Tuesday, December 8, 2015

ပျက်ကြွေစိတ်...



►   စိတ်ရှိတိုင်း ရင်ဖွင့်ရရင်လည်း
      ငါ့ရင်တွေ ကွဲရုံပဲ ရှိမယ်။

►   စိတ်ခံစားချက်အတိုင်း ခွန်းတုံ့ပြန်ရရင်လည်း
      အမုန်းတရားတွေ တိုးလာတာပဲ အဖတ်တင်မယ်။
 
►   အမှန်တရားအတိုင်း ဆိုပေမယ့်
      အဓိပ္ပာယ်ဖွင့်ဆိုချက်တွေက
      အစွန်းရောက်လွန်းတဲ့အခါ
      အသိုက်အမြုံတွေ ပြို ကွဲရတတ်တယ်။
 
►   ဘယ်လောက်သေးငယ်တဲ့ အက်ကြောင်းဖြစ်ဖြစ်
      ထိလွယ် ရှလွယ်တဲ့ ဖန်သားပြင်အတွက်တော့
      သေရာပါ အမာရွတ်ပဲ။
 
►  ဒဏ်ရာဒဏ်ချက် အထပ်ထပ်ပေးပြီးမှ
     အက်ကြောင်းရာ မထင်အောင် ပြု ပြင်ထားလည်း
     အတွင်းထဲက လှိုက်စားနေတဲ့ အနာ
     ဒီတစ်သက် မကျက်နိုင်တော့ဘူး။
 
►  တစ်ခါတလေမှာ ...
     ကိုယ့်ဘဝကို အသေသတ်နိုင်တဲ့ သူတွေက
     ကိုယ်အချစ်ရဆုံးသူတွေ ဖြစ်နေတတ်တယ်...။



8/12/2015
မြဝတီဇော်




 
 
 


Wednesday, October 14, 2015

ရုန်းမထွက်နိုင်သူ


► ဂရုမစိုက်ခဲ့တာ မဟုတ်ပါဘူး
    ဂရုစိုက်မှုတွေကို လျစ်လျူရှု ခံခဲ့ရတာပါ။

► မာန်တက်နေတာ မဟုတ်ပါဘူး
    မာန်မာနတွေကို မင်းအတွက် ရိုက်ချိုးထားခဲ့တာပါ။

► အငြှိုးအတေးတွေ ကြီးနေတာ မဟုတ်ပါဘူး
    မထွေးနိုင်၊ မအန်နိုင်တဲ့ ခံစားချက်တွေနဲ့
    အသက်ဆက်နေရတာပါ။

► ခံစားချက်တွေ အေးစက်သွားတာ မဟုတ်ပါဘူး
    ခံစားရတာတွေ ရင်နဲ့မဆံ့လွန်းလို့
    နှုတ်ဆိတ်နေတတ်ခဲ့တာပါ။

► အပေးအယူဆန်တာ မဟုတ်ပါဘူး
    တစ်ဖက်သတ် ပေးဆပ်ရတာ များလာတဲ့အခါ
    အတုံ့အပြန်လေးတချို့ကို မျှော်လင့်မိရုံပါ။

► (ဒီလိုနဲ့ ....)
    .................
    .....................
    ................................
    ဘယ်အချိန် ကိုယ့်အပေါ် နားလည်လာနိုင်မလဲဆိုတဲ့
    မရေရာတဲ့ မျှော်လင့်ချက်လေးကို ကိုင်ဆုပ်လို့
    (ခုချိန်ထိ)
    မင်းရဲ့ဘေးက ခေါင်းငုံ့လျှောက်နေဆဲပါ.... ။


မြဝတီဇော်
(23/9/2015)

တန်ဖိုး



မင်းဘဝထဲက တစ်စုံတစ်ယောက်အတွက်
မင်းရဲ့ တန်ဖိုးထားမှုတွေ
အများကြီး ပေးမိခဲ့ရင် ...
သူ့ဘဝထဲက
မင်းအတွက် တန်ဖိုးထားမှုတွေ
ဆုံးရှုံးရလိမ့်မယ်...။


  <3  မြဝတီဇော် <3
(17-8-2015)

ဘဝ နိယာမ


ဘဝက အရွဲ့တိုက်တတ်တယ်

► လူတွေရဲ့ တစ်သက်တာမှာ...
    ပျော်ရွှင်မှုဆိုတာကို သိဖို့
    အရင်ဆုံး ဝမ်းနည်းမှုကို ခံစားစေတယ်...။


► တိတ်ဆိတ်အေးချမ်းခြင်းရဲ့ တန်ဖိုးကို သိဖို့
     ဆူညံပေါက်ကွဲခြင်းကို ကြုံစေတယ် ... ။

► အဲဒီလိုပဲ ...
    တည်ရှိခြင်းရဲ့ တန်ဖိုးကို နားလည်ဖို့
    မရှိခြင်း (မမြဲခြင်း)ကို ဖန်တီးတယ်လေ.... ။

<3  မြဝတီဇော် <3
(17/8/2015)

Wednesday, July 15, 2015

တောင်းပန်တယ်ဆိုတာ



တောင်းပန်စကားဆိုတဲ့ အခြေအနေ (၃) မျိုးရှိတယ်။

(၁) ကိုယ်က မှားလို့

 (၂) ကိုယ်မမှားသော်လည်း တစ်ဖက်လူအမှားကို လျော့ပါးစေဖို့

(၃) ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိလို့


မြဝတီဇော်
(13/7/2015)

ရင်ဖွင့်မိသည်မှ အပ ...


အစကတည်းက သံသယတွေ ရှိနေရင်
ဘာလို့ ဒီအထိရောက်အောင်
အချိန်ကုန်ခံပြီး လျှောက်ခဲ့မလဲ ...။

တစ်ယောက်နဲ့တစ်ယောက်
ယုံကြည်မှုတွေ ခိုင်မာခဲ့လို့သာ
ဒီနေ့အထိ လက်တွဲလာခဲ့တာ မဟုတ်လား ...။


သံသယဆိုတဲ့စိတ်က
ကိုယ့်ကိုယ်ကိုယ်လည်း ပူလောင်တယ်
တစ်ဖက်သားကိုလည်း အပူကူးစက်ပြီး
ညှိုးနွမ်းစေတယ်။

ကိုယ်ထင်ရာ မှန်တယ်ဆိုတဲ့စိတ်က
ရာခိုင်နှုန်းများလာရင်
ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာတတ်တယ် ... ။

ရေခံမြေခံကောင်းမှာ မရှင်သန်ရတဲ့အပင်
ရာသီဥတုဒဏ်ကို သူ့ဇွဲနဲ့သူ ကြံ့ကြံ့ခံ ရှင်သန်နေရတဲ့အချိန်မှာ
ဘေးက မဖေးမပေးနိုင်ရင် နေပါစေ
နင်းချေပစ်ဖို့ မကြိုးစားပါနဲ့လား ... ။

လိုအပ်ချက်တွေ ကိုယ်စီ ရှိကြတာချင်းအတူတူ
ဖြည့်ဆည်းဖို့ မတတ်နိုင်လည်း
အနည်းဆုံးတော့
အပြစ်မဖို့ပါနဲ့လား ... ။

ကိုယ့်ရဲ့အတ္တတစ်ခုအတွက်
ဓားနဲ့တူနဲ့ စကားလုံးတွေနဲ့
ကိုယ့်ဘေးကလူရဲ့ရင်ထဲ
ဒဏ်ရာတွေနက်နဲအောင် ပေးပြီး
အဝေးထွက်သွားအောင်
မတွန်းပို့ပါနဲ့လားလေ ... ။


မြဝတီဇော်
(13/7/2015)

နားလည်မှု



"နားလည်မှု" တဲ့
စကားလေးကတော့
သုံးလုံးတည်းပါ ... ။

ဒီနားလည်မှုကို
တည်ဆောက်နိုင်ဖို့
အရင်ဆုံး ...
ကိုယ့်"မာန"ကို
စတေးရတယ် ... ။


"ယုံကြည်မှု"တွေ
ခိုင်မြဲအောင်
ကြိုးစားရတယ် ... ။

"မျှော်လင့်ချက်"တွေ
တရားလွန် မဖြစ်အောင်
ထိန်းသိမ်းရတယ် ... ။

အဓိက,ကတော့
နှစ်ဦးနှစ်ဖက်ရဲ့
အပြန်အလှန်
"လေးစားမှု"၊ "ဦးစားပေးမှု"
"သိတတ်မှု"၊
"ကိုယ်ချင်းစာတတ်မှု"တွေ ရှိမှသာ
"နားလည်မှု"ဆိုတဲ့အရာကို
တည်ဆောက်နိုင်တာပါ ... ။


မြဝတီဇော်
(6/7/2015)

မျက်ဖြေ




မမျှော်လင့်ချင်တော့ပါဘူး
အိပ်မက်တွေရဲ့နောက်
တကောက်ကောက်လိုက်ရင်း
လမ်းပျောက်နေခဲ့သူမို့။

အသက်ရှင်နေရတဲ့ နေ့ရက်တိုင်းကို
ကံကောင်းခြင်းတွေနဲ့ ရှေ့ဆက်နိုင်ဖို့
ရင်ထဲက အတ္တတွေလည်း
နည်းနိုင်သမျှ နည်းအောင်
ကြိုးစားနေမိတယ်။

ရောင့်ရဲခြင်းဆိုတာ
အတိုင်းအတာထက် မကျော်ရင်တော့
ဘ၀အတွက် ဆေးတစ်ခွက်ပေါ့။

နောင်တစ်ချိန် ...
ကိုယ့်ရင်ထဲကိုယ် ပြန်ကြည့်မိတိုင်း
နောင်တမဲ့တဲ့ ပျော်ရွှင်ခြင်းတွေ
ပြည့်နှက်နေဖို့
ဒီတစ်ခါပဲ ...
ခံစားချက်တွေ စတေးလိုက်မယ်။


မြ၀တီဇော်
(21/1/2015)

Friday, December 19, 2014

အတ္တဖြင့် ထုံမွှမ်းအပ်သော အမြုတေ



"ဒီနေ့ ပြဿဒါးနေ့လား မသိဘူး"

ကျွန်မစိတ်ထဲမှ မကျေမနပ် ရေရွတ်လိုက်မိသည်။ ဖြစ်ပုံကိုလည်း ကြည့်ဦး။ ဒီနေ့ လာကြိုနေကျ ရုံးကား မရှိ သဖြင့် လိုင်းကားဖြင့် ကျွန်မ ရုံးတက်ရသည်။ စီးလာသည့် လိုင်းကားက ရုံးရှိရာသို့ တစ်ဆင့်တည်းစီး၍ မရောက်။ သို့ကြောင့် နောက်တစ်ဆင့် ပြောင်းစီးရသည်။ ပြဿနာက ထိုပြောင်းစီးလာသည့် ကားပေါ်မှ စ,သည်။ ကျွန်မ ကားပေါ်တက်ပြီး နောက်တစ်မှတ်တိုင်အရောက်မှာ အမျိုးသမီးတစ်ယောက် ဈေးဆွဲခြင်း ကိုင်ပြီး တက်လာသည်။ လက်တစ်ဖက်က ဈေးခြင်းတောင်းဆွဲလာပြီး နောက်တစ်ဖက်က မုန့်ဟင်းခါးထုပ် ကို တွဲလွဲဆွဲကာ ကားပေါ်သို့ ဟိုယိုင် သည်ယိုင်နှင့် အမောတကော တက်လာသည်။ သူမကားပေါ်ရောက် သည်နှင့် ကားက မှတ်တိုင်မှ ၀ူးခနဲ ဆောင့်ပြီး ထွက်တော့သည်။ ကျွန်မက နောက်နှစ်မှတ်တိုင်လောက်ဆို ဆင်းရတော့မည်မို့ သူမဘေးနားမှာ ရပ်နေလိုက်သည်။ ထိုအမျိုးသမီးမှာ ကား၏ အတက်အဆင်းပေါက် တွင် ပိတ်ရပ်နေသည်မို့ ကျွန်မက သူမကို -

"ဆင်းမှာလား မသိဘူးနော်၊ ကျွန်မ ရှေ့မှတ်တိုင်ဆင်းမှာမို့၊ နည်းနည်း ဖယ်ပေးပါလား"

ဟု ပြောလိုက်မိသည်။ ထိုအမျိုးသမီးက ကျွန်မကို လှည့်၍မျှပင် မကြည့်၊ ဘာမှလည်း ပြန်မပြော။ ကျွန်မ နည်းနည်းတော့ တင်းသွားသည်။ ဘယ့်နှယ့်လဲ....။ ဆင်းရင်လည်း ဆင်းမယ်၊ မဆင်းသေးရင်လည်း မဆင်းသေးဘူးပေါ့ .. ဖြေလိုက်တော့ ဘာဖြစ်သွားမှာမို့လဲလို့ တွေးရင်း ကျွန်မ ဆင်းရမည့်မှတ်တိုင် ရောက် လာသည်။ ကားက အရှိန်ဖြင့် ထိုးရပ်လိုက်သည်မို့ ကျွန်မမှာ ဘေးမှအမျိုးသမီး၏ ရှေ့သို့ရောက်သွားပြီး တစ်ချိန်တည်းမှာပဲ ကျွန်မ၏ နောက်ကျောဆီမှလည်း ပူခနဲ ခံစားလိုက်ရသည်။ ကားပေါ်မှ လူအချို့၏ ဟယ်ခနဲ အာမေဋ္ဋိတ်သံကိုပါ ကြားလိုက်မိသည်။ ကျွန်မသည် ကားပေါ်မှ ဆင်းလိုက်ရင်းက လက်ဖြင့် နောက်ကျောသို့ အသာစမ်းမိသည်။ လက်ကို ပြန်ကြည့်လိုက်တော့ ... သွားပါပြီ ... မုန့်ဟင်းခါး ဟင်းရည်တွေက ကျွန်မအကျီ င်္နောက်ကျောမှာ ရွှဲစိုပေကျံကုန်သည်ကို စိတ်ပျက်ဖွယ် တွေ့လိုက်ရသည်။

ထို့ကြောင့် ကျွန်မက နောက်သို့လှည့်ကာ ထိုအမျိုးသမီးကို ကြည့်လိုက်တော့ ... သူမလည်း ထိုမှတ်တိုင် တွင် ဆင်းကာ ကျွန်မ လှည့်ကြည့်နေမှန်း သိသော်လည်း ကျွန်မကို တောင်းပန်စကားပြောရန် ဝေးစွ။ သူမ၏ ဈေးခြင်းတောင်းကိုသာ လက်က ဆွဲလျက် နှုတ်မှလည်း -

"ကားက ဘယ်လိုများ မောင်းနေလဲ မသိဘူး...၊ မုန့်ဟင်းခါးတွေတော့ ကုန်ပါပြီ၊ ဟင်းရည်မပါပဲ ဘယ်လို လုပ် စားရတော့မှာလဲ ..."

 ဟု တဖျစ်တောက်တောက်ဆိုကာ ထွက်သွားတော့သည်။ ကျွန်မမှာ ကားမှတ်တိုင်မှ ရုံးရောက်သည်အထိ မုန့်ဟင်းခါးဟင်းရည်နံ့များ တထောင်းထောင်းဖြင့် ရုံးပေါ်အထိ လျှောက်လာရသည်။ ပို၍ဆိုးသည်က ရုံးထဲ ၀င်လိုက်သည်နှင့် Air Con: ဖွင့်ထားသောကြောင့် ကျွန်မကိုယ်ပေါ်မှ မုန့်ဟင်းခါး ဟင်းရည်နံ့က သိသာစွာ ပညာပြတော့သည်။ ကျွန်မမှာ ရှက်ရှက်နှင့် ရုံးက အစ်မကြီးတစ်ယောက်ကို အကူအညီတောင်းကာ အကျီ င်္နောက်ကျောမှ ဟင်းရည်ဖတ်များကို တစ်ရှူးဖြင့် သုတ်ပစ်ရသည်။ ပြီးမှ သန့်စင်ခန်းထဲဝင်ပြီး အကျီ င်္နောက်ကျောကို ဆပ်ပြာတိုက်ကာ ခပ်မြန်မြန် လျှော်ဖွပ်ပစ်ရသည်။ ထို့နောက် ရေစင်အောင် ညှစ်ပြီး စိုနေသည့်အတိုင်းပင် ပြန်ဝတ်ကာ အလုပ်လုပ်ဖို့ ပြင်ရတော့သည်။

× × ×


ဒီလိုနှင့် နံနက် ၁၀ နာရီခွဲခန့်တွင် လက်ကိုင်ဖုန်း မြည်လာသဖြင့် ကောက်ယူ နားထောင်လိုက်သည်။

"ဟဲလို"

"ဟဲလို .. အေး ... မမ၊ ငါပါ၊ မီးမီးလေးကို ခုနကပဲ သူ့အဘိုး လာခေါ်သွားတယ်၊ မနက်စာ မုန့်လေးပဲ စား ရသေးတယ်၊ လိုအပ်တဲ့ ပစ္စည်းတွေအားလုံး ငါ ထည့်ပေးလိုက်တယ် သိလား"

"ဟုတ်လား၊ ငါက ဒီတစ်ပတ်ကျရင် ကလေးကို သူ့အဘိုးအဘွားတွေအိမ် မပို့တော့ဘူးလို့ ပြောထား ခဲ့သေးတယ်၊ ပြီးခဲ့တဲ့ တစ်ပတ်က သူ့အဘွားက နေသိပ်မကောင်းဘူးဆိုလို့လေ၊ ဒါနဲ့ ဘာဖြစ်လို့ လာခေါ် သွားတာလဲ၊ ငါ့ကိုလည်း ဖုန်းမဆက်ပါဘူး"

"အေး၊ ဧည့်သည်တွေ လာလို့ဆိုလားပဲ၊ အဲဒါ.. ဟို... ဟိုဥစ္စာ... ကားငှားလို့ မရလို့ဆိုပြီး ဆိုင်ကယ် ကယ်ရီ နဲ့ ခေါ်သွားတယ် မမ..."

"ဘာ...! ဘာနဲ့ ခေါ်သွားတယ် ... ဆိုင်ကယ်နဲ့ ဟုတ်လား၊ အမယ်လေး ... ဘုရား ဘုရား ...၊ ဒုက္ခပါပဲဟယ် ...ငါစိတ်ညစ်ပါတယ်နော်...၊ ဆိုင်ကယ်နဲ့သွားတာ ဘယ်လောက် အန္တရာယ်များလဲ ... ဘယ်တုန်းက သွား တာလဲ ... နင်တို့က ကားမငှားပေးလိုက်ဘူးလား"

"မဟုတ်ပါဘူး .. မမရယ်၊ ငါကလည်း ရေချိုးခါနီး ဖြစ်နေတော့ ... အပြင်ထွက်ဖို့ မလွယ်လို့ပါ...၊ ကားငှား သွားမယ်ဆိုပြီး ... တော်တော်နဲ့ ကားငှားမရလို့ ... သူ့အဘိုးက ဆိုင်ကယ်နဲ့ ခေါ်သွားတာပါ"

"ဟာ... မဖြစ်ဘူး..၊ မဖြစ်ဘူး...၊ ငါဖုန်းလှမ်းဆက်လိုက်ဦးမယ် ...။ ဒါပဲနော်"

ကျွန်မရင်ထဲတွင် ဗလောင်ဆူသွားကာ ရုတ်တရက် လူက မူးမိုက်သလိုပင် ဖြစ်သွားရသည်။ ကျွန်မ အသိ ထဲတွင် မြင်ယောင်မိသည်က သိပ်မကြာသေးခင်က လှိုင်သာယာဘက်တွင် ကားနှစ်စီး ရှောင်ရာမှ တစ်ဖက်ယာဉ်ကြောမှ လာသော ဆိုင်ကယ် ကယ်ရီတစ်စီးအား တိုက်မိခဲ့ရာ ဆိုင်ကယ် ကယ်ရီသမားရော၊ စီးလာသည့် သားအမိနှစ်ယောက်ပါ အသက်ဆုံးခဲ့ရသည့်သတင်းပင် ဖြစ်သည်။ ထိုသတင်းကို ဖတ်မိပြီး ကတည်းက သမီးလေးကို ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ဆိုင်ကယ်နှင့် မခေါ်ဖို့ စိတ်ဆုံးဖြတ်ထားခဲ့ သည်။ သည့်မတိုင်ခင်ကလည်း ဆိုင်ကယ် ကယ်ရီနှင့် ဘယ်တုန်းကမျှ ခေါ်မသွားခဲ့ဖူးပါ။ ဘယ်သွားသွား ကားဖြင့်သာ ခေါ်သွားခဲ့သည်။

ယခုတော့ ... သူ့အဘိုးဖြစ်သူက ဆိုင်ကယ် ကယ်ရီနှင့် ခေါ်သွားသည်ဆိုတော့ ... ကျွန်မ ရင်တွေ ပေါက် ကွဲထွက်တော့မလို ပူလောင်ရတော့သည်။ တုန်ယင်နေသော လက်ဖြင့် ဖုန်းနံပါတ်တစ်ခုကို ခပ်မြန်မြန် နှိပ် လိုက်သည်။ တစ်ဖက်သို့ ခေါ်ဆိုနေသော ဖုန်းသံ တတူတူကို စိတ်မရှည်စွာ စောင့်ဆိုင်းအပြီးမှာ တစ်ဖက် မှ ပြန်ထူးသံ ကြားလိုက်ရသည်။

"ဟဲလို ... အမေလား"

"ဟဲလို ... ဘာလဲ"

"သြော် ... အဖေ၊ သမီးလေးကို ဆိုင်ကယ် ကယ်ရီနဲ့ ခေါ်သွားတယ်ဆို အဖေ၊ အဲဒါ ..."

"အေးလေ၊ အခု အိမ်ရောက်နေပြီ၊ အဲဒါ ဘာဖြစ်လဲ"

"မဟုတ်ပါဘူး ... အဖေ၊ ကလေးကို ဆိုင်ကယ်နဲ့ခေါ်တာ သမီး အရမ်းစိတ်ပူလို့ပါ၊ နောက်ကို အဲဒီလို မခေါ် ပါနဲ့ အဖေ၊ ကားငှားခ သမီးပေးပါ့မယ်...၊ ဆိုင်ကယ်နဲ့တော့ မခေါ်ပါနဲ့ အဖေ၊ ကလေးက အခုမှ ရှစ်လပဲ ရှိပါသေးတယ်"

"နေစမ်းပါဦး၊ ညည်းက ဘာဖြစ်နေတာလဲ၊ အိမ်ရောက်နေပြီလို့ ပြောနေတယ် မဟုတ်လား၊ တော်ပြီ၊ ပူစရာ မလိုဘူး ... ကိုယ့်အလုပ် ကိုယ်လုပ်တော့"

ယောက္ခမဖြစ်သူက သူပြောချင်ရာ ပြောပြီးသည်နှင့် ဖုန်းကို ဂွပ်ခနဲ ချပစ်လိုက်သည်။ ကျွန်မ ရင်ထဲ ဆို့နင့် သွားကာ တဆတ်ဆတ်တုန်နေသည့် လက်ထဲမှ ဖုန်းကို ကြည့်ရင်း မျက်ရည်များ တလိမ့်လိမ့် ကျဆင်း လာတော့သည်။ ပြောရက်လိုက်တာ... ၀မ်းနဲ့လွယ်ပြီး မွေးထားရတဲ့ မိခင်တစ်ယောက်အနေနဲ့ ကိုယ့်သား သမီးအပေါ် စိတ်ပူခွင့်တောင် မရှိဘူးလား ...။ အန္တရာယ်ဆိုတာ ချိုပါတာမို့လို့လား ...၊ ဘာမှ မဖြစ်ရင်တော့ ဘာမှ မဖြစ်ပေမယ့်... ဖွ...ဖွ... မပြောကောင်း၊ မဆိုကောင်း တစ်စုံတစ်ခုများ မတော်တဆဖြစ်ခဲ့ရင် ဘယ် သူမှ ဘာမှ တတ်နိုင်မှာမဟုတ်။ မိခင်ဖြစ်တဲ့ ကျွန်မပဲ ရင်ကွဲရမှာ မဟုတ်လား။ အဆိုးဘက်က တွေးခြင်းမျိုး မဟုတ်ပေမယ့် ဆိုင်ကယ်ဆိုတာမျိုးက စီးနင်းသူအတွက် ဘာအကာအကွယ်မှ ပေးနိုင်တာမဟုတ်။ ဘာမှ မဖြစ်ဘူးဆိုပေမယ့် ရှစ်လအရွယ် ကလေးငယ်တစ်ယောက်အတွက်တော့ အဆောင်းအကာ မပါဘဲ နေ ပူအောက်မှာ စီးရသည်မို့ ကလေး ဖျားနာတော့ရော... ဘယ်သူက လာ၍ အပင်ပန်းခံမည်နည်း။ မိခင်ဖြစ် တဲ့ ကျွန်မသာလျှင် ပင်ပန်းရမည် မဟုတ်ပါလား။

ကျွန်မကို ထည့်မတွက်လျှင် နေပါ....။ အခုလိုမျိုး ကျွန်မ အလုပ်သွားနေချိန်မှာ သမီးလေးကို ခေါ်သွားချင် ရင်တောင် ဘေးကင်းကင်းနဲ့ လုံခြုံစိတ်ချရတဲ့ အခြေအနေမျိုးနဲ့ ခေါ်သွားစေချင်တာ ကျွန်မရဲ့လွန်ကဲမှု လား။ သမီးလေးကို အရာရာမှာ ပြည့်စုံစေချင်လွန်းလို့ ကိုယ်တိုင် အပင်ပန်းခံပြီး အလုပ်ထွက်လုပ်နေတာ ပါ။ ကုမ္ပဏီအလုပ်ဖြစ်သောကြောင့် မီးဖွားခွင့် သုံးလကို လစာအပြည့်နဲ့ ခံစားခွင့်ရပြီး ခွင့်သုံးလ ပြည့်ချိန်မှာ သမီးလေး ၂ လ ကျော်ကျော်နဲ့ အလုပ်ပြန်ဝင်ခဲ့ရပါသည်။ မိခင်တစ်ယောက်အနေနဲ့ ကိုယ့်သားသမီးကို တစ်နေ့လုံးခွဲပြီး ညရောက်မှ တွေ့ရတဲ့ ဘ၀ပါ။ ကလေးငယ်သည့် အချိန်တုန်းကလည်း ညတိုင်းနီးပါး ၃ နာရီ လောက်သာ အိပ်ရပြီး မနက်မိုးလင်း၍ ၇ နာရီမခွဲခင်မှာ လာကြိုသည့်ကားနှင့် အလုပ်ကို ထွက်လာ ရပြန်ပါသည်။ ထိုသို့ ဒုက္ခတွေခံပြီး မွေးလာရသည့် ကျွန်မကို "ညည်းက ဘာဖြစ်နေတာလဲ" ဟု မေး လိုက်ခြင်းဟာ ကျွန်မမျက်နှာကို ဖြတ်ရိုက်လိုက်သည်ထက် ပိုနာကျင်စေပါသည်။ မှန်ပါသည်။ ကျွန်မယောက္ခမတွေအတွက်လည်း သမီးလေးက မြေးဦးမို့ ကျွန်မထက် မလျော့အောင် ချစ်ကြမှာပါ။ သို့ပေမယ့် ကျွန်မရဲ့ ပူပန်နေတဲ့ စိုးရိမ်စိတ်ကို လျော့ပါးသွားအောင် မပြောချင်ရင် နေပါ၊ ရင်ဝဆောင့်ကန် သလို ခံစားရစေမည့် စကားမျိုးတော့ မပြောသင့်ဘူး မဟုတ်ပါလား။ အဲဒီနေ့က ကျွန်မ ထမင်း မစားနိုင်တော့ပါ။ ရင်ထဲမှာ တင်းကျပ် ဆို့နင့်နေကာ ၀မ်းပမ်းတနည်းနှင့် မျက်ရည်သာ တွေတွေကျနေ မိတော့သည်။ သေချာပါသည်။ ဒီနေ့ဟာ ကျွန်မ အတွက်တော့ ပြဿဒါးနေ့ပင် ဖြစ်ပါတော့သည်။

 × × ×

ကျွန်မ အလုပ်လုပ်တာနှင့် ပတ်သက်၍ မိတ်ဆွေတချို့က ကျွန်မကို ပြောကြပါသည်။ ကိုယ့်ယောက်ျားက ရှာနိုင်၊ ဖွေနိုင်ရဲ့သားနဲ့ အလကား အလုပ် ထွက်လုပ်နေရတယ်ဟူ၍။ ဟုတ်ကဲ့။ ဘယ်သူမှတော့ အလကားနေရင်း အလုပ် ထွက်မလုပ်ကြပါဘူးရှင်။ ဒီနေ့ခေတ်ကြီးမှာ လူတစ်ယောက်တည်း၏ လုပ်စာကို တစ်အိမ်လုံး ၀ိုင်းစားလို့ ဘယ်လိုမှ မဖြစ်နိုင်တာ အားလုံးအသိပင် ဖြစ်ပါသည်။ အရင်က လင် မယားနှစ်ယောက်တည်း ရှိစဉ်ကတည်းက ကျွန်မ အလုပ် လုပ်ခဲ့သည်။ ယခု သမီးလေး ရလာတော့လည်း ကျွန်မ အလုပ်ဆက်လုပ်ပါသည်။ ဒါဟာ ဘာကြောင့်လဲဆို.... ကျွန်မရဲ့သမီးလေးကို ကျွန်မရဲ့ချွေးနှဲ စာနဲ့ ဘယ်သူ့မျက်နှာမှ ကြည့်နေစရာ မလိုဘဲ ဆင်ချင်၊ ကျွေးချင်၊ ပြုစု ယုယချင်လို့ပဲ ဖြစ်ပါသည်။

ဒီအလုပ်ကြောင့်ပင် ကျွန်မ သမီးလေးကို အတိုင်းအတာတစ်ခုအထိ ပြည့်ပြည့်စုံစုံ ထားနိုင်ခဲ့ပါသည်။ တစ်ခုတော့ ရှိပါသည်။ ကျွန်မလည်း ကျွန်မ အတိုင်းအတာအလျောက် သမီးလေးကို ပြည့်စုံလုံလောက်စွာ ဂရုစိုက် ပြုစုစောင့်ရှောက်သလို မိသားစုဝင်တွေကိုလည်း ကျွန်မထက် မပိုတောင် ကျွန်မလောက်နီးနီး သမီးလေးကို ဂရုတစိုက် ပြုစုစောင့်ရှောက်စေချင်မိပါသည်။ ဒါကို ကျွန်မက "ပိုလွန်းအားကြီးတယ်" လို့ မေးငေါ့ရင်လည်း ခံရပါမည်။ ဘာကြောင့်လဲဆိုလျှင် ကျွန်မက အမေတစ်ယောက် ဖြစ်နေ၍ပင်။ ကျွန်မ မှာ သမီးလေးကလွဲပြီး ပိုင်ဆိုင်တာ ဘာမျှ မရှိပါ။ ဘာကိုမျှလည်း မလိုချင်ပါ။ ကျွန်မ ခေါင်းထဲမှာ စွဲထားတဲ့ အသိတစ်ခုမှာ ကျွန်မအလုပ်လုပ်နေခြင်းသည် ကျွန်မ မိသားစုနှင့် ကျွန်မရဲ့ သမီးလေးအတွက်သာ။ ကျန် တာတွေ ကျွန်မ စိတ်မ၀င်စားပါ။ အလုပ်လုပ်ခြင်းရဲ့ နောက်ဆက်တွဲအနေနှင့် သမီးလေးနားမှာ အချိန်ပြည့် ယုယခွင့်ကိုတော့ ကျွန်မ ဆုံးရှုံးခံခဲ့ရသည်ပေါ့။

× × ×

ကျွန်မဘ၀တွင် ရည်မှန်းချက်များ ရှိခဲ့ပါသည်။ အချို့သော ရည်မှန်းချက်တွေကိုလည်း ကျွန်မ အကောင် အထည် ဖော်နိုင်ခဲ့ပါသည်။ သို့ပေမယ့် ကျွန်မရဲ့ဆန္ဒတစ်ခုဖြစ်တဲ့ ကျွန်မငယ်စဉ်က မရဖူးတဲ့ ပျော်ရွှင် မှုတွေ၊ ပြည့်စုံမှုတွေ အားလုံးကို သမီးလေးအတွက် ကျွန်မက အတိုးချ ဖန်တီးပေးချင်မိပါသည်။ ကျွန်မ သမီးလေး ပျော်ရွှင်ဖို့အတွက် ကျွန်မ အမြဲဖြည့်ဆည်းပေးသွားမည်။ ကျွန်မ သမီးလေးကို ဘယ်သောအခါမှ မျက်နှာမညိုရအောင် ကျွန်မ ကြိုးစားနေဦးမည်။ အဆုံးစွန်ထိ ပြောပါရစေတော့။ သမီးလေးတစ်မျက်နှာ တည်းနဲ့ ကျွန်မ ဘ၀အမောတွေ ဖြေနေရခြင်းမို့ သမီးလေးနဲ့ပတ်သက်လာရင် ကျွန်မဟာ အရူးတစ်ပိုင်းလို့ ဆိုရလောက်အောင်အထိ သမီးလေးကို ကျွန်မ တန်ဖိုးထား ချစ်မြတ်နိုးပါသည်။ ကျွန်မလို မိခင်မျိုးကို "အသည်းပိုလွန်းတယ်၊ အိုဗာဖြစ်လွန်းတယ်" လို့ စကားတင်းဆိုကြရင်လည်း ကျွန်မ ခံယူဖို့ အသင့်ပင်။ အဘယ့်ကြောင့်ဆိုသော် ... သမီးလေးသည်သာ ကျွန်မဘ၀၏ "အမြုတေ" ဖြစ်သောကြောင့်ပင်။



ချစ်ခြင်းအားဖြင့်


မြ၀တီဇော်
(20/12/2014)


Sunday, December 14, 2014

"အမှတ်တရ"



ဒီကဗျာလေး ကျွန်မဘလော့မှာ မတင်ဖူးသေးဘူး ထင်ပါတယ်...။ ဆယ်ကျော်သက်အရွယ်က ရေးထားတဲ့ ကဗျာပေါ့။ အခုချိန် ပြန်ဖတ်မိတော့ ကိုယ့်ဘာသာကိုယ် ပြုံးမိပါတယ်...။ အဲဒီတုန်းကတော့ ဒီလို ကဗျာ တိုစိလေးတွေ ရေးပြီး မဂ္ဂဇင်းတွေ ဘာတွေ ပို့ဖို့ စိတ်ကူးယဉ်ခဲ့တာပေါ့။ :D






အမှတ်တမဲ့တိုင်းဟာ
     "အမှတ်တရ" မဟုတ်သလို ...
"အမှတ်တရ" ဆိုတာလည်း
     အမှတ်တမဲ့နေရင်
 အမှတ်တမဲ့ပါပဲ ... ။




မြ၀တီဇော်
(15/12/2014)
















Sunday, November 23, 2014

မျိုသိပ်ရင်းသာ ...



အိမ်တံခါး ဖွင့်ဝင်လိုက်သည်နှင့် သမီးလေးရဲ့ ငိုသံကို ကြားလိုက်ရသည်။ ဘာများဖြစ်လို့ပါလိမ့်လို့ တွေးမိ ရင်း လွယ်ထားသည့် စလင်းဘတ်အိတ်နှင့် လက်ထဲက ဆွဲခြင်းလေးကို သံမံတလင်းပေါ်သို့ ခပ်သွက်သွက် လွှတ်ချလိုက်မိသည်။ ကျွန်မ၏ ဒေါ်လေးက သမီးလေးကို ချီပွေ့ထားရင်း ချော့မြှူနေသည်။ သမီးလေးမှာ ငိုခဲလှသော ကလေးဖြစ်သဖြင့် ယခုလို စူးစူးဝါးဝါး ငိုနေခြင်းကို စဉ်းစားမရနိုင် ဖြစ်နေမိသည်။ အတွေးတွေ ကို ခနရပ်ပြီး ရေချိုးခန်းဆီ သုတ်သုတ်လှမ်းကာ ခြေလက်တို့ကို ခပ်မြန်မြန် ဆေးကြောနေမိသည်။

ပြီးနောက် အိမ်ရှေ့ဘက်သို့ ပြန်ထွက်လာပြီး ဒေါ်လေးထံမှ သမီးလေးကို ပွေ့ချီယူလိုက်သည်။ ထိုအထိ သမီးလေးမှာ တစ်ကိုယ်လုံး ရဲရဲတွတ်နေအောင် ငိုကြီးချက်မ ဖြစ်နေတုန်းပင်။ သမီးလေးကို ပွေ့ချီထား ရင်း နှုတ်မှလည်း တတွတ်တွတ် ချော့မြှူနေမိသည်။ ကျွန်မလက်ထဲရောက်တော့ သမီးလေးက အသံကျယ် ကြီးနှင့် အော်မငိုတော့ပေမယ့် တရှိုက်ရှိုက် ဖြစ်နေဆဲပင်။ သမီးရဲ့ မျက်လုံးအိမ်မှ မျက်ရည်ပေါက်ကြီးများ တလိမ့်လိမ့် စီးကျနေသည်ကို ကြည့်ရင်း ကျွန်မကိုယ်တိုင် မျက်ရည်ကျလာမိသည်။ သနားလိုက်တာ သမီးလေးရယ်... ။ သမီးလေး ဘာကြောင့် ငိုရသည်ကို မစဉ်းစားတတ်နိုင်။ သမီးလေးမှာ မွေးကတည်း က လေနာလည်း မပါ။ အလွန် သန္ဓေကောင်းသော ကလေးဖြစ်၍ အစဉ်အမြဲ မျက်နှာပြုံးချိုနေတတ်သည့် ကလေးဖြစ်သည်။

ခဏကြာမှ သမီးလေး ဤမျှ သည်းသည်းထန်ထန် ငိုကြွေးရခြင်းမှာ ၀မ်းသွားချင်သော်လည်း မသွားနိုင်၍ ငိုနေခြင်းဖြစ်ကြောင်း သိရတော့သည်။ သမီးလေးမှာ အသက်ခြောက်လ ပြည့်ပြီး ဖြစ်သော်လည်း ဖြည့်စွက် စာ မကျွေးသေးဘဲ နို့ဘူးသာ တိုက်နေဆဲဖြစ်ရာ ယခုလို ၀မ်းမသွားနိုင်ခြင်းကို တစ်ခါမျှ မဖြစ်ဖူးခဲ့။ ကျွန်မ မှာ မိုးလင်းက မိုးချုပ် အလုပ်တစ်ဖက်နှင့်မို့ သမီးလေး ခြောက်လပြည့်လျှင် ဆရာဝန်ဆီ ပြန်ပြရန် ရှိသည် ကိုလည်း မသွားဖြစ်သေးဘဲ ဖြစ်နေချိန် ဖြစ်သည်။ မိခင်ပီပီ သမီးလေးရဲ့ငိုသံကို ကြာရှည် မခံစားနိုင်သည် မို့ သမီးလေးကိုချီပြီး သမီးလေးရဲ့ ခါးအောက်ပိုင်းနားလေးကို လက်ကလေးဖြင့် အသာအယာ ပွတ် သပ်ပေးရင်း ကိုယ်ပါ မျက်ရည်တွေတွေ ကျနေမိတော့သည်။

နောက်ဆုံး သမီးလေးက အနာခံပြီး ၀မ်းကို ညှစ်လိုက်ရာ ၀တ်ထားသော Diaper တွင် သွေးစ အနည်းငယ် ပင် ပါလာတော့သည်။ သမီးလေး ငိုလိုက်သည်မှာ ပြောစရာပင် မရှိ။ (မရိုသေ့ စကား) ၀မ်းမှာ မာကျစ် လွန်းသောကြောင့် သမီးလေးခမျာ တစ်ကိုယ်လုံး ချွေးတွေရွှဲနစ်နေအောင် ကြိုးစားပမ်းစား သွားရရှာသည်။ ကျွန်မ သန့်ရှင်းရေးလုပ်ပေးသည်ကိုပင် မခံနိုင်လောက်အောင် သမီးလေး နာကျင်ခံစားရရှာသည်။ ကျွန်မ လည်း သမီးလေးကို သန့်ရှင်းရေး လုပ်ပေးပြီးသည်နှင့် ချော့မော့ကာ သိပ်လိုက်သည်။ ငိုရ နာကျင်ရနှင့် ပင်ပန်းလွန်း၍ ထင်သည်။ သမီးလေးမှာ ကျွန်မရင်ခွင်တွင် ခနချင်း အိပ်ပျော်သွားရှာတော့သည်။

+ + + + + +


"သမီးလေး ဘာဖြစ်လို့ အဲဒီလို ဖြစ်တာလဲ မသိဘူး။ သူ နို့ဘူးပဲ စို့တာပဲဟာ...။ ၀မ်းချုပ်စရာ ဘာမှ မရှိပါ ဘူး"

နောက်တစ်နေ့ရောက်တော့ ညီမလေးကို ကျွန်မ ပြောမိသည်။

"မမရေ... အမှန်က နင်မသိလို့ ...။ ငါတို့ မီးမီးလေးကို ထမင်းကို ကျေနေအောင် ချေပြီး ကျွေးနေတာ တစ်ပတ်လောက် ရှိနေပြီ"

"ဟယ် ... ဟုတ်လား။ ငါက ဆရာဝန်ဆီ ပြန်သွားပြပြီးမှ ဖြည့်စွက်စာ ကျွေးရမယ့် အစီအစဉ်ကို မေးမလို့ လုပ်ထားတာ။ ငါကလည်း မအားတာနဲ့ မသွားဖြစ်သေးဘူး။ ငါကတော့ ကလေးကို အစာပျော့ပျော့လေးကို အရင် ကျွေးစေချင်တာ... တော်ကြာ ကလေးရဲ့အစာအိမ်က နို့ဘူးပဲ စို့ရာကနေ ချက်ချင်းကြီး အစာမာ ကို ပြောင်းကျွေးလိုက်တော့ မကျေညက်ဘဲ ဖြစ်နေမှာစိုးလို့"

"အမယ်လေး... မမရယ်...။ ငါတို့လည်း သိပါတယ်ဟ...။ နင်ကလည်း...။ ငါတို့က နင်ပြောသလိုကြီး ကလေးကို ချက်ချင်း အစာမာ ကျွေးပါ့မလား။ ထမင်းကို ပျော့နေအောင် ချေပြီးမှ ခွံကျွေးတာပါ... နင့်သမီး က ရေလည်း အရမ်းကြိုက်တယ်...။ ရေသောက်လိုက် ... ထမင်းလေး စားလိုက်နဲ့။ ညနေဆိုရင်လည်း ငှက်ပျောသီးတစ်လုံး စားသေးတယ်"

"အေးပါဟာ.... ငါ့သဘောကတော့ သမီးလေးကို ထမင်း အရင်မကျွေးခင် Cracker လေးကို နို့လေးနဲ့ ခပ်ပျစ်ပျစ်လေး ဖျော်ပြီး အရင်ကျွေး... နောက် တစ်ပတ်နှစ်ပတ်လောက်နေမှ ထမင်းကို ဆန်ပြုတ်လို လုပ်ပြီး သေချာကျေအောင် ချေပြီးမှ ကျွေးစေချင်တာ ... ငါ ဆရာလုပ်တာ မဟုတ်ပါဘူးဟာ... ငါက ကိုယ် တိုင်လည်း မလုပ်ပေးနိုင်တော့ ... "

 ကျွန်မစကားသံက အဆုံးမှာ တိုးတိမ်သွားသည်။ ဟုတ်သည်လေ။ ကျွန်မက ကုမ္ပဏီတစ်ခုမှာ စာရင်းကိုင် မို့ မနက် ၇:၁၅ ဆိုလျှင် လာကြိုသည့်ကားနှင့် အိမ်က ထွက်ရသည်။ ရုံးချိန်က မနက် ၈း၃၀ မှ ညနေ ၅း၃၀ ဆိုပေမယ့် ကားလမ်းပိတ်တာနှင့် ဘာနှင့် ဆိုလျှင် အိမ်ကို အစောဆုံး ည ၇း၀၀ (သို့) ၇း၃၀ လောက် မှ ပြန်ရောက်တတ်သည်။ ထို့ကြောင့် သမီးလေးရဲ့ ကိစ္စအားလုံးအတွက် အိမ်သားတွေကိုသာ အားကိုးရ သည်။ တစ်နေ့တာလုံး သမီးလေးကို ချီပိုး ထိန်းကျောင်း၊ နို့ဘူးတိုက်၊ စားစရာကျွေး၊ ရေချိုး၊ သန့်ရှင်းရေး လုပ်၊ ပြီးတော့ သမီးလေးအ၀တ်တွေ လျှော်၊ မီးပူတိုက် စတဲ့အလုပ်တွေဟာ မိခင်တစ်ယောက်အနေနဲ့ ကျွန်မကိုယ်တိုင် လုပ်ရမည့် အလုပ်တွေပါ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် မိုးလင်းက မိုးချုပ် အလုပ်ထွက်လုပ်နေရတဲ့ အိမ်ရှင်မတစ်ယောက်အနေနဲ့ သမီးရဲ့တာဝန်တွေကို ပိတ်ရက်မှသာ လုပ်ပေးနိုင် ပါသည်။

ရှားရှားပါးပါး ပိတ်ရက်လေး တစ်ရက်ကို သမီးလေးနဲ့ ဆော့ကစား၊ လုပ်စရာရှိတာတွေကို သမီးလေးကို ချီရင်း တစ်ဖက်က လုပ်နှင့် ကုန်ဆုံးစေရသည်။ သူငယ်ချင်း မိတ်ဆွေတချို့က ကျွန်မကို ပြောကြသည်။ နင် အလုပ်မလုပ်လည်း ရရဲ့သားနဲ့ ...။ နင့်ယောက်ျားတစ်ယောက်လုံး ရှာနိုင်တာပဲ... အလကား အလုပ် ထွက်လုပ်နေတယ်တဲ့။ အလကားတော့ ဘယ်သူမှ ကိုယ့်သားသမီးကို ခွဲပြီး အလုပ် ထွက်မလုပ်ချင်ပါ။ ယခုခေတ်မှာ ထိုက်သင့်သော လစာနှင့် သင့်လျော်သော ခံစားခွင့်တချို့ကြောင့် ကိုယ့်မိသားစုရှေ့ရေးကို ကြည့်ပြီး အလုပ်လုပ်နေရခြင်းပါ။ ထိုသို့ ပြောသော မိတ်ဆွေများကို ကျွန်မ ဘာမှ မတုံ့ပြန်မိပါ။ ပြုံး၍သာ ကြည့်နေမိသည်။ ကျွန်မ ရင်ထဲကို သူတို့မှ မမြင်နိုင်တာလေ ...။

+ + + + + + +


"ဟယ်... သမီးလေး ငိုနေပြန်ပြီ။ ဟိုတစ်ခါလို ဖြစ်ပြန်ပြီ ထင်တယ်...။ ငါ စိတ်ညစ်ပါတယ်ဟာ...။ နင်တို့ကို ငါ မှာထားတယ်လေ...။ ကလေးရဲ့ဝမ်း ပုံမှန် ပြန်ဖြစ်တဲ့အထိ စောင့်ပြီးမှ ထမင်းကျွေးပါလို့...။ ခုတော့ ကလေးခမျာ ခံစားရပြန်ပြီ...။သနားပါတယ်...ငါ့သမီးလေး"

ကျွန်မ ရုံးက ပြန်ရောက်ရောက်ချင်း တစ်ညမှာ သမီးလေး ငိုနေသံ ကြားလိုက်ရ၍ ကျွန်မက ညီမလေးကို ခပ်ဆတ်ဆတ်လေး ပြောလိုက်မိသည်။ လူက ရုံးမှာ စိတ်ပင်ပန်းလာတာက တစ်မျိုး၊ အိမ်ပြန်ရောက်တော့ သမီးလေး ၀မ်းမသွားနိုင်၍ ငိုနေသည်ကို ကြုံလိုက်ရတာက တစ်မျိုးကြောင့် လူက စိတ်တိုမိသလို ဖြစ်ကာ ညီမလေးကို အပြစ်တင်လိုက်သည်။ ညီမလေးက -

"အေးပါ ... ငါလည်း မကျွေးပါဘူး...။ ဒီနေ့ ငှက်ပျောသီးပဲ စားတာ...တခြား ဘာမှ မကျွေးဘူး...။ နောက် ဆို နင့်သမီးကို ဘာမှ မကျွေးဘူး စိတ်ချ...။ နို့ဘူးပဲ တိုက်မယ်"

ညီမလေးကလည်း ကျွန်မကို စိတ်ဆိုးကာ ဘုဆတ်ဆတ်ပြောပြီး လှည့်ထွက်သွားတော့သည်။ ကျွန်မမှာ အလုပ်က ပြန်လာလာချင်း အ၀တ်အစားပင် မလဲနိုင်ဘဲ သမီးလေးကို ချီပိုးရင်း ချော့မြှူနေလိုက်သည်။ စိတ်ထဲမှာလည်း ကလေးကို တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည် နို့ဘူးပဲ တိုက်နေပြီး ၀မ်းပုံမှန်ဖြစ်သွားမှ အစာပျော့ပျော့ကို စကျွေးပါလို့ မှာထားသည့်ကြားက ခုလိုဖြစ်ရသည်မို့ အိမ်သားတွေကို စိတ်ဆိုးမိသည်။ အဓိကကတော့ သမီးလေး နာကျင်မှုကို မခံစားစေလိုခြင်းသာ။

"နင်တို့ငယ်ငယ်တုန်းကလည်း ဒီလိုပဲ ကျွေးမွေးပြီး ထိန်းကျောင်းလာတာ။ ဒီအရွယ်က ဒီလိုပဲ ဖြစ်တတ်တာ ချည်းပဲ။ နောက်ဆို ပုံမှန်အတိုင်း ဖြစ်သွားမယ့်ဥစ္စာ....။ သူ့အရွယ်နဲ့သူ ကျွေးသင့်တဲ့ အစားအစာကို ကျွေး ရတာပဲ..."

 အဒေါ်တစ်ယောက်က  လေသံ အေးအေးနှင့် ပြောပြီး ကျွန်မအနားက ထွက်သွားပါသည်။ ထိုနေ့မှ စ၍ နောက်ရက်များတွင် အိမ်သားများ ကျွန်မအပေါ် အေးစက်လာကြသည်ဟု ခံစားလာမိသည်။ ပြောစရာ ဆိုစရာရှိလျှင် ပြောဆိုကြသော်လည်း ယခင်ကလောက် ဟက်ဟက်ပက်ပက် မရှိကြတော့ဟု ကျွန်မစိတ်ထဲ ထင်မြင်မိသည့်အခါ ရင်ထဲမှာ နာကျင် ၀မ်းနည်းလာမိသည်။ ညဘက် အိပ်ရာထဲတွင် အိပ်ပျော်နေသော သမီးလေးကို ကြည့်ရင်း ကျွန်မတစ်ယောက်တည်း ကြိတ်ငိုမိသည်။ ကျွန်မက သမီးလေးအပေါ် စိုးရိမ်ပူပန် မှုဟာ သမီးလေးကို မိခင်နှင့်မခြား မေတ္တာစေတနာနဲ့ ပြုစုစောင့်ရှောက်ပေးသူတို့အတွက် စိတ်အနှောင့် အယှက် ဖြစ်သွားလေပြီလား။ ကျွန်မ အလုပ်သွားနေချိန်မှာ အိမ်မှာ ရှိသမျှ လူအားလုံးဟာ သမီးလေးကို ၀ိုင်းဝန်း ချီပိုး ထိန်းကျောင်းပေးနေကြသည်မှာ သူတို့ကိုယ် သူတို့ ပင်ပန်းရကောင်းပင် မသိ။ ဒါကို ကျွန်မ သိလျက်နဲ့ အပြစ်တင် ပြောဆိုမိသည်ကို သူတို့ စိတ်ကွက်သွားကြပြီလား။

တကယ်တော့ ကျွန်မရဲ့သမီးလေးကို တစ်အိမ်သားလုံး တုန်နေအောင် ချစ်ကြတာ ကျွန်မ အသိပါ။ သမီးလေးဟာ ကျွန်မဘက်မှာရော၊ ကျွန်မအမျိုးသားဘက်မှာပါ မြေးဦးလေးမို့ အကုန်လုံးက ၀ိုင်းပြီး ချစ်ကြ သည်းကြတာလည်း ကျွန်မအသိပါ။ ဒါပေမယ့်လည်း ကျွန်မရဲ့ မိခင်စိတ်အရ သမီးလေးကို ဘာကြောင့်မှ မငိုကြွေးရစေချင်တာ၊ သမီးလေးကို အမြဲ ပြုံးရယ်ရွှင်မြူးနေစေချင်တာတွေကြောင့် အိမ်သားတွေအပေါ် အပြစ်တင် ငြူစူခဲ့မိခြင်းသာ။ အခုတော့ ကျွန်မ မှားမှန်း သိခဲ့ပါပြီ။ ကျွန်မရဲ့ တဇွတ်ထိုးဆန်ဆန် စိုးရိမ်မှု အပေါ် စိတ်ခုသွားတဲ့ မိသားစုဝင်များကိုလည်း ကျွန်မ နားလည်ပေးတတ်ခဲ့ပါပြီ။ ဒါကြောင့် ခုနေအခါမှာ ကျွန်မရင်ထဲမှာ မျိုသိပ်ပြီး သိမ်းထားတဲ့ စကားတွေကို တစ်ချိန်ချိန် မိသားစုများကို ဖွင့်ဟခွင့် ရမယ်ဆိုရင် ကျွန်မ ပြောလိုက်ချင်ပါတယ်...။



"သမီးလေးကို ချစ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်" 


လို့ ......။









စာဖတ်ပရိသတ်များ အားလုံးကို လေးစားလျက်


မြ၀တီဇော်

(24/11/2014)
12:45 PM
 






Monday, October 27, 2014

ပေးဆပ်ချစ်



တစ်ခါတလေတော့လည်း
ကြိုးစားတိုင်း မဖြစ်တဲ့ ကံတရားကို
ဟားတိုက် ရယ်ပစ်လိုက်ချင်တယ် ...။

တစ်ခါတလေတော့လည်း
နေရာတကာ အားနာတတ်တဲ့အကျင့်ကို
ကိုယ့်အားနည်းချက်လို့
သတ်မှတ်ပစ်လိုက်ချင်တယ် ...။

တစ်ခါတလေတော့လည်း
ကိုယ့်ရင်ထဲက အပူကို သိုဝှက်
ငိုချင်လျက်နဲ့ ပြုံးနေရတဲ့ဘ၀ကို
မုန်းတီးပစ်လိုက်ချင်တယ်...။

..................................
..................................
..................................


ရင်ထဲက နာကျင်နေတဲ့ ဒဏ်ရာ
ဖန်တစ်ရာတေအောင်
ခံစားရပေမယ့်လည်း
အမှတ်မရှိတဲ့ နှလုံးသားက
(မင်းအတွက်ဆို)
အရှုံးပေးချင်တုန်းပဲ .... ။







 < မြ၀တီဇော် >
    3း 13 PM
    27/10/2014









Tuesday, October 21, 2014

လူတချို့အကြောင်း



လူတချို့ ရှိတယ် ...
ကိုယ်တိုင်က မပြည့်စုံပေမယ့်
သူတစ်ပါးရဲ့ လိုအပ်ချက်၊ အားနည်းချက်တွေကို
စောင့်ကြည့် ဝေဖန်ဖို့ အသင့်ရှိကြတယ်။

လူတချို့ ရှိတယ် ...
ကိုယ်နဲ့ ဆိုင်ဆိုင်၊ မဆိုင်ဆိုင်
သူတစ်ပါးရဲ့ အရေးအရာ ကိစ္စတွေမှာ
တတ်ယောင်ကားလုပ်ပြီး
အပြစ်ဆိုတတ်ကြတယ်။

လူတချို့ ရှိတယ် ...
ကိုယ့်ရဲ့ လိုအင်တွေအတွက်
သူတစ်ပါးရဲ့ ဘ၀တွေကို
ခပ်လွယ်လွယ် နင်းချေပစ်တတ်ကြတယ်။

အဲဒီလိုပဲ ...

လူတချို့ ရှိတယ် ...
ကိုယ့်လောက် မပြည့်စုံသူနဲ့ ကြုံတွေ့ရပေမယ့်
ကိုယ်နဲ့ တန်းတူထားပြီး
အခင်မပျက် ဆက်ဆံတတ်တယ်။

လူတချို့ ရှိတယ် ...
ကိုယ်နဲ့ မဆိုင်တဲ့
သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ
ဝေဖန်ပြောဆိုဖို့
ရှောင်ရှားတတ်ကြတယ်။

လူတချို့ ရှိတယ် ...
ကိုယ့်ရဲ့ လိုအင်အတွက်နဲ့
သူတစ်ပါးကို မကောင်းဆိုဖို့
နှုတ်က မထွက်ရဲတဲ့သူတွေ ရှိတယ်။

တကယ်တော့ လူတချို့က သင်ထင်သလောက် မတုံးအကြပါဘူး။ သူတို့ သင့်ကို မတုံ့ပြန်တာက သင့်ကို ကြောက်လို့၊ သတ္တိမရှိလို့ မဟုတ်ပါဘူး။ တစ်နေ့ သင့်ကို သင်ပြုတဲ့ မကောင်းမှုတွေက ဒဏ်ပြန်ခတ်မှာကို သိနေလို့ပါ။

(မြ၀တီဇော်)
21/10/2014

Tuesday, December 10, 2013





"ဖြေသိမ့်ရာ ... "


အခုအချိန်မှာ
တစ်စုံတစ်ယောက်ကို လွမ်းနေရတယ်ဆိုတာ
ကံကောင်းခြင်းတစ်မျိုးလို့ တင်စားချင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ...
လွမ်းတယ်ဆိုတာ
ကိုယ့်ဘ၀မှာ အရေးပါတဲ့သူတစ်ယောက်ကို
ပိုင်ဆိုင်ထားခွင့် ရနေလို့သာ
လွမ်းဆွတ်ခြင်းကို ခံစားရတာပါ။

ဒါကြောင့် ...
တစ်စုံတစ်ယောက်ကို
အတိုင်းအဆမဲ့
လွမ်းဆွတ်တဲ့အခါ
ကိုယ့်ကိုယ်ကိုယ် ဒီလို ပြန်အားပေးလိုက်ပါ။

ကိုယ်တိုင်ကသာ
ကိုယ့်ချစ်သူကို
နှလုံးသားထဲမှာ
နေရာအပြည့်အ၀ ပေးမထားနိုင်ခဲ့ဘူးဆိုရင်
လွမ်းဆွတ်ခြင်းကို
ဒီလောက် ခံစားနေရမှာ မဟုတ်ဘူးလေ။

ချစ်သူကို လွမ်းဆွတ်နေရတယ်ဆိုတာ
တကယ်တော့ ...
ကိုယ့်နှလုံးသားထဲမှာ
သူ့ကို နေရာအပြည့်အ၀ ပေးထားခဲ့လို့ပါပဲ ... ။
...................
......................
..........................
ဒီလို တွေးမိရုံလေးနဲ့တင်
သူ့ကို လွမ်းနေရတာ ထိုက်တန်ပါတယ်လေ...
ကိုယ်က ပိုချစ်ခဲ့ရတာကို ... ။



(မြ၀တီဇော်)
9/12/2013 (4 : 44) PM

Thursday, December 5, 2013



"ရင်ဖွင့်လို့ ... ကြိုနေပါ့မယ်"


တချို့တွေအတွက်
တစ်ရက်ပြီး တစ်ရက်
ဘယ်လို ကျော်ဖြတ်သွားကြသလဲ မပြောတတ်ပေမယ့်
ကိုယ့်အတွက်တော့ ...
တစ်ရက်နဲ့ တစ်ရက်
အလွမ်းနဲ့ အသက်ဆက်နေခဲ့ရတယ် ... ။


မကြာခဏ
ခွဲခွာနေခဲ့ရတာ မှန်ပေမယ့်
(အခုအချိန်ထိ)
ခွဲခွာခြင်းက
ကိုယ်နဲ့ အသားမကျသေးတာတော့
ဝန်ခံပါရစေ ... ။


လွမ်းမိတိုင်းသာ
မျက်ရည်ကျရမယ်ဆို

ကိုယ် မငိုရတဲ့နေ့ ရှိမှာ မဟုတ်တော့ဘူး ... ။


သတိရခြင်းတွေ သိုဝှက်လို့
လောကဓံကို အပြုံးမပျက် ရင်ဆိုင်ရင်း
တင်းကျပ်နေတဲ့ ခံစားချက်တွေနဲ့
အိပ်ပျက်ခဲ့ရပေါင်းလည်း များနေပါပြီလေ ... ။


ကိုယ့်စိတ်ရဲ့ စေညွှန်ရာ
လိုက်ပါနိုင်ခွင့် မရှိတဲ့ဘ၀မို့
ဘယ်သူ့ကိုမှလည်း အပြစ်မတင်ချင်တော့ပါဘူး .... ။


ဒါပေမယ့်လည်း ...
ဘ၀ပေးအသိနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်း
ခံစားချက်တွေ ခဏလေး ထုပ်သိမ်းလို့
အဝေးတစ်နေရာက မင်း
ဘေးအန္တရာယ်အပေါင်းမှ
ကင်းရှင်းပါစေလို့
ဘုရားမှာ နေ့တိုင်း ဆုတောင်းနေမယ် ... ။


ဘာပဲဖြစ်ဖြစ်
(ချစ်သူရေ ... အားတင်းထား)
အချိန်တန်လို့
မင်း အိမ်ပြန်လာတဲ့အခါ
ပင်ပန်းခဲ့သမျှ ဘ၀အမောတွေ
ပြေပျောက်စေဖို့
တို့နှစ်ယောက်ရဲ့
သံယောဇဉ်ကြိုးလေးကို
ခပ်တင်းတင်း ပွေ့ဖက်ရင်း
(မင်းကို)
ရင်ဖွင့်လို့ ကြိုနေပါ့မယ်ကွယ် ... ။


                                        (မြ၀တီဇော်)


(ရပ်ဝေးမြေခြား ပင်လယ်လှိုင်းလေကြားမှာ မိသားစုနဲ့ခွဲပြီး အလုပ် လုပ်ကိုင်နေရတဲ့ အိမ်ဦးနတ်အတွက် ရည်ရွယ်ပြီး အမှတ်တရ ရေးဖွဲ့ပါတယ်။)




















Tuesday, October 29, 2013

မျှော်လင့်ခြင်းများနှင့် အသစ်တစ်ဖန် လင်းလက်စေသော




"Congratulation ပါ သမီး၊ သမီးက မိခင်လောင်းတစ်ယောက် ဖြစ်နေပါပြီ၊ ဒီတော့ အထိုင်၊ အထ၊ အသွား၊ အလာမှာ ဂရုစိုက်ပါ၊ အစားအသောက်ကိုလည်း သင့်တင့်မျှတအောင် စားပါ၊ စိတ်ပူပန်စရာတွေ၊ စိတ်ရှုပ် စိတ်ညစ်စရာတွေ ဘာမှ မတွေးမိအောင် နေပါ၊ ဖြစ်နိုင်ရင် အိမ်မှာ နားနားနေနေ အနားယူသင့်တယ်၊ အခု လောလောဆယ် အခြေအနေအရ သမီး အနားယူဖို့ လိုအပ်တယ်"

ကျွန်မကို ဆေးကုပေးနေကျ အန်တီဆရာဝန်မကြီးရဲ့ စကားကြောင့် ကျွန်မတစ်ကိုယ်လုံး လေထဲ မှာ မြောက်လွင့်သွားသလို ခံစားလိုက်ရပါတယ်။ ကြည်နူးဝမ်းသာစိတ်ကြောင့် လှိုက်ခနဲ မျက်ရည်ဝဲတက် လာမိတယ်။ တကယ်ဆို ကျွန်မတို့နှစ်ယောက်စလုံး ရင်သွေးကလေး လိုချင်နေကြတာ ကြာပါပြီ။ ကျွန်မ တို့ရဲ့ အိမ်ထောင်သက်ကလည်း ငါးနှစ်ကျော်ခဲ့ပါပြီ။ ဒီအတောအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ရင်သွေးယူဖို့ နှောင့်နှေးခဲ့ရပါတယ်။ အကြောင်းရင်းကတော့ သူနဲ့ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးက သူ့ အလုပ်အခြေအနေအရ တစ်ယောက်တစ်နေရာစီ ခွဲခွာနေခဲ့ကြရပါတယ်။ အဲဒီလို မကြာခဏ ခွဲခွာနေခဲ့ကြ ရတဲ့အချိန်တွေက နှစ်ယောက်အတူရှိနေတဲ့အချိန်တွေထက် ကျွန်မတို့ဘ၀မှာ ပိုများခဲ့ပါတယ်။


ဒါပေမယ့်လည်း ဒါဟာ ဘ၀ပေးအခြေအနေမို့ ကျွန်မတို့နှစ်ယောက် သည်းခံပြီး ကျော်ဖြတ်လာခဲ့ပါတယ်။ အရင်ကဆို မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုသလို သူ အလုပ်သွားလုပ်တဲ့အချိန်တွေမှာ ကျွန်မလည်း ကိုယ့်ရဲ့ နေ့စဉ် လုပ်ငန်းခွင်ဘ၀မှာ ကျင်လည်ရင်းနဲ့ သူ့ကိုလွမ်းရတဲ့ အချိန်တွေကို ခက်ခဲပင်ပန်းစွာ ကုန် လွန်စေခဲ့ရပါတယ်။ အခုတော့ သူ ကျွန်မနားမှာ အချိန်ပြည့် ရှိမနေနိုင်ပေမယ့် သူ့ရဲ့ကိုယ်စား ချစ်မြတ်နိုး စရာ၊ နှစ်သက်ကြည်နူးစရာ၊ ဂရုတစိုက် ပြုစုစောင့်ရှောက်စရာ သူ့ရဲ့ကိုယ်ပွားလေးကို ရင်ခုန် စိတ်လှုပ်ရှား စွာ မျှော်လင့် စောင့်ကြိုနေရမယ့် အခွင့်အရေးတစ်ခု ကျွန်မ ပိုင်ဆိုင်ခွင့် ရခဲ့ပါပြီ။ ဒီအခွင့်အရေးဟာ ကျွန်မ တို့အတွက်တော့ ဘုရားက ပေးတဲ့ ဆုလာဘ်တစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့ရဲ့ အိမ်ထောင် သက် လေးနှစ်ကျော်လောက် ရောက်လာတဲ့အခါမှာ သူက တစ်ဦးတည်းသောသားမို့ သူ့မိဘများက လည်း မြေးလေးတစ်ယောက်ကို အလွန်အမင်း တောင့်တနေကြပါတယ်။ ထို့အတူ ကျွန်မဘက်မှာ ဆိုရင် လည်း ကျွန်မက မွေးဖွားလာမယ့် ရင်သွေးလေးဟာ အဦးဆုံး မြေးဦးဖြစ်တာမို့ မိသားစုတွေက စိုးရိမ် ပူပန်မှုတွေနဲ့အတူ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေကြပါတယ်။ ဒါဟာ မိခင်လောင်းဖြစ်တဲ့ ကျွန်မအတွက်တော့ အားရှိစရာ၊ ၀မ်းသာကြည်နူးစရာ အခြေအနေလေးပါပဲ။



* * * * * * * *



ကျွန်မကိုယ်တိုင် မိခင်လောင်းဘ၀ကို ရောက်လာခဲ့ရတော့မှ ကျွန်မရဲ့မေမေကို ကိုယ်ချင်းစာ သနားမိပါ တယ်။ ကျွန်မမှာ ရင်သွေးလေးရှိနေပြီ ဆိုကတည်းက အပူအစပ်၊ အဖန်အခါး အလွန်အကျွံ မစားမိအောင် သတိထားခဲ့ပါတယ်။ နောက်ပြီး ကျွန်မမှာ Morning Sickness ကို ကိုယ်ဝန်သုံးလလောက်အထိ ခံစားခဲ့ရ တာကြောင့် အဲဒီအချိန်တွေမှာ ကျွန်မမေမေရဲ့ကျေးဇူးကို အလွန်ပဲ သတိရ အောက်မေ့မိပါတယ်။ ကျွန်မ တို့ မောင်နှမသုံးယောက်ကို မွေးဖွားပေးခဲ့တဲ့ မေမေဟာလည်း ကျွန်မလိုပဲ ပျို့အန်တဲ့ ဝေဒနာကို သုံးကြိမ် သုံးခါတိတိ ခံစားခဲ့ရရှာမှာပါပဲ။ ဒါ့အပြင် ကျွန်မငယ်ငယ်က ရင်ကျပ်တတ်တာကြောင့် ကျွန်မ မိဘများခမျာ ညဘက်တွေဆို ကောင်းကောင်း မအိပ်ခဲ့ရပါဘူး။ မှတ်မိသလောက် ကျွန်မငယ်စဉ်က ညဘက် ချောင်းတွေ ဆိုးပြီဆိုရင် ကျွန်မရဲ့ဖေဖေက ကျွန်မကို ပခုံးပေါ်မှာတင်ပြီး ကျွန်မ မအိပ်မချင်း လမ်းလျှောက်နေခဲ့ရ ပါတယ်။ ကျွန်မမေမေဆိုရင်လည်း ကျွန်မ တစ်နေကုန် အစားသောင်းကျန်းသမျှ ညနေ အလုပ်က ပြန်လာ တာနဲ့ ရုံးမှ ခူးလာသော ဇီယာရွက်များကို ထောင်းကာ အရည်ညှစ်၊ ဆားခတ်ပြီး တိုက်ပါတော့သည်။ စိမ်းရွှေရွှေ ခါးသက်သက် အရသာနှင့် ထိုဆေးရည်ကို မသောက်သောက်အောင် ချော့တစ်ခါ၊ ခြောက် တစ်လှည့်နှင့် မေမေက ကျွန်မကို တိုက်ကျွေးခဲ့ရပါသည်။ သားသမီးသုံးယောက်ရှိသည့်အနက် ကျွန်မ တစ်ယောက်သာ ငယ်ငယ်ကတည်းက ချူချူချာချာ ရှိခဲ့တာမို့ ကျွန်မ မိဘတွေ၊ မိသားစုဝင်တွေ အတော် ပင်ပန်းခဲ့ကြရပါသည်။



အခုတော့ ကျွန်မ မိဘနေရာကို အလှည့်ကျလာခဲ့ပါပြီ။ ကိုယ့်အလှည့်ကျ မနွဲ့စတမ်းဆိုသလို ကိုယ့်သား သမီးလေးအတွက် ကျွန်မ လုံးဝ မကြိုက်ခဲ့တဲ့ ဖီးကြမ်းငှက်ပျောသီးတွေကို တစ်နေ့ သုံးလေးလုံး စားဖြစ်ခဲ့ ပါတယ်။ ထမင်းနံ့၊ ဟင်းနံ့ မခံနိုင်ခဲ့တဲ့ ကာလမို့ အချဉ်ထုပ်တွေကိုသာ စိတ်ထဲမှာ တောင့်တမိပါတယ်။ ဒါပေမယ့်လည်း ကျွန်မအမျိုးသားက ကျွန်မကို အချဉ်ထုပ်တွေ အလွန်အကျွံ ပေးမစားပါဘူး။ အသီး အနှံတွေကိုတော့ ကျွန်မ သဘောရှိ စားခွင့်ပေးထားပါတယ်။ ဒီလိုအချိန်ကာလကိုတော့ ကျွန်မကိုယ်ကျွန်မ အလွန် အံ့သြမိပါတယ်။ အရင်တုန်းကဆိုရင် အသီးအနှံတွေကို တော်ရုံလောက်သာ စားတတ်တဲ့သူက အခုတော့ ကျွဲကောသီးဆိုလည်း တစ်နေ့ကို တစ်လုံးလောက် ကုန်အောင် စားပစ်ချင်နေပါတယ်။ ဟင်းဆို ရင်လည်း အသားငါးထက် ဟင်းသီးဟင်းရွက်တွေကို ပိုစားချင်တဲ့စိတ် ဖြစ်နေပါတယ်။ နောက်တစ်ခု ထူးခြားတာက အခုတလောမှာ ကျွန်မ သိပ်ကို စိတ်ထိခိုက်လွယ်နေတာပါပဲ။ တကယ်ဆို ကျွန်မက အဲဒီလောက် စိတ်နုတတ်သူ မဟုတ်ပါဘူး။ အခုတော့ ကျွန်မကို တစ်စုံတစ်ယောက်ကများ စကားပြော လို့ လေသံနည်းနည်း မာသွားတယ်လို့ စိတ်မှာထင်လိုက်တာနဲ့ မျက်ရည်က ပိုးပိုးပေါက်ပေါက် ကျလာတော့ ပါပဲ။ အမှန်မှာ ပြောသူကတော့ ပုံမှန် ပြောရိုးပြောစဉ် ပြောလိုက်တာဖြစ်ပေမယ့် ကျွန်မစိတ်ထဲမှာ ရုတ် တရက် ၀မ်းနည်းသွားတတ်တာကတော့ ထူးဆန်းနေပါတယ်။ ဒီအဖြစ်အပျက်တွေကတော့ ကျွန်မကိုယ် ကျွန်မ အံ့သြမိစေတဲ့ ထူးခြားမှုတွေပါပဲ။



* * * * * * * *



တစ်နေ့တခြား တဖြည်းဖြည်း ဖွံ့ဖြိုးလာတဲ့ ကိုယ့်ခန္ဓာကိုယ်ကို ကြည့်ရင်း သားလေးလား၊ သမီးလေးလား မှန်းဆကြည့်ရတဲ့ ကြည်နူးမှုကလည်း ကျွန်မအတွက်တော့ စိတ်လှုပ်ရှား ပျော်ရွှင်စရာတစ်ခုပါပဲ။ တစ်ခါ တစ်ခါ ကိုယ့်စိတ်ထဲရှိတာလေးတွေကို ရင်သွေးကလေးကို တိုင်တည်လို့ အရူးတစ်ယောက်လို စကားတွေ ပြောနေမိပါတယ်။ တစ်ခါတလေလည်း စိတ်ကူးထဲ ပေါ်လာတဲ့ သားချော့တေးတွေ ခပ်တိုးတိုး ဆိုမိနေပါတယ်။ ဒါကြောင့်ပဲ ရှေးလူကြီးတွေက "သားဦး အရူး"ဆိုပြီး မိဘတွေအနေနဲ့ သားဦး သမီးဦး အပေါ်မှာ အရူးအမူး ဖြစ်တတ်ကြတယ်လို့ ဆိုရိုးပြုခဲ့တာ ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် ဒီရင်သွေးလေးကြောင့် ကျွန်မရဲ့ စိတ်နေစိတ်ထားတွေ ပိုပြီး နူးညံ့ပျော့ပျောင်းလာတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဟိုအရင်တုန်း ကလို အရာရာကို ကိုယ့်စိတ်နဲ့မတွေ့တဲ့အခါ စိတ်လိုက်မာန်ပါ ပြုလိုက်ဖို့ဆိုတာ ဝေလာဝေး။ တစ်ခုခုဆို အရင်ဆုံး ကိုယ့်ကလေးအတွက် ဦးစားပေးပြီး စဉ်းစားနေမိတာဟာ မိခင်စိတ်ဆိုတာများလားလို့ တွေးမိနေ ပါတယ်။



အခုလောလောဆယ် ကျွန်မရဲ့ရင်ထဲ၊ ဦးနှောက်ထဲမှာ ကျွန်မရင်သွေးလေးအတွက် ကြိုတင် စိတ်ကူးထား တာတွေ၊ မျှော်လင့်ချက်တွေနဲ့ ပြည့်လျှံလို့ နေပါတယ်။ နေ့ရှိသရွေ့ ရင်သွေးလေးနဲ့ ပတ်သက်တဲ့ စာ အုပ်တွေ ဖတ်လိုက်၊ အစား စားလိုက်၊ မွေးဖွားမယ့်အချိန်ကို ကြိုတင်ပြီး စိတ်ကူးယဉ်လိုက်၊ ညစဉ် အိပ်ရာ ၀င်တိုင်း မြတ်စွာဘုရားထံမှာ ရင်သွေးလေးအတွက် ဆုတွေ မမောနိုင် မပန်းနိုင် တောင်းလိုက်နဲ့ တစ်ယောက်တည်း အလုပ်ရှုပ်နေရတာကိုက ကျွန်မဘ၀ရဲ့ နေ့စဉ် ပျော်ရွှင်မှုတွေပါပဲ။ ဒီအရာတွေ အားလုံး ဟာ ကျွန်မအတွက်တော့ ဘ၀မှာ အသစ်ထပ်မံ ရှင်သန်ခွင့်၊ ရင်ခုန် ကြည်နူးခွင့်၊ ဘ၀အဓိပ္ပာယ်တွေ ပိုပြီး ပြည့်စုံနိုင်ခွင့်တွေနဲ့ ထုံမွှမ်းထားတဲ့၊ တောက်ပ လင်းလက်နေတဲ့ ပျော်ရွှင်ခြင်း မိုးကောင်းကင်တစ်ခုကို ပိုင်ဆိုင်လိုက်ရသလိုပါပဲ။ ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်းရဲ့ ရင်ထဲမှာလည်း ကျွန်မထက် မပိုရင်သာရှိမယ် မလျော့တဲ့ မေတ္တာစိတ်တွေနဲ့ သားသမီးတွေအတွက် အရာရာကို ရင်ဆိုင်ဖို့ အမြဲတမ်း အသင့်ရှိနေမယ်လို့ ယုံကြည်နေမိပါတယ်။



(ကမ္ဘာပေါ်မှာ ရှိသမျှ မိခင်တိုင်းရဲ့ မေတ္တာတရားကို ဤစာစုဖြင့် လေးစားစွာ ဦးညွှတ်လိုက်ပါ၏။)





စာဖတ်သူအားလုံး ခင်မင် လေးစားလျက်

မြ၀တီဇော်






Wednesday, October 23, 2013

ရင်ခုန်တွယ်ရစ် နှောင်ကြိုးဖြစ်စေ...


နံရံထက်က နာရီကို ဘယ်နှကြိမ်မှန်းမသိ မော့ကြည့်မိသည်။ နာရီလက်တံက ည ၁၁ နာရီသို့ ညွှန်ပြနေ သည်။ သာမန်နေ့မျိုးမှာ ဒီအချိန်ဆို သူမ အိပ်ရာဝင်ပြီးနေပြီ။ ခုတော့ သူမ မအိပ်နိုင်သေး။ အဲ.. အိပ် မရနိုင်သေးတာဆိုရင် ပိုမှန်လိမ့်မည်။ အိမ်ခန်း ပြတင်းပေါက်မှ လေအေးတစ်ချက် ဝေ့၀ဲတိုက်ခတ် လိုက်သောကြောင့် စိမ့်ခနဲ ဖြစ်သွားသည်။ ဘေးကို အသာငဲ့စောင်းကြည့်မိတော့ သူလည်း သူမလိုပင် အတွေးများနေဟန် ငေးငိုင်နေသည်ကို တွေ့ရသည်။ သူမ သက်ပြင်းကို အသာချကာ အိမ်ရှေ့လမ်းဘက် သို့ လှမ်းမျှော်ကြည့်လိုက်သည်။

လမ်းမထက်မှာ ကားငယ်တချို့ ဖြတ်သန်းသွားတာ တွေ့ရသည်။ တစ်ခါတလေ လူငယ်တစ်စု ဆိုင်ကယ် ကို အပြင်းမောင်းနှင်ရင်း သီချင်းတွေ အော်ဆိုသွားသည့်အခါမျိုးတွင်တော့ သူမ လန့်လန့်ဖျပ်ဖျပ်နှင့်ပင် စိတ်တိုတောင်းမိရသည်။ ညဥ့်က နက်သည်ထက် နက်လာသည်။ ဆောင်းဝင်ခါစ အချိန်မို့ မြောက်ပြန်လေ ညင်းက တသွဲ့သွဲ့ တိုက်ခတ်လာသည်။ သူမ မျက်လုံးတွေ ပိုမို မှေးစင်းလာသည်။ သို့သော်လည်း သူမ အိပ်ရာဝင်ဖို့ စိတ်မကူးနိုင်သေး။ သူ့ဘက်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်တော့ သူလည်း ငိုက်မြည်း လာဟန် ရှိသည်။ သူမဘက်သို့ လှည့်ကြည့်ရင်း ~~~

"အိပ်ချင်နေပြီလား၊ ခဏတော့ သည်းခံလိုက်ပါဦးကွာ၊ သူတို့ မကြာခင် ပြန်လာတော့မှာပါ"
 
သူမ ခေါင်းကို အသာညိတ်ပြလိုက်သည်။ အိပ်ချင်ပြေလို ပြေငြား သူမနှင့် သူ့အကြောင်းကို ပြန်တွေးကြည့် မိလိုက်သည်။ သူမတို့နှစ်ယောက် ဆုံစည်းမှုက သိပ်မထူးဆန်းပါ။ ငယ်စဉ်ကတည်းက တစ်ခြံတည်းမှာ အတူ ကြီးပြင်းလာခဲ့ကြသည်။ ထိုစဉ်က သူမက ခြံဝင်းရဲ့ အရှေ့ဘက် အနည်းငယ်ကျသော နှစ်ထပ်အိမ် ကြီးမှာ နေထိုင်ခဲ့သည်။ သူကတော့ သူမနေထိုင်သည့် အိမ်ထက် အနည်းငယ် နောက်ရောက်သော တစ်ထပ်တိုက်ပုကလေးမှာ နေထိုင်သည်။ သူမတို့နှစ်ယောက်မှာ အိမ်ချင်း သိပ်မဝေးပေမယ့် လှမ်းကြည့် လျှင် မြင်နိုင်သော အကွာအဝေးမှာ ရှိသည်။ ထို့ကြောင့် မကြာခဏဆိုသလို သူမတို့နှစ်ယောက် မျက်လုံး ချင်း ဆုံမိတတ်ကြသည်။ သူမနေထိုင်ရာ အိမ်မှ လှမ်းကြည့်လိုက်လျှင် သူ့ကို မနက်စောစောပိုင်းတွေမှ စ၍ ညမိုးချုပ်သည်အထိ တွေ့မြင်ရသည်။ သူကတော့ သူမကို မြင်တိုင်း ခပ်ပြုံးပြုံးနှင့် နှုတ်ဆက်လေ့ရှိသည်။
 
သူ့အပြုံးတွေက နွေးထွေးမှုရှိသလို သူမရင်ကို အေးမြစေသောအစွမ်းလည်း ရှိသည်။ အချိန်ကြာလာလေ သူ့အပြုံးတွေကို သူမ စွဲလမ်းနှစ်သက်လာလေ ဖြစ်လာခဲ့သည်။ သို့သော်လည်း တစ်ခါတလေ သူ့ ကို တွေ့မြင်ခွင့် မရသည့် ရက်များလည်း သူမ ကြုံခဲ့ဖူးပါသည်။ သူမ အိမ်ပြင်ဘက်သို့ မထွက်ရသည့်အခါ များ၊ သို့မဟုတ် သူ အိမ်ပြင်ဘက်သို့ မထွက်သည့် အခါများတွင်မူ သူမနှစ်ယောက် တိတ်တခိုး လွမ်းကြရ သည်။ နောက်တစ်နေ့ နှစ်ယောက်သား မြင်ခွင့်ရသည့် အချိန်များတွင်တော့ တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် ငေးမောရင်း အလွမ်းသယ်ခဲ့ကြသည်။ နောက်ဆုံးတော့ သူမနှစ်ယောက်ရဲ့ အချစ်ကို အသိ အမှတ်ပြုခံရသည့်ရက် ရောက်လာခဲ့သည်။

အဲဒီတစ်နေ့က သူမဘ၀မှာ အပျော်ရွှင်ဆုံး ဖြစ်ခဲ့ရသည်။ သူမတို့နှစ်ယောက် နေထိုင်လျက်ရှိသည့် အိမ် နှစ် လုံးကို ပေါင်းပြီး သုံးထပ်တိုက် ပြင်ဆောက်လိုက်ကြသည်။ အိမ်ဆောက်နေစဉ် အတောအတွင်း ခြံ ၀င်းထောင့်တစ်နေရာမှာ သူမတို့နှစ်ယောက် အသာလှဲလျောင်းရင်း ကြယ်တွေကို အတူ ငေးမောခဲ့ကြဖူး သည်။ ခြံဝင်းထဲက သစ်ခွပန်းရုံ၊ စံပယ်ပန်းရုံနှင့် နှင်းဆီပန်းအိုးများထံက လေအဝှေ့မှာ သင်းပျံ့လာတဲ့ ပန်း ရနံ့များကို ရှူရှိုက်ရင်း လသာညများကို သူမတို့နှစ်ယောက် ရင်ခုန်စွာ ဖြတ်သန်းခဲ့ကြဖူးသည်။ သူ့နံဘေးမှာ တိတ်ဆိတ်ငြိမ်သက်စွာ လဲလျောင်းရင်း သူ့ကို ခိုးကြည့်နေရသည့် အခိုက်အတန့်ကလေးကတော့ သူမ ဘ၀မှာ ဘယ်အရာနဲ့မှ မလဲနိုင်သည့် ရွှေရောင်အချိန်ကလေးများပင် ဖြစ်သည်။

ဒီလိုနှင့် ငါးလလောက်ကြာတော့ သူမတို့နှစ်ယောက် ခမ်းနားထည်ဝါသည့် သုံးထပ်တိုက်အိမ်ကြီးမှာ အတူ တကွ နေထိုင်ခွင့် ရခဲ့ကြသည်။ သူမတို့နေထိုင်သည့် အခန်းကလေး၏ အပြင်ဘက်မှာ လသာဆောင် ရှိ သည်။ လသာဆောင်မှာ သူမ အလွန်နှစ်သက်သည့် သစ်ခွပန်းဖြူဖြူကလေးများကို စင်ကလေးတစ်ခုနှင့် ထိုးထားသည်။ သစ်ခွစင်ကလေးနှင့် မလှမ်းမကမ်းမှာ ကနုတ်ပန်းများဖြင့် အလှဆင်ထားသော အဖြူရောင် စားပွဲဝိုင်းငယ်လေးနှင့် ထိုင်ခုံလေးနှစ်ခု ရှိသည်။ လသာဆောင်၏ မျက်နှာစာ ထောင့်များတွင်တော့ ပြာလဲ့ လဲ့ မီးအိမ်ကလေးများ တပ်ဆင်ထားသည်။ သူမ မှတ်မိနေသေးသည်။ အိမ်အသစ်ကြီးပေါ်သို့ သူမတို့ စစ ချင်း ရောက်လာစဉ်ကတည်းက ထိုလသာဆောင်ကလေးကို သူမ အလွန် ချစ်မြတ်နိုးခဲ့ရသည်။ သူမ၏ စိတ်ကူးထဲတွင် ထိုလသာဆောင်ကလေးရှိ စားပွဲနှင့် ထိုင်ခုံကလေးတွင် သူနှင့်အတူ ထိုင်ရင်း လပြည့်ည၏ အလှကို ခံစားကြည့်ချင်သည်။ လေပြည်နှင့်အတူ သယ်ဆောင်လာမည့် သင်းပျံ့သည့် ပန်းရနံ့များကို ခံစားရင်း သူ့အတွက် ကဗျာတွေ ရေးဖွဲ့ချင်မိသည်။ တစ်ခါတလေ ကော်ဖီပူပူလေးသောက်ရင်း တစ်ယောက်ကို တစ်ယောက် ဘယ်လောက်ချစ်ကြောင်း တဖွဲ့တနွဲ့ ပြောချင်မိသည်။ ကြည့်စမ်းပါ... သူမစိတ်ကူးထားသည့် ဘ၀လေးမှာ ဘယ်လောက် ကဗျာဆန်လိုက်ပါသလဲ။
 
သို့သော်လည်း ... စိတ်ကူးသည် စိတ်ကူးသာဖြစ်သည်မို့ သူမ၏ လက်တွေ့ဘ၀ထဲမှာ သူမစိတ်ကူးကို အကောင်အထည်ဖော်ခွင့် မရခဲ့ပါ။ သူမကိုယ်တိုင် ဘာကိုမျှ မပြောင်းလဲနိုင်သည့် အခြေအနေတွင် သူမ ဆန္ဒများကြောင့် သူ့ကို စိတ်အနှောင့်အယှက် မပေးလိုပါ။ တစ်ခါက သူမ၏ ဆန္ဒများကို သူ့ကို ရင်ဖွင့်ခဲ့ဖူး သည်။ သူက လေးလေးနက်နက် နားထောင်ပြီး သူမကို တစ်ခွန်းတော့ မှတ်ချက်ပြုသည်။

"မင်းက သိပ်စိတ်ကူးယဉ်တာပဲနော်"

အဲဒီနောက်ပိုင်းတော့ သူမဆန္ဒများနှင့် ပတ်သက်ပြီး သူ့ကို ဘာမျှ မပြောဖြစ်ခဲ့တော့ပါ။ သူ့ကို စိတ်ဆိုးတာ၊ စိတ်ကောက်တာမျိုး မဟုတ်ဘဲ သူမရဲ့ဆန္ဒတစ်စုံတစ်ရာကြောင့် သူ့ကို ၀န်မလေးစေချင်သောကြောင့် ဖြစ် သည်။ သူမ ဘယ်လောက် အတွေးလွန်နေမိသည် မသိ။ ခြံဝင်းရှေ့မှ တတီတီ တီးလိုက်သော ကားဟွန်း သံကြောင့် သူမ အသိစိတ် ပြန်ဝင်သွားရသည်။ ခြံဝင်းရှေ့ကို အသာ ကဲကြည့်လိုက်တော့ သူတို့ ပြန်လာ ကြပြီဆိုတာ သိလိုက်ရသည်။ သူမ နံရံထက်က နာရီကို လှမ်းကြည့်လိုက်ချိန်မှာပဲ သူတို့ စကားပြောသံနှင့် အတူ လှေကားပေါ် နင်းတက်လာသည့် ခြေသံများကို ကြားလိုက်ရသည်။

"ဟူး...၊ ပင်ပန်းတယ် မောင်ရေ့၊ ဒါတောင် မနည်းကို ပြောပြီး လစ်ထွက်လာရတာ၊ သူငယ်ချင်းတွေက လည်း မဆုံတာ ကြာပြီမဟုတ်လား"

"အေးပေါ့ကွာ၊ ဒါကြောင့်လည်း ကိုယ်က အားနာလို့ ဘာမှ မပြောတာပေါ့"

"ကျေးဇူးတင်ပါတယ် မောင်ရယ်...၊ ဟောတော့ ... ဒီမှာ ကြည့်ပါဦး မောင်ရေ၊ ခင်တို့ လသာဆောင်က သံပန်းတံခါးကို မပိတ်ခဲ့မိဘူးတော့ ...၊ ညနေက လောလောနဲ့ ထွက်သွားတာ သစ်သားတံခါးကိုပဲ လော့ခ် ချခဲ့မိတာကိုး"

"အဲဒါကြောင့် မင်းကို ပြောတာပေါ့၊ မင်းဟာလေ... အမြဲတမ်း ရှပ်ပျာ ရှပ်ပျာနဲ့၊ တော်သေးတာပေါ့၊ အထဲက သစ်သားတံခါး ပိတ်ခဲ့မိပေလို့၊ နို့မို့ဆို သူခိုးတွေ ဘာတွေ တက်နေမှ ဒုက္ခ"

"မေ့သွားလို့ပါ မောင်ရယ်...၊ ဘာပဲဖြစ်ဖြစ် ဒီသံပန်းတံခါးလေးတစ်စုံကိုတော့ ခင် သိပ်သဘောကျတာပဲ၊ အရင်တုန်းက ခင်တို့ခြံထဲမှာ အိမ်နှစ်အိမ် ရှိတယ်လေ၊ အဲဒီနှစ်အိမ်စလုံးမှာ ဒီလို သံပန်းတံခါးမျိုး ဆင်တူ တပ်ထားတာ မောင်ရဲ့၊ အဲဒါ အိမ်ပြင်ဆောက်တုန်းက ခင်က နဂိုရှိနေတဲ့ သံပန်းတံခါးတွေကိုပဲ ပြန်သုံးမယ် ဆိုပြီး ခင်တို့အခန်းကနေ လသာဆောင်ထွက်တဲ့နေရာမှာ တပ်ထားလိုက်တာလေ။ ဒီသံပန်းတံခါးတွေက ကြာပြီဖြစ်ပေမယ့် ဟောင်းနွမ်းတဲ့ပုံ မရှိဘူး၊ သူ့ရဲ့ဒီဇိုင်းကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ ဆန်းတယ်လေ။ အဲဒီ အချက်တွေကြောင့် ခင်က ဒီသံပန်းတံခါးလေးကို သံယောဇဉ်ဖြစ်နေတာပေါ့"

"ကဲပါ....စကားများမနေနဲ့ မရွှေချော၊ အချိန်က မနည်းတော့ဘူး၊ တံခါးပိတ်ပြီး ရေမိုးချိုး အိပ်ရာဝင်တော့"

"မောင်ကရော... မအိပ်သေးဘူးလား"

"အိပ်မှာပေါ့... ရုံးက အလုပ်လေးတွေ လက်စသတ်လိုက်ဦးမယ်... မင်း အိပ်နှင့်လေ"

* * * * * * *

ခဏကြာတော့ သူမအတွက် အနွေးထွေးဆုံး၊ အလုံခြုံဆုံး သူ့ရဲ့ရင်ခွင်မှာ သူမတစ်ယောက် ကလေးလေး လို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါတော့သည်။ နောက်တစ်နေ့ နံနက်လင်းသည်နှင့် သူနဲ့ တစ်နေ့တာ ခွဲခွာနေရဦးမှာမို့ သူမအတွက် အားအင်လိုသည် မဟုတ်ပါလား။




စာဖတ်သူများ အားလုံးကို ခင်မင် လေးစားလျက်

မြ၀တီဇော်




Monday, October 7, 2013

ရင်နှင့် ရင်းသော ချစ်ခြင်းသံစဉ်



စာဖတ်သူများအားလုံး မင်္ဂလာပါရှင်။ အကြောင်းအမျိုးမျိုးကြောင့် ကျွန်မ မြ၀တီဇော်တစ်ယောက် ဘလော့ ရပ်ဝန်းကနေ ခဏပျောက် (အဲ..မှားလို့) အကြာကြီး ပျောက်နေခဲ့ရပါတယ်။ စာအသစ်တွေ မတင်တာ ကြာလို့ စာရေးတဲ့ဝါသနာကို စွန့်လိုက်ပြီလို့တော့ မထင်ကြပါနဲ့နော်။ :) အားလုံးနဲ့ အဆက်ပြတ် သွားခဲ့ရ တာက Depression ၀င်ချင်သလိုလို ဖြစ်ခဲ့ရတဲ့ ကိစ္စတစ်ခုကို ခံစားခဲ့ရတာကြောင့် စိတ်လေလေနဲ့ စာမရေးဖြစ်ခဲ့တာပါ။

ဒီအတောအတွင်းမှာ ကျွန်မ တချို့သော မောင်နှမတွေရဲ့ ဘလော့တွေကို ၀င်ဖတ်မိတာ ရှိသလို မဖတ်မိခဲ့ တဲ့ ဘလော့တွေလည်း ရှိခဲ့ပါတယ်။ အဲဒီအတွက်လည်း မောင်နှမတွေ၊ ညီအစ်မတွေကို တောင်းပန်ချင်ပါ တယ်။ တစ်ခါတလေ စာတွေသာ ၀င်ဖတ်သွားပေမယ့် စိတ်နဲ့လူနဲ့ မကပ်တဲ့အချိန် ဖြစ်နေလို့ ကွန်မန့်တွေ လည်း မပေးဖြစ်ခဲ့ပါဘူး။ စာတွေ ၀င်ရောက် ဖတ်ရှုပြီး တိတ်တဆိတ် ပြန်သွားခဲ့တာတွေ များခဲ့ပါတယ်။ ဒါကြောင့် အခုရက်ပိုင်းမှာတော့ စာကြွေးတွေ တဖြည်းဖြည်းနဲ့ ရှင်းနေရပါတယ်။ :)
ကျွန်မ စိတ်ဓာတ်ကျနေခဲ့ရတဲ့ အကြောင်းအရင်းကို ရင်ဖွင့်ရရင် ကျွန်မဘ၀မှာ ကြိုးစားတိုင်းလည်း မရနိုင် တဲ့အရာဆိုတာ ရှိနေပါသေးလားဆိုတဲ့ အသိကို ကျွန်မ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုဆီက သင်ခန်း စာ ရခဲ့လို့ပါ။ ဘယ်သူမဆို နှစ်နဲ့ချီပြီး ကိုယ်တိုင် အပင်ပန်းခံ ကြိုးစားလာခဲ့လို့ ရရှိရမယ့် ရလဒ်တစ်ခုက ရက်ပိုင်းလေးအတွင်းမှာ လက်လွှတ်ခံလိုက်ရမယ်ဆိုရင် အနည်းနဲ့အများတော့ တုန်လှုပ်မိကြမှာပါပဲ။ တစ်နှစ်ပတ်လုံး ကြိုးစားပမ်းစား တည်ဆောက်ခဲ့ရတဲ့ ရည်မှန်းချက်တစ်ခုက နှစ်ရက်တာ အတောအတွင်း မှာ ဘာအကျိုးခံစားခွင့်မှ မရလိုက်ဘဲ အဆုံးရှုံးခံလိုက်ရဖို့ဆိုတာ တခြားသူတွေတော့ မသိပေမယ့် ကျွန်မ အတွက်တော့ အင်မတန်ကို စွန့်စားခဲ့ရတဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။

အဲဒီလောက် လိုချင်ခဲ့တဲ့ ရလဒ်ကို အဆုံးရှုံးခံရဲဖို့ လုံလောက်တဲ့ အကြောင်းအရင်းကလည်း ကျွန်မ အရူး အမူး မျှော်လင့်ခဲ့ရတဲ့ မိခင်ဘ၀ဆိုတော့ ကျွန်မမှာ ချိန်ခွင်လျှာပေါ် ရပ်နေရတဲ့သူလို တစ်ဖက်ဖက်ကို အလေးသာမှ ဖြစ်မယ့် အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်မ ကြိုးစားခဲ့ရတဲ့ အချိန်တွေ၊ ပင်ပန်းခဲ့ရ တဲ့ ကာလတွေ၊ အောင်မြင်ခဲ့တဲ့ စာမေးပွဲရလဒ်တွေ ဒါတွေအားလုံးဟာ Presentation လုပ်မယ့် အကြိုရက် နဲ့ ပတ်ကားရက် နှစ်ရက်ကို မလာနိုင်ရင် ဘွဲ့မပေးဘူးဆိုတဲ့ စည်းကမ်းချက်ကြောင့် ရေစုန်မျောခဲ့ရပါတယ်။ ကျွန်မ တက်ရောက်တဲ့သင်တန်းမှာ Project နှစ်ခု လုပ်ရပါတယ်။ ပထမတစ်ခုကို အောင်မြင်စွာ ကျော်ဖြတ် ခဲ့သလို ဒုတိယ Project ကိုလည်း ကျွန်မ ပါဝင်တဲ့ Group အတွက် လက်ရှိ အောင်မြင်နေတဲ့ စီးပွားရေး လုပ်ငန်း၊ အဲဒီလုပ်ငန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းလည်ပတ်မှု Data တွေ၊ လိုအပ်တဲ့ အချက်အလက်တွေ ကျွန်မ အားလုံး ပြင်ဆင် ကူညီပေးခဲ့ပါတယ်။

အဲဒီလို ကြိုးစားလာခဲ့ပေမဲ့ ကျွန်မရဲ့ ကျန်းမာရေးအခြေအနေက အိမ်မှာပဲ ငြိမ်ငြိမ်သက်သက် အနားယူဖို့ လိုအပ်တယ်ဆိုတဲ့ ဆရာဝန်ရဲ့ညွှန်ကြားချက်ကြောင့် မတတ်သာဘဲ အိမ်မှာ ကျွန်မ တစ်လလောက် နားနေ ခဲ့ရပါတယ်။ အဲဒီအတောအတွင်းမှာ လူကသာ မသွားမလာရပေမဲ့ Project အတွက် လိုအပ်တဲ့ အချက် အလက်တွေကို အိမ်ကနေပဲ e-mail နဲ့ ပို့ပြီး ကျွန်မအဖွဲ့ဝင်တွေအတွက် ကြိုးစား ကူညီခဲ့ပါတယ်။ ဒါပေမဲ့ ကံတရားက ကျွန်မကို မျက်နှာသာ မပေးခဲ့ပါဘူး။ အိမ်ပေါ်ကနေ အိမ်အောက်ကိုတောင် အတက်အဆင်း မလုပ်ဖို့ ညွှန်ကြားခံထားရတဲ့ ကျွန်မ၊ အိမ်ကနေ ကားနဲ့သွားရင် တစ်နာရီနီးပါး မောင်းရတဲ့ (လိုင်းကား စီးရင် နှစ်နာရီလောက် ကြာတဲ့) ရန်ကုန်တက္ကသိုလ်ရဲ့ လေးထပ် စာသင်ဆောင် အပေါ်ဆုံးထပ်မှာ ပြု လုပ်မယ့် Presentation ကို လာဖို့ ဘယ်လိုမှ အခွင့်အရေး မရခဲ့ပါဘူး။

ဆရာဝန်က "အန္တရာယ်ရှိနိုင်တယ်၊ လုံးဝ မသွားပါနဲ့" ဆိုတဲ့ အကြံပြု တားမြစ်ချက်ကြောင့် ကျွန်မ မျှော်လင့် ချက်တွေ သဲထဲ ရေသွန်သလို အလဟဿ ဖြစ်ခဲ့ရပါတယ်။ ကျောင်းက ကျွန်မရဲ့ ဆရာမတွေကလည်း ကျွန်မကို နှမျောကြလို့ အဲဒီနှစ်ရက်ကို "မျက်နှာပဲ လာပြပါ၊ နာရီဝက်လောက် လာပြီးရင် ကျန်းမာရေး မကောင်းလို့ စောစောပြန်ပါရစေဆိုပြီး ပါမောက္ခတွေကို ခွင့်တိုင်ပေးပါ့မယ်၊ လာဖြစ်အောင်သာ လာပါ" လို့ စေတနာနဲ့ ကူညီကြပေမယ့် ကျွန်မရဲ့ရင်သွေးလေးအတွက် ဘယ်လိုမှ အတိမ်းအစောင်း မခံနိုင်တာမို့ ရည်မှန်းချက်ကို လက်လွှတ်ခဲ့ရပါတယ်။

ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့ လက်တစ်ကမ်းအလိုကျမှ လက်လွှတ်ခဲ့ရတဲ့ ခံစားချက်ကို ကျွန်မ စာတွေထဲမှာ၊ တချို့သူတွေ ပြောစကားမှာ ကြားဖူး၊ ဖတ်ခဲ့ရဖူးပေမယ့် ကိုယ်တိုင် ကြုံတွေ့လာရတဲ့အခါ မှာတော့ စိတ်ကို ဖြေဖျောက်နိုင်ဖို့ အတော်ကြိုးစားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကျွန်မဘ၀မှာ ဘယ်လောက် အသည်းအသန် ကြိုးစားခဲ့ရတဲ့ ပညာရေးဖြစ်နေပါစေ၊ ကိုယ့်ရင်သွေးနဲ့ ပတ်သက်လာတဲ့ အခါ ဘာမှ အရေးမကြီးတော့တဲ့ ကိစ္စတစ်ခုလို သဘောထားနိုင်ခဲ့တာလည်း မိခင်မေတ္တာဆိုတာကြောင့် များလားလို့ ကိုယ့်ဘာသာ တွေးနေမိပါတယ်။ တကယ်ဆို ကျွန်မက တွေဝေတတ်သူတစ်ယောက်၊ ဆုံးဖြတ်ချက်တစ်ခုကို ချပြီးသွားပြီဆိုရင်လည်း တော်ရုံနဲ့ ပြန်မပြင်တတ်သူတစ်ယောက်၊ (ပြောရမယ်ဆို ရင်တော့ ခေါင်းမာသလို ကိုယ့်ရည်မှန်းချက် မရောက်မချင်း တော်ရုံတန်ရုံနဲ့ လက်မလျှော့တတ်သူပေါ့) အဲဒီလိုလူစားမျိုးဖြစ်တဲ့ ကျွန်မက ကိုယ့်ရင်သွေးနဲ့လည်း ပတ်သက်လာရော ကိုယ့်မှာ ရှိနေတဲ့ ခေါင်းမာ တတ်တာတွေ၊ ဇွတ်တရွတ်နိုင်တာတွေ၊ တွေဝေတတ်တာတွေ စတဲ့ အကျင့်ဆိုးတွေက အလွယ်တကူ ပဲ ပျောက်ကွယ်ကုန်တာတော့ ကိုယ့်ဘာသာကိုယ် အံ့သြမိပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်မကိုယ်တိုင် မိဘနေရာမှာ ရောက်လာတော့မှ ကိုယ့်မိဘတွေ ကိုယ့်အပေါ် ဘယ်လောက် အနွံတာခံ၊ အနစ်နာခံခဲ့ရရှာမလဲလို့ ကိုယ်ချင်းစာမိခဲ့ရပါတယ်။ မိဘဆိုတာ သားသမီး ကို ဖြူသလား၊ မည်းသလား၊ သားလေးလား၊ သမီးလေးလား မသိရခင်အချိန်ကတည်းက ပေးဆပ် စွန့် လွှတ်ခဲ့ရတာတွေချည်းပါပဲလားလို့လည်း အတွေးဝင်မိပါတယ်။ လောကမှာ ဘယ်လိုမေတ္တာမျိုးကမှ မိဘရဲ့ သားသမီးအပေါ် ထားတဲ့ မေတ္တာကို မနှိုင်းယှဉ်နိုင်ပါဘူးဆိုတာ မိဘနေရာ ရောက်လာတဲ့တစ်နေ့ လူတိုင်း သဘောပေါက် နားလည်လာကြမှာပါ။ အခုအချိန်မှာတော့ ကျွန်မအတွေးထဲမှာ ကိုယ့်သားသမီးအတွက် ကလွဲရင် တခြား အရာတွေအတွက် နေရာမပေးနိုင်သေးပါဘူး။ ဒါကို မိခင်တစ်ယောက်ရဲ့အတ္တလို့ ဆိုချင် လည်း ဆိုနိုင်ပါတယ်။ တကယ်တော့ မိဘတိုင်းက သားသမီးအတွက်ဆိုရင် မာနတွေ ခ၀ါချ၊ အတ္တတွေ ဘေးချိတ်လို့ သားသမီးတစ်မျက်နှာကို တစ်ကမ္ဘာ ထင်ပြီး အသက်ရှင်သန်နေရတဲ့သူတွေပဲ မဟုတ်ပါလား။


(ကိုယ်ပိုင် ခံစားချက်ကို ရင်ဖွင့်လိုက်ရလို့ စိတ်သက်သာသွားပါပြီ။ သည်းခံပြီး ဖတ်ပေးကြသော စာဖတ်သူ များအားလုံးကို ကျေးဇူး အထူးတင်ရှိပါသည်။)


စာဖတ်သူများအားလုံးကို ခင်မင် လေးစားလျက်

မြ၀တီဇော်

Tuesday, August 6, 2013

ဘ၀တစ်ခုက ပေးသော သင်ခန်းစာ



ညနေ ရုံးဆင်းချိန်မို့ ကားလမ်းတစ်လျှောက်တွင် ရှင်လောင်းလှည့်နေသလား မှတ်ရအောင် ကားတွေ က ပြည့်သိပ် ကျပ်ညပ်လို့နေသည်။ ဒီရက်ပိုင်းမှာ မိုးကလည်း စိတ်ရှိလက်ရှိ ရွာချထားသည်မို့ လမ်းမထက် မှာ ရေတွေက တဖွေးဖွေးဖြစ်နေသည်။ လမ်းပေါ်အထိ လျှံနေသော မိုးရေကြောင့် လမ်းလျှောက်သူတွေ လည်း ပလက်ဖောင်းပေါ်က မလျှောက်နိုင်ကြတော့ဘဲ ကားသွားရာ လမ်းမပေါ်သို့ ဆင်းလျှောက်ကြရ သည်။ တကယ်တော့ ဒီလိုမြင်ကွင်းမျိုးမှာ မိုးရာသီရောက်တိုင်း တွေ့မြင်နေကျ ရန်ကုန်မြို့ရဲ့ သမားရိုး ကျ မြင်ကွင်းတစ်ခုပင် ဖြစ်ပါသည်။

x x x x x

ကျွန်မစီးလာသော ကားက မီးပွိုင့်တစ်ခုတွင် အချိန်အတော်ကြာအောင် မိနေသောကြောင့် ဘေးဘီဝဲယာ ကို ဘာရယ်မဟုတ် လှည့်ကြည့်မိသည်။ အဲဒီလို ကြည့်လိုက်တဲ့အခိုက်မှာ မြင်ကွင်းတစ်ခုက ကျွန်မ မျက်စိ ထဲ ၀င်လာသည်။ ကားတွေ တန်းစီပြီး ရပ်နေတဲ့ ကြားတွင် ရေစိုနေသည့် အ၀တ်အစား ခပ်နွမ်းနွမ်းကို ၀တ် ဆင်ထားပြီး ချိုင်းထောက်တစ်ဖက်နှင့် ပိုက်ဆံလိုက်တောင်းနေသော အမျိုးသမီးတစ်ယောက်ကို တွေ့မိ သည်။ သူ့ရင်ခွင်ထဲတွင် အခါလည်အရွယ်လောက်ရှိမည့် ကလေးငယ်ကို ပွေ့ထားသည်။ သူ့မျက်လုံးတွေ က ညှိုးရော်နေသော်လည်း တည်ငြိမ်မှု ရှိသည်။ ကလေးငယ်ကို ပတ်ထားသည့် အနှီးစ ခပ်ညစ်ညစ်မှာ လည်း မိုးရေကြောင့် တချို့နေရာမှာ စိုရွှဲနေသေးသည်။ ကလေးငယ်ကတော့ အိပ်ပျော်နေဟန် တူသည်။ သူ့ကို စမြင်လိုက်တော့ ကျွန်မ စီးလာသောကားနှင့် အနည်းငယ် လှမ်းသေးသည်။ နောက် တဖြည်းဖြည်း ကားတွေ ရွေ့ရွေ့လာရင်း သူ့နားရောက်တော့ ကျွန်မ သူ့ကို ရှင်းရှင်းလင်း လင်း မြင်လာရသည်။


သူ့ကို သေချာကြည့်မိတော့ အကြော် သုံးလေးခုနှင့် သကြားလုံးနှစ်လုံးကို ပလတ်စတစ်အိတ်ဖြင့် ထုပ် ထားသောအထုပ်တစ်ခုကို သူ့ခါးမှာ ကြိုးစတစ်ခုနှင့် ပတ်ချည်ထားသည်။ သူ့လက်ထဲမှာ တစ်ရာတန်၊ ငါး ဆယ်တန်စတဲ့ အကြွေတချို့ကို  တင်းတင်း ဆုပ်ကိုင်ထားသည်။ သူ့ခေါင်းမှာ ပတ်ထားတဲ့ အ၀တ်ဟောင်း တစ်ခုကြောင့် အရိပ်ကျကာ သူ့မျက်နှာက ရှိရင်းစွဲ အသက်ထက် ပိုရင့်နေသည်။ သူက ကားတွေကြား မှာ ကွေ့ကာ ပတ်ကာ လျှောက်သွားရင်း ပိုက်ဆံ လိုက်တောင်းနေသည်။ သူ့ကို လှူကြတဲ့သူတွေ ရှိသလို တချို့ကားတွေက မောင်းထုတ်ကြသည်။ သူ့ကို ငွေမပေးဘဲ မောင်းထုတ်လိုက်လျှင်လည်း သူက စိတ်ပျက် ဟန်မပြဘဲ နောက်တစ်စီးဆီ ဆက်လျှောက်သွားသည်။ ဒီလိုနှင့် သူ ကျွန်မတို့ကားနား ရောက်လာသည်။ ကျွန်မတို့၏ ရှေ့က တက္ကစီတစ်စီးကို သူ ပိုက်ဆံတောင်းနေတာ တွေ့ရသည်။ တက္ကစီမောင်းသူက လက် ခါပြလိုက်သောကြောင့် ကျွန်မတို့ကားနား သူရောက်လာသည်။ ကျွန်မ သူ့ကို ပေးဖို့ ပိုက်ဆံကို အိတ်ထဲမှ ထုတ်နေစဉ် ကျွန်မတို့ကားနှင့် ဘေးချင်းယှဉ်လျက်ကားက သူ့ကို လှမ်းခေါ်လိုက်ပြီး ငွေငါးထောင်ကျပ် လှူ လိုက်တာ တွေ့လိုက်ရသည်။ မျှော်လင့်မထားသည်မို့ သူ့မျက်လုံးတွေ သိသိသာသာ တောက်ပသွား ကာ ငွေငါးထောင်ကျပ် လက်ထဲရောက်သည်နှင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ကားလမ်းတစ်ဖက်ကို ခပ်သွက်သွက် ကူးသွားတော့သည်။

ကျွန်မ သူ့ကို လိုက်ကြည့်မိနေစဉ်မှာပဲ သူ ထော့နင်းထော့နင်းနှင့် ပြန်ရောက်လာကာ ကလေးကို ကျောမှာ ပိုးထားပြီး လက်ထဲတွင် အ၀တ်စတစ်ခု ကိုင်လာသည်။ အ၀တ်စမှာ ဟောင်းနွမ်းသော်လည်း သန့်ပြန့် သည်။ သူက ထိုအ၀တ်စနှင့် သူ့ကို ငွေငါးထောင်လှူလိုက်သော ကား၏ ဘေးတစ်ဖက်တွင် ရှိနေသော ရွှံ့စက်များကို စတင် သန့်ရှင်းရေး လုပ်တော့သည်။ ထိုစဉ် ကားပေါ်မှ အမျိုးသမီးတစ်ဦးက ယခုလို လုပ်ပေးဖို့ မလိုပါကြောင်းနှင့် ကျေးဇူးတင်ကြောင်း ပြောပြီး မီးပွိုင့် မီးစိမ်းသွားသောကြောင့် ကားကို အသာ အယာ မောင်းထွက်သွားတော့သည်။ ထိုအမျိုးသမီးလည်း ကားလမ်းဘေးဘက်ကို ခပ်သွက်သွက် ပြန်ကူး သွားတော့သည်။

အဖြစ်အပျက်က ထူးခြားသဖြင့် ကျွန်မ အံ့သြသွားကာ ယာဉ်မောင်းသူကို စပ်စုကြည့်မိသည်။ ယာဉ်မောင်း သူက -

"အေးဗျာ...၊ ဒီလို စေတနာသန့်သန့်နဲ့ ကူညီတတ်တဲ့ လူတွေ များများပေါ်ထွက်လာဖို့ ဆုတောင်းပါတယ်။ ခုနက ပိုက်ဆံ လိုက်တောင်းနေတဲ့ အမျိုးသမီးက အရင်တုန်းက ကျွန်တော်တို့နဲ့ တစ်ရပ်ကွက်တည်း နေခဲ့ တာဗျ။ ခုတော့ သူက ဒီနား ပတ်ဝန်းကျင်မှာ နေတယ် ထင်ပါရဲ့၊ ပြီးတော့ သူ့ခမျာ အတော် ချို့တဲ့ရှာတာ၊ ဒါပေမဲ့ သူ့မှာ တာဝန်သိစိတ်ရှိတယ်လို့ ပြောရမလားပဲ။ တစ်ခါတလေ သူစားဖို့ဆိုပြီး မုန့်လေး ပဲလေး လှူ တဲ့သူတွေရှိရင် အခုလိုပဲ ခါးမှာ ကြိုးနဲ့ ပတ်ချည်ပြီး အိမ်ရောက်အောင် သယ်တော့တာပဲဗျာ။ သူ့မိသားစု စားရအောင်ပေါ့။

သူ့မိသားစုမှာ သူက အကြီးဆုံးလေ။ ငယ်ငယ်ကတည်းက မိသားစုအပေါ် သိပ်သိတတ်တာ။ သူလိုချင်တာ ရှိရင် သူ့အမေက ၀ယ်မပေးရဘူး။ သူ့ဘာသာသူ ခရေပန်းကောက်ပြီး ရောင်းလို့ပဲဖြစ်ဖြစ်၊ အရပ်ထဲမှာ အ၀တ် လှည့်လျှော်တာပဲဖြစ်ဖြစ် အလုပ်လုပ်ပြီး ငွေရှာတယ်လေ။ အဲဒီလို စုထားပြီးတော့မှ သူ့မောင်တွေ၊ ညီမတွေကို သူက ကျောင်းထားတယ်။ သူလိုချင်တာကိုတောင် အိမ်စရိတ်သုံးလို့ ပိုမှ ၀ယ်တာ။ သူက လူသာ ဆင်းရဲတာ၊ စိတ်ထားကတော့ ရိုးဖြောင့်တယ်။

တလောကတော့ သူ့ယောက်ျား ဆုံးသွားတယ် ကြားတာပဲ။ ဒါကြောင့် အခု သူ့မှာ မိသားစုတာဝန်တွေ ပို လာရတာပေါ့။ တော်ရုံတန်ရုံ မိန်းကလေးတစ်ယောက်က သူ့လိုမျိုး ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိမယ် မထင် ဘူး။ ပြီးတော့ သူက ဒုက္ခိလေ။ သူကတော့ သူတတ်နိုင်သလောက် သူ့မိသားစုဝန်ကို ထမ်းနေတာက ချီးကျူးဖို့ ကောင်းတယ်ဗျာ။ တလောက သူ့ကလေးလေး ဆေးရုံတက်ရသေးတယ်လို့ ပြောတယ်။ သွေး လွန် တုပ်ကွေးတဲ့ဗျာ။

ခုနကလည်း အဲ့ဒီကလေးလေး နေမကောင်းလို့ ဆေးခန်းပြချင်လို့၊ ကူညီပါဆိုပြီး လိုက်တောင်းတာလေ။ တချို့ကျတော့လည်း မယုံတော့ မလှူကြဘူးပေါ့၊ ဟော ... သဒ္ဓါတရား ကောင်းတဲ့သူများ ကျတော့လည်း လှူလိုက်တာမှ ရက်ရက်ရောရော။ တကယ်ကို ပီတိဖြစ်စရာပါဗျာ။ ကြည့်ရတာ လှူတဲ့သူကလည်း ဒီလမ်း ကနေ ဖြတ်သွား ဖြတ်လာပြုရင်းကနေ သူ့ကို သတိထားမိတယ်နဲ့ တူပါတယ်။ ကျွန်တော်ကတော့ ကြုံတဲ့ အခါ  ကိုယ်တတ်နိုင်သလောက် ကူညီလိုက်တာပါပဲ"

ယာဉ်မောင်းသူ ပြောသည့် စကားများကို နားထောင်ရင်း ကျွန်မ စိတ်ထဲမှ အမည်မသိ အမျိုးသမီးအတွက် သာဓုအကြိမ်ကြိမ် ခေါ်ဆိုမိသည်။ သူ့ဘ၀အကြောင်းကို သိရှိခဲ့ရပြီးနောက် ကျွန်မ၏ စိတ်အာရုံတွင် အသိ တချို့ လင်းလက်သွားခဲ့ပါသည်။

အမှန်စင်စစ် ကျွန်မတို့သည် လူအဖြစ်ကို ရသည်ကစ၍ မည်သည့်အရာမျှ ကိုယ့်စိတ်အတိုင်း ဖြစ်လာ ရသည် မဟုတ်ပါ။ ကံစီမံရာ ဘ၀တွင်သာ မိမိဘ၀ပေး အခြေအနေအလိုက် အလိုက်သင့် အလျားသင့် ရှင် သန် နေထိုင်ကြရပါသည်။ တစ်ခါတစ်ရံတွင် မိမိ လိုချင်တောင့်တသည့် ဘ၀မျိုး မရနိုင်ခဲ့သည်များလည်း ရှိကြပါသည်။ ထိုသို့ ကြုံရသည့်အခါ လောကဓံကို ငြီးငြူ အပြစ်ဖို့ မနေဘဲ မိမိနှင့် လိုက်လျောညီထွေဖြစ် မည့် အကောင်းဆုံး နည်းလမ်းကို ရှာဖွေ ကြံဆ နေထိုင်ကြဖို့ လိုပါမည်။ မိမိဘ၀ကို မိမိကိုယ်တိုင်သာလျှင် ပဲ့ကိုင်ရမည် ဖြစ်ပါသည်။ ထို့ကြောင့် ကြုံလာသည့် အခက်အခဲဟူသမျှကို ရင်ဆိုင် ဖြေရှင်းနိုင်သည့် စိတ် ဓာတ်ခွန်အားမျိုးကိုလည်း မွေးမြူထားရပါမည်။ သို့မှသာလျှင် တိုတောင်းလှသည့် လူ့ဘ၀အတွင်း နေပျော် စရာ ဘ၀ ၀န်းကျင်ကို ဖန်တီးနိုင်ကြလိမ့်မည်ဟု ယုံကြည်နေမိပါသည်။



စာဖတ်သူများ အားလုံးကို ခင်မင် လေးစားလျက်

မြ၀တီဇော်


Wednesday, June 12, 2013

လက်စွပ်နတ်အိပ်မက်




ပြီးခဲ့တဲ့ တစ်ပတ်က သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာဆွမ်းကျွေးကို အကြောင်းပြုပြီး ကျွန်မတို့ သူငယ်ချင်း တစ်စု ပြန်ဆုံဖြစ်ကြတယ်။ ကျွန်မတို့ သူငယ်ချင်းတွေ အားလုံး ခုနစ်ယောက်ရှိတဲ့အထဲက သူငယ် ချင်းနှစ်ယောက်ကတော့ မင်္ဂလာဆွမ်းကျွေးကို မလာဖြစ်ခဲ့ပါဘူး။ သူငယ်ချင်း သုံးယောက်ကို ကျွန်မအိမ် ကနေပဲ သွားကြမယ်လို့ ကြိုချိန်းထားတာမို့ မင်္ဂလာဆောင်မသွားခင် ကျွန်မတို့ သူငယ်ချင်းတွေ တစ်ယောက်တစ်ခွန်း ရောက်တတ်ရာရာ ပြောဖြစ်ခဲ့ကြပါတယ်။

သူငယ်ချင်း လေးယောက်သား ဆုံမိကြပြီဆိုတော့လည်း ထုံးစံအတိုင်း လက်ပံပင်က ဆက်ရက် ပျံပြေး ရလောက်အောင် စကားတွေ အလုအယက်ပြောကြ၊ ရယ်ကြနဲ့ ပွဲစည်သွားခဲ့ပါတယ်။ သူငယ်ချင်းနှစ်ယောက် က ကျွန်မနဲ့ တစ်မြို့တည်းနေတာ ဖြစ်ပေမယ့် ကျန်တစ်ယောက်ကတော့ မွေးရပ်မြေကနေ ပြောင်းသွား တာ ဖြစ်ပါတယ်။ သူတို့တွေနဲ့ လူချင်း မဆုံဖြစ်ကြတာ တော်တော်ကြာပါပြီ။ ကိုယ်ကျင်လည်ရာ ကိုယ့် ဝန်းကျင်မှာ အသီးသီး ရှင်သန်နေကြရတာမို့ အကြောင်းကိစ္စ ရှိလာမှသာ ဆုံတွေ့နိုင်ကြတော့တယ်။ ဒါကြောင့် သူငယ်ချင်းတွေ ဆုံကြတဲ့ အခိုက်အတန့်လေးမှာတော့ အရင်တုန်းကလိုပဲ ဟိတ်ဟန် မရှိ၊ လွတ် လပ် ပေါ့ပါးတဲ့ ငယ်ဘဝလေးကို တစ်ခါ ပြန်ရလိုက်သလိုပါပဲ။

အဲဒီနေ့က ငြိမ်းနဲ့ စကားစပ်မိလို့ ကျွန်မတို့ငယ်ငယ်က လက်စွပ်နတ်မေးခဲ့ကြတဲ့အကြောင်း ပြောမိပါတယ်။။ အဲဒီတုန်းက ကျွန်မတို့ သူငယ်ချင်းတစ်စု ငြိမ်းရဲ့အိမ်မှာ ဝါဆိုသင်္ကန်းကပ်လို့ ဆုံမိကြပါတယ်။ အလှူမှာ တဝ တပြဲ စားသောက်ပြီးတာတောင် မပြန်ကြသေးဘဲ ထုံးစံအတိုင်း လက်ဖက်သုပ်တစ်ပန်းကန်နဲ့ ရေနွေးကြမ်း ဗန်းကို ယူပြီး ငြိမ်းရဲ့ အခန်းလေးမှာ စုထိုင်ပြီး စကားပြောနေကြပါတယ်။ အဲဒီလို ပြောနေရင်းက တစ်ယောက်က စိတ်ကူးပေါက်ပြီး လက်စွပ်နတ် မေးကြရအောင်လို့ စကား စ,လာပါတယ်။ ဒါနဲ့ လက်စွပ် နတ်ဆိုတာ ဘယ်လိုမေးရတာလဲလို့ ပြန်မေးလိုက်တော့ အဲဒီသူငယ်ချင်းက ရှင်းပြပါတယ်။

လက်စွပ်နတ် မေးမယ်ဆိုရင် အရင်ဆုံး လိုအပ်တာက ကျောက်မပါတဲ့ ရွှေလက်စွပ်တစ်ကွင်း၊ ရေတစ်ဝက် ထည့်ထားတဲ့ဖန်ခွက် တစ်ခွက်၊ ဆံပင်ခြည်တစ်မျှင် ရှိရမယ်တဲ့။ အဲဒါတွေ စုံပြီဆိုရင် လက်စွပ်ကို ဆံပင်ခြည် နဲ့ လျှိုသွင်းပြီး ရေဖန်ခွက်ထဲမှာ ရေနဲ့ မထိစေဘဲ တွဲလောင်းချပြီး ကိုင်ထားရမယ်။ ပြီးရင် လက်စွပ် လုံးဝ ငြိမ်သွားပြီဆိုတော့မှ လက်စွပ်နတ်ကို ခေါ်ရတယ်။ လက်စွပ်နတ် ဝင်လာပြီဆိုရင်တော့ ကိုယ်မေးချင် တဲ့ မေးခွန်းတွေ မေးလို့ရပြီလို့ သူက ပြောပြတယ်။ အဲဒါနဲ့ပဲ အားလုံး စိတ်ဝင်စားသွားကြပြီး လက်စွပ် နတ်မေးဖို့ ပြင်ဆင်ကြတော့တယ်။

ကျွန်မတို့ ခုနစ်ယောက်သား ငြိမ်းရဲ့ကုတင်ပေါ်မှာ စုဝေးပြီး ဝိုင်းထိုင်လိုက်ကြတယ်။ ကျွန်မတို့ ထိုင်နေတဲ့ ဝိုင်းရဲ့အလယ်မှာ ရေတစ်ဝက်ဖြည့်ထားတဲ့ ဖန်ခွက်တစ်ခွက် ချထားပြီး ငြိမ်းက ဆံပင်ခြည်နဲ့ တွဲလောင်း ဆွဲထားတဲ့ လက်စွပ်ကလေးကို ဖန်ခွက်ထဲကို ထည့်လိုက်တယ်။ ခဏကြာတော့ လက်စွပ်ကလေး ငြိမ်သက် သွားပြီ ဆိုတော့မှ ငြိမ်းက မျက်လုံးမှိတ်ပြီး နှုတ်ခမ်းလှုပ်ရုံ တတွတ်တွတ် ရွတ်ဆိုလိုက်တယ်။ ပြီးတော့ သူက လက်စွပ်နတ် ဝင်လာရင် ဒီလက်စွပ်က ဖန်ခွက်ထဲမှာ စကောဝိုင်းလှည့်သလို ပတ်ချာလည် လှည့်ပြီး ဖန်ခွက် နံရံတွေကို အသံမြည်အောင် ရိုက်လိမ့်မယ်လို့ ကျွန်မတို့ကို ရှင်းပြတယ်။ ဒါနဲ့ ကျွန်မတို့အားလုံးရဲ့ မျက် လုံးတွေက လက်စွပ်ကလေးဆီမှာ စုပြုံပြီး စူးစိုက်ကြည့်နေကြတာပေါ့။ အဲဒီလို ကြည့်နေရင်းကနေ လက် စွပ်ကလေးဟာ တဖြည်းဖြည်း လှုပ်ရှားလာပြီး စကောဝိုင်းသလို ဝဲလည်လှည့်ကာ ဖန်ခွက်နံရံတွေကို တချွင် ချွင်မြည်တဲ့အထိ ထိရိုက်ပါတော့တယ်။ မထင်မှတ်ထားတဲ့ အဖြစ်အပျက်မို့ ကျွန်မတို့အားလုံး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး အံ့သြနေကြပါတယ်။

စစချင်းတော့ နည်းနည်းကြောက်သလိုလိုဖြစ်ပြီး ကျွန်မတို့တတွေ ဘာမေးလို့ မေးရမှန်း မသိဘဲ သူ့ ကိုယ်ကြည့်၊ ကိုယ့်သူကြည့် လုပ်နေမိကြတယ်။ ဒါနဲ့ပဲ ငြိမ်းက -

"မြန်မြန် မေးကြပါဟ၊ ငါ လက်ညောင်းလာပြီနော်"

လို့ ပြောလိုက်တော့မှ ကျွန်မတို့ ခြောက်ယောက်သား လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။ ပြီးတော့ ကျွန်မက စပ်စုချင်သူပီပီ ကျွန်မတို့ ဘာနေ့သမီးတွေလဲဆိုတာ မေးကြည့်ဖို့ အကြံရသွားပါတယ်။ လက်စွပ်နတ်ကို ကျွန်မတို့ ခုနစ်ယောက်ရဲ့ မွေးနေ့ဂဏန်းကို မှန်အောင် ပြောပြပါလို့ မေးလိုက်ပါတယ်။ ဘယ်လို ပြောရ မှာလဲဆိုရင် ဥပမာ - တနင်္ဂနွေနေ့ မွေးသူဆိုရင် ဖန်ခွက်ရဲ့ နံရံကို အရှေ့အနောက် (ဒါမှမဟုတ် တောင် နဲ့မြောက်) လွှဲပြီး တစ်ချက် ခပ်ပြင်းပြင်း ရိုက်ပြခိုင်းတာပါ။ တစ်ယောက်ကို အရှေ့အနောက် လွှဲခိုင်းပြီး ရင် နောက်တစ်ယောက်ကို တောင်နဲ့မြောက် လွှဲခိုင်းပြီး မေးကြတာ ဖြစ်ပါတယ်။ အဲဒီမေးခွန်းကို လက်စွပ် နတ်က ကျွန်မတို့ ခုနစ်ယောက်လုံးအတွက် မှန်အောင် ဖြေပေးနိုင်တာကြောင့် ကျွန်မတို့တွေ နည်းနည်း ယုံကြည်မှု ရှိလာကြတယ်။

ဒါနဲ့ပဲ ကျွန်မတို့ နောက်ထပ်မေးခွန်းတွေကို အပျော်သဘောနဲ့ လျှောက်မေးကြပါတော့တယ်။ အဲဒီ မေး ခွန်းတွေထဲကမှ ကျွန်မတို့ သူငယ်ချင်း ခုနစ်ယောက်ထဲမှာ ဘယ်သူက အရင်ဆုံး အိမ်ထောင်ကျမလဲ ဆိုတဲ့ မေးခွန်းကိုလည်း မေးဖြစ်ခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ သူငယ်ချင်းတွေထဲမှာ အဲဒီအချိန်တုန်းက ချစ်သူရှိတဲ့သူတွေလည်း ရှိနေပြီဖြစ်လို့ အဲဒီမေးခွန်းကို စိတ်ဝင်တစား သိချင်နေကြ တာပေါ့။ ဒီမေးခွန်းကို ဘယ်လို မေးလိုက်သလဲဆိုတော့ “ပထမဆုံး အိမ်ထောင်ကျမယ့်သူကို အရင်ဆုံး ညွှန်ပြပါ၊ ပြီးရင် ပိုသေချာအောင် အဲဒီလူရဲ့ မွေးရက်ဂဏန်းအတိုင်း ဖန်ခွက်နံရံကို ရိုက်ခတ်ပြပါ” လို့ မေး လိုက်ပါတယ်။

အဲဒီလို မေးပြီးတာနဲ့ ကျွန်မတို့အားလုံး ဘယ်လိုအဖြေထွက်လာမလဲ ဆိုတာ ငြိမ်သက်စွာ စောင့်ကြည့်နေကြ ပါတယ်။ စစချင်းမှာ လက်စွပ်ကလေးဟာ တဖြည်းဖြည်း စတင် လှုပ်ရှားလာပါတယ်။ ပြီးတော့ အရှေ့နဲ့ အနောက်ကို ခပ်ဖြည်းဖြည်း စလွှဲလာပါတယ်။ အဲဒီလို လွှဲနေတဲ့အချိန်က နည်းနည်းကြာတာမို့ လက်စွပ်ရဲ့ ဦးတည်ရာဘက်မှာ ထိုင်နေတဲ့ သူငယ်ချင်းတစ်ယောက်က စိတ်မရှည်တော့ဘဲ -

“ဘာမှန်းလဲ မသိဘူးဟာ၊ ဒီလိုချည်းပဲ အရှေ့အနောက် လွှဲနေတော့ ငါ့ကိုပဲ ဟောနေသလိုလို၊ ငြိမ်းကို ပဲ ဟောနေသလိုလိုနဲ့၊ ဘယ်သူ့ကို အတည်ယူရမှာလဲ မသိတော့ဘူး”

လို့ ညည်းပြော ပြောလိုက်တယ်။ သူအဲ့ဒီလိုပြောပြီး သိပ်မကြာခင်မှာပဲ လက်စွပ်ကလေး လွှဲရမ်းနေတာက အရှိန်ပါလာပြီး ဖန်ခွက်ရဲ့ အနောက်ဘက် နံရံကို ခပ်ပြင်းပြင်း စတင် ရိုက်ခတ်ပါတော့တယ်။ ကျွန်မတို့ လည်း တအံ့တသြနဲ့ ရိုက်တဲ့အသံ အရေအတွက်ကို မှတ်ထားလိုက်မယ်ဟဲ့ဆိုပြီး ပြင်ရုံရှိသေး၊ လက်စွပ်က ဖန်ခွက်ရဲ့ဘေးနံရံကို နှစ်ချက်သာ ရိုက်ခတ်ပြီး အရှိန်လျော့သွားပါတော့တယ်။ ကျွန်မတို့လည်း စိတ်ထဲမှာ မတင်မကျကြီး ဖြစ်သွားကြပါတယ်။ ဒါနဲ့ ကျွန်မက -

“အေးလေဟာ၊ ကြည့်ဦး၊ လက်စွပ်နတ်ကလည်း ဘယ်လိုဟောနေတာလဲ မသိဘူး၊ ဒီတစ်ခါတော့ ငါတို့ကို ပညာပြနေပြီ ထင်တယ်”

လို့ မကျေမနပ် ပြောလိုက်မိပါတယ်။ ကျွန်မရဲ့ စကားသံအဆုံးမှာ ငြိမ်းက တဟားဟားနဲ့ ထရယ်ပါတော့ တယ်။ ပြီးတော့မှ သူက -

“သူဟောနေတာ မှန်သားပဲဟ၊ နင်တို့ကလည်း အပြစ်တင် မစောကြစမ်းပါနဲ့”

“ဟင်! ဘယ်မှာ မှန်လို့တုန်း၊ ဘယ်သူမှန်းလဲ မသိဘဲနဲ့”

“ဟဲ ဟဲ၊ ဒါလေးတောင် နင်တို့ မသိကြဘူးလား၊ တော်တော်ညံ့တာပဲဟာ”

“အောင်မယ်၊ နင်ကကော သိလို့လား၊ ပြောစမ်းပါဦး”

“မသိစရာလားဟ၊ ဟီးဟီး၊ အဲဒါ ငါပေါ့”

ငြိမ်းရဲ့စကားကြောင့် ကျွန်မတို့ မျက်လုံးပြူးသွားကြတယ်။

“နင့်ဟာက ဟုတ်ကော ဟုတ်ရဲ့လား ငြိမ်းရဲ့၊ ငါတို့တော့ နားမလည်တော့ဘူး”

“သြော်... ဟုတ်ပါတယ်ဆိုနေ၊ ငါက နင်တို့ကို ညာစရာလား"
 
အဲဒီနောက် ကျွန်မတို့ကို အစဉ်လိုက် ဟောသွားတာက ဒုတိယက ကျွန်မ၊ တတိယ သီရိနဲ့ ကျန်လူများကို လည်း အလှည့်ကျ တစ်မျိုးစီဟောပါတယ်။ အဲဒီမှာ ရယ်စရာကောင်းတာတစ်ခုက သူငယ်ချင်းတစ်ယောက် ကို အပျိုကြီးဖြစ်မယ်ဆိုပြီး ဟောလိုက်ပါတယ်။ ဘယ်လို ဟောတာလဲဆိုတော့ အဲဒီသူငယ်ချင်းအလှည့်မှာ လက်စွပ်က ဘယ်လိုပဲ လှည့်ပတ်ပြီး မေးမေး လုံးဝကို မလှုပ်တော့တာပါပဲ။ အဲဒါနဲ့ မနေနိုင် မထိုင်နိုင် ကျွန်မ က လျှာရှည်ပြီး -
 
"ဒါဆို အပျိုကြီး တကယ်ဖြစ်မယ်ဆိုရင် အဲဒီလူရဲ့ မွေးနံအတိုင်း ဖန်ခွက်နံရံကို အရှေ့ကော၊ အနောက်ကော အသံမြည်အောင် ခပ်ပြင်းပြင်း ရိုက်ပြပါ"
 
လို့လည်း ပြောလိုက်ရော အဲဒီသူငယ်ချင်းရဲ့ မွေးနံအတိုင်း ဖန်ခွက်ကို အသံမြည်အောင် လွှဲရိုက်တော့တာ ပါပဲ။ အဲဒီမှာ အပျိုကြီးဖြစ်မယ်လို့ ဟောခံရတဲ့ သူငယ်ချင်းလည်း စိတ်ဆိုးမာန်ဆိုး ဖြစ်သွားပါတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်တုန်းက သူ့မှာ ချစ်သူရှိနေရဲ့သားနဲ့ သူ့ကို အပျိုကြီးဖြစ်မယ်လို့ ဟောရပါ့ မလားဆိုပြီးတော့ပေါ့။ အဲဒီသူငယ်ချင်းကို ကြည့်ပြီး ကျန်တဲ့သူတွေကတော့ တဟားဟားနဲ့ ပွဲကျသွားပါတော့ တယ်။
 
@ @ @ @ @

 
အဲဒီတုန်းက အဖြစ်အပျက်လေးက လူငယ်သဘာဝ အပျော်အပျက်အနေနဲ့ မေးခဲ့ကြတာ ဖြစ်ပေမယ့် အခု အချိန် ပြန်တွေးကြည့်တော့ အဲဒီအတိုင်း မှန်နေတာ အံ့သြမိပါတယ်။ ကျွန်မက ဗေဒင်တွေ ဘာတွေကို အရမ်းကြီး ယုံကြည်တာမျိုးလည်း မဟုတ်သလို မျက်စိမှိတ်ပြီး ငြင်းတာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ငယ်စဉ်တုန်းက အပျော်သဘောမေးခဲ့ကြတဲ့အတိုင်း အခုအသက်အရွယ်မှာ တကယ် ဖြစ်လာတာကတော့ ထူးခြားတဲ့ တိုက်ဆိုင်မှုလို့ ပြောရမလိုပါပဲ။ ကျွန်မ သူငယ်ချင်းတွေကတော့ ဒီအဖြစ်အပျက်ကလေးကို သတိ ရကောင်းမှ ရပါတော့မလား မသိနိုင်ပေမယ့် ကျွန်မကတော့ အခုချိန်ထိ မှတ်မိနေခဲ့ပါတယ်။ တကယ်တော့ လက်စွပ်နတ်က ဘယ်လိုပဲ ဟောခဲ့တာဖြစ်ပါစေ၊ လက်ရှိအချိန်မှာတော့ အပူအပင်ကင်းမဲ့ပြီး လွတ်လပ်ပေါ့ ပါးတဲ့ ငယ်ဘဝလေးကို တွေးမိလိုက်တိုင်း အချစ်ဆုံး သူငယ်ချင်းတွေနဲ့ ပျော်ရွှင်ခဲ့ရတဲ့အချိန်လေးတွေ ပိုင်ဆိုင်ခဲ့ဖူးတယ်ဆိုတာကို စိတ်ထဲမှာ ကျေနပ်မဆုံး ဖြစ်နေမိပါတော့တယ်။
 
 
 
စာဖတ်သူ အားလုံးကို ခင်မင်လေးစားလျက်
 
 
မြဝတီဇော်