Thursday, June 7, 2012

ရင်ရိပ်စွန့်သူသို့

လူ့လောကမှာ လူတစ်ယောက်အဖြစ် ရှင်သန်နိုင်ဖို့ ပထမဆုံး လိုအပ်ချက်က မိဘဖြစ်ပါတယ်။ မိဘမရှိဘဲနဲ့ လူတစ်ယောက် အသက်ရှင်သန်လာဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ ထိုသူရဲ့ ကုသိုလ်ကံ အကျိုး ဆက်အလျောက် မိမိကို မွေးဖွားလာမယ့် မိဘကို ပိုင်ဆိုင်ကြရပါတယ်။ လူတိုင်းလူတိုင်းမှာ မွေးရာပါ ကုသိုလ်ကံ ကိုယ်စီ ပါလာကြပြီးသား ဖြစ်ပါတယ်။ ကိုယ်က ကောင်းတဲ့အလုပ်ကို လုပ်ရင် ကောင်းကျိုး ခံစား ရမှာဖြစ်ပြီး မကောင်းတဲ့ အလုပ်ကို လုပ်ခဲ့ရင်တော့ မကောင်းကျိုးသာ ပြန်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ့်ကို မွေးထုတ်ပေးခဲ့တဲ့ မိဘအပေါ် မကောင်းသော အမှုကို ပြုခဲ့တယ်ဆိုရင်တော့ အဲဒီလူရဲ့ ဘ၀ဟာ ဘယ်လိုမှ ကောင်းကျိုးချမ်းသာနဲ့ ပြည့်စုံနိုင်မှာ မဟုတ်ပါဘူး။

မိဘဆိုတာ စုန်ရေနဲ့တူတယ်လို့ ဆိုရိုးစကား ပြုကြပါတယ်။ မှန်ပါတယ်။ မိဘဆိုတာ သားသမီးအတွက် ဆိုရင် အရိုးကြေကြေ၊ အရေခန်းခန်း သားသမီးတွေ ပြည့်စုံဖို့၊ တင့်တောင်းတင့်တယ်ရှိဖို့၊ လူတန်းစေ့ နေထိုင် စားသောက်နိုင်ဖို့ မမောနိုင် မပန်းနိုင်၊ မငြီးမငြူ ရှာဖွေကျွေးမွေး ပြုစုကြသူများ ဖြစ်ပါတယ်။ သူတို့ သာ မစားရရင် နေပါစေ၊ သားသမီးတွေ ၀မ်းဝတာမြင်ရုံနဲ့ ကျေနပ်နှစ်သိမ့် ပီတိဖြစ်နေကြရသူများ ဖြစ်ပါ တယ်။ အထူးသဖြင့် မိခင်တိုင်းဟာ ကိုယ်ဝန်ဆောင်စဉ်က စလို့ ကိုယ့်ရင်သွေးအတွက် စုဆောင်းရ၊ ချွေတာ ရ၊ အနေအထိုင် ဆင်ခြင်ရနဲ့ တယုတယ ဂရုစိုက်ကြသလို မွေးလာတဲ့အခါမှာလည်း  ရင်သွေးလေးကို မှက် ၊ ခြင်၊ ယင် မသန်းရအောင် နေ့မအိပ်၊ ညမအိပ် စောင့်ရှောက် ပြုစုပေးကြပြန်ပါတယ်။ တဖြည်းဖြည်းနဲ့ အရွယ် လေး ရလာလို့ ကျောင်းတက်ချိန် ရောက်ပြန်တော့လည်း ပညာတတ်တစ်ယောက်ဖြစ်အောင် ဆုံးမသွန်သင် ပဲ့ပြင်လို့ ဘ၀လမ်းကို တည့်မတ်စွာ လျှောက်လှမ်းနိုင်အောင် လမ်းညွှန်ပြသပေးခဲ့ကြပါတယ်။ ဒါကြောင့် လည်း "လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ဗုဗ္ဗာစရိယ၊ မိနှင့်ဘ" လို့ ဆိုရိုး ပြုခဲ့ကြတာပါ။

ဒီလို မိဘတွေဘက်က သားသမီးတွေအပေါ် ၀တ္တရားကျေရုံမက မေတ္တာစေတနာ ကရုဏာ စမ်းရေတွေ အမြဲမပြတ် တသွင်သွင် စီးဆင်းနေသလောက် သူတို့ခမျာ သားသမီးများအပေါ် အကျိုးအမြတ် ရကောင်းစေ ဆိုတဲ့ စိတ်ဆန္ဒနဲ့ ပြုခဲ့တဲ့ အလုပ်တွေ တစ်ခုမှ မပါဝင်ခဲ့ရှာပါဘူး။ မွေးထားတဲ့ သားသမီးတွေက မိဘအပေါ် တတ်သိလိမ္မာတဲ့အခါ မိဘတို့ ရင်မှာ ဖရဏာပီတိ ဂွမ်းဆီထိသလို တစိမ့်စိမ့် ကြည်နူးချမ်းမြေ့ကြရပါတယ်။ အဲဒီလို မဟုတ်ဘဲ မိဘအပေါ် အတွေးမှား၊ အထင်မှား၊ အသိခေါက်ခက် အ၀င်နက်တဲ့ သားသမီးတွေလည်း လူ့ပတ်ဝန်းကျင်မှာ အချို့အ၀က် ရှိနေကြပါတယ်။ သူတို့ရဲ့ လိုအင်ဆန္ဒတွေကို ပြည့်မီအောင် မဖြည့်ဆည်း ပေးနိုင်တဲ့ မိဘအပေါ် ရန်သူသဖွယ် ရန်စွယ်ငေါငေါနဲ့ တုံ့ပြန်ဆက်ဆံတာ ခံရတဲ့အခါ မွေးထုတ်ထားတဲ့ မိဘတွေခမျာ ကွယ်ရာမှာ မျက်ရည်သုတ်လို့ ရင်ကွဲနာကျရရှာပါတယ်။

သားသမီးရဲ့ လိုအင်ဆန္ဒကို ပြည့်မီအောင် ဖြည့်ဆည်းပေးဖို့လည်း မတတ်နိုင်၊ သားသမီးရဲ့ အထင်အမြင် လွဲမှား စွပ်စွဲမှုမျိုးစုံကိုလည်း ခါးစည်းခံရင်း လူ့လောကအလယ်မှာ မျက်နှာငယ်စွာနဲ့ အားတင်း ရပ်တည်နေရ တဲ့ မိဘတွေရဲ့ ရင်မှာ ဘယ်လောက်တောင် ကြေကွဲဝမ်းနည်းနေရှာမလဲဆိုတာ တချို့သော သားဆိုး၊ သမီး ဆိုးတွေကို တွေ့မြင် ကြားသိစေချင်ပါတယ်။ သူတို့ဘ၀ နေပျော်ဖို့အတွက် သက်ရှိထင်ရှားရှိနေတဲ့ မိဘ တွေကို သေလူစာရင်းသွင်းတဲ့၊ ရိုးသားကြိုးစားတဲ့ မိဘက မွေးဖွားလာပါလျက်နဲ့ မိဘဂုဏ်ကို ဖျက်ဆီးတဲ့ တစ်စုံတစ်ယောက်သော သားသမီးဆိုးတွေလည်း ဒီလူ့လောကမှာ ရှိနေတာကို ရင်နာစွာနဲ့ အံ့သြတကြီး တွေ့ကြုံခဲ့ရဖူးပါတယ်။

မိဘရင်က ထွက်သွားပြီးကတည်းက တစ်ခေါက်တစ်ခါမှ ပြန်ဝင်လာဖော် မရတဲ့၊ နောက်ပိုင်းမှာ မိဘနဲ့ ပတ် သက်တဲ့သူမှန်သမျှ အဆက်အသွယ် ဖြတ်တောက်ပစ်ခဲ့တဲ့ တစ်စုံတစ်ယောက်သော သားသမီးမိုက်ကတော့ သူ့စိတ်ကြိုက် ဖန်တီးထားတဲ့ ဘ၀တစ်ခုမှာ တစ်သက်လုံး အေးချမ်းပျော်မွေ့စွာ နေနိုင်ပါရဲ့လားဆိုတာ သိချင်မိပါတယ်။ ဒီသားသမီးတစ်ယောက်ကို မွေးရင် အသက်ဆုံးရှုံးကောင်း ဆုံးရှုံးသွားနိုင်မယ်မှန်း သိလျက် နဲ့ မိဘတို့ရဲ့ အတုမရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ အသက်နဲ့ရင်းပြီး မွေးဖွားခဲ့တဲ့ သားသမီးကတော့ မွေးမိခင်၊ မွေးဖခင်ကို ဘယ်လိုစိတ်ဓာတ် အင်အားမျိုးနဲ့ စိမ်းပြတ်ရက်စက် မေ့ဖျောက်နေနိုင်ရက်သလဲဆိုတာကို လည်း အံ့သြခြင်းကြီးစွာ နားမလည်နိုင် ဖြစ်ရပါတယ်။

ဘယ်လိုပဲ မိဘတို့ရင်ကို ခွဲပြီး ဘ၀သစ်မှာ ရှင်သန် ပျော်မွေ့နေပါစေ၊ တစ်ချိန်ချိန်မှာတော့ မိဘရဲ့မေတ္တာ ကို တန်ပြန်ခံစားရဦးမှာပါ။ အတုံ့အလှည့်ဆိုတဲ့ စကားအတိုင်း ကိုယ်တိုင် မိဘနေရာရောက်လာတဲ့အခါမှ သာ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ပူဆွေးသောက နောင်တရ မနေဖို့တော့ သတိထားရမှာပါ။ မိဘ ဆိုတာ အစားမရပါဘူး။ မိဘဆိုတာ တစ်ဘ၀မှာ တစ်ခါပဲ ပိုင်ဆိုင်နိုင်ခွင့် ရှိတာပါ။ အကြောင်းကြောင်း ကြောင့် မိဘအနား မနေရသော်ငြားလည်း အချိန်ရှိသမျှ သားသမီးအသံကို မျှော်နေတဲ့ မိဘတွေ  အများ အပြား ရှိနေတယ်ဆိုတာ သားသမီးတွေအားလုံး သတိထားမိဖို့ လိုပါတယ်။

စွန့်ခွာသွားတဲ့ သားသမီးကို ရင်ထဲက တိတ်တခိုး မျှော်လင့်ရင်း၊ တစ်ယောက်ခံစားနေရတာကို တစ်ယောက် က မသိမမြင်ယောင်ပြုရင်း၊ ညအိပ်ချိန်တိုင်း သားသမီးရဲ့ဓာတ်ပုံကို ရင်မှာ ကွယ်ဝှက်အပ်လို့ မေတ္တာပို့သ ရင်း ရင်ကွဲနာကျပြီး မိဘတစ်ယောက်တော့ ကွယ်လွန်သွားခဲ့ပါပြီ။ မိဘရဲ့ ရင်ရိပ်ကို စွန့်ခွာသူ တစ်စုံတစ် ယောက်သော သားသမီးကတော့ တစ်ခုသော ဘ၀သစ်မှာ တိတ်ဆိတ် အေးစက်စွာ၊ နာကျင်ဝမ်းနည်းမှု မဲ့စွာ၊ သံယောဇဉ် ကင်းပြတ်စွာနဲ့ တစ်ကိုယ်ကောင်းဆန်စွာ ခြေရာဖျောက်သွားခဲ့ပါပြီ။

ကျန်ရစ်ခဲ့သူ မိဘတစ်ဦးခမျာတော့ သေခွဲ ခွဲသွားသူနဲ့ ရှင်ကွဲ ခွဲသွားသူ နှစ်ဦးအတွက် သောကတွေကို ရင်နဲ့မဆံ့အောင် အံကြိတ်ခံစားရင်း သူတတ်နိုင်သလောက် ကုသိုလ်ကောင်းမှု ပြုပေးနေတယ်ဆိုတာ တစ်စုံ တစ်ယောက်သော သားသမီး မြင်နိုင်၊ သိနိုင်၊ ကြားနိုင်စေဖို့ ရည်ရွယ်ပြီး ဒီစာကို ရေးသားပါတယ်။


မြ၀တီဇော်


(ယခု စာစုမှာ ကာယကံရှင်ကို အဓိက ရည်ရွယ်ပြီး ရေးခြင်းဖြစ်သောကြောင့် တိုက်ဆိုင်မှုရှိသူများ ခွင့်လွှတ် ကြပါ။)

2 comments:

  1. စာရေးသူဟာ တော်တော်စာရေးကောင်းတာပဲ။ဆွဲခေါ်သွားနိုင်တယ်။
    ဒီထက်ပိုပြီး စာတွေများများရေးဖွဲ့နိုင်ပါစေ

    ReplyDelete
  2. မမရေ ... ဖတ်ရင်းနဲ့ကြက်သီးတွေတောင် ထမိတယ် ... စကားလုံးတိုင်းက အနှစ်သာရအပြည့်ပဲဗျာ ... :)

    ReplyDelete