Wednesday, January 30, 2013

စိတ်ရောင်စုံ


အရောင်တို့၏ သဘောတရားတွင် ထူးခြားဆန်းကြယ်မှုများ ရှိသည်။ အချို့အရောင်များက သူနှင့် ထိတွေ့ ပေါင်းစပ်ရာ အခြားအရောင်များကို ပိုမိုလင်းလက် တောက်ပအောင် ပံ့ပိုးကူညီနိုင်စွမ်း ရှိတတ်ကြ သည်။ အချို့အရောင်များကတော့ သူနှင့်ပေါင်းစပ်လိုက်သည့် အရောင်တစ်ခုခု၏ မူလအရောင်ကို ပျက်စီး သွားစေနိုင်သည့် အစွမ်းသတ္တိ ရှိကြသည်။ အချို့အရောင်များကတော့ သူနှင့် မျိုးမတူသည့် သီးခြားအရောင် တစ်ခုခုနှင့် ပေါင်းစပ်လိုက်သည့်အခါ လှပ ဆန်းပြားသည့် ရောင်စဉ်အသစ်တစ်မျိုး ဖြစ်ပေါ်လာစေနိုင်သည့် အစွမ်းရှိသည်။ မည်သို့ပင်ဖြစ်စေ အရောင်တစ်မျိုးချင်းစီ၌ သူ့ကိုယ်ပိုင် မူလ အရည်အချင်းတစ်ခုတော့ ကိုယ် စီ ရှိကြလေသည်။

အရောင်တို့တွင် အလင်းပြင်းအား သိပ်သည်းဆ အနည်းအများပေါ် မူတည်၍ အနုအရင့် အဆင့်ဆင့် ဖြစ် လာကြရသည်။ မူလ ဖျော့တော့သော အရောင်ရှိသည့် အရောင်များက အလင်းပြင်းအား များလေ၊ ပိုမို တောက်ပ လင်းလက်လေ ဖြစ်သည်။ မူလ ရင့်မှောင်သော အရောင်ရှိသည့် အရောင်များက အလင်းပြင်း အား များလေ၊ ပိုမို သိပ်သည်း ရင့်မှောင်လေ ဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ အရောင်တို့၏ မူလ ပိုင်ဆိုင် ထားသည့် အခြေခံ သိပ်သည်းဆအပေါ် မူတည်သောကြောင့် ဖြစ်လေသည်။

ထိုအရောင်များကဲ့သို့ပင် ကျွန်မတို့ ပတ်ဝန်းကျင်ရှိ လူများစွာတို့တွင်လည်း အခြေခံ စိတ်အရောင်များ အများ အပြား ရှိနေကြသည်။ အချို့လူတို့၏ အခြေခံ စိတ်အရောင်မှာ သန့်ရှင်း ဖြူစင်သည်။ အချို့မှာ ခပ်ဖျော့ဖျော့အရောင် ရှိကြသည်။ အချို့မှာ ရင့်မှောင်သည့် စိတ်အရောင် ရှိကြသည်။ စိတ်အရောင် ဖျော့ သူတို့မှာ အလွယ်တကူ အရောင်စွန်းလွယ်သည်။ စိတ်အရောင် သန့်ရှင်းသူတို့မှာ မူလ အခြေခံအရောင်က အဖြူရောင် ဖြစ်သောကြောင့် သူ့ပတ်ဝန်းကျင်တွင် မည်သို့သော အရောင်ရင့်များ ဝန်းရံ ကာဆီးစေကာမူ နဂို ဖြူသော ဂုဏ်ရည်က လျော့ကျမသွားပေ။ ထိုအရောင်ညစ်များကြောင့်ပင် ပို၍ ထင်ရှား တောက်ပလာရ သည်။

စိတ်အရောင် နုဖျော့သူများမှာ တစ်မူ ထူးခြားသည်။ ရင့်မှောင်သော စိတ်အရောင်များနှင့် ပေါင်းလျှင် ရင့်သော အသွေးအရောင်ဘက်သို့ ရောက်သွားတတ်သလို အဖြူရောင်စိတ် ရှိသူများနှင့် ပေါင်းစပ်လိုက် သည့်အခါ သူ၏ မူလ ဖျော့သောအရောင်မှာ ပို၍ ထင်ရှား ပေါ်လွင်လာတတ်သည်။ စိတ်အရောင် ရင့်မှောင် သူတို့မှာမူ တခြား မည်သည့်အရောင် စိတ်ရှိသူများနှင့် ပေါင်းစပ်သည်ဖြစ်စေ မိမိတို့၏ ပင်ကိုအရောင် အဆင့်ကို လိုက်လျောညီထွေစွာ မပြောင်းလဲနိုင်သောကြောင့် လှပသော စိတ်အရောင်များ ဖြစ်ပေါ်အောင် မစွမ်းဆောင်နိုင်ပေ။ ထို့ပြင် ၎င်းတို့သည် မူလ အခြေခံ စိတ်အရောင်ကိုက ရင့်မှောင်နေသောကြောင့် တွဲစပ် လိုက်သည့် အခြားအရောင်များကို ပို၍ပင် ရင့်မှောင် ညစ်နွမ်းသွားစေသည်။ ထိုရင့်သော အရောင်စိတ် ရှိသူ များသည် ၎င်းတို့နှင့် အရောင်သိပ်သည်းဆ တူသည့် အခြားအရောင် အဆင့်များနှင့်သာ ပေါင်းစပ်ခြင်းဖြင့် ထင်ရှားမှုကို ရယူရရှာသည်။

ထို့ကြောင့် မိမိတို့၏ မူလ အခြေခံ စိတ်အရောင်သည် ဖျော့တော့ပါက ဖြူစင်သော စိတ်အရောင်ရှိသူများနှင့် တွဲစပ်ခြင်းဖြင့် ပိုမို လင်းလက်စေကာ မိမိ၏ မူလ ဂုဏ်ရည်ကို တိုးစေသင့်သည်။ မိမိတို့၏ စိတ်အရောင်က ရင့်မှောင်နေပါက ဖျော့တော့အောင် (တစ်နည်း လင်းလက် သန့်စင်အောင်) ကြိုးစား ပြုပြင်သင့်သည်။ သို့မှ သာ မိမိတို့ကိုယ်ပိုင် အလင်းပြင်းအားဖြင့် သန့်ရှင်းကြည်လင်သောစိတ်၊ တောက်ပ လင်းလက်သောစိတ်ကို အခြေခံကာ လူ့ပတ်ဝန်းကျင်ရှိ ကွဲပြားခြားနားသော စိတ်ရောင်စုံတို့ကို ကူညီဖေးမ လက်တွဲခေါ်ယူနိုင် မည်ဖြစ်ပါသည်။


စာဖတ်သူအားလုံးကို ခင်မင် လေးစားလျက်

မြဝတီဇော်




3 comments:

  1. စိတ်ကိုအရောင်တွေနဲ့ ခင်းပြလိုက်တာ
    အားလုံ့းမြင်တွေ့လိုက်ရသလိုပါပဲ
    အဖြူရောင်လေးကိုအကြိုက်ဆုံးပါပဲ
    ကိုယ်ကတော့ အရာရာ မဖြူနိုင်ဖြစ်နေတုန်းပဲ

    ReplyDelete

  2. ရေးထားတာလေး သိပ်ကောင်းတယ်....
    မိုးနတ်ဆို စိတ်ရင်းကောင်းသလောက် တခါတခါ
    စိတ်သိပ်ဆတ်တတ်လို့ ကိုယ့်ကိုယ် သတိနဲ့မနဲထိန်းနေရတယ်..
    လူကြီးဖြစ်ချင်သလောက် တခါတခါ ကလေးဆန်လိုက်တာလဲ
    အရမ်းပဲ ...ကိုယ့်ကိုယ်လဲ သိပါတယ်....
    အားလုံးကတော့ အဖြူရောင်လေးပဲဖြစ်ချင်မှာပါ..
    မိုးနတ်လဲ အဖြူရောင်ဖြစ်အောင်ကြိုးစားနေပါတယ် ...အမြဲပေါ့..
    ထူးဆန်းတယ်နော်...မိုးနတ်က ကြားလူဖြစ်မယ်...:)
    ဘာလို့ဆို မိုးနတ်က အစကတည်းက အရောင်ဖျော့တဲ့ အထဲမပါသလို
    ရင့်တဲ့အထဲလဲ မပါဘူးးးးးးးးးး
    ချစ်တဲ့....မိုးနတ်

    ReplyDelete
  3. အရမ်းကို နှစ်သက်စရာကောင်းတဲ့ ပိုစ့်လေးပါပဲ မမရေ ... ဗဟုသုတဖြစ်ပြီး မှတ်သားဖွယ်ရာပိုစ့်လေးကို မှတ်သားဖတ်ရှုသွားပါတယ်နော် ...

    ReplyDelete