Tuesday, January 22, 2013

**မူပိုင်နဲ့ ပတ်သက်လို့...**



အခုတလော နယ်ပယ်အသီးသီးမှာ "မူပိုင်ခွင့်"နဲ့ ပတ်သက်လို့ အပြောအဆို များလာတာ တွေ့မိပါတယ်။ မူပိုင်ခွင့်ဆိုတာ ဘာလဲ၊ မူပိုင်ခွင့်ကို ချိုးဖောက်တယ်ဆိုတာ ဘာလဲ၊ ဘယ်သူတွေက မူပိုင်ခွင့်ရှိသူတွေလဲ စသဖြင့် မူပိုင်ခွင့်နဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ပညာရှင်တော်တော်များများ ဆွေးနွေးထား တာလည်း မှတ်သားဖူးပါတယ်။

မူပိုင်ခွင့်နဲ့ ပတ်သက်လို့ နားလည် မှတ်သားမိသလောက် ပြောရရင် လူတစ်ယောက်ဟာ သူဖန်တီးတဲ့ လက်ရာတစ်ခု (ဥပမာ-စာရေးသူဆိုလျှင် စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်၊ အက်ဆေးတစ်ပုဒ် သည် သူ့ပင်ကို ဉာဏ်စွမ်းရှိသမျှ အားထုတ် ရေးဖွဲ့ထားခြင်းဖြစ်ပြီး ထိုဖန်တီးမှုလက်ရာသည် အခြား မည်သူ တစ်ဦးတစ်ယောက်ထံမှ ကူးယူ ရေးဖွဲ့ထားခြင်းမျိုး မရှိလျှင် ထိုလက်ရာကို မာစတာပိစ် (Masterpiece) လို့ ခေါ်ကြောင်း မှတ်သားမိပါတယ်။ ထို့ပြင် ထိုမာစတာပိစ် (Masterpiece) ၏ မူပိုင်ခွင့် (Copyright) သည် မူလ ဖန်တီးသူသာဖြစ်ပြီး တစ်နည်းပြောရလျှင် မာစတာပိစ်ဆိုသည်မှာ မူလ ဖန်တီးသူ၏ Intellectual Property အသိဉာဏ် ပစ္စည်း၊ ဉာဏပစ္စည်းလို့လည်း ဆိုနိုင်ပါတယ်။

လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်ခန့်က ဉာဏပစ္စည်း မူပိုင်ခွင့်နှင့် ပတ်သက်ပြီး ပြုလုပ်သော Workshop များ၊ Seminar များကို အခါအခွင့်သင့်လို့ တစေ့တစောင်း လေ့လာခွင့် ရခဲ့ပါတယ်။ အဲဒီတုန်းကတော့ ပညာရပ် ဆိုင်ရာ ဝေါဟာရများကို အပေါ်ယံသဘောလောက်ပဲ ကြားဖူးနားဝ ရှိခဲ့ပါတယ်။ မူပိုင်ခွင့်ဆိုတဲ့ ဝေါဟာရကို လူအများကြားမှာ အသုံးအစွဲ နည်းကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း မူပိုင်ခွင့် ခေတ်ဦး ကာလမှာ စာပေနယ်မှာဆိုလည်း စာပေနယ်အလျောက်၊ ဓာတ်ပုံ၊ ပန်းချီစတဲ့ နယ်ပယ်မှာလည်း သူ့နယ်ပယ် အလျောက် အငြင်းပွားမှုလေးတွေလည်း ရှိခဲ့တာ သတိထားမိကြမယ် ထင်ပါတယ်။ အဲဒီအချိန်လောက် တုန်းက လူတိုင်းရဲ့ အတွေးအမြင်မှာ အိုင်ပီလော (IP Law) ဆိုတဲ့ Intellectual Property Law ကို လုံးဝ နီးပါး အစိမ်းသက်သက် ဖြစ်နေခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီပညာရပ် နယ်ပယ်မှာ အိုင်ပီလောအတွက် ဦးစီး ဦးဆောင် ပြုခဲ့ကြတဲ့ ပညာရှင် ပုဂ္ဂိုလ်များရဲ့ အရေအတွက်ဟာ နည်းပါးတာကြောင့်လည်း ဖြစ်နိုင် ပါတယ်။ အများစုကတော့ သာမန်အနေနဲ့ ကြည့်ရင် "ဟာ၊ ဒီဥပဒေမျိုး ထုတ်တော့လည်း ဘာများ ထူးခြား လာမှာမို့လဲ" ဆိုပြီး ထင်စရာ ရှိပါတယ်။ ဒါပေမယ့် ဒီဥပဒေက လူတစ်ယောက်ရဲ့ တီထွင်ဖန်တီးမှု တစ်ခု အတွက် အကာအကွယ်ပေးတဲ့ ဥပဒေဖြစ်လို့ လူတိုင်း သိထားသင့်ပါတယ်။

ကိုယ့်ရဲ့ဦးနှောက်ကနေ စဉ်းစားတွေးတောပြီး တီထွင်ဖန်တီးလိုက်တဲ့ လက်ရာတစ်ခုဟာ ဖန်တီးသူအတွက် အချိန်အား၊ ဉာဏ်အား ပေါင်းစပ် အားထုတ်ထားရတာမို့ အလွန် တန်ဖိုးရှိပါတယ်။ အဲဒီလို လက်ရာမျိုးကို တခြားသူတစ်ယောက်က အလွယ်တကူ ဆွဲယူ အသုံးပြုလိုက်တဲ့အခါ မူရင်း ပိုင်ရှင်ကို အသိအမှတ်ပြုခဲ့ ရင် တော်သေးရဲ့၊ အဲဒီလိုမှ မဟုတ်ဘဲ သူ့ရဲ့ကိုယ်ပိုင်လို အသုံးပြုလိုက်မယ် ဆိုရင်တော့ မူပိုင်ခွင့်ကို ချိုးဖောက်ရာ ရောက်တာမို့ မူရင်းပိုင်ရှင်မှာ နစ်နာမှု ဖြစ်သွားရပါတယ်။ ဒီလို ခေါင်းပုံဖြတ်ခံရတဲ့အခါ နစ်နာ သူဘက်က ရပ်တည် ကာကွယ်ပေးဖို့အတွက် ဒီ ဥပဒေ ပေါ်လာရခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ခေတ်မှာ ကိုယ်တိုင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ လုံ့လထုတ်ပြီး ဖန်တီးလိုက်တဲ့ အနုထည် ပစ္စည်း (ဝါ) ဉာဏပစ္စည်းအတွက် အားကိုးအားထား ပြုစရာ ဉာဏပစ္စည်း မူပိုင်ခွင့်ဥပဒေဆိုတာ ရှိသင့်တယ်၊ တွင်ကျယ်သင့်တယ်၊ ပြဋ္ဌာန်းသင့်တယ်လို့ ပြောချင်ပါတယ်။ ဒါမှလည်း သတင်းဆက်သွယ်မှု နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူတို့ရဲ့ လိုက်နာ စောင့်ထိန်းအပ်တဲ့ အမူအကျင့်တွေ၊ အသိပညာတွေ တိုးပွားလာ မှာဖြစ်သလို မိမိတို့ရဲ့ မူပိုင်လက်ရာအတွက် အကာအကွယ်ပေးမယ့် မူပိုင်ခွင့်ဥပဒေကို လက်ကမ်း ကြို ဆို စောင့်ထိန်း လိုက်နာနိုင်စေဖို့ ရည်ရွယ်ပြီး မူပိုင်ခွင့်ဥပဒေ ပေါ်ပေါက်ရေးအတွက် အစပျိုး ဦးဆောင်ခဲ့ကြ တဲ့ နယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်ကြီးများအား လေးစားစွာ ဂုဏ်ပြုအပ်ပါတယ်။



စာဖတ်သူအားလုံးကို ခင်မင်လေးစားလျက်

မြဝတီဇော်



1 comment:

  1. ဟားးးးးး
    ကောင်းလိုက်တာမရေ...မိုးနတ် အဲ့ကိစ္စ အကြောင်းကို သိချင်တာ
    ကြာခဲ့ပြီ .....သိတော့သိတယ် သေချာတော့မသိဘူးပေါ့..
    ခု မပြောမှပဲ တိုရှင်းလိုရင်းကိုရောက်တော့တယ်...:)
    ကျေးဇူးပါမရေ....မက ဆောင်းပါးရေးတာ အက်ဆေးရေးတာ
    ပြေပြစ်ပြီး အကြောင်းအရာက ပြည့်စုံသလောက်ကိုရှိတယ်
    အဲဒါကို ညလေးအထူးတလည်ကို သဘောကျမိတယ်မ...:)
    အမြဲတမ်းလဲ မကို အားပေးနေမှာပါ...
    ချစ်ခင်လေးစားလျက် မိုးနတ်

    ReplyDelete