"ရင်ဖွင့်လို့ ... ကြိုနေပါ့မယ်"
တချို့တွေအတွက်
တစ်ရက်ပြီး တစ်ရက်
ဘယ်လို ကျော်ဖြတ်သွားကြသလဲ မပြောတတ်ပေမယ့်
ကိုယ့်အတွက်တော့ ...
တစ်ရက်နဲ့ တစ်ရက်
အလွမ်းနဲ့ အသက်ဆက်နေခဲ့ရတယ် ... ။
မကြာခဏ
ခွဲခွာနေခဲ့ရတာ မှန်ပေမယ့်
(အခုအချိန်ထိ)
ခွဲခွာခြင်းက
ကိုယ်နဲ့ အသားမကျသေးတာတော့
ဝန်ခံပါရစေ ... ။
လွမ်းမိတိုင်းသာ
မျက်ရည်ကျရမယ်ဆို
ကိုယ် မငိုရတဲ့နေ့ ရှိမှာ မဟုတ်တော့ဘူး ... ။
သတိရခြင်းတွေ သိုဝှက်လို့
လောကဓံကို အပြုံးမပျက် ရင်ဆိုင်ရင်း
တင်းကျပ်နေတဲ့ ခံစားချက်တွေနဲ့
အိပ်ပျက်ခဲ့ရပေါင်းလည်း များနေပါပြီလေ ... ။
ကိုယ့်စိတ်ရဲ့ စေညွှန်ရာ
လိုက်ပါနိုင်ခွင့် မရှိတဲ့ဘ၀မို့
ဘယ်သူ့ကိုမှလည်း အပြစ်မတင်ချင်တော့ပါဘူး .... ။
ဒါပေမယ့်လည်း ...
ဘ၀ပေးအသိနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်း
ခံစားချက်တွေ ခဏလေး ထုပ်သိမ်းလို့
အဝေးတစ်နေရာက မင်း
ဘေးအန္တရာယ်အပေါင်းမှ
ကင်းရှင်းပါစေလို့
ဘုရားမှာ နေ့တိုင်း ဆုတောင်းနေမယ် ... ။
ဘာပဲဖြစ်ဖြစ်
(ချစ်သူရေ ... အားတင်းထား)
အချိန်တန်လို့
မင်း အိမ်ပြန်လာတဲ့အခါ
ပင်ပန်းခဲ့သမျှ ဘ၀အမောတွေ
ပြေပျောက်စေဖို့
တို့နှစ်ယောက်ရဲ့
သံယောဇဉ်ကြိုးလေးကို
ခပ်တင်းတင်း ပွေ့ဖက်ရင်း
(မင်းကို)
ရင်ဖွင့်လို့ ကြိုနေပါ့မယ်ကွယ် ... ။
(မြ၀တီဇော်)
(ရပ်ဝေးမြေခြား ပင်လယ်လှိုင်းလေကြားမှာ မိသားစုနဲ့ခွဲပြီး အလုပ် လုပ်ကိုင်နေရတဲ့ အိမ်ဦးနတ်အတွက် ရည်ရွယ်ပြီး အမှတ်တရ ရေးဖွဲ့ပါတယ်။)
ဇော်ရဲ့ အိမ်ဦးနတ်တော့မသိဘူး စံပယ်တော့ဖတ်ပြီးကြွေဆင်းသွားတာပဲနော်
ReplyDelete