိသွားလေတော့ သည်။

* * * * *

သူမ အိမ်ထောင်ကျစကတည်းက မိဘအိမ်မှ ခွဲခွာကာ ခင်ပွန်းသည် တာဝန်ကျရာ မြေလတ်မြို့ကလေးသို့ လိုက်ပါခဲ့သည်။ ထိုစဉ်က မိဘအိမ်ရိပ်မှ မခွဲစဖူး ခွဲခဲ့ရသည့်ပြင် အသိမိတ်ဆွေ မရှိသည့် အရပ်ဒေသသစ်မှာ အသားကျဖို့ သူမ အတော်ကြိုးစားခဲ့ရသည်။ ခင်ပွန်းသည် အလုပ်သွားသည့်အချိန်ဆို သူမတစ်ယောက် တည်း အိမ်မှာ ကျန်ခဲ့ရသည့်အခါ တစ်ခါတလေ အိမ်လွမ်းစိတ်ဖြင့် သူမ ငိုမိသည်။ ထို့ကြောင့် အိမ်လွမ်းနာ သက်သာစေရန် အိမ်ရှိ ကြမ်းပြင်ကို စိတ်ရှည်လက်ရှည် ပြောင်လက်နေအောင် သူမ တိုက်ချွတ်တတ်သည်။ တစ်ခါတလေလည်း  အိမ်ခြံဝင်းထဲရှိ မြေကွက်လပ်ကလေးမှာ သူမ စိုက်ပျိုးထားသော သီးပင်၊ စားပင်တွေ ကို ရေလောင်းပေါင်းသင် ပြုလုပ်ရင်း အချိန်ကုန်ဆုံးစေခဲ့သည်။

ထိုသို့ သမားရိုးကျဆန်လွန်းသော သူမတို့ဘဝလေးထဲသို့ သမီးလေး ဝင်ရောက်လာချိန်မှစပြီး နေ့ရက်တိုင်း မှာ သမီးလေးအတွက်ဟူသော စိတ်ကြောင့် သူမတို့နှစ်ယောက် ခွန်အားဖြစ်ခဲ့ကြသည်။ ပင်ပန်းသော်လည်း သမီးမျက်နှာကို မြင်ရသည့်ခဏ၌ ဘဝအမောများ ပြေပျောက်ခဲ့ရသည်။ သမီးလေးမှာ ငယ်စဉ်က ချူချာ သဖြင့် သူမတို့နှစ်ယောက် ပိုးမွေးသလို မွေးမြူခဲ့ကြရသည်။ သို့နှင့် သမီးလေး ကျောင်းနေရွယ်ရောက်လာ သည့်အခါ အများနှင့်မတူ ဘက်စုံ ထူးချွန်သည့် သမီးလေးကြောင့် သူမတို့ မိဘနှစ်ပါး ပတ်ဝန်းကျင် အသိုင်း အဝိုင်းကြားမှာ သမီးဂုဏ်နှင့် ခေါင်းမော့နိုင်ခဲ့ကြသည်။ အတန်းစဉ်တိုင်း ပထမရသည့် ပညာရေးတွင် ထူး ချွန်သော သမီးလေးကို သူမတို့ အလိုလိုက် အချစ်ပိုခဲ့ကြရသည်။ သည်လိုနှင့် သမီးလေး အလယ်တန်း အရောက်မှာ ထူးချွန်သည့် သမီးလေးရဲ့ ပညာရေးအတွက် သူမတို့နေထိုင်ရာ မြို့ကလေးမှ သူမ၏ မွေး ရပ်မြေ မြို့ကလေးရှိ အထက်တန်းကျောင်းတွင် ပြောင်းရွှေ့ကျောင်းတက်စေဖို့ စီစဉ်ဖြစ်ခဲ့သည်။

ထိုစဉ်က သမီးနှင့် မခွဲစဖူး ခွဲရသည့်အတွက် သူမရင်မှာ လစ်ဟာလွန်းလှသည်။ သို့သော်လည်း သမီးရှေ့ရေးမို့ သူမကိုယ်သူမ စိတ်တင်းပြီး သမီးနှင့် ခွဲနေခဲ့သည်။ အစပိုင်းတွင်တော့ သမီးသည်လည်း မိဘနှင့် ခွဲနေမကျသဖြင့် လွမ်းဖျား ဖျားကာ နေမကောင်းဖြစ်ခဲ့သေးသည်။ နောက်ပိုင်းတွင်မှ နေသားကျ ကာ ကျောင်းနေပျော်သွားတော့မှ သူမ ဟင်းချနိုင်ခဲ့သည်။ သည်လိုနှင့် ရက်၊ လ၊ နှစ်တွေ အလီလီ ပြောင်း ခဲ့ပြီးနောက် သမီးလည်း အထက်တန်းကို ဂုဏ်ထူးများများဖြင့် အောင်မြင်ခဲ့သည်။ သမီးဝါသနာပါရာ သက်မွေးတက္ကသိုလ်တစ်ခုကို တက်ဖို့လည်း သူမတို့ ခေါင်းညိတ် လိုက်လျောခဲ့ကြသည်။ သူမတို့တာဝန်က သမီးလေး ပညာသင်ရာမှာ မတောင့်မတ မကြောင့်မကြနှင့် စိတ်အေးအေး စာသင်နိုင်ဖို့ အတတ်နိုင်ဆုံး ပံ့ပိုးပေးဖို့သာပင်။

* * * * *

ဘွဲ့ရပြီးသည့်နောက် သမီးက သူမတို့ကို အသိပေး တိုင်ပင်လာသည်။ ရေမြေခြားတိုင်းပြည်တစ်ခုမှာ သွားရောက် ပညာသင်ချင်သည်တဲ့။ ထိုအချိန်က သူမတို့နှစ်ယောက်စလုံး စကားတစ်ခွန်းမျှ ပြောမထွက်နိုင် ခဲ့ကြ။ သမီးကျောင်းတက်စဉ်တစ်လျှောက်လုံး သူမတို့နှစ်ယောက် ခြိုးခြံချွေတာပြီး ကျောင်းစရိတ်အတွက် စုဆောင်းခဲ့ကြသည်။ သမီးအတွက် ပြည့်စုံလုံလောက်သည့် ပမာဏ မဖြစ်ခဲ့သော်လည်း သူမတို့နှစ်ယောက် အတွက်တော့ မနည်းလှသည့် ပမာဏပင်။ ယခုလို သမီးအဖေ၏ ကျန်းမာရေး ချို့ယွင်းလာခဲ့ချိန်တွင် သမီး အား အဝေးသို့ ထွက်မသွားစေချင်သည်မှာ အမှန်ပင်။ မိဘနှင့် ဥမကွဲသိုက်မပျက် နေထိုင်ရင်း သမီးကို အလုပ်လုပ်စေချင်သည်။ သို့သော်လည်း မိဘဟူသည်မှာ သားသမီး၏စိတ်ငြိုငြင်မှုကို ကြာရှည် မခံစားနိုင် သူများ ဖြစ်သည့်အလျောက် သမီးဆန္ဒကို လိုက်လျောခဲ့ကြသည်။ သမီးသည် ဘဝရဲ့ လွတ်လပ်မှု၊ စိန်ခေါ် မှုတွေကို ရဲရဲရင့်ရင့် ရင်ဆိုင်ဖို့ သူမတို့ ရင်မှ ခွဲထွက်သွားခဲ့သည်။ သမီး မြန်မာပြည်မှ ထွက်ခွာသည့်နေ့က သူမတို့ရှေ့မှ ရဲရင့်သွက်လက်စွာ ကျောခိုင်းလျှောက်သွားတဲ့ သမီးကို ကြည့်ရင်း သူမ ရင်တွင်းမှ ခပ်တိုးတိုး စကားဆိုမိသည်။ သြော်...ပျံပါစေလေ၊ မိဘရင်က ခွာလို့ ဘဝကောင်းကင်ပြင်ကြီးထဲမှာ ရဲရဲဝံ့ဝံ့ ပျံသန်းကြည့် ပါစေတော့။ မိဘရင်ခွင်ထက် လုံခြုံမှုပေးနိုင်တဲ့နေရာကို သမီး ရှာလို့ တွေ့နိုင်ပါ့မလားရယ်လို့ သူမ ဆက် မတွေးကြည့်ချင်တော့။ တဖြည်းဖြည်း ဝေးသွားတဲ့ သမီးပုံရိပ်က သူမ မြင်ကွင်းမှာ ဝေဝါးသွားခဲ့သည်။


 သွားခါစ နှစ်အနည်းငယ်အတွင်းတော့ သမီးအသံကို သူမတို့ ရံဖန်ရံခါ ကြားခွင့်ရခဲ့ကြသည်။ များသော အားဖြင့် သမီးသည် အလုပ်အလွန်များကြောင်း၊ နားချိန်အိပ်ချိန်ထဲမှ ဖဲ့၍ သူမတို့ဆီ ဖုန်းဆက်ရကြောင်း၊ ထို့ကြောင့် မကြာခဏ ဖုန်းဆက်ဖို့ အချိန်မရှိတာမို့ ငွေလွှဲပို့လိုက်သည့်အချိန်မှသာ ဆက်နိုင်မည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများသာ အပ်ကြောင်းထပ်မျှ ပြောဆိုပြီး ဖုန်းချသွားတတ်သည်။ တစ်ခါက ခင်ပွန်း သည်က သမီးအသံကို ကြားချင်လွန်း၍ သမီးပေးထားသော လက်ကိုင်ဖုန်းကို ခေါ်ကြည့်မိရာ သမီးက စိတ် ဆိုးမာန်ဆိုးနှင့် သူ့အလုပ်ချိန်ကို အနှောင့်အယှက် မပေးရန်နှင့် ငွေလိုလျှင် ပို့ပေးလိုက်မည်ဟု ပြောဆိုလိုက် သဖြင့် သူမတို့နှစ်ယောက် ရင်နင့်အောင် ခံစားခဲ့ကြရသည်။

သမီးသည် သူမတို့နှစ်ယောက်ကို မလိုအပ်တော့ဟူသော အတွေးက သူမရင်တွင်း၌ ဗလောင်ဆူစေသည်။ ခင်ပွန်းသည်ရှေ့တွင် ဘာမျှမဖြစ်သယောင် ဟန်ဆောင်နေရသော်လည်း ညအိပ်ရာဝင်တိုင်း မေတ္တာပို့ရင်း သမီးမျက်နှာကို မြင်ယောင်မိသည့်အခါ မျက်ရည်ကျမိသည်။ "မိဘမျက်ရည်တစ်စက် သားသမီးတစ်သက်" ဆိုသည့်စကားကြောင့် သူမ မျက်ရည်ကြောင့် သမီးလေးဘဝ ပူလောင်မှုတွေနဲ့ ညှိုးနွမ်းသွားမှာကိုတော့ သူမ (မိခင်ပီပီ) မဖြစ်စေချင်ပါ။ ထို့ကြောင့် အတတ်နိုင်ဆုံး သူမစိတ်ကို ဖြေဖျောက်ရင်း၊ ရှိရှိသမျှ အိမ် အလုပ်များ ကို သိမ်းကျုံးလုပ်ကိုင်ရင်း စိတ်အာရုံပြောင်းရသည်။

* * * * *

ယခုတလော သူမကိုယ်သူမ သတိထားမိသည်မှာ ကြာပြီ။ ရုတ်တရက် အသံကျယ်ကျယ် ကြားလိုက်ရလျှင် ပဲဖြစ်ဖြစ်၊ ဝမ်းနည်းစရာတစ်ခုခုကို တွေးမိလိုက်လျှင်ပဲဖြစ်ဖြစ် သူမ၏ ဘယ်ဘက်ရင်အုံအောက်မှ စူးစူး ရှရှ အောင့်မျက်မှုက ပို၍ ပို၍ စိပ်လာသည်။ ယခင်က ထိုသို့ ဖြစ်ဖူးသော်လည်း ခံစားရသည့် နာကျင်မှုမှာ ယခုလောက် မပြင်းထန်ချေ။ သူမ ရင်ထဲက နာကျင်မှုကို သူမ သောက်နေကျ ဆေးတွေက လျော့ပါး သက်သာအောင် မစွမ်းနိုင်ပြီလား....။ သူမကို ကုသနေကျ သမားတော်ကြီးက ယခင်တစ်ခေါက် ဆေးခန်း သွားပြစဉ်က အသေအချာ မှာလိုက်သည်။ လှုပ်လှုပ်ရှားရှား မလုပ်မိအောင် နေပါ၊ တတ်နိုင်လျှင် အိပ်ရာပေါ် တွင်သာ နားနားနေနေပါ။ နှလုံးမှာ အလွန်အားနည်းနေသဖြင့် ခွဲစိတ်ကောင်း ခွဲစိတ်ရနိုင်သည်တဲ့။ မခွဲစိတ် ခင် အတောအတွင်း အားအင်ပြည့်အောင် အနားယူပါဟု အတန်တန် မှာလိုက်သည်။

သူမ အိမ်အလုပ်တွေ တတ်နိုင်သလောက် လျှော့ချလိုက်သည်။ ဟိုစဉ်က ဇိုးခနဲဇတ်ခနဲ စိတ်မြန်ကိုယ်မြန်နှင့် လုပ်ကိုင်နိုင်သမျှ ယခုလို လူမမာတစ်ယောက်လို အိပ်ရာထက်တွင် လဲလျောင်းနေရသည်က သူမကို ပို၍ စိတ်ဓာတ်ကျစေလေသည်။ အသုံးမဝင်သူတစ်ယောက်ပမာ ခံစားရစေသည်။ ငြိမ်ငြိမ်လေး နေရမှ စိတ်က သမီးဆီကို အချိန်ပြည့် ရောက်သည်။ သမီးငယ်ငယ်က ဓာတ်ပုံတွေ၊ သမီးဆွဲခဲ့သည့် ပန်းချီကားချပ်တွေ၊ သမီး၏ စာကြည့်စားပွဲ တစ်ခုချင်းစီကို သေချာ ပြန်ကြည့်မိရင်း သမီးကို လွမ်းဆွတ်စိတ်က ထိန်းမနိုင်၊ သိမ်း မရ ဖြစ်လာသည်။ သမီးနှင့် အဆက်အသွယ် မရခဲ့သည်မှာ ယခုဆိုလျှင် သုံးနှစ်ပြည့်တော့မည်။

သမီး...သမီး... သမီးအကြောင်းကို တွေးမိရင်းမှ သူမ သတိရသည်။ သမီးလေးဘဝ ရေလိုအေးပြီး ပန်း လိုမွှေးစေဖို့ သူမ နေ့စဉ်ပြုနေကျ မြတ်စွာဘုရားရှင်အား ဆွမ်းပန်းရေချမ်း ဆီမီး ကပ်လှူပူဇော်ရဦးမည်။ ထိုအတွေးနှင့် သူမ ခုတင်မှ အသာဆင်းလိုက်သည်။ အိမ်ရှေ့သို့ ထွက်လိုက်တော့ မိုးစက်မိုးပေါက်များက တဖွဲဖွဲ ကျဆင်းလို့နေသည်။ အိမ်ရှေ့ရှိ သူမ စိုက်ထားသော စံပယ်ရုံကလေးမှာ မိုးရေစက်တွေ ကြား မှာ  ဖွေးဖွေးဖြူအောင် ပွင့်နေသည်။ သူမ ခြံထဲသို့ အသာဆင်းကာ စံပယ်ရုံကလေးမှ ဖြူစင်မွှေးပျံ့နေသော စံပယ်ပွင့်ဖြူဖြူကလေးများကို ခူးဆွတ်လိုက်သည်။ မိုးစက်မှုန်ကလေးများက စံပယ်ပွင့်ကလေးများပေါ်တွင် တွဲလွဲခိုလျက် ပိုမိုလန်းဆန်းအောင် အားဖြည့်ပေးနေသလို သူမ စိတ်တွင် ထင်မြင်ကာ ကြည်နူးမိသည်။

ခူးလာသော စံပယ်ပန်းကလေးများကို ပန်းကန်ပြားသန့်သန့်ပေါ်တွင် တင်ပြီး မြတ်စွာဘုရားရှင်အား ပန်းမွေ့ ယာခင်း၍ ကပ်လှူ ပူဇော်လိုက်သည်။ ပြီးနောက် သူမ အိပ်ခန်းထဲ ပြန်ဝင်ခဲ့သည်။ ခုတင်ဘေးရှိ အပ်ချုပ်စက် ခုံကလေးမှာ ထိုင်ရင်း လက်စမသတ်ရသေးသည့် ခေါင်းအုံးစွပ်ကလေးကို ချုပ်ဖို့ သတိရသည်။ ယနေ့ နေရ သည်မှာလည်း သက်သောင့်သက်သာရှိသဖြင့် သူမ ခေါင်းအုံးစွပ်ကလေးကို စိတ်လိုလက်ရ ချုပ်နေမိသည်။ အာရုံစူးစိုက်မှုကြောင့် ထင်သည်။ သူမ ခေါင်းတွေ ရုတ်တရက် မူးဝေလာခဲ့သည်။ မျက်မှန်ကို ချွတ်ပြီး ခေါင်း ကို ဖြည်းညင်းစွာ မော့လိုက်သည်။ ထိုခဏမှာပင် သူမ ခြေဖျားလက်ဖျားများ အေးစက်လာကာ ဘယ်ဘက် ရင်အုံမှ စူးရှစွာ အောင့်မျက် နာကျင်လာသည်။ သူမ ထိုင်နေရာမှ အားယူထပြီး ဘေးက ခုတင်ပေါ်သို့ ရွှေ့ ကာ လှဲလိုက်စဉ်မှာပင် သူမ ရင်ထဲက နာကျင်မှုက မခံမရပ်နိုင်အောင် ပိုဆိုးလာသည်။

နာကျင်မှုသည် သူမ ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းမှ စ၍ တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့နေသည်ကို သူမ အသိအာရုံတွင် ခံစား သိရှိနေသည်။ သတိမလွတ်သွားအောင် အားတင်းလျက်မှ သူမ အမြင်အာရုံတွင် သမီးလေး၏ ရုပ်ပုံလွှာက ထင်ဟပ်လာသည်။ သမီး...သမီးလေးကို သူမတစ်သက် တွေ့မြင်ခွင့်မှ ရပါ ဦးတော့မလား။ သမီးလေးအတွက် သူမတို့နှစ်ယောက် အတတ်နိုင်ဆုံး မိဘဝတ္တရား ကျေပွန်နိုင်ခဲ့ပြီ ထင် သည်။ သူမ၏ ဝိုးတဝါး အသိအာရုံမှာ သမီးလေးအတွက် နောက်ဆုံးအနေနှင့် ကောင်းမှုကုသိုလ် တစ်ခု ကို ပြုလုပ်ပေးလိုက်ရသည့် ကြည်နူးမှုက သူမရင်ထဲ တစိမ့်စိမ့် ဝင်ရောက်လို့လာသည်။ သူမ အားယူပြုံးလိုက်မိသည်။ သမီးရေ... သမီးနဲ့ ဒီတစ်သက် ပြန်တွေ့ခွင့်မရခဲ့ဘူး ဆိုရင်တောင် မေမေ ဖြေသာ ပါပြီ သမီးရယ်....။ မေမေတို့အပေါ်မှာ သမီးလေး ပြောဆိုပြုမူမှုတွေ အမှားအယွင်း ရှိခဲ့ရင်လည်း မေမေ အမြဲ ခွင့်လွှတ်ပါတယ်။ သမီးလေးဘဝ တစ်လျှောက်လုံး သာယာအေးချမ်းပါစေကွယ်... .... ....။ ရင်ထဲမှနေ၍ သမီးလေးကို တီးတိုး နှုတ်ဆက် လိုက်ပြီးသည်နှင့် သူမ၏အသိအာရုံဝယ် ပြုခဲ့သမျှ ကုသိုလ်ကောင်းမှုများကို တစ်ဖန် ပြန်လည်မြင်ယောင်နေစဉ်မှာပင် နက်ရှိုင်းလှသည့် အမှောင်ထုထဲသို့ တဖြည်းဖြည်း နစ်ဝင် ပျောက် ဆုံးသွားခဲ့ရတော့သည်။




မြဝတီဇော်


[၃ဝ-၅-၂ဝ၁၂ နေ့က ကွယ်လွန်သွားခဲ့သော မိခင်တစ်ဦးကိုယ်စား အမှတ်တရ ခံစားရေးဖွဲ့ပါသည်။]










Wednesday, October 31, 2012

လရောင်အောက်က သီတင်းကျွတ်ည အတွေးတစ်စ


 အိမ်တံစက်မြိတ်စွန်းထက်မှာ ရွှန်းရွှန်းမြမြ သာနေသည့် လမင်းကြီး၏ အလင်းရောင်ကို ကျွန်မ စိတ် မှတ်မဲ့ ငေးကြည့်နေမိသည်။ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မို့ထင်သည်၊ နေလုံးနီနီ ကွယ်ပျောက် သွားသည်နှင့် ကောင်းကင်ထက်မှာ ကြီးမားပြည့်ဝန်းသော လမင်းဝါ၀ါကြီးက ပေါ်ထွက်လာလေ သည်။ မှောင်စပျိုးလာသည်နှင့် စွမ်းနိုင်သမျှ အစွမ်းကုန် ထွန်းလင်းပြီး ကမ္ဘာကြီးကို အလှဆင်နေတဲ့ လမင်း ကြီးဟာ လူသားအားလုံးအပေါ်မှာ သာတူညီမျှ ချမ်းမြေ့မှုတွေ ရရှိစေဖို့ မေတ္တာငွေရည်တွေ သွန်း ဖျန်းပေးနေသလိုပင်။ ယခုလို လရောင်အောက်မှာ ထိုင်ရင်း၊ လမင်းကြီးဆီက အေးမြချမ်းမြေ့မှုတွေ ကို ငြိမ်သက် တိတ်ဆိတ်စွာ ခံစားရင်း စိတ်စေရာ တွေးတောနေရသည့်အချိန်မျိုးကို ကျွန်မ လွန်စွာ မက်မောမိပါသည်။
ကျွန်မတို့ငယ်စဉ်ကဆိုလျှင် ကျွန်မတို့ရပ်ကွက်မှ ဦးလေးတစ်ယောက်က ဦးဆောင်ပြီး သီတင်းမကျွတ်သေး ခင်ကပင် သီတင်းကျွတ် မီးထွန်းပွဲတော်အတွက် ကြိုတင်ပြင်လေ့ ရှိသည်။ ကျွန်မတို့အိမ်မှ တစ်အိမ်ကျော်ရှိ လမ်းကလေးတွင် မီးထွန်းပွဲတော်နှင့် ကာတွန်းပြပွဲကို နှစ်စဉ် ပြုလုပ်လေ့ရှိသည်။ သီတင်းကျွတ် မီးထွန်း ပွဲတော်နှင့် ကာတွန်းပြပွဲ ပြုလုပ်ဖို့အတွက် လမ်းကလေးကို အစဉ်အမြဲ သန့်ရှင်းသပ်ရပ်နေအောင် ပြုပြင် ထိန်းသိမ်းလေ့ရှိသော ထိုဦးလေးကပင် ဦးဆောင် ကမကထပြုပါသည်။ သူသည် သီတင်းကျွတ်ခါနီး နှစ် ပတ်လောက်အလိုကပင် သူ့အိမ်ရှိ အလှစိုက်ပန်းအိုးများကို လမ်းကလေးတစ်လျှောက် အစီအရီ နေရာချ သည်။ ပြီးလျှင် လမ်းကလေးရဲ့ ၀ဲယာမှာ ၀ါးလုံးတိုင်များ စိုက်ထူရန် ကျင်းများကို အကွာအဝေးညီညီ တူးထားသည်။ ညနေစောင်းသည်နှင့် လမ်းကလေးကို အမှိုက်သရိုက်ကင်းစင်အောင် တံမြက်စည်း လှည်းခြင်း၊ လမ်းဘေးတွင် အလေ့ကျ ပေါက်နေသော မြက်ပင်များကို လမ်းကလေးရဲ့ဘောင်အဖြစ် ပုံဖော် ကာ ရေဖျန်းပေးခြင်းတို့ကို ဂရုတစိုက် ပြုလုပ်သည်။ ထို့နောက် သီတင်းကျွတ်ပွဲတော်ရက် နီးလာ သည်နှင့် ၀ါးလုံးတိုင်များစိုက်ကာ သွပ်နန်းကြိုးများဖြင့် ၀ါးလုံးတိုင်များတစ်လျှောက် အတန်းလိုက်ဖြစ်အောင် ချည်နှောင်ပေးသည်။

နောက်တစ်ဆင့်ဖြစ်သည့် သွပ်နန်းကြိုးတစ်လျှောက် မီးပုံးကလေးများ ချိတ်ဆွဲသည့် အလုပ်ကိုတော့ ကျွန်မတို့ ကလေးများက ကူညီကြသည်။ ကျွန်မတို့ မောင်နှမသုံးယောက် အပါအ၀င် ရပ်ကွက်ထဲက ကလေးအချို့လည်း လာရောက်ကူညီ လုပ်အားပေး ကြပါသည်။ ထိုဦးလေးနှင့် ကျွန်မတို့မိသားစုများမှာ အရင်ကတည်းက သိကျွမ်းခင်မင်လာကြသူများဖြစ်၍ ကျွန်မတို့မောင်နှမများမှာ မီးထွန်းပွဲတော်အတွက် အချိန်ပြည့်နီးပါး ကူညီပေးနိုင်ကြသည်။ ကျွန်မတို့အိမ်က မိသားစုများကလည်း ကျွန်မတို့တတွေ မီးထွန်း ပွဲတော်အတွက် အားတက်သရော ကူညီလုပ်ကိုင်နေပြီဆိုကတည်းက သူတို့လည်း မီးထွန်းပွဲတော်လာ ကြမည့် လူများကို စတုဒီသာကျွေးဖို့ တိုင်ပင်နေကြပါပြီ။ သည်လိုနှင့် သီတင်းကျွတ် ပထမနေ့ ညနေ သုံး နာရီလောက်ကစပြီး ၀ါးလုံးတိုင်တွေမှာ လူကြီးတွေက ကာတွန်းရုပ်ပုံ ကားချပ်တွေ လိုက်လံချိတ်ဆွဲကြ သည်။ ကျွန်မတို့ ကလေးတွေကတော့ ဆီဖြည့်ပြီး မီးစာထည့်ထားသည့် ဆီမီးခွက်လေးများကို လမ်းကလေး တစ်လျှောက် ညီညီညာညာ စီတန်း ချထားကြပါသည်။ ပြီးသည်နှင့် လမ်းကလေး၏ ဘေးတစ်ဖက်ခြမ်းတွင် စတုဒီသာကျွေးဖို့ ခုံများ ခင်းကျင်းရာမှာလည်း ပါဝင် ကူညီကြသည်။

 တစ်စတစ်စ မိုးချုပ်လာသည်နှင့် မီးပုံးကလေးတွေကို မီးလိုက်ညှိသူက ညှိ၊ ဆီမီးခွက်ကလေးများကို မီးထွန်း သူက ထွန်းနှင့် လမ်းကလေးမှာ တဖြည်းဖြည်း စည်ကားသက်ဝင် လှပလာတော့သည်။ မီးအားလုံး ထွန်း ညှိပြီးသွားချိန်မှာ လမ်းကလေး ၏အ၀င်ဝတွင် အားလုံး စုရုံးကြပြီး သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် ကာတွန်းပြပွဲ ဖွင့်လှစ်သည့်အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများ ပစ်ဖောက်ကြသည်။ ထို့နောက် လမ်း ကလေးအတွင်းသို့ မီးထွန်းပွဲတော် လှည့်လည်ကြည့်ရှုလာသူများအား စတုဒီသာ အကျွေးအမွေးများဖြင့် ဧည့်ခံကြသည်။ သီချင်းသံ မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ဆီမီးရောင်စုံ ထွန်းညှိထားသော လမ်းကလေးရှိရာ ကျွန်မ တို့ ရပ်ကွက်ကလေးမှာ ပွဲတော်ရက်သုံးရက်လုံး လူတဖွဲဖွဲဖြင့် စည်ကားသိုက်မြိုက်နေတော့သည်။

 ကျွန်မမှတ်မိသမျှ ထိုလမ်းကလေး၏ မီးထွန်းပွဲတော်အစဉ်အလာသည် လွန်ခဲ့သော လေးငါးနှစ်က အထိ ပြုလုပ်မြဲ ဖြစ်သည်။ ယခုအချိန်တွင်တော့ လမ်းကလေးအတွင်း မီးထွန်းပွဲတော် မပြုလုပ်ဖြစ်သော် လည်း လမ်းကလေးရဲ့ သန့်ရှင်းသပ်ရပ်မှုကတော့ မပြောင်းမလဲ တည်ရှိနေဆဲပင်။ ငယ်စဉ်က မီးထွန်း ပွဲတော်အကြောင်းကို ပြန်လည်တွေးတောမိမှ ကျွန်မ အသက် သိပ်ကြီးသွားပြီဖြစ်ကြောင်း သတိပြုမိလိုက် သည်။ ယခုဆိုလျှင် နုနယ်ဖြူစင်တဲ့ ကလေးအရွယ်ကို ဖြတ်သန်း လွန်မြောက်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခု စာမက ကြာသွားခဲ့လေပြီ။

 ကျွန်မ ကိုယ့်အတွေးနှင့်ကိုယ် လရောင်အောက်မှာ ငြိမ်သက်နေမိစဉ် ရုတ်တရက် ကျယ်လောင် လွန်းသော ပေါက်ကွဲသံကြီးတစ်ခုကြောင့် လန့်ဖျပ်သွားကာ ထိုင်နေရာမှ ယောင်ယမ်းပြီး ထရပ်မိသည်။ အသံကြားရာကို လှည့်ကြည့်မိသည့်အခါ ကျွန်မတို့အိမ်ရှေ့ ပလက်ဖောင်းပေါ်တွင် မီးခိုးငွေ့များ ဖွေးဖွေး လှုပ်နေတာ တွေ့ရသည်။ ထိုမီးခိုးငွေ့များမှ ယမ်းနံ့များမှာလည်း တထောင်းထောင်း ထနေအောင် မွှန် ထူနေတော့သည်။ ကျွန်မ ရုတ်တရက် စိတ်တိုသွားမိသည်။ ကိုယ့်ခြံထဲ ကိုယ်ထိုင်နေသည်ကို အပျော်ကျူးသူ အချို့က လမ်းပေါ်မှ ဆိုင်ကယ်များဖြင့် ဖြတ်မောင်းရင်း အိမ်ရှေ့တွင် ဗျောက်အိုးများကို ပစ်ချသွား ခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်ရပ်ကြောင့် ကျွန်မ ခေါင်းထဲတွင် အတွေးတစ်ခု ရောက်လာသည်။ လူငယ် သဘာဝ ပျော်ရွှင်မှုကို ခွင့်လွှတ်နိုင်သော်လည်း တစ်ဖက်သား၏ လွတ်လပ်ခွင့်ကို ထိပါးစေသော ပျော်ရွှင်မှု သည် တရားမျှတပါရဲ့လား။ မိမိ၏ မဆင်မခြင် ပြုမူလိုက်သော အပျော်တစ်ခုသည် တစ်စုံတစ်ယောက်ကို ထိခိုက်နစ်နာစေလျှင် ထိုအပျော်မျိုးကို ပျော်ရွှင်မှုဟု အမည်တပ်သင့်ပါရဲ့လား။

 ကျွန်မ သတိထားမိသမျှ သတင်းစာများတွင် သီတင်းကျွတ်ကာလအတွင်း ဗျောက်အိုးဖောက်ခြင်းကို အတိ အလင်း တားမြစ်ထားခြင်းကြောင်း တွေ့ရှိနိုင်ပါသည်။ ထိုသို့ သတိပေး တားမြစ်ထားပါလျက်နှင့် မည်သည့် အတွက်ကြောင့် စည်းကမ်း ဖောက်ဖျက်ပြီး ပျော်ရသော အပျော်မျိုးကိုမှ မက်မောကြပါသလဲ။ ထို့ပြင် ထိုသို့သော အပျော်မျိုးကြောင့် တစ်စုံတစ်ယောက်ကိုမျှ မထိခိုက်လျှင် မထောင်းတာလှသော်လည်း သက်ကြီးရွယ်အိုများ၊ နှလုံးရောဂါရှင်များအနေဖြင့် ဤမျှ ကျယ်လောင်လှသော ဗျောက်အိုးဖောက် သံကြောင့် အသက်အန္တရာယ် တစ်စုံတစ်ရာ ချွတ်ချော်မှု ဖြစ်သွားခဲ့သည်ရှိသော် ထိုအဖြစ်အတွက် မည်သူ က တာဝန်ခံမည်နည်း။ အတွေးထဲရောက်လာသော မေးခွန်းများကြောင့် ကျွန်မစိတ်များ ရှုပ်ထွေး ညစ်နွမ်း သွားရသည်။ ခေါင်းကို မော့ကာ အသက်ကို ခပ်ပြင်းပြင်းရှူပြီး စိတ်ကို ဖြေလျှော့လိုက်သည်။

 ကျွန်မ၏ ငယ်စဉ်ဘ၀ သီတင်းကျွတ်ခံစားမှုများလည်း ဘယ်ဆီရောက်ကုန်သည် မသိတော့။ လရောင်အောက်က သီတင်းကျွတ်ချိန် ညရှုခင်းများလည်း ကျွန်မ၏ စိတ်အာရုံကို မဆွဲဆောင်နိုင်တော့။ ထို့ပြင် လမင်းကြီးနှင့် မျက်နှာချင်းဆိုင်ကာ စိတ်ကူးအတွေးတွေ ရင်ဖွင့်လိုက်မည်ဆိုသည့် မျှော်လင့်ချက် သည်လည်း မြို့ပြ၏ မီးရောင်စုံကြားမှာ နစ်မြုပ်သွားခဲ့လေသည်။ လမင်းကြီးကို မော့ကြည့်မိတော့ ကောင်း ကင်ယံထက် ခပ်ဝေးဝေးသို့ပင် ရောက်နေလေပြီ။ လရောင်နှင့် ဆုံစည်းခွင့်ရခဲ့သော ရှားရှားပါးပါး သီတင်း ကျွတ်လပြည့်ကျော် တစ်ရက်နေ့ည၏ ခံစားမှုသည် ယနေ့အဖို့တော့ လုံလောက်သင့်ပြီ ထင်သည်။ ကျွန်မ ထိုင်နေရာမှထကာ အိမ်ထဲသို့ လှမ်းဝင်လိုက်ချိန် ခြံထဲရှိ ဇီဇ၀ါပန်းရနံ့များက မွှေးပျံ့နေဆဲ၊ အိမ်ရှေ့ လမ်းမပေါ်တွင်လည်း ဆူညံသော သီချင်းသံမျိုးစုံကို ကျယ်လောင်စွာ ဖွင့်၍ အပြင်းမောင်းနှင်သွားသော ဆိုင်ကယ်များ၊ ကားများက ဥဒဟို သွားလာနေကြဆဲပင်။    ။

Monday, October 29, 2012

စိတ်ကူးထဲက ချစ်သူ့အိမ် (၂)

နံနက်ခင်း နေရောင်ခြည်အောက်မှာ သူမတို့နှစ်ယောက် ခြံဝင်းလေးထဲမှာ အတူလက်တွဲ လမ်းလျှောက်နေ သည်။

“ဒီအိမ်လေးကို ကြိုက်ရဲ့လား ကို”
“အင်း ကြိုက်ပါတယ်၊ ဘာဖြစ်လို့လဲ”
“ဟင့်အင်း၊ ဘာမှ မဖြစ်ပါဘူး၊ တကယ်လို့ ကိုမကြိုက်ဘူးဆိုရင် ခင်က ပြန်ရောင်းလိုက်မလားလို့ပါ”
“အိမ်ပုံစံကိုတော့ ကြိုက်ပါတယ်၊ ဒါပေမဲ့ ခင်က ဘာဖြစ်လို့ ဒီအစိမ်းရောင်ဆေးကိုမှ သုတ်ထားတာလဲ၊ ကြည့်ရတာ စိတ်ကို လေးလံထိုင်းမှိုင်းစေတဲ့ အရောင်ကြီးကွာ”
“ခင်က စိတ်ကို လန်းဆန်း အေးမြစေတဲ့အရောင်ဆိုပြီး ကြိုက်လို့ ရွေးခဲ့တာ ကိုရဲ့”
“အဲဒါပဲ… မင်းက ဘယ်ကိစ္စမဆို မင်းသဘောအတိုင်း အမြဲတမ်း လုပ်တယ်၊ မင်း ကို့ကို တိုင်ပင်ခဲ့ ဖို့ ကောင်းတယ်”
သူမ ရုတ်တရက် မျက်နှာပျက်သွားသည်။
“အို… အဲဒီလို မဟုတ်ပါဘူး ကိုရယ်၊ ခင်က… ခင်ကြိုက်တဲ့အရောင်ဆို ကိုလည်း သဘောကျလိမ့်မယ် ထင်လို့ပါ”
“ဟုတ်ပါပြီ… ကို ပြောတာက တခြားပစ္စည်းတွေဆို ထားပါတော့၊ ခုဟာက ခင်နဲ့ကိုနဲ့ နေရမယ့်အိမ်ကို ဘာဖြစ်လို့ ဒီလိုအစိမ်းရောင်ကြီး သုတ်ရသလဲဆိုတာ မစဉ်းစားတတ်လို့ပါ…၊ ဘာလဲ… ခင်က ကိုနဲ့ စိမ်းစိမ်း ကားကားနေမယ်ဆိုတဲ့ သဘောလား”
“မဟုတ်ပါဘူး…ကိုရယ်…၊ ခင်က ဒီအတိုင်း ရိုးရိုးလေးပဲ အစိမ်းရောင်လေး ကြိုက်လို့ ရွေးခဲ့တာပါ…၊ ကိုပြောသလို အဓိပ္ပာယ်မျိုး သက်ရောက်သွားတယ်ဆိုရင် ခင် တောင်းပန်တယ်နော်”
“မဟုတ်သေးပါဘူးကွာ…၊ ခင်…မင်း ဘာဖြစ်လို့ အဲဒီလောက်တောင် မတွေးတတ်ရတာလဲ…၊ တကယ်ဆို ကိုတို့နှစ်ယောက်ရဲ့ ဘဝက အမြဲတမ်း နီးနီးကပ်ကပ် နေရတဲ့ ဘဝမျိုးလည်း မဟုတ်တာ မင်းအသိ…၊ ကို့မှာ ဘယ်လောက် စိတ်ဆင်းရဲခံပြီး မင်းနဲ့ခွဲပြီး အလုပ်လုပ်နေရလဲဆိုတာ မင်းမသိဘူး …၊ အကြာကြီး ခွဲပြီးမှ တွေ့ရပြန်တော့လည်း မင်းက ထင်ရာစိုင်းပြီး မင်းသဘောနဲ့မင်း လုပ်ချင်ရာ လုပ်တယ်…၊ တော်ပြီ ကွာ…တော်ပြီ… ဆက်ပြီး မပြောချင်တော့ဘူး …”

သူက စိတ်တိုတောင်းစွာ ပြောပြီး လှည့်ထွက်သွားသည်။ သူအိမ်ထဲဝင်သွားမှ သူမ မျက်ရည်တွေ တလိမ့် လိမ့် ကျဆင်းလာလေသည်။
*  *  *  *  *  *

“ကို…ဒီနေ့ ဘာချက်စားရင် ကောင်းမလဲ၊ ကို စားချင်တာ ပြောလေ…”
“တော်ပါကွာ… ခင် ချက်တဲ့ဟင်းကိုသာ စောင့်ပြီး စားရမယ်ဆိုရင်…ကိုတော့ ဒီနေ့ ငတ်မှာ သေချာ တယ်…၊ ခင်က အလုပ်လုပ်တာ အရမ်းနှေးတာပဲ၊ အချိန်တိုနဲ့ ပြီးရမယ့် အလုပ်တစ်ခုကို ဘာလို့ အချိန် ဆွဲနေတာလဲ…၊ ခုကိုပဲ … ကို့ကို စကားလာပြောနေတာနဲ့တင် တော်တော်အချိန်ပုပ်နေပြီ…။ ကို ဒီလိုပြော လို့ စိတ်တော့ မဆိုးနဲ့ …၊ ခင်က အခုချိန်ထိ ဘာမှ ရေရေရာရာ လုပ်တတ်ကိုင်တတ်တာ မရှိဘူး …၊ အဲဒီ အကျင့်ကို ဖျောက်စမ်းပါကွာ…ဟုတ်ပြီလား”
“…………..”
*  *  *  *  *  *  

“ခင်ရေ! …၊ ခင် ဘာလုပ်နေတာလဲ … ဒီကို ခဏ လာပါဦး…”
“လာပြီ ကို…၊ လာပြီ”
“ကဲ၊ ပြော…၊ ဘာပြောမလို့လဲ”
“ဒီနားမှာ ထားတဲ့ ကို့ရဲ့ စီဒီခွေတစ်ချပ် တွေ့မိသေးလား …၊ ကာဗာမရှိဘဲ အိတ်ခွံချည်းပဲ ရှိတဲ့ဟာလေ…”
“သြော်…အဲဒါလား၊ တွေ့မိတယ်လေ…၊ ရော့…ဒီမှာ၊ ခင် စီဒီချပ်တွေ စီရင်း အတူတူ ထပ်ထားလိုက်တာ…”
“အေး…အေး၊ ဟုတ်တယ် အဲဒီခွေပဲ…၊ ခင့်ကို တစ်ခု ပြောထားမယ်နော်…၊ နောက်ဆို ဘယ်ပစ္စည်းမဆို ကို ထားတဲ့နေရာမှာပဲထား…၊ ဘယ်မှ လျှောက်မသိမ်းနဲ့၊ ကို လိုချင်တဲ့အခါကျတော့ ခင့်ကို တစ်ဆင့်ပြန်မေးနေ ရတယ်… အဲဒါမျိုး မကြိုက်ဘူး…”
“အင်းပါ..”
…………………………………………………………………………။
…………………………………………………………………………။
………………………………………………………………………..။
………………………………………………………………………..။
ဒီလိုနဲ့….ဒီလိုနဲ့ပဲ……တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားခဲ့တဲ့နောက် အယူအဆ မတူတဲ့ သူမတို့နှစ်ယောက် …… တဖြည်းဖြည်း….ဝေးမှန်းမသိ ဝေး….ကွာ …..သွား……ခဲ့……ရ….
………………………………………………………………………။
…………………………………………………………………………………။
……………………………………………………………………………………………။
*  *  *  *  *  *    

“ခင်ရေ! … ဟေ့ … ခင်၊ ကြည့်စမ်း … စာအုပ်ဖတ်ရင်း အိပ်ပျော်နေတာကိုး”
“ဟင်…အင်…၊ ကို ဘယ်က ပြန်လာတာလဲ…”
“ဘယ်ကမှ ပြန်လာတာ မဟုတ်ဘူး…၊ အိပ်ချင်မူးတူးနဲ့ ဘာတွေ လာမေးနေတာလဲ…၊ ထတော့ … အပြင် သွားရအောင်”
“ဘယ်သွားမလို့လဲ”
“ကိုတို့ တစ်ခုခု ထွက်စားကြမယ်လေ…၊ မကောင်းဘူးလား…၊ ခင်လည်း အိမ်ထဲမှာပဲ နေရတာ ငြီးငွေ့နေ မှာပေါ့ …”
“ဒါနဲ့ … ခင့်ကို တစ်ခု ပြောရဦးမယ်…”
“ဘာများလဲ…ကို”
“ဟိုရှေ့အိမ်က သုတ်ထားတဲ့ ဆေးအစိမ်းရောင်မျိုးလေး ခင်ကြိုက်တယ်လို့ ကို့ကို ပြောဖူးတယ်နော်”
“အင်း ဟုတ်တယ်လေ…၊ ဘာဖြစ်လို့လဲ”
“ဒီတစ်ခေါက် ကိုပြန်ရောက်နေတုန်း ကိုတို့အိမ်ကလေးကို အဲဒီအရောင်မျိုးလေး ပြောင်းသုတ်မလားလို့”
“ဟင်…တကယ်ပြောတာလား ကို၊ တကယ်လား”
“တကယ်ပေါ့ ခင်ရဲ့၊ ဘာလဲ မယုံလို့လား”
“မဟုတ်ပါဘူး … ခင်က သေချာအောင် မေးကြည့်တာပါ”
“သေချာတာပေါ့ကွာ၊ ဒါနဲ့ ခင့်လက်ထဲက စာအုပ်က ဘာစာအုပ်လဲ…၊ ကို့ကို ပြစမ်းပါဦး”
“ဟင့်အင်း၊ ဒီစာအုပ်ကို … ကို ကြည့်ခွင့်မရှိဘူး….”
“ဟ…ဘာဖြစ်လို့တုန်း”
“အဲဒါ… အဲဒါ ... ခင် ကိုယ့်ဘာသာကိုယ် ရေးထားတဲ့ဝတ္ထုမို့လို့ …”
“ဟား …. ဟား ….၊ ဒါဆို ကို့မိန်းမက စာရေးဆရာမကြီးပေါ့ …၊ ဟုတ်လား …
ပြစမ်းပါဦး၊ ဘာမဟုတ်တာတွေ ရေးထားသလဲဆိုတာ…တစ်ခါလောက် ဖတ်ကြည့်ရအောင် ”
“ကိုနော် … စာရေးတာ လှောင်စရာလား…”
“ဟား … ဟား …. ဟား ….ကြည့်စမ်း ကြည့်စမ်း၊ ကို့ကို လူဆိုးမဖြစ် ဖြစ်အောင် ရေးထားတယ်ကွာ ... တကယ် ရက်စက်တယ်”
"... သူများဝတ္ထုကို ဖတ်ပြီး မရယ်ပါနဲ့.. ပြန်ပေး ...အခု  ပြန်ပေး"
"ဟား ... ဟား .... ဟား"

*  *  *  *  *  *  *  *  *  *

စိတ်ကူးထဲက ချစ်သူ့အိမ် (၁)



သဲသဲမဲမဲ ရွာသွန်းနေသော မိုးရေစက်တွေကြားက ဝိုးတဝါး တွေ့နေရဆဲဖြစ်သော ထိုအိမ်ကလေးကို သူမ ငြိမ်သက်စွာ ငေးကြည့်နေမိသည်။ သူမအတွက်တော့ ဥတုရာသီ တွေ ဘယ်လိုပြောင်းပြောင်း ထိုအိမ် ကလေးကို ငေးကြည့်နေရခြင်းသည်သာ ပျော်ရွှင်မှုတစ်မျိုးလို ဖြစ်နေသည်။ နွေရာသီရဲ့ နွေးထွေးတဲ့ ရောင်ခြည်တွေနဲ့ တက်ကြွ လန်းဆန်းနေတဲ့ အိမ်ကလေးရဲ့ပုံရိပ်တွေကို သူမ အားကျ နှစ်သက်စိတ်နဲ့ ငေးကြည့်ဖူးသလို နှင်း မှုန်တွေ တဖွဲဖွဲ ကြွေလွင့်နေတဲ့ ဆောင်းရာသီရဲ့ ဆိတ်ငြိမ်အေးချမ်းမှုတွေနဲ့ ထုံမွှမ်းထားတဲ့ အိမ်ကလေးကို လည်း သူမ မက်မော တွယ်တာစွာ ငေးကြည့်မိခဲ့ဖူးသည်။ တစ်စုံတစ်ယောက်က သူမဘဝမှာ အလိုချင် အတောင့်တဆုံး ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးမည်ဆိုလျှင် ထိုအိမ်ကလေးအား ပိုင်ဆိုင်နိုင်ခွင့်ကို သူမ တောင်းဆိုမိမည် ထင်သည်။ ထိုမျှလောက်အထိ အိမ်ကလေးက သူမရဲ့ စိတ်နှလုံးကို ညို့ငင် ဖမ်း စားနိုင်လေသည်။

ညအိပ်ချိန်ဆို မျက်လုံးများ မှိတ်လိုက်တိုင်း သူမ စိတ်ဝင်တစား စောင့်ကြည့်နေမိသော အိမ်ကလေးရဲ့ သွင်ပြင်က သူမရဲ့စိတ်အာရုံမှာ တရစ်ဝဲဝဲ ပေါ်လာမြဲဖြစ်သည်။ မကျယ်လွန်း မကျဉ်းလွန်းသော မြေ ကွက်ပေါ်မှာ ဆောက်လုပ်ထားသည့် နှစ်ထပ်အိမ်ကလေးက ရိုးရှင်း သေသပ်လှသည်။ အိမ်ကလေး မှာ ခေါင်းရင်းဘက်ကို မြေနေရာ အနည်းငယ် ချန်၍ ဆောက်ထားခြင်းဖြစ်ပြီး သူ့အတိုင်းအတာနှင့်သူတော့ ကျဉ်းသည်ဟု မဆိုသာ။ ခပ်စိပ်စိပ် ကာရံထားတဲ့ ခြံစည်းရိုးဖြူဖြူလေးရဲ့ အတွင်းဘက် အိမ်ကလေးရဲ့ မျက်နှာစာမှာ မြက်ခင်းစိမ်းစိမ်းလေးများက လေးထောင့်စပ်စပ် တိတိကျကျ ရှိနေသည်။ မြက်ခင်းစိမ်းလေး ရဲ့ဘေးမှာ ကွန်ကရစ် ခင်းထားသော လူသွားလမ်းငယ်လေးတစ်ခုက မြက် ခင်းလေးကို ဘောင်ခတ်ပေး ထားသည်။ ထိုလမ်းကလေးရဲ့ အဆုံးမှာ အိမ်ကလေးရဲ့ ဆင်ဝင်အောက်ကို ရောက်သည်။ ဆင်ဝင်အောက် ရှိ အိမ်ကလေးရဲ့ ဘယ်ဘက်ခြမ်းမှာ ဆေးအဖြူနဲ့အစိမ်းကို တစ်ကန့်စီ သုတ်ထားတဲ့ ချစ်စဖွယ် ဒန်းကလေး တစ်ခု ရှိနေသည်။ ဒန်းကလေးရဲ့ဘေးမှာ အဖြူရောင် သုံးချောင်းထောက် သံစားပွဲငယ်တစ်ခု ချထား သည်။ ထိုဒန်းကလေးနဲ့ စားပွဲဖြူဖြူလေးကို လွန်သော် အိမ်ကလေးရဲ့တံခါးဝ ရှိသည်။ ထိုတံခါးပေါက်ကား သူမ စိတ်အဝင်စားဆုံးအရာပင် ဖြစ်သည်။ သတိထားမိသလောက် သူမ ငေးကြည့်နေမိသည့်အချိန်တိုင်း ထိုတံခါးချပ်မှာ အမြဲလိုလို ပိတ်ထားလေ့ရှိသည်။ အိမ်ကလေးရဲ့ ခေါင်းရင်းဘက်ခြမ်းမှာတော့ အုတ်နံရံကို မှီပြီး တန်းရိုက်ကာ စိုက်ပျိုးထားသည့် သစ်ခွပင်များကို စီရရီ တွေ့ရသည်။ သစ်ခွပန်းများကို နေရောင်ခြည် လိုအပ်သလောက်သာ ရရှိစေဖို့ အပေါ်က ပိုက်ကွန်စိမ်းဖြင့် အုပ်မိုး ကာရံထားသေးသည်။ ပိုက်ကွန် မိုးအောက်ခြေ တစ်ဖက်ခြမ်းမှာတော့ နှင်းဆီပန်းအိုးများ စီတန်းချထားသည်ကို တွေ့ရသည်။ အခြား တစ် ဖက်ခြမ်းမှာ သစ်သားခုံတန်းရှည်လေးတစ်ခု ချထားသည်။ ဒါဟာ သူမမြင်နေကျ အိမ်ကလေးရဲ့ မပြောင်း မလဲတဲ့ အသွင်အပြင်ပင်။

သူမ အနှစ်ခြိုက်ဆုံးကတော့ အိမ်ကလေးရဲ့ စိမ်းစိုလန်းဆန်းတဲ့ အသွေးအရောင်ပင် ဖြစ်သည်။ တစ်အိမ် လုံး ရေညှိစိမ်းရောင်ဆေး သုတ်ထားပြီး ပြတင်းပေါက်ပေါင်တွေကိုတော့ အဖြူရောင်ဆေး သုတ်ထား သည်။ မှန်ပြတင်းတွေနောက်က ဧည့်ခန်းကိုတော့ အဖြူရောင် ဇာခန်းစည်းရှည်တွေကြောင့် သူမ တွေ့မြင် ခွင့် မရခဲ့ပါ။ သို့ပေမဲ့လည်း သူမကတော့ အိမ်ကလေးကို ကြည့်လိုက်တိုင်း ဖြူစင်အေးချမ်းမှုနဲ့အတူ တစ်စုံ တစ်ရာသော ခံစားချက်ကို ခံစားရမြဲဖြစ်သည်။ ထိုခံစားချက် တစ်စုံတစ်ရာသည် ဘာဆိုတာကိုလည်း သူမ ကိုယ်တိုင် အမည်မတပ်တတ်ချေ။ ထို့ကြောင့်ပင် သူမရဲ့တစ်နေ့တာမှာ အိမ်ကလေးကို စိတ်ဝင် တစား ငေးမောကြည့်ရှုရသော အလုပ်သည် သူမဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်မှန်းမသိ ဖြစ်လို့ လာခဲ့လေ သည်။

အိမ်ကလေးကို ကြည့်ရင်း သူမအနေနှင့် တစ်ခါတရံ မချင့်မရဲ ဖြစ်ရသော အချိန်များလည်း ရှိခဲ့လေသည်။ အမြဲလိုလို စေ့ပိတ်ထားတတ်သော တံခါးချပ်များရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေမလဲ၊ အိမ်ကလေး ထဲမှာ နေသူက ဘာကြောင့် အမြဲလိုလို တံခါးစေ့ပိတ်ထားရသလဲဆိုတဲ့ မေးခွန်းတွေ တွေးမိတဲ့အခါတိုင်း သူမ အိမ်ကလေးဆီသို့ အပြေးသွားကာ ပိတ်ထားသော တံခါးချပ်များကို ဆွဲဖွင့်ကြည့်လိုက်ချင်စိတ်များက ထိန်းမနိုင် သိမ်းမရ ပေါ်လာတတ်သည်။ ထိုအခါမျိုးတွင် သူမ စိတ်တွေ မွန်းကျပ်စွာဖြင့် ခပ်တိုးတိုး သက်ပြင်းချမိသည်။ ထို့နောက် အဖြေမရှိသော မေးခွန်းများကို စိတ်ရှုပ်ထွေးစွာ ခေါင်းယမ်းထုတ်ပစ် လိုက်ပြီး ပြန်လည် ငြိမ်သက်သွားမိပြန်ကာ သူမရဲ့ မျက်စိရှေ့က အိမ်ကလေးကို ငေးကြည့်နေမြဲ ငေး ကြည့်နေမိပြန်သည်။

တစ်ရက်။ အဲဒီတစ်ရက်ကတော့ သူမ အလွန် အံ့သြသွားခဲ့ရသည်။ အိမ်ကလေးကို သူမ ငေးမော ကြည့်ရှု ခဲ့စဉ် အတောအတွင်းမှာ အိမ်ကလေးနဲ့ ပတ်သက်လို့ ထူးခြားမှုကို ပထမဆုံး မြင်တွေ့လိုက်ရခြင်း ဖြစ် သည်။ သူမ ငေးကြည့်မိနေစဉ်မှာပင် အမြဲလိုလို စေ့ပိတ်ထားခဲ့သော အိမ်ကလေးရဲ့တံခါးချပ်က ပွင့်ဟ လာခဲ့သည်။ သူမ စိတ်လှုပ်ရှားစွာဖြင့် ကိုယ်ကို ကိုင်းပြီး ငုံ့ကြည့်လိုက်မိသည်။ တံခါးဝမှာ အမျိုးသမီး ငယ်တစ်ယောက် ပေါ်လာသည်။ အမျိုးသမီးက အရောင်ရင့်သော်လည်း သစ်လွင်သော အထက်အောက် ဆင်တူ ဝတ်စုံကို ဝတ်ဆင်ထားပြီး စိတ်လက်ပျော်ရွှင် နေပုံရသည်။ တံခါးဝမှ ထွက်လာပြီး ဒန်းကလေးမှာ ထိုင်လျက် ခြေထောက်ကာ ခပ်ဖြည်းဖြည်း လွှဲစီးနေသည်။ ခဏကြာတော့ အိမ်ထဲသို့ လှစ်ခနဲ ဝင်ရောက် ပျောက်ကွယ်သွားပြန်သည်။ သူမ တအံ့တသြ ကြည့်နေမိဆဲ ထိုအမျိုးသမီးငယ် ပြန်ထွက်လာ သည်။ ဟော…ဒီတစ်ခါတော့ ခုနက ဝတ်စုံမျိုး မဟုတ်ပြန်တော့။ အနည်းငယ် အရောင်နုလွင်သော ဝတ်စုံနှင့် ဖြစ်သည်။ ဒီတစ်ခါတော့ သူမ မျက်ခုံးပင့်သွားမိသည်။ ကြည့်လေ… ထိုအမျိုးသမီးငယ်သည် ခုနက စည်းနှောင်ထားသော ဆံပင်များကို ကျောပေါ်တွင် ဒီအတိုင်းပင် ဖြန့်ချထားသည်။ ဒီလိုဆိုတော့ လည်း အမျိုးသမီးငယ်သည် ရှိရင်းစွဲအသက်ထက် ပိုပြီး ငယ်နုသွားသလို ထင်ရသည်။ ခဏအကြာ အမျိုး သမီးငယ်၏ လက်ကိုင်ဖုန်း မြည်လာပြီး ပြုံးရွှင်စွာဖြင့် ရယ်မောပြောဆိုနေတာ တွေ့ရသည်။ အမျိုးသမီး ငယ်ကို ကြည့်ရင်း သူမပါ ပျော်ရွှင်မှုတွေ ကူးစက်လာသည်။ ဟုတ်ပါသည်။ သူမအနေဖြင့် ဤအိမ်ကလေး ကို သက်ဝင်လှပစေသူ အမျိုးသမီးငယ်တစ်ဦး ရှိနေသည်ကို သိလိုက်ရသောကြောင့် အိမ်ကလေးအတွက် အနည်းငယ် ဘဝင်ကျသွားသလို အမျိုးသမီးငယ်ကို ခင်မင်နှစ်လိုစိတ်လည်း ဖြစ်ပေါ်လာမိသည်။

မကြာမီမှာပင် အိမ်ကလေးရှေ့မှာ ကားတစ်စီး ရပ်လာတာ တွေ့လိုက်ရသည်။ ထို့နောက် ကားပေါ်က အမျိုးသမီးငယ်နှင့် သက်တူရွယ်တူလောက်ရှိမည့် အမျိုးသားတစ်ဦး ဆင်းလာသည်။ သူ့ကို ကြည့်ရသည်မှာ ခရီးဝေးက ပြန်လာပုံရသည်။ ကားပေါ်က အထုပ်အပိုးတွေ ချပြီးသည်နှင့် ခြံဝင်းတံခါးရှေ့ရောက်လာသော အမျိုးသမီးငယ်က အထုပ်အပိုးများကို ကူညီဆွဲယူပြီး မြက်ခင်းစိမ်းလေးဘေးက လမ်းကလေး အတိုင်း နှစ်ယောက်သား ရယ်ကာမောကာနှင့် အိမ်ကလေးဆီသို့ ကျောခိုင်း လျှောက်သွားကြသည်။ ဘာကြောင့်မှန်းမသိ၊ သူမ ထိုမြင်ကွင်းကို ငေးကြည့်နေရင်း ရင်ထဲက နာကျင်လာမိသည်။  သူတို့နှစ်ယောက် အိမ်ကလေးထဲ ဝင်ရောက် ပျောက်ကွယ်သွားချိန်မှာ သူမ ရင်ထဲ ပိုမို ဆို့ကျပ်လာကာ မိုက်ခနဲဖြစ်ပြီး လဲပြိုသွားခဲ့တော့သည်။ တကယ်တော့ သူမတွင်လည်း သူတို့နှစ်ယောက်ရဲ့ဘဝလိုမျိုး လှပတဲ့ အတိတ်တစ်ခုကို ပိုင်ဆိုင်ဖူးခဲ့သည်ဆိုတာ…..။
………………………………………………။
*  *  *  *  *  *