Friday, July 20, 2012

ကိုယ့်ကိုယ်ကိုယ်သာ ယှဉ်ပြိုင်ပါ


လူ့လောကမှာ လူရယ်လို့ဖြစ်လာကတည်းက လောကဓံတရား ၈ ပါးနဲ့ ကင်းလွတ်ပြီး ရှင်သန်လို့မရနိုင်ပါဘူး။ တစ်နေ့မဟုတ် တစ်နေ့၊ တစ်ကြိမ်မဟုတ် တစ်ကြိမ်၊ လောကဓံရဲ့ အတိုက်အခိုက်၊ အထုအဆောင့်တွေကို ခံရစမြဲပါပဲ။ တကယ်တော့ ကျွန်မတို့ရဲ့ တစ်နေ့တာမှာ နံနက်မိုးသောက်ကနေ ညနေ နေ၀င်မိုးချုပ် ညရောက်သည်အထိ လုပ်စရာအလုပ်တွေက များလှပါတယ်။ လောကီလောကုတ္တရာ အပါအ၀င် လူမှု စီးပွားကိစ္စတွေကလည်း နေ့စဉ်ရက်ဆက် ဆိုသလို လုပ်ကိုင်နေရတာပါပဲ။ ဒီလို ကိုယ့်ရဲ့ဘဝ တိုးတက်ရာ တိုးတက်ကြောင်းအတွက်ရော၊ မိသားစုအတွက်ပါ အချိန်ပေးပြီး ဂရုတစိုက် ပြုစုစောင့်ရှောက်ရင်းနဲ့ပဲ အချိန်ဆိုတာလည်း ကုန်မှန်းမသိ ကုန်ဆုံးနေကြရပါတယ်။ ကျွန်မ မှတ်မိနေတဲ့ စကားလေးတစ်ခွန်း ရှိပါ တယ်။ ကျွန်မ သိတတ်စအရွယ် အလယ်တန်းကျောင်းသူဘ၀က ကျွန်မရဲ့ဖွားဖွားက ဆုံးမခဲ့ဖူးတဲ့ စကားလေးပါ။ "လူဆိုတာ တစ်နေ့တော့ သေကြရမယ့်သူတွေချည်းပဲ။ မသေခင် ရသမျှအချိန်လေးမှာ ကုသိုလ်၊ အကုသိုလ်ကို ခွဲခြားသိဖို့ မကောင်းတဲ့အတွေး၊ မကောင်းတဲ့ စိတ်အကြံ၊ မကောင်းတဲ့ အပြုအမူ၊ အပြောအဆိုတွေကို နေ့တိုင်း တစ်နေ့တစ်ခါလောက်ပဲ ကိုယ့်ကိုကိုယ် ဆင်ခြင်ကြည့်ရင် အကုသိုလ် အလုပ်တွေ မလုပ်မိအောင် အလိုလို ရှောင်ကြဉ်ပြီးသား ဖြစ်သွားလိမ့်မယ်" ဆိုတာပါပဲ။ ဖွားဖွားပြောခဲ့တဲ့ စကား တကယ်မှန်ပါတယ်။

လူတိုင်းလူတိုင်း မိမိကိုယ်မိမိ တစ်နေ့တစ်ခါ ပြန်လည်သုံးသပ် ဆင်ခြင်သင့်ပါတယ်။ ဒါမှသာ တစ်နေ့တာ အတွင်း သိလျက်နဲ့ဖြစ်စေ၊ မသိဘဲနဲ့ဖြစ်စေ ကိုယ့်ရဲ့ ပြုမူပြောဆိုမှုတွေဟာ တစ်ဖက်သားကို ဘယ်လို ထိပါး နစ်နာစေနိုင်သလဲဆိုတာ ကိုယ်ချင်းစာသိနဲ့ ဆင်ခြင်နိုင်မှာပါ။ သင့်ရဲ့တစ်နေ့တာအတွင်း တစ်စုံ တစ်ယောက်အပေါ် ပြုမူ ပြောဆိုလိုက်တဲ့ မိမိရဲ့စိတ်သန္တာန်ကို လိပ်ပြာသန့်သန့်နဲ့ ဝေဖန်သုံးသပ်ရဲပါ သလား။ ကြံရွယ်ချက်ရှိရှိ (တစ်နည်းအားဖြင့် တစ်စုံတစ်ယောက်ကို ထိခိုက်စေလိုတဲ့ စိတ်ဆန္ဒဆိုးနဲ့) မကောင်းတဲ့စိတ်ကို အလိုလိုက်ကာ သူတစ်ပါးအပေါ် စကားအနိုင်ရ ပြီးရောဆိုပြီး တစ်ဖက်သတ် ပြောဆိုခဲ့ မိဖူးပါသလား။ မရှိတာကို အရှိလုပ်၊ မဟုတ်တာကို အဟုတ်လုပ်ပြီး အကျိုးမရှိတဲ့ စကားတွေရော တစ်နေ့ တာအတွင်း ဘယ်နှခွန်း ပြောခဲ့ပြီးပါပြီလဲ။ ပြောသူ မိမိအတွက်လည်း အကျိုးမရှိ၊ နားထောင်ရသူ သူတစ်ပါး အတွက်လည်း အကျိုးမရှိတဲ့ (တန်ဖိုးမရှိတဲ့) စကား အခွန်းပေါင်း မည်မျှ ပြောခဲ့ပါသလဲ။ စဉ်းစားကြည့်သင့် ပါတယ်။ အဲဒီလို စဉ်းစားသုံးသပ်ကြည့်ပြီးရင် နောက်နေ့တွေမှာ မတွေး၊ မကြံ၊ မပြော၊ မပြုမူဖြစ်အောင် ဆင်ခြင်သွားနိုင်ပါတယ်။ ဆိုလိုတာကတော့ မိမိကိုယ်မိမိ နေ့စဉ် ယှဉ်ပြိုင်နေဖို့ပါပဲ။ တရားနည်းလမ်းကျကျ ယှဉ်ပြိုင်ချင်တယ်ဆိုရင် မိမိကိုယ်ကိုသာ ယှဉ်ပြိုင်လိုက်ပါ။ မနေ့က၊ ယနေ့နဲ့ မနက်ဖြန်များစွာမှာ သင့်ကိုယ် သင် ယှဉ်ပြိုင်ခြင်းက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာမှာ ဘယ်လို ထူးခြားတဲ့ အောင်မြင်မှုတွေ (တစ်နည်း အားဖြင့် အကောင်းမြင်စိတ်ရဲ့ စွမ်းအားတွေ) ရရှိစေနိုင်မယ်ဆိုတာ သိရှိလာပါလိမ့်မယ်။

 နောက်ဆုံး ဥပမာပေးရရင် ကိုယ့်အပေါ် တစ်စုံတစ်ယောက်က ကိုယ် သူများကို ပြောခဲ့သလို၊ ပြုမူခဲ့ သလို ပြန်လည် ပြောဆို ပြုမူခဲ့ရင် အပြုံးမပျက် သည်းခံနိုင်ပါ့မလား၊ ခွင့်လွှတ်နားလည် စာနာစိတ်နဲ့ အခင်အမင်မပျက် ဆက်ဆံနိုင်ပါ့မလား။ ..... မလား။ ..... မလား။

တကယ့်စိတ်ရင်းနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ လူသားတွေအပေါ် ရင်းနှီးနွေးထွေးတဲ့ အကောင်းမြင်စိတ်ကို အခြေခံပြီး ကိုယ်ချင်းစာစိတ် ထားကြည့်ကြရအောင်ပါ။


(တစ်ခါတုန်းက ကိုယ်တွေ့ကြုံရဖူးတဲ့ အဖြစ်အပျက်တစ်ခုကို အခြေခံပြီး ရေးဖြစ်ခဲ့တဲ့ ပို့စ်လေးပါ။ ဘာပဲဖြစ်ဖြစ် ခံစားချက်တစ်ခုကနေ စာတစ်ပုဒ်ရေးဖွဲ့ဖြစ်အောင် ပြောဆိုပြုမူခဲ့တဲ့သူကိုတော့ ကြံဖန်ပြီး ကျေးဇူးတင်မိပါတယ်။ ကျေးဇူးဆိုတာ ရှာကြံပြီး တင်ရတယ် မဟုတ်လားနော်။)   : D

မြဝတီဇော်

3 comments:

  1. မမရေ ... မထင်မှတ်ပဲပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ဘ၀တွေပျက်စီးနိုင်သလို အသက်သေစေနိုင်တဲ့အထိ ဖြစ်ပျက်တဲ့ သာဓကမြောက်များစွာ ကြားဖူးနေလေတော့ ဆင်ခြင်နိုင်ကြရင် အကောင်းဆုံးပေါ့ဗျာ ... :)

    ReplyDelete
  2. တန်ဖိုးရှိတဲ့ပိုစ့်လေးအတွက်ကျေးဇူးပါဇော်ရေ
    ("လူဆိုတာ တစ်နေ့တော့ သေကြရမယ့်သူတွေချည်းပဲ။ မသေခင် ရသမျှအချိန်လေးမှာ ကုသိုလ်၊ အကုသိုလ်ကို ခွဲခြားသိဖို့ မကောင်းတဲ့အတွေး၊ မကောင်းတဲ့ စိတ်အကြံ၊ မကောင်းတဲ့ အပြုအမူ၊ အပြောအဆိုတွေကို နေ့တိုင်း တစ်နေ့တစ်ခါလောက်ပဲ ကိုယ့်ကိုကိုယ် ဆင်ခြင်ကြည့်ရင် အကုသိုလ် အလုပ်တွေ မလုပ်မိအောင် အလိုလို ရှောင်ကြဉ်ပြီးသား ဖြစ်သွားလိမ့်မယ်")

    လူတိုင်းသိသင့်ပါတယ် သိပြီးရင်လဲ လိုက်နာသင့်တယ်
    အပေါ်ကစာလေးကိုကြိုက်လို့ယူထားတယ်ခွင့်ပြုပါနော်

    ReplyDelete
  3. မိမိကိုယ်ကိုသာ ယှဉ်ပြိုင်သာ အကောင်းဆုံးပါပဲလေ

    ReplyDelete