Tuesday, May 22, 2012

ကျောင်းစိမ်းအင်္ကျီလေး

အချိန်က ညနေငါးနာရီခန့် ဖြစ်သည်။ သူငယ်ချင်းတစ်ယောက်က ၀ယ်စရာရှိ၍ စူပါမားကတ်တစ်ခုသို့ အဖော်အဖြစ် လိုက်ပါခဲ့သည်။ ကျောင်းပြန်ဖွင့်ချိန် နီးသောကြောင့် စူပါမားကတ်ရှေ့တွင် ကျောင်းဝတ်စုံ၊ ရေဘူး၊ ကွန်ပါဘူး၊ ထီး၊ မိုးကာ၊ ဦးထုပ်၊ ဖိနပ်၊ ကျောပိုးအိတ် စသည်တို့ကို ခြင်းကြီးများနှင့် ထည့်ကာ အထူးဈေးဖြင့် ရောင်းချနေသည်ကို တွေ့ရသည်။ ထိုရှေ့တွင် အမျိုးသမီး ကြီး/ငယ်တို့သည် ကြိတ်ကြိတ်တိုး ၀င်ရောက် ကြည့်ရှု ၀ယ်ယူနေကြသည်။

သူငယ်ချင်းဖြစ်သူက သူလိုချင်သည့် ပစ္စည်းကို စူပါမားကတ်အတွင်း  တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ရှာဖွေ ၀ယ်ယူနေသည်ကို သူ့နောက်က စိတ်မပါ့တပါဖြင့် ဟိုငေးဒီငေး လိုက်ကြည့်ရင်း အချိန်ဖြုန်းနေမိသည်။ သူငယ်ချင်းကလည်း ဟိုပစ္စည်းယူရ ကောင်းနိုးနိုး၊ ဒီပစ္စည်းယူရ ကောင်းနိုးနိုးနှင့် ရွေးချယ်၍ စိတ်တိုင်း မကျ နိုင် ဖြစ်နေသည်။ အချိန်အတော်ကြာ လှည့်ပတ်ကြည့်ရှုပြီးသည့်နောက် သူငယ်ချင်းက သူလိုချင်သော ပစ္စည်း ၀ယ်ယူပြီးနောက် စူပါမားကတ်အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။

အပေါက်ဝက ထွက်ထွက်ချင်းတွင် ဆိုခဲ့သော ခြင်းကြီးများဖြင့် ရောင်းချနေသည့် ဈေးတန်းကလေး ရှိသည်။ ထိုဈေးတန်းကလေးမှ ရှေ့ဆက်လျှောက်သွားလျှင် မလှမ်းမကမ်း၌ သူငယ်ချင်းစီးရမည့် ကားမှတ်တိုင် ရှိ သည်။ ထို့ကြောင့် သူငယ်ချင်းကို ပြန်ပို့ရန်အတွက် ထိုကားမှတ်တိုင်သို့ လျှောက်ခဲ့သည်။ မှတ်တိုင်တွင် ကားစောင့်နေရင်း ဘာရယ်မဟုတ် စူပါမားကတ်ရှေ့က ဈေးတန်းကလေးတွင် လူတွေ တိုးကြိတ်ဝယ်ယူ နေသည်ကို ကြည့်နေမိသည်။

ထိုစဉ်မှာပင်  အသံတစ်ခုက ကျွန်မနားထဲ တိုးဝင်လာသည်။ အသံရှင်ကို စူးစမ်းမိတော့ လုံခြုံရေးဝန်ထမ်း တစ်ဦးက တိုးဝှေ့ဝယ်ယူနေသူများထဲကို ကြည့်ကာ "အေးပါ၊ ရောင်းပေးမှာပါ၊ ခဏပဲ စောင့်၊ ဟုတ်ပြီလား" ဟု တစ်ဖုံ၊ "အေး ရမယ်... ရမယ်၊ ၀ယ်ရမယ်၊ စိတ်ချ၊ အပေါ်ကို အကြောင်းကြားထားတယ်၊ အခု ခဏစောင့်" ဟု တစ်နည်း ပြောဆိုနေသည်။ စိတ်ထဲတွင် ထူးဆန်းသလို ဖြစ်မိသောကြောင့် အခြေအနေကို စောင့် ကြည့်နေမိသည်။ မကြာခင်မှာပဲ သူငယ်ချင်းဖြစ်သူ စီးရမည့် ကားလာသောကြောင့် သူငယ်ချင်း ပြန်သွား သည်။ ကျွန်မလည်း ပြန်ရမည့် ကားမှတ်တိုင်ရှိရာသို့ သွားရန် ထိုဈေးတန်းလေး ရှေ့မှ ဖြတ်လျှောက် လိုက်သည်။

ဈေးတန်းကလေး ရှေ့သို့အရောက် စပ်စုချင်စိတ်က တားမရသဖြင့် လူများ ၀ိုင်းအုံကြည့်ရှုနေသည့်အကြား တိုးဝင်၍ ဟိုဟိုသည်သည် ကြည့်မိသည်။ ပစ္စည်းတွေ ထည့်ထားသည့် ခြင်းရှေ့သို့အရောက် ကျွန်မရှေ့၌ အသက် ခုနစ်နှစ်ခန့်အရွယ် ကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုကလေးမှာ အ၀တ်အစား ခပ်နွမ်း နွမ်း ၀တ်ဆင်ထားပြီး ပစ္စည်းတွေ ထည့်ထားသောခြင်း၏ ရှေ့တွင် ရပ်လျက်ရှိသည်။ သူ့မျက်လုံးများမှာ လုံခြုံရေးဝန်ထမ်း အမျိုးသားဆီသို့ မမှိတ်မသုန် ငေးကြည့်နေသည်။ သူ့ကို သေသေချာချာ ကြည့်မိတော့ သူ့ပုံစံမှာ ဉာဏ်ရည်ချို့တဲ့နေသူဟု သိလိုက်ရသည်။ ကျွန်မ စိတ်ဝင်တစား ဖြစ်သွားပြီး သူဘာလာလုပ် သလဲဆိုသည်ကို မသိမသာ အကဲခတ်နေမိသည်။

ထိုစဉ်မှာပင် ထိုကလေးငယ်သည် လက်တစ်ဖက်ကို အပေါ်သို့ မြှောက်လိုက်ပြီး ပါးစပ်မှ ၀ူးဝူးဝါးဝါး အသံ တချို့ ပြုလိုက်သည်။ သူ့အသံကြောင့် လုံခြုံရေးဝန်ထမ်းက သူ့ကိုငုံ့ကြည့်ပြီး ကျွန်မကြားခဲ့သော စကားကို ထပ်ပြောလိုက်ပြန်သည်။ "အေးပါ၊ မင်း ၀ယ်ရမယ်နော်။ ခဏလေးစောင့်။ ငါ အပေါ်ကို အကြောင်းကြား ထားတယ်၊ မင်းကို ရောင်းမှာပါ။ စိတ်မပူနဲ့နော်။ ဟုတ်လား" ဟု ပြောလိုက်သည်။ ထိုအခါမှ ကျွန်မ သူက ဘာကိုဝယ်ချင်တာပါလိမ့်ဟု စပ်စုမိတော့ သူကိုင်ထားတဲ့ ပစ္စည်းလေးကို မြင်လိုက်ရချိန်မှာ ကျွန်မရင်ထဲ ဆို့နင့်သွားပါတော့သည်။

ထိုကလေးငယ်သည် ဘယ်ဘက်လက်ထဲတွင် အဖြူအစိမ်းဂါဝန် ခပ်သေးသေးတစ်ထည်ကို ကိုင်ထားပြီး ညာဘက်လက်ထဲမှာတော့ နွမ်းကြေနေသော တစ်ထောင်တန်တစ်ရွက်နှင့် နှစ်ရာတန်အနွမ်းလေးတစ်ရွက် ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခြင်း ဖြစ်ပါသည်။ အင်္ကျီလေးရဲ့တန်ဖိုးမှာ နှစ်ထောင့်နှစ်ရာဟု ရေးထား ပါသည်။ သို့သော်လည်း ဤကလေးမှာ သူ့တွင်ရှိသမျှ ပိုက်ဆံလေးနှင့် အင်္ကျီလေးကို ၀ယ်ယူဖို့ ကြိုးစားနေ ခြင်းဖြစ်ကြောင်း သိလိုက်ရပါသည်။ ပို၍ ထူးခြားသည်မှာ ထိုကလေးသည် မိန်းကလေး မဟုတ်ပါ။ ယောက်ျားလေး  ဖြစ်ပါသည်။

ကျွန်မ၏ အတွေးတွေ တစ်ခဏချင်း ဆူဝေသွားရပါသည်။ ထိုကလေးငယ်သည် အဆင်ပြေသော မိသားစုမှ ဟုတ်ပုံမရပါ။ သူဝယ်သော အင်္ကျီလေးမှာလည်း သူဝတ်ဖို့ရာ မဟုတ်မှန်း သိသာနေပါသည်။ သို့ဖြစ်လျှင် သူ သည်းကြီးမည်းကြီး ၀ယ်ယူလိုသော ကျောင်းစိမ်းဂါဝန်လေးသည် သူ့ညီမလေးအတွက်သာ ဖြစ်ရပေမည်။ ညီမလေးကို ကျောင်းတက်စေချင်လွန်းသောကြောင့် သူ့ခွန်အားလေးနှင့် ရှာဖွေထားသော ငွေဖြင့် ကျောင်း စိမ်းအင်္ကျီကို ၀ယ်ပေးခြင်း ဖြစ်နိုင်မည်။ ထိုသို့ တွေးမိသောအခါ ကျွန်မရင်ထဲတွင် နင့်နင့်နဲနဲ ခံစားလိုက်ရ သည်။ ခုနစ်နှစ်အရွယ် ကလေးတစ်ယောက်၏ ရင်ထဲတွင် ဖြူစင်ရိုးသားမှုနှင့်အတူ မိသားစုစိတ်ဓာတ် ပီသ မှုကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည်။

ကျွန်မ ဆုံးဖြတ်ချက်တစ်ခုကို ခပ်မြန်မြန် ချလိုက်သည်။ ဈေးရောင်းသူကို ကလေးငယ် လိုချင်သော အင်္ကျီ ကလေး၏ တန်ဖိုးအတွက် ကျွန်မ ပေးချေပါမည်ဟု ပြောလိုက်သည်။ ထိုအခါ ထိုကလေးငယ်က လက်ဟန် ခြေဟန်ဖြင့် ၀ူးဝူးဝါးဝါး ပြောသည်။ သူ့ဆန္ဒက သူပိုင်ငွေဖြင့်သာ ဂါဝန်လေးကို ၀ယ်ယူလိုသည်။ ထို့ကြောင့် ကျွန်မက လိုနေသော ငွေတစ်ထောင်ကို စိုက်ပေးမည်ဟု ပြောဆိုနေစဉ်မှာပင် ထိုစူပါမားကတ်မှ ၀န်ထမ်း အမျိုးသမီးလေးတစ်ဦးက ကတ္ထူစက္ကူပုံး အလတ်စားတစ်ခုကို မ၍ ကျွန်မတို့နား ရောက်လာသည်။ သူမက ကလေးငယ်အကြောင်း အထက်လူကြီးများထံ ပြောပြသောကြောင့် ကလေးငယ်အား ချီးကျူးဂုဏ်ပြုသည့် အနေဖြင့် သူမတို့ စူပါမားကတ်မှ ကလေးအသုံးအဆောင် အချို့ကို ပေးလိုက်မည်ဖြစ်ကြောင်း ပြောပြပါ သည်။

ကလေးငယ်၏ ၀မ်းပန်းတသာ မျက်လုံးများကို ကျွန်မ ရင်ထဲ ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်တော့ပါ။ သူ့မျက်ဝန်းထဲတွင် ပျော်ရွှင်ကြည်နူးမှုနှင့်အတူ ဘ၀ကို သတ္တိရှိရှိ ရင်ဆိုင်ရဲသည့် ရဲရင့်တောက်ပသည့် အရိပ်အယောင်များ လွှမ်းခြုံနေသည်ကို ထင်ထင်ရှားရှား မြင်တွေ့လိုက်ရပါသည်။

ကျွန်မရဲ့ အိမ်အပြန်လမ်းတစ်လျှောက်တွင်တော့ ထိုကလေးငယ်၏ ရဲရင့်သော သတ္တိ၊ သွေးသားရင်းချာ အပေါ် နွေးထွေးသော စောင့်ရှောက်မှု၊ ကြင်နာသော မိသားစုစိတ်ဓာတ်နှင့် တတ်နိုင်သည့် အတိုင်းအတာ အလျောက် တာဝန်ယူတတ်မှုတို့ကို တစိမ့်စိမ့် တွေးရင်း ရင်ထဲတွင် ဖော်မပြနိုင်သော ဝေဒနာတစ်မျိုးကို ခံစားခဲ့ရပါသည်။ ကျွန်မတို့ ပတ်ဝန်းကျင်ရှိ အချို့သော စာရိတ္တချို့တဲ့၍ သူများပစ္စည်းကို အချောင်လိုချင် စိတ် ရှိကြသူ၊ အလွယ်လမ်း လိုက်ကြသူများသာ ဤကလေးငယ်လို စိတ်ထားမျိုး၊ အမူအကျင့်မျိုးနှင့် ရိုးဂုဏ် မျိုး ရှိခဲ့ပါလျှင် ကျွန်မတို့ရဲ့ လူ့လောကကြီးမှာ ပို၍ သာယာချမ်းမြေ့နေလိမ့်မည်ဟု ယုံကြည်နေမိပါသည်။



မြ၀တီဇော်





Saturday, May 19, 2012

"ခြားနားချက်များ"



အမှန်တရား ဆိုတိုင်းလည်း ...
တစ်ခါတလေ ... မှားတတ်တယ်။

ကံတရား ဆိုတိုင်းလည်း ...
တစ်ခါတလေ ... ခါးသက်တယ်။

"ခံစားချက်"ချင်း တူပေမယ့် ...
"ခံယူချက်"ချင်း ... ထပ်တူပြုဖို့ ခက်တယ်။

တွေးတာချင်း တူပေမယ့် ...
ရေးတာချင်း ... ကွဲတယ်။

ပေးတာချင်း တူပေမယ့် ...
ဝေးကွာမှ .... တန်ဖိုးထားမှုကို သိတယ်။

သံယောဇဉ် ထားတိုင်းလည်း ...
အရောင်အသွေးတွေ ခြားနားတယ်။

စေတနာ စကား ဆိုပေမယ့်လည်း ...
(တစ်ခါတလေမှာ ... ဝေဒနာ ဖြစ်သွားမှန်း မသိလို့)
နားလည်မှု လွဲတယ်။     ။


မြ၀တီဇော်

အိပ်မက်များနဲ့ ကခုန်ခြင်း


လူတိုင်းလိုလို အိပ်မက် မက်ဖူးကြပါတယ်။ အိပ်မက်ဆိုတာ လက်တွေ့ဘ၀မှာ အကောင်အထည်မပြနိုင်တဲ့ မသိစိတ်ရဲ့ အလုပ်လုပ်ခြင်း၊ သို့မဟုတ် စေ့ဆော် အားထုတ်မှုပြုခြင်းလို့ မှတ်သားဖူးပါတယ်။ တစ် နည်းပြောရရင် လက်တွေ့မှာ မဖြစ်နိုင်ပေမယ့် အိပ်မက်ထဲမှာတော့ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကို မသိစိတ် က ပုံဖော် လုပ်ဆောင်ပေးခြင်းပါပဲ။ ဒါပေမဲ့ ဒါဟာ အတုအယောင်ဖြစ်ပြီး လက်တွေ့ အကောင် အထည်ဖော်ဖို့ ကတော့ သိစိတ်ရဲ့ ဦးဆောင် စီမံခန့်ခွဲနိုင်မှုပေါ်မှာ မူတည်ပါတယ်။

 လူတိုင်းမှာ စိတ်ကူးအိပ်မက်ဆိုတာ ရှိတတ်ကြပါတယ်။ ဒီစိတ်ကူးအိပ်မက်တွေကို လက်တွေ့ အကောင် အထည် ဖော်နိုင်တဲ့သူတွေ ရှိသလို၊ အကောင်အထည်ဖော်ဖို့ အထမမြောက်သေးတဲ့သူတွေလည်း ကျွန်မတို့ ပတ်ဝန်းကျင်မှာ အများအပြား ရှိကြပါတယ်။ အဓိက ကတော့ ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်ဆိုတာ ကြိုးစား ရင် ဖြစ်နိုင်တယ်ဆိုတဲ့ ထက်သန်တဲ့ယုံကြည်မှု ထားရှိဖို့ပါပဲ။

ဒီနေရာမှာ ပြောချင်တာတစ်ခုက "စိတ်ကူးအိပ်မက်"ဆိုတဲ့ အသုံးအနှုန်းနဲ့ "စိတ်ကူးယဉ် အိပ်မက်"ဆိုတဲ့ အသုံးအနှုန်းကို သတိပြုမိစေချင်ပါတယ်။ "စိတ်ကူးအိပ်မက်"ဆိုတဲ့ အသုံးအနှုန်းဟာ "အပြု သဘောဆာင်သော ကြံရွယ်ရည်စူးမှုပါတဲ့ စိတ်ရဲ့ ထက်သန်မှု" ဆိုတဲ့အဓိပ္ပာယ်ကို ကိုယ်စားပြုပြီး "စိတ်ကူး ယဉ် အိပ်မက်" ဆိုတာကတော့ "စိတ်ရဲ့စေစားရာ၊ လွင့်မျောရာအတိုင်း စိတ်ကူး ရွက်လွှင့်ခြင်း"ကို ဆိုလို ပါတယ်။ လက်တွေ့ဘဝမှာ စိတ်ကူးယဉ်အိပ်မက်ထဲကအတိုင်း ဖြစ်မလာနိုင်မှန်း သိပေမယ့် စိတ်ကို လွတ်လပ်စွာ လွင့်မျောစေခြင်းဖြင့် မိမိကိုယ်ကို အပန်းဖြေခြင်း၊ ဒါမှမဟုတ် ကိုယ့်ရဲ့စိတ်ကို လှည့်စားပြီး စိတ်ချမ်းသာမှု ရယူသော နည်းလမ်းတစ်မျိုးလို့ ဆိုလိုချင်တာပါ။

ကိုယ့်စိတ်ထဲက ခိုင်မာတဲ့ ထက်သန်မှုဟာ တွန်းအားအဖြစ်နဲ့ "စိတ်ကူးအိပ်မက်"ကို မွေးဖွားပေးနိုင်သလို၊ ကိုယ့်စိတ်ရဲ့ လိုလားတောင့်တချက်တွေဟာလည်း တဒင်္ဂ စိတ်ပျော်ရွှင်မှုအဖြစ် "စိတ်ကူးယဉ် အိပ်မက်" ကို ဖန်တီးပေးပါတယ်။ ကျွန်မတို့အနေနဲ့ ဘယ်လိုအိပ်မက်မျိုးကို မက်ခဲ့တာပဲဖြစ်ဖြစ်၊ မက်ဖို့ ကြိုးစားနေတာ ပဲဖြစ်ဖြစ် အိပ်မက်နှစ်ခုရဲ့ သေချာတဲ့ ဂုဏ်သတ္တိကတော့ ဒီအိပ်မက်တွေဟာ ကျွန်မတို့ကို အနည်းနဲ့အများ စိတ်အေးချမ်းသာမှုကို ပေးစွမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မတို့ရဲ့ ကိုယ်ပိုင် စိတ်ကူးအိပ်မက်တွေကို ပုံဖော်ထုဆစ်ရင်း စိတ်ကူးယဉ် အိပ်မက်တွေ နဲ့ ပျော်ရွှင်ခြင်း ကောင်းကင်မှာ လွတ်လပ်စွာ ပျံသန်းရင်း ဘ၀ခရီး ဆက်ကြပါစို့။


မြဝတီဇော်

Thursday, May 17, 2012

ဝေးလွင့်နေဆဲ ပန်းနှင်းဆီ



   " ငယ်ငယ်တုန်းက သူငယ်ချင်း၊ အရမ်းချစ်ဖို့ကောင်းတယ်"  ဆိုတဲ့ အဆိုတော်မေဆွိရဲ့အသံကို အမှတ် မထင် ကြားမိတဲ့အခါ ကျွန်မရဲ့စိတ်အာရုံမှာ မူလတန်းတုန်းက သူငယ်ချင်းတစ်ယောက်ကို ဖျတ်ခနဲ သတိရ လိုက်မိပါတယ်။ သူနဲ့စပြီး သိတဲ့နေ့က ကျွန်မ သူငယ်တန်း စတက်တဲ့နေ့ ဖြစ်ပါတယ်။

ကျွန်မအသက် ၅ နှစ်မှာ သူငယ်တန်း စတက်ရပါတယ်။ ၁၉၈၆ ခုနှစ်လောက်ကပါ။ ကျွန်မ တက်ရတဲ့ မူလ တန်းကျောင်းက ကျွန်မတို့အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ ရှိပါတယ်။ ကျောင်းနာမည်က အခြေခံပညာ ဗဟို မူလတန်းကျောင်းပါ။ (အခုတော့ ဗဟိုမူလွန်ကျောင်း ဖြစ်နေပါပြီ။) သူနဲ့ကျွန်မ စတွေ့ပုံက ဒီလိုပါ။

ကျွန်မ ကျောင်းစတက်တဲ့နေ့မှာ ကျွန်မရဲ့မေမေက ကျွန်မကို ကျောင်းခန်းထဲအထိ လိုက်ပို့ပြီး အတန်းရဲ့ ရှေ့ဆုံးခုံမှာ နေရာချပေးပါတယ်။ အတန်းပိုင်ဆရာမထံမှာလည်း ကျွန်မကို အပ်ပေးပါတယ်။ အဲဒီတုန်းက ကျွန်မတို့ အတန်းပိုင် ဆရာမက မေမေ့သူငယ်ချင်းပါ။ အင်္ဂလိပ်စာ သင်ပါတယ်။ ဆရာမက ပိန်ပိန်ပါးပါး၊ အသားဖြူဖြူပါ။ ကျွန်မ မေမေကို စိတ်ချပါလို့ ရယ်ရယ်မောမော ပြောရင်း ကျွန်မကိုလည်း မကြာခဏ လှမ်း ကြည့်နေပါတယ်။ ကျွန်မထိုင်ရတဲ့ခုံက သုံးယောက်ထိုင် ခုံတန်းရှည်ပါ။ ကျွန်မရဲ့ ဘေးတစ်ဖက် တစ်ချက်မှာ ကောင်မလေးနှစ်ယောက် ထိုင်နေကြပါတယ်။ ကျွန်မကတော့ ဘေးက ကောင်မလေးတွေနဲ့ သူငယ်ချင်းဖွဲ့ ဖို့ နေနေသာသာ သေချာတောင် လှည့်မကြည့်ခဲ့မိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက လူကြောက်တတ် သူမို့ပါ။ နောက်ပြီး ကျွန်မကို ကျောင်းလိုက်ပို့တဲ့မေမေ ကျွန်မ မမြင်အောင် ဘယ်အချိန်မှာ အိမ်ပြန်သွားမလဲ ဆိုတဲ့စိတ်နဲ့ မေမေ့ကိုပဲ မျက်စိအောက်က အပျောက်မခံ လိုက်ကြည့်နေခဲ့တာမို့ပါ။ တကယ်တော့ ကျွန်မ ကျောင်းမှာ တစ်ယောက်တည်း မနေခဲ့ချင်ပါဘူး။ မေမေနဲ့ပဲ အိမ်ကို ပြန်လိုက်သွားချင်နေခဲ့ပါတယ်။

 ဒီလိုနဲ့ ခဏကြာတော့ ကျောင်းတက်ခေါင်းလောင်း ထိုးပါတယ်။ ဆရာမက မိဘတွေ အားလုံးကို စာသင်ခန်းထဲက ထွက်ပေးဖို့ မေတ္တာရပ်ခံနေပါတယ်။ အဲဒီအချိန်မှာ တချို့ ကလေးတွေလည်း ငိုတဲ့သူက ငို၊ မိခင်တွေက သူတို့သားသမီးတွေကို ချော့တဲ့သူက ချော့နဲ့ ဆူညံနေပါတယ်။ ကျွန်မမေမေလည်း ကျွန်မကို ချော့မော့ပြီး အိမ်ပြန်ဖို့ ပြင်ဆင်ပါတယ်။ တစ်ယောက်တည်း ကျန်နေခဲ့ရတော့မယ် ဆိုတဲ့အသိနဲ့ ကြောက်ပြီး ကျွန်မ မျက်ရည်တွေ ကျလာပါတော့တယ်။ ဆရာမ ခမျာလည်း ဟိုကလေး ချော့ရ၊ ဒီကလေး ခြောက်ရနဲ့ အတော်မောနေပါပြီ။ ဒါကြောင့် ဆရာမက ကျွန်မတို့ခုံရှေ့က သူ့စားပွဲကို ကြိမ်လုံးနဲ့ ခပ်ဆတ်ဆတ်လေး သုံးလေးချက် ရိုက်လိုက်ပါတယ်။ ငိုသံတွေ ခဏတော့ တိတ်သွားပါတယ်။ ပြီးမှ ကြောက်ကြောက်လန့်လန့်နဲ့ အော်ငို လိုက်တဲ့အသံတွေက ဆူညံပွက်လော ရိုက်ပြီး ထွက်လာပြန်ပါတော့တယ်။ တရှုပ်ရှုပ် ငိုနေတဲ့ ကျွန်မ ကို မေမေက ညနေကျောင်းက ပြန်လာရင် မုန့်ဝယ်ကျွေးမယ်တို့၊ အဖြူအစိမ်း ဂါဝန်လှလှလေး ၀ယ်ပေးမယ် တို့ စသည်ဖြင့် အမျိုးမျိုး ချော့မော့နှစ်သိမ့်နေပါတယ်။

 အဲဒီအချိန်မှာပဲ ကျွန်မလက်ကို တစ်ယောက်ယောက်က လှမ်းဆွဲလိုက်ပါတယ်။ ကျွန်မ လှည့်ကြည့်လိုက် တော့ မျက်နှာမှာ သနပ်ခါး အဖွေးသား လိမ်းထားပြီး ပါးဖောင်းဖောင်း၊ မျက်လုံးတောက်တောက်ကလေးနဲ့ ခေါင်းမှာ ကျောက်နှင်းဆီပွင့် အဖြူရောင်လေးတွေ ပန်ထားတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရ ပါတယ်။ အဲဒီကောင်မလေးက ကျွန်မလက်ကို ဆွဲပြီး သူ့ဘေးမှာ ထိုင်ဖို့ ခေါ်နေတာ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်မ ပါးပေါ်က မျက်ရည်တွေကိုလည်း သုတ်ပေးရင်းနဲ့ ကျွန်မကို ထိုင်ခုံမှာထိုင်ဖို့ အသာ ဆွဲခေါ်ပါတယ်။ ကျွန်မလည်း ကိုယ်နဲ့ရွယ်တူ သူငယ်ချင်းအသစ်ရလို့ အာရုံပြောင်းသွားပြီး အငိုရပ်ကာ သူ့ဘေးမှာ ပြောင်း ထိုင်လိုက်ပါတယ်။ နောက် တော့ သူနဲ့ စကားတွေပြောကြရင်း မေမေ ဘယ်အချိန် အိမ်ပြန်သွားမှန်းတောင် မသိလိုက်ပါဘူး။ နောက်တော့မှ မေမေက စာသင်ခန်း အပြင်ဘက်က ငုဝါပင်အောက်မှာ အချိန်အတော် ကြာ ရပ်ကြည့်နေပြီး ကျွန်မ မငိုတော့မှ အိမ်ပြန်သွားကြောင်း ပြန်ပြောပြပါတယ်။

အဲဒီနေ့ကစပြီး ကျွန်မဘ၀မှာ ပထမဦးဆုံး ကျောင်းတက်ဖော် သူငယ်ချင်းတစ်ယောက် ရခဲ့ပါတယ်။ ခုချိန်မှာ သူ့နာမည်ကို ကျွန်မ မမှတ်မိတော့ပေမယ့် ကျွန်မတို့ငယ်ငယ်က နာမည်လေးလုံး မှည့်တာ ခေတ်စားတာမို့ သူ့အမည်ဟာ နာမည်လေးလုံး ပါဝင်တယ် ဆိုတာတော့ မှတ်မိနေပါတယ်။ နုနယ်လှတဲ့ ကလေးဘ၀မှာ ပထမဆုံး သူငယ်ချင်းဖြစ်ခဲ့တဲ့ သူ့ကို တစ်နှစ်တစ်တန်းအောင်လို့ ကျောင်းဖွင့်ချိန်တွေရောက်တိုင်း ကျွန်မ အမြဲသတိတရ ရှိနေခဲ့ပါတယ်။ နောက်ပြီး သူက ကျွန်မတို့ကျောင်းမှ စာသင်နှစ်ဝက် မရောက်မီမှာပဲ သူ့မိဘ တွေ အလုပ်တာဝန်အရ ပြောင်းရွှေ့ရာဒေသကို လိုက်ပါသွားခဲ့တာမို့ နောက်ထပ် ပြန်မဆုံဖြစ်ခဲ့ကြတော့ တာ ယခုအချိန်ထိပါပဲ။ တကယ်တော့ သူနဲ့ကျွန်မ ခင်မင်ခဲ့ရတဲ့ အချိန်က နှစ်လ၊ သုံးလလောက်သာ ရှိပါ တယ်။ သူပြောင်းသွားစ အချိန်က စိတ်မကောင်း ဖြစ်ခဲ့ရပေမဲ့ နောက်ပိုင်းမှာ တခြား သူငယ်ချင်းတွေလည်း ရနေပြီမို့ သိပ်မကြာခင်မှာပဲ သူ့ကို ကျွန်မ မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့ပါတယ်။

အခု ပြန်တွေးကြည့်မိတဲ့အခါ ဆယ်စုနှစ် နှစ်ခုကျော် အချိန်ကြာလာခဲ့ပြီးမှ သူ့ကို မကြာခဏ ပြန်ပြီး သတိရ နေမိပါတယ်။ ခုချိန်ဆို ကျွန်မရဲ့ ပထမဦးဆုံး ခင်မင်ခဲ့ရတဲ့ ကျောင်းတက်ဖော် သူငယ်ချင်းမလေး တစ်ယောက် ဘယ်ဆီများ ရောက်နေပြီလဲ။ သူငယ်တန်း တက်တုန်းက သူကိုယ်တိုင် ကူညီဖေးမခဲ့ဖူးတဲ့ ခဏခဏငိုတတ်တဲ့၊ မျက်ရည်လွယ်တဲ့ သူငယ်ချင်းတစ်ယောက်ကို ပြန်မှတ်မိနိုင်ပါဦးမလား။ ကွဲကွာခဲ့ပြီးတဲ့ နောက် တစ်ကြိမ်တစ်ခါမှ ပြန်မဆုံတော့တဲ့ သူငယ်ချင်း၊ ထစ်ခနဲရှိ မျက်ရည်လွယ်လွန်းလို့ ဆရာမကိုယ်တိုင် "မျက်ရည်မင်းသမီး"လို့ နာမည်ပေးထားတဲ့ သူငယ်ချင်းကို ပြန်စဉ်းစားမိတဲ့အခါ မှတ်မိနိုင်ပါဦးမလားဆိုတာ တွေးမိရင်း စိတ်လှုပ်ရှားမှုနဲ့အတူ ၀မ်းနည်းသလို ခံစားရပါတယ်။ အခုအချိန်မှာ ကျွန်မ ခင်မင်ခဲ့ဖူးတဲ့ သူငယ် ချင်းရဲ့ လက်ရှိ ရုပ်ရည်ကို မမှန်းဆနိုင်ပေမဲ့ ငယ်ငယ်တုန်းက မျက်နှာမှာ သနပ်ခါးဖွေးဖွေး၊ ပါးဖောင်း ဖောင်း၊ မျက်လုံးတောက်တောက်လေးတွေနဲ့အတူ ခေါင်းမှာ ကျောက်နှင်းဆီပွင့် ဖြူဖြူသေးသေးလေး ပန် ထားပြီး ပြုံးပြနေတဲ့ ခင်မင်နှစ်လိုဖွယ် ချစ်စရာ့ မျက်နှာလေးကိုတော့ ကျွန်မရဲ့မှတ်ဉာဏ်ထဲမှာ အခုအချိန် ထိ စွဲထင်ကျန်ရစ် မှတ်မိနေဆဲပါဆိုတာ ငယ်ငယ်တုန်းက ကျွန်မသူငယ်ချင်းလေး သိအောင် ကူညီပြီး ပြောပေးကြပါဦးနော်။


 မြ၀တီဇော်

Wednesday, May 16, 2012

လမ်းပေါ်က လမ်းစကား


လူအချင်းချင်း ဆက်သွယ်ပြောဆိုမှုတွင် "စကား"သည် အသုံးအတွင်ကျယ်ဆုံး ဆက်သွယ်ရေးစနစ် တစ်ခု ဖြစ်ပါသည်။ "စကား" ပြောဆိုရာတွင် မိမိဆိုလိုသည့် အဓိပ္ပာယ်ကို တစ်ဖက်သားမှ လွယ်ကူစွာ နားလည်သဘောပေါက်စေရန် ချိုသာပြေပြစ်စွာ သုံးနှုန်းပြောဆိုတတ်ရန်လည်း လိုပါသည်။ စကားပြော ဆိုခြင်းနှင့် ပတ်သက်၍ လိုက်နာစောင့်ထိန်းသင့်သည်များကို ရှေးပညာရှိများက ကျင့်ဝတ်နီတိအမျိုး မျိုးဖြင့် ပြဆို ဆုံးမခဲ့ကြပါသည်။ ဥပမာဆိုရလျှင် " နှုတ်ချို သျှိုတစ်ပါး "၊ " နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ "၊ "စကားစကား ပြောပါများ၊ စကားထဲက ဇာတိပြ" စသဖြင့် စကားဆိုရာတွင် သတိပြုရမည့် အပြောအဆို များကို သတိပေး လမ်းညွှန်ခဲ့ကြပါသည်။

ယနေ့ ကျွန်မတို့ ပတ်ဝန်းကျင်တွင် လူတစ်ယောက်နှင့် တစ်ယောက် ပြောဆိုဆက်သွယ်ရာ၌ အသုံးပြု သော စကားများသည် လိုရင်းပေါက်မြောက်အောင် ပြောဆိုခြင်းက နည်းပါးလာသည်။ သူ့ထက်သူ စကား သာအောင် ပြောဆိုကြခြင်းက ပိုများလာသည်။ မိမိတို့အကြောင်းကိစ္စအလျောက် ပြောသင့်ပြောထိုက်သည့် စကား ပြောဆိုခြင်းကို မဆိုလိုပါ။ မိမိအတွက်လည်း အကျိုးမရှိ၊ တစ်ဖက်သားအတွက်လည်း အကျိုး မရှိသော စကားများ အဆင်ခြင်မဲ့ ပြောဆိုနေခြင်းကိုသာ ဆိုလိုပါသည်။ စကားတစ်ခွန်းကြာင့် ကိစ္စ များစွာ ပြီးမြောက်စေနိုင်သလို မိမိ၏စကားတစ်ခွန်းကြောင့်ပဲ မလိုလားအပ်တဲ့ နောက်ဆက်တွဲများ ဖြစ်ပေါ် လာနိုင်ကြောင်း အဖြစ်အပျက်လေးတစ်ခုကို ရေးပြချင်ပါသည်။

လွန်ခဲ့သော နှစ်ရက်ခန့်က ရုံးဆင်းချိန်တစ်ခု ဖြစ်ပါသည်။ ရာသီဥတုမှာ အုံ့အုံ့ဆိုင်းဆိုင်းနှင့် မိုးရွာတော့ မယောင် မည်းမှောင်နေပါသည်။ ကားမှတ်တိုင်တိုင်းတွင်လည်း လူအများ စုစုဝေးဝေးနှင့် အိမ်ပြန်ဖို့ စိုင်းပြင်းနေကြသည်။ ကျွန်မသည် ထိုင်ခုံမရသော်လည်း မိုးနှင့်လေနှင့်မို့ မှတ်တိုင်တွင် ရပ်ထား သည့် ရှေ့ဆုံးဘတ်စ်ကားဖြင့်သာ အိမ်ပြန်ခဲ့ပါသည်။ စီးမိသည့် ဘတ်စ်ကားကလည်း မှတ်တိုင်တွင် လူစောင့်ခေါ်၍ အားရမှ တစ်မှတ်တိုင်ချင်း တအိအိနှင့် ထွက်လာပါသည်။ ဂိတ်စမှ ထွက်ကတည်းက လူအပြည့် တင်ဆောင်လာရသည့်အထဲ ရပ်သည့် မှတ်တိုင်တိုင်းတွင် လူများ ထပ်ထပ်တင်သောအခါ ကားပေါ်မှ လူများမှာ မလှုပ်သာ မရှားသာနှင့် ကျောက်ရုပ်ကဲ့သို့ ဒုက္ခခံပြီး စီးကြရပါသည်။

ဂိတ်စမှ ထွက်၍ သုံးမှတ်တိုင်မြောက်တွင် မီးပွိုင့်တစ်ခု ဖြတ်ရပါသည်။ ထိုမီးပွိုင့်မှ စ၍  တန်းစီနေသော ကားတန်းရှည်ကြီးမှာ ကုန်းတံတားထိပ်သို့ပင် ရောက်နေပါသည်။ ကားတန်းရှည်ကြီးမှာ တရွေ့ရွေ့ဖြင့် ရှေ့ တိုးလိုက်၊ ရပ်လိုက်နှင့် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့နေပါတော့သည်။ ကားပေါ်က လူများမှာ ပူ အိုက်ခြင်း၊ ညောင်းညာခြင်း ဒုက္ခကို ပီပီပြင်ပြင် ခံစားနေကြရသည်။ ကားပေါ်မှ ခရီးသည်များမှာ ရှေ့မှာ ကားတိုက်မိလို့ များလား၊ လမ်းပြင်နေလို့များလားနှင့် တစ်ယောက်တစ်ပေါက် စိတ်ထင်ရာ ပြောဆိုနေကြ ပါသည်။ တရွေ့ရွေ့နှင့်ပင် ကျွန်မ စီးလာသောကားသည် ကုန်းကျော်တံတားကို လှမ်းမြင်ရသော နေရာ သို့ ရောက်လာခဲ့ပါသည်။

ထိုအခါ ကျွန်မတို့ စီးလာသော ကားမှ ယာဉ်နောက်လိုက်က ကားပေါ်မှ ဆင်း၍ အခြေအနေသွားကြည့်ကာ ယာဉ်မောင်းကို ပြန်ပြောပြပါသည်။ ဖြစ်ပုံမှာ ကျွန်မတို့ စီးလာသော ကား၏ ရှေ့သုံးစီးမြောက် ကားနှင့် တစ်ဖက်ကွေ့ကြောမှ ကွေ့ဝင်မည့် ကားတို့မှာ ခေါင်းချင်းဆိုင်လျက်သား ဖြစ်နေကြောင်း သိရပါသည်။ ယာဉ် တိုက်မှု ဖြစ်ခြင်းလည်း မဟုတ်ပါ။ တစ်ဖက်ယာဉ်ကြောမှ ယာဉ်ငယ်က ကျွန်မတို့ရှိရာဘက် တစ်လမ်းမောင်း ယာဉ်ကြောသို့ ခေါင်းတိုးဝင်ပြီး ဖြတ်ကွေ့ဖို့ ကြိုးစားသည်။ ထိုအခါ တစ်လမ်းမောင်းဖြစ်သော ကျွန်မတို့ ဘက်ခြမ်းရှိ ရှေ့က ယာဉ်မှ ဖြတ်ကွေ့ခွင့်မပေးဘဲ တင်းခံနေသောကြောင့် ခေါင်းချင်းဆိုင်လျက် ဖြစ်နေ ရခြင်း ဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦးလည်း သူမှန်သည်၊ ငါမှန်သည်နှင့် ငြင်းခုံနေကြသဖြင့် ယခုကဲ့သို့ အချိန် ကြာမြင့်နေကြောင်းလည်း သိရပါသည်။

ထိုယာဉ်နှစ်စီးကို မောင်းနှင်သော ယာဉ်မောင်းတို့၏ အနိုင်မခံ၊ အရှုံးမပေးသော တလွဲမာနများကြောင့် မလိုလားအပ်သော အချိန်ဆုံးရှုံးမှုများ ဖြစ်ခဲ့ရပါသည်။ အကယ်၍သာ တစ်ဦးနှင့်တစ်ဦး ချိုသာပြေပြစ် စွာ ပြောဆိုဆက်ဆံ ဖြေရှင်းကြလျှင် ဤသို့သောအဖြစ်မျိုး ကြုံရမည် မဟုတ်ပါ။ လမ်းပေါ်မှာ သွားလာနေ ကြသော လမ်းအသုံးပြုသူ အချင်းချင်း ဦးစားပေးခြင်း၊ ခွင့်လွှတ် နားလည်ပေးခြင်းဟူသော "လမ်းစကား " ကို ချိုသာပြေပြစ်စွာ ဆိုခဲ့ကြလျှင် မလိုလားအပ်သော အချိန်ကြန့်ကြာမှု ကိစ္စများလည်း ပေါ်ပေါက်လာမည် မဟုတ်ပါ။ ယာဉ်ကြီးမှ ယာဉ်ငယ်မှဆိုသည့် ရုပ်ဝတ္ထုအပေါ်မှီခိုပြီး ဖြစ်ပေါ်လာသည့် အတ္တစိတ်ကြောင့် စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်တို့ကို ပျက်ကွက်ခြင်းသည် အသိဉာဏ် ကင်းမဲ့ခြင်း ပင် ဖြစ်သည်။

ထို့ကြောင့် လူအချင်းချင်း စကားပြောဆို ဆက်သွယ်ရာတွင် အားနည်းလာသောအခါ လူတို့နှင့် ဆက်စပ် ပတ်သက်ရာ ရုပ်ဝတ္ထုပိုင်းတွင်ပါ အကျိုးသက်ရောက်မှု ရှိလာပါသည်။ ကိုယ့်အမြင်၊ ကိုယ့်အယူအဆသာ အမှန်ဟု ဆုပ်ကိုင်ပြီး တစ်ဖက်သား၏ အမြင်၊ အယူအဆတို့သည် ယုတ္တိမရှိ၊ မမှန်ကန်ဟု လှေနံဓားထစ် မှတ်ယူကြသူတွေ၊ မိမိကိုယ်တိုင်က လမ်းစည်းကမ်းကို မလိုက်နာသော်လည်း တစ်ဖက်သားကို "ငါ့စကား နွားရ" ပြောဆိုတတ်သူတွေသာ "လမ်းပေါ်က လမ်းစကား"ကို အချင်းချင်း ပြောဆိုဆက်ဆံ လိုက်နာ နားလည်ကြလျှင် ယာဉ်အန္တရာယ် ကင်းဝေးရုံမျှမက လိုရာခရီးကို စိတ်ချမ်းမြေ့စွာ သွားလာနိုင်လိမ့် မည်ဟု ယုံကြည်မိပါသည်။

မြဝတီဇော်

Monday, May 14, 2012

ကြည့်ရှုစောင့်ရှောက်မှုတွေ ပေးစေချင်

  
ကျွန်မတို့ မြန်မာစကားမှာ "နှုတ်ဖြင့် စောင်မခြင်း"ဆိုတဲ့ အသုံးအနှုန်းကို အကျွမ်းတ၀င် ရှိကြမယ်လို့ ထင်ပါတယ်။ သုံးနှုန်းတဲ့ စကားလုံးအရ ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင် ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အခါ၊ ဒါမှ မဟုတ် အခွင့်အရေး မပေးတဲ့အခါ ကိုယ်တတ်စွမ်းသမျှ အတိုင်းအတာတစ်ခုအထိ ကူညီစောင့်ရှောက် မှု ပေးခြင်းလို့ အဓိပ္ပာယ်ပေါ်လွင်ပါတယ်။ ဒီလို ကိုယ်တတ်နိုင်တဲ့ အပိုင်းကနေ တပိတပိုင်း ကူညီခြင်းကို လည်း မင်္ဂလာတစ်ပါးလို့ ဆိုခွင့်ရချင်ပါတယ်။

မြန်မာ့လူမှုဓလေ့မှာ "ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား" ဆိုတဲ့ ကျင့်ဝတ် အစဉ် အလာတစ်ခု ရှိပါတယ်။ အသက်၊ ဂုဏ်၊ ၀ါ ကြီးသူများအား ရိုသေခြင်းကို ပါဠိဘာသာနဲ့ "ဂါရဝေါစ" လို့ သုံးပါ တယ်။ "နိဝါတောစ" ဆိုတာကတော့ မိမိကိုယ်ကို နှိမ့်ချခြင်း ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေဟာ မိမိထက် အသက်အရွယ်ကြီးသူများကို ရိုသေသမှုနှင့် ဦးစားပေးလေ့ ရှိကြပါတယ်။ ဒါ့အပြင် သက်တူရွယ်တူ အချင်း ချင်းကို လေးစားမှု ထားရှိကြသလို ကိုယ့်ထက် အသက်အရွယ် ငယ်သူများကိုလည်း သနားချစ်ခင် စိတ်ဖြင့် ညှာတာတတ်ကြပါတယ်။ အခက်အခဲနှင့် တွေ့ကြုံလာသူဆိုလျှင်လည်း ကိုယ်တတ်စွမ်းသမျှ ဖေးဖေးမမနှင့် ကူညီစောင့်ရှောက်မှု ပေးလေ့ရှိကြပါတယ်။ ဒါဟာ မြန်မာလူမျိုးတို့ရဲ့ ချစ်စရာ ဓလေ့ထုံးစံတစ်ခု ဖြစ်ပါ တယ်။

တစ်စုံတစ်ယောက်ကို ကြည့်ရှုစောင့်ရှောက်ခြင်းကို အင်္ဂလိပ်ဘာသာမှာ look after လို့ သုံးနှုန်းပါတယ်။ စကားစပ်မိလို့ ဗဟုသုတ အနေနဲ့ ပြောရမယ်ဆိုရင် look after ကို ကြိယာအနေနဲ့ သုံးတဲ့အခါ သိတတ်သည် လို့ အဓိပ္ပာယ်ရပါတယ်။ နောက်ဝေါဟာရတစ်ခုဖြစ်တဲ့ look at  ဆိုတာကတော့ အားလုံးသိရှိပြီးဖြစ်တဲ့ ကြည့် သည်ဆိုတဲ့ အဓိပ္ပာယ်အပြင် လေ့လာသည်၊ ရှုမြင်သည်၊ ကြည့်ရှု စစ်ဆေးသည်ဆိုပြီး ဆင့်ပွား အဓိပ္ပာယ် များနဲ့လည်း အကြောင်းကိစ္စကိုလိုက်ပြီး သုံးနှုန်းကြပါသေးတယ်။

ယနေ့အချိန်မှာ အားနည်းသူ၊ ခိုကိုးရာမဲ့သူတွေကို ဖြူစင်သန့်ရှင်းတဲ့ စိတ်ထားနဲ့ ဖေးမ ကူညီ စောင့်ရှောက်နေကြတဲ့သူတွေရှိသလို အဲဒီလို စောင့်ရှောက်မှုပေးတဲ့သူတွေကို အဖြူရောင်သက် သက်ဖြစ်တဲ့ မျှော်လင့်ချက်နဲ့ စောင့်စားနေကြတဲ့သူတွေလည်း ကမ္ဘာနဲ့အ၀ှမ်းမှာ ရှိနေပါတယ်။ မျှော် လင့်စောင့်စားခြင်းကို အင်္ဂလိပ်ဘာသာမှာ look for/ look forward ဆိုပြီး သုံးလေ့ရှိပါတယ်။ တစ်စုံ တစ်ယောက်ကို မျှော်လင့်စောင့်စားနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒါ့အပြင် လူတွေမှာ တစ်ခါတရံ မိမိ ရဲ့ရှေ့ရေးကို မျှော်တွေးကြည့်မိတာမျိုး ရှိနိုင်ပါတယ်။ အဲဒီလို ရှေ့ရေးကို မျှော်တွေးခြင်းကို look ahead လို့ သုံးနှုန်းတယ်လို့ မှတ်သားမိပါတယ်။

မိမိရဲ့ ဖြူစင်တဲ့ကရုဏာစိတ်နဲ့ အတုံ့အပြန်ကို မမျှော်လင့်ဘဲ တစ်စုံတစ်ယောက်ကို ပြုစုစောင့်ရှောက်ပေး ရတဲ့ ပီတိဟာ ဘယ်အချိန် ပြန်တွေးတွေး ကျွန်မတို့ရဲ့စိတ်ကို ချမ်းမြေ့ကြည်နူးစေတာ အမှန်ပါ။ အဲဒီ လို တွေးမိလိုက်တိုင်း ကျွန်မတို့ လက်လှမ်းမမီသေးတဲ့ နေရာက ခိုကိုးရာမဲ့သူများကို တွေ့မိတဲ့အခါ look through လို့ခေါ်တဲ့ မြင်လျက်သားနဲ့ မမြင်ယောင် မပြုကြဘဲ look after  ဆိုတဲ့ ကြည့်ရှု စောင့်ရှောက်မှုတွေကို မိမိတတ်နိုင်တဲ့ အတိုင်းအတာအလျောက် ပြုလုပ်ပေးကြစေဖို့ ရည်ရွယ်ပြီး ဒီဆောင်းပါးလေးကို ရေးဖြစ် ပါတယ်။




မြ၀တီဇော်

Sunday, May 13, 2012

သက်ရှည်ကျန်းမာ တို့ကမ္ဘာ



      လူ့လောကသို့ သက်ရှိတစ်ဦးအဖြစ် မွေးဖွားလာပြီးသည့်နောက် လူတိုင်းလူတိုင်းသည် အသက် ရှည်ရှည်နေရဖို့ မျှော်လင့်ချက် ရှိကြသည်ဟုဆိုလျှင် မှားမည်မထင်ပါ။ အသက်အရွယ် အပိုင်းအခြားအရ ငယ်ရွယ်သူကလည်း ငယ်ရွယ်သူအလျောက်၊ အသက် ကြီးရင့်သူကလည်း ကြီးရင့်သူအလျောက် ကိုယ်စီ ကိုယ်ငှ သက်ရှည်ကျန်းမာခြင်းဟူသော ဆုလာဘ်ကို ပိုင်ဆိုင်လိုကြသည်။ သက်ရှည်ကျန်းမာဖို့အတွက် လိုအပ်ချက်ဟူသမျှကိုလည်း ကျင့်သုံးလိုက်နာနိုင်ရန် ကြိုးပမ်းရှာဖွေလေ့ ရှိကြပါသည်။ ယခုအခါ ကမ္ဘာနှင့် အ၀န်းတွင် သက်ရှည်ကျန်းမာမှုသည် အလေးထားဖွယ်ရာ ဘာသာရပ်တစ်ခုအဖြစ် ထင်ရှားလျက်ရှိသည်။

      သက်ရှည်ကျန်းမာဖို့ရာ မည်သည့်အရာတွေက အထောက်အကူ ပြုပါသနည်း။ ခေတ်လူတို့သည် မိမိတို့ ၏ နေထိုင်မှုပုံစံ၊ အလေ့ အထ၊ အစားအသောက်တို့ဖြင့် လူ့သက်တမ်းကို ဆွဲဆန့်နိုင်သည်ဟု သိရှိလက်ခံ ထားကြပြီး ဖြစ်ပါသည်။ ထိုနည်းလမ်းများဖြင့် သက်ရှည်ကျန်းမာခြင်းကို အမှန်တကယ်ပင် ရယူနိုင်ပါသည်။ ရာခိုင်နှုန်းအားဖြင့်ဆိုသော် ၇၀ ရာခိုင်နှုန်းခန့် အောင်မြင်နိုင်ပါသည်ဟု ဆိုလျှင် ဤအဆိုကို လက်ခံနိုင်ကြပါ မည်လား။ ကျန်သည့်ရာခိုင်နှုန်းသည် အဘယ်ကြောင့် အငြင်းပွားဖွယ်ဖြစ်အောင် ကျန်ရှိနေရပါသနည်း။ အကြောင်းရှိပါသည်။

     လူတို့သည် နေ့စဉ်နှင့်အမျှ ပြုဖွယ်ဆောင်တာကိစ္စတို့မှာ များပြားလှပေသည်။ လူမှုကိစ္စအ၀၀တို့ဖြင့် နေ့တစ်နေ့ကို အစပြုပြီး၊ ပြေးလွှားလှုပ်ရှားနေရင်းဖြင့်ပင် တစ်နေ့တာ ကုန်ဆုံးသွားရပြန်သည်။ ဤသို့သော နေ့ရက်များစွာကို ကျော်ဖြတ်လာရသည့်အခါ အကြောင်းကိစ္စကိုလိုက်၍ လူတို့၏စိတ်မှာ ပင်ပန်းနွယ်နယ် လာရသည်။ ငြီးငွေ့မှုတွေ ကြုံလာရသည်။ စိတ်အေးချမ်းမှု နည်းပါးလာ ကြသည်။ မနက်မိုးလင်းသည်နှင့် ဆောင်ရွက်စရာအလုပ်များက တန်းစီ၍ စောင့်နေကြသည်။ တစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ပြီး သည်နှင့် နောက်တစ်ခုက အဆင်သင့် စောင့်ကြိုနေပြန်သည်။ ထိုအခြေအနေမျိုးသည် တစ်ခါတည်းနှင့် ပြီးဆုံးသွားသည်ဟူ၍ မရှိ။ တစ်နေ့ပြီး တစ်နေ့၊ တစ်ရက်ပြီး တစ်ရက်မှသည် အသက်ရှင်နေသမျှ ကာလ ပတ်လုံး အခြေအနေကိုလိုက်၍ အနည်းအများ ရှိနေဦးမည်သာဖြစ်သည်။

      အထက်တွင် ဖော်ပြခဲ့သော ကျန်ရှိနေသည့် ၃၀ ရာခိုင်နှုန်းသည် ဆိုခဲ့သော အခြေအနေများပေါ်တွင် တည်မှီနေပါသည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးတွင် စိတ်နှင့်ရုပ်ခန္ဓာတို့ မျှတစွာ ရှင်သန်နိုင်ရန် အရေးကြီးသောကြောင့်ပင် ဖြစ်ပါသည်။ ရုပ်ခန္ဓာ၏ ပြုလွယ်ပြင်လွယ်သော သဘောသည် စိတ်ခန္ဓာ၏ ကြိုးကိုင်ထိန်းချုပ်မှုပေါ်တွင် ရာနှုန်းပြည့် မူတည်သည်။ စိတ်ခန္ဓာက တွေးတောကြံစည် စေခိုင်းသမျှကို ရုပ်ခန္ဓာက ပြီးမြောက်အောင် ဆောင်ရွက်ပေးသည်။ လူတို့၏ စိတ်ခန္ဓာတွင် နာမကျန်းဖြစ်လာသည့်အခါ ရုပ်ခန္ဓာအပေါ် တိုက်ရိုက် အကျိုးသက်ရောက်စေတော့သည်။ ထို့ကြောင့်ပင် လူတို့တွင် ရောဂါဘယဟူ၍ ဖြစ်ပေါ် ခံစားလာရတော့သည်။

  ဆိုလိုရင်းမှာ သက်ရှည်ကျန်းမာစေဖို့အတွက် အဓိက လိုအပ်ချက်တစ်ရပ်မှာ အကောင်းမြင်တတ်သော စိတ် ထားရှိနိုင်ရန်ပင် ဖြစ်ပါသည်။ အရာရာအပေါ် အကောင်းဘက်က တွေးတောခြင်းဖြင့် မိမိ၏စိတ်ကို ကြည်လင်သန့်စင်စေပါသည်။ အကောင်းမြင်စိတ်ထား ပိုင်ဆိုင်သူတစ်ဦးသည် အခြားသော သက်တူရွယ်တူ လူတစ်ယောက်ထက် ပို၍နုပျိုပြီး အသက်ရှည်ရှည် နေထိုင်နိုင်ကြ သည်။ အကောင်းမြင်စိတ်ကြောင့် သူ့ဘ၀သည် ရှင်သန်နေထိုင်ဖို့ရာ နှစ်သက်ဖွယ်ဖြစ်နေသည်။ သူ့အမြင်တွင် လောကကြီးသည် နရီ စည်းချက်ကျစွာဖြင့် ဖြစ်ပျက်ပြောင်းလဲနေသည်။ လောကဓံတရားသည် သူ၏ အကောင်းမြင်စိတ်ကို မဖျက်ဆီးပစ်နိုင်။ ထိုအခါ အေးချမ်းသော စိတ်အနေသည်ပင် သူ့ဘ၀၏ သက်ရှည်ကျန်းမာဖို့ရာ အကြောင်း တရား ဖြစ်နေတော့သည်။

      နိဂုံးချုပ်အားဖြင့်ဆိုသော် လူတို့နေထိုင်ရာ လောကကြီးတွင် အကောင်းမြင်စိတ်တို့ ပိုမိုတိုးပွား ပျံ့နှံ့စေ သင့်သည်။ အကောင်းမြင် စိတ်အပေါ် အခြေခံပြီး လူသားအချင်းချင်း စာနာနားလည်၊ ဖေးကူ လက်တွဲသင့် ကြသည်။ ကမ်းသောလက်နှင့် တွဲသောလက်တို့ ချိတ်ဆက်မိမိ ရှိမှသာလျှင် သက်ရှည်ကျန်းမာသော လူ့ဘောင်လောကကို တည်ဆောက်နိုင်လိမ့်မည်ဟု ယူဆမိပါသည်။




မြ၀တီဇော်