Monday, October 29, 2012

စိတ်ကူးထဲက ချစ်သူ့အိမ် (၁)



သဲသဲမဲမဲ ရွာသွန်းနေသော မိုးရေစက်တွေကြားက ဝိုးတဝါး တွေ့နေရဆဲဖြစ်သော ထိုအိမ်ကလေးကို သူမ ငြိမ်သက်စွာ ငေးကြည့်နေမိသည်။ သူမအတွက်တော့ ဥတုရာသီ တွေ ဘယ်လိုပြောင်းပြောင်း ထိုအိမ် ကလေးကို ငေးကြည့်နေရခြင်းသည်သာ ပျော်ရွှင်မှုတစ်မျိုးလို ဖြစ်နေသည်။ နွေရာသီရဲ့ နွေးထွေးတဲ့ ရောင်ခြည်တွေနဲ့ တက်ကြွ လန်းဆန်းနေတဲ့ အိမ်ကလေးရဲ့ပုံရိပ်တွေကို သူမ အားကျ နှစ်သက်စိတ်နဲ့ ငေးကြည့်ဖူးသလို နှင်း မှုန်တွေ တဖွဲဖွဲ ကြွေလွင့်နေတဲ့ ဆောင်းရာသီရဲ့ ဆိတ်ငြိမ်အေးချမ်းမှုတွေနဲ့ ထုံမွှမ်းထားတဲ့ အိမ်ကလေးကို လည်း သူမ မက်မော တွယ်တာစွာ ငေးကြည့်မိခဲ့ဖူးသည်။ တစ်စုံတစ်ယောက်က သူမဘဝမှာ အလိုချင် အတောင့်တဆုံး ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးမည်ဆိုလျှင် ထိုအိမ်ကလေးအား ပိုင်ဆိုင်နိုင်ခွင့်ကို သူမ တောင်းဆိုမိမည် ထင်သည်။ ထိုမျှလောက်အထိ အိမ်ကလေးက သူမရဲ့ စိတ်နှလုံးကို ညို့ငင် ဖမ်း စားနိုင်လေသည်။

ညအိပ်ချိန်ဆို မျက်လုံးများ မှိတ်လိုက်တိုင်း သူမ စိတ်ဝင်တစား စောင့်ကြည့်နေမိသော အိမ်ကလေးရဲ့ သွင်ပြင်က သူမရဲ့စိတ်အာရုံမှာ တရစ်ဝဲဝဲ ပေါ်လာမြဲဖြစ်သည်။ မကျယ်လွန်း မကျဉ်းလွန်းသော မြေ ကွက်ပေါ်မှာ ဆောက်လုပ်ထားသည့် နှစ်ထပ်အိမ်ကလေးက ရိုးရှင်း သေသပ်လှသည်။ အိမ်ကလေး မှာ ခေါင်းရင်းဘက်ကို မြေနေရာ အနည်းငယ် ချန်၍ ဆောက်ထားခြင်းဖြစ်ပြီး သူ့အတိုင်းအတာနှင့်သူတော့ ကျဉ်းသည်ဟု မဆိုသာ။ ခပ်စိပ်စိပ် ကာရံထားတဲ့ ခြံစည်းရိုးဖြူဖြူလေးရဲ့ အတွင်းဘက် အိမ်ကလေးရဲ့ မျက်နှာစာမှာ မြက်ခင်းစိမ်းစိမ်းလေးများက လေးထောင့်စပ်စပ် တိတိကျကျ ရှိနေသည်။ မြက်ခင်းစိမ်းလေး ရဲ့ဘေးမှာ ကွန်ကရစ် ခင်းထားသော လူသွားလမ်းငယ်လေးတစ်ခုက မြက် ခင်းလေးကို ဘောင်ခတ်ပေး ထားသည်။ ထိုလမ်းကလေးရဲ့ အဆုံးမှာ အိမ်ကလေးရဲ့ ဆင်ဝင်အောက်ကို ရောက်သည်။ ဆင်ဝင်အောက် ရှိ အိမ်ကလေးရဲ့ ဘယ်ဘက်ခြမ်းမှာ ဆေးအဖြူနဲ့အစိမ်းကို တစ်ကန့်စီ သုတ်ထားတဲ့ ချစ်စဖွယ် ဒန်းကလေး တစ်ခု ရှိနေသည်။ ဒန်းကလေးရဲ့ဘေးမှာ အဖြူရောင် သုံးချောင်းထောက် သံစားပွဲငယ်တစ်ခု ချထား သည်။ ထိုဒန်းကလေးနဲ့ စားပွဲဖြူဖြူလေးကို လွန်သော် အိမ်ကလေးရဲ့တံခါးဝ ရှိသည်။ ထိုတံခါးပေါက်ကား သူမ စိတ်အဝင်စားဆုံးအရာပင် ဖြစ်သည်။ သတိထားမိသလောက် သူမ ငေးကြည့်နေမိသည့်အချိန်တိုင်း ထိုတံခါးချပ်မှာ အမြဲလိုလို ပိတ်ထားလေ့ရှိသည်။ အိမ်ကလေးရဲ့ ခေါင်းရင်းဘက်ခြမ်းမှာတော့ အုတ်နံရံကို မှီပြီး တန်းရိုက်ကာ စိုက်ပျိုးထားသည့် သစ်ခွပင်များကို စီရရီ တွေ့ရသည်။ သစ်ခွပန်းများကို နေရောင်ခြည် လိုအပ်သလောက်သာ ရရှိစေဖို့ အပေါ်က ပိုက်ကွန်စိမ်းဖြင့် အုပ်မိုး ကာရံထားသေးသည်။ ပိုက်ကွန် မိုးအောက်ခြေ တစ်ဖက်ခြမ်းမှာတော့ နှင်းဆီပန်းအိုးများ စီတန်းချထားသည်ကို တွေ့ရသည်။ အခြား တစ် ဖက်ခြမ်းမှာ သစ်သားခုံတန်းရှည်လေးတစ်ခု ချထားသည်။ ဒါဟာ သူမမြင်နေကျ အိမ်ကလေးရဲ့ မပြောင်း မလဲတဲ့ အသွင်အပြင်ပင်။

သူမ အနှစ်ခြိုက်ဆုံးကတော့ အိမ်ကလေးရဲ့ စိမ်းစိုလန်းဆန်းတဲ့ အသွေးအရောင်ပင် ဖြစ်သည်။ တစ်အိမ် လုံး ရေညှိစိမ်းရောင်ဆေး သုတ်ထားပြီး ပြတင်းပေါက်ပေါင်တွေကိုတော့ အဖြူရောင်ဆေး သုတ်ထား သည်။ မှန်ပြတင်းတွေနောက်က ဧည့်ခန်းကိုတော့ အဖြူရောင် ဇာခန်းစည်းရှည်တွေကြောင့် သူမ တွေ့မြင် ခွင့် မရခဲ့ပါ။ သို့ပေမဲ့လည်း သူမကတော့ အိမ်ကလေးကို ကြည့်လိုက်တိုင်း ဖြူစင်အေးချမ်းမှုနဲ့အတူ တစ်စုံ တစ်ရာသော ခံစားချက်ကို ခံစားရမြဲဖြစ်သည်။ ထိုခံစားချက် တစ်စုံတစ်ရာသည် ဘာဆိုတာကိုလည်း သူမ ကိုယ်တိုင် အမည်မတပ်တတ်ချေ။ ထို့ကြောင့်ပင် သူမရဲ့တစ်နေ့တာမှာ အိမ်ကလေးကို စိတ်ဝင် တစား ငေးမောကြည့်ရှုရသော အလုပ်သည် သူမဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်မှန်းမသိ ဖြစ်လို့ လာခဲ့လေ သည်။

အိမ်ကလေးကို ကြည့်ရင်း သူမအနေနှင့် တစ်ခါတရံ မချင့်မရဲ ဖြစ်ရသော အချိန်များလည်း ရှိခဲ့လေသည်။ အမြဲလိုလို စေ့ပိတ်ထားတတ်သော တံခါးချပ်များရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေမလဲ၊ အိမ်ကလေး ထဲမှာ နေသူက ဘာကြောင့် အမြဲလိုလို တံခါးစေ့ပိတ်ထားရသလဲဆိုတဲ့ မေးခွန်းတွေ တွေးမိတဲ့အခါတိုင်း သူမ အိမ်ကလေးဆီသို့ အပြေးသွားကာ ပိတ်ထားသော တံခါးချပ်များကို ဆွဲဖွင့်ကြည့်လိုက်ချင်စိတ်များက ထိန်းမနိုင် သိမ်းမရ ပေါ်လာတတ်သည်။ ထိုအခါမျိုးတွင် သူမ စိတ်တွေ မွန်းကျပ်စွာဖြင့် ခပ်တိုးတိုး သက်ပြင်းချမိသည်။ ထို့နောက် အဖြေမရှိသော မေးခွန်းများကို စိတ်ရှုပ်ထွေးစွာ ခေါင်းယမ်းထုတ်ပစ် လိုက်ပြီး ပြန်လည် ငြိမ်သက်သွားမိပြန်ကာ သူမရဲ့ မျက်စိရှေ့က အိမ်ကလေးကို ငေးကြည့်နေမြဲ ငေး ကြည့်နေမိပြန်သည်။

တစ်ရက်။ အဲဒီတစ်ရက်ကတော့ သူမ အလွန် အံ့သြသွားခဲ့ရသည်။ အိမ်ကလေးကို သူမ ငေးမော ကြည့်ရှု ခဲ့စဉ် အတောအတွင်းမှာ အိမ်ကလေးနဲ့ ပတ်သက်လို့ ထူးခြားမှုကို ပထမဆုံး မြင်တွေ့လိုက်ရခြင်း ဖြစ် သည်။ သူမ ငေးကြည့်မိနေစဉ်မှာပင် အမြဲလိုလို စေ့ပိတ်ထားခဲ့သော အိမ်ကလေးရဲ့တံခါးချပ်က ပွင့်ဟ လာခဲ့သည်။ သူမ စိတ်လှုပ်ရှားစွာဖြင့် ကိုယ်ကို ကိုင်းပြီး ငုံ့ကြည့်လိုက်မိသည်။ တံခါးဝမှာ အမျိုးသမီး ငယ်တစ်ယောက် ပေါ်လာသည်။ အမျိုးသမီးက အရောင်ရင့်သော်လည်း သစ်လွင်သော အထက်အောက် ဆင်တူ ဝတ်စုံကို ဝတ်ဆင်ထားပြီး စိတ်လက်ပျော်ရွှင် နေပုံရသည်။ တံခါးဝမှ ထွက်လာပြီး ဒန်းကလေးမှာ ထိုင်လျက် ခြေထောက်ကာ ခပ်ဖြည်းဖြည်း လွှဲစီးနေသည်။ ခဏကြာတော့ အိမ်ထဲသို့ လှစ်ခနဲ ဝင်ရောက် ပျောက်ကွယ်သွားပြန်သည်။ သူမ တအံ့တသြ ကြည့်နေမိဆဲ ထိုအမျိုးသမီးငယ် ပြန်ထွက်လာ သည်။ ဟော…ဒီတစ်ခါတော့ ခုနက ဝတ်စုံမျိုး မဟုတ်ပြန်တော့။ အနည်းငယ် အရောင်နုလွင်သော ဝတ်စုံနှင့် ဖြစ်သည်။ ဒီတစ်ခါတော့ သူမ မျက်ခုံးပင့်သွားမိသည်။ ကြည့်လေ… ထိုအမျိုးသမီးငယ်သည် ခုနက စည်းနှောင်ထားသော ဆံပင်များကို ကျောပေါ်တွင် ဒီအတိုင်းပင် ဖြန့်ချထားသည်။ ဒီလိုဆိုတော့ လည်း အမျိုးသမီးငယ်သည် ရှိရင်းစွဲအသက်ထက် ပိုပြီး ငယ်နုသွားသလို ထင်ရသည်။ ခဏအကြာ အမျိုး သမီးငယ်၏ လက်ကိုင်ဖုန်း မြည်လာပြီး ပြုံးရွှင်စွာဖြင့် ရယ်မောပြောဆိုနေတာ တွေ့ရသည်။ အမျိုးသမီး ငယ်ကို ကြည့်ရင်း သူမပါ ပျော်ရွှင်မှုတွေ ကူးစက်လာသည်။ ဟုတ်ပါသည်။ သူမအနေဖြင့် ဤအိမ်ကလေး ကို သက်ဝင်လှပစေသူ အမျိုးသမီးငယ်တစ်ဦး ရှိနေသည်ကို သိလိုက်ရသောကြောင့် အိမ်ကလေးအတွက် အနည်းငယ် ဘဝင်ကျသွားသလို အမျိုးသမီးငယ်ကို ခင်မင်နှစ်လိုစိတ်လည်း ဖြစ်ပေါ်လာမိသည်။

မကြာမီမှာပင် အိမ်ကလေးရှေ့မှာ ကားတစ်စီး ရပ်လာတာ တွေ့လိုက်ရသည်။ ထို့နောက် ကားပေါ်က အမျိုးသမီးငယ်နှင့် သက်တူရွယ်တူလောက်ရှိမည့် အမျိုးသားတစ်ဦး ဆင်းလာသည်။ သူ့ကို ကြည့်ရသည်မှာ ခရီးဝေးက ပြန်လာပုံရသည်။ ကားပေါ်က အထုပ်အပိုးတွေ ချပြီးသည်နှင့် ခြံဝင်းတံခါးရှေ့ရောက်လာသော အမျိုးသမီးငယ်က အထုပ်အပိုးများကို ကူညီဆွဲယူပြီး မြက်ခင်းစိမ်းလေးဘေးက လမ်းကလေး အတိုင်း နှစ်ယောက်သား ရယ်ကာမောကာနှင့် အိမ်ကလေးဆီသို့ ကျောခိုင်း လျှောက်သွားကြသည်။ ဘာကြောင့်မှန်းမသိ၊ သူမ ထိုမြင်ကွင်းကို ငေးကြည့်နေရင်း ရင်ထဲက နာကျင်လာမိသည်။  သူတို့နှစ်ယောက် အိမ်ကလေးထဲ ဝင်ရောက် ပျောက်ကွယ်သွားချိန်မှာ သူမ ရင်ထဲ ပိုမို ဆို့ကျပ်လာကာ မိုက်ခနဲဖြစ်ပြီး လဲပြိုသွားခဲ့တော့သည်။ တကယ်တော့ သူမတွင်လည်း သူတို့နှစ်ယောက်ရဲ့ဘဝလိုမျိုး လှပတဲ့ အတိတ်တစ်ခုကို ပိုင်ဆိုင်ဖူးခဲ့သည်ဆိုတာ…..။
………………………………………………။
*  *  *  *  *  * 



Friday, September 21, 2012

ဘယ်တော့မှ လှည့်မကြည့်နဲ့




ပြီးဆုံးသွားတဲ့အချိန်တွေကို လည်ပြန်လှည့်ကြည့်ပြီး 
ဘယ်တော့မှ ဝမ်းနည်း နောင်တမရနဲ့။
ပြဿဒါးရက်တွေကို ဖြတ်ကျော်လာခဲ့ပြီပဲ။

ပေးခဲ့ဖူးတဲ့ကတိတွေတိုင်းကို ဆုပ်ကိုင် စောင့်ထိန်းနေရင်
အောင်မြင်မှုက မင်းနဲ့ ဝေးနေဦးမှာပဲ။
ဘ၀ဆိုတာ ပြီးပြည့်စုံမှုတွေနဲ့ ပြည့်နှက်နေတာ မဟုတ်ဘူးလေ။

    ဘဝရဲ့လမ်းတွေက အမြဲ နေရောင်ခြည်နဲ့ မဆုံနိုင်ဘူး။
    ထားခဲ့ဖူးတဲ့ ကတိတွေလည်း တစ်ခါတစ်ရံ ချိုးဖျက်ရတတ်တယ်။
    ကိုယ့်ရဲ့အိပ်မက်တွေလည်း လမ်းကြောင်းမှန်ကနေ တိမ်းစောင်းသွားရတတ်တယ်။

    လွဲချော်မှုတွေကြုံရတိုင်း မျက်ရည်ကျရင်း အချိန်မကုန်စေနဲ့။
    အရာအားလုံးဟာ ရာသီစက်ဝန်းလိုပဲ။
    ပျော်ရွှင်ရယ်မောချိန်ရှိသလို ဝမ်းနည်းငိုကြွေးချိန်လည်း ရှိမှာပဲ။

    အတိတ်က အရိပ်ဆိုးတွေ ချန်ခဲ့လိုက်တော့။
    ဘာမဟုတ်တဲ့ ချွတ်ချော်မှုလေးက အချိန်တန်ရင် မှေးမှိန်သွားလိမ့်မယ်။
    တောက်ပတဲ့ အနာဂတ်ကို ဖမ်းဆုပ်ဖို့ အားဖြည့်ထားလိုက်။
    နောက်တစ်နေ့ နံနက်ခင်းကို စတင်ဖို့လေ ...။


မြဝတီဇော်

Monday, September 17, 2012

ကျွန်မနဲ့ လတ်တလော

အခုတလော ကျွန်မ စာမရေးဖြစ်ဘူး ဖြစ်နေပါတယ်။ မရေးဖြစ်ဘူးဆိုတာထက် ရေးဖို့ အခြေအနေ မပေး တာပါ။ ကျွန်မခေါင်းထဲမှာ ရေးဖို့ စဉ်းစားထားတာတွေ အများကြီးရှိပေမယ့် ချမရေးဖြစ်လောက်အောင် အကြောင်းကိစ္စတွေက မျိုးစုံပါပဲ။

အဓိက အကြောင်းရင်းကတော့ သိပ်မကြာတဲ့ ရက်အပိုင်းအခြားတစ်ခုမှာ ကျွန်မ စာမေးပွဲတစ်ခု ဖြေဖို့ရှိလို့ ပါပဲ။ ဒါကြောင့် စာမေးပွဲအတွက် ကျက်ရ၊ မှတ်ရ၊ တွက်ရ၊ ချက်ရနဲ့ တစ်ရက်နဲ့တစ်ရက် ဘယ်လို အချိန် ကုန်သွားမှန်းတောင် မသိလိုက်ပါဘူး။ ကျွန်မလိုပဲ တချို့သော သူငယ် ချင်း၊ မောင်နှမ၊ မိတ်ဆွေများလည်း ကြုံဖူးကြမယ် ထင်ပါတယ်။ မနက်ဆို အလုပ်သွား၊ ညနေစောင်းမှ အိမ်ပြန်ရောက်။ ခဏနားပြီးတာနဲ့ စာအုပ်နဲ့ မျက်နှာအပ်ပြီး ကျက်ရ မှတ်ရပါတော့တယ်။ ဒါတောင် ချက်ရေးပြုတ်ရေးအတွက် ကျွန်မရဲ့ မိသားစုတွေက ကျွန်မကို နားလည်မှု အပြည့်အဝနဲ့ ဘေးမဲ့ပေးထားလို့သာ ဒီလို အဆင်ပြေပြေ စာကျက်နိုင် တာပါ။ (အဲဒီအတွက်လည်း ကျွန်မရဲ့မိသားစုများကို ကျေးဇူးအထူး တင်ရပါတယ်။) နောက်ပြီး ကျွန်မနဲ့ မတည့်အတူနေ တစ်ယောက်သောသူကလည်း ကျွန်မ ဘာလုပ်လုပ် အကောင်းသာ မပြောတာ၊ စာကျက် ရင်း အိပ်ငိုက်တတ်တဲ့ ကျွန်မအတွက် အချဉ်ထုပ်တွေ တနင့်တပိုး ဝယ်ပေးလား ပေးရဲ့၊ အိပ်ရာထဲ လှဲပြီး စာကျက်နေတဲ့ကျွန်မ နည်းနည်းလေး အိပ်ငိုက်သွားတာနဲ့ အိပ်ပျော်သွားမှာစိုးလို့ဆိုပြီး ဖုန်းထဲက အကျယ် ဆုံး Ring Tone ရွေးပြီး နားနား လာကပ်လား ကပ်ရဲ့နဲ့ ပါရမီဖြည့်ရှာပါတယ်။ တစ်ခါတစ်ခါ အဲဒီလို အသံ ကျယ်ကြီး နားနားကပ်ပြီး ကြားလိုက်ရလို့ လန့်ဖျပ်သွားတာများ ရင်တွေတုန်ပြီး စာဆက်ကျက်ဖို့တောင် အားမရှိဖြစ်ခဲ့ရဖူးပါတယ်။ ဒါပေမယ့်လည်းလေ သူက အလိုက်တသိနဲ့ ကိုယ့်အတွက် ကူညီပေးတာဆိုတော့ လည်း စိတ်ဆိုးရ ခက်သားလား။ :D

ဒါကြောင့် အခုရက်ပိုင်းအတွင်းမှာ ကျွန်မ မြဝတီဇော်တစ်ယောက် ကျောင်းစာ တစ်ဖက်၊ အလုပ်တစ်ဖက် အပြင် အခြားအခြားသော ဗာဟီရ ကိစ္စလေးတွေကြောင့် စိတ်ထဲရှိသလောက် စာတွေ မရေးနိုင် ဖြစ်နေ ပါတယ်။ ကိုယ်တိုင်က စာတွေ မရေးဖြစ်ပေမယ့် ကျွန်မ ခင်မင်လေးစား အားကျတဲ့ မိတ်ဆွေများရဲ့ စာတွေ ကိုတော့ အချိန်ရရင် ရသလို အကြွေးမထားဘဲ ဝင်ရောက် ဖတ်ရှုဖြစ်ပါတယ်။ အဲဒီလို ဝင်ရောက်ဖတ်ရှု တဲ့အခါမှာလည်း အချိန်အခက်အခဲကြောင့် မရောက်ဖြစ်တဲ့ အိမ်ကလေးတွေလည်း အများကြီး ရှိပါသေး တယ်။ အဲဒါလေးကိုလည်း ကျွန်မ တစ်ဆက်တည်း တောင်းပန်ချင်ပါတယ်။ မောင်နှမတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတို့ရဲ့ အိမ်ကလေးကို လာမလည်ချင်တာ မဟုတ်ရပါ၊ လာလည်ဖို့ အချိန်ဆင်းရဲနေလို့ပါ လို့။ နောက်ပြီး ကျွန်မအနေနဲ့ လတ်တလော အခြေအနေအရ ကျွန်မရဲ့ ဘလော့လေးကို လာရောက် လည် ပတ်ကြတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ မောင်နှမများ ပို့စ်အသစ်လေးတွေ မတွေ့တဲ့အခါ ရွှေ စိတ်တော် ငြိုငြင်ပြီး လာမလည်ဘဲ မနေကြပါနဲ့လို့ အားလုံးကို အားနာစွာနဲ့ပဲ တောင်းပန်ချင်ပါတယ်။ ကျွန်မ စာမေးပွဲဖြေပြီးတဲ့ အခါ အသစ်အသစ်သော အကြောင်းအရာတွေနဲ့ စာကြွေးတွေ ဆပ်ပါရစေလို့ ကြိုတင် အသိပေး မေတ္တာ ရပ်ခံပါရစေရှင်။ စာတွေ အမြဲ လာရောက် ဖတ်ရှုပေးကြလို့ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်နော်။ 

အားလုံးပဲ နေ့ရက်တိုင်းမှာ ပျော်ရွှင်ချမ်းမြေ့မှုတွေနဲ့ ပြည့်စုံပါစေလို့


ခင်မင် လေးစားလျက်
မြဝတီဇော်

Sunday, September 2, 2012

ပန်းမြို့တော်သို့ အလည်တစ်ခေါက် ကိုယ်ရောက်တယ်


တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်တော့ ညနေ လေးနာရီခွဲပြီ။ လိုအပ်သည့် ပစ္စည်းမှန်သမျှ စီစဉ်တကျ ထည့် သိုထားသော ကျောပိုးအိတ်နှစ်လုံးကို ဆက်တီဘေးနား ချထားလိုက်သည်။ လာကြိုမည့်ကားက ညနေ ငါးနာရီဆို ရောက်လာမည်။ အတော်ပါပဲလေ။ သူမ အချိန်ကို တွက်ကြည့်ပြီး စိတ်အေးသွားသည်။ ဒီခရီးကို သွားဖြစ်ဖို့ သူမ ဘယ်လောက်မျှော်လင့်ခဲ့သလဲဆိုတာ သူမကိုယ်တိုင် အသိဆုံးပင်။ ဆိုရလျှင် ဒီခရီးသည် သူမဘဝအတွက် အမြဲ အမှတ်တရဖြစ်နေစေမယ့် ရွှေရောင်နေ့ရက်များလို့ပင် သူမက စိတ်ကူးယဉ် တင်စား ထားလေသည်။

* * * * *

သူမ ပြင်ဆင်ပြီး အိမ်ရှေ့ထွက်လာတော့ သူ့ကို ဝရန်တာမှာ မတ်တတ်ရပ်လျက် တွေ့ရသည်။ သူ့အနား ကို လျှောက်သွားရင်း ညနေစာ တစ်ခုခုစားဖို့ ပြောရသည်။ သူက ခရီးသွားမည်ဆိုလျှင် အစားအစာ သိပ်မစားတတ်။ စီးရမည့်ကားက ညပိုင်းထွက်မှာမို့ အဆာမလွန်အောင် သူ့ကို နည်းနည်းဖြစ်ဖြစ် စားပါ လို့ ပြောရသည်။ သူနဲ့ စကားပြောရင်း နာရီကို ကြည့်မိတော့ ညနေငါးနာရီကို ဆယ်မိနစ် စွန်းနေပြီ။ ဘုရားရေ... ငါးနာရီ လာကြိုမယ်လို့ ပြောထားတဲ့ကားက ခုထိ မရောက်သေး။ ဒီအချိန်မှ အိမ်က မထွက်လျှင် အဝေးပြေးဂိတ်ကို ညနေ ၆း၃၀ ရောက်မှ ရောက်ပါ့မလားလို့ တွေးပြီး စိတ်ပူသွားမိသည်။

"ကားက ခုထိလည်း မလာသေးပါလား၊ တော်ကြာ ကားဂိတ်ရောက်တာ နောက်ကျနေရင် ဒုက္ခပါပဲ"
"အေးကွာ၊ လာကြိုမယ်လို့ သေချာပြောထားတာပဲ"

"ဖုန်းလည်း မဆက်လာဘူးနော်၊ တကယ်လို့ ငါးနာရီ ဆယ့်ငါးမိနစ်မှ မလာရင်တော့ တက္ကစီပဲ ငှားလိုက်တော့ မယ်"
"အေးလေ၊ ဒါဆိုလည်း ခဏ စောင့်ကြည့်သေးတာပေါ့"
ပြောရင်းဆိုရင်းမှာပင် အိမ်ရှေ့လမ်းကလေးအတိုင်း ကားပြာကလေးတစ်စီး ကမူးရှူးထိုး မောင်းဝင်လာ သည်။

"ဟော...လာပြီ၊ လာပြီ၊ အချိန်ကိုက်ပဲ"
"ကဲ...သွားကြစို့"

နှစ်ယောက်သား ကျောပိုးအိတ်ကိုယ်စီလွယ်ပြီး ကားပေါ် တက်လိုက်ကြသည်။ ကားမောင်းသူ ဦးလေးကြီးက သူပြန်လာတဲ့ လမ်းမှာ ကားလမ်းကြောတွေ ပိတ်နေလို့ နောက်ကျနေခြင်းဖြစ်ကြောင်း၊ ဖုန်းလှမ်းဆက်တာ လည်း ဖုန်းက မအားသေးဟုဖြေကြောင်း ပြောသည်။ ဒါနဲ့ နှစ်ယောက်စလုံးလည်း ဖုန်းမပိတ်ထားပါဘူး လို့ ပြောရသည်။ နောက်တော့မှ ထိုဦးလေးကြီးက ဖုန်းနံပါတ်တစ်လုံး ကျန်ပြီး ခေါ်ဆိုမိခြင်း ဖြစ်နေသည်။ စကားတပြောပြောနဲ့ မောင်းလာရင်း သုဝဏ္ဏအရောက်မှာ ကောင်းကင်တစ်ခွင်လုံး မည်းမှောင်ကာ မိုးက သည်းသည်းမည်းမည်း ရွာချတော့သည်။

အငြိုးတကြီး ရွာနေသော မိုးကြောင့် လမ်းတစ်လျှောက်မှာလည်း ကားတွေက ရှေ့နောက်မပြတ် တရွေ့ရွေ့ သွားရတော့သည်။ နာရီကို ကြည့်လိုက်တော့ ညနေ ခြောက်နာရီထိုးပြီး ငါးမိနစ်။ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။ ဘယ်လိုလုပ်မလဲဆိုတဲ့သဘောနဲ့ သူက မေးဆတ်ပြ သည်။ ဘယ်တတ်နိုင်မလဲ၊ ကားတွေ ဒီလောက်ပိတ်နေတဲ့အပြင် မိုးကလည်း ရွာနေတော့ မြန်မြန်မောင်း ဖို့လည်း အားမပေးချင်။ ဒီတော့ ကားဂိတ်ကို ဖုန်းလှမ်းဆက်ပြီး အကျိုးအကြောင်း ပြောထားရင် ကောင်း မယ်လို့ သူမ တွေးမိသည်။ ဒါနဲ့ သူမတို့ စီးနင်းလိုက်ပါမည့် မန္တလာမင်း အဆင်ြ့မင့် ခရီးသည် ပို့ဆောင်ရေး ဂိတ်ကို ဖုန်းလှမ်းဆက်ပြီး အကျိုးအကြောင်း ပြောပြတော့ ည ၇း၁၀ မိနစ်အထိ စောင့်ပေးနိုင် မည်ဖြစ်ကြောင်း အကြောင်းပြန်သည်။


မန္တလာမင်း အဆင့်မြင့် VIP Express ပါ


ဒီလို ကားသစ်ကြီးတွေနဲ့ အဆင့်မြင့်မြင့် သက်သောင့်သက်သာ ခရီးသွားနိုင်ပါတယ်



ဒါကတော့ မန္တလာမင်း အဆင့်မြင့် ခရီးသည် ပို့ဆောင်ရေးရဲ့ ဝန်ဆောင်မှုအသစ်ပါ


တော်ပါသေးရဲ့။ သူမတို့ နည်းနည်းတော့ စိတ်အေးသွားသည်။ ဒီခရီးစဉ်မှာ သူ့ရဲ့သူငယ်ချင်းတစ်ယောက် လည်း အတူလိုက်ပါမှာ ဖြစ်တာကြောင့် သူက စိတ်စောနေသည်။ ထိုသူငယ်ချင်းက သူမတို့ထက် အရင် ကားဂိတ်ကို ကြိုရောက်နေသောကြောင့် ဖုန်းခဏခဏ ဆက်ပြီး ဘယ်နားရောက်နေပြီလဲလို့ လှမ်း လှမ်းမေးနေသည်။ မေးပေမပေါ့လေ။ သူက ကြိုရောက်နေပေမယ့် လက်မှတ်က သူ့ဆီမှာမှ မရှိဘဲကိုး။ ခဏနေတော့ တစ်ခါ ဖုန်းဆက်ပြန်သည်။ ခရီးသည်တွေကို ကားပေါ်တက်ခိုင်းနေပြီ အစ်ကို၊ မြန်မြန် လာတော့တဲ့။ အချိန်ကလည်း ညနေ ၆း၅၅ ဖြစ်နေပြီ။ သူမတို့နှစ်ယောက် မိုးအေးအေးမှာ ချွေးစေးပြန်နေ သည်။ တဖွဲဖွဲရွာနေတဲ့ မိုးကြောင့် မှုန်မှိုင်းနေတဲ့ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်တော့ ကားကလေး က အောင်မင်္ဂလာ အဝေးပြေးကားဝင်းထဲကို ဝင်တော့မည်။

ဟူး...တော်သေးရဲ့၊ တော်သေးရဲ့လို့သာ စိတ်ထဲက ရေရွတ်ရင်း ကားဂိတ်ရှိရာကို လမ်းညွှန်ရသည်။ ဂိတ်ရှေ့လည်း အရောက် ည ၇း၀၀ နာရီလည်း ထိုးပြီ။ ကားပေါ်က ကတိုက်ကရိုက်ဆင်းပြီး မန္တလာမင်း အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးဂိတ် ရုံးခန်းကို ခပ်သွက်သွက် ဝင်လိုက်သည်။ ရုံးခန်းထဲမှာ Chairperson ဖြစ်သူ တည်ငြိမ်ရင့်ကျက်ပြီး ရဲရင့်ပြတ်သားဟန်ရှိသည့် ခင်မင်နှစ်လိုဖွယ် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ဖုန်းပြောနေသည်ကို တွေ့ရသည်။ သူမကို တွေ့တော့ ခေါင်းတစ်ချက်ညိတ် ပြုံးပြကာ အသိအမှတ်ပြုပြီး ဆိုဖာခုံမှာ ထိုင်ရန် ညွှန်ပြသည်။ ခဏကြာ ဖုန်းပြောပြီးတော့ သူမက ခရီးစဉ် ခတ္တစောင့်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ ထိုအခါ Chairperson မမက -

"ရပါတယ်ကွယ်။ ကိုယ့်ရဲ့ယာဉ်ကို စီးနင်း လိုက်ပါမယ့် ခရီးသွားဧည့်သည်တွေအတွက် အဆင်အပြေ ဆုံးဖြစ်အောင် စီစဉ်ပေးတာက မမတို့ ယာဉ်လိုင်းရဲ့ ခရီးသည်အပေါ်ထားတဲ့ လေးစားမှုပါ။ သွားမယ့် ခရီးလမ်းတစ်လျှောက် အပြည့်ဝဆုံး ဝန်ဆောင်မှုနဲ့ ခရီးသွားတွေ စိတ်လက်အေးချမ်းစွာ လိုရာခရီးရောက်ဖို့ အပြည့်စုံဆုံးဖြစ်အောင် စီစဉ်ပေးထားပါတယ်။ ပျော်ရွှင်စရာ ခရီးစဉ်ဖြစ်ပါစေ"

"ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်ရှင့်"

ကျေးဇူးစကား ဆိုပြီးသည်နှင့် နှုတ်ဆက်ကာ ကားပေါ်သို့ ခပ်သွက်သွက် တက်လိုက်သည်။  ကားပေါ် ရောက်လို့ ကျောပိုးအိတ်နှစ်လုံး နေရာချပြီး ထိုင်ရုံရှိသည်နှင့် ကားဘီး စလှိမ့်တော့သည်။ ထိုင်ခုံ မှာ သက်သောင့်သက်သာ ထိုင်ရင်း သူ့ကို လှမ်းကြည့်လိုက်တော့ သူက နောက်ခုံမှာ နေရာယူထားသည့် သူ့သူငယ်ချင်းနဲ့ လှမ်းစကားပြောနေတာ တွေ့ရသည်။ တကယ်တော့ သူမတို့နှစ်ယောက် သွားမည့် ခရီးက ထိုသူငယ်ချင်းရဲ့အိမ်ရှိရာ ပြင်ဦးလွင်မြို့ကိုပါ။ သူမကတော့ အကြောင်းအားလျော်စွာ နှစ်ခေါက်၊ သုံးခေါက် မက ရောက်ဖူးပေမယ့် သူကတော့ ပထမဦးဆုံးအကြိမ် ဖြစ်သည်။ ကားထွက်သည်နှင့် သူမရဲ့အတွေး အချို့က ဒီခရီးမထွက်မီ သူနဲ့ ကတောက်ကဆ ဖြစ်ခဲ့ရတဲ့အချိန်ကို ပြန်ပြောင်း တွေးတောနေမိတော့သည်။

 * * * * *

ခရီးထွက်ခြင်းအကြောင်း စကားစပ်မိလို့ ပြောဖြစ်ကြတဲ့ အခါတိုင်း သူက သူမကို စိတ်ဆိုးတတ်သည်။ သူက သူမပါဘဲ ခရီးထွက်တာ မကြိုက်။ သူက သူကိုယ်တိုင် လိုက်ပို့ချင်သူ၊ သူမကလည်း သူမ။ ရှောင်လွှဲရ ခက်သော အကြောင်းအမျိုးမျိုးကြောင့် သူ အနားမရှိချိန်မှာ ခရီးထွက်ဖြစ်မိသွားတာက တစ်ကြိမ်၊ နှစ်ကြိမ် မက။ ထို့ကြောင့်လည်း သူက သူမကို အတော်စိတ်ဆိုးခဲ့သည်။ သူ့လို စကားမကြွယ်တဲ့ သူမအတွက် သူကျေနပ်လောက်အောင် ဖြေရှင်းပြစရာ စကားလုံးတွေ မရှိ။ သူမအနေနဲ့တော့ သမားရိုးကျ ကိစ္စလို့ ရိုးသားစွာ ယုံကြည်ထားသော်လည်း သူကတော့ ကိစ္စတစ်ခုကို အဆုံးအစွန်ဆုံးအထိ တွေးတောကာ စိုးရိမ်ပူပန်မှုတွေနဲ့ ဒေါသတကြီး ဖြစ်နေခဲ့သည်။ သူမကိုလည်း ဆူပူပြောဆိုလို့ မဆုံး။ နောက်ဆုံးတော့ သူမက အတန်တန် ဖျောင်းဖျ ကတိပေးတော့မှ သူက အနည်းငယ် အလျှော့ပေးသည်။ ဆိုရလျှင် သူမ အနေနဲ့လည်း သူ့ရဲ့ဆန္ဒကို တတ်နိုင်သမျှ အလေးထား လိုက်နာခဲ့တာပါပဲ။ တစ်ခုပဲ ရှိသည်။ သူ့ကို သူမ အပေါ် အလွန်အမင်း စိုးရိမ်ပူပန်မှုတွေနဲ့ မပင်ပန်းစေချင်တာတော့ အမှန်ပင်။ ဒါပေမယ့်လည်းလေ သူနဲ့ ကိုယ်နဲ့ ကြားမှာ မပြေမလည် လိပ်ခဲတည်းလည်း ဖြစ်နေရတဲ့ ကိစ္စမျိုး နောက်ထပ် ဘယ်တော့မှ မဖြစ်လာ ဘူးဆိုလျှင် နှစ်ယောက်စလုံးအတွက် ပိုကောင်းမည်လေ။ ဒီတော့ နောက်ဆုံး သူမဘက်ကပဲ အလိုက်တသိ နဲ့ ပြောင်းလဲပေးနိုင်ဖို့ ကြိုးစားမှသာ ဖြစ်တော့မယ်လို့ သူမကိုယ်သူမ ခံယူ နားလည်လိုက်ရလေသည်။ တကယ်တော့ သူ့အတွက် သူမကိုယ်သူမ ပျောက်ဆုံးနေခဲ့တာ ကြာပြီပဲလေ။

အတွေးတွေနဲ့ ရှုပ်ထွေး မွန်းကျပ်လာလို့ ခေါင်းကို ခပ်ဖြည်းဖြည်း ခါလိုက်မိသည်။ ဘေးကို အသာ စောင်းငဲ့ ကြည့်တော့ သူက လက်နှစ်ဖက် ပိုက်ပြီး ထိုင်ခုံနောက်မှီမှာ ခေါင်းကို စောင်းမှီရင်း အိပ်ပျော်နေသည်။ ဒါနဲ့ပဲ သူမက အိတ်ထဲက ခြုံစောင်ပါးတစ်ထည် ဆွဲထုတ်ပြီး သူ့ကို အသာခြုံပေးလိုက်သည်။ ကားပေါ်က ပေး ထားသော ခြုံစောင်ကို သူက ခေါက်လျက်သား လက်ထဲမှာ ထည့်ပိုက်ထားသည်လေ။ ဘေးဘက်ကို ကြည့် မိတော့ ကားလမ်းဘေး ခပ်လှမ်းလှမ်းမှာ မှိန်တချီ၊ လင်းတလှည့်နဲ့ အိမ်စုလေးများကို တွေ့ရပြီး တစ်ခါ တစ်ခါမှာတော့ ကားဘေးက ဖြတ်ကျော်သွားသော အခြား ခရီးသည်တင် Express ကားများကို တွေ့ရသည်။ ကားက ဘယ်လောက်အမြန်နှုန်းနဲ့ မောင်းနှင်နေသည်မသိ။ သူမ မြင်ကွင်းထဲမှာတော့ မှောင်နဲ့မည်းမည်း ညအချိန်မှာပင် ရှုခင်းတွေက တရိပ်ရိပ်နဲ့ ခပ်ဝေးဝေးမှာ ကျန်ရစ်ခဲ့သည်။ ကားအတွင်း ဟိုဟိုသည်သည် ကြည့်လိုက်တော့ တော်တော်များများက အိပ်မောကျနေကြသည်။

သူမ အတွေးလွန်နေသည်မှာ ဘယ်လောက် ကြာသွားသည်မသိ၊ ကားပေါ်မှာ ဖွင့်ပြနေသော ဗီဒီယိုကား လည်း ဘယ်အချိန်က ပြီးသွားမှန်း သူမ မသိ။ ကားတစ်စီးလုံး တိတ်ဆိတ်ငြိမ်သက်နေချိန် သူမရဲ့ နားထဲမှာ ပဋ္ဌာန်းတရားခွေဖွင့်သံ ခပ်တိုးတိုး ကြားနေမိသည်။ အဲဒီနောက်တော့ သူမ အာရုံကို တရားသံဆီသို့ ပို့ထား လိုက်ပြီး မျက်လုံးတွေကို မှိတ်ပစ်လိုက်သည်။ မန္တလာမင်း ကားသစ်ကြီးကတော့ အမြန်လမ်းမထက်မှာ တရိပ်ရိပ် ပြေးလွှားနေဆဲ။

* * * * *

သူမ မှေးခနဲ ဖြစ်သွားခိုက် နားထဲကို ညင်သာချိုမြသော တေးသွားသံတစ်ခု ဝင်ရောက်လာတော့ မျက်လုံး ဖွင့်ကြည့်လိုက်သည်။ ကားကြီးက ၁၁၅ မိုင်သို့ ဝင်နေပြီဖြစ်ပြီး ညလယ်စာ သုံးဆောင်နိုင်ကြဖို့ ယာဉ် ကို ခေတ္တရပ်နားမည်ဖြစ်ကြောင်း မြန်မာ၊ အင်္ဂလိပ်၊ တရုတ် ဘာသာစကားသုံးမျိုးဖြင့် ကြေညာသံကို ကြားရ သည်။ ဒါနဲ့ သူမတို့ ကားပေါ်က ဆင်းပြီး အညောင်းအညာပြေ လမ်းလျှောက်ကြ၊ Pioneer မှာ အဆာပြေစာ စားကြနဲ့ အနည်းငယ် လန်းလန်းဆန်းဆန်း ဖြစ်သွားကြသည်။ နာရီဝက်နေတော့ ကားပေါ်ပြန်တက်ကာ ခရီးဆက်လက် ထွက်ခွာခဲ့ကြသည်။ တစ်ညလုံး တောက်လျှောက်မောင်းပြီး မနက်ခြောက်နာရီမှာ ပြင်ဦး လွင် သီရိမင်္ဂလာကားဝင်းကို ရောက်သည်။ မြို့အဝင်ကတည်းက ကွေ့ကွေ့ကောက်ကောက် လမ်းကျဉ်း ကျဉ်းလေးတွေ၊ ရောင်စုံ ပန်းစိုက်ခင်းတွေ၊ ရနံ့သင်းသင်းနဲ့ ထင်းရှူးပင်မြင့်တွေက သူမတို့ကို နွေးထွေးစွာ ကြိုဆို နှုတ်ဆက်နေသလို ခံစားမိသည်။ အေးချမ်းသော ရာသီဥတု၊ စိမ်းစိုလတ်ဆတ်သော သဘာဝ ပတ်ဝန်းကျင်၊ ရိုးသားဖော်ရွေသော မြို့သူမြို့သားများက ဒီပြင်ဦးလွင်မြို့ကလေးရဲ့ ထင်ရှားမှု ပြယုဂ်များလို့ သူမဘာသာ မှတ်ချက်ပြုမိသည်။ ပြင်ဦးလွင်ကို ရောက်ဖူးသူတိုင်း စိတ်ကြည်နူး ချမ်းမြေ့မှုနဲ့အတူ တစ်ခါရောက်ပြီးတိုင်း နောက်ထပ် နောက်ထပ် ရောက်လာချင်အောင် ဆွဲဆောင်နိုင်စွမ်းရှိတဲ့ ချစ်စရာ့မြို့ ကလေးလို့ ဆိုလျှင်လည်း မမှားနိုင်ပါ။ ပြင်ဦးလွင်မြေကို ခြေချမိသည်နှင့် သူမ စိတ်ထဲက ခပ်တိုးတိုး ရေရွတ် လိုက်သည်။

"  မြို့ကလေးရေ... မင်းနဲ့ငါ မဆုံဖြစ်ကြတာ ကြာပြီနော်။ ခုတော့ ကိုယ် မင်းဆီ အရောက်လာခဲ့ပြီ။ မင်းရင်ခွင် မှာ ခဏ ခိုနားဖို့လေ..."

ကားရပ်သည်နှင့် သူ့သူငယ်ချင်းရဲ့အဖေက ဆိုင်ကယ်နှစ်စီးနဲ့ လာကြိုသည်။ တစ်စီးကို သူတို့သားအဖ စီးပြီး နောက်တစ်စီးကိုတော့ သူမတို့နှစ်ယောက် စီးကာ သူ့သူငယ်ချင်းအိမ်ကို သွားကြသည်။ သူငယ်ချင်း အိမ်က မြို့သစ်ထဲမှာ တည်ရှိပြီး သီရိမင်္ဂလာကားဝင်းကနေဆိုလျှင် ဆိုင်ကယ်နဲ့ သုံးမိနစ်လောက် သာ မောင်းရသည်။ ဆိုင်ကယ်နှစ်စီးက သန့်ရှင်းသပ်ရပ်သော တစ်ထပ်တိုက်ပါ ခြံဝင်းလေးထဲ ချိုးကွေ့ဝင် လိုက်သည်။ ဆိုင်ကယ်ရပ်လိုက်သည်နှင့် အိမ်ပေါက်ဝမှာ ကောင်ကလေးရဲ့မိခင်က သားဖြစ်သူနဲ့ ဧည့်သည် များကို ထွက်ကြိုနေသည်။

ပြီးနောက် ကိုယ်လက်သန့်စင်ကြပြီး တစ်နေ့တာ လျှောက်လည်ဖို့ သူ့သူငယ်ချင်းက အားနာ စရာ ကောင်းလောက်အောင် လိုလေသေးမရှိ အစီအစဉ် ဆွဲပေးသည်။ သူမတို့ ပြင်ဦးလွင်အနှံ့ လည်ပတ်ရာ တွင် လိုက်ပါဖို့ ကောင်ကလေးက သူ့ရဲ့သူငယ်ချင်း နှစ်ယောက်၊ သုံးယောက်လောက်ကိုပါ ချောဆွဲ ထားသေးသည်။ သူမတို့အတွက် မနက်စာကို ရှမ်းစားသောက်ဆိုင်မှာ လိုက်ကျွေးသည်။ သူမကတော့ အစားအစာထက် မကျယ်ဝန်းသော်လည်း အေးချမ်းဆိတ်ငြိမ်သော၊ သီးသန့်ဆန်သော ခြံဝင်းလေးထဲက အရောင်အသွေး အမျိုးအမည်စုံတဲ့ သစ်ခွပန်းပင်များနဲ့ အလှမွေးငါးကန် ခပ်သေးသေးတစ်ခုကိုပါ စိတ်ဝင် တစား လှည့်ပတ်ကြည့်ရှုရင်း ကျေနပ် ပျော်ရွှင်နေမိသည်။ ငါးကန်ထဲက ရောင်စုံ အလှမွေး ငါးကြီးများမှာ မနက်စောစော မိုးစက်မှုန်ကလေးများကြားတွင် ဟိုဟိုသည်သည် ကူးခတ်နေကြသည်။ မှာထားသော အစား အစာများ ရောက်လာတော့ မိုးအေးအေးမှာ ပူပူနွေးနွေး စားစရာများကို ခေါင်းမဖော်တမ်း စားကြသည်။ တို့ဟူးကြော် ပူပူနွေးနွေးနဲ့ သင်းပျံ့တဲ့ ရေနွေးကြမ်းကတော့ သူမတို့အတွက် မမေ့ရက်နိုင်စရာ နံနက်စာ များပင်။

ခဲသားရောင် ကောင်းကင်နောက်ခံနဲ့ ကြည်ညိုဖွယ်ရာ မဟာအံ့ထူးကံသာ ဘုရား


မနက်စာစားပြီးသည်နှင့် သူမတို့အဖွဲ့ ဆိုင်ကယ်ဆီဖြည့်ကာ မဟာအံ့ထူးကံသာဘုရားသို့ ဦးတိုက်ရန် ခရီးနှင်ကြတော့သည်။ ဆိုင်ကယ်စီးရင်းမှ ငြိမ်ငြိမ်မထိုင်ဘဲ လမ်းတစ်လျှောက် ဗီဒီယိုရိုက်လာလို့ သူက သူမ ကို ဆိုင်ကယ်ကို မြဲမြဲကိုင်ထားဖို့ သတိပေးသည်။ တောင်ကုန်းနိမ့်မြင့် အဆင့်ဆင့်နဲ့ ပြေပြစ်သော လမ်း ကလေးအတိုင်း သူမတို့ ဆိုင်ကယ်လေးက ညက်ညောစွာ ခပ်သွက်သွက် ပြေးနေသည်။ ဘုရားရောက်တော့ သူ့မွေးနေ့ဖြစ်တာကြောင့် ဘုရားမှာ ဆွမ်းခဲဖွယ်ဘောဇဉ်ချိုချဉ်၊ ပန်း၊ ရေချမ်း၊ ဆီမီးတို့ ကပ်လှူပြီး ဘုရား ဝတ်ပြုကြသည်။ ပြီးတော့ ဘုရားပရဝုဏ်တစ်ဝိုက် ဓာတ်ပုံလျှောက်ရိုက်ကြသည်။ ပြီးမှ ပိတ်ချင်းမြောင်ကို ခရီးဆက်ခဲ့ကြသည်။ ပိတ်ချင်းမြောင်မှ ပွဲကောက်ရေတံခွန်၊ ပွဲကောက်မှအပြန် နေ့လည်စာ ဝင်စားကြ သည်။ ပြီးမှ ကန်တော်ကြီးဥယျာဉ်သို့ သွားကြသည်။ ကန်တော်ကြီးမှ ပြန်လာပြီး အထုပ်အပိုးများယူကာ တည်းခိုရမည့်နေရာသို့ သူမတို့နှစ်ယောက်ကို ဝင်ပို့ပြီးမှ သူ့သူငယ်ချင်းကောင်လေးနဲ့အဖွဲ့ ပြန်သွားကြ သည်။ ညပိုင်းရောက်တော့ တစ်ခါ လာခေါ်ကြပြန်ပြီး ညစာ ထွက်စားကြသည်။ ဒီလိုနဲ့ ပြင်ဦးလွင်မှာ တစ်နေ့ တာ ကုန်ဆုံးရတော့သည်။



နောက်တစ်ရက်ရောက်တော့ မိုးမလင်းခင်ကတည်းက မိုးက စွေပြီး ရွာနေသည်။ ဒါကြောင့် သူမတို့ ဘယ်မှ မလည်နိုင်ဘဲ ဟိုနားသည်နားလောက်သာ သွားပြီး ဆွယ်တာဆိုင်ဝင်ကြ၊ မုန့်ထွက်စားကြနဲ့သာ တစ်ရက်က ကုန်သွားပြန်သည်။ နောက်တစ်ရက်မှာတော့ သူတို့သူငယ်ချင်းတွေ တိုင်ပင်ကြပြီး လားရှိုးအထိ တက်ကြဖို့ အစီအစဉ် ဆွဲကြသည်။ လားရှိုးကနေမှ ရွှေလီ၊ ကြယ်ဂေါင်အထိ သူတို့က ခရီးစဉ် လျာထားကြသည်။ သူတို့ ခရီးစဉ်အကြောင်း သူ့သူငယ်ချင်း မိဘများ သိတော့ ကားတစ်စီး စီစဉ်ပေးမယ့်အကြောင်း ပြောကြသည်။  သို့သော်လည်း ထိုရက်ပိုင်းက လားရှိုးမှာ ရေတွေကြီးနေလို့ လမ်းတွေပိတ်ထားကြောင်း သတင်းရတော့ သူမ တို့အစီအစဉ်ကို လက်လျှော့ကာ ရန်ကုန်ပြန်ဖို့ စီစဉ်ရသည်။ ရန်ကုန်ပြန်မယ့်နေ့ မနက်ပိုင်းလေးမှာ မိုးက အနည်းငယ် စဲသွား၍ သူမတို့ကို လူကြုံမှာလိုက်သော ဘုရားပန်းများအတွက် ဈေးထဲဝင်ပြီး မွှေနှောက် ရှာ ကြပြန်သည်။ ပြင်ဦးလွင်သားနှစ်ယောက်မှာလည်း မနေသာ။ သူမတို့လိုသမျှ မရ မရှိစေရအောင် လိုက်ပြီး ပါရမီဖြည့်ကြရှာသည်။ နောက်တော့ သူမတို့ လိုချင်သည့် ဘုရားပန်းအတွက် ထိုသူငယ်ချင်းနှစ်ယောက်မှာ မိုးရွာထဲ ပန်းစိုက်ခြံများကို သူတို့ဘာသာ သွားရောက်ပြီး သူမတို့အတွက် ဘုရားပန်းကို ရန်ကုန်အထိ သယ်လို့ရအောင် စီစဉ်ပေးကြသည်။ ပြီးသည်နှင့် ဘုံကျောင်းကို လိုက်ပို့ကြပြန်သည်။ သူမတို့နှစ်ယောက် မှာ မောင်မင်းကြီးသားများကို ကျေးဇူးတင်လို့ မဆုံးနိုင်အောင် ဖြစ်ရသည်။ သူမက "ကျေးဇူး အများကြီး တင်ပါတယ်" လို့ ပြောတော့ တစ်ယောက်က "အစ်မ၊ ကျေးဇူးတင်စကားပြောတာ စေတနာကို စော်ကား သလိုပဲ" လို့ ပြောလို့ သူမ ထပ်ပြီး အားနာသွားရပြန်သည်။

ရန်ကုန်ပြန်ဆင်းမယ့် ညနေမှာ သူ့သူငယ်ချင်း ကောင်ကလေးက သူ့အိမ်မှာ ညစာစားပြီးမှ ကားဂိတ်ဆင်းဖို့ စီစဉ်ပေးသည်။ ကောင်ကလေး မိခင်ရဲ့ ဖွယ်ဖွယ်ရာရာ ဟင်းလျာမျိုးစုံနဲ့ ပြင်ဆင်ထားတဲ့ စေတနာ ထမင်း ဝိုင်းကလေးကတော့ သူမရဲ့မှတ်ဉာဏ်မှာ မပျောက်ပျက်နိုင်တော့အောင် စွဲထင်နေပေတော့သည်။ ဘာပဲဖြစ်ဖြစ် ခရီးစဉ် အစမှ အဆုံးထိ လိုလေသေးမရှိအောင် ဧည့်ဝတ်ကျေပွန်သည့် ပြင်ဦးလွင်မြို့သား သူငယ်ချင်းများနဲ့ နွေးထွေးကြင်နာတဲ့ ပြင်ဦးလွင်က မိသားစုကလေးကိုတော့ သူမတို့ရဲ့ စိတ်အာရုံမှာ ထာဝရ ကျေးဇူး မှတ်တမ်းတင်လျက် သတိတရ ရှိနေမှာပါဆိုတာကို သူတို့ ဒီစာစုလေးကို ဖတ်မိမယ်ဆိုရင် ဒီနေရာကနေ  ပြောခွင့်ရချင်ပါတယ်ရှင်... ။


မြဝတီဇော်




(ဒီစာစုကလေးကို ပြင်ဦးလွင်မြို့ကို သွားရောက်လည်ပတ်စဉ် အစစအရာရာ လိုလေသေးမရှိအောင် ဧည့် ဝတ်ကျေပွန်ကြတဲ့ ပြင်ဦးလွင်မြို့သား သူငယ်ချင်းတစ်စုအတွက်  ရည်ရွယ်ပြီး အမှတ်တရ ရေးဖွဲ့ပါတယ်။)






Wednesday, August 15, 2012

အချစ်ဆုံးသူသို့ တမ်းချင်း



ညက မက်တဲ့ အိပ်မက်
ငါ့အတွက်တော့ သိပ်ရက်စက်လွန်းတယ်။

မင်းကို တမ်းတစိတ်တွေနဲ့
တိတ်တဆိတ် ငါနိုးထခဲ့
မင်းမရှိတဲ့ မနက်ဟာ
ငါ့အတွက်တော့ စိတ်ပျက်စရာ။

အရင်ကဆို ...
ချိုမြိန်တဲ့ နံနက်ခင်းတွေ
တို့အတူ တည်ဆောက်လို့
ချစ်ခြင်းတွေနဲ့ တစ်မိုးသောက်ခဲ့တယ်။

အတူရှိစဉ်တုန်းမှာ ...
ငါ့အနား မင်းအမြဲရှိခဲ့
ငါ့ရဲ့ အိမ်ပြန်ချိန်တွေ
အချိန်မှန် စောင့်နေတဲ့ မင်းကြောင့်
နောက်မကျခဲ့ဘူး ...။

ရူးတယ်လို့ပဲ ဆိုချင်ဆို
ခုလို ငါငိုမိတိုင်းမှာ
(မင်းကို) အတိုင်းအဆမဲ့ လွမ်းတယ် ...။

ငါ့ရင်ထဲက ခံစားချက်
မင်းအတွက်လို့ ရည်စူး
မထူးခြားတဲ့ အရူးကဗျာတွေ
အခု ငါ ... ရေးနေမိပြန်တယ်။

ငါ့အိပ်ရာနံဘေး
မင်းနေရာ ကွက်လပ်ကလေးမှာ
(တစ်ခါ တစ်ခါ)
ယောင်ယမ်းပြီး မင်းကိုမြင်
ငါတော့ ရူးပြီထင်တယ်။

မင်းက ပျော်ရာကို သွားတာ မဟုတ်ပေမဲ့
ငါ့မှာတော့ တော်ရာမှာ ကျန်ခဲ့ရတာ
ဘာမှတော့ မထူးပါဘူးလေ
မင်းပေးလိုက်တဲ့ သီချင်းထဲကလို
(ခုဆို) ငါတို့ကိုလည်း
ရွှေပင်လယ်ကြီးက
ကာဆီးထားတာပါပဲ ...။

နေ့ရှိသရွေ့ ငါ ...
မင်းပြန်လာမယ့်ရက်တွေ
လက်ချိုးလို့ မရေတွက်ပေမဲ့
အနေခက်စေတဲ့ ငါ့ရဲ့ ပြက္ခဒိန်လေးကို ကြည့်ရင်း
မင်းနဲ့ ခွဲပြီး နေရတာ ...
ငါ့ရင်ထဲမှာ နာတယ် ...။

အခါအခွင့် သင့်လို့
ငါတို့ ဖုန်းပြောဖြစ်တဲ့အခါ
ဘာဘာညာညာ ရယ်မောစရာတွေ
ကြံဖန်ပြီး ပြောနေပေမဲ့
ဟန်ပန်စကားတွေရဲ့ နောက်မှာ
ငါတို့အသည်းတွေ ...
အပြန်အလှန် ငိုကြွေးနေခဲ့ကြတယ် ...။

မင်းကလည်း ငါ့အသံကို ကြားချင်
ငါကလည်း မင်းအသံကို ကြားချင်
(ဒီတစ်ခါ မင်းဆီက ဖုန်းလာရင်)
တမင်တကာပဲဖြစ်ဖြစ်
ငါ့ကို ...မင်းအသံလေး
ကျေးဇူးပြုပြီး နားဆင်ခွင့်ပေးပါ။

မင်းပြောတဲ့စကားတွေ
ငါ့ရင်ထဲမှာ သိမ်းဆည်း
ငါတစ်ယောက်တည်း အထီးကျန်ချိန်မှာ
မင်းအသံလေးနဲ့ ငါ ...
ဖြေသိမ့်ပါရစေ ...။

အချစ်ဆိုတာ ...
ကြာကြာဝါးမှ ခါးမှန်းသိတယ်တဲ့
ဘယ်သူပြောတာလည်းတော့ မသိဘူး
ငါတို့နှစ်ဦးအတွက်တော့
ဒီလိုမဟုတ်ဘူးနော်။

မင်းပျော်ရင် ငါလည်း အတူပျော်
မင်းစိတ်ညစ်ရင် ငါလည်း စိတ်ညစ်
ငါတို့နှစ်ယောက် သိပ်ချစ်ကြတာမို့
မင်းလွမ်းတဲ့အခါ ...
ငါလည်း လွမ်းနေမယ်ဆိုတာ
မင်း ယုံကြည်လိုက်ပါ။

ငါတို့နှစ်ယောက်
အတူတည်ဆောက်ခဲ့ကြတဲ့ ဘဝ
အစက မလှပခဲ့ပေမဲ့
မင်းရဲ့အချစ်တွေနဲ့ ငါ
ပျော်ရွှင်စွာ ရှင်သန်လာခဲ့တယ်။

မင်းပေးတဲ့ အကြင်နာ
မင်းဖန်တီးတဲ့ ကမ္ဘာမှာ
မင်းခင်းပေးတဲ့ လမ်းကို လျှောက်လို့
(အခုဆို) ငါ့ရဲ့ဘဝလေး
ပန်းခင်းလမ်းပေါ် ရောက်ခဲ့တယ်။

ငါလိုချင်တဲ့ ဘဝမျိုး
မင်းဖန်တီးဖို့ ကြိုးစားပေးခဲ့
မင်းရဲ့ အချစ်ကြွေးတွေ
ငါလေ ...
ဆပ်လို့ မကုန်နိုင်သေးဘူး ...။

အခုဆို ...
မင်းလိုချင်တဲ့ ဘဝမျိုး
ငါလည်း အတူ ကြိုးစားပြီး တည်ဆောက်
ငါဖန်တီးတဲ့ ငါ့မိုးကောင်းကင်အောက်မှာ
မင်းက ... ပျော်နိုင်မှာလား ...။

မင်းရင်မှာ ငါချည်ထားတဲ့ ကြိုး
တစ်ရစ်ပြီးတစ်ရစ် တိုးလာပြီမို့
မင်းဆိုးလို့တော့ မရဘူးနော်။

ငါ့ရင်မှာ မင်းချည်တဲ့ကြိုး
ထပ်တိုးလို့ တွယ်ရစ်နှောင်
တကယ်ချစ်တယ်ဆိုရင် ...
(........)
တို့အချစ်တွေ ထုဆစ်လို့
အခုချစ်တာထက်
ပိုချစ်ကြရအောင် ...။

မြဝတီဇော်






မင်းအတွက်ဆိုရင် ....




ရည်မှန်းချက်တွေ ရှိတယ်
မျှော်လင့်ချက်တော့ မရှိပါ ... ။

ခံစားချက်တွေ ရှိတယ်
နားလည်ပေးသူ မရှိပါ ... ။

လိုအပ်ချက်တွေ ရှိတယ်
ဖြည့်ဆည်းမယ့်သူ မရှိပါ ... ။

နာကျင်ခြင်းတွေ ရှိတယ်
နှစ်သိမ့်ပေးသူ မရှိပါ ... ။

..................................
 ..................................

...................................
....................................

ကိုယ့်ဆန္ဒ၊ ကိုယ့်ရည်မှန်းချက်
(မင်းတစ်ယောက်တည်းအတွက်)
ခပ်ဝေးဝေး လွှင့်ပစ်လိုက်ပါ့မယ် ...။

မင်းသာ ပျော်မယ်ဆိုရင်လေ .... ။

မြဝတီဇော်

Wednesday, July 25, 2012

ထောက်/ပို့ ဘယ်ဆီ

[ဒီစာစုလေးက ကိုယ့်ရဲ့ဘဝတစ်ကွေ့မှာ Volunteer အနေနဲ့ Custom မှာ လုပ်ခဲ့တုန်းက အတွေ့အကြုံတွေ ကို အဓိကထားပြီး ရေးသားထားတာ ဖြစ်ပါတယ်။ စာဖတ်သူတွေအနေနဲ့ ဗဟုသုတဆိုတာမျိုး မဟုတ် ရင်တောင် ခံစားမှုလေးတစ်ခုခု ရရှိစေဖို့ မျှော်လင့်ပါတယ်။ ]


[ ၁ ]

ရှေ့မှာ ရှိနေတဲ့ ပိတ်ထားတဲ့ ဆင်စွယ်ရောင်တံခါးရွက်ကို စူးစူးစိုက်စိုက် ကြည့်နေမိသည်။ ထိုစဉ်မှာပင် ဖျပ်ခနဲ တံခါးပွင့်လာပြီး ယူနီဖောင်းကို သေသပ်ကျနစွာ ဝတ်ဆင်ထားသော ခပ်ချောချော အရာရှိမမ တစ်ယောက် ထွက်လာကာ ကိုယ့်နာမည်ကို ခေါ်လိုက်သည်။ ရုတ်တရက် ခြေဖျားလက်ဖျားများ အေးစက် သွားသည်ကို သတိထားမိလိုက်သည်။ ထိုင်ခုံမှ မတ်တတ်ရပ်လိုက်ပြီး စာရွက်စာတမ်းတွေ ထည့်ထားသော ဖိုင်ကို ညီမလေးဆီ လှမ်းပေးလိုက်သည်။ ညီမလေးက ကိုယ့်မျက်နှာကို မော့ကြည့်ပြီး အားပေးသလို ပြုံးပြ သည်။ ညီမလေးကို ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး အရာရှိမမနှင့်အတူ ဖွင့်ထားသော ဆင်စွယ်ရောင်တံခါး မှတစ်ဆင့် အခန်းတွင်းသို့ ဝင်လိုက်သည်။

အခန်းထဲရာက်လို့ ဘေးပတ်ဝန်းကျင်ကို စူးစမ်းမိတော့ လေအေးပေးစက်ဖွင့်ထားသော အခန်းတွင်းမှာ ကွန် ပျူတာစားပွဲ ၁၃ လုံးကို အခန်းနံရံဘက်မှ စ၍ အစဉ်လိုက် စီတန်း နေရာချထားသည်ကို တွေ့ရသည်။ ဝင်ဝင်ချင်း ညာဘက် အခန်းနံရံကို ကပ်ပြီး စီတန်းထားသော ကွန်ပျူတာ စားပွဲလေးခုအနက် လွတ်နေသော စားပွဲတစ်ခုကို အရာရှိမမက လက်ညွှန်ပြလိုက်သည်။ ထိုစားပွဲရှိရာတွင် ထိုင်မိသည်နှင့် ကီးဘုတ်ပေါ်ကို စာရွက်တစ်ရွက်ရောက်လာသည်။ ကြည့်လိုက်တော့ ကိုယ့်ရဲ့နာမည်နဲ့ ID နံပါတ်ဘေးမှာ လက်မှတ်ထိုးရန် အကွက်တစ်ခုကို တွေ့ရသည်။ ထိုစာရွက်မှာ လက်မှတ်ထိုးပေးလိုက်ပြီး မကြာမီမှာပင် စာမေးပွဲ စတင်ပြီ ဖြစ်ကြောင်း အချက်ပြသည့် စာတန်းလေးက ကွန်ပျူတာမော်နီတာတွင် ပေါ်လာသည်။ ဖြေဆိုချိန် ၁ နာရီ။

 * * *

[ ၂ ]

လက်မှနာရီက နံနက် (၈းဝဝ) ကို ညွှန်ပြနေသည်။ စီးရမည့် ကားကလည်း မလာသေး။ ကားမှတ်တိုင်မှာ လူက တဖြည်းဖြည်း ပိုများလာသည်။ ညီအစ်မနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြ သည်။ သည်တစ်ခေါက် လာမည့်ကားကို မဖြစ်မနေစီးမှ ဖြစ်တော့မည်ကို မပြောဘဲ နှစ်ယောက်စလုံး သိနေကြသည်။ မသိလို့ကလည်း မဖြစ်၊ ထောက်/ပို့ကို နံနက်ကိုးနာရီထိုး ရောက်ရမည်လေ။ သည်ကနေ ပန်းဆိုးတန်းကို ရောက်ဖို့က အကြမ်းဖျင်း နာရီဝက်ကျော်ကျော်ထား၊ ပန်းဆိုးတန်းကနေတစ်ဆင့် ထောက်/ ပို့ရုံးကို ရောက်ဖို့က နောက်ထပ် နာရီဝက်ထားမှ လမ်းလျှောက်ချိန် ခုနစ်မိနစ်လောက် ကျန်မည်။ သို့မဟုတ် ပါက လမ်းလျှောက်ရမည့်အစား ဒရောသောပါး အပြေးအလွှားနှင့် ဂိတ်ပေါက်ဝက တာဝန်ကျသူထံ မျက်နှာ ချိုသွေးနေရဦးမည်။ ကိုးနာရီကျော်လို့မှ ဂိတ်ပေါက်ဝမှာ လက်မှတ်မထိုးမိရင်ဖြင့် စိတ်မထင်လျှင် မထင် သလို အော်ငေါက်တတ်သော တာဝန်ကျ ဦးလေးကြီးနှင့် အခြေအတင် ပြောရဆိုရဦးမည်။ ထိုထိုသော အကြောင်းများကြောင့် ညီအစ်မနှစ်ယောက် ဤမျှ အလျင်စလို ဖြစ်နေရခြင်းပါ။

ကြည့်နေစဉ်မှာပင် ကားတစ်စီး မှတ်တိုင်တွင် ထိုးရပ်လာသည်။ လူအုပ်ကြီးက ဝုန်းဆို ကားနားရောက်သွား ကြပြီး ဆင်းသူက မဆင်းရသေးမီ တက်သူများက အတင်း တိုးဝှေ့တက်ကြသဖြင့် တစ်ခဏ ဆူညံပွက်လော ရိုက်သွားတော့သည်။ ညီအစ်မနှစ်ယောက် တစ်ယောက်လက် တစ်ယောက်ဆွဲကာ ကားခေါင်းပိုင်းဆီ ပြေး သွားလိုက်ကြသည်။

"ကားခေါင်းခန်း ရမလား"

ယာဉ်မောင်းက ခေါင်းညိတ်ပြလိုက်သဖြင့် ဝမ်းသာအားရ ကားရှေ့ပိုင်းမှ တက်လိုက်သည်။ ကားခေါင်းခန်း က စီးလျှင် ငွေပိုပေးရသော်လည်း ယခုလို အလျင်လိုနေသည့်အချိန်မျိုးမှာတော့ ချောင်ချောင်ချိချိ ရှိသည့် အပြင် ထိုင်ခုံနေရာပါ ရသဖြင့် တန်သည်ဟု တွေးလိုက်သည်။ ညီအစ်မနှစ်ယောက် ထိုင်ခုံပေါ်မှာ ထိုင်မိ မှ ပြုံးနိုင်တော့သည်။ နာရီကို ကြည့်လိုက်တော့ နံနက် (၈း၁ဝ) ဖြစ်နေပြီ။ ဒါဆို ပန်းဆိုးတန်းမှတ်တိုင် ရောက် လျှင် (၈း၎ဝ) ထား၊ နောက်တစ်ဆင့် ပြောင်းစီးရမည့်ကား ချက်ချင်းရလျှင်တော့ မီတန်ကောင်းပါရဲ့။ သည် ကားသာ မှတ်တိုင်တစ်ခုခုမှာ မထောက်ဘူးဆိုလျှင်ပေါ့။

* * *

[ ၃ ]

ခပ်သွက်သွက် လမ်းလျှောက်ရင်း ဂိတ်ပေါက်ဝရှေ့ကိုရောက်တော့ နံနက် (၈း၅၅) ရှိပြီ။ တော်ပါသေးရဲ့။ အချိန်မီရုံကလေးမို့။ ဂိတ်ပေါက်ဝမှ တာဝန်ကျ ဦးလေးကြီးက ခပ်တည်တည်ကြည့်ပြီး Attendance စာရွက် ကို ရှေ့တိုးပေးသည်။ လက်မှတ်ထိုးပြီးသည်နှင့် နှစ်ယောက်သား အဆောက်အအုံထဲသို့ သုတ်ခြေတင် ကြတော့သည်။ ကိုယ်တို့ အလုပ်လုပ်ရမည့် အခန်းရှေ့ကို ရောက်တော့ ချထားသော ဆက်တီများတွင် အမျိုး သမီး၊ အမျိုးသား တချို့ ထိုင်နေကြသည်။ တချို့ကတော့ သိဟောင်းကျွမ်းဟောင်းတွေ ဖြစ်မည်ထင်သည်။ စကားပြောဆို ရယ်မောနေကြတာ တွေ့ရသည်။ ညီအစ်မနှစ်ယောက် ဟိုကြည့်သည်ကြည့် လုပ်နေတုန်း ထိုလူစုထဲမှ တစ်ယောက်က လှမ်းခေါ်သည်။

"လာလေ၊ ဒီဘက်ဘေးမှာ ထိုင်ခုံတွေရှိတယ်"

ခေါ်သူအနားကို လျှောက်သွားပြီး ဘေးက ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ လှမ်းခေါ်လိုက်သူကို ယခုမှ သတိ ထားမိသည်။ ကိုယ့်ထက်တော့ ငယ်မယ့်ပုံပါ။ သို့ပေမဲ့ ဝတ်စားဆင်ယင်မှုကပဲ ရင့်ကျက်စေသည်လား မသိ။ ရင်ဖုံးလက်ရှည်နှင့် လိုက်ဖက်သည့် လူကြီးဆန်ဆန် ထမီကို ဝတ်ဆင်ထားသည်။ မျက်မှန်ကလေးကိုလည်း ရင်ဘတ်မှာ ချိတ်ထားလိုက်သေးသည်။ သူကပဲ ထိုင်နေသူအားလုံးကို လှမ်းလှမ်း စကားပြောနေသည်။ ထိုင်နေရင်းမှ သူက စတင် မိတ်ဆက်လာသည်။ သူ့နာမည်က "ဝါဝါ" လို့ သိရပြီး ယခု ထိုင်နေကြသူများမှာ ကိုယ်တို့လိုပင် စာမေးပွဲအောင်မြင်ပြီးသူများ ဖြစ်ကြောင်း၊ ကိုယ်တို့ကို ဦးဆောင်မည့် အရာရှိမှာ တော်သော၊ ထက်သော၊ စည်းကမ်းတိကျသော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း၊ နာမည်က "အန်တီပြုံး"ဟု ခေါ်ကြောင်း စသည်ဖြင့် စုံစုံစေ့စေ့ ပြောပြသည်။ အခု လောလောဆယ်တော့ အန်တီပြုံး မရောက်သေးသောကြောင့် အခန်းတွင်းသို့ ဝင်ရန် စောင့်နေကြကြောင်း ဆက်ပြောသည်။

မကြာခင်မှာပင် အင်္ကျီအဖြူရောင်နှင့် နက်ပြာရောင်ထမီ ယူနီဖောင်းကို သပ်ရပ်စွာ ဝတ်ဆင်ထားသော အရပ်ရှည်ရှည်၊ အသားဖြူဖြူ၊ မျက်နှာဝိုင်းဝိုင်းနှင့် ခင်မင်နှစ်လိုဖွယ် အမျိုးသမီးတစ်ဦး လျှောက်လာသည် ကို တွေ့ရသည်။ သူမက အားလုံးကို ပြုံးပြလိုက်ပြီး ရင်းနှီးဖော်ရွေစွာပင် နှုတ်ဆက်သည်။

"ကဲ၊ ငါ့အဖွဲ့သားတွေ အားလုံး လာကြ၊ ပြီးရင် တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်စကား ပြောကြတာပေါ့"

ထိုင်နေသူအားလုံး အန်တီပြုံး၏ ဦးဆောင်မှုဖြင့် ကွန်ပျူတာခန်းအတွင်း အလျှိုအလျှို ဝင်လာကြသည်။ အန်တီပြုံးက အခန်းအလယ် မကျတကျမှာ နေရာယူလိုက်ပြီး သူမကိုယ်သူမ စတင် မိတ်ဆက်သည်။ ထို့နောက် ကိုယ်တို့လုပ်ရမည့် Project အကြောင်းကို ရှင်းပြပြီး တစ်ယောက်ချင်းစီ လုပ်ရမည့် တာဝန်များကို ခွဲဝေပေးသည်။ လုပ်ရမည့်အလုပ်တွေက တစ်နိုင်ငံလုံးရှိ လိုင်စင်မဲ့ ဆိုင်ကယ်များကို တန်ဖိုးအလိုက် အခွန်နှုန်း သတ်မှတ်ကောက်ခံပြီး အခွန်ဆောင်ပြီးသော ဆိုင်ကယ်များကို လိုင်စင်ထုတ်ပေးနိုင်ရန် စာရင်းပြုစုဖို့ ဖြစ်သည်။ ထို့ကြောင့် ပြည်နယ်/တိုင်းအသီးသီးရှိ မြို့နယ်များအလိုက် ဆိုင်ကယ် စာရင်း ကောက်ယူထားသော ဖိုင်များကို စာရင်းသွင်းခြင်း၊ တန်ဖိုးတွက်ချက်ခြင်း၊ အခွန်ကောက်ခံမှုနှုန်း များနှင့် အခွန်ဆောင်ပြီးသော ဆိုင်ကယ်အစီးရေကို တွက်ချက်ပေးခြင်းတို့ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြစ်သောကြောင့် အလုပ်လုပ်ရာတွင် မြန်ဆန်ဖို့ထက် တိကျသေချာမှုရှိရန် ဂရုပြုစေ လိုကြောင်း သတိပေးသည်။

ပြီးသည်နှင့် ကိုယ်တို့အလုပ်လုပ်ရမည့် ဖိုင်တွေကို ယူဖို့ ပထမထပ်မှ အပေါ်ဆုံးထပ်သို့ ချီတက်ကြရ သည်။ လေးထပ်ရှိသည့် အဆောက်အအုံဖြစ်သော်လည်း ထုကြီးထည်ကြီးမို့ လှေခါးထစ်တွေက များလှ သည်။ တစ်ထပ်နှင့်တစ်ထပ်ကို လှေခါးထစ် နှစ်ဆစ်ချိုးရှိသည်။ အပေါ်ဆုံးထပ်သို့ ရောက်သောအခါ သော့ ခတ်ထားသော သံပန်းတံခါးတစ်ခုကို တွေ့ရသည်။ အန်တီပြုံးက သော့ဖွင့်ပြီး သံပန်းတံခါးကို ဆွဲဖွင့်လိုက် သည်နှင့် စိုထိုင်းသော စက္ကူနံ့က တိုးထွက်လာသည်။ သံပန်းတံခါးမှ အထဲသို့ အားလုံး ဝင်လိုက်ကြသည်။ မျက်စိရှေ့မှာတော့ အဆောက်အအုံ၏ ဟိုဘက်နံရံမှသည် သည်ဘက်ကိုယ့်ခြေရင်းအထိ အခန်းဧရိယာ အပြည့် ဆာလာအိတ်တွေ စီစီရီရီကို ထပ်ထားသည်ကို တွေ့ရသည်။ အိတ်တိုင်းအိတ်တိုင်းတွင် ပြည်နယ်/ တိုင်းအမည်နှင့် မြို့နယ်အမည်တွေကို မင်လုံးကြီးကြီး ရေးသားထားသည်။

 ပထမဆုံး လုပ်ရမည့်အလုပ်က အဲဒီဆာလာအိတ်တွေထဲက ပြည်နယ်တစ်ခုကို ရွေးထုတ်လိုက်ပြီး ထိုပြည် နယ်ရှိ မော်တော်ဆိုင်ကယ်စီမံချက် ဖိုင်များကို စာရင်းသွင်းဖို့ ဖြစ်သည်။ ဒီတော့ အဖွဲ့ထဲက ယောက်ျားလေး များ စတင်ပြီး လုပ်အားပေးရတော့သည်။ တချို့က အဖြူဆွတ်ဆွတ် လည်ကတုံးအင်္ကျီလက်ရှည်နှင့် ကချင် လုံချည်နှင့် စတိုင်ကျကျဆိုတော့ မျက်နှာတွေ ရှုံ့မဲ့ကုန်သည်။ ကိုယ်ချင်းစာပါတယ်လေ။ ဒီလို ဆာလာအိတ် ကြီးတွေ သယ်ရပြုရ ရွှေ့ရလိမ့်မယ်လို့ ဘယ်သူက မျှော်လင့်ထားပါ့မလဲ။ သို့သော်လည်း ဒီလိုအလုပ်မျိုးဆို တာက ယောက်ျားလေးတွေမှ မလုပ်ရင် မိန်းကလေးတွေ လုပ်လို့လည်း မရတဲ့ကိစ္စ ဖြစ်နေလေတော့ မျက်နှာခပ်ပျက်ပျက်နှင့်ပင် ရွှေ့ရပြုရတော့သည်။ ဒါကိုပင် ကိုယ်တို့မိန်းကလေးအဖွဲ့ထဲက အချို့က ပြုံးတုံ့ တုံ့ လုပ်ကြ၍ မျက်နှာများက ပိုပြီး စူပုပ်ကုန်ကြတော့သည်။

ဖိုင်အထုပ်တွေ နေရာချပြီးချိန်မှာတော့ အန်တီပြုံးက အားလုံးကို ခေါ်ပြီး အောက်ထပ်ဆင်းကာ နေ့လယ်စာ ထမင်းကျွေးသည်။ သည်အချိန်အထိ ကိုယ်တို့ မိန်းကလေးတွေ ဘာမှ ဟုတ်တိပတ်တိ မလုပ်ရသေး။ ထမင်း စားပြီးတော့ အပေါ်ထပ်ကို တစ်ခါ တက်ကြရပြန်သည်။ ဒီတစ်ခါတော့ ကိုယ်တို့မိန်းကလေးတွေ အဟားခံရ တဲ့ အလှည့်ပါ။ ဘာကြောင့်လဲဆို ဆာလာအိတ်တွေ ဖြည်ပြီး ကိုယ်ရိုက်ရမယ့် ဖိုင်တွေကို အစည်းလိုက်၊ အစည်းလိုက် ကိုယ့်ဘာသာ သယ်ပြီး အောက်ထပ်ကိုဆင်း၊ ပြီးရင် အဲဒါတွေ အကုန်လုံး ကွန်ပျူတာထဲမှာ စာရင်းသွင်းရမှာမို့ပါ။ တချို့မိန်းကလေးတွေက ဒေါက်မြင့်ဖိနပ်လှလှလေးတွေနဲ့ ကိုယ်ပိုင်ကားစီးပြီး ခပ် ကြွားကြွားလေး ရုံးလာကြသည်မို့ ယခုလို ကိုယ်ရိုက်ရမယ့် ဖိုင်တွေကို ကိုယ်တိုင်သယ်ရမည်လည်းဆိုရော မျက်လုံးလေးတွေ ဝိုင်းသွားကြတာ ယောက်ျားလေးတွေဘက်ကို အကူအညီတောင်းတဲ့ မျက်နှာလေးတွေနဲ့ လှမ်းကြည့်ကြသည်။ ကိုယ်တော်ချောတို့ကလည်း ဒီတစ်ခါတော့ ကိုယ့်ထိုက်နဲ့ကိုယ်ကံပဲလို့ ထားလိုက်ကြပုံ ရလေသည်။ နောက်တော့လည်း ကိုယ့်တာဝန်ကို ကိုယ်ကျေရမည်မို့ မချောတို့ခမျာ တစ်သက်လုံးက နုနု ရွရွ နေလာသမျှ ထောက်/ပို့လည်း ရောက်ရော မင်းသမီးလို နုနေ၍ မရကြရှာတော့ချေ။ ဖိုင်တစ်ရာပါသော အစည်းတစ်စည်းကို မနိုင့်တနိုင်သယ်ပြီး အောက်ထပ်သို့ ဆင်းကြရသည်။ အောက်ထပ်က ကိုယ့်အခန်း ထဲ ရောက်သည်နှင့် ကိုယ့်ထိုင်ခုံဘေးမှာ ဖိုင်အထုပ်ကိုချ၊ ကြိုးကိုဖြည်ပြီး တစ်ဖိုင်ချင်းစီ ကွန်ပျူတာထဲ စာရင်းသွင်းကြရသည်။

ညနေရောက်သည်နှင့် ကိုယ်စာရင်းသွင်းပြီးသော ဖိုင်များကို ကြိုးနှင့် ပြန်ချည်၊ ပြီးလျှင် Marking လုပ်ကာ အပေါ်ဆုံးထပ်သို့ ပြန်ထားရသည်။ စစချင်းနေ့မှာတော့ ကိုယ်လက်တွေ နာကျင်ကာ ခြေထောက်တွေ လည်း ညောင်းညာလှသည်။ သည်လိုနှင့်ပင် တစ်ပတ်လောက်ရှိတော့ အသားကျသွားသည်။ ဒီအချိန် မှာတော့ အဖွဲ့သားတွေအားလုံး မေးထူးခေါ်ပြော ခင်မင်ရင်းနှီးလာကြသည်။ ခင်မင်သွားသည့်အခါကျမှ ကိုယ့်ထက် အသက်ငယ်သူတွေ ပါသလို အသက်ကြီးသူတွေလည်း ရှိကြောင်း သိလာရသည်။ အစပိုင်းတွင်  လွယ်ကူသည်ဟု ထင်ခဲ့သော်လည်း ရက်ကြာလာသည်နှင့်အမျှ လူတစ်ယောက်သည် တစ်နေ့လျှင် အနည်း ဆုံး ဖိုင်ငါးရာ ပြီးရမည်ဆိုသည့် စံချိန်တစ်ခု ထွက်လာသောအခါ အဖွဲ့သားအားလုံးမှာ တက်ညီလက်ညီနှင့် ကိုယ့်ကိုတာ ပြည့်မီဖို့အရေး ကွန်ပျူတာ ကီးဘုတ်ကို အားပါးတရ တဖျောင်းဖျောင်း ရိုက်ကြရတော့သည်။

စာရိုက်မြန်သူတွေက တစ်နေ့လျှင် ဖိုင်ခြောက်ရာကျော် ပြီးကြသော်လည်း စာရိုက်နှေးသူများမှာ တစ်နေ့ လျှင် သုံးရာတောင် ပြီးဖို့အနိုင်နိုင် ဖြစ်ကြရသည်။ ထိုအခါ အဖွဲ့သားထဲက တချို့တစ်ဝက်မှာ တဖြည်းဖြည်း  တစ်ယောက်ပြီးတစ်ယောက်ပြီး ပျောက်ကုန်ကြတော့သည်။ နောက်ဆုံးတော့ အမာခံ အဖွဲ့ဝင်များမှာ (၁၃) ယောက်သာ ကျန်တော့သည်။ သည်လိုနှင့်ပင် ကျန်သည့် အဖွဲ့ဝင် ၁၃ ယောက်မှာ အချင်းချင်း ကူညီ ရိုင်းပင်းကြရင်းနှင့်ပင် တစ်နှစ်ဆိုသော အချိန်သည် ခပ်မြန်မြန်ပင် ကုန်ဆုံးသွားတော့သည်။


[ ၄ ]

ထောက်/ပို့ဟု အတိုကောက်ခေါ်သော အကောက်ခွန်ဌာနလက်အောက်မှ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး ဌာနခွဲတွင် တစ်နှစ်ခွဲမျှ လေ့လာဆည်းပူးပြီးချိန်တွင် အမြဲခန့် ဝန်ထမ်းဖြစ်ဖို့ စာမေးပွဲဖြေဆိုရမည်ဟု ညွှန်ကြားလာသည်။ သို့နှင့် သိသမျှ၊ ကြားဖူးသမျှ၊ တတ်သမျှ၊ မှတ်သမျှ သင်ယူလေ့လာ ကျက်မှတ်ကြ ရပြန်သည်။ စာမေးပွဲသတင်းကြားပြီး ဤဌာနတွင် အလုပ်ဝင်ဖို့ ကြိုးစားပမ်းစား ဖြေဆိုကြမည့်သူတွေက စာမေးပွဲ နီးလာလေ ပိုမိုများပြားလာလေ ဖြစ်လာသည်။ ရုံးတွင်း စစ်သည့် စာမေးပွဲပုံစံဟု သိထားရာမှ စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများ လက်ဝယ်ရရှိပြီးသည့်တိုင် ဖြေဆိုမည့်သူများမှာ ရုံးတွင် တဖွဲဖွဲ လာရောက် ကြဆဲ ဖြစ်သည်။ အစဦးပိုင်း Volunteer အဖြစ် ဝင်ခွင့်ဖြေစဉ်က မအောင်မြင်ခဲ့သူတွေရော၊ အောင်မြင်ပြီးမှ ပင်ပန်းလှချည့်ဟူ၍ နောက်ဆုတ်သွားသူတွေရောကို ထိုရက်ပိုင်းတွင် ပြန်တွေ့ရသည်။

သို့သော်လည်း ကိုယ်တို့အရာရှိက မျှတစွာ အားပေးပါသည်။ ဖြေဆိုနိုင်သလောက် ရအောင် ဖြေကြပါ။ မရ လျှင်လည်း စာမေးပွဲစစ်သူတွေ မျက်စိနောက်အောင် မလုပ်ကြပါနဲ့။ သိက္ခာရှိရှိ စာမေးပွဲဖြေကြပါ။ တို့တွေ အတူတူ ပင်ပန်းခံပြီး လုပ်ခဲ့ကြတဲ့ အလုပ်ဆိုတာ လူကြီးတွေလည်း အားလုံး သိကြပါတယ်။ ဘယ်သူက ဘယ်လောက် အလုပ်လုပ်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေလည်း ရှိသားပဲ။ ဒါကြောင့် ဘာမှ မစိုးရိမ်ကြနဲ့။ တရား ကို နတ်စောင့်ပါတယ်ဟု အားပေးစကား ပြောသည်။

သို့သော်လည်း ... ထိုဌာနနှင့် ကံမစပ်ဟုပင် ပြောရမည်လား မသိ။ စာမေးပွဲဖြေဖို့ ရက်ပိုင်းကလေးသာ လို သည့်အချိန်တွင် ထိုဌာန၌ လူကြီးပိုင်း အပြောင်းအလဲ ဖြစ်သောကြောင့် ကိုယ်တို့ ဖြေရမည့် စာမေးပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းထွက်လာသည်။ ကိုယ်တို့ အဖွဲ့သား ၁၃ ယောက် ခမျာ ခဲလေသမျှ၊ သဲရေကျ ဖြစ်ရတော့သည်။ အချိန်ကုန်၊ လူပင်ပန်းခံပြီး ကြိုးစားခဲ့သမျှ အစွမ်းအစ ပြဖို့ အသာထား၊ ဘာတစ်ခုမျှပင် စလုံးရေ မစလိုက်ရသည့်အတွက် ဤသတင်း စကြားကြားချင်းတွင် ခံပြင်းမိ သည်။ ကိုယ်တို့လုပ်ခဲ့သမျှ အလုပ်တွေက တစ်ခဏလေးအတွင်းမှာ ဘာမှအသုံးမဝင်သည့် အလုပ်လို ဖြစ် သွားသည်ဟု ခံစားခဲ့ရသည်။

သည့်နောက်တွင်တော့ ၁၃ ယောက်သော အဖွဲ့ဝင်များထဲမှ အချို့က ကိုယ့်ဘဝတက်လမ်းအတွက် မသေ ချာသည့် အချိန်တစ်ခုကို စောင့်ဆိုင်းရန် ဆန္ဒမရှိတော့ဘဲ တခြား အဆင်ပြေရာ လုပ်ငန်းခွင်အသီးသီးသို့ ဝင်ရောက် လုပ်ကိုင်သွားကြသည်။ အချို့ ငယ်ရွယ်သူများကလည်း နောက်ထပ် စာမေးပွဲဖြေဆိုခွင့် ရနိုးနှင့် သင်တန်းတွေ တစ်ခုပြီးတစ်ခု တက်ရင်း စောင့်ကြသည်။ အဲသည်အထဲမှာ ကိုယ်က ပထမ အစုထဲ ပါဝင်ခဲ့ သည် ဆိုပါတော့။ ကိုယ့်ဦးနှောက်ထဲတွင် ဘဝမှာ ရှင်သန်နေထိုင်ဖို့အတွက် အချိန်သည် အလွန်အရေးကြီး သည်ဟု ခံယူမိသည်။ မသေချာ၊ မရေရာသည့် အလုပ်တစ်ခုကို အချိန်ကုန်ခံ စောင့်နေဖို့ အခွင့်အရေး ကိုယ့်မှာ မရှိ။ ရွေးချယ်စရာ ရှိသည် ထားဦး၊ အချိန်လွန်မှ ရလာမည့် အခွင့်အရေးကို ထိုင်စောင့်နေသည် ထက် အချိန်ရှိခိုက်တွင် ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက် ကိုယ်တတ်နိုင်သည့် အတိုင်းအတာ အလျောက် တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးခြင်းက ကိုယ့်ဘဝအတွက် အဆင်အပြေဆုံးဖြစ်သည် ဆိုသည်ကို ကိုယ်သာလျှင် သိသည် မဟုတ်ပါလား။

* * *

မြဝတီဇော်