Monday, October 27, 2014

ပေးဆပ်ချစ်



တစ်ခါတလေတော့လည်း
ကြိုးစားတိုင်း မဖြစ်တဲ့ ကံတရားကို
ဟားတိုက် ရယ်ပစ်လိုက်ချင်တယ် ...။

တစ်ခါတလေတော့လည်း
နေရာတကာ အားနာတတ်တဲ့အကျင့်ကို
ကိုယ့်အားနည်းချက်လို့
သတ်မှတ်ပစ်လိုက်ချင်တယ် ...။

တစ်ခါတလေတော့လည်း
ကိုယ့်ရင်ထဲက အပူကို သိုဝှက်
ငိုချင်လျက်နဲ့ ပြုံးနေရတဲ့ဘ၀ကို
မုန်းတီးပစ်လိုက်ချင်တယ်...။

..................................
..................................
..................................


ရင်ထဲက နာကျင်နေတဲ့ ဒဏ်ရာ
ဖန်တစ်ရာတေအောင်
ခံစားရပေမယ့်လည်း
အမှတ်မရှိတဲ့ နှလုံးသားက
(မင်းအတွက်ဆို)
အရှုံးပေးချင်တုန်းပဲ .... ။







 < မြ၀တီဇော် >
    3း 13 PM
    27/10/2014









Tuesday, October 21, 2014

လူတချို့အကြောင်း



လူတချို့ ရှိတယ် ...
ကိုယ်တိုင်က မပြည့်စုံပေမယ့်
သူတစ်ပါးရဲ့ လိုအပ်ချက်၊ အားနည်းချက်တွေကို
စောင့်ကြည့် ဝေဖန်ဖို့ အသင့်ရှိကြတယ်။

လူတချို့ ရှိတယ် ...
ကိုယ်နဲ့ ဆိုင်ဆိုင်၊ မဆိုင်ဆိုင်
သူတစ်ပါးရဲ့ အရေးအရာ ကိစ္စတွေမှာ
တတ်ယောင်ကားလုပ်ပြီး
အပြစ်ဆိုတတ်ကြတယ်။

လူတချို့ ရှိတယ် ...
ကိုယ့်ရဲ့ လိုအင်တွေအတွက်
သူတစ်ပါးရဲ့ ဘ၀တွေကို
ခပ်လွယ်လွယ် နင်းချေပစ်တတ်ကြတယ်။

အဲဒီလိုပဲ ...

လူတချို့ ရှိတယ် ...
ကိုယ့်လောက် မပြည့်စုံသူနဲ့ ကြုံတွေ့ရပေမယ့်
ကိုယ်နဲ့ တန်းတူထားပြီး
အခင်မပျက် ဆက်ဆံတတ်တယ်။

လူတချို့ ရှိတယ် ...
ကိုယ်နဲ့ မဆိုင်တဲ့
သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ
ဝေဖန်ပြောဆိုဖို့
ရှောင်ရှားတတ်ကြတယ်။

လူတချို့ ရှိတယ် ...
ကိုယ့်ရဲ့ လိုအင်အတွက်နဲ့
သူတစ်ပါးကို မကောင်းဆိုဖို့
နှုတ်က မထွက်ရဲတဲ့သူတွေ ရှိတယ်။

တကယ်တော့ လူတချို့က သင်ထင်သလောက် မတုံးအကြပါဘူး။ သူတို့ သင့်ကို မတုံ့ပြန်တာက သင့်ကို ကြောက်လို့၊ သတ္တိမရှိလို့ မဟုတ်ပါဘူး။ တစ်နေ့ သင့်ကို သင်ပြုတဲ့ မကောင်းမှုတွေက ဒဏ်ပြန်ခတ်မှာကို သိနေလို့ပါ။

(မြ၀တီဇော်)
21/10/2014