Thursday, June 28, 2012

အမှတ်တရ နေ့ရက်များ



".... စိန်ပန်းနဲ့ ကံ့ကော်ပွင့်တွေ ခင်းတဲ့လမ်းမှာ လျှောက်ခဲ့ဖူးပါသည် ... 
အချစ်ဆုံးရဲ့ အပြုံးအရယ်လေးတွေ စိတ်ကြည်နူးစရာ ပြန်မြင်ယောင်နေသည် ... "



အဓိပတိလမ်းကို ခြေချမိချိန် ရင်းနှီးနေသော သီချင်းတစ်ပိုင်းတစ်စကို ကြားယောင်မိသည်။ ဘေးဘီဝဲယာ ကို ငဲ့စောင်းကြည့်မိတော့ ကျောင်းဝင်းထဲက အဆောင်တချို့မှာသာ လူရိပ်လူယောင် မြင်ရသည်။ ကျောင်း ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်မှုက ကြီးစိုးနေသော်လည်း တစ်ချက် တစ်ချက် ကျေးငှက် သာရကာတို့ရဲ့ တွန်ကျူးသံနဲ့ အဆောက်အအုံတွေရဲ့ တည်ငြိမ်ခန့်ထည်မှုကတော့ ထူးဆန်းစွာပင် နွေးထွေးမှုကို ပေးလေ သည်။

ခပ်မှန်မှန် လမ်းလျှောက်လာရင်း ရှေ့တူရူက Convocation Hall ကြီးကို မြင်မိတော့ လွန်ခဲ့သော ခုနစ်နှစ်ခန့် ဘွဲ့ယူစဉ်က ဤအဆောက်အအုံကြီးရှေ့မှာ ဓာတ်ပုံရိုက်ခဲ့သည်ကို အမှတ်ရမိသည်။ ထိုစဉ်တုန်းက သြော် ...ဒီတက္ကသိုလ်နယ်မြေမှာ ပညာရင်နို့ မသောက်စို့ခဲ့ရသော်လည်း ခဏတာ ခြေချခွင့်တော့ ရခဲ့သည်လေဟု ဂုဏ်ယူ ကြည်နူးမိသေးသည်။ ဟော...ခုတော့ မထင်မှတ်ဘဲ အမိတက္ကသိုလ်ရဲ့ရင်ခွင်မှာ တစ်နှစ်တာ ခိုဝင်ဖို့ အခွင့်အရေး ဖန်လာခဲ့သည်။ ဟိုစဉ်အခါက "ရန်ကုန်တက္ကသိုလ်"မှာ ပညာသင်ကြားခဲ့ဖူးသူတို့၏ ကြည်နူး ဆွတ်ပျံ့ဖွယ် အရေးအသားတွေ၊ တမ်းတလွမ်းမောဖွယ် ချစ်ပုံပြင်တွေ၊ ချစ်သူကို "ပုဂံလမ်းက စောင့်နေ မယ်" ဆိုတဲ့ သီချင်းစာသားလေးတွေက ခုချိန်ကျမှ ပိုပြီး ခံစားသက်ဝင်မှု ရှိနေသလိုပင်။

Library ဘေးမှ လမ်းကလေးအတိုင်း ချိုးကွေ့ဝင်မည်အပြု ဘက်ဘက်ခြမ်းကို လှမ်းကြည့်လိုက်တော့ RC ကို တွေ့ရသည်။ တစ်ခေတ်တစ်ခါက ရဲရင့် ၀င့်ကြွား တက်ကြွစွာ သက်ဝင်ခဲ့ဖူးသည့် RC ကို လေးစားမြတ်နိုး မှုနဲ့ ခဏတာ ရပ်ကြည့်မိသည်။ ပြီးမှ သစ်တိုပင်များ စီစီရီရီ ပေါက်နေသည့် လမ်းကလေးသို့ ချိုးကွေ့ဝင်ခဲ့ သည်။ လမ်းကလေးတစ်လျှောက် သစ်တိုသီးများ ကြွေကျနေသဖြင့် သစ်တိုသီးရနံ့များက ၀န်းကျင်တစ် ခွင် မွှေးပျံ့နေလေသည်။

သစ်တိုပင်လမ်းကလေးမှ တည့်တည့်လျှောက်မိတော့ လမ်းကလေးအဆုံး ကုန်းလျှောအဆင်းမှာ ၀င်းခြံခတ် ထားသော အဖြူရောင် လေးထပ်အဆောက်အအုံကို တွေ့ရသည်။ ထိုအဆောက်အအုံ၏ ရှေ့ဘက် မှာ မြေနေရာအနည်းငယ် ချန်ပြီး ကားသုံးလေးစီးစာ ရပ်နားရန် ပြုလုပ်ပေးထားသည်။ အဆောက်အအုံ ၏ မြေညီထပ်မှတစ်ဆင့် ညာဘက်သို့ ချိုးကွေ့လိုက်သောအခါ အပေါ်ထပ်သို့တက်ရန် လှေခါးထစ် များကို တွေ့ရသည်။ တစ်ထစ်ချင်း ခပ်ဖြည်းဖြည်း တက်လာရာ ပထမထပ်တွင် "ကုန်ထုတ်ဓာတုဗေဒဌာန" ဟု ဆိုင်းဘုတ် ချိတ်ဆွဲထားသည်။ သို့သော် စာသင်ခန်းများသို့ ၀င်ရောက်ရာ ပင်မ သံပန်းတံခါးကို သော့ ခတ်ထားသည်ကို တွေ့ရသည်။ ဒုတိယထပ်မှာတော့ ကွန်ပျူတာသိပ္ပံ စာသင်ခန်းမရှိပြီး ကျောင်း သားကျောင်းသူအချို့ တွေ့ရသည်။ ခဏ အမောဖြေပြီး တတိယထပ်ကို ဆက်တက်လိုက်သောအခါမှ ကိုယ် တို့ တက်ရောက်ရမည့် စာသင်ခန်းသို့သွားရာ ပင်မတံခါးဝသို့ ရောက်လေသည်။ ဟိုစဉ်တုန်းကတော့ တက္ကသိုလ်ဆိုတာ ကျောင်းသားကျောင်းသူတို့၏ စီစီညံညံအသံများနှင့် စည်ကား သက်ဝင်နေမှာဖြစ်ပေမဲ့ အခု ကိုယ်တို့တက်ရောက်သည့် သင်တန်းမှာ လူဦးရေတစ်ရာ သတ်မှတ်ထားသော်လည်း တက္ကသိုလ် ဝန်းကျင်နှင့်စာလျှင် အလွန်နည်းပါးသော အရေအတွက်ဖြစ်နေသည်။ လူတစ်ရာလို့သာ ပြောရ သည်၊  ကျောင်းပရဝုဏ်နှင့်စာလျှင် ခြောက်ကပ်ကပ် နိုင်လွန်းသည်လေ။

 ညနေကျောင်းဆင်းချိန် ရောက်လျှင် စစ်ကိုင်းလမ်းမှတစ်ဆင့် ဂျက်ဆင်နောက်က လမ်းကလေး အတိုင်း ဖြတ်ထွက်ပြီး မာလာမှတ်တိုင်သို့ လျှောက်ခဲ့သည်။ အမှန်တော့ သည်လမ်းကလေးက ကိုယ့်အတွက် ပိုပြီး အဆင်ပြေသည်။ လမ်းလျှောက်ရတာ အဓိပတိလမ်းကနေ လျှောက်ရတာလောက် မဝေးသလို ကား မှတ်တိုင်နှင့်လည်း ပိုနီးသည်။ တနင်္ဂနွေ နံနက်ခင်းတွေဆို ဂျက်ဆင်ဘေးက ဖြတ်သွားတိုင်း ဘုရားကျောင်း မှ စန္ဒရားတီးသံကို သာယာနာပျော်ဖွယ် ကြားရတတ်သည်။ ဂျက်ဆင်ရှေ့ လမ်းကလေးမှ ဆက်လျှောက်မိ တဲ့အခါ သီရိဆောင်ရှေ့နားအရောက် အရောင်အသွေး စုံစုံ၊ အလှအပ အဖုံဖုံနှင့် အချောအလှကလေး များကို အဖြူနှင့် နီရင့်ရင့်အရောင် ခြယ်သထားသော သီရိဆောင်နှင့် ပဏာရစွာ တွေ့ရတတ်သည်။

 တကယ်တော့ အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ အပြေးအလွှား ကျောင်းတက်ခဲ့ရတဲ့ ကိုယ့်အတွက်တော့ တက္ကသိုလ်ကျောင်းသူဘဝဆိုတာ ဘာမှန်းတောင် မသိခဲ့ရ။ အချိန်တန်ရင် တကုပ်ကုပ်နဲ့ စာကျက်ပြီး စာမေး ပွဲကို ကတိုက်ကရိုက် ဖြေ၊ စာမေးပွဲရက် ပြီးပြီးချင်း အလုပ်ခွင် တန်းဝင်။ နေ့စဉ် ဘဝထဲမှာ လည်ပတ်။ ဒီလို နဲ့ပဲ ဖြတ်သန်းလာခဲ့ရသည်ဆိုတော့ ခုလို ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်ရတဲ့ အရသာကို စိတ်ကူးနဲ့ မှန်းဆ ရင်ခုန်မိဖူးသည်။

စာတွေထဲမှာ ဖတ်ဖူးသည့်အတိုင်း ကျောင်းဝင်းထဲမှာ ကျောင်းသားကျောင်းသူတွေနဲ့ စည်ကားသက်ဝင်နေ တဲ့ ကျောင်းတော်ကြီး၊ စာသင်ခန်းတိုင်းမှာ လူအပြည့်နဲ့ အားရကျေနပ်ဖွယ် စာသင်ချိန်တွေ၊ အတန်း ခဏ နားချိန်ဆို ကင်န်တီးမှာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည် သွားသောက်ကြ၊ လူစုံတုန်း ရှိုးထုတ်ချင်သူတွေက အမှတ်တရလို့ အကြောင်းပြပြီး ဓာတ်ပုံတွေ ရိုက်ကြ၊ တချို့က မျက်စိအစာကျွေးကြ၊ တချို့က မျက်စိကျသူ ကို မိတ်ဆွေဖွဲ့ဖို့ အားထုတ်ကြ၊ တချို့က ဝါသနာတူရာ စုပြီး စာတိုပေစ အတိုအထွာတွေ ရေးကြ၊ တချို့ ကျတော့လည်း စာကြမ်းပိုးတွေလို့ ဘွဲ့မည်ပေးရလောက်အောင် အချင်းချင်း မှတ်စုတွေ ဖလှယ်ကြ၊ စာတွေ ဆွေးနွေးကြ...အဲဒီလို တရုံးရုံးနဲ့ သွက်လက်တက်ကြွနေတဲ့ မြင်ကွင်းကို အတွေးထဲ မြင်ယောင်ပြီး အားကျ ကြည်နူးမိသည်။

လက်တွေ့ဘဝမှာတော့... မနက်စောစော Practical မှီအောင် အိမ်က နှစ်နာရီလောက် ကြိုပြီး ထွက်ရ၊ နေ့လယ်စာကို စာသင်ရာ လေးထပ်ဆောင်မှ ဆယ်မိနစ်နီးပါးလျှောက်မှ ရောက်သော ကင်န်တီးမှာ သွားစားလျှင် စားရတာနဲ့ လမ်းလျှောက်ပြီး လေးထပ် စာသင်ဆောင်ကို ပြန်တက်ရသည်မှာ မသက်သာ သဖြင့် တစ်ခါတည်း အိမ်က ထမင်းဘူးယူရ၊ စာသင်ချိန် တစ်ချိန်နှင့်တစ်ချိန် ကြားမှာ ခဏနားခိုက် နေ့လည် စာကို ကသုတ်ကရက် စားရ၊ ညနေကျောင်းဆင်းချိန်ရောက်သည်နှင့် တစ်နေ့လုံး ထိုင်ရသည်မှာ ညောင်း ညာလှသဖြင့် ဟန်ပင်မဆောင်နိုင်လောက်အောင် သိမ်းဆည်းစရာများကို ဝုန်းဒိုင်းကြဲ သိမ်းပြီး ခြေလှမ်း သွက်သွက်လှမ်းကာ အိမ်ပြန်ဖို့ ပြင်ရသည်။

သည်လိုနှင့်ပင် ရက်သတ္တတစ်ပတ်သည် ခပ်မြန်မြန်ပင် ကုန်ဆုံးသွားတော့သည်။ နောက်တစ်နေ့ ရောက် သည်နှင့် လုပ်ငန်းခွင်ကို ဝင်ရပေဦးမည်။ ဒါဟာ ကိုယ် တမ်းတ မက်မောခဲ့သော တက္ကသိုလ်ကျောင်းသား ဘဝတဲ့လား။ သို့ပေမဲ့ ကိုယ့်ကိုယ်ကိုယ် အားတင်းလိုက်သည်။ သည်ခေတ်မှာ သည်လို ကြိုးစား အားထုတ် မှုမျိုးကို လက်လျှော့လိုက်လျှင် ကိုယ့်လောက် မိုက်မဲသူ ရှိတော့မည် မထင်။ အချိန်က တရွေ့ရွေ့ ကုန် ဆုံးနေသလို ခေတ်ကလည်း လျင်လျင်မြန်မြန် ပြောင်းလဲနေသောကြောင့် သည်လောက်တော့ အပင်ပန်း ခံပြီး ကြိုးစားနိုင်မှ တော်ကာကျမည်လေ။

တစ်ခုတော့ ရှိသည်။ ကိုယ် မျှော်လင့် ရင်ခုန်မိဖူးသော တက္ကသိုလ်ကျောင်းသားဘဝသည် အခုလက်ရှိ မှာတော့ ရင်ထဲမှာပင် ဆက်လက် ရှင်သန်နေဦးမည် ဖြစ်သော်လည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ အမိတက္ကသိုလ်ရဲ့ရင်ခွင်မှာ ကြည်နူးဆွတ်ပျံ့ဖွယ်၊ တမ်းတ လွမ်းမောဖွယ် သစ်လွင်လတ်ဆတ် သည့် ကျောင်းဖွင့်ရက်များဖြင့် မျိုးဆက်သစ် လူငယ်မောင်မယ်တို့ကို တက်ကြွရွှင်လန်းစွာ တစ်ဖန် တွေ့ရ လိမ့်ဦးမည်ဟု ယုံကြည် မျှော်လင့်နေမိပါသည်။


မြဝတီဇော်






Friday, June 15, 2012

ခုနစ်သွယ်ရောင်စဉ် သက်တံပုံပြင်



 ရောင်စဉ်ခုနစ်သွယ် ယှက်ဖြာသန်းတဲ့ သက်တံခုံးကို မိုးရွာပြီးစ နေရောင်ခြည်ဖြာကျတဲ့ အခိုက်အတန့် မှာ တွေ့ဖူးကြမှာပါ။ သက်တံရောင်စဉ်တွေထဲမှာ ပါဝင်တဲ့၊ ခြားနားတဲ့အရောင်တွေရဲ့ စုစည်းအားပြိုင်မှု၊ လိုက်ဖက်ညီညွတ်မှုတွေဟာ မြင်ရသူတိုင်းရဲ့ရင်မှာ စိတ်ကြည်နူးချမ်းမြေ့မှုကို ပိုမို ရသမြောက်အောင် ဖြည့် ဆည်းပေးပါတယ်။

ဒီသက်တံမှာ ပါဝင်တဲ့ ရောင်စဉ်တန်းလေးတွေလို ကွဲပြားခြားနားတဲ့ ဘ၀အမြင်၊ မတူညီတဲ့ ၀ါသနာ၊ တစ်ခါ တစ်ရံမှာ ဆန့်ကျင်ဘက်ဖြစ်တဲ့ အမူအကျင့်လေးတွေနဲ့ စုစည်းပေါင်းစပ်ထားတဲ့ သူငယ်ချင်း ခုနစ်ယောက် အကြောင်း ပြောပြချင်ပါတယ်။ ဒီသူငယ်ချင်း ခုနစ်ယောက်က အလယ်တန်းတက်ကတည်းက တွဲခဲ့ကြတဲ့ သူတွေဖြစ်ပြီး အခု (နှစ်နှစ်ဆယ်ခန့် ကြာခဲ့တဲ့) အချိန်အထိလည်း စုစုစည်းစည်းနဲ့ အခင်အမင်မပျက် ရှိနေကြဆဲပါပဲ။ ဒီခုနစ်ယောက်ရဲ့အကြောင်းကို ပုံကြမ်း ရေးခြစ် ကောက်ကြောင်းဖော်ရရင် ...

ပထမဦးဆုံးတစ်ယောက်က "ငြိမ်း"တဲ့။ သူက ငယ်စဉ်ကတည်းက စီးပွားရေးကို စိတ်ဝင်စားပြီး ဦးဆောင် တတ်တဲ့ အရည်အချင်းရှိသူ၊ အခုလက်ရှိလည်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်နေပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့သူပေါ့။ သူ့ရဲ့ထူးခြားချက်က စကားတစ်ခွန်း စ,မပြောခင်မှာ အမြဲ ရယ်မောတတ်တဲ့အကျင့် ရှိတာပါပဲ။ သူနဲ့တွေ့တိုင်း မရယ်ဘဲ မနေနိုင်အောင် ပွင့်ပွင့် လင်းလင်း ပြောတတ်ဆိုတတ်တဲ့၊ ဟန်ဆောင်မှုကင်းတဲ့ ကောင်မလေးတစ်ယောက်ပေါ့။

 နံပါတ်နှစ်က "လင်း"တဲ့။ "လင်း"ကတော့ ရေခြားမြေခြား တိုင်းပြည်တစ်ခုမှာ ကိုယ်ဝါသနာပါရာ အလုပ်ကို လုပ်ရင်း ဘ၀ကို ပျော်မွေ့နေတဲ့သူတစ်ယောက်။ အနေအေးသလို အတွေးလည်း နက်တဲ့သူပါ။ သူငယ် ချင်းတွေအပေါ် နားလည်စာနာတတ်ပြီး ရင်ထဲက ခံစားချက်တွေကို ဘယ်တော့မှ ထုတ်မပြောတတ်တဲ့၊ လျှို့ဝှက်တဲ့ ကောင်မလေးပေါ့။ နောက်တစ်ယောက်က "သီရိ"။ သီရိရဲ့ ထူးခြားချက်က စကားအသုံးအနှုန်း ကြွယ်ဝတယ်။ လူတစ်ဖက်သား နားဝင်အောင် စိတ်ရှည်လက်ရှည်နဲ့ စီကာပတ်ကုံး ပြောတတ်တဲ့သူ။ ကြား ဖူးပြီးသား ဟာသတွေတောင် သူမို့ ပြန်ပြောပြရင် ပိုရယ်ရသလိုပဲ။ ဒါပေမဲ့ သီရိရဲ့ နောက်ထပ် ဆန့်ကျင် ဘက်ဖြစ်တဲ့ ထူးခြားချက်တစ်ခုကတော့ စိတ်ထိခိုက်လွယ်တယ်။ အပြင်ပန်းက စိတ်မာသယောင် ထင်ရပေမဲ့ အတွင်းစိတ်က အရမ်းနူးညံ့တယ်။ ၀မ်းနည်းစရာရှိရင် ဟန်မဆောင်နိုင်အောင် မျက်နှာပေါ်မှာ အရိပ်ထင် တတ်တဲ့သူ။ သူငယ်ချင်းတွေအပေါ် သည်းညည်းခံတတ်တဲ့၊ ဖြူစင်တဲ့ ကောင်မလေးပါ။

နောက်တစ်ယောက်ကတော့ "ချယ်ရီ"တဲ့။ သူက သူငယ်ချင်းခုနစ်ယောက်ထဲမှာ အသက်အငယ်ဆုံးဖြစ် သလို အချောဆုံးဆိုလည်း မမှားပါဘူး။ တစ်ခါတစ်ခါ သူ့အပြုအမူတွေက ကလေးဆန်သလိုရှိပေမဲ့ သူငယ်ချင်းတွေအပေါ်မှာ သံယောဇဉ်အကြီးကြီး ထားတဲ့သူပေါ့။ ကျန်းမာရေးကို အမြဲ ဂရုတစိုက်ရှိတဲ့သူ မို့လား မသိ။ သူမို့ အာဂန္တု ရောဂါတွေကလည်း "နင်နေ ငါသွား"ဆိုသလို တစ်ခုပျာက်ရင် တစ်ခုဖြစ်နဲ့ သံသရာလည်နေတဲ့၊ စာအသင်အပြကောင်းတဲ့ ခင်မင်စရာ ကောင်မလေးတစ်ယောက်ပေါ့။ နောက် တစ်ယောက်က "ငယ်လေး"။ သူက အခုလက်ရှိ စာပေနဲ့ပတ်သက်တဲ့ ထုတ်ဝေရေးတိုက်တစ်ခုမှာ အလုပ် လုပ်နေတဲ့၊ အမြဲ အလုပ်များနတဲ့သူပေါ့။ သူ့ရဲ့ထူးခြားချက်က အပြင်ပန်းမှာ အိနြေ္ဒတစ်ခွဲသားနဲ့လို့ ထင် ရပေမယ့် သူငယ်ချင်းတွေနဲ့ဆုံရင် ပေါက်ကရတွေပြောရင်း ရယ်ကြတဲ့အခါ သူ့ပုံစံက တကယ့်ကလေးလေး တစ်ယောက်လို ဟက်ဟက်ပက်ပက် ရယ်မောတတ်သူပါ။ တစ်ခါတလေ သူ့ရယ်သံကို နားထောင်ရင်း လိုက်ရယ်မိတဲ့အခါ ရယ်သံတွေ မစဲနိုင်အောင်ဖြစ်ရတာကလည်း သူ့ရဲ့ ၀ိသေသတစ်ခုပေါ့။

 နောက်ထပ်တစ်ယောက် နာမည်ကတော့ "သန္တာ"တဲ့။ သူက သူငယ်ချင်းခုနစ်ယောက် ထဲမှာ မွေးနေ့တွေ စဉ်လိုက်ရင် အသက်အကြီးဆုံး ဆိုပါတော့။ သူကတော့ စကားပြောရင် ဟန်ပါပါပြောတတ်တယ်။ အတွေး အခေါ်လည်း မြင့်တယ်။ အပျိုကြီးလုပ်မယ်လို့ အမြဲကြွေးကြော်ပေမဲ့ သူငယ်ချင်း ခုနစ်ယောက်ထဲမှာ သူ့လောက် စန်းပွင့်တဲ့သူမရှိပါဘူး။

နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ "မွန်မွန်"က တစ်မျိုး။ ဘယ်အရာမဆို မြုံစိစိနဲ့ ကိုယ့်ရဲ့ဆန္ဒကို ရဲရဲဝံ့ဝံ့ မထုတ်ဖော်တတ်တဲ့သူ။ အများသဘောတူတဲ့ အရာသည်သာ သူ့ဆန္ဒလို့ ခံယူထားတဲ့သူ။ စိတ်ပါလက်ပါ ရှိတဲ့အခါ စကားများ၊ အရွှန်းဖောက်တတ်သလောက်၊ တစ်ခါတစ်ခါလည်း သူငယ်ချင်းတွေပြောသမျှ နားထောင်သူသက်သက် ဖြစ်တဲ့အခါလည်းဖြစ်။ သူခံစားမိသမျှတွေကို ကဗျာလည်း မမည်၊ အက်ဆေးလည်း မကျ၊ ဆောင်းပါးလည်း မဖြစ်၊ ၀တ္ထုတိုလည်း မဟုတ်တဲ့ ဟိုတစ်စ၊ ဒီတစ်စတွေ စိတ်ကူးတည့်ရာ ရေးရင်း သူ့စိတ်ကူးနဲ့ သူ့ဝါသနာကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့သူပေါ့။

 သူတို့ခုနစ်ယောက် ဆုံမိပြီလားဆိုမှဖြင့် တစ်နေ့တာအတွင်း အကြောင်းအရာပေါင်း များစွာကို ဦးတည်ပြီး တစ်ယောက်တစ်ခွန်း မမောနိုင်မပန်းနိုင် ပြောကြဆိုကြ၊ ငြင်းကြခုံကြ၊ ဆွေးနွေးကြ၊ ရယ်မောကြနဲ့ လက်ပံ ပင် ဆက်ရက်ကျတာထက်ဆိုးတဲ့ ဆူဆူညံညံအသံတွေနဲ့ စည်ကားသက်ဝင်တဲ့ စကားဝိုင်းလေး ရဲ့ဒဏ်ကို အများဆုံးခံရတာတော့ ငြိမ်းရဲ့ မိသားစုများပါပဲ။ (သူတို့ အမြဲလိုလို ဆုံလေ့ရှိတဲ့နေရာက ငြိမ်းရဲ့ အိမ်ပေါ့)။ ဘယ်လောက်ပဲ ဆူညံဆူညံ အပြုံးမပျက်ဘဲ "နောက်လည်း လာလည်ကြဦးလေ" လို့  ပြောဖော်ရတဲ့ ငြိမ်းရဲ့ အစ်မတွေကို အားနာမိပေမဲ့ နောက်တစ်ကြိမ် ဆုံပြန်ရင်လည်း ဒီလိုပဲ ဆူညံ ရယ်မောမိကြတာကလည်း အကြိမ်ကြိမ်။

 အဲဒီလို တစ်ယောက်တစ်မျိုး မတူညီတဲ့ ၀ါသနာ၊ အတွေးအခေါ်၊ ရည်ရွယ်ချက်တွေရှိကြပေမဲ့ ဒီနေ့အထိ သူတို့တတွေ လက်တွဲမပျက်ခဲ့တဲ့ လျှို့ဝှက်ချက်ကတော့ သူတို့တစ်ဦးစီရဲ့ရင်ထဲမှာ ဖြူစင်တဲ့ခင်မင်မှုကို အဖြူထည်သက်သက် ထိန်းသိမ်းထားလို့ပါပဲ။ သူတို့ သူတို့တွေရဲ့ လျှောက်လှမ်းရာ ဘ၀လမ်းမှာ ကြမ်းတမ်း မှု၊ ချောမွေ့မှု၊ ကောက်ကွေ့မှု၊ ဖြောင့်ဖြူးမှု၊ ပျော်ရွှင်မှု၊ ၀မ်းနည်းမှုဆိုတဲ့ လောကဓံရဲ့လက်ဆောင်တွေကို ပုထုဇဉ်လူသားတွေပီပီ လက်ခံကောင်း လက်ခံခဲ့ရပေမဲ့ သူငယ်ချင်းဆိုတဲ့ အဖြူရောင်စည်းဝိုင်းလေး ထဲမှာတော့ ဘယ်သူပဲဖြစ်ဖြစ် တစ်သားတည်း၊ တစ်ပြေးတည်း ညီတူညီမျှ ထားကြတဲ့ သံယောဇဉ်တွေက သူတို့တွေရဲ့ တွဲလက်ကလေးတွေ ပြုတ်မသွားရအောင် ခိုင်ခိုင်မြဲမြဲ ချည်နှောင်လျက် ရှိနေဦးမှာပါပဲ။

(ကိုယ်စီကိုယ်စီ ဘ၀လမ်းကို လျှောက်လှမ်းကြတဲ့အခါ ခုနစ်ယောက်လုံး ဆုံစည်းဖို့မလွယ်တော့တဲ့ အချစ် ဆုံး သူငယ်ချင်းတွေအတွက် အမှတ်တရ)

မြဝတီဇော်

Thursday, June 14, 2012

ချစ်သော ဖေဖေ




ဖခင်များနေ့အတွက် စာတစ်ပုဒ်ရေးမယ်လို့ စဉ်းစားမိတော့ ခေါင်းထဲမှာ အစီအရီ ပေါ်လာတာက ဖေဖေ့ အကြောင်းပါ။ ကျွန်မ ဖေဖေဟာ ကျွန်မအသက် ၉ နှစ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဖေဖေ့ အကြောင်းကို ပြန်တွေးမိတဲ့အခါ "ကျွဲကူးရေပါ" ဆိုသလို ကျွန်မရဲ့ ငယ်ဘ၀ပုံရိပ်တွေလည်း အထိုက် အလျောက် ပါဝင်နေပါလိမ့်မယ်။ ဖေဖေနဲ့ ပတ်သက်သမျှ ဖြစ်ရပ်အားလုံးဟာ ကျွန်မရဲ့ဘ၀မှာ အမှတ်ထင် ထင် အရှိဆုံးနဲ့ ဘယ်တော့မှ မေ့ပျောက်မသွားနိုင်သော နေ့ရက်များဆိုရင်လည်း မမှားပါဘူး။

********

ကျွန်မဖေဖေဟာ မွေးချင်းမောင်နှမ ကိုးယောက်ရှိတဲ့အနက်က ဒုတိယမြောက် သားဖြစ်ပါတယ်။ ဖေဖေဟာ ငယ်စဉ်ကတည်းက အားကစားလိုက်စားသူဖြစ်ပြီး သူ့ခေတ်သူ့အခါက ကျွန်မတို့မြို့ရဲ့ ခရိုင်အဆင့် ဘောလုံး လက်ရွေးစင် အားကစားသမားကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဖေဖေဟာ ခြင်းလုံးခတ်ရာမှာ လည်း ထူးချွန်သူတစ်ဦး ဖြစ်ခဲ့ပါတယ်။ ကျွန်မငယ်ငယ်က  ဖေဖေ့ဘက်က အဘိုးအဘွားတွေအိမ် သွားလည် တဲ့အခါ ညနေစောင်းဆိုရင် ဖေဖေတို့ ခြင်းခတ်နေကျ နေရာနဲ့ မလှမ်းမကမ်းမှာ ကျွန်မက ဆော့ကစားလေ့ ရှိပါတယ်။ ဖေဖေတို့ ခြင်းခတ်တဲ့နေရာက ဘောလုံးကွင်းတစ်ခုဖြစ်ပြီး မြေနေရာ ပြန့်ပြူးသလောက် ကျယ် ၀န်းတဲ့ ကွင်းလည်း ဖြစ်ပါတယ်။ ကွင်းရဲ့တစ်ဖက်မှာ ကလေးတချို့က ဘောလုံးကန်ကြပြီး ကွင်းရဲ့ အခြား တစ်ဖက်မှာတော့ ဖေဖေတို့ လူလတ်ပိုင်းတွေက ၀ိုင်းခြင်းခတ်ကြပါတယ်။

ကျွန်မမှတ်မိသလောက် ဖေဖေတို့ ခြင်းခတ်တဲ့အခါ များသောအားဖြင့် ခြင်းဝိုင်းသိမ်းခါနီးဆိုရင် ဖေဖေ က ခြင်းမင်းသားအဖြစ် ခတ်ရင်း ခြင်းဝိုင်းသိမ်းလေ့ ရှိပါတယ်။ ခြင်းမင်းသား ဆိုတာက ၀န်းရံ ခြင်းခတ်နေ ကြတဲ့ လူတွေရဲ့အလယ် ၀ိုင်းထဲမှာ နေရာယူပြီး ခြင်းခတ်သူတွေက တစ်ယောက်တစ်မျိုး ခတ်ပေးလိုက် တဲ့ ခြင်းလုံးကို ခတ်နည်းမျိုးစုံနဲ့ မြေပေါ်မကျရအောင် ခတ်နိုင်တဲ့သူ ဖြစ်ပါတယ်။ တစ်နည်းဆိုရ ရင် ခြင်းမင်းသားဆိုတာ ခြင်းခတ်နည်းကို စွယ်စုံတတ်ကျွမ်းရသူ ဖြစ်ပါတယ်။ အဲဒီလို ခြင်းမင်းသား ခတ်နေတဲ့ အချိန်မျိုးဆိုရင် ဖေဖေတို့ ခြင်းဝိုင်းလေးအနီးမှာ လာရောက်အားပေး ကြည့်ရှုသူတွေနဲ့ စည် ကားနေတတ်ပါတယ်။ ခြင်းဝိုင်းသိမ်းလို့ လူစုခွဲကြပြီဆိုမှ ဖေဖေက ကျွန်မလက်ကိုဆွဲလို့ သားအဖ ၂ ယောက် အိမ်ပြန်ခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်လေးဟာ တခြားသူတွေအတွက်တော့ သမားရိုးကျ မထူးဆန်းတဲ့ အဖြစ်မျိုး ဖြစ်နိုင်ပေမဲ့ ကျွန်မအတွက်ကတော့ ပြန်တွေးလိုက်တိုင်း မနေ့တစ်နေ့ကလို သစ်လွင် လတ် ဆတ်နေဆဲပါ။

************

ကျွန်မရဲ့ဖေဖေဟာ အစားအသောက်နဲ့ ပတ်သက်လို့ ထူးခြားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ငယ်စဉ် ကတည်းက အသားငါးထက် ဟင်းသီးဟင်းရွက်ကိုသာ ခုံမင်နှစ်သက်စွာ စားလေ့ရှိသူပါ။ ဖေဖေ အလွန် နှစ်သက်တာကတော့ လက်ဖက်ထမင်း ဖြစ်ပါတယ်။ ဖေဖေ့အတွက်တော့ လက်ဖက်ထမင်း ရှိရင် ပြည့်စုံနေပါပြီ။ မေမေချက်တဲ့ တခြား ဖွယ်ဖွယ်ရာရာ ဟင်းလျာတွေကိုလည်း စားပေမဲ့ လက်ဖက် ထမင်းသုပ်လောက် အာသီသရှိပုံ မရတာကို မှတ်မိနေပါတယ်။ ကျွန်မ ငယ်စဉ်က မေမေချက်တဲ့ ငါးစင်ရိုင်း ငါးကလေး အိုးကပ် ဟင်းကို အလွန် ကြိုက်ပါတယ်။ ငါးဟင်းကိုသာ ကြိုက်တတ်တာ (အဲဒီအချိန်တုန်းက ကျွန်မအသက်က ခြောက်နှစ်လောက် ရှိနေပါပြီ။) ငါးကို အရိုးစင်အောင် မထွင်တတ်တော့ ငါးတစ်ကောင် လုံးကို ၀ါးစားပစ်တတ်ပါတယ်။ အဲဒီလို စားမိလို့ အရိုးစူးမိတာကလည်း အကြိမ်ကြိမ်ပါ။ ဒါကြောင့် ခဏခဏ အရိုးစူးတတ်တဲ့ ကျွန်မကို တစ်နေ့တော့ ဖေဖေက ထမင်းဝိုင်းမှာ အတူ ထမင်းစားရင်းနဲ့ ငါးအရိုး ဘယ်လို ထွင်ရသလဲဆိုတာ သင်ပြပေးခဲ့ပါတယ်။

"ဒီမှာကြည့်စမ်း သမီး၊ ငါးအရိုးထွင်တယ်ဆိုတာ ဘာမှ မခက်ဘူး။ ရော့၊ အရင်ဆုံး သမီးလက်ထဲမှာ ဇွန်း တစ်ချောင်းကိုင်ထား။ ပြီးရင် ငါးရဲ့ကိုယ်မှာ အလယ်ကြောင်းကလေး ရှိတယ်။ ဟောဒီမှာ တွေ့လား။ အဲဒီ အကြောင်းရာလေးပေါ်မှာ ဇွန်းနဲ့ စိုက်ပြီး ဖဲ့ယူလိုက်ရင် ငါးအသားဖတ်ကလေး ပါလာတာပေါ့။ ဒါဆိုရင် သမီးလက်ကို ငါးအရိုးလည်း မစူးတော့ဘူး။ စားတဲ့အခါမှာလည်း ပါးစပ်ထဲမှာ ငါးအရိုးတွေ ရောမပါတော့ ဘူးပေါ့၊ ဟုတ်ပြီလား"

အဲဒီလိုနည်းနဲ့ ဖေဖေက ကျွန်မကို ငါးအရိုးထွင်နည်းကို စိတ်ရှည်လက်ရှည် သင်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း အပျင်းထူတဲ့ ကျွန်မကတော့ ငါးဟင်းချက်တဲ့နေ့မျိုးဆိုရင် ဖေဖေနဲ့အတူ ထမင်းဝင်စားရင်း ဖေဖေ အရိုး ထွင် ပေးတဲ့ ငါးဟင်းနဲ့ အဆင်သင့် ထမင်းစားခဲ့ပါတယ်။ ဖေဖေကတော့ အရင်ဆုံး ကျွန်မစားဖို့ ငါးကို အရိုး ထွင် ပေးပြီးမှ သူ့ပန်းကန်ထဲက ထမင်းကို စားလေ့ရှိပါတယ်။

ဒါ့အပြင် ဖေဖေဟာ ကျွန်မတို့ မောင်နှမ သုံးယောက်စလုံးကို သူကိုယ်တိုင် ဆံပင်ညှပ်ပေးတတ်သူ ဖြစ်ပါ တယ်။ နွေကျောင်းပိတ်ရက် ရောက်ပြီဆိုမှဖြင့် အိမ်ဘေးရှိ နေရိပ်ကျသော နေရာတွင် ထိုင်ခုံတစ်လုံးချကာ ထိုထိုင်ခုံအပေါ်မှ ထိုင်ခုံပုလေးတစ်လုံး ထပ်ဆင့်ပြီး ကျွန်မတို့မောင်နှမတွေကို တစ်ယောက်ပြီး တစ်ယောက် ဖေဖေက ဆံပင်ညှပ်ပေးလေ့ ရှိပါတယ်။ ကျွန်မတို့ညီအစ်မကတော့ ထိုစဉ်က ခေတ်စားသည့် ဆံပင်ပုံစံ ဖြစ်သော "နှစ်မြွှာအသည်း" ရုပ်ရှင်ဇာတ်ကားထဲမှ မင်းသမီး စန္ဒာ၏ ဆံပင်ပုံမျိုးကို ညှပ်ပေး ဖို့ ဖေဖေ့ကို ပူဆာကြပါတယ်။ ဖေဖေက ကွမ်းလေး တမြုံ့မြုံ့ဝါးပြီး ခပ်ပြုံးပြုံးနှင့်ပင် -

"ငါ့သမီးတွေက စန္ဒာဆံပင်ပုံ ညှပ်မှ လှတာ မဟုတ်ပါဘူးကွာ။ ဘာပုံပဲ ညှပ်ညှပ် လှပြီးသားတွေပဲ ဟုတ်လား"

ထိုသို့ပြောပြီး သူ့စိတ်တိုင်းကျ ရှေ့ဆံပင် ရှေ့ချအတိ၊ နောက်ဆံပင် နားရွက်အောက်သာသာ ဖြစ်သော ဆာမူရိုင်းပုံစံကိုသာ အမြဲ ညှပ်ပေးတတ်ပါတယ်။ ကျွန်မတို့ ညီအစ်မမှာလည်း ဆံပင်ညှပ်တော့မည်ဆိုတိုင်း "ဖေဖေ စန္ဒာပုံ ညှပ်ပေးနော်"လို့ ပူဆာမြဲ။ ဖေဖေကလည်း ကျွန်မတို့ကို ကျေနပ်အောင် နှစ်သိမ့်ပြီး ဆာမူရိုင်း ဆံပင်ပုံ ညှပ်ပေးမြဲပင်။

**************

ကျွန်မတို့ ဖေဖေဟာ သားသမီးတွေအပေါ် အနွံတာခံနိုင်လွန်းသူလည်း ဖြစ်ပါတယ်။ မောင်နှမသုံးယောက် ရှိတဲ့ အနက် ကျွန်မတစ်ယောက်သာ ငယ်စဉ်က အလွန်ချူချာပါတယ်။ ကျွန်မတို့ မောင်နှမသုံးယောက်တွင် များသောအားဖြင့် ကိုကြီးနှင့်ညီမလေးက အတူ ဆော့ကစားလေ့ ရှိပါတယ်။ သူတို့နှစ်ယောက် ကစားနည်း များမှာလည်း စစ်တိုက်တမ်း၊ သိုင်းချတမ်း၊ တိုင်ဦးတမ်း၊ ဘောလုံးကန်တမ်း စသည်ဖြင့် အကြမ်း ပတမ်း ဆော့ကြသူများဖြစ်ရာ ပျော့တိပျော့ဖတ်ဖြစ်သော ကျွန်မမှာ တစ်ယောက်တည်း ငေါင်းစင်း စင်း ဖြစ်ရပါတယ်။ သူများတွေ ပြေးလွှားဆော့ကစားသလို အတူကစားချင်သော်လည်း ထိုစဉ်က ကျွန်မမှာ ရင်ကျပ် ရောဂါရှိသဖြင့် အမောအပန်း မခံနိုင်ပါ။ ဒါ့အပြင် ကျွန်မက ဖေဖေ၊ မေမေတို့နဲ့ အတူအိပ်သူမို့ ညဘက် ကျွန်မ ချောင်းတွေ ဆက်တိုက်ဆိုးပြီး ရင်ကျပ်နေပြီဆို ဖေဖေနဲ့မေမေမှာ အိပ်ရေးပျက်ကြ ရပါတယ်။

ကျွန်မကလည်း အတော် ခေါင်းမာပါတယ်။ အချိုတွေ မစားဖို့ မေမေက မှာထားပေမဲ့ မေမေ့ကွယ်ရာကျရင် ၀ယ်ထားတဲ့ မြေပဲယို၊ ထန်းလျက်၊ အုန်းယိုတွေ ထည့်ထားတဲ့ ပုလင်းကို ဖွင့်ပြီး ယူယူစားတတ်တယ်။ အဲဒီလို အစား သောင်းကျန်းလို့ ရင်ကျပ်နေပြီဆို မေမေက ကရုဏာဒေါသောနဲ့ ဆူပူတတ်ပေမဲ့ ဖေဖေကတော့ ဘာမှ မပြောပါ။ ကျွန်မရဲ့ဘွားဘွား (မေမေ့ရဲ့အမေ) ပြောတဲ့အတိုင်း ခြံထဲက ရဲယိုရွက်တွေ သွားခူး လာပြီး ရေစင်စင်ဆေးကာ ဆုံသန့်သန့်မှာ ထည့်ထောင်းပါတော့တယ်။ ရလာသော ရဲယိုရွက်အဖတ် များကို ရေနွေး ကြမ်းပန်းကန်လုံးတွင် ညှစ်ထည့်ပြီး ထိုရဲယိုရွက်သတ္ထုရည်ကို ဆားအနည်းငယ်ခတ်ကာ ကျွန်မကို လာတိုက်လေ့ရှိပါတယ်။ ကျွန်မမှာ ရဲယိုရွက်နံ့က အော်ဂလီဆန်လှတဲ့အပြင် ခါးသက်တဲ့ အရသာကြောင့် မသောက်ချင်ပေမဲ့ ဖေဖေက ချော့မော့ပြီး မရ,ရအောင် သောက်ခိုင်းပါတယ်။ လည်ချောင်း ၀မှာ ခါးသက်သက် ငန်တူးတူး ခံစားလိုက်ရပြီးတဲ့နောက်မှာ ဖေဖေက သကြားအနည်းငယ် စားခိုင်းပါတယ်။ အဲဒီလိုနဲ့ပဲ ကျွန်မ ညဘက်ရင်ကျပ်တိုင်း ဖေဖေက မငြီးမငြူ ရဲယိုရွက်ကို အမြဲ ထောင်းတိုက်ခဲ့ပါ တယ်။ ဖေဖေ့ကျေးဇူးကြောင့် ကျွန်မ ဒီအသက်အရွယ် ရောက်တဲ့အထိ ရင်ကျပ်ရောဂါကို မခံစားရတော့ ပါဘူး။

 တစ်ခါကလည်း ဖေဖေက စက်ဘီးနင်းပြီး ကျွန်မက ရှေ့က ဘားတန်းမှာထိုင်၊ ညီမလေးက နောက်က ထိုင်ခုံမှာထိုင်ပြီး ဖေဖေ့ဘက်က အဘိုးအဘွားတွေအိမ် သွားလည်ကြပါတယ်။ ကျွန်မကို စက်ဘီးပေါ် တင် ပေးကတည်းက ဖေဖေက စက်ဘီးလက်ကိုင်မှာ ကျွန်မလက်ကို ကိုင်စေပြီး -

"သမီး၊ ဒီသံလိုင်းနှစ်ခုကို ပူးပြီး ကိုင်နော်။ အဲဒီလိုင်းနှစ်ခုထဲ လက်မထည့်မိစေနဲ့၊ လက်ညှပ်တတ်တယ်"

လို့ မှာပါတယ်။ နောက် သားအဖသုံးယောက် စက်ဘီးစီးလာကြရင်း ကုန်းဆင်းတစ်ခုကိုအရောက်မှာ ကျွန်မ လက်က ဘယ်လိုက ဘယ်လိုဖြစ်ပြီး စက်ဘီးလက်ကိုင်နဲ့ ဘရိတ်ကြိုးထည့်ထားတဲ့ သံပိုက်လိုင်းနဲ့ ကြား ရောက်သွားမှန်း မသိလိုက်ပါဘူး။ ဖေဖေက စက်ဘီးကို အရှိန်လျှော့ဖို့ ဘရိတ်ဆွဲလိုက်တဲ့အချိန်မှာ ကျွန်မလက်ကို ညှပ်မိသွားပါတယ်။ နာလွန်းလို့ ကျွန်မ အော်ငိုပါတော့တယ်။ အဲဒီအခါ ဖေဖေက စက်ဘီးပေါ်က ကမန်းကတန်းဆင်းပြီး ကျွန်မလက်ကို စက်ဘီးလက်ကိုင်ကြားက ဆွဲထုတ်ပါတယ်။ ဆွဲ ထုတ်လိုက်တဲ့ ကျွန်မရဲ့လက်ခလယ်နဲ့ လက်ညှိုးလေးနှစ်ချောင်းမှာ လက်သည်းထိပ်ဖျားလေးများ ဖြူဖျော့ ကာ ချိုင့်နေပြီး သွေးမရှိတာ့သလို ဖြစ်နေပါတယ်။ ဖေဖေက ကျွန်မ လက်ချောင်းကလေးများကို အာခံတွင်း မှာ ထည့်ငုံရင်း အာငွေ့ ပေးပါတယ်။ ပြီးတော့ သူ့ရဲ့လက်ကိုင်ပ၀ါနဲ့ ကြပ်ထုပ်ထိုးပေးပါတယ်။ ခဏနေ လို့ ပြန်ကြည့်လိုက်တော့ လက်ချောင်းကလေးများမှာ နီရဲနေတာကလွဲပြီး ချိုင့်နေတဲ့ဒဏ်ရာ မကျန်တော့ ပါဘူး။ နာတာလည်း တော်တော်သက်သာသွားပါတယ်။ တော်ရုံတန်ရုံ ဖခင်မျိုးဆိုရင် သေသေချာချာ ပြော ထားလျက်နဲ့ ဖြစ်ရမလားဆိုပြီး ရုတ်တရက် စိတ်တိုပြီး ဆူပူမိမှာပါ။ ဒါပေမယ့် ကျွန်မ ဖေဖေကတော့ သားသမီးတွေကို ဘယ်တော့မှ ဆူပူလေ့ မရှိသူဖြစ်တာကြောင့် စိတ်မတိုတဲ့အပြင် စိုးရိမ်တကြီး ဖြစ်သွား ရရှာပါတယ်။

********

ဖေဖေနဲ့ပတ်သက်တဲ့ အမှတ်တရတွေကတော့ ကျွန်မဘ၀မှာ အများကြီးပါ။ အဲဒီထဲက မှတ်မိနေတဲ့ အဖြစ် အပျက်လေးတချို့ ပြောပြချင်ပါတယ်။ တစ်ခါတော့ ရုံးအားရက်တစ်ရက်မှာ ဖေဖေ့ရဲ့ စီစဉ်မှုနဲ့ တစ်မိသားစု လုံး ရုပ်ရှင်သွားကြည့်ကြပါတယ်။ အဲဒီရုပ်ရှင်ကားကို ဖေဖေ ကြည့်ချင်နေတာ ကြာပါပြီ။ မိသားစုနဲ့အတူ ကြည့်ဖို့ ရည်ရွယ်ထားလို့သာ ရုံးပိတ်ရက်ကို ရွေးပြီး ကြည့်ဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ ဖေဖေဟာ ကျွန်မ ဂဂျီဂဂျောင်ကျလို့ သူကြည့်ချင်တဲ့ရုပ်ရှင် မပြီးသေးဘဲ တစ်ဝက်တစ်ပျက်နဲ့ အိမ်ပြန်လာခဲ့ရပါတယ်။ တစ်ခါ ကလည်း ကျွန်မတို့မြို့က အထင်ကရ ဘုရားပွဲတော်ရက်မှာ ကျွန်မတို့မောင်နှမတွေကို ဘုရားလိုက်ပို့ပေး မယ်လို့ပြောပြီး အလုပ်များနေလို့ အချိန်မီ လိုက်မပို့ဖြစ်တဲ့ ဖေဖေဟာ အလုပ်ပြီးလို့ ညကိုးနာရီကျော် အိမ်ပြန် ရောက်ရောက်ချင်းပဲ အိပ်ပျော်နေပြီဖြစ်တဲ့ ကျွန်မတို့ မောင်နှမသုံးယောက်ကို နှိုးပြီး မျက်နှာ သစ်ပေး၊ ၀ယ်လာတဲ့ အင်္ကျီအသစ်တွေ ၀တ်ပေးပြီး ညကြီးမင်းကြီး ဘုရားပွဲလိုက်ပို့ပေးပါတယ်။ နောက် တစ်ရက်မှာတော့ ဘုရားပွဲကို ညနေစောင်းကတည်းက လိုက်ပို့ပေးပြီး ကျွန်မတို့ ကြည့်ချင်တဲ့ တုတ်ထိုးရုပ်၊ မျက်လှည့်၊ ဆက်ကပ် အစရှိသဖြင့် ကျွန်မတို့ မငြီးငွေ့မချင်း တစ်ရုံပြီးတစ်ရုံ လိုက်ပြပါတယ်။ ဘုရားပွဲမှာ ကျွန်မတို့ မောင်နှမတွေ လိုချင်သမျှ၊ တွေ့ရာလက်ညှိုးထိုးပြီး ပူဆာသမျှ ၀ယ်ပေးပြီး အိမ်အပြန်မှာတော့ ၀ယ်လာတဲ့ ပစ္စည်းတွေ တနင့်တပိုးနဲ့အတူ အိပ်ပျော်နေတဲ့ညီမလေးကို ချီပိုးပြီး ပြန်လာခဲ့ကြတာကိုလည်း မှတ်မိနေပါတယ်။


အဲဒီလို သားသမီးတွေအပေါ် ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်ခဲ့တဲ့ ဖေဖေဟာ ကျွန်မ စတုတ္ထတန်း စာမေးပွဲ အပြီးမှာ ရုတ်တရက် ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်စဉ်က ဖေဖေ့အသက်က ၃၆ နှစ်သာ ရှိပါသေး တယ်။ ရေကူးရေငုပ် ကျွမ်းကျင်တဲ့ဖေဖေဟာ သူတာဝန်ထမ်းဆောင်တဲ့ သင်္ဘောထွက်ခါနီးမှာ ငါးဖမ်း တဲ့ ဖော့သီး ရေထဲကျလို့ ဆင်းဆယ်ရာမှ ရေပေါ်သို့ ပြန်ပေါ်မလာတော့ပါဘူး။ ကျွန်မမေမေနဲ့ တကွ ဆွေမျိုးတွေအားလုံး ဖြစ်နိုင်ခြေရှိသမျှ နည်းလမ်းမျိုးစုံသုံးပြီး ရက်ရှည်လများ ရှာဖွေခဲ့ပါသော် လည်း ဖေဖေ့ရဲ့ ရုပ်ကလာပ်ကို မတွေ့ရှိခဲ့ကြပါ။ ဒါကြောင့် ဖေဖေကွယ်လွန်သွားပြီဆိုတဲ့ ဖြစ်ရပ်ဟာ မှန်- မမှန်ဆိုတာ ကျွန်မ ခုချိန်ထိ မယုံရဲ ဖြစ်နေရဆဲပါ။ ဖေဖေ ကွယ်လွန်သွားပြီဆိုတာ ကျွန်မမျက်စိနဲ့ တပ်အပ်သေချာ မတွေ့ရသရွေ့ (ရုပ်ရှင်တွေထဲကလို) တစ်နေရာရာမှာ၊ ဘ၀တစ်ခုမှာ မှတ်ဉာဏ်ပျောက် ဆုံးပြီး အသက်ရှင်လျက်ရှိနေသူ (အတိတ်မေ့သူ) အဖြစ်နဲ့ ရှင်သန်နေမလားလို့ မ၀ံ့မရဲ တွေးရင်း မသိစိတ် က နေ့စဉ် မျှော်လင့်မိနေဆဲပါ။

ကျွန်မတို့နဲ့အတူ ရှိစဉ်တုန်းက ဖေဖေ့ကို မပြောဖြစ်ခဲ့တဲ့၊ မပြောရသေးတဲ့ စကားတွေ ကျွန်မရင်ထဲမှာ အများ ကြီး ရှိနေပါသေးတယ်။ ဖေဖေကို သတင်းစကားပါးခွင့် ရခဲ့မယ်ဆို ကျွန်မတို့မောင်နှမတွေကို ချစ်ချင် ခင်ခင် နေတတ်အောင်၊ တစ်ယောက်နဲ့တစ်ယောက် ညှာတာ ဖေးမတတ်အောင်၊ လိမ္မာယဉ်ကျေးအောင်၊  ရိုးသားတဲ့သူများ ဖြစ်အောင်၊ စာကြိုးစားတတ်အောင် ဆုံးမ သွန်သင်ပေးခဲ့တဲ့ ဖေဖေ့ကို ကျွန်မတို့တတွေ အမြဲ လေးစားရိုကျိုး ချစ်မြတ်နိုးလျက် ရှိနေဆဲပါလို့ ပြောချင်ပါတယ်။

ကျွန်မကို တောင်းသော ဆုတစ်ခုသာ ပြည့်ဝခွင့်ရှိမယ်ဆိုရင် ဖေဖေနဲ့ ဘ၀တစ်သက်တာလုံး သက်တမ်းစေ့ မိသားစု အတူတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားနိုင်ဖို့ဆိုတဲ့ ဆုနဲ့ ပြည့်စေချင်ပါတယ်။ နောက်တစ်ခုက ခုချိန် မှာ ပြောဖို့ အရမ်း နောက်ကျသွားပြီလား မသိနိုင်တဲ့၊ ပြောခွင့်မရလိုက်တဲ့ ဒီစကားလေးတစ်ခွန်းကို ဖေဖေ ကြားနိုင်၊ သိနိုင်မယ်ဆို ရင်ပွင့်ထွက်သွားအောင် အကျယ်ကြီး ပြောလိုက်ချင်ပါတယ်။

" ဖေဖေ့ကို သိပ်ချစ်ပါတယ်၊ နောက်ပြီး သမီးတို့ကို အငြိုအငြင် မရှိ၊ အကောင်းဆုံး ကျွေးမွေးပြုစု စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးပါ ဖေဖေ"



မြ၀တီဇော်







Thursday, June 7, 2012

ရင်ရိပ်စွန့်သူသို့

လူ့လောကမှာ လူတစ်ယောက်အဖြစ် ရှင်သန်နိုင်ဖို့ ပထမဆုံး လိုအပ်ချက်က မိဘဖြစ်ပါတယ်။ မိဘမရှိဘဲနဲ့ လူတစ်ယောက် အသက်ရှင်သန်လာဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ ထိုသူရဲ့ ကုသိုလ်ကံ အကျိုး ဆက်အလျောက် မိမိကို မွေးဖွားလာမယ့် မိဘကို ပိုင်ဆိုင်ကြရပါတယ်။ လူတိုင်းလူတိုင်းမှာ မွေးရာပါ ကုသိုလ်ကံ ကိုယ်စီ ပါလာကြပြီးသား ဖြစ်ပါတယ်။ ကိုယ်က ကောင်းတဲ့အလုပ်ကို လုပ်ရင် ကောင်းကျိုး ခံစား ရမှာဖြစ်ပြီး မကောင်းတဲ့ အလုပ်ကို လုပ်ခဲ့ရင်တော့ မကောင်းကျိုးသာ ပြန်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ့်ကို မွေးထုတ်ပေးခဲ့တဲ့ မိဘအပေါ် မကောင်းသော အမှုကို ပြုခဲ့တယ်ဆိုရင်တော့ အဲဒီလူရဲ့ ဘ၀ဟာ ဘယ်လိုမှ ကောင်းကျိုးချမ်းသာနဲ့ ပြည့်စုံနိုင်မှာ မဟုတ်ပါဘူး။

မိဘဆိုတာ စုန်ရေနဲ့တူတယ်လို့ ဆိုရိုးစကား ပြုကြပါတယ်။ မှန်ပါတယ်။ မိဘဆိုတာ သားသမီးအတွက် ဆိုရင် အရိုးကြေကြေ၊ အရေခန်းခန်း သားသမီးတွေ ပြည့်စုံဖို့၊ တင့်တောင်းတင့်တယ်ရှိဖို့၊ လူတန်းစေ့ နေထိုင် စားသောက်နိုင်ဖို့ မမောနိုင် မပန်းနိုင်၊ မငြီးမငြူ ရှာဖွေကျွေးမွေး ပြုစုကြသူများ ဖြစ်ပါတယ်။ သူတို့ သာ မစားရရင် နေပါစေ၊ သားသမီးတွေ ၀မ်းဝတာမြင်ရုံနဲ့ ကျေနပ်နှစ်သိမ့် ပီတိဖြစ်နေကြရသူများ ဖြစ်ပါ တယ်။ အထူးသဖြင့် မိခင်တိုင်းဟာ ကိုယ်ဝန်ဆောင်စဉ်က စလို့ ကိုယ့်ရင်သွေးအတွက် စုဆောင်းရ၊ ချွေတာ ရ၊ အနေအထိုင် ဆင်ခြင်ရနဲ့ တယုတယ ဂရုစိုက်ကြသလို မွေးလာတဲ့အခါမှာလည်း  ရင်သွေးလေးကို မှက် ၊ ခြင်၊ ယင် မသန်းရအောင် နေ့မအိပ်၊ ညမအိပ် စောင့်ရှောက် ပြုစုပေးကြပြန်ပါတယ်။ တဖြည်းဖြည်းနဲ့ အရွယ် လေး ရလာလို့ ကျောင်းတက်ချိန် ရောက်ပြန်တော့လည်း ပညာတတ်တစ်ယောက်ဖြစ်အောင် ဆုံးမသွန်သင် ပဲ့ပြင်လို့ ဘ၀လမ်းကို တည့်မတ်စွာ လျှောက်လှမ်းနိုင်အောင် လမ်းညွှန်ပြသပေးခဲ့ကြပါတယ်။ ဒါကြောင့် လည်း "လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ဗုဗ္ဗာစရိယ၊ မိနှင့်ဘ" လို့ ဆိုရိုး ပြုခဲ့ကြတာပါ။

ဒီလို မိဘတွေဘက်က သားသမီးတွေအပေါ် ၀တ္တရားကျေရုံမက မေတ္တာစေတနာ ကရုဏာ စမ်းရေတွေ အမြဲမပြတ် တသွင်သွင် စီးဆင်းနေသလောက် သူတို့ခမျာ သားသမီးများအပေါ် အကျိုးအမြတ် ရကောင်းစေ ဆိုတဲ့ စိတ်ဆန္ဒနဲ့ ပြုခဲ့တဲ့ အလုပ်တွေ တစ်ခုမှ မပါဝင်ခဲ့ရှာပါဘူး။ မွေးထားတဲ့ သားသမီးတွေက မိဘအပေါ် တတ်သိလိမ္မာတဲ့အခါ မိဘတို့ ရင်မှာ ဖရဏာပီတိ ဂွမ်းဆီထိသလို တစိမ့်စိမ့် ကြည်နူးချမ်းမြေ့ကြရပါတယ်။ အဲဒီလို မဟုတ်ဘဲ မိဘအပေါ် အတွေးမှား၊ အထင်မှား၊ အသိခေါက်ခက် အ၀င်နက်တဲ့ သားသမီးတွေလည်း လူ့ပတ်ဝန်းကျင်မှာ အချို့အ၀က် ရှိနေကြပါတယ်။ သူတို့ရဲ့ လိုအင်ဆန္ဒတွေကို ပြည့်မီအောင် မဖြည့်ဆည်း ပေးနိုင်တဲ့ မိဘအပေါ် ရန်သူသဖွယ် ရန်စွယ်ငေါငေါနဲ့ တုံ့ပြန်ဆက်ဆံတာ ခံရတဲ့အခါ မွေးထုတ်ထားတဲ့ မိဘတွေခမျာ ကွယ်ရာမှာ မျက်ရည်သုတ်လို့ ရင်ကွဲနာကျရရှာပါတယ်။

သားသမီးရဲ့ လိုအင်ဆန္ဒကို ပြည့်မီအောင် ဖြည့်ဆည်းပေးဖို့လည်း မတတ်နိုင်၊ သားသမီးရဲ့ အထင်အမြင် လွဲမှား စွပ်စွဲမှုမျိုးစုံကိုလည်း ခါးစည်းခံရင်း လူ့လောကအလယ်မှာ မျက်နှာငယ်စွာနဲ့ အားတင်း ရပ်တည်နေရ တဲ့ မိဘတွေရဲ့ ရင်မှာ ဘယ်လောက်တောင် ကြေကွဲဝမ်းနည်းနေရှာမလဲဆိုတာ တချို့သော သားဆိုး၊ သမီး ဆိုးတွေကို တွေ့မြင် ကြားသိစေချင်ပါတယ်။ သူတို့ဘ၀ နေပျော်ဖို့အတွက် သက်ရှိထင်ရှားရှိနေတဲ့ မိဘ တွေကို သေလူစာရင်းသွင်းတဲ့၊ ရိုးသားကြိုးစားတဲ့ မိဘက မွေးဖွားလာပါလျက်နဲ့ မိဘဂုဏ်ကို ဖျက်ဆီးတဲ့ တစ်စုံတစ်ယောက်သော သားသမီးဆိုးတွေလည်း ဒီလူ့လောကမှာ ရှိနေတာကို ရင်နာစွာနဲ့ အံ့သြတကြီး တွေ့ကြုံခဲ့ရဖူးပါတယ်။

မိဘရင်က ထွက်သွားပြီးကတည်းက တစ်ခေါက်တစ်ခါမှ ပြန်ဝင်လာဖော် မရတဲ့၊ နောက်ပိုင်းမှာ မိဘနဲ့ ပတ် သက်တဲ့သူမှန်သမျှ အဆက်အသွယ် ဖြတ်တောက်ပစ်ခဲ့တဲ့ တစ်စုံတစ်ယောက်သော သားသမီးမိုက်ကတော့ သူ့စိတ်ကြိုက် ဖန်တီးထားတဲ့ ဘ၀တစ်ခုမှာ တစ်သက်လုံး အေးချမ်းပျော်မွေ့စွာ နေနိုင်ပါရဲ့လားဆိုတာ သိချင်မိပါတယ်။ ဒီသားသမီးတစ်ယောက်ကို မွေးရင် အသက်ဆုံးရှုံးကောင်း ဆုံးရှုံးသွားနိုင်မယ်မှန်း သိလျက် နဲ့ မိဘတို့ရဲ့ အတုမရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ အသက်နဲ့ရင်းပြီး မွေးဖွားခဲ့တဲ့ သားသမီးကတော့ မွေးမိခင်၊ မွေးဖခင်ကို ဘယ်လိုစိတ်ဓာတ် အင်အားမျိုးနဲ့ စိမ်းပြတ်ရက်စက် မေ့ဖျောက်နေနိုင်ရက်သလဲဆိုတာကို လည်း အံ့သြခြင်းကြီးစွာ နားမလည်နိုင် ဖြစ်ရပါတယ်။

ဘယ်လိုပဲ မိဘတို့ရင်ကို ခွဲပြီး ဘ၀သစ်မှာ ရှင်သန် ပျော်မွေ့နေပါစေ၊ တစ်ချိန်ချိန်မှာတော့ မိဘရဲ့မေတ္တာ ကို တန်ပြန်ခံစားရဦးမှာပါ။ အတုံ့အလှည့်ဆိုတဲ့ စကားအတိုင်း ကိုယ်တိုင် မိဘနေရာရောက်လာတဲ့အခါမှ သာ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ပူဆွေးသောက နောင်တရ မနေဖို့တော့ သတိထားရမှာပါ။ မိဘ ဆိုတာ အစားမရပါဘူး။ မိဘဆိုတာ တစ်ဘ၀မှာ တစ်ခါပဲ ပိုင်ဆိုင်နိုင်ခွင့် ရှိတာပါ။ အကြောင်းကြောင်း ကြောင့် မိဘအနား မနေရသော်ငြားလည်း အချိန်ရှိသမျှ သားသမီးအသံကို မျှော်နေတဲ့ မိဘတွေ  အများ အပြား ရှိနေတယ်ဆိုတာ သားသမီးတွေအားလုံး သတိထားမိဖို့ လိုပါတယ်။

စွန့်ခွာသွားတဲ့ သားသမီးကို ရင်ထဲက တိတ်တခိုး မျှော်လင့်ရင်း၊ တစ်ယောက်ခံစားနေရတာကို တစ်ယောက် က မသိမမြင်ယောင်ပြုရင်း၊ ညအိပ်ချိန်တိုင်း သားသမီးရဲ့ဓာတ်ပုံကို ရင်မှာ ကွယ်ဝှက်အပ်လို့ မေတ္တာပို့သ ရင်း ရင်ကွဲနာကျပြီး မိဘတစ်ယောက်တော့ ကွယ်လွန်သွားခဲ့ပါပြီ။ မိဘရဲ့ ရင်ရိပ်ကို စွန့်ခွာသူ တစ်စုံတစ် ယောက်သော သားသမီးကတော့ တစ်ခုသော ဘ၀သစ်မှာ တိတ်ဆိတ် အေးစက်စွာ၊ နာကျင်ဝမ်းနည်းမှု မဲ့စွာ၊ သံယောဇဉ် ကင်းပြတ်စွာနဲ့ တစ်ကိုယ်ကောင်းဆန်စွာ ခြေရာဖျောက်သွားခဲ့ပါပြီ။

ကျန်ရစ်ခဲ့သူ မိဘတစ်ဦးခမျာတော့ သေခွဲ ခွဲသွားသူနဲ့ ရှင်ကွဲ ခွဲသွားသူ နှစ်ဦးအတွက် သောကတွေကို ရင်နဲ့မဆံ့အောင် အံကြိတ်ခံစားရင်း သူတတ်နိုင်သလောက် ကုသိုလ်ကောင်းမှု ပြုပေးနေတယ်ဆိုတာ တစ်စုံ တစ်ယောက်သော သားသမီး မြင်နိုင်၊ သိနိုင်၊ ကြားနိုင်စေဖို့ ရည်ရွယ်ပြီး ဒီစာကို ရေးသားပါတယ်။


မြ၀တီဇော်


(ယခု စာစုမှာ ကာယကံရှင်ကို အဓိက ရည်ရွယ်ပြီး ရေးခြင်းဖြစ်သောကြောင့် တိုက်ဆိုင်မှုရှိသူများ ခွင့်လွှတ် ကြပါ။)