Thursday, February 21, 2013

နေခြည်အောက်မှာ လမ်းပျောက်သူ



ဒီနေ့ ကျွန်မ ရုံးသို့အလာ လမ်းမှာ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ပါတယ်။ အဲဒီသူငယ်ချင်းက ကျွန်မ တို့ သူငယ်ချင်း ခုနစ်ယောက်ထဲမှာ အငယ်ဆုံး ဆိုပါတော့။ သူက ကျွန်မနဲ့ ငါးတန်းကတည်းက ခင်မင်လာခဲ့ ကြတာပါ။ သူနဲ့ကျွန်မ မတွေ့ဖြစ်ကြတာ နှစ်နှစ်နီးပါးလောက် ရှိနေပါပြီ။ ဒါကြောင့် တွေ့တုန်းတွေ့ခိုက် သာကြောင်းမာကြောင်း စကားပြောဖြစ်ကြပါတယ်။ အဲဒီမှာ သူငယ်ချင်းက အခု သူအလုပ်သစ်တစ်ခု ဝင် လုပ်နေပြီ ဆိုတဲ့အကြောင်း၊ သူ့အတွက် အရမ်းပင်ပန်းကြောင်း၊ သူ့မှာ အစာအိမ်ရောဂါ ရှိတာကြောင့် ရုံးမှာ စည်းကမ်းအရ အချိန်နဲ့ ထမင်းစားရတဲ့အခါ သူ့ဗိုက်က နေ့စဉ်ရက်ဆက်ဆိုသလို အောင့်နေရကြောင်း၊ သူ အခုလို အစာအိမ်ရောဂါ ခံစားနေရတာကြောင့် စိတ်ဆင်းရဲလွန်းလို့ သူငယ်ချင်းတွေအားလုံးထဲမှာ သူပဲ အရင်သေမှာဖြစ်ကြောင်း စသဖြင့် စောစောစီးစီး ရေပက်မဝင် ပြောဆို ညည်းတွားပါတော့တယ်။ ကျွန်မ လည်း သူ့ကို နှစ်သိမ့်စကား ပြောပြီး ကျွန်မရဲ့ ဖုန်းနံပါတ်ကို ပေးလိုက်ကာ နှုတ်ဆက်ပြီး ရုံးကို လာခဲ့ပါတယ်။

 ရုံးကို ရောက်တော့ ကျွန်မရဲ့စိတ်က သူ့အကြောင်းကိုပဲ တွေးမိနေပါတော့တယ်။ အဲဒီ သူငယ်ချင်းလေးဟာ ငယ်စဉ်တုန်းက ထက်မြက်သွက်လက်သလို စာလည်း တော်တဲ့သူပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ သူနဲ့ ဆုံဖြစ် တိုင်း သူ့မှာ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာ၊ စိတ်မချမ်းသာစရာတွေနဲ့ အမြဲပြည့်နှက်နေတယ်လို့ သူက ပြော ပါတယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က သူ အိမ်မပြောင်းခင် ကျွန်မအိမ်ကို သူ ညတိုင်းနီးပါး လာလည် တတ်တယ်။ အဲဒီအချိန်တွေတုန်းက သူပြောပြတာတွေက သူ့မှာမှ ရောဂါတစ်ခုမဟုတ် တစ်ခု ဖြစ်နေတဲ့ အကြောင်း၊ အဲဒီအတွက်လည်း သူ့မှာ ဆေးခန်း ခဏခဏ သွားရကြောင်း၊ သူ သွားပြနေကျ ဆေးခန်းက ဆရာဝန်က သူခံစားရတာတွေ ပြောပြတာကို ဆုံးအောင်ပင် နားမထောင်ဘဲ စိတ်ကို အေးအေးထားပြီး အိပ်ရေးဝဝ အိပ်ဖို့သာ ပြောကြောင်း၊ ဆရာဝန် ပေးတဲ့ဆေးတွေက သူခံစားနေရတဲ့ ဝေဒနာနဲ့ မဆိုင်ဘူး ဆိုတာ သူသိကြောင်း၊ သူ့မှာ အစာအိမ်ရောဂါရှိတယ်လို့ သူပြောတာကို ဆရာဝန်က မဟုတ်ဘူး၊ အဆာလွန် လို့ ဖြစ်တတ်တဲ့ ဗိုက်အောင့်တာမျိုးပဲလို့ပြောပြီး သူပြောတာကို ဂရုမစိုက်ကြောင်း၊ အဲဒါကြောင့် သူ ဆေးခန်း ကိုလည်း သွားမပြချင်တော့ကြောင်း၊ သူ အလွန် စိတ်ညစ်ရကြောင်း စသဖြင့် ရှည်ရှည်လျားလျား တစ်နေ့ တစ်မျိုး မရိုးရအောင် ညည်းတွား ပြောပြပါတယ်။

အဲဒီအချိန်တုန်းက သူပြောသမျှ ကျွန်မ နားထောင်ပေးပြီး သူ့ကို ပြေရာပြေကြောင်း နှစ်သိမ့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မ ဘယ်လိုပဲ နှစ်သိမ့်ပေးခဲ့ပေမယ့် သူက လက်မခံခဲ့ပါဘူး။ သူ့အတွေးထဲမှာ သူ့ဘဝအပေါ် အဆိုးမြင်စိတ်တွေ များနေတာ ကျွန်မ သတိထားမိခဲ့ပါတယ်။ ကျွန်မက သူ့ကို -

"နင်ကလဲဟာ၊ ငါတို့လည်း လူပင်ပန်းတာတွေ၊ စိတ်ပင်ပန်းတာတွေ ဖြစ်တတ်တာပဲ၊ ငါတို့ဆို တစ်နေ့တစ်နေ့ ရုံးအသွားအပြန် လိုင်းကား တိုးစီးနေရတာ ဘယ်လောက် ပင်ပန်းသလဲ၊ ဒါပေမယ့် ငါ ပျော်တယ်။ ဘာဖြစ် လို့လဲ သိလား၊ ကိုယ့်အားကိုယ်ကိုးပြီး ရှာရတဲ့ငွေကို သုံးနိုင်တာ အရမ်း စိတ်ချမ်းသာစရာ ကောင်းတယ်ဟ။ ငါဟာ ကိုယ့်ခြေကိုယ့်လက်နဲ့ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လိုချင်တာ မှန်သမျှ ဖြစ်အောင် လုပ်နိုင်တယ်ဆိုတဲ့ အရည်အချင်းမျိုးရှိတယ်ဆိုပြီး ဂုဏ်ယူနိုင်တယ်လေ။ ငါကတော့ နင့်ကို အဲဒီလို စိတ် ဓာတ်မျိုး ထားစေချင်တယ်ဟာ"

အဲဒီလို ကျွန်မ သူ့ကို အားပေးစကား ပြောခဲ့ဖူးပါတယ်။ သူကတော့ ကျွန်မပြောတဲ့စကားကို လက်မခံနိုင်ခဲ့ပါ ဘူး။ သူက သူ့ကိုယ်သူ ယုံကြည်မှုမရှိဘူး ဖြစ်နေပါတယ်။ သူဘာလုပ်လုပ် မဖြစ်နိုင်ဘူး၊ သူ့မှာ အစာ အိမ် ရောဂါရှိတယ်၊ သွေးအားနည်းရောဂါရှိတယ်ဆိုပြီး တစ်ခုခုကို စ,မလုပ်ခင်မှာပဲ သူက ကြိုတင် ငြင်းပယ် တတ်ခဲ့ပါတယ်။ သူပြောတဲ့စကားတွေကို နားထောင်ပြီးတိုင်း ကျွန်မရဲ့စိတ်တွေ မွန်းကျပ်လာ စမြဲပါပဲ။

တစ်ခါကလည်း သူအလုပ်တစ်ခု ဝင်လုပ်တယ်ကြားလို့ ဝမ်းသာသွားပါတယ်။ ဒါပေမဲ့ အလုပ်ဝင်ပြီး နှစ်ပတ် အကြာမှာပဲ အလုပ်ထွက်ပြန်သတဲ့။ ဘာဖြစ်လို့တုန်းလို့ မေးတော့။ သူအလုပ်လုပ်ရတဲ့နေရာက Air Con: လေ တည့်တည့်ကျလို့ အရမ်းအေးတယ်တဲ့။ အဲဒါကြောင့် သူ့မှာ တစ်နေ့တစ်နေ့ နှာချေလိုက်၊ ချောင်း ဆိုးလိုက်၊ ဖျားလိုက်နဲ့မို့ သူက သူရုံးရောက်ပြီဆိုတာနဲ့ Air Con: ကို ပိတ်ပစ်လိုက်တယ်တဲ့။ အဲဒီမှာ သူနဲ့ တစ်ခန်းတည်း အလုပ်လုပ်ရတဲ့သူတွေက ကြာတော့ ငြိုငြင်လာတာပေါ့လေ။ နောက်တစ်ခုက သူက ရုံးရောက်ပြီ ဆိုတာနဲ့ အရင်ဆုံး ထမင်းဖွင့်စားတော့တာပဲတဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူက အဆာလွန်ရင် ဗိုက်အောင့်မယ်၊ ဗိုက်အောင့်တာ ကြာလာရင် သူ့အစာအိမ်ရောဂါ ပြန်ဖြစ်လာမယ်၊ အဲဒါဆို သူ ထပ်ပြီး ဆေး ခန်းသွားရမယ်၊ သွားရင် ငွေကုန်မယ်၊ သူလည်း အစားအသောက် စားချင်တိုင်း စားလို့မရတော့ဘူးဆိုပြီး ... သူ့အတွေးနဲ့သူတော့ သူ့ကိုယ်သူ ဂရုစိုက်တာပေါ့လေ။ ကျန်တဲ့သူတွေအတွက်တော့ အများ လိုက်နာရမယ့် စည်းကမ်းတွေကို သူတစ်ယောက်တည်းက ချွန်ထွက်ပြီး အခွင့်အရေးယူသလို ဖြစ်နေတော့ ပြောလာ ကြတော့တာပေါ့။ အဲဒါနဲ့ပဲ အဲဒီအလုပ်က ထွက်ခဲ့တယ်ဆိုပါတော့။

တကယ်တော့ ကျွန်မ သူငယ်ချင်းလေးက သူ့ကိုယ်သူ ယုံကြည်စိတ်ကလည်း မရှိ၊ သာမန်လူတွေလို သွား လာ လှုပ်ရှားဖို့လည်း သူက အပင်ပန်း မခံချင်၊ အဆိုးဆုံးကတော့ သူ့ကိုယ်သူ အလွန်အမင်း ညှာတာတတ် တဲ့စိတ် ရှိတာပါပဲ။ အဲဒီလိုဆိုတော့ အများနည်းတူ လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း သူက မသိလိုက် ဘဲနဲ့ ချိုးဖောက်မိတယ်။ အများနဲ့ လိုက်လျောညီထွေဖြစ်အောင်လည်း သူ့ကိုယ်သူ မပြင်ချင်ဘူး။ သူ့ခံစား ချက်၊ သူ့အယူအဆကသာ မှန်တယ်၊ သူများတွေက သူ့ကို အကြံဉာဏ်ပေးတာဟာ သူ့ကို ကိုယ်ချင်းမစာလို့ ဆိုတဲ့ အနုတ်သဘောဆောင်တဲ့ အတွေးတွေ တွေးမိလာတော့တယ်။

ခက်နေတာက သူ့အတွက် အကြံဉာဏ်ပေးသူကို သူက အကောင်း မထင်တာပါပဲ။ သူ့စိတ်ကို သက်သာရာ ရပါစေတော့ဆိုတဲ့ စိတ်နဲ့ ဒီလို ဝေဒနာမျိုးဆိုတာ လူတိုင်း ဖြစ်တတ်တယ်၊ အခန့်မသင့်လို့ တစ်ခါ ဖြစ်ခဲ့ပြီး ရင်လည်း ခဏ ခဏ ပြန်ပြန်ဖြစ်နေတာမျိုး မဟုတ်ဘူး။ နောက်ပြီး ဗိုက်အောင့်တိုင်း အစာအိမ်ရောဂါ မဟုတ်သလို၊ ခေါင်းကိုက်တိုင်း Brain Tumor မဖြစ်နိုင်ဘူး။ ဇက်ကြောတက်၊ ခြေထောက်တွေ ညောင်းတိုင်း ကျီးပေါင်း မဟုတ်သလို တစ်ခါတလေ ခြေချော်လဲရုံနဲ့ အရိုးပွရောဂါကြောင့် မဟုတ်ဘူးလို့ ရှင်းပြရပါတယ်။ ဒီလို ရှင်းပြတိုင်းလည်း သူက -

"နင်မသိပါဘူးဟာ၊ နင်တို့က ခံနိုင်ရည်ရှိတဲ့ လူတွေဟ။ ငါက အစာအိမ်အောင့်ဖူးလို့ ဗိုက်အောင့်တာနဲ့ ဒါ အစာအိမ်က အောင့်တာလား၊ လေထိုးလို့ အောင့်တာလားဆိုတာ သိပြီးသား။ နောက်ပြီး နင်တို့က အမြဲတမ်း သွားလာနေကျဆိုတော့ တော်ရုံတန်ရုံရောဂါဖြစ်လည်း ခံနိုင်တယ်။ ငါက အိမ်မှာပဲ အမြဲနေတဲ့လူ၊ ဟိုသွားဖို့ ဒီလာဖို့ကျတော့လည်း မောတယ်ဟ။ နင်တို့ မသိပါဘူးဟာ၊ ငါ ခံစားရတာ ငါပဲသိတယ်"

ဆိုပြီး ပေကတ်ကတ် ချေပတတ်ပါသေးတယ်။ အဲဒီလိုနဲ့ပဲ သူငယ်ချင်းလေးဟာ ကျွန်မတို့ သူငယ်ချင်းတွေနဲ့ တဖြည်းဖြည်း အနေဝေးမှန်းမသိ ဝေးလာပါတော့တယ်။ ကျွန်မတို့တတွေလည်း သူငယ်ချင်း တစ်ယောက်ယောက်နဲ့ ဆုံလိုက်တိုင်း သူ့အကြောင်း မေးဖြစ်၊ ပြောဖြစ်ကြတယ်။ ဒါပေမဲ့လည်း အလုပ် ကိုယ်စီနဲ့ဆိုတော့ အားလုံး ဆုံဖို့ဆိုတာ ထင်သလောက် မလွယ်ကူခဲ့ပါဘူး။

ဒါကြောင့် သူနဲ့ ပြန်ဆုံရတဲ့အချိန်လေးမှာ ဘယ်လိုပဲဖြစ်ဖြစ် သူ့ဆီက ရွှင်လန်းတက်ကြွဖွယ်ရာ၊ ဝမ်းသာ ကြည်နူးဖွယ်ရာ စကားသံလေးတွေကိုသာ ကြားရဖို့ မျှော်လင့်ခဲ့မိပါတယ်။ သူ ရယ်မောပျော်ရွှင်နေတဲ့ပုံ ကို မြင်ချင်ခဲ့မိပါတယ်။ သူ့ကို လူငယ်တစ်ယောက်အနေနဲ့ လောကကြီးကို ရဲရဲရင့်ရင့် ရင်ဆိုင်စေချင်မိ ပါတယ်။ ဒါဟာ ကျွန်မရဲ့အတ္တ ဆိုရင်လည်း သူ့ကို ချစ်ခင်လို့ဖြစ်ရတဲ့ အဖြူရောင်အတ္တပဲ ဖြစ်ပါလိမ့်မယ်။

သူ့ကို နှုတ်ဆက်ပြီး ကျောခိုင်းလျှောက်လာတဲ့အခါ ကျွန်မ ရင်ထဲမှာ အမျိုးအမည် မခွဲခြားနိုင်တဲ့ ခံစားချက် တစ်ခု ဝင်ရောက် ဖိစီးလာပါတယ်။ ဒီခံစားချက်ကို အနီးစပ်ဆုံး အဓိပ္ပာယ်ဖွင့်ရရင်တော့ ကျွန်မဟာ ကိုယ့် ကိုယ်ကိုယ် တာဝန်မကျေသူတစ်ယောက်လို ခံစားရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့ ငယ်သူငယ် ချင်းလေးတစ်ယောက်ကို စိတ်ချမ်းသာ ပျော်ရွှင်နိုင်အောင် ကျွန်မအနေနဲ့ ဘာတစ်ခုမျှ ကူညီနိုင်ခွင့် မရလို့ ပါပဲ။ ဒါပေမယ့် အခုအချိန်မှာ ကျွန်မ တတ်နိုင်တာတစ်ခုကတော့ တစ်နေ့နေ့မှာ ကျွန်မရဲ့သူငယ်ချင်းမလေး ရှုပ်ထွေးနေတဲ့ အတွေးဆိုးတွေရဲ့ အရိပ်အောက်ကနေ ရုန်းထွက်လာနိုင်ပြီး တောက်ပတဲ့ အနာဂတ်နေ့ ရက်တွေကို ရဲရဲရင့်ရင့် ဖန်တီး ထုဆစ်နိုင်သူတစ်ယောက် ဖြစ်ပါစေလို့ ပင့်သက်ကို အသာရှိုက်ရင်း တိတ်တခိုး ဆုတောင်းမိရုံမှတစ်ပါး ... ... ... ... ။



စာဖတ်သူအားလုံးကို ခင်မင် လေးစားလျက်

မြဝတီဇော် 




4 comments:

  1. ဟုတ်တယ် မ ရေ....လောကမှာ အဲလိုလူမျိုးတွေ အများကြီးရှိတယ်...
    အထူးသဖြင့် ကိုယ့်ကိုယ်ကို လိုတာထက်ပိုပြီးဂရုစိုက်တဲ့သူတွေ...
    ကိုယ့်ကိုယ်ကို ညှာတာတတ်တဲ့လူတွေ ....အဲလိုလူမျိုးတွေဟာ
    ပိုပြီးဒုက္ခရောက်လေ့ရှိကြတယ်...သူတို့ဟာ စိတ်ဓါတ်လဲ မကြံ့ခိုင်ကြ
    စိတ်ထားလဲ ပျော့ညံ့ကြတော့ တော်ရုံတန်ရုံလေးကိုတောင် ခံနိုင်ရည်
    မရှိကြဘူးရယ်....ကြာလာတော့ အဲဒါဟာ အလေ့အကျင့်တစ်ခုလိုဖြစ်ပြီး
    ရောဂါတွေလဲ ကပ်တော့တာပဲ...ဆက်ပြောရရင်တော့ အရှည်ကြီးရယ်...အဲ့ဒါကြောင့် မ သူငယ်ချင်းလေးကိုတော့
    တတ်နိုင်သလောက် ကူညီပေးလိုက်ပါ မရယ်..ညလေးလဲ သူ့ကိုဘယ်လို
    ပြုပြင်ပေးရရင်ကောင်းမလဲ( အဲလေ...အဲဒါကဆရာလုပ်တာမဟုတ်ဘူးနော်....ဘယ်လိုပြောမလဲ) သူအဆင်ပြေအောင် ဘယ်လိုလုပ်ပေးရပါ့မလဲ ၀ိုင်းကူစဉ်းစားပေးပြီး
    အကြံညဏ်ထုတ်ကြည့်ပါအုံးမယ်....ဘာကြောင့်ဆို ဒါဟာရေရှည်သ
    ထက် ရေရှည်သွားရင် သူ့ဘ၀အဓိပ္ပါယ်ပါ ပျောက်ဆုံးသွားနိုင်တယ်..
    လူစွမ်းလူစပါတုံးပြီး ရှင်းရှင်းပြောရရင် အသက်တိုနိုင်တာမို့
    အင်းးးးးးးးးး ရင်မောရပါဘိ မ ရယ် :(

    ReplyDelete
    Replies
    1. ဟုတ်တယ် ဟုတ်တယ်... မိုးနတ်လေး ပြောတာ ပိုပြည့်စုံတယ်။ အမှန်တော့ သူထင်သလို သူ့မှာ ရောဂါတွေ ရှိနေတယ်ဆိုတာလည်း မဟုတ်နိုင်ပါဘူး။ သူက အဆိုးတွေးတဲ့ဘက်မှာ စိတ်အစွဲအလန်း ကြီး လွန်းတော့ ဘေးက ဘယ်လောက်ပဲ ဖျောင်းဖျ အားပေးပေမယ့် အရာမရောက်ဘူးလေ။ အဓိကက သူ့စိတ် ပါပဲ။ စိတ်ဆောင်ရင် ဘာမဆို ဖြစ်နိုင်တာပဲ မဟုတ်လား။ :)

      Delete
  2. သူများကိုညှာတာထက် ကိုယ်ကိုကိုယ်ညှာတာ
    အရမ်းကို ဆိုးတယ်ဆိုတာ တချိန်ကြသိလာမှာပါ

    ReplyDelete
  3. ဟန်ကြည်March 4, 2013 at 9:42 PM

    သည်ပုံစံအတိုင်းဆိုရင်တော့ အနှီတစ်ယောက်မှာ depressive psycho ၀င်နေပြီလို့ ခေါင်းစဉ်တပ်ပေးရတော့မှာပဲ...pessimist လို့ခေါ်တဲ့ အဆိုးမြင်သမား အများစုဟာ တခြားလူတွေထက် ရောဂါပိုပြီး ထူပြောလေ့ရှိတာ သဘာဝကိုး...ခက်တာက သူကိုယ်၌က ကိုယ့်ပြဿနာကို အမှန်အတိုင်း မမြင်သမျှတော့ ကိုယ်ကူညီသမျှ အဟောသိကံဖြစ်ရုံတင်မကဘဲ မုန်းဖတ်တင်မှာ သေချာသပေါ့လေ...

    ReplyDelete