Thursday, February 7, 2013

နှလုံးသားချည်တိုင်


ခေတ်သည် အရှိန်အဟုန်နှင့် စီးဆင်းနေ၏။ ထိုအရှိန်အဟုန်နှင့် စီးဆင်းနေသော ခေတ်တွင် လူလားမြောက် လာရသူတို့သည်လည်း ထိုခေတ်ရေစီးကြောင်းနှင့်အတူ လိုက်ပါ စီးဆင်းနေကြရ၏။ ခေတ်၏ ပြောင်းလဲ လာမှု သရုပ်များတွင် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်မှုများ လျင်မြန်စွာ ဖြစ်ထွန်းလာသလို မသိမသာ ဆုတ် ယုတ်လာရသည့် လူမှုအသွင်အပြင်များလည်း ရှိပါသည်။

ယခင်ခေတ်များကဆိုလျှင် အိမ်ထောင်စုတစ်ခုတွင် အိမ်ထောင်ဦးစီး အမျိုးသားတစ်ယောက်တည်း အလုပ် ရှိရုံဖြင့် မိသားစုတစ်ခုလုံးကို ဝလင်အောင် ကျွေးမွေး ဆင်ယင်နိုင်၏။ ယခုတော့ဖြင့် အိမ်ထောင်စုဝင် မိသားစုများအားလုံး ကိုယ်စီကိုယ်ငှ အလုပ်လုပ်မှ စားသောက်နေထိုင်နိုင်သည့် အခြေအနေ ဖြစ်သည်။ ယခင်ခေတ်များက နံနက်မိုးလင်း အလုပ်လုပ်ပြီး အိမ်ပြန်လာသည့်အခါ မိသားစုနှင့် အတူတကွ လက်ရေ တစ်ပြင်တည်း ညစာစားချိန်များ ရှိသလို မိသားစုဝင်များနှင့် ရောက်တတ်ရာရာ ဝိုင်းဖွဲ့ပြောဆိုသည့် အလေ့ အထများလည်း ရှိခဲ့သည်။ ယနေ့ခေတ်မှာတော့ မြို့ပြရဲ့ ယဉ်ကျေးမှုအရ ကိုယ်စီကိုယ်စီ နံနက်မိုးလင်း သည်နှင့် အိမ်မှ အလုပ်ရှိရာသို့ ထွက်လာကြရသည်မှာ ညနေ မိုးစုံးစုံးချုပ်မှ အိမ်သို့ ပြန်ရောက်ကြသည်။

ထိုအခြေအနေမျိုးဖြင့် အသားကျလာသောအခါ မိသားစုနှင့် ထွေထွေရာရာ ပြောချိန် နည်းသွားရသည်။ ခုနောက်ပိုင်းဆိုလျှင် ခေတ်လူသားတို့မှာ မိုဘိုင်းလ်ဖုန်းများဖြင့် ကိုယ်စီကိုယ်ငှ အချိန်ကုန်ကြသည်။ ကားစီး ရင်း၊ လမ်းလျှောက်ရင်း၊ မုန့်ဆိုင်ထိုင်ရင်း၊ ထမင်းစားရင်းနှင့်ပင် ထိုမိုဘိုင်းလ်ပစ္စည်းများနှင့် တကုပ်ကုပ် အလုပ်ရှုပ်နေကြသည်။ သို့ဖြင့်ပင် တစ်နေ့ပြီး တစ်နေ့၊ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးလာကြသည်။ ထိုအခြေ အနေ၏ အကျိုးဆက်မှာ မိသားစုဝင် အချင်းချင်း ရင်းနှီးနွေးထွေးမှုတွေ ပါးလျလာသည်။ သက်ကြီးစကား သက်ငယ်ကြား ဆိုသလို မိသားစု စကားဝိုင်း အလေ့အထလေးတွေ ပျောက်ဆုံးလာသည်။ တစ်ကိုယ်တော် ရှင်သန် နေထိုင်ရသည့် လွတ်လပ်မှုကို ခုံမင်လာကြသည်။ ဤသည်မှာ ပြောင်းလဲ ပွန်းရှလာသော လူမှု အသွင်အပြင်များပင် ဖြစ်သည်။

ထို့ပြင် လူနေမှုအဆင့်အတန်း မြင့်မားလာသည့် ယနေ့လို မြို့ပြခေတ်တွင် ခေတ်လူတို့အတွက် အရာရာ သည် သုတ်သီးသုတ်ပျာ နိုင်လာကြသည်။  နံနက် အိမ်မှ ထွက်ကတည်းက ကားမှတ်တိုင်သို့ လမ်းလျှောက် ရသည့် အချိန်မှစ၍ ကသုတ်ကရက်ဖြင့် သွားရ လာရ၊ လုပ်ငန်းခွင် ဝင်ကြရ၊ လုပ်ငန်းခွင်ထဲ ရောက်ပြန်တော့ လည်း ဦးစားပေး အလုပ်ဟူသမျှ အပြေးအလွှား လုပ်ကြရသည်။ ထိုသို့ဖြင့် ညနေစောင်းသည့်အခါတွင်တော့ တစ်နေ့တာ သွားလာလှုပ်ရှား ရုန်းကန်ခဲ့ရသမျှ မောပန်း နွမ်းလျသောစိတ်ဖြင့် လေးတိလေးကန် ခြေ လှမ်းတွေက ချည်တိုင်ရှိရာသို့ အလိုအလျောက် လှမ်းကြတော့သည်။

မည်သို့ပင် ခေတ်က တိုးတက်ပြောင်းလဲလာသည် ဖြစ်ပါစေ မပြောင်းလဲသင့်သည်မှာကား ခေတ်လူတို့ ၏  နှလုံးသားဖြစ်သည်။ လူတို့၏ နှလုံးသားတွင် ရုပ်ဝတ္ထုများအပေါ် လိုသည်ထက် ပိုပြီး မစွဲလမ်းတတ်ပါမှ၊ မိသားစုအပေါ် တန်ဖိုးထား ရင်းနှီးချစ်ခင်ကြပါမှ ချည်တိုင်ရှိရာ အိမ်ဂေဟာသည် အေးချမ်းစွာ အနားယူ ခိုလှုံနိုင်ပေမည်။ သို့မှသာ အမြန်ခေတ် လူသားတို့၏ တစ်နေ့တာ ပင်ပန်းလာသမျှ အမောဖြေရမည့် သီရိ မည်ရာ အိမ်ဂေဟာ သို့မဟုတ် နှလုံးသားချည်တိုင်ရှိရာဆီ သွက်လက်သော ခြေလှမ်းများဖြင့် အရောက် ပြန်နိုင်ကြမည် ဖြစ်ပေသည်။



စာဖတ်သူအားလုံးကို ခင်မင် လေးစားလျက်

မြဝတီဇော်

2 comments:

  1. မ ရေ....မ စာတွေကတော့ လာမဖတ်ပဲမနေနိုင်ဘူးရယ်...
    မ က အတွေးလဲကောင်း အရေးလဲကောင်းဆိုတော့ ပို့စ်တိုင်းဟာ
    အမြဲ သက်ဝင်လှုပ်ရှားနေတယ်...ဆွဲဆောင်မှုရှိနေတယ်ဗျာ...
    အထူးတလည် သတိထားမိတာက မ ကစာအရေးအသားပြေပြစ်တယ်..
    နောက်ပြီး အသုံးအနှုန်းတော်တော်ကြွယ်တယ်...ဖွဲ့နွဲ့ဟန် ရိုးရှင်းပြေပြစ်
    သလောက် စကားလုံးတိုင်းရဲ့အဓိပ္ပါယ်သက်ရောက်မှုအားကို အတော်လေး
    ဂရုစိုက်ပြီး ရေးတတ်တဲ့အလေ့ရှိပုံရတယ်....ဆိုလိုချင်တာကဗျာ....တချို့သောသူတို့ရဲ့စာတွေဟာ ရေးဟန်ရိုးရှင်းသလို တွေးစရာလဲသိပ်မရှိ...
    အနုပညာမြောက်မှုလဲ မပါပါပဲ ဖတ်ပြီးတဲ့ အခါ
    အီလည်လည်ကြီးကျန်ခဲ့တယ်..
    (ဘယ်သူ့ကိုမှ ထိခိုက်ပြီးပြောခြင်းမဟုတ်ပါ..
    ဥပမာအရပြောခြင်းဖြစ်ပါသည်)
    မ စာတွေကတော့ တချို့ပို့စ်တွေမှာ ရေးဟန်ုရိုးရှင်းသည့်တိုင်အောင်
    တွေးစရာတွေကတော့ အများကြီးရမြဲ...ညက်ညောလှတဲ့ စကားပြေ
    ရေးဟန် အက်ဆေးအသုံးအနှုန်းလှလှလေးတွေနဲ့ အတူ...အနုပညာရသ
    တွေမြောက်ဆဲ...ခံစားလို့ကောင်းဆဲပါပဲ....ရေးဟန်ရိုးရှင်းလှပတာကိုပဲ
    ညလေးကတော့ နှစ်သက်နေမိတယ်...တခါတခါ အရိုးဆုံးဟာ အဆန်းဆုံးဆိုသလို....အပိုတွေသိပ်မပါပဲ...လိုရင်းကိုသာထိထိမိမိရှိလှ
    တဲ့ ပို့စ်လေးတွေဟာ မ အိမ်လေးရဲ့အသက်ပါပဲ...မ
    မ ကစာရေးအားတော်တော်ကောင်းတယ်နော်...တကယ်က မ လက်ရာ
    တွေက စာရေးဆရာရေးလက်ဗျ....ညလေးသိပ်သိတာပေါ့...
    ဒီလို ပို့စ်တွေကို စာရေးဆရာရေးဟန်အတိုင်း သိပ်ခက်ခက်ခဲခဲရှိပုံမရပဲ
    ပေါ့ပေါ့ပါးပါးရေးနိုင်တာကိုက ပညာတစ်ခု...မ စာဖတ်အားသိပ်ကောင်းပုံ
    ရတယ်...ဘယ်အရွယ်ကတည်းက စာတွေဖတ်ခဲ့တာလဲဟင် ?
    ချစ်တဲ့....မိုးနတ်

    ReplyDelete
  2. မိုးနတ် >> ညလေးမိုးနတ်ရေ တော်ရုံပဲ မြှောက်ပါကွယ်။ အစ်မ အောက်ပြန်မကျရင် ဘယ်လိုလုပ်ရပါ့။ :D ဟုတ်တယ် ညလေးရေ၊ အစ်မက စာဖတ်တာတော့ တော်တော် ဝါသနာပါတာပါ။ ဒါပေမဲ့ စာရေးတာမှာတော့ ခုထိကို စိတ်တိုင်း မကျသေးဘူး။ ကိုယ်ရေးလိုက်တဲ့စာကို ပြန်ဖတ်ကြည့်ရင် တစ်ခုခု လိုအပ်နေသေးတယ်ဆိုတာ သိနေတယ်။ အစ်မ အများကြီး ကြိုးစားရဦးမှာပါ ညလေးရေ။ အစ်မစာတွေကို အမြဲ ဝေဖန် အကြံပြုတဲ့အတွက် ကျေးဇူးကမ္ဘာပါကွယ်။

    ချစ်တဲ့
    မြဝတီဇော်

    ReplyDelete