Wednesday, June 12, 2013

လက်စွပ်နတ်အိပ်မက်




ပြီးခဲ့တဲ့ တစ်ပတ်က သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာဆွမ်းကျွေးကို အကြောင်းပြုပြီး ကျွန်မတို့ သူငယ်ချင်း တစ်စု ပြန်ဆုံဖြစ်ကြတယ်။ ကျွန်မတို့ သူငယ်ချင်းတွေ အားလုံး ခုနစ်ယောက်ရှိတဲ့အထဲက သူငယ် ချင်းနှစ်ယောက်ကတော့ မင်္ဂလာဆွမ်းကျွေးကို မလာဖြစ်ခဲ့ပါဘူး။ သူငယ်ချင်း သုံးယောက်ကို ကျွန်မအိမ် ကနေပဲ သွားကြမယ်လို့ ကြိုချိန်းထားတာမို့ မင်္ဂလာဆောင်မသွားခင် ကျွန်မတို့ သူငယ်ချင်းတွေ တစ်ယောက်တစ်ခွန်း ရောက်တတ်ရာရာ ပြောဖြစ်ခဲ့ကြပါတယ်။

သူငယ်ချင်း လေးယောက်သား ဆုံမိကြပြီဆိုတော့လည်း ထုံးစံအတိုင်း လက်ပံပင်က ဆက်ရက် ပျံပြေး ရလောက်အောင် စကားတွေ အလုအယက်ပြောကြ၊ ရယ်ကြနဲ့ ပွဲစည်သွားခဲ့ပါတယ်။ သူငယ်ချင်းနှစ်ယောက် က ကျွန်မနဲ့ တစ်မြို့တည်းနေတာ ဖြစ်ပေမယ့် ကျန်တစ်ယောက်ကတော့ မွေးရပ်မြေကနေ ပြောင်းသွား တာ ဖြစ်ပါတယ်။ သူတို့တွေနဲ့ လူချင်း မဆုံဖြစ်ကြတာ တော်တော်ကြာပါပြီ။ ကိုယ်ကျင်လည်ရာ ကိုယ့် ဝန်းကျင်မှာ အသီးသီး ရှင်သန်နေကြရတာမို့ အကြောင်းကိစ္စ ရှိလာမှသာ ဆုံတွေ့နိုင်ကြတော့တယ်။ ဒါကြောင့် သူငယ်ချင်းတွေ ဆုံကြတဲ့ အခိုက်အတန့်လေးမှာတော့ အရင်တုန်းကလိုပဲ ဟိတ်ဟန် မရှိ၊ လွတ် လပ် ပေါ့ပါးတဲ့ ငယ်ဘဝလေးကို တစ်ခါ ပြန်ရလိုက်သလိုပါပဲ။

အဲဒီနေ့က ငြိမ်းနဲ့ စကားစပ်မိလို့ ကျွန်မတို့ငယ်ငယ်က လက်စွပ်နတ်မေးခဲ့ကြတဲ့အကြောင်း ပြောမိပါတယ်။။ အဲဒီတုန်းက ကျွန်မတို့ သူငယ်ချင်းတစ်စု ငြိမ်းရဲ့အိမ်မှာ ဝါဆိုသင်္ကန်းကပ်လို့ ဆုံမိကြပါတယ်။ အလှူမှာ တဝ တပြဲ စားသောက်ပြီးတာတောင် မပြန်ကြသေးဘဲ ထုံးစံအတိုင်း လက်ဖက်သုပ်တစ်ပန်းကန်နဲ့ ရေနွေးကြမ်း ဗန်းကို ယူပြီး ငြိမ်းရဲ့ အခန်းလေးမှာ စုထိုင်ပြီး စကားပြောနေကြပါတယ်။ အဲဒီလို ပြောနေရင်းက တစ်ယောက်က စိတ်ကူးပေါက်ပြီး လက်စွပ်နတ် မေးကြရအောင်လို့ စကား စ,လာပါတယ်။ ဒါနဲ့ လက်စွပ် နတ်ဆိုတာ ဘယ်လိုမေးရတာလဲလို့ ပြန်မေးလိုက်တော့ အဲဒီသူငယ်ချင်းက ရှင်းပြပါတယ်။

လက်စွပ်နတ် မေးမယ်ဆိုရင် အရင်ဆုံး လိုအပ်တာက ကျောက်မပါတဲ့ ရွှေလက်စွပ်တစ်ကွင်း၊ ရေတစ်ဝက် ထည့်ထားတဲ့ဖန်ခွက် တစ်ခွက်၊ ဆံပင်ခြည်တစ်မျှင် ရှိရမယ်တဲ့။ အဲဒါတွေ စုံပြီဆိုရင် လက်စွပ်ကို ဆံပင်ခြည် နဲ့ လျှိုသွင်းပြီး ရေဖန်ခွက်ထဲမှာ ရေနဲ့ မထိစေဘဲ တွဲလောင်းချပြီး ကိုင်ထားရမယ်။ ပြီးရင် လက်စွပ် လုံးဝ ငြိမ်သွားပြီဆိုတော့မှ လက်စွပ်နတ်ကို ခေါ်ရတယ်။ လက်စွပ်နတ် ဝင်လာပြီဆိုရင်တော့ ကိုယ်မေးချင် တဲ့ မေးခွန်းတွေ မေးလို့ရပြီလို့ သူက ပြောပြတယ်။ အဲဒါနဲ့ပဲ အားလုံး စိတ်ဝင်စားသွားကြပြီး လက်စွပ် နတ်မေးဖို့ ပြင်ဆင်ကြတော့တယ်။

ကျွန်မတို့ ခုနစ်ယောက်သား ငြိမ်းရဲ့ကုတင်ပေါ်မှာ စုဝေးပြီး ဝိုင်းထိုင်လိုက်ကြတယ်။ ကျွန်မတို့ ထိုင်နေတဲ့ ဝိုင်းရဲ့အလယ်မှာ ရေတစ်ဝက်ဖြည့်ထားတဲ့ ဖန်ခွက်တစ်ခွက် ချထားပြီး ငြိမ်းက ဆံပင်ခြည်နဲ့ တွဲလောင်း ဆွဲထားတဲ့ လက်စွပ်ကလေးကို ဖန်ခွက်ထဲကို ထည့်လိုက်တယ်။ ခဏကြာတော့ လက်စွပ်ကလေး ငြိမ်သက် သွားပြီ ဆိုတော့မှ ငြိမ်းက မျက်လုံးမှိတ်ပြီး နှုတ်ခမ်းလှုပ်ရုံ တတွတ်တွတ် ရွတ်ဆိုလိုက်တယ်။ ပြီးတော့ သူက လက်စွပ်နတ် ဝင်လာရင် ဒီလက်စွပ်က ဖန်ခွက်ထဲမှာ စကောဝိုင်းလှည့်သလို ပတ်ချာလည် လှည့်ပြီး ဖန်ခွက် နံရံတွေကို အသံမြည်အောင် ရိုက်လိမ့်မယ်လို့ ကျွန်မတို့ကို ရှင်းပြတယ်။ ဒါနဲ့ ကျွန်မတို့အားလုံးရဲ့ မျက် လုံးတွေက လက်စွပ်ကလေးဆီမှာ စုပြုံပြီး စူးစိုက်ကြည့်နေကြတာပေါ့။ အဲဒီလို ကြည့်နေရင်းကနေ လက် စွပ်ကလေးဟာ တဖြည်းဖြည်း လှုပ်ရှားလာပြီး စကောဝိုင်းသလို ဝဲလည်လှည့်ကာ ဖန်ခွက်နံရံတွေကို တချွင် ချွင်မြည်တဲ့အထိ ထိရိုက်ပါတော့တယ်။ မထင်မှတ်ထားတဲ့ အဖြစ်အပျက်မို့ ကျွန်မတို့အားလုံး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး အံ့သြနေကြပါတယ်။

စစချင်းတော့ နည်းနည်းကြောက်သလိုလိုဖြစ်ပြီး ကျွန်မတို့တတွေ ဘာမေးလို့ မေးရမှန်း မသိဘဲ သူ့ ကိုယ်ကြည့်၊ ကိုယ့်သူကြည့် လုပ်နေမိကြတယ်။ ဒါနဲ့ပဲ ငြိမ်းက -

"မြန်မြန် မေးကြပါဟ၊ ငါ လက်ညောင်းလာပြီနော်"

လို့ ပြောလိုက်တော့မှ ကျွန်မတို့ ခြောက်ယောက်သား လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။ ပြီးတော့ ကျွန်မက စပ်စုချင်သူပီပီ ကျွန်မတို့ ဘာနေ့သမီးတွေလဲဆိုတာ မေးကြည့်ဖို့ အကြံရသွားပါတယ်။ လက်စွပ်နတ်ကို ကျွန်မတို့ ခုနစ်ယောက်ရဲ့ မွေးနေ့ဂဏန်းကို မှန်အောင် ပြောပြပါလို့ မေးလိုက်ပါတယ်။ ဘယ်လို ပြောရ မှာလဲဆိုရင် ဥပမာ - တနင်္ဂနွေနေ့ မွေးသူဆိုရင် ဖန်ခွက်ရဲ့ နံရံကို အရှေ့အနောက် (ဒါမှမဟုတ် တောင် နဲ့မြောက်) လွှဲပြီး တစ်ချက် ခပ်ပြင်းပြင်း ရိုက်ပြခိုင်းတာပါ။ တစ်ယောက်ကို အရှေ့အနောက် လွှဲခိုင်းပြီး ရင် နောက်တစ်ယောက်ကို တောင်နဲ့မြောက် လွှဲခိုင်းပြီး မေးကြတာ ဖြစ်ပါတယ်။ အဲဒီမေးခွန်းကို လက်စွပ် နတ်က ကျွန်မတို့ ခုနစ်ယောက်လုံးအတွက် မှန်အောင် ဖြေပေးနိုင်တာကြောင့် ကျွန်မတို့တွေ နည်းနည်း ယုံကြည်မှု ရှိလာကြတယ်။

ဒါနဲ့ပဲ ကျွန်မတို့ နောက်ထပ်မေးခွန်းတွေကို အပျော်သဘောနဲ့ လျှောက်မေးကြပါတော့တယ်။ အဲဒီ မေး ခွန်းတွေထဲကမှ ကျွန်မတို့ သူငယ်ချင်း ခုနစ်ယောက်ထဲမှာ ဘယ်သူက အရင်ဆုံး အိမ်ထောင်ကျမလဲ ဆိုတဲ့ မေးခွန်းကိုလည်း မေးဖြစ်ခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ သူငယ်ချင်းတွေထဲမှာ အဲဒီအချိန်တုန်းက ချစ်သူရှိတဲ့သူတွေလည်း ရှိနေပြီဖြစ်လို့ အဲဒီမေးခွန်းကို စိတ်ဝင်တစား သိချင်နေကြ တာပေါ့။ ဒီမေးခွန်းကို ဘယ်လို မေးလိုက်သလဲဆိုတော့ “ပထမဆုံး အိမ်ထောင်ကျမယ့်သူကို အရင်ဆုံး ညွှန်ပြပါ၊ ပြီးရင် ပိုသေချာအောင် အဲဒီလူရဲ့ မွေးရက်ဂဏန်းအတိုင်း ဖန်ခွက်နံရံကို ရိုက်ခတ်ပြပါ” လို့ မေး လိုက်ပါတယ်။

အဲဒီလို မေးပြီးတာနဲ့ ကျွန်မတို့အားလုံး ဘယ်လိုအဖြေထွက်လာမလဲ ဆိုတာ ငြိမ်သက်စွာ စောင့်ကြည့်နေကြ ပါတယ်။ စစချင်းမှာ လက်စွပ်ကလေးဟာ တဖြည်းဖြည်း စတင် လှုပ်ရှားလာပါတယ်။ ပြီးတော့ အရှေ့နဲ့ အနောက်ကို ခပ်ဖြည်းဖြည်း စလွှဲလာပါတယ်။ အဲဒီလို လွှဲနေတဲ့အချိန်က နည်းနည်းကြာတာမို့ လက်စွပ်ရဲ့ ဦးတည်ရာဘက်မှာ ထိုင်နေတဲ့ သူငယ်ချင်းတစ်ယောက်က စိတ်မရှည်တော့ဘဲ -

“ဘာမှန်းလဲ မသိဘူးဟာ၊ ဒီလိုချည်းပဲ အရှေ့အနောက် လွှဲနေတော့ ငါ့ကိုပဲ ဟောနေသလိုလို၊ ငြိမ်းကို ပဲ ဟောနေသလိုလိုနဲ့၊ ဘယ်သူ့ကို အတည်ယူရမှာလဲ မသိတော့ဘူး”

လို့ ညည်းပြော ပြောလိုက်တယ်။ သူအဲ့ဒီလိုပြောပြီး သိပ်မကြာခင်မှာပဲ လက်စွပ်ကလေး လွှဲရမ်းနေတာက အရှိန်ပါလာပြီး ဖန်ခွက်ရဲ့ အနောက်ဘက် နံရံကို ခပ်ပြင်းပြင်း စတင် ရိုက်ခတ်ပါတော့တယ်။ ကျွန်မတို့ လည်း တအံ့တသြနဲ့ ရိုက်တဲ့အသံ အရေအတွက်ကို မှတ်ထားလိုက်မယ်ဟဲ့ဆိုပြီး ပြင်ရုံရှိသေး၊ လက်စွပ်က ဖန်ခွက်ရဲ့ဘေးနံရံကို နှစ်ချက်သာ ရိုက်ခတ်ပြီး အရှိန်လျော့သွားပါတော့တယ်။ ကျွန်မတို့လည်း စိတ်ထဲမှာ မတင်မကျကြီး ဖြစ်သွားကြပါတယ်။ ဒါနဲ့ ကျွန်မက -

“အေးလေဟာ၊ ကြည့်ဦး၊ လက်စွပ်နတ်ကလည်း ဘယ်လိုဟောနေတာလဲ မသိဘူး၊ ဒီတစ်ခါတော့ ငါတို့ကို ပညာပြနေပြီ ထင်တယ်”

လို့ မကျေမနပ် ပြောလိုက်မိပါတယ်။ ကျွန်မရဲ့ စကားသံအဆုံးမှာ ငြိမ်းက တဟားဟားနဲ့ ထရယ်ပါတော့ တယ်။ ပြီးတော့မှ သူက -

“သူဟောနေတာ မှန်သားပဲဟ၊ နင်တို့ကလည်း အပြစ်တင် မစောကြစမ်းပါနဲ့”

“ဟင်! ဘယ်မှာ မှန်လို့တုန်း၊ ဘယ်သူမှန်းလဲ မသိဘဲနဲ့”

“ဟဲ ဟဲ၊ ဒါလေးတောင် နင်တို့ မသိကြဘူးလား၊ တော်တော်ညံ့တာပဲဟာ”

“အောင်မယ်၊ နင်ကကော သိလို့လား၊ ပြောစမ်းပါဦး”

“မသိစရာလားဟ၊ ဟီးဟီး၊ အဲဒါ ငါပေါ့”

ငြိမ်းရဲ့စကားကြောင့် ကျွန်မတို့ မျက်လုံးပြူးသွားကြတယ်။

“နင့်ဟာက ဟုတ်ကော ဟုတ်ရဲ့လား ငြိမ်းရဲ့၊ ငါတို့တော့ နားမလည်တော့ဘူး”

“သြော်... ဟုတ်ပါတယ်ဆိုနေ၊ ငါက နင်တို့ကို ညာစရာလား"
 
အဲဒီနောက် ကျွန်မတို့ကို အစဉ်လိုက် ဟောသွားတာက ဒုတိယက ကျွန်မ၊ တတိယ သီရိနဲ့ ကျန်လူများကို လည်း အလှည့်ကျ တစ်မျိုးစီဟောပါတယ်။ အဲဒီမှာ ရယ်စရာကောင်းတာတစ်ခုက သူငယ်ချင်းတစ်ယောက် ကို အပျိုကြီးဖြစ်မယ်ဆိုပြီး ဟောလိုက်ပါတယ်။ ဘယ်လို ဟောတာလဲဆိုတော့ အဲဒီသူငယ်ချင်းအလှည့်မှာ လက်စွပ်က ဘယ်လိုပဲ လှည့်ပတ်ပြီး မေးမေး လုံးဝကို မလှုပ်တော့တာပါပဲ။ အဲဒါနဲ့ မနေနိုင် မထိုင်နိုင် ကျွန်မ က လျှာရှည်ပြီး -
 
"ဒါဆို အပျိုကြီး တကယ်ဖြစ်မယ်ဆိုရင် အဲဒီလူရဲ့ မွေးနံအတိုင်း ဖန်ခွက်နံရံကို အရှေ့ကော၊ အနောက်ကော အသံမြည်အောင် ခပ်ပြင်းပြင်း ရိုက်ပြပါ"
 
လို့လည်း ပြောလိုက်ရော အဲဒီသူငယ်ချင်းရဲ့ မွေးနံအတိုင်း ဖန်ခွက်ကို အသံမြည်အောင် လွှဲရိုက်တော့တာ ပါပဲ။ အဲဒီမှာ အပျိုကြီးဖြစ်မယ်လို့ ဟောခံရတဲ့ သူငယ်ချင်းလည်း စိတ်ဆိုးမာန်ဆိုး ဖြစ်သွားပါတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်တုန်းက သူ့မှာ ချစ်သူရှိနေရဲ့သားနဲ့ သူ့ကို အပျိုကြီးဖြစ်မယ်လို့ ဟောရပါ့ မလားဆိုပြီးတော့ပေါ့။ အဲဒီသူငယ်ချင်းကို ကြည့်ပြီး ကျန်တဲ့သူတွေကတော့ တဟားဟားနဲ့ ပွဲကျသွားပါတော့ တယ်။
 
@ @ @ @ @

 
အဲဒီတုန်းက အဖြစ်အပျက်လေးက လူငယ်သဘာဝ အပျော်အပျက်အနေနဲ့ မေးခဲ့ကြတာ ဖြစ်ပေမယ့် အခု အချိန် ပြန်တွေးကြည့်တော့ အဲဒီအတိုင်း မှန်နေတာ အံ့သြမိပါတယ်။ ကျွန်မက ဗေဒင်တွေ ဘာတွေကို အရမ်းကြီး ယုံကြည်တာမျိုးလည်း မဟုတ်သလို မျက်စိမှိတ်ပြီး ငြင်းတာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ငယ်စဉ်တုန်းက အပျော်သဘောမေးခဲ့ကြတဲ့အတိုင်း အခုအသက်အရွယ်မှာ တကယ် ဖြစ်လာတာကတော့ ထူးခြားတဲ့ တိုက်ဆိုင်မှုလို့ ပြောရမလိုပါပဲ။ ကျွန်မ သူငယ်ချင်းတွေကတော့ ဒီအဖြစ်အပျက်ကလေးကို သတိ ရကောင်းမှ ရပါတော့မလား မသိနိုင်ပေမယ့် ကျွန်မကတော့ အခုချိန်ထိ မှတ်မိနေခဲ့ပါတယ်။ တကယ်တော့ လက်စွပ်နတ်က ဘယ်လိုပဲ ဟောခဲ့တာဖြစ်ပါစေ၊ လက်ရှိအချိန်မှာတော့ အပူအပင်ကင်းမဲ့ပြီး လွတ်လပ်ပေါ့ ပါးတဲ့ ငယ်ဘဝလေးကို တွေးမိလိုက်တိုင်း အချစ်ဆုံး သူငယ်ချင်းတွေနဲ့ ပျော်ရွှင်ခဲ့ရတဲ့အချိန်လေးတွေ ပိုင်ဆိုင်ခဲ့ဖူးတယ်ဆိုတာကို စိတ်ထဲမှာ ကျေနပ်မဆုံး ဖြစ်နေမိပါတော့တယ်။
 
 
 
စာဖတ်သူ အားလုံးကို ခင်မင်လေးစားလျက်
 
 
မြဝတီဇော်

Thursday, April 11, 2013

သင်္ကြန်စိတ်ကူး


လူတွေက အတော့်ကို ခက်သည်။ ကိုယ် မလုပ်နိုင်သည့်အလုပ်တစ်ခုကို သူတစ်ပါး လုပ်နိုင်တာတွေ့လျှင် ချီးမွမ်းဖို့ထက် ကဲ့ရဲ့ဖို့က အရင် တွေးကြသည်။ အို... ဒီလောက်လေးများ သူမှ လုပ်နိုင်တာလား၊ တို့လည်း လုပ်မယ်ဆို သူ့ထက်တောင် သာဦးမှာ။ တကတည်း သူတစ်ယောက်တည်း တရားအလုပ် လုပ်နိုင်တာ ကျနေတာပဲ ဆိုသည့် စကားတင်းဆိုမှုတွေကို ဒေါ်မမလတ် ကြုံဖူးပေါင်း များခဲ့ပြီ။ ခုလို အခါကြီး ရက်ကြီး သင်္ကြန်တွင်းဆို ဒီလိုအပြောတွေကို တစ်နေ့မဟုတ် တစ်နေ့ ကြားလာရဦးမှာကို သိနေသည်။ ဒါပေမယ့် ကိုယ်သေရင် ကိုယ့်နောက်ပါမယ့် တရားကို ရှာတတ်ဖို့ လိုသည်။ သည်လို လူမျိုးတွေရဲ့ အပြောမျိုးတွေ အတွက်နဲ့တော့ ဒေါ်မမလတ်တို့က မမှုရေးချ မမှုပါချေ။ တရားရှာ ကိုယ်မှာတွေ့သည်တဲ့။ ကိုယ်လုပ်မှ ကိုယ် ရမှာ မဟုတ်လား။ ဒေါ်မမလတ်က ဝန်ထမ်းဆိုတော့ ဒီရက်မျိုးမှာမှ ဘုရားရိပ်၊ တရားရိပ်မှာ ခိုလှုံဖို့ အချိန်များများ ရတာမို့ သူက ကြိုတင် အားခဲထားသည်။ ရုံးက ဂျူတီကျတဲ့ရက်ကိုတော့ အခြားသူများနှင့် နားလည်မှုယူပြီး ဂျူတီလဲစောင့်ဖို့တော့ ပြောရဦးမှာပေါ့လေ။

ပြောရမည်ဆိုလျှင် ဒေါ်မမလတ်က အပျိုကြီး။ အိမ်တွင် အတူနေသူများက အစ်မကြီးနှင့် ညီမသုံးယောက်၊ အစ်မကြီးက မွေးထားတဲ့ တူမနှစ်ယောက် ဖြစ်သည်။ မိန်းမသားများသာ နေသည်ဆိုပြီး ဒေါ်မမလတ်တို့ကို အထင်သေးရန် မရှိ။ ဒေါ်မမလတ်က စနစ်တကျ အစစအရာရာ ဦးဆောင် စီမံခန့်ခွဲမှုကြောင့် ပတ်ဝန်း ကျင်မှာ တင့်တင့်တယ်တယ် နေနိုင် စားနိုင်သော မိသားစုဖြစ်သည်။ အခုလို သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည် ရတုန်းမှာ ဒေါ်မမလတ်က ရိပ်သာဝင်ဖို့ စိတ်ကူးသည်။ သို့သော်လည်း အိမ်က လူများကို သူ စိတ်မချ။ သင်းတို့တွေက ဘာအလုပ်ပဲ လုပ်လုပ် အဖြစ်ကို မရှိကြ၊ သူ့ဆီလာလာပြီး အမေးအမြန်း ထူကြသည်။ ထို့ကြောင့် သင်းတို့အတွက် လုပ်စရာ ကိုင်စရာလေးတွေကို စာနှင့်ရေးပြီး စီမံပေးခဲ့မှ ဖြစ်မည်။ ထို့ကြောင့် သင်္ကြန်တွင်းအတွက် အခြောက်အခြမ်းလေးများ ဝယ်ခိုင်းထားရန်နှင့် ချက်ရမည့် ဟင်းအမည်များကို စဉ်းစားပြီး ချရေးလိုက်သည်။

ဈေးဝယ်ရန် စာရင်း

အကြိုနေ့ ...... ....... .......  ပဲဟင်းချိုနှင့် ငါးရံ့ခြောက် ဆီဆမ်း၊ သရက်ချဉ်သုပ်၊ ကန်စွန်းရွက်ကြော်
အကျနေ့ ...... ....... .......  ငါးနီတူခြောက်ကြော်၊ ဘူးသီးနှင့် ပုတက်စာဟင်းချို၊ ငါးပိရည်ဖျော်၊ တို့စရာ
အကြတ်နေ့ ...... ...... .... သီးစုံချဉ်ရည်ဟင်း၊ ငါးကြော်နှပ်နှင့် ငါးပိရည်ဖျော်၊ တို့စရာ
အတက်နေ့ ...... ...... ..... မြင်းခွာရွက်သုပ်၊ ချဉ်ပေါင်ရွက်ဟင်းချို၊ ငါးခြောက်အစပ်ကြော်

အင်း ... ဒီလောက်ဆို ရပြီထင်ပါရဲ့။ အသီးအရွက်ကိုတော့ မနက်စောစော အိမ်က တူမနှစ်ယောက်ကို သွား ဝယ်ခိုင်းရမည်။ သြော်... မေ့နေလို့ ကိုယ်က ရိပ်သာဝင်မှာဆိုတော့ အချိုရည်ပုလင်း၊ ထန်းလျက်၊ သကြား လုံးထုပ်၊ ထွန်းရွှေဝါ ဒဏ်ကြေလိမ်းဆေး၊ အစာမကြေ လေထိုးလေအောင့်အတွက် အစာကြေဆေးလည်း ဝယ်ခိုင်းထားရမည်။ ရေးထားသော စာရင်းစာရွက်ကို ကြည့်ပြီး ဒေါ်မမလတ် သေချာအောင် ထပ်စစ်ဆေး လိုက်သည်။ ပြီးတော့မှ ရိပ်သာကို ယူသွားရမည့် ပစ္စည်းများကို စဉ်းစားရသည်။

အရင်ဆုံး ဒေါ်မမလတ် အဝတ်ဗီရိုကို ဖွင့်လိုက်သည်။ အဝတ်ထပ်ထဲမှ အရိပ်ပန်းထည် အဖြူရောင်အင်္ကျီ အသစ် သုံးလေးထည်ကို ရွေးထုတ်လိုက်သည်။ ထို့နောက် သေတ္တာထဲမှ အနားတွင် အပွင့်ခပ်ရိပ်ရိပ် ပါသည့် ယောဂီလုံချည် သုံးထည်ကို ထုတ်လိုက်ပြီး လက်ဆွဲအိတ်ထဲသို့ သေသေသပ်သပ် စီရီ ထည့်လိုက် သည်။ ပြီးတော့ မျက်နှာသုတ်ပဝါတစ်ထည်၊ စိတ်ပုတီး၊ ယောဂီညိုရောင် အပွင့်နုပ်နုပ်ကလေးများ ပါသော တဘက်ပါးပါး တစ်ထည်နှင့် ကွန်ပျူတာ စိပ်ပုတီးကိုပါ ထည့်လိုက်သည်။ လိုအပ်သမျှ အားလုံးထည့်ပြီး သွားတော့ လက်ဆွဲအိတ်ကလေးကို အိပ်ရာဘေးနားမှာ အဆင်သင့် ချထားလိုက်သည်။ ညနေကျလျှင် တရားရိပ်သာသွားဖို့ အဆင်သင့်ပင်။


ထို့နောက် ဘုရားစင်ရှေ့ထိုင်ကာ ပြုနေကျ ဝတ်အတိုင်း ဘုရားရှိခိုး၊ သီလယူ၊ ပုတီးစိပ်၊ မေတ္တာဘာဝနာ ပွား များခြင်း၊ အမျှပေးဝေခြင်းများ ပြုလုပ်ပြီးချိန်မှာ နေ့ခင်း ၁၁ နာရီ ထိုးနေပြီ ဖြစ်သည်။ သူ အောက်ထပ်သို့ ဆင်းလာကာ မီးဖိုချောင်ထဲတွင် အလုပ်များနေသည့် ညီမအငယ်ဆုံးထံ လျှောက်သွားလိုက်သည်။

"ဘာဟင်းချက်ထားလဲ၊ ညီမ"

"ဝက်သားနဲ့အာလူး ချက်တယ် မလတ်၊ စားတော့မလား"

"ဟယ်! အဲဒီဟင်းတွေက ငါနဲ့မှ မတည့်တာ၊ ငါ့ကို ဆရာဝန်က ဝက်သားလည်း ရှောင်ခိုင်းထားတယ်၊ အာလူး ကိုလည်း လေးဖက်နာရောဂါရှိနေလို့ မစားရဘူးလို့ ပြောထားတာ၊ ငါ ပြောပြီးသားပဲ၊ အခု ငါက ဘာနဲ့စားရ မှာလဲ"

"မလတ်ရယ်၊ ဒါဆိုလည်း လက်ဖက်ကလေးတော့ ရှိတယ်၊ သုပ်ပေးရမလား"

"အေးပေါ့၊ အဲဒါပဲ စားရတော့မှာပေါ့၊ ငါနဲ့ မတည့်တာတွေ မချက်ပါနဲ့လို့ သေချာမှာထားရက်နဲ့ဟာ"

ညီမအငယ်ဆုံးက ဘာမှ ဆက်မပြောတော့ဘဲ လက်ဖက်သုပ်ဖို့ ပြင်ဆင်နေသည်။ ဒေါ်မမလတ်ကတော့ အနည်းငယ် ကျွဲမြီးတိုသွားသည်။ အဲဒါတွေကြောင့် သင်းတို့ကို ပြောနေရတာပေါ့။ ဘာကိုမှ အမှတ်အသား မရှိဘူး။ အိမ်ရှေ့ဘက် ပြန်ထွက်လာရင်းက ရုံးက သူငယ်ချင်းတစ်ယောက် ကြည့်ဖို့ ပေးထားတဲ့ ကိုရီးယား ဇာတ်လမ်းတွဲခွေ အပိုင်းသစ်ကို ကြည့်ဖို့ သတိရသည်။ အခုအချိန် ကြည့်မယ်ဆိုရင် ညနေ သုံးနာရီကျော် ဆို ပြီးနိုင်တာကြောင့် အခွေဖွင့်ကြည့်ဖို့ စိတ်ကူးနှင့် ရုံးသွားသည့် လက်ဆွဲခြင်းထဲမှ ခွေကို ထုတ်လိုက်သည်။ အဲဒီအချိန်မှာပဲ တူမအကြီးရဲ့ သီချင်းဆိုသံက လျှံထွက်လာသည်။ ကြည့်စမ်း၊ ဒီအသက်အရွယ်ပဲ ရှိနေပြီ မိုက်ခရိုဖုန်းနဲ့ သီချင်းကို အော်ဆိုနေတုန်း၊ သူမို့ ကိုရီးယားကား ကြည့်မယ် မပြင်လိုက်နဲ့ ပြင်လိုက်တာနဲ့ သင်းနဲ့ ခုလို အမြဲကြုံရတတ်သည်။ သင်းကလည်း သီချင်းဆိုချင်ရင် ကျန်တဲ့အချိန်တွေ ဆိုတာမဟုတ်ဘူး၊ ငါ ကိုရီးယားကား ကြည့်တော့မယ်ဆို သင်းက ရှုပ်ပြီ။ ဒေါ်မမလတ် စိတ်က ထောင်းကနဲ ဖြစ်သွားပြီး -

"ဟဲ့၊ နင် သီချင်းဆိုတာ နောက်မှဆို၊ အိမ်က အပိုင် သီချင်းခွေပဲ ဘယ်အချိန်ဆိုဆိုပေါ့၊ အခု ငါ ရုံးက ပေး လိုက်တဲ့ ကိုရီးယားကား ကြည့်မလို့၊ နင့်ဟာ ပိတ်လိုက်"

"ဟင်! လတ်လတ်ကလည်း ဘာမှ မဆိုင်ဘူး၊ သမီးက ဒီရုံးပိတ်ရက်မှ သီချင်းဆိုရတဲ့ဟာကို၊ လတ်လတ် ကြည့်ချင်ရင် နောက်မှကြည့်၊ သမီး ဒီတစ်ပုဒ် ပြီးအောင် ဆိုဦးမှာ"

"နင်တို့က လွန်ကို လွန်တယ်၊ ငါက နောက်မှ ကြည့်လို့ မရဘူးဟဲ့၊ ညနေ တရားစခန်းသွားမှာ၊ အဲဒါကြောင့် မသွားခင် အပြီးကြည့်မလို့၊ ရုံးပြန်တက်ရင် ဒီခွေက သူများကို ပြန်ပေးရမှာ"

"လတ်လတ်တို့ကတော့ မနိုင်ဘူး၊ ညနေ တရားရိပ်သာသွားမှာကိုများ ကိုရီးယားကား အပြီးကြည့်သွားဦး မယ်တဲ့၊ မှားပါတယ် မှားပါတယ်"

"တော်စမ်း၊ ငါ့ကို ပြန်မပြောနဲ့၊ ပိတ်ဆို ခု ပိတ်လိုက်၊ သွား၊ အနောက်မှာ နင့်အဒေါ်ကို သွားကူလုပ်ပေးလိုက်၊ တကတည်း အသက်ပဲ သုံးဆယ်ရှိနေပြီ၊ ဘာမှ ကူဖော်လောင်ဖက် မရဘူး၊ မိန်းကလေးတွေချည်းပဲ နေတဲ့ အိမ်တဲ့၊ ဖုန်တွေချည်းပဲ၊ စည်းကမ်းကို မရှိဘူး၊ သူများတွေ အိမ်လာလည်ရင် ဘယ်လောက်ရှက်စရာ ကောင်း လဲ"

"အမလေး ! တော်ပါပြီ လတ်လတ်ရယ်၊ သီချင်းလဲ မဆိုတော့ပါဘူး၊ နားညည်းအောင် ပြောမနေပါနဲ့တော့"

"ပြောလိုက်ရင် နင်တို့က အထေ့နဲ့ အငေါ့နဲ့၊ ပြောတဲ့သူက အဆိုးဖြစ်သေးတယ်"

တူမအကြီးက စူအောင့်အောင့်နှင့် ထထွက်သွားမှ ဒေါ်မမလတ် ကိုရီးယားခွေကို စက်ထဲထည့်ကာ တီဗွီရှေ့ တွင် ထိုင်ခုံချပြီး အကျအန ထိုင်ကြည့်တော့သည်။ ဇာတ်လမ်းကလည်း ကောင်းလှသည်။ သို့သော်လည်း အဓိဋ္ဌာန်ထားသည့် ပုတီးပတ်ရေက ဒီနေ့အတွက် မပြည့်သေးသည်မို့ လက်က ပုတီးစိတ်မပျက်စေရသလို မျက်စိကလည်း တီဗွီမှ မခွာရဲ။

"မလတ်! ထမင်းစားတော့လေ၊ ဆယ့်နှစ်နာရီ ခွဲတော့မယ်၊ မဆာသေးဘူးလား"

"အေး၊ စားမယ်လေ၊ နင့်လက်ဖက်သုပ်က ရပြီလား"

"ရတာ ကြာပေါ့၊ လက်ဖက်သုပ်တာပဲဟာ၊ ထမင်းစားဖို့ မလတ်တစ်ယောက်ပဲ ကျန်တာနော်၊ ညီမတို့ အကုန် စားပြီးပြီ"

"ဟင်! နင်တို့ကလည်း ငါ့ကိုတောင် မခေါ်ဘူး"

"ခေါ်ပါတယ် မလတ်ရယ်၊ မလတ်က ဇာတ်လမ်းထဲ စိတ်ရောက်နေတော့ ဘယ်ကြားမလဲ"

 "နင်တို့ခေါ်ရင် ငါက ဘာလို့ မကြားရမှာလဲ၊ အိမ်ရှေ့နဲ့ အိမ်နောက် ဘယ်လောက် ဝေးတာမှတ်လို့၊ ကဲ၊ ကဲ ငါ ထမင်းစားလိုက်ဦးမယ်၊ ခွေကို ခဏရပ်ထားဦးမှ၊ ပြီးမှ ဆက်ကြည့်မယ်"

"လတ်လတ်! သမီးတို့က Channel 7 က နေ့လယ် ၂ နာရီလာတဲ့ကား ကြည့်မှာနော်"

"နင်တို့ဟာက ညကျရင် ပြန်လာမှာ မဟုတ်လား၊ အဲဒီကျမှ ကြည့်ပေါ့၊ ငါ့ဇာတ်လမ်းက ပြီးတော့မှာ၊ တစ်ပိုင်း ပဲ ကျန်တော့တဲ့ဟာကို"

"ဟာ! လတ်လတ်ကလည်း ညဘက် ပြန်ပြပေမယ့် ညဆယ်နာရီလောက်မှ လာတာ၊ စောင့်မကြည့်ချင် ပါဘူး၊ အိပ်ရေးပျက်တယ်ဗျ"

"နင်တို့ဟာလေ၊ ငါနဲ့ကို အတိုက်အခံ တော်တော်လုပ်ချင်တယ်၊ ငါက ညနေဆို တရားရိပ်သာသွားမှာပါ ဆို၊ နောက်နေ့တွေကျမှ နင်တို့ စိတ်ကြိုက် ကြည့်ကြပေါ့"

ညီမနှင့် တူမများ ပွစိပွစိနှင့် မကျေမနပ် ဖြစ်သွားကြသော်လည်း ဆက်မပြောကြတော့။ ဒေါ်မမလတ်လည်း ထမင်းစားရင်းနှင့် ဇာတ်လမ်းကို ဆက်ကြည့်နေလိုက်သည်။ ဇာတ်လမ်းပြီးသွားချိန်တွင် ဒေါ်မမလတ် မျက် လုံးတွေ အတော်ညောင်းနေပြီ ဖြစ်သည်။ လူကလည်း စိတ်ဝင်တစားနှင့် ကြည့်နေမိသောကြောင့် အညောင်းဆန့်လိုက်ပြီး ဘေးတွင် ချထားသော ထမင်းပန်းကန်ကို ယူကာ ဆေးကြောလိုက်သည်။ ပြီးတော့ နာရီကို မော့ကြည့်လိုက်တော့ ညနေ သုံးနာရီ ခွဲခါနီးရှိပြီဖြစ်သည်။ တရားစခန်းသွားဖို့ အချိန်စောသေးတာမို့ တရေးတမော အိပ်လိုက်ဦးမည်ဟု စဉ်းစားသည်။ ထို့နောက် သင်ဖြူးဖျာလေးကို ဆွဲယူခင်းကာ လှဲချ လိုက်တော့သည်။

ဒေါ်မမလတ် မည်မျှကြာအောင် အိပ်ပျော်သွားသည် မသိ၊ ညီမတစ်ယောက် လာနှိုးမှ လန့်နိုးလာသည်။

"မလတ်! မလတ်! ထတော့လေ၊ လေးနာရီခွဲနေပြီ၊ မလတ် တရားစခန်း သွားမလို့ဆို"

"ဟယ်! ဟုတ်ပါရဲ့၊ ငါ မှေးခနဲ အိပ်ပျော်သွားတာ ကြည့်စမ်း၊ အချိန်မီလေးပဲ၊ မြန်မြန် ရေချိုးဦးမှ"

ကမန်းကတန်း ရေမိုးချိုးပြီး သနပ်ခါးခပ်ပါးပါး လိမ်းလိုက်သည်။ ပြီးတော့ ချည်သားထည် ဘလောက်စ် အင်္ကျီ နံ့သာရောင်ဖျော့ဖျော့နှင့် ယောဂီထမီကို သပ်သပ်ရပ်ရပ် ဝတ်ဆင်လိုက်သည်။ လည်ကုပ်ထိရုံမျှ ရှိသော ဆံပင်ကို ဆံညှပ်တစ်ခုဖြင့် စုသိမ်း ညှပ်ထားလိုက်သည်။ မှန်ထဲမှ ကိုယ့်ရုပ်သွင်ကို တစ်ချက်စစ်ဆေးလိုက်ပြီး စိတ်တိုင်းကျပြီဆိုတော့မှ အိပ်ရာဘေးက လက်ဆွဲအိတ်ကလေးကို လှမ်းယူလိုက်သည်။

"ဟင်!"

ဒေါ်မမလတ် မျက်လုံးပြူးသွားသည်။ လက်ထဲမှ စေးထန်းထန်း အထိအတွေ့ကြောင့် လက်ဆွဲအိတ်ကို လွှတ် ချလိုက်ပြီး လက်ကို ဖြန့်ကြည့်လိုက်သည်။ သူ့လက်တွင် စိုစွတ်စေးကပ်သော အရည်တချို့ကို တွေ့လိုက်ရ သည်။ ဒေါ်မမလတ် ဒေါသတွေ တထောင်းထောင်း ထွက်လာသည်။ ဒါ...ဒါ...ဟို အကျင့်ယုတ်တဲ့ ကြောင်၊ သင်းလက်ချက်ပဲ ဖြစ်ရမယ်၊ ဘယ့်နှယ့် သူများတကာ ကုသိုလ်ကောင်းမှု သွားလုပ်ရင် ယူသွားဖို့ အသင့်ပြင် ထားတဲ့ အိတ်ကိုမှ စည်းမရှိ ကမ်းမရှိ သေးလာပန်းထားရတယ်လို့၊ တယ်လေ.....။ တွေးရင်း တွေးရင်း ဒေါသ က ပိုပိုထွက်လာသည်။ စိတ်တိုတိုနှင့် ခပ်ကျယ်ကျယ် အော်ပစ်လိုက်သည်။

"ဟဲ့! ဟိုအကျင့်ယုတ်တဲ့ ကြောင်စုတ် ဘယ်မလဲ၊ ကြည့်စမ်း! ငါ ရိပ်သာသွားဖို့ ပြင်ထားတဲ့ လက်ဆွဲအိတ် ကိုမှ ရာရာစစ သေးလာပန်းတဲ့ကြောင်၊ ဘယ်သူမှ မသိကြဘူးလားဟင်၊ အဲဒါကြောင့် ငါ ပြောတာ၊ ဒီလို စည်းမရှိ ကမ်းမရှိတဲ့ ကြောင်စုတ်ကို အိမ်ကို အလာမခံပါနဲ့လို့ ဘယ်နှခါ ပြောရမလဲဟင်၊ အခု ကြည့်စမ်း၊ ငါ့ အဝတ်တွေတော့ ပေကုန်ပါပြီ၊ ဘယ်မလဲ ... အဲဒီကြောင် အစုတ်ပလုတ်၊ ငါနဲ့တွေ့မယ် ဟင်း"

ဒေါ်မမလတ်၏ ဒေါသတကြီး အော်ပြောသံကြောင့် ညီမအငယ်ဆုံး ပြေးထွက်လာပြီး  -

"မလတ်! မလတ်! စိတ်လျှော့ပါ မလတ်ရယ်၊ ညီမ အိတ်အသစ်တစ်လုံးနဲ့ ပြန်ထည့်ပေးမယ်လေ၊ ပေး၊ ပေး"

"တော်ပြီ၊ တော်ပြီ၊ အိတ်အသစ် လဲထည့်ပေးလည်း ငါ့အဝတ်တွေက သေးတွေ စိုကုန်ပြီ၊ ဒီမှာ ကြည့်ပါဦး၊ နင် အနံ့မရဘူးလား၊ ဒီသင်္ကြန်တွင်းမှာ ဝတ်ဖို့ ငါ သေသေချာချာ ပြင်ဆင်ထားတဲ့ဟာကို၊ တွေ့မယ် အဲဒီကြောင် စုတ်၊ လာစမ်းပါစေဦး၊ ရိုက်ထုတ်ပစ်လိုက်မယ်၊ ငါ့များ ဘာမှတ်နေလဲ"


+++++++

အဲဒီလိုနဲ့ အဆုံးသတ်ကတော့ အားလုံး မျှော်လင့်ထားသလို ဒေါ်မမလတ်တစ်ယောက် တရားရိပ်သာ မသွားဖြစ်တော့ပေမယ့် သင်္ကြန်ရက်များမှာ မနက်ပိုင်း ပြုမြဲ ဘုရားဝေယျာဝစ္စ ပြီးစီးသည်နှင့် တီဗွီရှေ့တွင် အခန့်သားထိုင်လျက်၊ လက်တွင်လည်း အဓိဋ္ဌာန်ပုတီး အစိပ်မပျက်၊ အိမ်တွင် ရှိသမျှ ကိုရီးယားဇာတ် လမ်းတွဲများကို တစ်ချပ်ပြီးတစ်ချပ် သည်းခံ စိတ်ရှည်စွာဖြင့် မထတမ်း အားပေးကြည့်ရှုနေသည်ကို တွေ့ရ ပါတော့သတည်း။    ။




စာဖတ်သူအားလုံး မဟာသင်္ကြန်ရက်မှာ ဒေါသ မောဟများ ကင်းဝေးပြီး
အေးချမ်းပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


ခင်မင်လေးစားလျက်

မြဝတီဇော်











Tuesday, April 9, 2013

မနှောင်းသေးသော အသိ


လက်ထဲမှာ ကိုင်ထားတဲ့ Phone Screen ပေါ်က Call Ended ဆိုတဲ့ စာလေးကို ကြည့်ရင်း မျက်ရည်ဝဲလာ မိသည်။ စောစောတုန်းက စိတ်ကိုတင်းပြီး စကားပြောနေရသော်လည်း အသံက ဟန်မဆောင်နိုင်စွာ တုန်ခါနေမှန်း ကိုယ့်ကိုယ်ကိုယ် သတိထားမိသည်။ ဘာကြောင့် ခုချိန်ထိ ကျွန်မတို့နှစ်ယောက်ကြားမှာ နား လည်မှုက လွဲနေရသေးတာလဲ။ ဘာလို့ စကားပြောလိုက်တိုင်းမှာ အထစ်အငေါ့က တစ်ခုမဟုတ် တစ်ခု ရှိနေရတာလဲ။ အချိန်တွေ အကြာကြီး ခွဲနေကြရပြီးမှ တစ်ယောက်အသံ တစ်ယောက် ကြားရတဲ့ ခုလို မိနစ်ပိုင်းလောက် အချိန်ကလေးမှာတောင်မှ ကျွန်မတို့ ဘာလို့ စကားလုံးတိုင်းကို အမှား မခံနိုင် ဖြစ်နေကြ ရတာလဲ။ ဝမ်းနည်းစိတ်ကြောင့် ရင်ထဲမှာ တင်းကျပ်လာသည်။

+ + + + + + +

သည်နေ့မနက် ရုံးရောက်တော့ ထုံးစံအတိုင်း ကျွန်မရဲ့ အလုပ်စားပွဲကို သန့်ရှင်းရေးလုပ်နေစဉ် ဖုန်းမြည် လာသည်။ Screen ပေါ်က နံပါတ်ကို ကြည့်လိုက်တော့ 0061 နှင့်စသော Oversea call ဖြစ်နေ၍ ဝမ်းသာသွား သည်။ ထင်သည့်အတိုင်း "သူ" ဖြစ်နေသည်။ သူ့အသံကို ကြားလိုက်ရတဲ့ အခိုက်အတန့်ဟာ ကျွန်မ အတွက်တော့ အရာအားလုံးကို မေ့လျော့သွားစေခဲ့ပါသည်။ အလုပ်ချိန် ဖြစ်နေသောကြောင့် ညဘက်မှ ဖုန်း ပြန်ခေါ်မယ့်အကြောင်း ချိန်းဆိုပြီး ဖုန်းချလိုက်သည်။ ထိုနေ့တစ်နေ့လုံး ကျွန်မစိတ်တွင် အချိန် မြန်မြန် ကုန်ပါစေတော့လို့ ဆုတောင်းနေမိသည်။ လူကသာ အလုပ်လုပ်နေသော်လည်း သူများတွေ သတိထား မိလောက်အောင် မျက်နှာက ပျော်ရွှင်မှုကို ဖုံးဖိမရ ဖြစ်နေသည်။ သည်လိုနှင့် ကျွန်မ မျှော်လင့်နေသော ညနေ ရုံးဆင်းချိန် ရောက်လာပါသည်။ ရုံးက အပြန် ကားစီးလာရင်း ကားလမ်းတွေ ပိတ်နေသည့်အခါ စိတ်စောကာ ခါတိုင်းနေ့များထက် စိတ်မရှည်နိုင် ဖြစ်ရသေးသည်။ တော်ကြာ သူအကြာကြီး စောင့်နေရလို့ စိတ်ဆိုးသွားရင် ဒုက္ခ။

အိမ်ပြန်ရောက်သည်နှင့် ကမန်းကတန်း ရေမိုးချိုး ညစာစားပြီးသည်နှင့် ဖုန်းမှ အင်တာနက်လိုင်း ဖွင့်လိုက် သည်။ သူရောက်နေသည့် နိုင်ငံမှာ ကျွန်မတို့ဆီမှ အချိန်နှင့်ဆိုလျှင် တစ်နာရီခွဲမျှ စောသည်။ ထို့ကြောင့် ကျွန်မဘက်တွင် ညရှစ်နာရီမျှ ရှိသေးသော်လည်း သူ့ဘက်တွင်တော့ ညကိုးနာရီခွဲ ရှိနေပြီဖြစ်သည်။ ထိုနေ့ က အင်တာနက်လိုင်း ကောင်းနေသောကြောင့် စကားပြောရသည်မှာ အဆင်ပြေသည်။ လိုင်းကျသွား ရင်တော့ ကျွန်မတို့ စကားဖြင့် မပြောတော့ဘဲ မက်ဆေ့ခ်ျ အပြန်အလှန်ပို့ရင်း စကားပြောကြသည်။ အစ ပိုင်းတော့ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် စကြ နောက်ကြနှင့် အလွမ်းသယ်ကြသည်။ နောက် စကားပြောနေရင်း ကျွန်မက သူပြန်လာတဲ့အခါ ကျွန်မတို့နှစ်ယောက် အိမ်ခွဲနေကြဖို့ တိုင်ပင်သည်။ လက်ရှိ မှာ ကျွန်မက သူ အလုပ်သွားလုပ်သည့်အခါတိုင်း ကိုယ့်အိမ်ကိုယ် ပြန်နေပြီး သူပြန်ရောက်လာမှ သူ့အိမ်တွင် လိုက်နေခြင်း ဖြစ်သည်။ သူက တစ်ဦးတည်းသော သားမို့ သူ့အိမ်တွင် လိုက်နေရခြင်းမှာ ကျွန်မအတွက် သိပ်တော့ အပန်းမကြီးပါ။ သို့သော်လည်း သူအလုပ်သွားလုပ်ချိန်မှာတော့ ကျွန်မက သူ့အိမ်မှာ မနေခဲ့ ချင်။ နောက်တစ်ခုမှာ သူ့အိမ်နှင့် ကျွန်မအိမ်မှာ လမ်းလျှောက်သွားလျှင် ၁ဝ မိနစ်မျှသာ ကြာသော အကွာ အဝေးတွင် ရှိသောကြောင့်လည်း ဖြစ်သည်။

ထိုအကြောင်းနှင့် ပတ်သက်ပြီး ပြောရင်းမှ သူနှင့်ကျွန်မ အယူအဆ လွဲတော့သည်။ သူက ကျွန်မကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ရန် ဘယ်လိုမှ စိတ်မချ။ သူက သူရှိနေတဲ့အချိန်ဆို အကြောင်းမဟုတ်သော်လည်း သူအလုပ်သွားလုပ်သည့် အချိန်တွင်တော့ အိမ်တွင် ကျွန်မတစ်ယောက်တည်း ကျန်ခဲ့မည်ကို စိတ်ပူသည်။ ကျွန်မအတွေးကျတော့ တစ်မျိုး။ အခုလို ကျွန်မတို့နှစ်ယောက် လွတ်လွတ်လပ်လပ်ရှိတုန်း ဟိုဘက်အိမ် သည်ဘက်အိမ် တစ်လှည့်စီ နေသည်က အကြောင်းမဟုတ်သော်လည်း မိသားစုဘဝ ဖြစ်လာသည့်အခါ တွင်တော့ ဟိုဘက်အိမ် သည်ဘက်အိမ် သွားလိုက်ပြန်လိုက်နှင့် အလုပ်မရှုပ်ချင်၊ ကိုယ့်မိသားစုလေးနှင့် ကိုယ် အေးချမ်းစွာ အတည်တကျ နေလိုသည်။ သည်မှာတင် သူနှင့်ကျွန်မ ကတောက်ကဆ ဖြစ်တော့သည်။

ထုံးစံအတိုင်း သူကလည်း သူ့သဘောထားကိုသာ လိုက်နာစေချင်သည်။ ကျွန်မကလည်း ကိုယ်က မှန်တယ် ထင်လျှင် အလျှော့မပေးဘဲ ခေါင်းမာတတ်သူမို့ နှစ်ယောက်သား စကားနိုင်လုကြသည်။ နောက် ဆုံးတော့ နှစ်ယောက်စလုံးက မာနလေးတွေ ကိုယ်စီနှင့် စကား ဆက်မပြောကြတော့။ လက်ထဲက ဖုန်း Screen ကို ကြည့်ပြီး သူ့ဘက်က ဘာများ ပြောလာမလဲလို့ တိတ်တခိုး စောင့်မျှော်မိသည်။ သူလည်း ကျွန်မ လိုပင် ဖြစ်နေမည်ကို ကျွန်မ သိနေသည်။ ဒါပေမယ့် ကျွန်မတို့ရဲ့ မာနတွေက တစ်ယောက်ကို တစ်ယောက် က အလျှော့ပေးလိုက်ဖို့ကို တားဆီးနေသည်။ နောက်တော့ သူက ဓာတ်ပုံလေးတစ်ပုံ ပို့လိုက်သည်။ ကြည့် လိုက်တော့ ချစ်စဖွယ် ကလေးမငယ်လေးပုံ။ ကျွန်မ ကလေးချစ်တတ်မှန်းသိ၍ ချော့သည့်အနေနှင့် ပို့ လိုက်ခြင်းဖြစ်ကြောင်း သိသာသည်။ သို့သော်လည်း ကျွန်မက သူ့ကို အနည်းငယ် ရစ်ချင်၊ ရန်စချင်နေတဲ့ အချိန်မို့ -

"ကလေးပုံလေးက ချစ်ဖို့တော့ ကောင်းပါတယ်၊ ဒါပေမယ့် သူ့အဖေနဲ့ တူလို့ထင်တယ်၊ နှုတ်ခမ်းကို ထော်နေ တာပဲ" လို့ ရေးလိုက်တော့ သူက -

"နှုတ်ခမ်းထော်တာကမှ ချစ်စရာကောင်းသေးတယ်၊ သူ့အမေလို ကောက်တေးမဖြစ်ရင် ပြီးရော" ဆိုပြီး ချေပ တယ်။ ကျွန်မက -

"ဘာမှ ကောက်တေး မဟုတ်ဘူး နော်၊ သူ့အဖေလို ပေကတ်ကတ်နဲ့ ဂျစ်တိဂျစ်ကန် မဖြစ်ဖို့သာ လိုတာ"

ကျွန်မ အဲဒီလို စကားနိုင်လု ပြောတော့ သူက ဘာမှ ထပ်မပြောတော့ဘဲ ဓာတ်ပုံလေးတစ်ပုံ ထပ်ပို့လိုက်ပါ တယ်။ အဲဒီပုံလေးက သူနှင့်ကျွန်မ ချစ်သူဘဝက ရိုက်ထားတဲ့ Sticker ပုံလေး။ ထိုပုံလေးက သူ့ပိုက်ဆံအိတ် ထဲမှာ အမြဲ ထည့်ထားနေကျ ပုံလေးဖြစ်သည်။ နှစ်ယောက်သားရဲ့မျက်နှာမှာ အပြုံးကိုယ်စီနှင့်။  ကျွန်မက -

"အဲဒီတုန်းကတော့ ဘဝဆိုတာ ဘာမှန်း မသိသေးတဲ့ အချိန်ပေါ့"

လို့ စာရေးပြီး သူ့ကို ရန်စ,လိုက်တော့ သူက -

"ခုတော့ ဘဝဆိုတာ ဘာမှန်း သိသွားပြီပေါ့"

ဆိုပြီး ညစ်ကျယ်ကျယ် ပြန်ရေးတယ်။ ဒါနဲ့ ကျွန်မက -

"ဟုတ်တယ်၊ ခုတော့ သိသွားပြီလေ၊ ကိုယ့်ယောက်ျားက အရမ်းချစ်တယ်ဆိုပြီး သွေးနားထင် ရောက်နေတာ၊ ခုမှ အဲဒီအထင် မှားမှန်း သိရတယ်၊ အရာရာကို သူ့သဘောကျအတိုင်းပဲ ဖြစ်စေချင်နေတာကိုး"

"မင်းကွာ၊ အဓိပ္ပာယ် မရှိတာ၊ မင်းကို အလိုမလိုက်တာနဲ့ပဲ လျှောက်ပြောနေတယ်၊ အရူးမ"

"ဟုတ်နေတာပဲကို"

"တော်ပြီကွာ၊ မင်းနဲ့ ဆက်ပြီး မပြောချင်တော့ဘူး၊ မင်းလဲ အိပ်တော့"

သူက အဲဒီလို စာတိုလေးပို့ပြီး မကြာခင် Good Night! ဆိုတဲ့ ရုပ်ပြောင်ကာတွန်းလေးတစ်ခု ပို့လိုက်တယ်။ အဲဒီနောက် ကျွန်မ ထပ်ပို့တဲ့ စာတိုလေးတွေ၊ ရုပ်ပြောင်လေးတွေကို စာမပြန်သလို ကျွန်မ ဖုန်းခေါ်တော့ လည်း သူ့ဘက်က ဖုန်းမကိုင်တော့ပါဘူး။ အချိန်က ည ၁၁း ၃ဝ ရှိနေပြီမို့ သူ့ဘက်တွင် ည ၁ နာရီ ထိုးနေပြီဖြစ်သည်။ ထို့ကြောင့် ကျွန်မ ဘာမှ ဆက်မပြောတော့ဘဲ အင်တာနက်လိုင်း ပိတ်လိုက်တော့သည်။ အိပ်လို့ကတော့ ဘယ်လိုမှ မပျော်။

နောက်တစ်နေ့မနက် အိပ်ရာနိုးတော့ လူက ခေါင်းတွေအုံပြီး စိတ်မကြည်မလင် ဖြစ်နေသည်။ မနေ့က သူ ဘာလို့ စကားပြန်မပြောတော့တာလဲ၊ တကယ်ပဲ သူအိပ်ချင်လို့ စကားဖြတ်လိုက်တာလား၊ ဘာပဲပြောပြော ကိုယ်ချစ်လို့ ယူထားတဲ့ ချစ်သူတစ်ယောက်ဖြစ်ပြီး ခုလို ကိုယ့်ကို တုံးတိတိ စကားစ ဖြတ်လိုက်တာကို စိတ်ထဲမှာ ဘဝင်မကျခြင်းက တစ်ဖက်၊ မခံချင်စိတ်က တစ်ဖက် ခံစားနေရသည်။ ကျွန်မကို အရေးအရာ မထားဘူးဆိုတဲ့ သဘောမျိုး လုပ်တာလား၊ ဘာဖြစ်လို့ စကားတောင် ပြန်မပြောနိုင်ရတာလဲ။ ကျွန်မ ပြောတဲ့ စကားထဲမှာ သူစိတ်ဆိုးစရာ ဘာများ ပါသွားလို့လဲလို့ တွေးမိရင်းက အိပ်ရာဘေးမှ ဖုန်းကို လှမ်းယူပြီး မနေ့က သူနှင့် အပြန်အလှန် ပို့ခဲ့ကြသော မက်ဆေ့ခ်ျများကို ပြန်ဖတ်ဖို့ ဖုန်းမှ အင်တာနက်ကို ဖွင့်လိုက် သည်။ မထင်မှတ်ဘဲ ကျွန်မ တွေ့လိုက်ရတာက သူ့ဆီက မက်ဆေ့ခ်ျအသစ် လေးငါးစောင်။ စိတ်လှုပ် ရှားခြင်း တစ်ဝက်၊ သိချင်စိတ်တစ်ဝက်နှင့် သူ့မက်ဆေ့ခ်ျများကို တစ်စောင်ချင်း ဖတ်ကြည့်လိုက်သည်။

"အိပ်တော့လေ၊ တော်ကြာ အိပ်ရေးပျက်ရင် သွေးပေါင်ကျတယ် ဖြစ်ဦးမယ်"

"ပြောစကားလည်း တစ်ခွန်းမှ နားမထောင်ဘူး၊ ပြောပြန်ရင်လည်း စိတ်က ကောက်သေး တယ်၊ ကောက်တေးမလေး၊ ပြောတော့ မအိပ်ချင်သေးဘူးဆိုပြီး အခုတော့ Good Night! တဲ့"

"လိုင်းမကောင်းတော့ဘူးကွ၊ ပို့ထားတဲ့ မက်ဆေ့ခ်ျက အကြာကြီးနေမှ ထွက်သွားတယ်"

"အခု ကိုယ်တို့သင်္ဘောလည်း ထွက်နေပြီ၊ ကျန်းမာရေး ဂရုစိုက်၊ အရမ်းချစ်တယ်နော်၊ Bye Bye!"

သူပို့ထားတဲ့ မက်ဆေ့ခ်ျများကို ဖတ်ရင်း ပျော်ရွှင်ကြည်နူးမှုကြောင့် မျက်ရည်ဝဲမိသည်။ ကျွန်မက သူ့ကို စိတ် ဆိုး စိတ်ကောက်ပြီး သူနှင့် အဆက်အသွယ်ရလို့ ဖုန်းချခါနီးတိုင်း ပို့နေကျ "ကျန်းမာရေး ဂရုစိုက်၊ အရမ်း ချစ်တယ်နော်" ဆိုတဲ့ စာတိုကလေးကို မပို့ခဲ့သော်လည်း သူကတော့ ကျွန်မနှင့် စိတ်အခန့်မသင့် ဖြစ်တဲ့ အချိန်၊ ခရီးဝေးကွာလွန်းလို့ လေးလံ နှေးကွေးသွားပေမယ့် Connection ရနေတုန်း အချိန်လေးမှာတောင် သတိတရနှင့် အပြန်အလှန် ပို့မြဲ နှုတ်ဆက်စာတိုလေးကို ပို့ပေးခဲ့သည်။ သူပို့လိုက်တဲ့ မက်ဆေ့ခ်ျလေးများ ကို ထပ်တလဲလဲ ဖတ်ရင်း ကျွန်မ နောင်တရနေမိသည်။

တကယ်တော့ ကျွန်မတို့နှစ်ယောက်လုံးမှာ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ပြီး ညီတူညီမျှ ချစ်ခင် ကြသော်လည်း နှစ်ဦးနှစ်ဖက် အမြင်မတူသည့် အခါတိုင်းမှာ ရင်ထဲက သံယောဇဉ်တွေကို ကွယ်ဝှက်ပြီး မာနလေးတွေ ကိုယ်စီနှင့် စကားအနိုင်လုပ် ပြောခဲ့ကြသည်။ သူကလည်း အိမ်ထောင်ဦးစီးဖြစ်သည့် သူ့ ဆုံးဖြတ်ချက်ကိုသာ ကျွန်မက လိုက်နာစေချင်သလို ကျွန်မကလည်း ကျွန်မသဘောထားကို သူက နား လည်မှုနှင့် လိုက်လျောပေးစေချင်ခဲ့သည်။ ဆိုရလျှင်တော့ ကျွန်မတို့နှစ်ယောက်သည် ကိုယ့်ချစ်သူ စိတ် ချမ်းသာဖို့ထက် ကိုယ့်ဆန္ဒ၊ ကိုယ့်ခံစားချက်များကိုသာ ရှေ့တန်းတင်ခဲ့ကြသည်။ ဘယ်လို ဖြစ်သင့်သည် ဆိုသည်ကို နှစ်ယောက်စလုံး သိသော်လည်း အချင်းချင်း ယခုထက်ပိုပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်မှု အားနည်းခဲ့ကြသည်။

အခုတော့ ကျွန်မ ဆုံးဖြတ်လိုက်ပါပြီ။ ကိုယ်လိုချင်တာတစ်ခုကို ရယူလိုမှု လောဘတွေနှင့် အတင်းကာရော ကြိုးစားနေသမျှ ဘယ်လိုမှ ရနိုင်မည် မဟုတ်မှန်း လက်တွေ့ သိခဲ့ရပြီ။ လူ့သဘာဝအရ မရနိုင်လေ၊ လို ချင်လေ၊ ကြိုးစားလေ၊ ကိုယ်ပဲ စိတ်ပင်ပန်း ဆင်းရဲလေ ဖြစ်ရသည်ကိုလည်း ငြီးငွေ့လှပြီ။ ထို့ကြောင့် သူက ဦးဆောင်၍ လျှောက်လှမ်းသွားမည်ဆိုသည့် လမ်းတိုင်းကို သူ့နောက်က အေးငြိမ်းသက်သာစွာ အစဉ် တစိုက် လိုက်ပါတော့မည်။ နှစ်ယောက်အတူ လျှောက်လှမ်းရမည့် ဘဝခရီးလမ်းရှည်ကြီးမှာ ဘေးချင်းယှဉ်၍ အတူဖေးမ လျှောက်လှမ်းနိုင်ခွင့် မရခဲ့လျှင်လည်း သူ့လက်ကိုတွဲလို့ နောက်တော်ပါးမှ  နောက်လိုက်ကောင်း တစ်ယောက်အဖြစ် တစ်ဖဝါးမှ မခွာ အသာတကြည် လိုက်နိုင်ဖို့သာ ကြိုးစားပါတော့မည်။

ဖတ်ဖူးသည့် စာစုတစ်ခုတွင် ပါရှိသည့်အတိုင်း "အမျိုးသားတွေဟာ သူတို့ကို အားကိုးအားထားပြုတဲ့ အိမ်ထောင်ဖက်မျိုးကိုသာ အလိုရှိတတ်ကြပြီး လိမ္မာပါးနပ်သည့် အမျိုးသမီးများသည် တစ်ခါတစ်ရံ မိမိကိုယ် ကိုယ် တုံးအ,တတ်ဖို့ လိုသည်" ဆိုခြင်းကို အခုတော့ ကျွန်မ သိလိုက်ပါပြီ။

ကျွန်မရဲ့အသိ အချိန်မနှောင်းသေးဘူး ထင်ပါရဲ့နော်... ..... .....။








Monday, March 11, 2013

ကြိုတင် အသိပေး တောင်းပန်ခြင်း



စာဖတ်သူများအားလုံး မင်္ဂလာပါရှင့်။ ကျွန်မရဲ့ ဘလော့လေးမှာ ပို့စ်အသစ်တွေ မတွေ့လို့ စာဖတ်သူများ စိတ်ပျက်နေကြပြီလားရှင်။ တကယ်တော့ ကျွန်မမှာ ကွန်ပျူတာနဲ့ပတ်သက်တဲ့ စာမေးပွဲတစ်ခု ဖြေဖို့ နီးကပ်နေတာကြောင့် ကျွန်မရဲ့ဘလော့လေးကို လှည့်မကြည့်နိုင် ဖြစ်နေရတာပါ။ အဲဒီအတွက် စာဖတ် သူများကို အနူးအညွတ် တောင်းပန်ပါတယ်နော်။ နောက်ပြီး ကျွန်မက ကိုယ်တိုင်လည်း စာရေးဖို့ အချိန် မပေးနိုင်သလို ဘလော့ဂါမောင်နှမ၊ ညီအစ်မများရဲ့ စာတွေကိုလည်း ဝင်ဖတ်ဖို့အတွက် အချိန် မပေးနိုင်သေးဘူး ဖြစ်နေပါတယ်။ အလုပ်တစ်ဖက်၊ ကျောင်းစာတစ်ဖက်နဲ့မို့ အလုပ်အတွက်လည်း မလစ် ဟင်းစေရအောင် ကြိုးစားရသလို ကျောင်းစာကိုလည်း မပေါ့ဆရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီစာမေး ပွဲသာ အောင်မြင်သွားရင် တစ်နှစ်တာလုံး ပင်ပန်းခဲ့သမျှတွေအတွက် အရာထင်စေမယ့် နောက်ထပ် ဘွဲ့တစ်ခုကို လက်ဝယ်ပိုင်ပိုင် ရရှိမှာ သေချာနေလို့ပါပဲ။ ဒါကြောင့် အောင်မြင်မှုနဲ့ လက်တစ်ကမ်း မှာ ရောက်နေတဲ့ အခုလို အခိုက်အတန့်လေးမှာတော့ ကျွန်မ အစွမ်းကုန် ကြိုးစားလိုက်ပါဦးမယ်။ ဒါကြောင့် ဒီနေ့စပြီး နောက်တစ်လနီးပါး ကျွန်မရဲ့ ဘလော့လေးမှာ စာအသစ်တွေ မတင်နိုင်သေးပါဘူး ဆိုတဲ့ အကြောင်း စာဖတ်သူများကို လေးစားစွာနဲ့ ကြိုတင် အသိပေးလိုပါတယ်ရှင်။ အားလုံးပဲ နေ့ရက်တိုင်း ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။


စာဖတ်သူအားလုံးကို ခင်မင် လေးစားလျက်

မြဝတီဇော်

Thursday, February 21, 2013

နေခြည်အောက်မှာ လမ်းပျောက်သူ



ဒီနေ့ ကျွန်မ ရုံးသို့အလာ လမ်းမှာ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ပါတယ်။ အဲဒီသူငယ်ချင်းက ကျွန်မ တို့ သူငယ်ချင်း ခုနစ်ယောက်ထဲမှာ အငယ်ဆုံး ဆိုပါတော့။ သူက ကျွန်မနဲ့ ငါးတန်းကတည်းက ခင်မင်လာခဲ့ ကြတာပါ။ သူနဲ့ကျွန်မ မတွေ့ဖြစ်ကြတာ နှစ်နှစ်နီးပါးလောက် ရှိနေပါပြီ။ ဒါကြောင့် တွေ့တုန်းတွေ့ခိုက် သာကြောင်းမာကြောင်း စကားပြောဖြစ်ကြပါတယ်။ အဲဒီမှာ သူငယ်ချင်းက အခု သူအလုပ်သစ်တစ်ခု ဝင် လုပ်နေပြီ ဆိုတဲ့အကြောင်း၊ သူ့အတွက် အရမ်းပင်ပန်းကြောင်း၊ သူ့မှာ အစာအိမ်ရောဂါ ရှိတာကြောင့် ရုံးမှာ စည်းကမ်းအရ အချိန်နဲ့ ထမင်းစားရတဲ့အခါ သူ့ဗိုက်က နေ့စဉ်ရက်ဆက်ဆိုသလို အောင့်နေရကြောင်း၊ သူ အခုလို အစာအိမ်ရောဂါ ခံစားနေရတာကြောင့် စိတ်ဆင်းရဲလွန်းလို့ သူငယ်ချင်းတွေအားလုံးထဲမှာ သူပဲ အရင်သေမှာဖြစ်ကြောင်း စသဖြင့် စောစောစီးစီး ရေပက်မဝင် ပြောဆို ညည်းတွားပါတော့တယ်။ ကျွန်မ လည်း သူ့ကို နှစ်သိမ့်စကား ပြောပြီး ကျွန်မရဲ့ ဖုန်းနံပါတ်ကို ပေးလိုက်ကာ နှုတ်ဆက်ပြီး ရုံးကို လာခဲ့ပါတယ်။

 ရုံးကို ရောက်တော့ ကျွန်မရဲ့စိတ်က သူ့အကြောင်းကိုပဲ တွေးမိနေပါတော့တယ်။ အဲဒီ သူငယ်ချင်းလေးဟာ ငယ်စဉ်တုန်းက ထက်မြက်သွက်လက်သလို စာလည်း တော်တဲ့သူပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ သူနဲ့ ဆုံဖြစ် တိုင်း သူ့မှာ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာ၊ စိတ်မချမ်းသာစရာတွေနဲ့ အမြဲပြည့်နှက်နေတယ်လို့ သူက ပြော ပါတယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က သူ အိမ်မပြောင်းခင် ကျွန်မအိမ်ကို သူ ညတိုင်းနီးပါး လာလည် တတ်တယ်။ အဲဒီအချိန်တွေတုန်းက သူပြောပြတာတွေက သူ့မှာမှ ရောဂါတစ်ခုမဟုတ် တစ်ခု ဖြစ်နေတဲ့ အကြောင်း၊ အဲဒီအတွက်လည်း သူ့မှာ ဆေးခန်း ခဏခဏ သွားရကြောင်း၊ သူ သွားပြနေကျ ဆေးခန်းက ဆရာဝန်က သူခံစားရတာတွေ ပြောပြတာကို ဆုံးအောင်ပင် နားမထောင်ဘဲ စိတ်ကို အေးအေးထားပြီး အိပ်ရေးဝဝ အိပ်ဖို့သာ ပြောကြောင်း၊ ဆရာဝန် ပေးတဲ့ဆေးတွေက သူခံစားနေရတဲ့ ဝေဒနာနဲ့ မဆိုင်ဘူး ဆိုတာ သူသိကြောင်း၊ သူ့မှာ အစာအိမ်ရောဂါရှိတယ်လို့ သူပြောတာကို ဆရာဝန်က မဟုတ်ဘူး၊ အဆာလွန် လို့ ဖြစ်တတ်တဲ့ ဗိုက်အောင့်တာမျိုးပဲလို့ပြောပြီး သူပြောတာကို ဂရုမစိုက်ကြောင်း၊ အဲဒါကြောင့် သူ ဆေးခန်း ကိုလည်း သွားမပြချင်တော့ကြောင်း၊ သူ အလွန် စိတ်ညစ်ရကြောင်း စသဖြင့် ရှည်ရှည်လျားလျား တစ်နေ့ တစ်မျိုး မရိုးရအောင် ညည်းတွား ပြောပြပါတယ်။

အဲဒီအချိန်တုန်းက သူပြောသမျှ ကျွန်မ နားထောင်ပေးပြီး သူ့ကို ပြေရာပြေကြောင်း နှစ်သိမ့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မ ဘယ်လိုပဲ နှစ်သိမ့်ပေးခဲ့ပေမယ့် သူက လက်မခံခဲ့ပါဘူး။ သူ့အတွေးထဲမှာ သူ့ဘဝအပေါ် အဆိုးမြင်စိတ်တွေ များနေတာ ကျွန်မ သတိထားမိခဲ့ပါတယ်။ ကျွန်မက သူ့ကို -

"နင်ကလဲဟာ၊ ငါတို့လည်း လူပင်ပန်းတာတွေ၊ စိတ်ပင်ပန်းတာတွေ ဖြစ်တတ်တာပဲ၊ ငါတို့ဆို တစ်နေ့တစ်နေ့ ရုံးအသွားအပြန် လိုင်းကား တိုးစီးနေရတာ ဘယ်လောက် ပင်ပန်းသလဲ၊ ဒါပေမယ့် ငါ ပျော်တယ်။ ဘာဖြစ် လို့လဲ သိလား၊ ကိုယ့်အားကိုယ်ကိုးပြီး ရှာရတဲ့ငွေကို သုံးနိုင်တာ အရမ်း စိတ်ချမ်းသာစရာ ကောင်းတယ်ဟ။ ငါဟာ ကိုယ့်ခြေကိုယ့်လက်နဲ့ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လိုချင်တာ မှန်သမျှ ဖြစ်အောင် လုပ်နိုင်တယ်ဆိုတဲ့ အရည်အချင်းမျိုးရှိတယ်ဆိုပြီး ဂုဏ်ယူနိုင်တယ်လေ။ ငါကတော့ နင့်ကို အဲဒီလို စိတ် ဓာတ်မျိုး ထားစေချင်တယ်ဟာ"

အဲဒီလို ကျွန်မ သူ့ကို အားပေးစကား ပြောခဲ့ဖူးပါတယ်။ သူကတော့ ကျွန်မပြောတဲ့စကားကို လက်မခံနိုင်ခဲ့ပါ ဘူး။ သူက သူ့ကိုယ်သူ ယုံကြည်မှုမရှိဘူး ဖြစ်နေပါတယ်။ သူဘာလုပ်လုပ် မဖြစ်နိုင်ဘူး၊ သူ့မှာ အစာ အိမ် ရောဂါရှိတယ်၊ သွေးအားနည်းရောဂါရှိတယ်ဆိုပြီး တစ်ခုခုကို စ,မလုပ်ခင်မှာပဲ သူက ကြိုတင် ငြင်းပယ် တတ်ခဲ့ပါတယ်။ သူပြောတဲ့စကားတွေကို နားထောင်ပြီးတိုင်း ကျွန်မရဲ့စိတ်တွေ မွန်းကျပ်လာ စမြဲပါပဲ။

တစ်ခါကလည်း သူအလုပ်တစ်ခု ဝင်လုပ်တယ်ကြားလို့ ဝမ်းသာသွားပါတယ်။ ဒါပေမဲ့ အလုပ်ဝင်ပြီး နှစ်ပတ် အကြာမှာပဲ အလုပ်ထွက်ပြန်သတဲ့။ ဘာဖြစ်လို့တုန်းလို့ မေးတော့။ သူအလုပ်လုပ်ရတဲ့နေရာက Air Con: လေ တည့်တည့်ကျလို့ အရမ်းအေးတယ်တဲ့။ အဲဒါကြောင့် သူ့မှာ တစ်နေ့တစ်နေ့ နှာချေလိုက်၊ ချောင်း ဆိုးလိုက်၊ ဖျားလိုက်နဲ့မို့ သူက သူရုံးရောက်ပြီဆိုတာနဲ့ Air Con: ကို ပိတ်ပစ်လိုက်တယ်တဲ့။ အဲဒီမှာ သူနဲ့ တစ်ခန်းတည်း အလုပ်လုပ်ရတဲ့သူတွေက ကြာတော့ ငြိုငြင်လာတာပေါ့လေ။ နောက်တစ်ခုက သူက ရုံးရောက်ပြီ ဆိုတာနဲ့ အရင်ဆုံး ထမင်းဖွင့်စားတော့တာပဲတဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူက အဆာလွန်ရင် ဗိုက်အောင့်မယ်၊ ဗိုက်အောင့်တာ ကြာလာရင် သူ့အစာအိမ်ရောဂါ ပြန်ဖြစ်လာမယ်၊ အဲဒါဆို သူ ထပ်ပြီး ဆေး ခန်းသွားရမယ်၊ သွားရင် ငွေကုန်မယ်၊ သူလည်း အစားအသောက် စားချင်တိုင်း စားလို့မရတော့ဘူးဆိုပြီး ... သူ့အတွေးနဲ့သူတော့ သူ့ကိုယ်သူ ဂရုစိုက်တာပေါ့လေ။ ကျန်တဲ့သူတွေအတွက်တော့ အများ လိုက်နာရမယ့် စည်းကမ်းတွေကို သူတစ်ယောက်တည်းက ချွန်ထွက်ပြီး အခွင့်အရေးယူသလို ဖြစ်နေတော့ ပြောလာ ကြတော့တာပေါ့။ အဲဒါနဲ့ပဲ အဲဒီအလုပ်က ထွက်ခဲ့တယ်ဆိုပါတော့။

တကယ်တော့ ကျွန်မ သူငယ်ချင်းလေးက သူ့ကိုယ်သူ ယုံကြည်စိတ်ကလည်း မရှိ၊ သာမန်လူတွေလို သွား လာ လှုပ်ရှားဖို့လည်း သူက အပင်ပန်း မခံချင်၊ အဆိုးဆုံးကတော့ သူ့ကိုယ်သူ အလွန်အမင်း ညှာတာတတ် တဲ့စိတ် ရှိတာပါပဲ။ အဲဒီလိုဆိုတော့ အများနည်းတူ လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း သူက မသိလိုက် ဘဲနဲ့ ချိုးဖောက်မိတယ်။ အများနဲ့ လိုက်လျောညီထွေဖြစ်အောင်လည်း သူ့ကိုယ်သူ မပြင်ချင်ဘူး။ သူ့ခံစား ချက်၊ သူ့အယူအဆကသာ မှန်တယ်၊ သူများတွေက သူ့ကို အကြံဉာဏ်ပေးတာဟာ သူ့ကို ကိုယ်ချင်းမစာလို့ ဆိုတဲ့ အနုတ်သဘောဆောင်တဲ့ အတွေးတွေ တွေးမိလာတော့တယ်။

ခက်နေတာက သူ့အတွက် အကြံဉာဏ်ပေးသူကို သူက အကောင်း မထင်တာပါပဲ။ သူ့စိတ်ကို သက်သာရာ ရပါစေတော့ဆိုတဲ့ စိတ်နဲ့ ဒီလို ဝေဒနာမျိုးဆိုတာ လူတိုင်း ဖြစ်တတ်တယ်၊ အခန့်မသင့်လို့ တစ်ခါ ဖြစ်ခဲ့ပြီး ရင်လည်း ခဏ ခဏ ပြန်ပြန်ဖြစ်နေတာမျိုး မဟုတ်ဘူး။ နောက်ပြီး ဗိုက်အောင့်တိုင်း အစာအိမ်ရောဂါ မဟုတ်သလို၊ ခေါင်းကိုက်တိုင်း Brain Tumor မဖြစ်နိုင်ဘူး။ ဇက်ကြောတက်၊ ခြေထောက်တွေ ညောင်းတိုင်း ကျီးပေါင်း မဟုတ်သလို တစ်ခါတလေ ခြေချော်လဲရုံနဲ့ အရိုးပွရောဂါကြောင့် မဟုတ်ဘူးလို့ ရှင်းပြရပါတယ်။ ဒီလို ရှင်းပြတိုင်းလည်း သူက -

"နင်မသိပါဘူးဟာ၊ နင်တို့က ခံနိုင်ရည်ရှိတဲ့ လူတွေဟ။ ငါက အစာအိမ်အောင့်ဖူးလို့ ဗိုက်အောင့်တာနဲ့ ဒါ အစာအိမ်က အောင့်တာလား၊ လေထိုးလို့ အောင့်တာလားဆိုတာ သိပြီးသား။ နောက်ပြီး နင်တို့က အမြဲတမ်း သွားလာနေကျဆိုတော့ တော်ရုံတန်ရုံရောဂါဖြစ်လည်း ခံနိုင်တယ်။ ငါက အိမ်မှာပဲ အမြဲနေတဲ့လူ၊ ဟိုသွားဖို့ ဒီလာဖို့ကျတော့လည်း မောတယ်ဟ။ နင်တို့ မသိပါဘူးဟာ၊ ငါ ခံစားရတာ ငါပဲသိတယ်"

ဆိုပြီး ပေကတ်ကတ် ချေပတတ်ပါသေးတယ်။ အဲဒီလိုနဲ့ပဲ သူငယ်ချင်းလေးဟာ ကျွန်မတို့ သူငယ်ချင်းတွေနဲ့ တဖြည်းဖြည်း အနေဝေးမှန်းမသိ ဝေးလာပါတော့တယ်။ ကျွန်မတို့တတွေလည်း သူငယ်ချင်း တစ်ယောက်ယောက်နဲ့ ဆုံလိုက်တိုင်း သူ့အကြောင်း မေးဖြစ်၊ ပြောဖြစ်ကြတယ်။ ဒါပေမဲ့လည်း အလုပ် ကိုယ်စီနဲ့ဆိုတော့ အားလုံး ဆုံဖို့ဆိုတာ ထင်သလောက် မလွယ်ကူခဲ့ပါဘူး။

ဒါကြောင့် သူနဲ့ ပြန်ဆုံရတဲ့အချိန်လေးမှာ ဘယ်လိုပဲဖြစ်ဖြစ် သူ့ဆီက ရွှင်လန်းတက်ကြွဖွယ်ရာ၊ ဝမ်းသာ ကြည်နူးဖွယ်ရာ စကားသံလေးတွေကိုသာ ကြားရဖို့ မျှော်လင့်ခဲ့မိပါတယ်။ သူ ရယ်မောပျော်ရွှင်နေတဲ့ပုံ ကို မြင်ချင်ခဲ့မိပါတယ်။ သူ့ကို လူငယ်တစ်ယောက်အနေနဲ့ လောကကြီးကို ရဲရဲရင့်ရင့် ရင်ဆိုင်စေချင်မိ ပါတယ်။ ဒါဟာ ကျွန်မရဲ့အတ္တ ဆိုရင်လည်း သူ့ကို ချစ်ခင်လို့ဖြစ်ရတဲ့ အဖြူရောင်အတ္တပဲ ဖြစ်ပါလိမ့်မယ်။

သူ့ကို နှုတ်ဆက်ပြီး ကျောခိုင်းလျှောက်လာတဲ့အခါ ကျွန်မ ရင်ထဲမှာ အမျိုးအမည် မခွဲခြားနိုင်တဲ့ ခံစားချက် တစ်ခု ဝင်ရောက် ဖိစီးလာပါတယ်။ ဒီခံစားချက်ကို အနီးစပ်ဆုံး အဓိပ္ပာယ်ဖွင့်ရရင်တော့ ကျွန်မဟာ ကိုယ့် ကိုယ်ကိုယ် တာဝန်မကျေသူတစ်ယောက်လို ခံစားရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့ ငယ်သူငယ် ချင်းလေးတစ်ယောက်ကို စိတ်ချမ်းသာ ပျော်ရွှင်နိုင်အောင် ကျွန်မအနေနဲ့ ဘာတစ်ခုမျှ ကူညီနိုင်ခွင့် မရလို့ ပါပဲ။ ဒါပေမယ့် အခုအချိန်မှာ ကျွန်မ တတ်နိုင်တာတစ်ခုကတော့ တစ်နေ့နေ့မှာ ကျွန်မရဲ့သူငယ်ချင်းမလေး ရှုပ်ထွေးနေတဲ့ အတွေးဆိုးတွေရဲ့ အရိပ်အောက်ကနေ ရုန်းထွက်လာနိုင်ပြီး တောက်ပတဲ့ အနာဂတ်နေ့ ရက်တွေကို ရဲရဲရင့်ရင့် ဖန်တီး ထုဆစ်နိုင်သူတစ်ယောက် ဖြစ်ပါစေလို့ ပင့်သက်ကို အသာရှိုက်ရင်း တိတ်တခိုး ဆုတောင်းမိရုံမှတစ်ပါး ... ... ... ... ။



စာဖတ်သူအားလုံးကို ခင်မင် လေးစားလျက်

မြဝတီဇော် 




Tuesday, February 19, 2013

ဝေးကွာခြင်းဖြင့် ဖွဲ့နှောင်သော



အနက်ရောင် ကြွေမတ်ခွက်လေးထဲသို့ ကော်ဖီမှုန့်တစ်ဇွန်း ထည့်လိုက်သည်။ ပြီးတော့ သကြားတစ်ဇွန်း ခွဲနှင့် ကော်ဖီမိတ် နှစ်ဇွန်းထည့်လိုက်သည်။ ပြီးနောက် ရေနွေးကို မတ်ခွက် တစ်ဝက်သာသာ ထည့်ကာ ဇွန်းကလေးဖြင့် အသာမွှေလိုက်သည်။ ခဏကြာ မွှေပြီးချိန်မှာတော့ အငွေ့တထောင်းထောင်းနှင့် မွှေး ပျံ့လတ်ဆတ်သည့် ကော်ဖီရနံ့က ကိုယ့်ပတ်ဝန်းကျင်တွင် ဝေ့ဝဲသွားတော့သည်။ ကော်ဖီခွက်လေးကို ယူပြီး စာကြည့်စားပွဲတွင် ထိုင်လိုက်သည်။

ထို့နောက် ကော်ဖီခွက်လေးကို အသာချကာ ဖတ်လက်စ ဘာသာရပ်စာအုပ်ကို ဆွဲယူလိုက်သည်။ စာအုပ် ကို ဖွင့်ကာ ကော်ဖီတစ်ငုံ ကောက်မော့လိုက်စဉ်-

"ကော်ဖီသောက်နေပြန်ပြီလား၊ ပြီးရင် ရင်တုန်တယ်တွေ ဘာတွေ အသံမကြားချင်ဘူးနော်"

ဆိုတဲ့အသံကို ကြားလိုက်ရသည်။ အယောင်ယောင် အမှားမှားနှင့် ဘေးဘီကို ဆတ်ခနဲ လှည့်ကြည့် လိုက်တော့ ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ အရာဝတ္ထုအားလုံးက နေသားတကျ တိတ်ဆိတ် ငြိမ်သက် လျက်။ မဟုတ်သေးပါဘူး။ ခေါင်းကို ရမ်းပစ်လိုက်ပြီး အသိစိတ်ကို ပြန်လည် စုစည်းလိုက်သည်။ ငါ နားကြား မှားနေတာပဲ။ ကိုယ့်အနားမှာ သူမရှိဘူးဆိုတဲ့ အမှန်တရားက ဦးနှောက်ထဲ မှာ ပြက်ပြက်ထင်ထင် ပေါ်လာ သည်။ သက်ပြင်းတစ်ချက် ရှိုက်လိုက်ရင်း ဖတ်မည်ဟု ဖွင့်ထားသော စာအုပ်ကို စိတ်မှတ်မဲ့ ပြန်ပိတ်လိုက် မိသည်။

ဒီလိုပါပဲလေ။ ကိုယ့်ဘဝမှာ ဘာကိုပဲလုပ်လုပ် သူ့အရိပ်နဲ့ ကင်းကွာတယ်ဆိုတာ ရှိမှ မရှိခဲ့သည်ပဲ။ တစ်ခါ တုန်းကတော့ နေရာတကာ သူက လွှမ်းမိုး ချုပ်ချယ်လွန်းသည်ဆိုပြီး စိတ်ညစ်ဖူးခဲ့သည်။ တကယ်လည်း ကိုယ်ဘာပဲလုပ်လုပ် သူက စိတ်တိုင်းမကျတတ်ခဲ့။ ပြီးတော့ ကိုယ်တို့နှစ်ယောက်က အကြိုက်ချင်းက လုံးဝ မတူကြ။ ကိုယ်က လက်ဖက်ရည် ပေါ့ဆိမ့်ကို အချိန်ရလျှင် ဆိုင်မှာထိုင်ပြီး ဇိမ်နဲ့ စိမ်ပြေနပြေ သောက်ချင် တတ်သူ၊ သူကတော့ လက်ဖက်ရည်ဆိုင် ထိုင်ရတာ အင်မတန်မုန်းသူ။ ဒါကြောင့် ကိုယ်က အိမ် မှာ ကော်ဖီလေးနဲ့ အစားထိုး သောက်ပြန်တော့ သူက ကိုယ့်ကျန်းမာရေးအရ ကော်ဖီနဲ့မတည့်ဘူးလို့ ဆရာဝန်က ပြောဖူးတာကို အကိုးအကားပြုပြီး မသောက်စေရအောင် တားမြစ်တတ်သည်။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေး။ မနက်စောစော အဆာပြေစာကို ကိုယ်က ထမင်းတွေ ဘာတွေ သိပ်မစားတတ်။ သူ ကတော့ မနက် ၇ နာရီခွဲလောက်ဆိုလျှင် ထမင်းစားပွဲမှာ အကျအန ထိုင်ပြီး ထမင်းနှင့်ဟင်းကို မြိန်ရှက်စွာ စားတတ်သူ။ ဒါကြောင့်ပင် သူနဲ့ကိုယ်နဲ့ကြားမှာ မကြာခဏဆိုသလို အဆီအငေါ် မတည့်တတ်။

နောက်တစ်ခု သူနှင့်ကိုယ် အကြိုက်ချင်း ကွဲပြားတာက ကိုယ်က သီချင်းနားထောင်လျှင် အသံ ခပ်တိုးတိုး ဖွင့်ပြီး အေးအေးငြိမ်ငြိမ် နားထောင်ရတာကို ကြိုက်သည်။ သူကတော့ ဆူညံပေါက်ကွဲ ဝုန်းဒိုင်းကြဲသည့် သီချင်းတွေကို နားထောင်တတ်သလို စိတ်လိုလက်ရ ရှိသည့်အခါ ကိုယ်ပင် လိုက်မမီနိုင်အောင် ဘိုးတော် ဘုရားခေတ်က သီချင်းတွေကို ဖွင့်ပြီး တခုတ်တရ နားထောင်တတ်သေးသည်။ ဒါကြောင့်ပင် သူ့ကို ကိုယ်က နာမည်တစ်ခု တိတ်တိတ်ပေးထားသည်။ "မီးစ တစ်ဖက်၊ ရေမှုတ်တစ်ဖက်နဲ့ လူ"လို့။

တကယ်တမ်း တွေးကြည့်မိတော့ သူနှင့်ကိုယ်က မတည့်အတူနေလို့ ပြောရမည် ထင်သည်။ ကိုယ်နှစ်သက် တာတွေကို သူက ခံစားလို့မရ။ သူ့အကြိုက်တွေက ကိုယ်နှင့် လားလားမျှ မဆိုင်။ ဒါပေမယ့် သူနှင့်ကိုယ် ဘယ်လောက်ပင် အကြိုက်ချင်း မတူညီသော်လည်း တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် နားလည် မှုတွေနှင့် ခရီးဆက်လာကြသည်မှာ ခုဆိုလျှင် ငါးနှစ်ပြည့်တော့မည်။ မှတ်မှတ်ရရ သည်ငါးနှစ်တာ အတော အတွင်းမှာ သူနှင့်ကိုယ် တစ်မိုးတည်းအောက်မှာ အတူရှိနေရချိန်က သုံးနှစ်ပင် မပြည့်။ ကိုယ့်ရဲ့ ဘဝပေး ကုသိုလ်ကံကြောင့် နှစ်ယောက်သား တစ်နေရာစီ ရှင်သန်နေထိုင်ကြရသည်မို့ အခါအခွင့်သင့်ခိုက်မှာ အတူ ဆုံရချိန်ကလေးတွေက ကိုယ့်အတွက်တော့ ရွှေထက် အဖိုးထိုက်တန်သည်။ တစ်ခါတစ်ရံ ကိုယ့်ဘာသာ စဉ်းစားမိသည်။ ကိုယ်တို့လို အခြေအနေမျိုးကို တခြားသူတွေ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေကြသည် လဲဟု သေချာမသိသော်လည်း ကိုယ်တို့နှစ်ယောက်အတွက်တော့ ကြာလေလေ၊ ရင်ထဲက ဒဏ်ရာတွေက ပိုလို့ တိုးလာလေ ဖြစ်တော့သည်။

အခုလည်း ကိုယ်တစ်ယောက်တည်း အထီးကျန်နေချိန်မှာ သူနဲ့အတူ ကုန်ဆုံးခဲ့ဖူးတဲ့ အချိန်များက ကိုယ့် ကို ခြောက်အိပ်မက်တစ်ခုလို ခံစားနေရသည်။ မနက်မိုးလင်းသည်မှ ညနေမိုးချုပ်သည်အထိ ကိုယ့်အတွေး တိုင်းမှာ သူ့ပုံရိပ်တွေက တရစ်ဝဲဝဲ ထင်ဟပ်လို့နေသည်။ တကယ်ဆိုလျှင် ဝေးကွာခြင်းက လူနှစ်ယောက် အတွက် အတိုင်းအတာတစ်ခုအထိ တည်ငြိမ်ရင့်ကျက်စေသင့်သည် မဟုတ်ပါလား။ ကိုယ့်တစ်ယောက် တည်းရဲ့ ခံစားချက်ဖြင့် ဝေးကွာခြင်းကို အဓိပ္ပာယ် ဖွင့်ဆိုရမည်ဆိုလျှင်တော့ ဝေးကွာခြင်းဆိုတာဟာ စိတ် ချင်း နီးစပ်သူတွေအတွက်တော့ ဘယ်လောက်ပဲ ရေမြေခြားနေပါစေ  နှလုံးသားရဲ့ လက်တစ်ကမ်းမှာ၊ မသိ စိတ်ရဲ့ အထိအတွေ့မှာ၊ ညဥ့်လယ်ယံရဲ့ အိပ်မက်ထဲမှာ အမြဲတမ်း ရစ်ပတ်နှောင်ဖွဲ့နေမယ့် မမြင်နိုင်တဲ့ ကြိုး တစ်ချောင်းလို့သာ ဆိုချင်ပါတော့တယ်။




[ဒီတလောအတွင်းမှာ ကျွန်မ စာတွေ သိပ်မရေးနိုင်ဘူး ဖြစ်နေပါတယ်။ အဲဒီအတွက်လည်း စာဖတ်သူများကို အနူးအညွတ် တောင်းပန်ချင်ပါတယ်။ ဘာရယ်လို့ မဟုတ်ပါဘဲ စိတ်က စုစည်းလို့မရ ဖြစ်နေပါတယ်။ ဒါကြောင့် ဒီပို့စ်လေးကိုလည်း စိတ်ထဲမှာ ခံစားနေရတဲ့အတိုင်း ချရေးမိကြောင်း ဝန်ခံလိုပါတယ်ရှင်။ သည်းခံ ဖတ်ပေးကြတဲ့အတွက် ကျေှးဇူးပါရှင်။]




စာဖတ်သူအားလုံးကို ခင်မင် လေးစားလျက်

မြဝတီဇော်


Thursday, February 7, 2013

နှလုံးသားချည်တိုင်


ခေတ်သည် အရှိန်အဟုန်နှင့် စီးဆင်းနေ၏။ ထိုအရှိန်အဟုန်နှင့် စီးဆင်းနေသော ခေတ်တွင် လူလားမြောက် လာရသူတို့သည်လည်း ထိုခေတ်ရေစီးကြောင်းနှင့်အတူ လိုက်ပါ စီးဆင်းနေကြရ၏။ ခေတ်၏ ပြောင်းလဲ လာမှု သရုပ်များတွင် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်မှုများ လျင်မြန်စွာ ဖြစ်ထွန်းလာသလို မသိမသာ ဆုတ် ယုတ်လာရသည့် လူမှုအသွင်အပြင်များလည်း ရှိပါသည်။

ယခင်ခေတ်များကဆိုလျှင် အိမ်ထောင်စုတစ်ခုတွင် အိမ်ထောင်ဦးစီး အမျိုးသားတစ်ယောက်တည်း အလုပ် ရှိရုံဖြင့် မိသားစုတစ်ခုလုံးကို ဝလင်အောင် ကျွေးမွေး ဆင်ယင်နိုင်၏။ ယခုတော့ဖြင့် အိမ်ထောင်စုဝင် မိသားစုများအားလုံး ကိုယ်စီကိုယ်ငှ အလုပ်လုပ်မှ စားသောက်နေထိုင်နိုင်သည့် အခြေအနေ ဖြစ်သည်။ ယခင်ခေတ်များက နံနက်မိုးလင်း အလုပ်လုပ်ပြီး အိမ်ပြန်လာသည့်အခါ မိသားစုနှင့် အတူတကွ လက်ရေ တစ်ပြင်တည်း ညစာစားချိန်များ ရှိသလို မိသားစုဝင်များနှင့် ရောက်တတ်ရာရာ ဝိုင်းဖွဲ့ပြောဆိုသည့် အလေ့ အထများလည်း ရှိခဲ့သည်။ ယနေ့ခေတ်မှာတော့ မြို့ပြရဲ့ ယဉ်ကျေးမှုအရ ကိုယ်စီကိုယ်စီ နံနက်မိုးလင်း သည်နှင့် အိမ်မှ အလုပ်ရှိရာသို့ ထွက်လာကြရသည်မှာ ညနေ မိုးစုံးစုံးချုပ်မှ အိမ်သို့ ပြန်ရောက်ကြသည်။

ထိုအခြေအနေမျိုးဖြင့် အသားကျလာသောအခါ မိသားစုနှင့် ထွေထွေရာရာ ပြောချိန် နည်းသွားရသည်။ ခုနောက်ပိုင်းဆိုလျှင် ခေတ်လူသားတို့မှာ မိုဘိုင်းလ်ဖုန်းများဖြင့် ကိုယ်စီကိုယ်ငှ အချိန်ကုန်ကြသည်။ ကားစီး ရင်း၊ လမ်းလျှောက်ရင်း၊ မုန့်ဆိုင်ထိုင်ရင်း၊ ထမင်းစားရင်းနှင့်ပင် ထိုမိုဘိုင်းလ်ပစ္စည်းများနှင့် တကုပ်ကုပ် အလုပ်ရှုပ်နေကြသည်။ သို့ဖြင့်ပင် တစ်နေ့ပြီး တစ်နေ့၊ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးလာကြသည်။ ထိုအခြေ အနေ၏ အကျိုးဆက်မှာ မိသားစုဝင် အချင်းချင်း ရင်းနှီးနွေးထွေးမှုတွေ ပါးလျလာသည်။ သက်ကြီးစကား သက်ငယ်ကြား ဆိုသလို မိသားစု စကားဝိုင်း အလေ့အထလေးတွေ ပျောက်ဆုံးလာသည်။ တစ်ကိုယ်တော် ရှင်သန် နေထိုင်ရသည့် လွတ်လပ်မှုကို ခုံမင်လာကြသည်။ ဤသည်မှာ ပြောင်းလဲ ပွန်းရှလာသော လူမှု အသွင်အပြင်များပင် ဖြစ်သည်။

ထို့ပြင် လူနေမှုအဆင့်အတန်း မြင့်မားလာသည့် ယနေ့လို မြို့ပြခေတ်တွင် ခေတ်လူတို့အတွက် အရာရာ သည် သုတ်သီးသုတ်ပျာ နိုင်လာကြသည်။  နံနက် အိမ်မှ ထွက်ကတည်းက ကားမှတ်တိုင်သို့ လမ်းလျှောက် ရသည့် အချိန်မှစ၍ ကသုတ်ကရက်ဖြင့် သွားရ လာရ၊ လုပ်ငန်းခွင် ဝင်ကြရ၊ လုပ်ငန်းခွင်ထဲ ရောက်ပြန်တော့ လည်း ဦးစားပေး အလုပ်ဟူသမျှ အပြေးအလွှား လုပ်ကြရသည်။ ထိုသို့ဖြင့် ညနေစောင်းသည့်အခါတွင်တော့ တစ်နေ့တာ သွားလာလှုပ်ရှား ရုန်းကန်ခဲ့ရသမျှ မောပန်း နွမ်းလျသောစိတ်ဖြင့် လေးတိလေးကန် ခြေ လှမ်းတွေက ချည်တိုင်ရှိရာသို့ အလိုအလျောက် လှမ်းကြတော့သည်။

မည်သို့ပင် ခေတ်က တိုးတက်ပြောင်းလဲလာသည် ဖြစ်ပါစေ မပြောင်းလဲသင့်သည်မှာကား ခေတ်လူတို့ ၏  နှလုံးသားဖြစ်သည်။ လူတို့၏ နှလုံးသားတွင် ရုပ်ဝတ္ထုများအပေါ် လိုသည်ထက် ပိုပြီး မစွဲလမ်းတတ်ပါမှ၊ မိသားစုအပေါ် တန်ဖိုးထား ရင်းနှီးချစ်ခင်ကြပါမှ ချည်တိုင်ရှိရာ အိမ်ဂေဟာသည် အေးချမ်းစွာ အနားယူ ခိုလှုံနိုင်ပေမည်။ သို့မှသာ အမြန်ခေတ် လူသားတို့၏ တစ်နေ့တာ ပင်ပန်းလာသမျှ အမောဖြေရမည့် သီရိ မည်ရာ အိမ်ဂေဟာ သို့မဟုတ် နှလုံးသားချည်တိုင်ရှိရာဆီ သွက်လက်သော ခြေလှမ်းများဖြင့် အရောက် ပြန်နိုင်ကြမည် ဖြစ်ပေသည်။



စာဖတ်သူအားလုံးကို ခင်မင် လေးစားလျက်

မြဝတီဇော်