Thursday, February 21, 2013

နေခြည်အောက်မှာ လမ်းပျောက်သူ



ဒီနေ့ ကျွန်မ ရုံးသို့အလာ လမ်းမှာ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ပါတယ်။ အဲဒီသူငယ်ချင်းက ကျွန်မ တို့ သူငယ်ချင်း ခုနစ်ယောက်ထဲမှာ အငယ်ဆုံး ဆိုပါတော့။ သူက ကျွန်မနဲ့ ငါးတန်းကတည်းက ခင်မင်လာခဲ့ ကြတာပါ။ သူနဲ့ကျွန်မ မတွေ့ဖြစ်ကြတာ နှစ်နှစ်နီးပါးလောက် ရှိနေပါပြီ။ ဒါကြောင့် တွေ့တုန်းတွေ့ခိုက် သာကြောင်းမာကြောင်း စကားပြောဖြစ်ကြပါတယ်။ အဲဒီမှာ သူငယ်ချင်းက အခု သူအလုပ်သစ်တစ်ခု ဝင် လုပ်နေပြီ ဆိုတဲ့အကြောင်း၊ သူ့အတွက် အရမ်းပင်ပန်းကြောင်း၊ သူ့မှာ အစာအိမ်ရောဂါ ရှိတာကြောင့် ရုံးမှာ စည်းကမ်းအရ အချိန်နဲ့ ထမင်းစားရတဲ့အခါ သူ့ဗိုက်က နေ့စဉ်ရက်ဆက်ဆိုသလို အောင့်နေရကြောင်း၊ သူ အခုလို အစာအိမ်ရောဂါ ခံစားနေရတာကြောင့် စိတ်ဆင်းရဲလွန်းလို့ သူငယ်ချင်းတွေအားလုံးထဲမှာ သူပဲ အရင်သေမှာဖြစ်ကြောင်း စသဖြင့် စောစောစီးစီး ရေပက်မဝင် ပြောဆို ညည်းတွားပါတော့တယ်။ ကျွန်မ လည်း သူ့ကို နှစ်သိမ့်စကား ပြောပြီး ကျွန်မရဲ့ ဖုန်းနံပါတ်ကို ပေးလိုက်ကာ နှုတ်ဆက်ပြီး ရုံးကို လာခဲ့ပါတယ်။

 ရုံးကို ရောက်တော့ ကျွန်မရဲ့စိတ်က သူ့အကြောင်းကိုပဲ တွေးမိနေပါတော့တယ်။ အဲဒီ သူငယ်ချင်းလေးဟာ ငယ်စဉ်တုန်းက ထက်မြက်သွက်လက်သလို စာလည်း တော်တဲ့သူပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ သူနဲ့ ဆုံဖြစ် တိုင်း သူ့မှာ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာ၊ စိတ်မချမ်းသာစရာတွေနဲ့ အမြဲပြည့်နှက်နေတယ်လို့ သူက ပြော ပါတယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က သူ အိမ်မပြောင်းခင် ကျွန်မအိမ်ကို သူ ညတိုင်းနီးပါး လာလည် တတ်တယ်။ အဲဒီအချိန်တွေတုန်းက သူပြောပြတာတွေက သူ့မှာမှ ရောဂါတစ်ခုမဟုတ် တစ်ခု ဖြစ်နေတဲ့ အကြောင်း၊ အဲဒီအတွက်လည်း သူ့မှာ ဆေးခန်း ခဏခဏ သွားရကြောင်း၊ သူ သွားပြနေကျ ဆေးခန်းက ဆရာဝန်က သူခံစားရတာတွေ ပြောပြတာကို ဆုံးအောင်ပင် နားမထောင်ဘဲ စိတ်ကို အေးအေးထားပြီး အိပ်ရေးဝဝ အိပ်ဖို့သာ ပြောကြောင်း၊ ဆရာဝန် ပေးတဲ့ဆေးတွေက သူခံစားနေရတဲ့ ဝေဒနာနဲ့ မဆိုင်ဘူး ဆိုတာ သူသိကြောင်း၊ သူ့မှာ အစာအိမ်ရောဂါရှိတယ်လို့ သူပြောတာကို ဆရာဝန်က မဟုတ်ဘူး၊ အဆာလွန် လို့ ဖြစ်တတ်တဲ့ ဗိုက်အောင့်တာမျိုးပဲလို့ပြောပြီး သူပြောတာကို ဂရုမစိုက်ကြောင်း၊ အဲဒါကြောင့် သူ ဆေးခန်း ကိုလည်း သွားမပြချင်တော့ကြောင်း၊ သူ အလွန် စိတ်ညစ်ရကြောင်း စသဖြင့် ရှည်ရှည်လျားလျား တစ်နေ့ တစ်မျိုး မရိုးရအောင် ညည်းတွား ပြောပြပါတယ်။

အဲဒီအချိန်တုန်းက သူပြောသမျှ ကျွန်မ နားထောင်ပေးပြီး သူ့ကို ပြေရာပြေကြောင်း နှစ်သိမ့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မ ဘယ်လိုပဲ နှစ်သိမ့်ပေးခဲ့ပေမယ့် သူက လက်မခံခဲ့ပါဘူး။ သူ့အတွေးထဲမှာ သူ့ဘဝအပေါ် အဆိုးမြင်စိတ်တွေ များနေတာ ကျွန်မ သတိထားမိခဲ့ပါတယ်။ ကျွန်မက သူ့ကို -

"နင်ကလဲဟာ၊ ငါတို့လည်း လူပင်ပန်းတာတွေ၊ စိတ်ပင်ပန်းတာတွေ ဖြစ်တတ်တာပဲ၊ ငါတို့ဆို တစ်နေ့တစ်နေ့ ရုံးအသွားအပြန် လိုင်းကား တိုးစီးနေရတာ ဘယ်လောက် ပင်ပန်းသလဲ၊ ဒါပေမယ့် ငါ ပျော်တယ်။ ဘာဖြစ် လို့လဲ သိလား၊ ကိုယ့်အားကိုယ်ကိုးပြီး ရှာရတဲ့ငွေကို သုံးနိုင်တာ အရမ်း စိတ်ချမ်းသာစရာ ကောင်းတယ်ဟ။ ငါဟာ ကိုယ့်ခြေကိုယ့်လက်နဲ့ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လိုချင်တာ မှန်သမျှ ဖြစ်အောင် လုပ်နိုင်တယ်ဆိုတဲ့ အရည်အချင်းမျိုးရှိတယ်ဆိုပြီး ဂုဏ်ယူနိုင်တယ်လေ။ ငါကတော့ နင့်ကို အဲဒီလို စိတ် ဓာတ်မျိုး ထားစေချင်တယ်ဟာ"

အဲဒီလို ကျွန်မ သူ့ကို အားပေးစကား ပြောခဲ့ဖူးပါတယ်။ သူကတော့ ကျွန်မပြောတဲ့စကားကို လက်မခံနိုင်ခဲ့ပါ ဘူး။ သူက သူ့ကိုယ်သူ ယုံကြည်မှုမရှိဘူး ဖြစ်နေပါတယ်။ သူဘာလုပ်လုပ် မဖြစ်နိုင်ဘူး၊ သူ့မှာ အစာ အိမ် ရောဂါရှိတယ်၊ သွေးအားနည်းရောဂါရှိတယ်ဆိုပြီး တစ်ခုခုကို စ,မလုပ်ခင်မှာပဲ သူက ကြိုတင် ငြင်းပယ် တတ်ခဲ့ပါတယ်။ သူပြောတဲ့စကားတွေကို နားထောင်ပြီးတိုင်း ကျွန်မရဲ့စိတ်တွေ မွန်းကျပ်လာ စမြဲပါပဲ။

တစ်ခါကလည်း သူအလုပ်တစ်ခု ဝင်လုပ်တယ်ကြားလို့ ဝမ်းသာသွားပါတယ်။ ဒါပေမဲ့ အလုပ်ဝင်ပြီး နှစ်ပတ် အကြာမှာပဲ အလုပ်ထွက်ပြန်သတဲ့။ ဘာဖြစ်လို့တုန်းလို့ မေးတော့။ သူအလုပ်လုပ်ရတဲ့နေရာက Air Con: လေ တည့်တည့်ကျလို့ အရမ်းအေးတယ်တဲ့။ အဲဒါကြောင့် သူ့မှာ တစ်နေ့တစ်နေ့ နှာချေလိုက်၊ ချောင်း ဆိုးလိုက်၊ ဖျားလိုက်နဲ့မို့ သူက သူရုံးရောက်ပြီဆိုတာနဲ့ Air Con: ကို ပိတ်ပစ်လိုက်တယ်တဲ့။ အဲဒီမှာ သူနဲ့ တစ်ခန်းတည်း အလုပ်လုပ်ရတဲ့သူတွေက ကြာတော့ ငြိုငြင်လာတာပေါ့လေ။ နောက်တစ်ခုက သူက ရုံးရောက်ပြီ ဆိုတာနဲ့ အရင်ဆုံး ထမင်းဖွင့်စားတော့တာပဲတဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူက အဆာလွန်ရင် ဗိုက်အောင့်မယ်၊ ဗိုက်အောင့်တာ ကြာလာရင် သူ့အစာအိမ်ရောဂါ ပြန်ဖြစ်လာမယ်၊ အဲဒါဆို သူ ထပ်ပြီး ဆေး ခန်းသွားရမယ်၊ သွားရင် ငွေကုန်မယ်၊ သူလည်း အစားအသောက် စားချင်တိုင်း စားလို့မရတော့ဘူးဆိုပြီး ... သူ့အတွေးနဲ့သူတော့ သူ့ကိုယ်သူ ဂရုစိုက်တာပေါ့လေ။ ကျန်တဲ့သူတွေအတွက်တော့ အများ လိုက်နာရမယ့် စည်းကမ်းတွေကို သူတစ်ယောက်တည်းက ချွန်ထွက်ပြီး အခွင့်အရေးယူသလို ဖြစ်နေတော့ ပြောလာ ကြတော့တာပေါ့။ အဲဒါနဲ့ပဲ အဲဒီအလုပ်က ထွက်ခဲ့တယ်ဆိုပါတော့။

တကယ်တော့ ကျွန်မ သူငယ်ချင်းလေးက သူ့ကိုယ်သူ ယုံကြည်စိတ်ကလည်း မရှိ၊ သာမန်လူတွေလို သွား လာ လှုပ်ရှားဖို့လည်း သူက အပင်ပန်း မခံချင်၊ အဆိုးဆုံးကတော့ သူ့ကိုယ်သူ အလွန်အမင်း ညှာတာတတ် တဲ့စိတ် ရှိတာပါပဲ။ အဲဒီလိုဆိုတော့ အများနည်းတူ လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း သူက မသိလိုက် ဘဲနဲ့ ချိုးဖောက်မိတယ်။ အများနဲ့ လိုက်လျောညီထွေဖြစ်အောင်လည်း သူ့ကိုယ်သူ မပြင်ချင်ဘူး။ သူ့ခံစား ချက်၊ သူ့အယူအဆကသာ မှန်တယ်၊ သူများတွေက သူ့ကို အကြံဉာဏ်ပေးတာဟာ သူ့ကို ကိုယ်ချင်းမစာလို့ ဆိုတဲ့ အနုတ်သဘောဆောင်တဲ့ အတွေးတွေ တွေးမိလာတော့တယ်။

ခက်နေတာက သူ့အတွက် အကြံဉာဏ်ပေးသူကို သူက အကောင်း မထင်တာပါပဲ။ သူ့စိတ်ကို သက်သာရာ ရပါစေတော့ဆိုတဲ့ စိတ်နဲ့ ဒီလို ဝေဒနာမျိုးဆိုတာ လူတိုင်း ဖြစ်တတ်တယ်၊ အခန့်မသင့်လို့ တစ်ခါ ဖြစ်ခဲ့ပြီး ရင်လည်း ခဏ ခဏ ပြန်ပြန်ဖြစ်နေတာမျိုး မဟုတ်ဘူး။ နောက်ပြီး ဗိုက်အောင့်တိုင်း အစာအိမ်ရောဂါ မဟုတ်သလို၊ ခေါင်းကိုက်တိုင်း Brain Tumor မဖြစ်နိုင်ဘူး။ ဇက်ကြောတက်၊ ခြေထောက်တွေ ညောင်းတိုင်း ကျီးပေါင်း မဟုတ်သလို တစ်ခါတလေ ခြေချော်လဲရုံနဲ့ အရိုးပွရောဂါကြောင့် မဟုတ်ဘူးလို့ ရှင်းပြရပါတယ်။ ဒီလို ရှင်းပြတိုင်းလည်း သူက -

"နင်မသိပါဘူးဟာ၊ နင်တို့က ခံနိုင်ရည်ရှိတဲ့ လူတွေဟ။ ငါက အစာအိမ်အောင့်ဖူးလို့ ဗိုက်အောင့်တာနဲ့ ဒါ အစာအိမ်က အောင့်တာလား၊ လေထိုးလို့ အောင့်တာလားဆိုတာ သိပြီးသား။ နောက်ပြီး နင်တို့က အမြဲတမ်း သွားလာနေကျဆိုတော့ တော်ရုံတန်ရုံရောဂါဖြစ်လည်း ခံနိုင်တယ်။ ငါက အိမ်မှာပဲ အမြဲနေတဲ့လူ၊ ဟိုသွားဖို့ ဒီလာဖို့ကျတော့လည်း မောတယ်ဟ။ နင်တို့ မသိပါဘူးဟာ၊ ငါ ခံစားရတာ ငါပဲသိတယ်"

ဆိုပြီး ပေကတ်ကတ် ချေပတတ်ပါသေးတယ်။ အဲဒီလိုနဲ့ပဲ သူငယ်ချင်းလေးဟာ ကျွန်မတို့ သူငယ်ချင်းတွေနဲ့ တဖြည်းဖြည်း အနေဝေးမှန်းမသိ ဝေးလာပါတော့တယ်။ ကျွန်မတို့တတွေလည်း သူငယ်ချင်း တစ်ယောက်ယောက်နဲ့ ဆုံလိုက်တိုင်း သူ့အကြောင်း မေးဖြစ်၊ ပြောဖြစ်ကြတယ်။ ဒါပေမဲ့လည်း အလုပ် ကိုယ်စီနဲ့ဆိုတော့ အားလုံး ဆုံဖို့ဆိုတာ ထင်သလောက် မလွယ်ကူခဲ့ပါဘူး။

ဒါကြောင့် သူနဲ့ ပြန်ဆုံရတဲ့အချိန်လေးမှာ ဘယ်လိုပဲဖြစ်ဖြစ် သူ့ဆီက ရွှင်လန်းတက်ကြွဖွယ်ရာ၊ ဝမ်းသာ ကြည်နူးဖွယ်ရာ စကားသံလေးတွေကိုသာ ကြားရဖို့ မျှော်လင့်ခဲ့မိပါတယ်။ သူ ရယ်မောပျော်ရွှင်နေတဲ့ပုံ ကို မြင်ချင်ခဲ့မိပါတယ်။ သူ့ကို လူငယ်တစ်ယောက်အနေနဲ့ လောကကြီးကို ရဲရဲရင့်ရင့် ရင်ဆိုင်စေချင်မိ ပါတယ်။ ဒါဟာ ကျွန်မရဲ့အတ္တ ဆိုရင်လည်း သူ့ကို ချစ်ခင်လို့ဖြစ်ရတဲ့ အဖြူရောင်အတ္တပဲ ဖြစ်ပါလိမ့်မယ်။

သူ့ကို နှုတ်ဆက်ပြီး ကျောခိုင်းလျှောက်လာတဲ့အခါ ကျွန်မ ရင်ထဲမှာ အမျိုးအမည် မခွဲခြားနိုင်တဲ့ ခံစားချက် တစ်ခု ဝင်ရောက် ဖိစီးလာပါတယ်။ ဒီခံစားချက်ကို အနီးစပ်ဆုံး အဓိပ္ပာယ်ဖွင့်ရရင်တော့ ကျွန်မဟာ ကိုယ့် ကိုယ်ကိုယ် တာဝန်မကျေသူတစ်ယောက်လို ခံစားရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့ ငယ်သူငယ် ချင်းလေးတစ်ယောက်ကို စိတ်ချမ်းသာ ပျော်ရွှင်နိုင်အောင် ကျွန်မအနေနဲ့ ဘာတစ်ခုမျှ ကူညီနိုင်ခွင့် မရလို့ ပါပဲ။ ဒါပေမယ့် အခုအချိန်မှာ ကျွန်မ တတ်နိုင်တာတစ်ခုကတော့ တစ်နေ့နေ့မှာ ကျွန်မရဲ့သူငယ်ချင်းမလေး ရှုပ်ထွေးနေတဲ့ အတွေးဆိုးတွေရဲ့ အရိပ်အောက်ကနေ ရုန်းထွက်လာနိုင်ပြီး တောက်ပတဲ့ အနာဂတ်နေ့ ရက်တွေကို ရဲရဲရင့်ရင့် ဖန်တီး ထုဆစ်နိုင်သူတစ်ယောက် ဖြစ်ပါစေလို့ ပင့်သက်ကို အသာရှိုက်ရင်း တိတ်တခိုး ဆုတောင်းမိရုံမှတစ်ပါး ... ... ... ... ။



စာဖတ်သူအားလုံးကို ခင်မင် လေးစားလျက်

မြဝတီဇော် 




Tuesday, February 19, 2013

ဝေးကွာခြင်းဖြင့် ဖွဲ့နှောင်သော



အနက်ရောင် ကြွေမတ်ခွက်လေးထဲသို့ ကော်ဖီမှုန့်တစ်ဇွန်း ထည့်လိုက်သည်။ ပြီးတော့ သကြားတစ်ဇွန်း ခွဲနှင့် ကော်ဖီမိတ် နှစ်ဇွန်းထည့်လိုက်သည်။ ပြီးနောက် ရေနွေးကို မတ်ခွက် တစ်ဝက်သာသာ ထည့်ကာ ဇွန်းကလေးဖြင့် အသာမွှေလိုက်သည်။ ခဏကြာ မွှေပြီးချိန်မှာတော့ အငွေ့တထောင်းထောင်းနှင့် မွှေး ပျံ့လတ်ဆတ်သည့် ကော်ဖီရနံ့က ကိုယ့်ပတ်ဝန်းကျင်တွင် ဝေ့ဝဲသွားတော့သည်။ ကော်ဖီခွက်လေးကို ယူပြီး စာကြည့်စားပွဲတွင် ထိုင်လိုက်သည်။

ထို့နောက် ကော်ဖီခွက်လေးကို အသာချကာ ဖတ်လက်စ ဘာသာရပ်စာအုပ်ကို ဆွဲယူလိုက်သည်။ စာအုပ် ကို ဖွင့်ကာ ကော်ဖီတစ်ငုံ ကောက်မော့လိုက်စဉ်-

"ကော်ဖီသောက်နေပြန်ပြီလား၊ ပြီးရင် ရင်တုန်တယ်တွေ ဘာတွေ အသံမကြားချင်ဘူးနော်"

ဆိုတဲ့အသံကို ကြားလိုက်ရသည်။ အယောင်ယောင် အမှားမှားနှင့် ဘေးဘီကို ဆတ်ခနဲ လှည့်ကြည့် လိုက်တော့ ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ အရာဝတ္ထုအားလုံးက နေသားတကျ တိတ်ဆိတ် ငြိမ်သက် လျက်။ မဟုတ်သေးပါဘူး။ ခေါင်းကို ရမ်းပစ်လိုက်ပြီး အသိစိတ်ကို ပြန်လည် စုစည်းလိုက်သည်။ ငါ နားကြား မှားနေတာပဲ။ ကိုယ့်အနားမှာ သူမရှိဘူးဆိုတဲ့ အမှန်တရားက ဦးနှောက်ထဲ မှာ ပြက်ပြက်ထင်ထင် ပေါ်လာ သည်။ သက်ပြင်းတစ်ချက် ရှိုက်လိုက်ရင်း ဖတ်မည်ဟု ဖွင့်ထားသော စာအုပ်ကို စိတ်မှတ်မဲ့ ပြန်ပိတ်လိုက် မိသည်။

ဒီလိုပါပဲလေ။ ကိုယ့်ဘဝမှာ ဘာကိုပဲလုပ်လုပ် သူ့အရိပ်နဲ့ ကင်းကွာတယ်ဆိုတာ ရှိမှ မရှိခဲ့သည်ပဲ။ တစ်ခါ တုန်းကတော့ နေရာတကာ သူက လွှမ်းမိုး ချုပ်ချယ်လွန်းသည်ဆိုပြီး စိတ်ညစ်ဖူးခဲ့သည်။ တကယ်လည်း ကိုယ်ဘာပဲလုပ်လုပ် သူက စိတ်တိုင်းမကျတတ်ခဲ့။ ပြီးတော့ ကိုယ်တို့နှစ်ယောက်က အကြိုက်ချင်းက လုံးဝ မတူကြ။ ကိုယ်က လက်ဖက်ရည် ပေါ့ဆိမ့်ကို အချိန်ရလျှင် ဆိုင်မှာထိုင်ပြီး ဇိမ်နဲ့ စိမ်ပြေနပြေ သောက်ချင် တတ်သူ၊ သူကတော့ လက်ဖက်ရည်ဆိုင် ထိုင်ရတာ အင်မတန်မုန်းသူ။ ဒါကြောင့် ကိုယ်က အိမ် မှာ ကော်ဖီလေးနဲ့ အစားထိုး သောက်ပြန်တော့ သူက ကိုယ့်ကျန်းမာရေးအရ ကော်ဖီနဲ့မတည့်ဘူးလို့ ဆရာဝန်က ပြောဖူးတာကို အကိုးအကားပြုပြီး မသောက်စေရအောင် တားမြစ်တတ်သည်။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေး။ မနက်စောစော အဆာပြေစာကို ကိုယ်က ထမင်းတွေ ဘာတွေ သိပ်မစားတတ်။ သူ ကတော့ မနက် ၇ နာရီခွဲလောက်ဆိုလျှင် ထမင်းစားပွဲမှာ အကျအန ထိုင်ပြီး ထမင်းနှင့်ဟင်းကို မြိန်ရှက်စွာ စားတတ်သူ။ ဒါကြောင့်ပင် သူနဲ့ကိုယ်နဲ့ကြားမှာ မကြာခဏဆိုသလို အဆီအငေါ် မတည့်တတ်။

နောက်တစ်ခု သူနှင့်ကိုယ် အကြိုက်ချင်း ကွဲပြားတာက ကိုယ်က သီချင်းနားထောင်လျှင် အသံ ခပ်တိုးတိုး ဖွင့်ပြီး အေးအေးငြိမ်ငြိမ် နားထောင်ရတာကို ကြိုက်သည်။ သူကတော့ ဆူညံပေါက်ကွဲ ဝုန်းဒိုင်းကြဲသည့် သီချင်းတွေကို နားထောင်တတ်သလို စိတ်လိုလက်ရ ရှိသည့်အခါ ကိုယ်ပင် လိုက်မမီနိုင်အောင် ဘိုးတော် ဘုရားခေတ်က သီချင်းတွေကို ဖွင့်ပြီး တခုတ်တရ နားထောင်တတ်သေးသည်။ ဒါကြောင့်ပင် သူ့ကို ကိုယ်က နာမည်တစ်ခု တိတ်တိတ်ပေးထားသည်။ "မီးစ တစ်ဖက်၊ ရေမှုတ်တစ်ဖက်နဲ့ လူ"လို့။

တကယ်တမ်း တွေးကြည့်မိတော့ သူနှင့်ကိုယ်က မတည့်အတူနေလို့ ပြောရမည် ထင်သည်။ ကိုယ်နှစ်သက် တာတွေကို သူက ခံစားလို့မရ။ သူ့အကြိုက်တွေက ကိုယ်နှင့် လားလားမျှ မဆိုင်။ ဒါပေမယ့် သူနှင့်ကိုယ် ဘယ်လောက်ပင် အကြိုက်ချင်း မတူညီသော်လည်း တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် နားလည် မှုတွေနှင့် ခရီးဆက်လာကြသည်မှာ ခုဆိုလျှင် ငါးနှစ်ပြည့်တော့မည်။ မှတ်မှတ်ရရ သည်ငါးနှစ်တာ အတော အတွင်းမှာ သူနှင့်ကိုယ် တစ်မိုးတည်းအောက်မှာ အတူရှိနေရချိန်က သုံးနှစ်ပင် မပြည့်။ ကိုယ့်ရဲ့ ဘဝပေး ကုသိုလ်ကံကြောင့် နှစ်ယောက်သား တစ်နေရာစီ ရှင်သန်နေထိုင်ကြရသည်မို့ အခါအခွင့်သင့်ခိုက်မှာ အတူ ဆုံရချိန်ကလေးတွေက ကိုယ့်အတွက်တော့ ရွှေထက် အဖိုးထိုက်တန်သည်။ တစ်ခါတစ်ရံ ကိုယ့်ဘာသာ စဉ်းစားမိသည်။ ကိုယ်တို့လို အခြေအနေမျိုးကို တခြားသူတွေ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေကြသည် လဲဟု သေချာမသိသော်လည်း ကိုယ်တို့နှစ်ယောက်အတွက်တော့ ကြာလေလေ၊ ရင်ထဲက ဒဏ်ရာတွေက ပိုလို့ တိုးလာလေ ဖြစ်တော့သည်။

အခုလည်း ကိုယ်တစ်ယောက်တည်း အထီးကျန်နေချိန်မှာ သူနဲ့အတူ ကုန်ဆုံးခဲ့ဖူးတဲ့ အချိန်များက ကိုယ့် ကို ခြောက်အိပ်မက်တစ်ခုလို ခံစားနေရသည်။ မနက်မိုးလင်းသည်မှ ညနေမိုးချုပ်သည်အထိ ကိုယ့်အတွေး တိုင်းမှာ သူ့ပုံရိပ်တွေက တရစ်ဝဲဝဲ ထင်ဟပ်လို့နေသည်။ တကယ်ဆိုလျှင် ဝေးကွာခြင်းက လူနှစ်ယောက် အတွက် အတိုင်းအတာတစ်ခုအထိ တည်ငြိမ်ရင့်ကျက်စေသင့်သည် မဟုတ်ပါလား။ ကိုယ့်တစ်ယောက် တည်းရဲ့ ခံစားချက်ဖြင့် ဝေးကွာခြင်းကို အဓိပ္ပာယ် ဖွင့်ဆိုရမည်ဆိုလျှင်တော့ ဝေးကွာခြင်းဆိုတာဟာ စိတ် ချင်း နီးစပ်သူတွေအတွက်တော့ ဘယ်လောက်ပဲ ရေမြေခြားနေပါစေ  နှလုံးသားရဲ့ လက်တစ်ကမ်းမှာ၊ မသိ စိတ်ရဲ့ အထိအတွေ့မှာ၊ ညဥ့်လယ်ယံရဲ့ အိပ်မက်ထဲမှာ အမြဲတမ်း ရစ်ပတ်နှောင်ဖွဲ့နေမယ့် မမြင်နိုင်တဲ့ ကြိုး တစ်ချောင်းလို့သာ ဆိုချင်ပါတော့တယ်။




[ဒီတလောအတွင်းမှာ ကျွန်မ စာတွေ သိပ်မရေးနိုင်ဘူး ဖြစ်နေပါတယ်။ အဲဒီအတွက်လည်း စာဖတ်သူများကို အနူးအညွတ် တောင်းပန်ချင်ပါတယ်။ ဘာရယ်လို့ မဟုတ်ပါဘဲ စိတ်က စုစည်းလို့မရ ဖြစ်နေပါတယ်။ ဒါကြောင့် ဒီပို့စ်လေးကိုလည်း စိတ်ထဲမှာ ခံစားနေရတဲ့အတိုင်း ချရေးမိကြောင်း ဝန်ခံလိုပါတယ်ရှင်။ သည်းခံ ဖတ်ပေးကြတဲ့အတွက် ကျေှးဇူးပါရှင်။]




စာဖတ်သူအားလုံးကို ခင်မင် လေးစားလျက်

မြဝတီဇော်


Thursday, February 7, 2013

နှလုံးသားချည်တိုင်


ခေတ်သည် အရှိန်အဟုန်နှင့် စီးဆင်းနေ၏။ ထိုအရှိန်အဟုန်နှင့် စီးဆင်းနေသော ခေတ်တွင် လူလားမြောက် လာရသူတို့သည်လည်း ထိုခေတ်ရေစီးကြောင်းနှင့်အတူ လိုက်ပါ စီးဆင်းနေကြရ၏။ ခေတ်၏ ပြောင်းလဲ လာမှု သရုပ်များတွင် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်မှုများ လျင်မြန်စွာ ဖြစ်ထွန်းလာသလို မသိမသာ ဆုတ် ယုတ်လာရသည့် လူမှုအသွင်အပြင်များလည်း ရှိပါသည်။

ယခင်ခေတ်များကဆိုလျှင် အိမ်ထောင်စုတစ်ခုတွင် အိမ်ထောင်ဦးစီး အမျိုးသားတစ်ယောက်တည်း အလုပ် ရှိရုံဖြင့် မိသားစုတစ်ခုလုံးကို ဝလင်အောင် ကျွေးမွေး ဆင်ယင်နိုင်၏။ ယခုတော့ဖြင့် အိမ်ထောင်စုဝင် မိသားစုများအားလုံး ကိုယ်စီကိုယ်ငှ အလုပ်လုပ်မှ စားသောက်နေထိုင်နိုင်သည့် အခြေအနေ ဖြစ်သည်။ ယခင်ခေတ်များက နံနက်မိုးလင်း အလုပ်လုပ်ပြီး အိမ်ပြန်လာသည့်အခါ မိသားစုနှင့် အတူတကွ လက်ရေ တစ်ပြင်တည်း ညစာစားချိန်များ ရှိသလို မိသားစုဝင်များနှင့် ရောက်တတ်ရာရာ ဝိုင်းဖွဲ့ပြောဆိုသည့် အလေ့ အထများလည်း ရှိခဲ့သည်။ ယနေ့ခေတ်မှာတော့ မြို့ပြရဲ့ ယဉ်ကျေးမှုအရ ကိုယ်စီကိုယ်စီ နံနက်မိုးလင်း သည်နှင့် အိမ်မှ အလုပ်ရှိရာသို့ ထွက်လာကြရသည်မှာ ညနေ မိုးစုံးစုံးချုပ်မှ အိမ်သို့ ပြန်ရောက်ကြသည်။

ထိုအခြေအနေမျိုးဖြင့် အသားကျလာသောအခါ မိသားစုနှင့် ထွေထွေရာရာ ပြောချိန် နည်းသွားရသည်။ ခုနောက်ပိုင်းဆိုလျှင် ခေတ်လူသားတို့မှာ မိုဘိုင်းလ်ဖုန်းများဖြင့် ကိုယ်စီကိုယ်ငှ အချိန်ကုန်ကြသည်။ ကားစီး ရင်း၊ လမ်းလျှောက်ရင်း၊ မုန့်ဆိုင်ထိုင်ရင်း၊ ထမင်းစားရင်းနှင့်ပင် ထိုမိုဘိုင်းလ်ပစ္စည်းများနှင့် တကုပ်ကုပ် အလုပ်ရှုပ်နေကြသည်။ သို့ဖြင့်ပင် တစ်နေ့ပြီး တစ်နေ့၊ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးလာကြသည်။ ထိုအခြေ အနေ၏ အကျိုးဆက်မှာ မိသားစုဝင် အချင်းချင်း ရင်းနှီးနွေးထွေးမှုတွေ ပါးလျလာသည်။ သက်ကြီးစကား သက်ငယ်ကြား ဆိုသလို မိသားစု စကားဝိုင်း အလေ့အထလေးတွေ ပျောက်ဆုံးလာသည်။ တစ်ကိုယ်တော် ရှင်သန် နေထိုင်ရသည့် လွတ်လပ်မှုကို ခုံမင်လာကြသည်။ ဤသည်မှာ ပြောင်းလဲ ပွန်းရှလာသော လူမှု အသွင်အပြင်များပင် ဖြစ်သည်။

ထို့ပြင် လူနေမှုအဆင့်အတန်း မြင့်မားလာသည့် ယနေ့လို မြို့ပြခေတ်တွင် ခေတ်လူတို့အတွက် အရာရာ သည် သုတ်သီးသုတ်ပျာ နိုင်လာကြသည်။  နံနက် အိမ်မှ ထွက်ကတည်းက ကားမှတ်တိုင်သို့ လမ်းလျှောက် ရသည့် အချိန်မှစ၍ ကသုတ်ကရက်ဖြင့် သွားရ လာရ၊ လုပ်ငန်းခွင် ဝင်ကြရ၊ လုပ်ငန်းခွင်ထဲ ရောက်ပြန်တော့ လည်း ဦးစားပေး အလုပ်ဟူသမျှ အပြေးအလွှား လုပ်ကြရသည်။ ထိုသို့ဖြင့် ညနေစောင်းသည့်အခါတွင်တော့ တစ်နေ့တာ သွားလာလှုပ်ရှား ရုန်းကန်ခဲ့ရသမျှ မောပန်း နွမ်းလျသောစိတ်ဖြင့် လေးတိလေးကန် ခြေ လှမ်းတွေက ချည်တိုင်ရှိရာသို့ အလိုအလျောက် လှမ်းကြတော့သည်။

မည်သို့ပင် ခေတ်က တိုးတက်ပြောင်းလဲလာသည် ဖြစ်ပါစေ မပြောင်းလဲသင့်သည်မှာကား ခေတ်လူတို့ ၏  နှလုံးသားဖြစ်သည်။ လူတို့၏ နှလုံးသားတွင် ရုပ်ဝတ္ထုများအပေါ် လိုသည်ထက် ပိုပြီး မစွဲလမ်းတတ်ပါမှ၊ မိသားစုအပေါ် တန်ဖိုးထား ရင်းနှီးချစ်ခင်ကြပါမှ ချည်တိုင်ရှိရာ အိမ်ဂေဟာသည် အေးချမ်းစွာ အနားယူ ခိုလှုံနိုင်ပေမည်။ သို့မှသာ အမြန်ခေတ် လူသားတို့၏ တစ်နေ့တာ ပင်ပန်းလာသမျှ အမောဖြေရမည့် သီရိ မည်ရာ အိမ်ဂေဟာ သို့မဟုတ် နှလုံးသားချည်တိုင်ရှိရာဆီ သွက်လက်သော ခြေလှမ်းများဖြင့် အရောက် ပြန်နိုင်ကြမည် ဖြစ်ပေသည်။



စာဖတ်သူအားလုံးကို ခင်မင် လေးစားလျက်

မြဝတီဇော်

Saturday, February 2, 2013

မျက်နှာဖုံးတွေ ... မျက်နှာဖုံးတွေ


ကျွန်မတို့ငယ်ငယ်က ဘုရားပွဲဈေးတန်းမှာ တွေ့ရလေ့ရှိသည့် ဆေးရောင်စုံခြယ်ထားသော မျက်နှာဖုံးများကို ကလေးတော်တော်များများ စိတ်ဝင်စားလေ့ ရှိကြသည်။ ဆေးရောင်စုံ ခြယ်သထားသည့်အပြင် မျက်နှာ အမူ အရာမျိုးစုံရှိသော မျက်နှာဖုံးများမှာ ကလေးတို့၏အမြင်တွင် ထူးခြား ဆန်းသစ်နေသည်။ ထိုမျက်နှာဖုံးများ ထဲတွင် ပြုံးနေသော ရာမမင်းသား၏ အစိမ်းရောင် မျက်နှာဖုံးပုံနှင့် ရွှေဝါရောင်တောက်ပနေသော ညီတော် လက္ခဏ၏ မျက်နှာဖုံးပုံများက ဝယ်လိုအား အများဆုံး ဖြစ်သည်။

မျက်နှာဖုံး ရောင်းသူ၏ လက်ထဲရှိ မျက်နှာဖုံးများတွင် မျောက်မျက်နှာဖုံး၊ ဝက်ဝံမျက်နှာဖုံး၊ ယုန်မျက်နှာဖုံး၊ ကျားမျက်နှာဖုံး၊ ကျားသစ်မျက်နှာဖုံး စသည့် တောသတ္တဝါတို့၏ မျက်နှာဖုံးပုံများ ရှိသလို သူငယ်တော် မျက်နှာဖုံး၊ ဘီလူးမျက်နှာဖုံး၊ မင်းသမီး မျက်နှာဖုံး စသည့် လူပုံ မျက်နှာဖုံးလှလှလေးများလည်း ရှိသည်။ ကျွန်မတို့မောင်နှမတွေကတော့ ရာမမင်းသားပုံ မျက်နှာဖုံး၊ ညီတော်လက္ခဏပုံ မျက်နှာဖုံးနှင့် မင်းသမီးပုံ မျက်နှာဖုံးများကိုပဲ ဝယ်လေ့ရှိကြသည်။ ဝယ်ပြီးပြီးချင်းမှာပဲ ထိုမျက်နှာဖုံးများကို စွပ်လိုက်ကြပြီး ပွဲဈေး တန်း လျှောက်ကြသည်။ ဘုရားပွဲဈေး မှအပြန် စီးလာသော ကားပေါ်တွင် ကျွန်မတို့၏ မျက်နှာဖုံးများမှာ တပြောင်ပြောင် တလက်လက်နှင့်မို့ အခြားသူများက "လှလိုက်တာ"လို့ ပြောလျှင် အလွန်သဘောကျခဲ့ သည်။ ကားပေါ်က ဆင်းပြီး အိမ်ရှေ့အရောက် လမ်းလျှောက်ပြန်လာကြသည့်အခါ ညမှောင်မှောင်မှာ မျက်နှာစိမ်းစိမ်းနှင့်က တစ်ယောက်၊ မျက်နှာရွှေဝါရောင်နှင့်က တစ်ယောက်၊ ငွေမင်ရောင်မျက်နှာနှင့်က တစ်ယောက်နှင့်မို့ တစ်ခါတစ်ခါ မောင်နှမတတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကြောက် သလိုလို၊ ပျော်သလိုလို ဖြစ်ခဲ့ရတာကို အမှတ်ရနေသေးသည်။

ဟိုအရင်တုန်းကတော့ မျက်နှာဖုံးတွေမှာ ပြုံးနေသည့် ပုံကိုပဲ ပြုလုပ်လေ့ရှိကြသည်။ လူပုံပဲ ဖြစ်ဖြစ်၊ တော သတ္တဝါပုံပဲ ဖြစ်ဖြစ် အားလုံးသော မျက်နှာဖုံးတွေမှာ သန့်သန့်စင်စင် ပြည့်ပြည့်ဝဝ ပြုံးနေပုံ ပြုလုပ်ကြသည်။ ယခုခေတ်လို ကလေးများအကြိုက် ဘတ်(တ်)မင်းလို၊ ပါဝါရိမ်းဂျားလို၊ ဘာဘီလို၊ အန်းဂရီးဘတ်လို မျက်နှာ ဖုံးမျိုး မရှိ။ ယခုခေတ်လို ဆန်းပြားသော အရောင်အသွေး စပ်ဟပ်မှုမျိုး မရှိ။ ယခုခေတ်လို သက်ဝင်မှု မရှိသော၊ ခံစားမှု မရှိသော အပြုံးတုဖြင့် ဆင်ယင်ထားတာမျိုး မရှိ။ ယခုခေတ်လို ရန်လို ငြူစူသော မှုန် ကုပ်ကုပ် မျက်နှာဖုံးများ မရှိ။ ယခုခေတ်လို အပြင်ပန်း ဆေးရောင်လှပသလောက် အတွင်းတွင် အန္တရာယ် ရှိသော ဒြပ်ပေါင်းတို့  ပါဝင် ပေါင်းစပ်ထားသော အပေါစား ပလတ်စတစ်ဖြင့် ပြုလုပ်ထားခြင်းမျိုးလည်း မရှိပါ။

တကယ်တော့ မျက်နှာဖုံးဆိုသည်မှာ တစ်ခါတစ်ရံ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွက် လိုအပ်သည်။ ဘယ်လိုအခြေအနေမျိုးမှာ လိုအပ်သလဲဆိုလျှင် မိမိ၏ သောက အပူများကို တစ်ဖက်သားအား မျှဝေ မပေး ချင်သည့်အခါ၊ ကိုယ့်အပေါ် လိုအပ်လာလျှင် တစ်မျိုး၊ မလိုအပ်သည့်အခါ တစ်မျိုး ဆက်ဆံတတ်သည့် စိတ် ထား မတည်ငြိမ်သူတို့နှင့် တွေ့ကြုံရသည့်အခါမျိုးတို့တွင် မျက်နှာဖုံး သုံးဖို့ လိုအပ်သည်။ အဘယ့်ကြောင့် ဆိုသော် ထိုသို့သော လူစားမျိုးများဖြင့် တွေ့ကြုံ ဆက်ဆံရသည့်အခါ မည်မျှပင် မိမိ၏ စိတ်ရင်းဖြင့် ရိုးရိုး သားသား ပြောဆိုဆက်ဆံသော်လည်း ၎င်းတို့နှင့် စိတ်အမူအယူ တူမျှမှု မရှိသည့်အခါ ရန်သူသဖွယ် ချက်ချင်း သတ်မှတ်ပစ်လိုက်ကြပြီး ရန်စွယ်တငေါငေါဖြင့် လက်သီးပုန်း ထိုးတတ်ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် ရှေးစကားပုံများ၌ " လူ၏အကြိုက်၊ ဆယ်ခါလိုက်လည်း၊ မလိုက်တစ်ခါ၊ ရှိခဲ့ပါမူ၊ ကြီးစွာ ရန်သူ၊ စွဲမှတ်ယူ၏" ဟု လူတို့၏ အမူအကျင့်များကို သတိပေး စပ်ဆိုခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုသို့သော သူများအတွက် မျက်နှာဖုံးတစ်ခု တပ်ထားဖို့ လိုအပ်သည်။

သို့ဖြစ်၍ လူတိုင်းသည် လူတစ်ကိုယ်၊ စိတ်တစ်မျိုးရှိကြသူချည်းမို့ မိမိနှင့် အတွေးအမြင် မတူသည့်အခါ၊ စိတ်သဘောချင်း မတိုက်ဆိုင်သည့်အခါ ထိုသူကို အပြစ်တင်မနေဘဲ ထိုသူနှင့် ဆက်ဆံရသည့်အခါ "ရှဥ့် လည်းလျှောက်သာ၊ ပျားလည်းစွဲသာ" ဆိုသလို အပြုံးမျက်နှာရှိသည့် မျက်နှာဖုံးတစ်ခုကိုသာ မိမိရဲ့မျက်နှာ မှာ အစဉ်အမြဲ ချိတ်ဆွဲထားနိုင်မည်ဆိုလျှင် လူအချင်းချင်းကြားက ဆက်ဆံရေးမှာ ပဋိပက္ခများ အတိုင်း အတာတစ်ခုအထိ ငြိမ်းသွားမည်ဟု ထင်မိပါသည်။



စာဖတ်သူအားလုံးကို ခင်မင်လေးစားလျက်

မြဝတီဇော်