Thursday, June 14, 2012

ချစ်သော ဖေဖေ




ဖခင်များနေ့အတွက် စာတစ်ပုဒ်ရေးမယ်လို့ စဉ်းစားမိတော့ ခေါင်းထဲမှာ အစီအရီ ပေါ်လာတာက ဖေဖေ့ အကြောင်းပါ။ ကျွန်မ ဖေဖေဟာ ကျွန်မအသက် ၉ နှစ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဖေဖေ့ အကြောင်းကို ပြန်တွေးမိတဲ့အခါ "ကျွဲကူးရေပါ" ဆိုသလို ကျွန်မရဲ့ ငယ်ဘ၀ပုံရိပ်တွေလည်း အထိုက် အလျောက် ပါဝင်နေပါလိမ့်မယ်။ ဖေဖေနဲ့ ပတ်သက်သမျှ ဖြစ်ရပ်အားလုံးဟာ ကျွန်မရဲ့ဘ၀မှာ အမှတ်ထင် ထင် အရှိဆုံးနဲ့ ဘယ်တော့မှ မေ့ပျောက်မသွားနိုင်သော နေ့ရက်များဆိုရင်လည်း မမှားပါဘူး။

********

ကျွန်မဖေဖေဟာ မွေးချင်းမောင်နှမ ကိုးယောက်ရှိတဲ့အနက်က ဒုတိယမြောက် သားဖြစ်ပါတယ်။ ဖေဖေဟာ ငယ်စဉ်ကတည်းက အားကစားလိုက်စားသူဖြစ်ပြီး သူ့ခေတ်သူ့အခါက ကျွန်မတို့မြို့ရဲ့ ခရိုင်အဆင့် ဘောလုံး လက်ရွေးစင် အားကစားသမားကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဖေဖေဟာ ခြင်းလုံးခတ်ရာမှာ လည်း ထူးချွန်သူတစ်ဦး ဖြစ်ခဲ့ပါတယ်။ ကျွန်မငယ်ငယ်က  ဖေဖေ့ဘက်က အဘိုးအဘွားတွေအိမ် သွားလည် တဲ့အခါ ညနေစောင်းဆိုရင် ဖေဖေတို့ ခြင်းခတ်နေကျ နေရာနဲ့ မလှမ်းမကမ်းမှာ ကျွန်မက ဆော့ကစားလေ့ ရှိပါတယ်။ ဖေဖေတို့ ခြင်းခတ်တဲ့နေရာက ဘောလုံးကွင်းတစ်ခုဖြစ်ပြီး မြေနေရာ ပြန့်ပြူးသလောက် ကျယ် ၀န်းတဲ့ ကွင်းလည်း ဖြစ်ပါတယ်။ ကွင်းရဲ့တစ်ဖက်မှာ ကလေးတချို့က ဘောလုံးကန်ကြပြီး ကွင်းရဲ့ အခြား တစ်ဖက်မှာတော့ ဖေဖေတို့ လူလတ်ပိုင်းတွေက ၀ိုင်းခြင်းခတ်ကြပါတယ်။

ကျွန်မမှတ်မိသလောက် ဖေဖေတို့ ခြင်းခတ်တဲ့အခါ များသောအားဖြင့် ခြင်းဝိုင်းသိမ်းခါနီးဆိုရင် ဖေဖေ က ခြင်းမင်းသားအဖြစ် ခတ်ရင်း ခြင်းဝိုင်းသိမ်းလေ့ ရှိပါတယ်။ ခြင်းမင်းသား ဆိုတာက ၀န်းရံ ခြင်းခတ်နေ ကြတဲ့ လူတွေရဲ့အလယ် ၀ိုင်းထဲမှာ နေရာယူပြီး ခြင်းခတ်သူတွေက တစ်ယောက်တစ်မျိုး ခတ်ပေးလိုက် တဲ့ ခြင်းလုံးကို ခတ်နည်းမျိုးစုံနဲ့ မြေပေါ်မကျရအောင် ခတ်နိုင်တဲ့သူ ဖြစ်ပါတယ်။ တစ်နည်းဆိုရ ရင် ခြင်းမင်းသားဆိုတာ ခြင်းခတ်နည်းကို စွယ်စုံတတ်ကျွမ်းရသူ ဖြစ်ပါတယ်။ အဲဒီလို ခြင်းမင်းသား ခတ်နေတဲ့ အချိန်မျိုးဆိုရင် ဖေဖေတို့ ခြင်းဝိုင်းလေးအနီးမှာ လာရောက်အားပေး ကြည့်ရှုသူတွေနဲ့ စည် ကားနေတတ်ပါတယ်။ ခြင်းဝိုင်းသိမ်းလို့ လူစုခွဲကြပြီဆိုမှ ဖေဖေက ကျွန်မလက်ကိုဆွဲလို့ သားအဖ ၂ ယောက် အိမ်ပြန်ခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်လေးဟာ တခြားသူတွေအတွက်တော့ သမားရိုးကျ မထူးဆန်းတဲ့ အဖြစ်မျိုး ဖြစ်နိုင်ပေမဲ့ ကျွန်မအတွက်ကတော့ ပြန်တွေးလိုက်တိုင်း မနေ့တစ်နေ့ကလို သစ်လွင် လတ် ဆတ်နေဆဲပါ။

************

ကျွန်မရဲ့ဖေဖေဟာ အစားအသောက်နဲ့ ပတ်သက်လို့ ထူးခြားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ငယ်စဉ် ကတည်းက အသားငါးထက် ဟင်းသီးဟင်းရွက်ကိုသာ ခုံမင်နှစ်သက်စွာ စားလေ့ရှိသူပါ။ ဖေဖေ အလွန် နှစ်သက်တာကတော့ လက်ဖက်ထမင်း ဖြစ်ပါတယ်။ ဖေဖေ့အတွက်တော့ လက်ဖက်ထမင်း ရှိရင် ပြည့်စုံနေပါပြီ။ မေမေချက်တဲ့ တခြား ဖွယ်ဖွယ်ရာရာ ဟင်းလျာတွေကိုလည်း စားပေမဲ့ လက်ဖက် ထမင်းသုပ်လောက် အာသီသရှိပုံ မရတာကို မှတ်မိနေပါတယ်။ ကျွန်မ ငယ်စဉ်က မေမေချက်တဲ့ ငါးစင်ရိုင်း ငါးကလေး အိုးကပ် ဟင်းကို အလွန် ကြိုက်ပါတယ်။ ငါးဟင်းကိုသာ ကြိုက်တတ်တာ (အဲဒီအချိန်တုန်းက ကျွန်မအသက်က ခြောက်နှစ်လောက် ရှိနေပါပြီ။) ငါးကို အရိုးစင်အောင် မထွင်တတ်တော့ ငါးတစ်ကောင် လုံးကို ၀ါးစားပစ်တတ်ပါတယ်။ အဲဒီလို စားမိလို့ အရိုးစူးမိတာကလည်း အကြိမ်ကြိမ်ပါ။ ဒါကြောင့် ခဏခဏ အရိုးစူးတတ်တဲ့ ကျွန်မကို တစ်နေ့တော့ ဖေဖေက ထမင်းဝိုင်းမှာ အတူ ထမင်းစားရင်းနဲ့ ငါးအရိုး ဘယ်လို ထွင်ရသလဲဆိုတာ သင်ပြပေးခဲ့ပါတယ်။

"ဒီမှာကြည့်စမ်း သမီး၊ ငါးအရိုးထွင်တယ်ဆိုတာ ဘာမှ မခက်ဘူး။ ရော့၊ အရင်ဆုံး သမီးလက်ထဲမှာ ဇွန်း တစ်ချောင်းကိုင်ထား။ ပြီးရင် ငါးရဲ့ကိုယ်မှာ အလယ်ကြောင်းကလေး ရှိတယ်။ ဟောဒီမှာ တွေ့လား။ အဲဒီ အကြောင်းရာလေးပေါ်မှာ ဇွန်းနဲ့ စိုက်ပြီး ဖဲ့ယူလိုက်ရင် ငါးအသားဖတ်ကလေး ပါလာတာပေါ့။ ဒါဆိုရင် သမီးလက်ကို ငါးအရိုးလည်း မစူးတော့ဘူး။ စားတဲ့အခါမှာလည်း ပါးစပ်ထဲမှာ ငါးအရိုးတွေ ရောမပါတော့ ဘူးပေါ့၊ ဟုတ်ပြီလား"

အဲဒီလိုနည်းနဲ့ ဖေဖေက ကျွန်မကို ငါးအရိုးထွင်နည်းကို စိတ်ရှည်လက်ရှည် သင်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း အပျင်းထူတဲ့ ကျွန်မကတော့ ငါးဟင်းချက်တဲ့နေ့မျိုးဆိုရင် ဖေဖေနဲ့အတူ ထမင်းဝင်စားရင်း ဖေဖေ အရိုး ထွင် ပေးတဲ့ ငါးဟင်းနဲ့ အဆင်သင့် ထမင်းစားခဲ့ပါတယ်။ ဖေဖေကတော့ အရင်ဆုံး ကျွန်မစားဖို့ ငါးကို အရိုး ထွင် ပေးပြီးမှ သူ့ပန်းကန်ထဲက ထမင်းကို စားလေ့ရှိပါတယ်။

ဒါ့အပြင် ဖေဖေဟာ ကျွန်မတို့ မောင်နှမ သုံးယောက်စလုံးကို သူကိုယ်တိုင် ဆံပင်ညှပ်ပေးတတ်သူ ဖြစ်ပါ တယ်။ နွေကျောင်းပိတ်ရက် ရောက်ပြီဆိုမှဖြင့် အိမ်ဘေးရှိ နေရိပ်ကျသော နေရာတွင် ထိုင်ခုံတစ်လုံးချကာ ထိုထိုင်ခုံအပေါ်မှ ထိုင်ခုံပုလေးတစ်လုံး ထပ်ဆင့်ပြီး ကျွန်မတို့မောင်နှမတွေကို တစ်ယောက်ပြီး တစ်ယောက် ဖေဖေက ဆံပင်ညှပ်ပေးလေ့ ရှိပါတယ်။ ကျွန်မတို့ညီအစ်မကတော့ ထိုစဉ်က ခေတ်စားသည့် ဆံပင်ပုံစံ ဖြစ်သော "နှစ်မြွှာအသည်း" ရုပ်ရှင်ဇာတ်ကားထဲမှ မင်းသမီး စန္ဒာ၏ ဆံပင်ပုံမျိုးကို ညှပ်ပေး ဖို့ ဖေဖေ့ကို ပူဆာကြပါတယ်။ ဖေဖေက ကွမ်းလေး တမြုံ့မြုံ့ဝါးပြီး ခပ်ပြုံးပြုံးနှင့်ပင် -

"ငါ့သမီးတွေက စန္ဒာဆံပင်ပုံ ညှပ်မှ လှတာ မဟုတ်ပါဘူးကွာ။ ဘာပုံပဲ ညှပ်ညှပ် လှပြီးသားတွေပဲ ဟုတ်လား"

ထိုသို့ပြောပြီး သူ့စိတ်တိုင်းကျ ရှေ့ဆံပင် ရှေ့ချအတိ၊ နောက်ဆံပင် နားရွက်အောက်သာသာ ဖြစ်သော ဆာမူရိုင်းပုံစံကိုသာ အမြဲ ညှပ်ပေးတတ်ပါတယ်။ ကျွန်မတို့ ညီအစ်မမှာလည်း ဆံပင်ညှပ်တော့မည်ဆိုတိုင်း "ဖေဖေ စန္ဒာပုံ ညှပ်ပေးနော်"လို့ ပူဆာမြဲ။ ဖေဖေကလည်း ကျွန်မတို့ကို ကျေနပ်အောင် နှစ်သိမ့်ပြီး ဆာမူရိုင်း ဆံပင်ပုံ ညှပ်ပေးမြဲပင်။

**************

ကျွန်မတို့ ဖေဖေဟာ သားသမီးတွေအပေါ် အနွံတာခံနိုင်လွန်းသူလည်း ဖြစ်ပါတယ်။ မောင်နှမသုံးယောက် ရှိတဲ့ အနက် ကျွန်မတစ်ယောက်သာ ငယ်စဉ်က အလွန်ချူချာပါတယ်။ ကျွန်မတို့ မောင်နှမသုံးယောက်တွင် များသောအားဖြင့် ကိုကြီးနှင့်ညီမလေးက အတူ ဆော့ကစားလေ့ ရှိပါတယ်။ သူတို့နှစ်ယောက် ကစားနည်း များမှာလည်း စစ်တိုက်တမ်း၊ သိုင်းချတမ်း၊ တိုင်ဦးတမ်း၊ ဘောလုံးကန်တမ်း စသည်ဖြင့် အကြမ်း ပတမ်း ဆော့ကြသူများဖြစ်ရာ ပျော့တိပျော့ဖတ်ဖြစ်သော ကျွန်မမှာ တစ်ယောက်တည်း ငေါင်းစင်း စင်း ဖြစ်ရပါတယ်။ သူများတွေ ပြေးလွှားဆော့ကစားသလို အတူကစားချင်သော်လည်း ထိုစဉ်က ကျွန်မမှာ ရင်ကျပ် ရောဂါရှိသဖြင့် အမောအပန်း မခံနိုင်ပါ။ ဒါ့အပြင် ကျွန်မက ဖေဖေ၊ မေမေတို့နဲ့ အတူအိပ်သူမို့ ညဘက် ကျွန်မ ချောင်းတွေ ဆက်တိုက်ဆိုးပြီး ရင်ကျပ်နေပြီဆို ဖေဖေနဲ့မေမေမှာ အိပ်ရေးပျက်ကြ ရပါတယ်။

ကျွန်မကလည်း အတော် ခေါင်းမာပါတယ်။ အချိုတွေ မစားဖို့ မေမေက မှာထားပေမဲ့ မေမေ့ကွယ်ရာကျရင် ၀ယ်ထားတဲ့ မြေပဲယို၊ ထန်းလျက်၊ အုန်းယိုတွေ ထည့်ထားတဲ့ ပုလင်းကို ဖွင့်ပြီး ယူယူစားတတ်တယ်။ အဲဒီလို အစား သောင်းကျန်းလို့ ရင်ကျပ်နေပြီဆို မေမေက ကရုဏာဒေါသောနဲ့ ဆူပူတတ်ပေမဲ့ ဖေဖေကတော့ ဘာမှ မပြောပါ။ ကျွန်မရဲ့ဘွားဘွား (မေမေ့ရဲ့အမေ) ပြောတဲ့အတိုင်း ခြံထဲက ရဲယိုရွက်တွေ သွားခူး လာပြီး ရေစင်စင်ဆေးကာ ဆုံသန့်သန့်မှာ ထည့်ထောင်းပါတော့တယ်။ ရလာသော ရဲယိုရွက်အဖတ် များကို ရေနွေး ကြမ်းပန်းကန်လုံးတွင် ညှစ်ထည့်ပြီး ထိုရဲယိုရွက်သတ္ထုရည်ကို ဆားအနည်းငယ်ခတ်ကာ ကျွန်မကို လာတိုက်လေ့ရှိပါတယ်။ ကျွန်မမှာ ရဲယိုရွက်နံ့က အော်ဂလီဆန်လှတဲ့အပြင် ခါးသက်တဲ့ အရသာကြောင့် မသောက်ချင်ပေမဲ့ ဖေဖေက ချော့မော့ပြီး မရ,ရအောင် သောက်ခိုင်းပါတယ်။ လည်ချောင်း ၀မှာ ခါးသက်သက် ငန်တူးတူး ခံစားလိုက်ရပြီးတဲ့နောက်မှာ ဖေဖေက သကြားအနည်းငယ် စားခိုင်းပါတယ်။ အဲဒီလိုနဲ့ပဲ ကျွန်မ ညဘက်ရင်ကျပ်တိုင်း ဖေဖေက မငြီးမငြူ ရဲယိုရွက်ကို အမြဲ ထောင်းတိုက်ခဲ့ပါ တယ်။ ဖေဖေ့ကျေးဇူးကြောင့် ကျွန်မ ဒီအသက်အရွယ် ရောက်တဲ့အထိ ရင်ကျပ်ရောဂါကို မခံစားရတော့ ပါဘူး။

 တစ်ခါကလည်း ဖေဖေက စက်ဘီးနင်းပြီး ကျွန်မက ရှေ့က ဘားတန်းမှာထိုင်၊ ညီမလေးက နောက်က ထိုင်ခုံမှာထိုင်ပြီး ဖေဖေ့ဘက်က အဘိုးအဘွားတွေအိမ် သွားလည်ကြပါတယ်။ ကျွန်မကို စက်ဘီးပေါ် တင် ပေးကတည်းက ဖေဖေက စက်ဘီးလက်ကိုင်မှာ ကျွန်မလက်ကို ကိုင်စေပြီး -

"သမီး၊ ဒီသံလိုင်းနှစ်ခုကို ပူးပြီး ကိုင်နော်။ အဲဒီလိုင်းနှစ်ခုထဲ လက်မထည့်မိစေနဲ့၊ လက်ညှပ်တတ်တယ်"

လို့ မှာပါတယ်။ နောက် သားအဖသုံးယောက် စက်ဘီးစီးလာကြရင်း ကုန်းဆင်းတစ်ခုကိုအရောက်မှာ ကျွန်မ လက်က ဘယ်လိုက ဘယ်လိုဖြစ်ပြီး စက်ဘီးလက်ကိုင်နဲ့ ဘရိတ်ကြိုးထည့်ထားတဲ့ သံပိုက်လိုင်းနဲ့ ကြား ရောက်သွားမှန်း မသိလိုက်ပါဘူး။ ဖေဖေက စက်ဘီးကို အရှိန်လျှော့ဖို့ ဘရိတ်ဆွဲလိုက်တဲ့အချိန်မှာ ကျွန်မလက်ကို ညှပ်မိသွားပါတယ်။ နာလွန်းလို့ ကျွန်မ အော်ငိုပါတော့တယ်။ အဲဒီအခါ ဖေဖေက စက်ဘီးပေါ်က ကမန်းကတန်းဆင်းပြီး ကျွန်မလက်ကို စက်ဘီးလက်ကိုင်ကြားက ဆွဲထုတ်ပါတယ်။ ဆွဲ ထုတ်လိုက်တဲ့ ကျွန်မရဲ့လက်ခလယ်နဲ့ လက်ညှိုးလေးနှစ်ချောင်းမှာ လက်သည်းထိပ်ဖျားလေးများ ဖြူဖျော့ ကာ ချိုင့်နေပြီး သွေးမရှိတာ့သလို ဖြစ်နေပါတယ်။ ဖေဖေက ကျွန်မ လက်ချောင်းကလေးများကို အာခံတွင်း မှာ ထည့်ငုံရင်း အာငွေ့ ပေးပါတယ်။ ပြီးတော့ သူ့ရဲ့လက်ကိုင်ပ၀ါနဲ့ ကြပ်ထုပ်ထိုးပေးပါတယ်။ ခဏနေ လို့ ပြန်ကြည့်လိုက်တော့ လက်ချောင်းကလေးများမှာ နီရဲနေတာကလွဲပြီး ချိုင့်နေတဲ့ဒဏ်ရာ မကျန်တော့ ပါဘူး။ နာတာလည်း တော်တော်သက်သာသွားပါတယ်။ တော်ရုံတန်ရုံ ဖခင်မျိုးဆိုရင် သေသေချာချာ ပြော ထားလျက်နဲ့ ဖြစ်ရမလားဆိုပြီး ရုတ်တရက် စိတ်တိုပြီး ဆူပူမိမှာပါ။ ဒါပေမယ့် ကျွန်မ ဖေဖေကတော့ သားသမီးတွေကို ဘယ်တော့မှ ဆူပူလေ့ မရှိသူဖြစ်တာကြောင့် စိတ်မတိုတဲ့အပြင် စိုးရိမ်တကြီး ဖြစ်သွား ရရှာပါတယ်။

********

ဖေဖေနဲ့ပတ်သက်တဲ့ အမှတ်တရတွေကတော့ ကျွန်မဘ၀မှာ အများကြီးပါ။ အဲဒီထဲက မှတ်မိနေတဲ့ အဖြစ် အပျက်လေးတချို့ ပြောပြချင်ပါတယ်။ တစ်ခါတော့ ရုံးအားရက်တစ်ရက်မှာ ဖေဖေ့ရဲ့ စီစဉ်မှုနဲ့ တစ်မိသားစု လုံး ရုပ်ရှင်သွားကြည့်ကြပါတယ်။ အဲဒီရုပ်ရှင်ကားကို ဖေဖေ ကြည့်ချင်နေတာ ကြာပါပြီ။ မိသားစုနဲ့အတူ ကြည့်ဖို့ ရည်ရွယ်ထားလို့သာ ရုံးပိတ်ရက်ကို ရွေးပြီး ကြည့်ဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ ဖေဖေဟာ ကျွန်မ ဂဂျီဂဂျောင်ကျလို့ သူကြည့်ချင်တဲ့ရုပ်ရှင် မပြီးသေးဘဲ တစ်ဝက်တစ်ပျက်နဲ့ အိမ်ပြန်လာခဲ့ရပါတယ်။ တစ်ခါ ကလည်း ကျွန်မတို့မြို့က အထင်ကရ ဘုရားပွဲတော်ရက်မှာ ကျွန်မတို့မောင်နှမတွေကို ဘုရားလိုက်ပို့ပေး မယ်လို့ပြောပြီး အလုပ်များနေလို့ အချိန်မီ လိုက်မပို့ဖြစ်တဲ့ ဖေဖေဟာ အလုပ်ပြီးလို့ ညကိုးနာရီကျော် အိမ်ပြန် ရောက်ရောက်ချင်းပဲ အိပ်ပျော်နေပြီဖြစ်တဲ့ ကျွန်မတို့ မောင်နှမသုံးယောက်ကို နှိုးပြီး မျက်နှာ သစ်ပေး၊ ၀ယ်လာတဲ့ အင်္ကျီအသစ်တွေ ၀တ်ပေးပြီး ညကြီးမင်းကြီး ဘုရားပွဲလိုက်ပို့ပေးပါတယ်။ နောက် တစ်ရက်မှာတော့ ဘုရားပွဲကို ညနေစောင်းကတည်းက လိုက်ပို့ပေးပြီး ကျွန်မတို့ ကြည့်ချင်တဲ့ တုတ်ထိုးရုပ်၊ မျက်လှည့်၊ ဆက်ကပ် အစရှိသဖြင့် ကျွန်မတို့ မငြီးငွေ့မချင်း တစ်ရုံပြီးတစ်ရုံ လိုက်ပြပါတယ်။ ဘုရားပွဲမှာ ကျွန်မတို့ မောင်နှမတွေ လိုချင်သမျှ၊ တွေ့ရာလက်ညှိုးထိုးပြီး ပူဆာသမျှ ၀ယ်ပေးပြီး အိမ်အပြန်မှာတော့ ၀ယ်လာတဲ့ ပစ္စည်းတွေ တနင့်တပိုးနဲ့အတူ အိပ်ပျော်နေတဲ့ညီမလေးကို ချီပိုးပြီး ပြန်လာခဲ့ကြတာကိုလည်း မှတ်မိနေပါတယ်။


အဲဒီလို သားသမီးတွေအပေါ် ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်ခဲ့တဲ့ ဖေဖေဟာ ကျွန်မ စတုတ္ထတန်း စာမေးပွဲ အပြီးမှာ ရုတ်တရက် ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်စဉ်က ဖေဖေ့အသက်က ၃၆ နှစ်သာ ရှိပါသေး တယ်။ ရေကူးရေငုပ် ကျွမ်းကျင်တဲ့ဖေဖေဟာ သူတာဝန်ထမ်းဆောင်တဲ့ သင်္ဘောထွက်ခါနီးမှာ ငါးဖမ်း တဲ့ ဖော့သီး ရေထဲကျလို့ ဆင်းဆယ်ရာမှ ရေပေါ်သို့ ပြန်ပေါ်မလာတော့ပါဘူး။ ကျွန်မမေမေနဲ့ တကွ ဆွေမျိုးတွေအားလုံး ဖြစ်နိုင်ခြေရှိသမျှ နည်းလမ်းမျိုးစုံသုံးပြီး ရက်ရှည်လများ ရှာဖွေခဲ့ပါသော် လည်း ဖေဖေ့ရဲ့ ရုပ်ကလာပ်ကို မတွေ့ရှိခဲ့ကြပါ။ ဒါကြောင့် ဖေဖေကွယ်လွန်သွားပြီဆိုတဲ့ ဖြစ်ရပ်ဟာ မှန်- မမှန်ဆိုတာ ကျွန်မ ခုချိန်ထိ မယုံရဲ ဖြစ်နေရဆဲပါ။ ဖေဖေ ကွယ်လွန်သွားပြီဆိုတာ ကျွန်မမျက်စိနဲ့ တပ်အပ်သေချာ မတွေ့ရသရွေ့ (ရုပ်ရှင်တွေထဲကလို) တစ်နေရာရာမှာ၊ ဘ၀တစ်ခုမှာ မှတ်ဉာဏ်ပျောက် ဆုံးပြီး အသက်ရှင်လျက်ရှိနေသူ (အတိတ်မေ့သူ) အဖြစ်နဲ့ ရှင်သန်နေမလားလို့ မ၀ံ့မရဲ တွေးရင်း မသိစိတ် က နေ့စဉ် မျှော်လင့်မိနေဆဲပါ။

ကျွန်မတို့နဲ့အတူ ရှိစဉ်တုန်းက ဖေဖေ့ကို မပြောဖြစ်ခဲ့တဲ့၊ မပြောရသေးတဲ့ စကားတွေ ကျွန်မရင်ထဲမှာ အများ ကြီး ရှိနေပါသေးတယ်။ ဖေဖေကို သတင်းစကားပါးခွင့် ရခဲ့မယ်ဆို ကျွန်မတို့မောင်နှမတွေကို ချစ်ချင် ခင်ခင် နေတတ်အောင်၊ တစ်ယောက်နဲ့တစ်ယောက် ညှာတာ ဖေးမတတ်အောင်၊ လိမ္မာယဉ်ကျေးအောင်၊  ရိုးသားတဲ့သူများ ဖြစ်အောင်၊ စာကြိုးစားတတ်အောင် ဆုံးမ သွန်သင်ပေးခဲ့တဲ့ ဖေဖေ့ကို ကျွန်မတို့တတွေ အမြဲ လေးစားရိုကျိုး ချစ်မြတ်နိုးလျက် ရှိနေဆဲပါလို့ ပြောချင်ပါတယ်။

ကျွန်မကို တောင်းသော ဆုတစ်ခုသာ ပြည့်ဝခွင့်ရှိမယ်ဆိုရင် ဖေဖေနဲ့ ဘ၀တစ်သက်တာလုံး သက်တမ်းစေ့ မိသားစု အတူတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားနိုင်ဖို့ဆိုတဲ့ ဆုနဲ့ ပြည့်စေချင်ပါတယ်။ နောက်တစ်ခုက ခုချိန် မှာ ပြောဖို့ အရမ်း နောက်ကျသွားပြီလား မသိနိုင်တဲ့၊ ပြောခွင့်မရလိုက်တဲ့ ဒီစကားလေးတစ်ခွန်းကို ဖေဖေ ကြားနိုင်၊ သိနိုင်မယ်ဆို ရင်ပွင့်ထွက်သွားအောင် အကျယ်ကြီး ပြောလိုက်ချင်ပါတယ်။

" ဖေဖေ့ကို သိပ်ချစ်ပါတယ်၊ နောက်ပြီး သမီးတို့ကို အငြိုအငြင် မရှိ၊ အကောင်းဆုံး ကျွေးမွေးပြုစု စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးပါ ဖေဖေ"



မြ၀တီဇော်







No comments:

Post a Comment