Thursday, June 28, 2012

အမှတ်တရ နေ့ရက်များ



".... စိန်ပန်းနဲ့ ကံ့ကော်ပွင့်တွေ ခင်းတဲ့လမ်းမှာ လျှောက်ခဲ့ဖူးပါသည် ... 
အချစ်ဆုံးရဲ့ အပြုံးအရယ်လေးတွေ စိတ်ကြည်နူးစရာ ပြန်မြင်ယောင်နေသည် ... "



အဓိပတိလမ်းကို ခြေချမိချိန် ရင်းနှီးနေသော သီချင်းတစ်ပိုင်းတစ်စကို ကြားယောင်မိသည်။ ဘေးဘီဝဲယာ ကို ငဲ့စောင်းကြည့်မိတော့ ကျောင်းဝင်းထဲက အဆောင်တချို့မှာသာ လူရိပ်လူယောင် မြင်ရသည်။ ကျောင်း ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်မှုက ကြီးစိုးနေသော်လည်း တစ်ချက် တစ်ချက် ကျေးငှက် သာရကာတို့ရဲ့ တွန်ကျူးသံနဲ့ အဆောက်အအုံတွေရဲ့ တည်ငြိမ်ခန့်ထည်မှုကတော့ ထူးဆန်းစွာပင် နွေးထွေးမှုကို ပေးလေ သည်။

ခပ်မှန်မှန် လမ်းလျှောက်လာရင်း ရှေ့တူရူက Convocation Hall ကြီးကို မြင်မိတော့ လွန်ခဲ့သော ခုနစ်နှစ်ခန့် ဘွဲ့ယူစဉ်က ဤအဆောက်အအုံကြီးရှေ့မှာ ဓာတ်ပုံရိုက်ခဲ့သည်ကို အမှတ်ရမိသည်။ ထိုစဉ်တုန်းက သြော် ...ဒီတက္ကသိုလ်နယ်မြေမှာ ပညာရင်နို့ မသောက်စို့ခဲ့ရသော်လည်း ခဏတာ ခြေချခွင့်တော့ ရခဲ့သည်လေဟု ဂုဏ်ယူ ကြည်နူးမိသေးသည်။ ဟော...ခုတော့ မထင်မှတ်ဘဲ အမိတက္ကသိုလ်ရဲ့ရင်ခွင်မှာ တစ်နှစ်တာ ခိုဝင်ဖို့ အခွင့်အရေး ဖန်လာခဲ့သည်။ ဟိုစဉ်အခါက "ရန်ကုန်တက္ကသိုလ်"မှာ ပညာသင်ကြားခဲ့ဖူးသူတို့၏ ကြည်နူး ဆွတ်ပျံ့ဖွယ် အရေးအသားတွေ၊ တမ်းတလွမ်းမောဖွယ် ချစ်ပုံပြင်တွေ၊ ချစ်သူကို "ပုဂံလမ်းက စောင့်နေ မယ်" ဆိုတဲ့ သီချင်းစာသားလေးတွေက ခုချိန်ကျမှ ပိုပြီး ခံစားသက်ဝင်မှု ရှိနေသလိုပင်။

Library ဘေးမှ လမ်းကလေးအတိုင်း ချိုးကွေ့ဝင်မည်အပြု ဘက်ဘက်ခြမ်းကို လှမ်းကြည့်လိုက်တော့ RC ကို တွေ့ရသည်။ တစ်ခေတ်တစ်ခါက ရဲရင့် ၀င့်ကြွား တက်ကြွစွာ သက်ဝင်ခဲ့ဖူးသည့် RC ကို လေးစားမြတ်နိုး မှုနဲ့ ခဏတာ ရပ်ကြည့်မိသည်။ ပြီးမှ သစ်တိုပင်များ စီစီရီရီ ပေါက်နေသည့် လမ်းကလေးသို့ ချိုးကွေ့ဝင်ခဲ့ သည်။ လမ်းကလေးတစ်လျှောက် သစ်တိုသီးများ ကြွေကျနေသဖြင့် သစ်တိုသီးရနံ့များက ၀န်းကျင်တစ် ခွင် မွှေးပျံ့နေလေသည်။

သစ်တိုပင်လမ်းကလေးမှ တည့်တည့်လျှောက်မိတော့ လမ်းကလေးအဆုံး ကုန်းလျှောအဆင်းမှာ ၀င်းခြံခတ် ထားသော အဖြူရောင် လေးထပ်အဆောက်အအုံကို တွေ့ရသည်။ ထိုအဆောက်အအုံ၏ ရှေ့ဘက် မှာ မြေနေရာအနည်းငယ် ချန်ပြီး ကားသုံးလေးစီးစာ ရပ်နားရန် ပြုလုပ်ပေးထားသည်။ အဆောက်အအုံ ၏ မြေညီထပ်မှတစ်ဆင့် ညာဘက်သို့ ချိုးကွေ့လိုက်သောအခါ အပေါ်ထပ်သို့တက်ရန် လှေခါးထစ် များကို တွေ့ရသည်။ တစ်ထစ်ချင်း ခပ်ဖြည်းဖြည်း တက်လာရာ ပထမထပ်တွင် "ကုန်ထုတ်ဓာတုဗေဒဌာန" ဟု ဆိုင်းဘုတ် ချိတ်ဆွဲထားသည်။ သို့သော် စာသင်ခန်းများသို့ ၀င်ရောက်ရာ ပင်မ သံပန်းတံခါးကို သော့ ခတ်ထားသည်ကို တွေ့ရသည်။ ဒုတိယထပ်မှာတော့ ကွန်ပျူတာသိပ္ပံ စာသင်ခန်းမရှိပြီး ကျောင်း သားကျောင်းသူအချို့ တွေ့ရသည်။ ခဏ အမောဖြေပြီး တတိယထပ်ကို ဆက်တက်လိုက်သောအခါမှ ကိုယ် တို့ တက်ရောက်ရမည့် စာသင်ခန်းသို့သွားရာ ပင်မတံခါးဝသို့ ရောက်လေသည်။ ဟိုစဉ်တုန်းကတော့ တက္ကသိုလ်ဆိုတာ ကျောင်းသားကျောင်းသူတို့၏ စီစီညံညံအသံများနှင့် စည်ကား သက်ဝင်နေမှာဖြစ်ပေမဲ့ အခု ကိုယ်တို့တက်ရောက်သည့် သင်တန်းမှာ လူဦးရေတစ်ရာ သတ်မှတ်ထားသော်လည်း တက္ကသိုလ် ဝန်းကျင်နှင့်စာလျှင် အလွန်နည်းပါးသော အရေအတွက်ဖြစ်နေသည်။ လူတစ်ရာလို့သာ ပြောရ သည်၊  ကျောင်းပရဝုဏ်နှင့်စာလျှင် ခြောက်ကပ်ကပ် နိုင်လွန်းသည်လေ။

 ညနေကျောင်းဆင်းချိန် ရောက်လျှင် စစ်ကိုင်းလမ်းမှတစ်ဆင့် ဂျက်ဆင်နောက်က လမ်းကလေး အတိုင်း ဖြတ်ထွက်ပြီး မာလာမှတ်တိုင်သို့ လျှောက်ခဲ့သည်။ အမှန်တော့ သည်လမ်းကလေးက ကိုယ့်အတွက် ပိုပြီး အဆင်ပြေသည်။ လမ်းလျှောက်ရတာ အဓိပတိလမ်းကနေ လျှောက်ရတာလောက် မဝေးသလို ကား မှတ်တိုင်နှင့်လည်း ပိုနီးသည်။ တနင်္ဂနွေ နံနက်ခင်းတွေဆို ဂျက်ဆင်ဘေးက ဖြတ်သွားတိုင်း ဘုရားကျောင်း မှ စန္ဒရားတီးသံကို သာယာနာပျော်ဖွယ် ကြားရတတ်သည်။ ဂျက်ဆင်ရှေ့ လမ်းကလေးမှ ဆက်လျှောက်မိ တဲ့အခါ သီရိဆောင်ရှေ့နားအရောက် အရောင်အသွေး စုံစုံ၊ အလှအပ အဖုံဖုံနှင့် အချောအလှကလေး များကို အဖြူနှင့် နီရင့်ရင့်အရောင် ခြယ်သထားသော သီရိဆောင်နှင့် ပဏာရစွာ တွေ့ရတတ်သည်။

 တကယ်တော့ အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ အပြေးအလွှား ကျောင်းတက်ခဲ့ရတဲ့ ကိုယ့်အတွက်တော့ တက္ကသိုလ်ကျောင်းသူဘဝဆိုတာ ဘာမှန်းတောင် မသိခဲ့ရ။ အချိန်တန်ရင် တကုပ်ကုပ်နဲ့ စာကျက်ပြီး စာမေး ပွဲကို ကတိုက်ကရိုက် ဖြေ၊ စာမေးပွဲရက် ပြီးပြီးချင်း အလုပ်ခွင် တန်းဝင်။ နေ့စဉ် ဘဝထဲမှာ လည်ပတ်။ ဒီလို နဲ့ပဲ ဖြတ်သန်းလာခဲ့ရသည်ဆိုတော့ ခုလို ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်ရတဲ့ အရသာကို စိတ်ကူးနဲ့ မှန်းဆ ရင်ခုန်မိဖူးသည်။

စာတွေထဲမှာ ဖတ်ဖူးသည့်အတိုင်း ကျောင်းဝင်းထဲမှာ ကျောင်းသားကျောင်းသူတွေနဲ့ စည်ကားသက်ဝင်နေ တဲ့ ကျောင်းတော်ကြီး၊ စာသင်ခန်းတိုင်းမှာ လူအပြည့်နဲ့ အားရကျေနပ်ဖွယ် စာသင်ချိန်တွေ၊ အတန်း ခဏ နားချိန်ဆို ကင်န်တီးမှာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည် သွားသောက်ကြ၊ လူစုံတုန်း ရှိုးထုတ်ချင်သူတွေက အမှတ်တရလို့ အကြောင်းပြပြီး ဓာတ်ပုံတွေ ရိုက်ကြ၊ တချို့က မျက်စိအစာကျွေးကြ၊ တချို့က မျက်စိကျသူ ကို မိတ်ဆွေဖွဲ့ဖို့ အားထုတ်ကြ၊ တချို့က ဝါသနာတူရာ စုပြီး စာတိုပေစ အတိုအထွာတွေ ရေးကြ၊ တချို့ ကျတော့လည်း စာကြမ်းပိုးတွေလို့ ဘွဲ့မည်ပေးရလောက်အောင် အချင်းချင်း မှတ်စုတွေ ဖလှယ်ကြ၊ စာတွေ ဆွေးနွေးကြ...အဲဒီလို တရုံးရုံးနဲ့ သွက်လက်တက်ကြွနေတဲ့ မြင်ကွင်းကို အတွေးထဲ မြင်ယောင်ပြီး အားကျ ကြည်နူးမိသည်။

လက်တွေ့ဘဝမှာတော့... မနက်စောစော Practical မှီအောင် အိမ်က နှစ်နာရီလောက် ကြိုပြီး ထွက်ရ၊ နေ့လယ်စာကို စာသင်ရာ လေးထပ်ဆောင်မှ ဆယ်မိနစ်နီးပါးလျှောက်မှ ရောက်သော ကင်န်တီးမှာ သွားစားလျှင် စားရတာနဲ့ လမ်းလျှောက်ပြီး လေးထပ် စာသင်ဆောင်ကို ပြန်တက်ရသည်မှာ မသက်သာ သဖြင့် တစ်ခါတည်း အိမ်က ထမင်းဘူးယူရ၊ စာသင်ချိန် တစ်ချိန်နှင့်တစ်ချိန် ကြားမှာ ခဏနားခိုက် နေ့လည် စာကို ကသုတ်ကရက် စားရ၊ ညနေကျောင်းဆင်းချိန်ရောက်သည်နှင့် တစ်နေ့လုံး ထိုင်ရသည်မှာ ညောင်း ညာလှသဖြင့် ဟန်ပင်မဆောင်နိုင်လောက်အောင် သိမ်းဆည်းစရာများကို ဝုန်းဒိုင်းကြဲ သိမ်းပြီး ခြေလှမ်း သွက်သွက်လှမ်းကာ အိမ်ပြန်ဖို့ ပြင်ရသည်။

သည်လိုနှင့်ပင် ရက်သတ္တတစ်ပတ်သည် ခပ်မြန်မြန်ပင် ကုန်ဆုံးသွားတော့သည်။ နောက်တစ်နေ့ ရောက် သည်နှင့် လုပ်ငန်းခွင်ကို ဝင်ရပေဦးမည်။ ဒါဟာ ကိုယ် တမ်းတ မက်မောခဲ့သော တက္ကသိုလ်ကျောင်းသား ဘဝတဲ့လား။ သို့ပေမဲ့ ကိုယ့်ကိုယ်ကိုယ် အားတင်းလိုက်သည်။ သည်ခေတ်မှာ သည်လို ကြိုးစား အားထုတ် မှုမျိုးကို လက်လျှော့လိုက်လျှင် ကိုယ့်လောက် မိုက်မဲသူ ရှိတော့မည် မထင်။ အချိန်က တရွေ့ရွေ့ ကုန် ဆုံးနေသလို ခေတ်ကလည်း လျင်လျင်မြန်မြန် ပြောင်းလဲနေသောကြောင့် သည်လောက်တော့ အပင်ပန်း ခံပြီး ကြိုးစားနိုင်မှ တော်ကာကျမည်လေ။

တစ်ခုတော့ ရှိသည်။ ကိုယ် မျှော်လင့် ရင်ခုန်မိဖူးသော တက္ကသိုလ်ကျောင်းသားဘဝသည် အခုလက်ရှိ မှာတော့ ရင်ထဲမှာပင် ဆက်လက် ရှင်သန်နေဦးမည် ဖြစ်သော်လည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ အမိတက္ကသိုလ်ရဲ့ရင်ခွင်မှာ ကြည်နူးဆွတ်ပျံ့ဖွယ်၊ တမ်းတ လွမ်းမောဖွယ် သစ်လွင်လတ်ဆတ် သည့် ကျောင်းဖွင့်ရက်များဖြင့် မျိုးဆက်သစ် လူငယ်မောင်မယ်တို့ကို တက်ကြွရွှင်လန်းစွာ တစ်ဖန် တွေ့ရ လိမ့်ဦးမည်ဟု ယုံကြည် မျှော်လင့်နေမိပါသည်။


မြဝတီဇော်






5 comments:

  1. အမှတ်တရနေ့ရက်များကို အမှတ်တရလာရောက်အားပေးသွားပါတယ်

    ReplyDelete
  2. စိန်ပန်းနဲ့ ကံ့ကော်ပွင့်တွေ ခင်းတဲ့လမ်းမှာ လျှောက်ခဲ့ဖူးပါသည် ...
    အချစ်ဆုံးရဲ့ အပြုံးအရယ်လေးတွေ စိတ်ကြည်နူးစရာ ပြန်မြင်ယောင်နေသည်---------------------
    သိပ်ကြိုက်တဲ့မြန်မာသီချင်းတွေထဲမှာ အဲဒီသိချင်းလေးလဲပါရဲ့
    ပိုစ့်လေးဖတ်ပြီး ကျောင်းကိုလွမ်းတယ် ကျောင်းလမ်းလဲ လွမ်းတဲ့ထဲပါတယ်
    စစ်ကိုင်းလမ်းလဲပါရဲ့ဇော်ရေ-----အားမှ စာတွေလာဖတ်ဦးမယ်နော်

    ReplyDelete
  3. ကျေးဇူးအများကြီးတင်ပါတယ် ... ကို"လွင်ပြင်လှိုင်းငယ်"နဲ့ မ"စံပယ်ချို"။ နောက်လည်း စာတွေ ဝင်ဖတ်ပြီး ဝေဖန် အကြံပြုကြပါဦးလို့ တောင်းဆိုပါတယ်နော်... :)

    ReplyDelete
  4. ရန်ကုန် တက္ကသိုလ်က ကျောင်းပြီးတာ မဟုတ်ပေမဲ့ အဲဒီမှာ Dip တန်းတစ်ခု တက်ခဲ့ဖူးတော့ မြဝတီရဲ့ စာလေး ဖတ်ပြီး ပြန်လွမ်းသွားမိတယ်။ ဟုတ်ပါရဲ့ ကျောင်းသွားကျောင်းပြန် ခပ်သုတ်သုတ် တက်ခဲ့ရပြီး အရသာ မယ်မယ်ရရ ရှာမတွေ့ခဲ့ရတဲ့ ကျောင်းသားဘဝပါဘဲ။
    စစ်ကိုင်းလမ်းလေးနဲ့ ဦးချစ်ဆိုင်ကို ပိုသတိရမိတယ်။

    ReplyDelete
  5. မချောရေ...ညီမက Blog ကို သိပ်မကျွမ်းကျင်သေးလို့ မချောပေးခဲ့တဲ့ comment ကို ခုမှ တွေ့မိတယ်။ စာတွေ အမြဲဝင်ရောက်ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါနော်။ နောက်လည်း အကြံပြုချက်လေးတွေ ပေးပါဦး လို့ ... :D

    ReplyDelete