Tuesday, January 8, 2013

ဉာဏ်များတတ်သူ တစ်ယောက်အကြောင်း



ဒီနေ့မနက် ရုံးအသွား ကျွန်မစီးလာတဲ့ ကားပေါ်မှာ အဆိုတော် လေးဖြူနဲ့ မျိုးကြီးတို့ သီဆိုထားတဲ့ "အိမ် ကို ပြန်ခဲ့တော့"ဆိုတဲ့သီချင်း ကြားလိုက်ရတော့ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က အဖြစ်အပျက်လေးတစ်ခု ကို ပြန်သတိရမိပါတယ်။ အဲဒီတုန်းက ဒီသီချင်းလေးကို အကြောင်းပြုပြီး ကျွန်မ ဉာဏ်နီဉာဏ်နက် (ဉာဏ် စိမ်း ဉာဏ်ပြာ၊ ဉာဏ်ရောင်စုံပေါ့လေ :D) ထုတ်ခဲ့ဖူးတာလေးကို အမှတ်တရအနေနဲ့ ပြန်ပြောပြချင်ပါတယ်။

 အဲဒီအချိန်တုန်းက ကျွန်မနဲ့သူက ချစ်သူဘဝပဲ ရှိပါသေးတယ်။ သူနဲ့ ချစ်သူဖြစ်ပြီး သိပ်မကြာခင်ပဲ သူက မလေးရှားကို ရှိုးဂျော့ထွက်သွားပါတယ်။ အဲဒီအချိန်တုန်းက ခုလို အင်တာနက်တွေ ဘာတွေလည်း သိပ်ခေတ်မစားသေးပါဘူး။ သူက ဖုန်းဆက်ခဲ့ရင်တောင် အိမ်က လူတွေ အခြေအနေကြည့်ပြီး ဖုန်းပြောရ တဲ့ အနေအထားမျိုး ဆိုပါတော့။ ဒါပေမယ့်လည်း ကျွန်မနဲ့သူက စာအဆက်အသွယ်တော့ ရှိကြပါတယ်။ ဒီနေရာမှာ ကျွန်မတို့အိမ်ရဲ့ စည်းကမ်း အလေ့အထလေးကို ပြောပြချင်ပါတယ်။ ကျွန်မတို့အိမ်မှာ အိမ် သားတွေရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်လို့ ဝင်စွက်ဖက်တာမျိုး မရှိပါဘူး။ များသောအားဖြင့်တော့ စိတ်ထဲ ဘဝင်မကျတာမျိုးရှိရင် အချင်းချင်း ပွင့်ပွင့်လင်းလင်း မေးတာ ပြုတာမျိုး ရှိပါတယ်။ ဥပမာ-ကျွန်မနဲ့ ပတ်သက်လို့ သူ့ဆီက စာလာတယ် ဆိုပါတော့။ ကျွန်မက အိမ်လိပ်စာပေးထားတာမို့ ကျွန်မအိမ်ကို စာက တန်းတန်းမတ်မတ် ရောက်လာပါတယ်။ အဲဒီအချိန် ကျွန်မက အိမ်မှာ မရှိဘဲ ရုံးသွားနေတယ်ဆိုရင် အိမ် သားတွေက အဲဒီစာကို လက်ခံယူထားလိုက်ပါတယ်။ ဒါပေမယ့် ကျွန်မ အိမ်ကို ပြန်မရောက်မချင်း အဲဒီစာကို ဧည့်ခန်းစားပွဲပေါ်မှာ မြင်သာအောင် တင်ထားလိုက်ပါတယ်။ ဖွင့်ဖတ်တာမျိုး၊ ဝှက်ထားတာမျိုး မရှိပါဘူး။

ကျွန်မ ပြန်ရောက်တဲ့အချိန်ကျမှ စာရောက်ကြောင်း၊ ဘယ်သူဘယ်ဝါဆီက ဖြစ်ကြောင်း မေးမြန်းပါတယ်။ ဒါပေမဲ့ အဲဒီလို မေးတာလည်း ရှားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်သူ့ဆီက လာတဲ့စာလဲဆိုတာ သူတို့ သိထားပြီးဖြစ်တဲ့အပြင် ကျွန်မဆီကို စာထည့်တဲ့သူကလည်း သူတစ်ယောက်တည်းပဲ ရှိလို့ပါပဲ။  :D

ဒီလိုနဲ့ပဲ သူထွက်သွားတာ တစ်နှစ်ကျော်လောက် ရှိလာပါတယ်။ တစ်နေ့တော့ ကျွန်မက သူ့ဆီ စာရေးရင်း ဘယ်တော့လောက် ပြန်လာမှာလဲလို့ မေးလိုက်ပါတယ်။ သူက သုံးနှစ်လောက်နေပြီးမှ ပြန်လာမယ် လို့  ပြောပါတယ်။ ဒါနဲ့ အဲဒီအချိန်က ကျွန်မလည်း သူနဲ့ စိတ်အခန့်မသင့်တာနဲ့ စိတ်အချဉ်ပေါက်ပြီး ဒါဆို လည်း အဲဒီမှာပဲ ပျော်သလောက်သာ နေတော့လို့ ခပ်ရွဲ့ရွဲ့ပြောလိုက်မိပါတယ်။ ဒီနောက်ပိုင်း သူလည်း စိတ် ဆိုးသွားတယ် ထင်ပါတယ်။ ကျွန်မဆီ လုံးဝ မဆက်သွယ်တော့ပါဘူး။ ကျွန်မကလည်း စိတ်တိုနေတုန်း ခဏတော့ ပြောလိုက် ဆိုလိုက်ပေမယ့် ပြီးရင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားတတ်ပါတယ်။

ဒီလိုနဲ့ နှစ်လလောက်ကြာမှ ကျွန်မ သူ့ဆီ စာရေးလိုက်ပါတယ်။ ကျွန်မ ရေးတဲ့စာထဲမှာ တခြား ဘာစကားမှ အထူးအထွေ မပါပါဘူး။ သီချင်းလေး တစ်ပုဒ်ကိုပဲ ရေးပေးလိုက်ပါတယ်။ အဲဒီ သီချင်းလေးကတော့ "အိမ် ကို ပြန်ခဲ့တော့"ဆိုတဲ့ သီချင်းလေးပါ။ အဲဒီစာထည့်လိုက်ပြီး တစ်လအတွင်းမှာပဲ သူ မြန်မာပြည် ကို ပြန်ရောက်လာခဲ့ပါတယ်။ (စွမ်းတယ်နော် :P ။ သီချင်းစာသားကို ပြောပါတယ်)  ဒီအဖြစ်အပျက်လေးက ကျွန်မတို့နှစ်ယောက်အတွက်တော့ တကယ့်ကို မှတ်မှတ်ရရပါပဲ။ သူကလည်း ကျွန်မ ဉာဏ်များတာကို သိ တာလည်း ပါပါတယ်။ အခုလည်း ဒီသီချင်းလေးကို ကျွန်မ ကြားလိုက်မိတဲ့အချိန်မှာ အဲဒီအဖြစ်အပျက်လေး ကို ပြန်သတိရသွားပြီး တစ်ယောက်တည်း ပြုံးမိပါသေးတယ်။

တစ်ခါတလေတော့ သီချင်းတွေ ကြိုက်တတ်တဲ့ကျွန်မကို သူက မထင်မှတ်ဘဲ တိုက်စစ် ဆင်တတ်ပါသေး တယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်မက သီချင်းနားထောင်ရင် ဘယ်တော့မှ ဇိမ်နဲ့ နားထောင်ရလေ့ မရှိပါ ဘူး။ သီချင်းဖွင့်ထားပေမယ့် လုပ်စရာရှိတဲ့ အလုပ်တွေ လုပ်ရင်းနဲ့ နားထောင်ရပါတယ်။ သူကလည်း အဲဒါ ကို သိလို့ ကျွန်မအကြိုက် သီချင်းဆိုရင် အစတီးလုံးလေး လာပြီးလို့မှ မကြာခင်ပဲ အသံကို အဆုံးထိ လျှော့ချ ပစ်လိုက်တာမျိုး၊ နောက်တစ်ပုဒ်ကို ကျော်ပစ်လိုက်တာမျိုး လုပ်ပြီး မခံချင်အောင် စတတ်ပါတယ်။ ကျွန်မက အသံပျောက်သွားလို့ မီးပျက်သွားတယ်ထင်လို့ မေးလိုက်တဲ့အခါ သူ့လက်ချက်မှန်း သိရလို့ စိတ်တိုရပါတယ်။ သူကလည်း ကျွန်မကို အဲဒီလို စိတ်တိုအောင် အမြဲပဲ စနောက်လေ့ ရှိပါတယ်။

ဒါပေမယ့် ဘာပဲပြောပြော တစ်ခါတလေမှာ သီချင်းတွေက ကျွန်မတို့ရဲ့ စိတ်ခံစားမှုအရ ကိုယ်နဲ့ အခြေ အနေချင်း၊ ခံစားချက်ချင်း တူတဲ့အခါ ကိုယ့်ကို ကြည့်ပြီးများ ရေးထားသလား ထင်ရလောက်အောင် တိုက် ဆိုင်လွန်းတတ်ပါတယ်။ တကယ်တော့ သီချင်းဆိုတာကလည်း ရေးစပ်သီကုံးသူရဲ့ ခံစားမှုအပေါ် မူတည်ပြီး  ကြည်နူးမှု၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကို နားဆင်သူများကို မျှဝေခံစားစေခြင်းဖြင့် စိတ်ထွက်ပေါက်ပေးခြင်း တစ်မျိုးပါပဲ။ ကျွန်မကိုယ်တိုင်လည်း အရမ်းပင်ပန်းတဲ့အခါ၊ စိတ်ရှုပ်ထွေးလာတဲ့အခါမျိုးတွေမှာ သီချင်းကို ခပ် တိုးတိုးဖွင့်ပြီး နားထောင်တတ်ပါတယ်။

အခုလည်း ကျွန်မ သီချင်းတစ်ပုဒ် ဖွင့်ပြီး နားထောင်နေပါတယ်။ ဘာသီချင်းလဲဆိုတာတော့ စာဖတ်သူများ လည်း ခန့်မှန်းမိကြမှာပါ။ :) ဒီသီချင်းလေးကို ကျွန်မ နားထောင်နေချိန်မှာ ဖြစ်ပေါ်လာတဲ့ ဆန္ဒတချို့ကိုတော့ အခြေအနေအရ ခေတ္တ ခဏ စောင့်စည်း ထိန်းသိမ်းနေရပါဦးမယ်။ အခြေအနေပေးတဲ့ တစ်နေ့တော့ ကျွန်မ ရဲ့ ဆန္ဒလေးတွေ အကောင်အထည် ပေါ်လာနိုင်ကောင်းပါရဲ့ ...... ။


စာဖတ်သူများ အားလုံးကို ခင်မင်လေးစားလျက်

မြဝတီဇော်








2 comments:

  1. ညဏ်များတတ်တဲ့ မမအကြောင်းလာဖတ်သွားတယ်ရှင့်..
    ရိုးရိုးလေးရေးထားပေမဲ့ ဟာကွက်မရှိပဲ ဖတ်လို့ကောင်းတယ်.
    ဆိုလိုရင်းလဲ ရောက်တယ်မရေ.....အားပေးလျက်ပါ..
    ချစ်တဲ့...မိုးနတ်

    ReplyDelete
  2. သီချင်းရေးတဲ့သူရော ဆိုတဲ့သူကိုပါကျေးဇူးတင်ရမယ်လေနော်
    ဘာရယ်မဟုတ်ပါဘူး jas လဲအဲဒီသီချင်းကြားရင်ပဲ
    တယောက်ယောက်က ကိုယ့်အတွက်ဆိုပေးနေသလိုခံစားရတယ် အိမ်ကိုလဲပြန်ချင်တဲ့စိတ်ဖြစ်လာရတယ်......

    ReplyDelete